(8) ငါးခူ
Viewers 1k

ဆယ်နှစ်တာသဘောတူညီချက်

DaoMuBiJi

Author - Nan Pai San Shu

Chapter (8) 

ငါးခူ



ဖက်တီးလည်း အက်ကွဲကြောင်းကို တွေ့သည်။ ဤအက်ကွဲကြောင်းဟာ လူနှစ်ယောက်စာခန့် ကျယ်ဝန်းပြီး ကျောက်တုံးကြီးဖြင့် ချဲ့ထွင်ထားသည်။ ဒီလိုအက်ကွဲမှုမျိုးကို ငလျင်လှုပ်တာကလွဲလို့ တခြားအရာများကတော့ မဖြစ်ပေါ်​စေနိုင်လောက်ချေ။ 


ဟိုးရှေးရှေးကတည်းက အက်ကွဲထားခဲ့သောကြောင့် အက်ကွဲနံရံ အောက်ဖက်တွင် ပေါက်ပင်ငယ်များစွာ ရှိ​​နေသည်။ အလွန်နက်ရှိုင်းစွာ ဆင်းလိုက်၊ ကျောက်တုံးနှင့် ပစ်ချလိုက်ဖြင့် စူးစမ်းကြည့်သလို အက်ကွဲနေသော နံရံကို တစ်လမ်းလုံး ထိ​​ကြည့်လိုက်သည်နှင့် အက်ကြောင်းက အလွန်နက်ရှိုင်းလိမ့်မယ်လို့ ခန့်မှန်းမိလိုက်သည်။ 


ဤသည်မှာ တောင်ပေါ်မှ ဆင်းလာသော အက်ကြောင်း ဖြစ်ပြီး တောင်၏အလယ်ဗဟိုသို့ ဦးတည်သွားပုံရသည်။ အက်ကြောင်းတစ်လျှောက်ကို မော့ကြည့်လိုက်တော့ အက်ကြောင်းက ပိုကျယ်လာပြီး တောင်ထိပ်အထိ ကွဲသွားတာ တွေ့လိုက်ရသည်။ 


အကယ်၍ ဤအက်ကွဲရာကသာ ဆက်လက်ကြီးထွားနေပါက ၎င်းသည် ကောင်းကင်မျဉ်းကဲ့သို့ မြေသားပုံသဏ္ဌာန်ဖြစ်လာမည်ဟုပင် ထင်ရသည်။ အက်ကြောင်းထဲ၌ ငှက်သိုက်အမှုန်အမွှားများနှင့် မြေဆီလွှာများရှိရာ နေရာများ၌ အသီးအရွက်များ ပေါက်ရောက်ရာနေရာများ ဖြစ်လာသည်။ နေရာပိုကျယ်လေ အသီးအရွက် အပင်များကြီးလေပါပဲ။ အက်ကွဲကြောင်းအတွင်း ထင်းရှူးပင်များလည်း ထူထပ်​နေ​သည်။


အက်ကွဲကြောင်း စတင်တွေ့ရှိသည့် နေရာကို ပြန်သွားသောအခါ ရှောင်ဟွားသည် အက်ကွဲနံရံပေါ်ရှိ ကျောက်တုံးများကို ဂရုတစိုက် စမ်းသပ်ပြီး အောက်သို့ ဆင်းသွားခဲ့သည်။ သူ့ရဲ့ လှုပ်ရှားမှုက အရမ်းမြန်ဆန်ကာ အမှောင်နှင့်အလင်း ဖြတ်သည့်နေရာသို့ ရောက်သောအခါ ဓာတ်မီးကို ဖွင့်လိုက်သည်။


"ရေ!"


ရှောင်ဟွား စိတ်ပျက်စွာ အော်လိုက်သည်။ ရေမျက်နှာပြင်ရဲ့ ထူးထူးခြားခြား ရောင်ပြန်ဟပ်မှုကို ဝူရှဲလည်း မြင်လိုက်၏။ 


ဝူရှဲ အသက်ပြင်းပြင်း ရှူမိသည်။ ရေပါဝင်နေတယ် ဆိုကတည်းက ၎င်းကအောက်တွင် ပိတ်ဆို့ထားပြီဟု ပြောနေခြင်းပင်။ ကြွေကျနေသော အရွက်များနှင့် ရွှံ့များက ရောနှောပြီး မိုးရေကလည်း ရွာချထားတာကြောင့် အက်ကြောင်းထဲတွင် ရေအိုင် ဖြစ်သွားနိုင်သည်။ 


ဤနေရာသည် မြေအောက်ဝင်ပေါက် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဝင်ရန်မဖြစ်နိုင်ပေ။


ဖက်တီး: "ရေက ရေရှင်လား ရေသေလား?"


ရှောင်ဟွား: "ဘယ်လို​ကြည့်ရမလဲ?" 


"ဗောက်တွေကို ရေထဲထည့်ပြီး ဖြည်းဖြည်းချင်း စီးသွားလား ကြည့်ပေါ့ကွ!"


"ငါ့မှာ ဗောက်မရှိဘူး!!" 


ရှောင်ဟွားက ဒေါသတကြီး ပြောအော်လေ၏။ 


"လျှောက်ပြောမနေနဲ့... လူတိုင်းမှာ ဗောက်တွေရှိတယ် မင်းကို ဘယ်သူမှ မရယ်ဘူး!!" 


အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ရှောင်ဟွားဆီက အော်သံကြားလိုက်ရသည်။ 


"ရေထွက်နေပြီ" 


ဖက်တီး ဝူရှဲကို ကြည့်လိုက်သည်။ 


"ရေရှင်က မြေအောက်ရေ ရှိတယ်လို့ သက်သေပြနေတာပဲ... ဒီလိုရေပူစမ်းတွေက အရမ်းဖွံ့ဖြိုးပြီး မြေအောက်ရေစနစ်တွေ နေရာတိုင်းမှာ ရှိတယ်.... နောက်ဆုံးအကြိမ် ငါတို့သွားခဲ့တဲ့ ဧကရာဇ်ဂူဗိမာန်မှာ ကျုံးတစ်ခုရှိတယ်မလား... ဆိုလိုချင်တာက မြေအောက်မီးတောင်ကြားထဲမှာ မြေအောက်မြစ်လည်း ရှိလောက်တယ် ဒါက သဲလွန်စပဲ"


သူဘာလုပ်ချင်လဲ သိလို့ ဝူရှဲလည်း ခေါင်းညိတ်ပြပြီး သစ်သားစည်ကို ထမ်းလာဖို့ လူတစ်ယောက်ကို လက်ဝှေ့ယမ်း​ပြလိုက်သည်။ စည်အတွင်း၌ ငါးခူ ဒါဇင်နှင့်ချီ၍ ရှိပြီး ငါးခူတိုင်း၏ ပါးဟက်တွင် GPSများ တပ်ဆင်ပေးထားသည်။ ၎င်းတို့အားလုံးကို ဟွာချောင်ပေရှိ ယွမ် ၈၀ တန် လက်ကား အီလက်ထရွန်နစ် နာရီများမှ ဖယ်ရှားခဲ့ပြီး ဖယောင်းဖြင့် အလုံပိတ်ထားခဲ့သည်။ အက်ကွဲကြောင်းနားအထိ ဆွဲချလိုက်ပြီးနောက် ရှောင်ဟွားက အားလုံးကို ရေထဲသို့ လောင်းချပစ်လိုက်၏။


"သနားစရာပဲ...."


ဖက်တီးက ဝမ်းနည်းသလိုလိုနဲ့ ရေရွတ်လိုက်ရာ ဝူရှဲ တော်တော် အံ့သြသွားခဲ့သည်။ အသက်ကြီးလာလို့ စိတ်က ပိုပျော့ပျောင်းလာတာလား။ 


"ငရုတ်သီးနဲ့ ကြက်သွန်ဖြူကို ကြော်ပြီး ဟင်းချိုထဲပါ ခပ်ထည့်လိုက်ရင် အရသာရှိမှာ သေချာတယ်”


အက်ကွဲကြောင်းတွေကို ကြည့်လိုက်တဲ့အခါ ကျယ်လာပြီး တောင်ကြီးတစ်ခုလုံး အက်ကွဲပြိုကျသွားမှာကို ကြောက်တာကြောင့် အဲဒီနေ့က တောင်ကို မဖောက်ခွဲခဲ့ချေ။ အစ်ကိုလေး မထွက်လာခင် သူတို့အားလုံး ဒီမှာပဲ သင်္ဂြိုဟ်ခံလိုက်ရရင် သနားစရာတွေ ဖြစ်ကုန်လိမ့်မည်။ 


တောင်ခြေကို ပြန်သွားပြီးတော့ သစ်ပင်တွေခုတ်ကာ မီးမွှေးရင်း နောက်နေ့အတွက် ရလဒ်ကို စောင့်နေလိုက်ကြသည်။ 


ဖက်တီးသည် ဤနေရာ၌ ရွှေပုပ်ဖာစေ့ အပင်များ ဘာ့​ကြောင့် စိမ်းလန်းစိုပြေနေရသလဲ ဟူ၍ စူးစမ်းချင်သော်လည်း ရလဒ်မရှိပေ။ မျက်စိမှိတ်ပြီး ငြိမ်နေလိုက်တာ တစ်ရက်နဲ့တစ်ည စကားမပြောဖြစ်ခဲ့။ နောက်နေ့မနက်မှာတော့ အချိန်တန်ပြီလို့ ခန့်မှန်းမိတဲ့အတွက် ငါးခူရဲ့ တည်နေရာကို ကြည့်ဖို့ ကွန်ပျူတာကို ဖွင့်လိုက်ကြ၏။ 


အံ့သြဖို့ကောင်းတာက သူတို့နဲ့ ဆယ်ကီလိုမီတာကျော်ဝေးတဲ့ ဧရိယာမှာ ကင်းခြေများလို ကျဉ်းမြောင်းတဲ့ ဧရိယာထဲမှာ တွေ့နိုင်တဲ့ ငါးခူအချက်ပြမှု အားလုံးကို ဖြန့်ကျက်ထားလေသည်။ 


GPS သည် လေထဲတွင်သာ မှတ်မိနိုင်သည်။ ကျဉ်းမြောင်းသော ရေစီးကြောင်းသည် မြေပြင်အထက်က မြစ်သာ ဖြစ်နိုင်သည်။ ဖက်တီးပြောခဲ့တာ အဓိပ္ပာယ်မရှိ။ ထိုအချိန်တွင် ဝူရှဲနဲ့ ရှောင်ဟွားဟာ ဘာပဲဖြစ်ဖြစ် သွားကြည့်ဖို့ ဆုံးဖြတ်လိုက်ကြသည်။ 


အဲဒီတော့ အုပ်စုနှစ်စု ခွဲလိုက်သည်။ ဝူရှဲနဲ့ ရှောင်ဟွားဟာ ခမ်ကျန်းနဲ့အတူ ညနေခင်းအထိ လမ်းလျှောက်ပြီး GPS အချက်ပြမှုဆီကို ရောက်ခဲ့သည်။ တောင်ပေါ်ကို လျှောက်သွားတဲ့အခါ ရေကန် ဒါမှမဟုတ် မြစ်ငယ်ကို မြင်နိုင်မယ်လို့ ထင်ခဲ့ပေမယ့် အဆုံးတွင် အပင်များ ထူထပ်ပြီး ရေစနစ်မရှိသော တောအုပ်တစ်ခုကိုသာ တွေ့လိုက်ရသည်။


"ထူးဆန်းတယ်...."


ဝူရှဲ IPAD ပေါ်ရှိ အချက်ပြမှုကို ကြည့်လိုက်သည်။ ငါးခူက ဒီတောထဲမှာပဲ ရှိနေတာ အမှန်ပင်။ မြစ် သို့မဟုတ် ချောင်းမရှိလျှင် မြေအောက်မြစ်နှင့် ဆက်စပ်နေသော ဤတောအုပ်တွင် ဗွက်အိုင်များ အများအပြား ရှိနေနိုင်လား။


နေမဝင်ခင် အထိ တောထဲကို လျှောက်သွားကြည့်ကြသည်။ စိမ်းလန်းစိုပြေသော ချုံပုတ်များနှင့် ထင်းရှူးပင်များကြားရှိ အနေအထားသည် မြေပြင်ပေါ်တွင် ဖြန့်ကြက်ထားသော ပိုက်ကွန်ကြီးတစ်ခုကဲ့သို့ အမွှေးအတောင်များဖြင့် ဖုံးလွှမ်းထားသည်။ ချုံတွေက လမ်းလျှောက်ရန် ခက်ခဲလွန်းသဖြင့် ခမ်ကျန်းက လမ်းရှင်းရန် ဓားတစ်လက်ကို သုံး​နေရသည်။ ပိုပိုပြီး ထူးဆန်းလာသလို ခံစားလာရ၏။


သူတို့ လေးလေးနက်နက် ဆက်လျှောက်သွားရင်း သစ်ပင်သေတွေ ပိုများလာကာ ရွှေပုပ်ဖာစေ့ အပင်များသည်သာ မြေပြင်တစ်လျှောက် တွားသွားကာ သစ်တောတစ်ခုလုံးကို ဖုံးလွှမ်းလုနီးပါး ထူထပ်သော အလွှာတစ်ခု ချထားကြတာ တွေ့လာရသည်။ ဤရေလှောင်ကန်များကြားတွင် စပျစ်နွယ်ပင်များဖြင့် ဖုံးလွှမ်းနေသော သစ်တောများတွင် ပြန့်ကျဲပျက်စီးနေသော ရှေးဟောင်းရေတွင်းများ ရှိ​နေသည်ကိုလည်း သူတို့တွေ့မြင်ခဲ့ရသည်။ ရေတွင်းများက တစ်ခုနှင့်တစ်ခု ဆယ်ပေသာ ကွာဝေးကာ ရာနဲ့ချီသော သင်္ချိုင်းဂူများအလား။