🍜Chapter 29
အဘွားနှင့်မြေး စကားစမြည်ပြောခြင်း
"မဟုတ်ဘူး… ငါတို့ သူနဲ့ အရှင့်ကို ထပ်ပြီး ထိတွေ့ခွင့်မပေးနိုင်တော့ဘူး…"
အခန်းထဲတွင် ရှုရန်ယွင်က ကိုယ်လုပ်တော်ကျန်းကို ဒေါသတကြီး ပြောလိုက်လေသည်။
"သူ့ကို အတွင်းဆောင်ကနေ မေယွဲ့အိမ်တော်ကို နှင်ထုတ်ဖို့က လွယ်ခဲ့တာမဟုတ်ဘူး… ငါ့ရဲ့ကြိုးစားမှုတွေ အလဟဿဖြစ်သွားပြီး သူ ဒီထဲကို မခန့်လေးစားနဲ့ ပြန်ဝင်လာတာကို ငါကြည့်မနေနိုင်ဘူး…"
"ဒါပေမယ့် သခင်မ… တကယ်လို့ အရှင်က သူ့အပေါ်မှာ တကယ်ပဲ စိတ်ပြန်ပါသွားရင်၊ သခင်မ မလိုလားရင်တောင် ကျွန်မတို့က ဘာလုပ်နိုင်မှာလဲ…"
ကိုယ်လုပ်တော်ကျန်း၏ မျက်နှာကလည်း စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေတော့သည်။ ဤကိစ္စက အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့ပြီး သူမတို့ကို ကောင်းမွန်စွာ တုံ့ပြန်ရန် အခွင့်အရေးပင် မပေးခဲ့ပေ။
ရှုရန်ယွင်က သူမ၏မျက်လုံးများကို ကျဉ်းလိုက်ပြီးနောက် အေးစက်စွာ ရယ်မောကာ ပြောလိုက်သည်။
"ဒါက ငါ့အတွက်ချည်း သတင်းဆိုးမဟုတ်ဘူးလေ… ဟို ရွှယ်ကျိလန်က သူ့ကိုယ်သူ သီလရှိတဲ့ မိန်းကလေးအဖြစ် အမြဲတမ်း ပြသခဲ့တာ မဟုတ်လား… ဒါကြောင့် သခင်မကြီးယန်က သူ့ကို သဘောကျတာပေါ့… ဒီတိုက်ပွဲမှာတော့ သူက သူ့ရဲ့ရာထူးကို စွန့်စားမှာမဟုတ်ဘူး… နင် ဒီကိစ္စကို ကိုယ်လုပ်တော်ကျင်းဆီ သတင်းပို့ဖို့ နည်းလမ်းတစ်ခု စဉ်းစားလိုက်… ငါ့ဘက်က သတင်း ပိုစုံစမ်းမေးမြန်းကြည့်မယ်… တကယ်လို့ ဒီ ရွှယ်ကျိလန်က ခေါင်းဝင်မခံဘဲ ငြင်းဆန်နေရင်၊ ငါလည်း ငါ့ရဲ့ ဇနီးကောင်း မိခင်ကောင်း ဟန်ဆောင်မှုကို ဆက်ထိန်းထားရလိမ့်မယ်… ဟိုမိန်းမ ရောက်လာတာနဲ့ ငါတို့အားလုံး လျှို့ဝှက်ဆန်းကြယ်တဲ့ ကံဆိုးမိုးမှောင်ကျမှုတွေ ဆက်တိုက်ကြုံတွေ့ရနိုင်တယ်… အဲဒီနောက်မှာ သူ ဘယ်လိုစိတ်တည်ငြိမ်အောင် ထိန်းထားနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့…"
ကိုယ်လုပ်တော်ကျန်းက စိုးရိမ်တကြီး ပြန်ပြောလိုက်လေသည်။
"သခင်မ… မလုပ်ပါနဲ့… ဟို သခင်မလန်က သခင်မကို ဘယ်တော့မှ ဆန့်ကျင်မှာမဟုတ်ပေမယ့် ပထမသခင်မ အတွင်းဆောင်မှာ ရှိနေတုန်းက သူ့ရှေ့မှာ ကိုယ်လုပ်တော်နေရာကို ယူရဲတဲ့ တစ်ဦးတည်းသောသူက သူပဲလေ… ဟို ပထမသခင်မက သူ့ကို အနိုင်ကျင့်ခဲ့ပေမယ့် သူ့ရဲ့နူးညံ့တဲ့သဘာဝကြောင့် ပထမသခင်မက သခင်မကို နည်းနည်းပိုမုန်းနေတုန်းပဲ… ပြီးတော့ မေယွဲ့အိမ်တော်ရဲ့ စရိတ်စကကို ဒီလပိုင်းတွေမှာ မပေးထားဘူးလေ… ပထမသခင်မက ဒီအတွက် သခင်မကို သံသယဝင်မှာ မဟုတ်ဘူးလား…"
"တကယ်လို့ ပထမသခင်မ ပြန်လာခဲ့ရင်၊ သူနဲ့ သခင်မလန်က သခင်မကို ဆန့်ကျင်ဖို့ သေချာပေါက် ပူးပေါင်းကြမှာပဲ… ကျွန်မက ဒီအတိုင်းပြောနေတာပါ… ဒါပေမယ့် သခင်မလန်က သူပြန်လာတာကို ဘယ်လိုများ တားဆီးနိုင်မှာလဲ… ပြီးတော့ သခင်မက အိမ်တော်ရဲ့စာရင်းတွေကို တာဝန်ယူရကတည်းက သူက အဆင့်နိမ့်တဲ့နေရာကို တွန်းပို့ခံခဲ့ရတာလေ…"
ထိုအခါ ရှုရန်ယွင်က အေးစက်စွာ ရယ်မောလိုက်လေသည်။
"အဆင့်နိမ့်တဲ့နေရာကနေ လွတ်ဖို့အတွက်နဲ့ သူက ဟိုမိန်းမနဲ့ ပူးပေါင်းလိမ့်မယ်ဆိုတာ ငါမယုံဘူး… ပြီးတော့ သူက မတုံးဘူး… ပထမသခင်မက ငါ့ကို ဖျက်ဆီးပြီးတာနဲ့ ရွှယ်ကျိလန်ကို ဒီအတိုင်းလွှတ်ထားလိမ့်မယ်လို့ နင် ထင်နေတာလား… 'ငါတို့အားလုံး တစ်လှေတည်းစီးတွေ' ဆိုတဲ့ ဆိုရိုးစကားကို နင် မသိဘူးလား… ပြီးတော့ အရှင့်ရဲ့ သဘောထားအရဆို သူက ဒီမိန်းမကို ခွင့်လွှတ်ဖို့ ရည်ရွယ်ချက်အပြည့်ရှိတယ်… အရှင်က သူ့အပေါ်မှာ စိတ်ပြန်ပါသွားတာ ဖြစ်နိုင်တယ်… ငါတစ်ယောက်တည်း ဒီကိစ္စမှာ လှုပ်ရှားလိုက်ရင် အရှင်က ငါ့ကို သေလောက်အောင် မုန်းသွားမှာ မဟုတ်ဘူးလား… သူက ပိုက်ကွန်ရော၊ အထဲမှာ မိထားတဲ့ငါးတွေရော အကုန်ရသွားလိမ့်မယ်… ဒီအချိန်မှာ ငါတို့က ရွေးချယ်စရာမကောင်းတဲ့ အရာနှစ်ခုကြားမှာ ပိတ်မိနေတာ… ဒါကြောင့် သူ့ကို ငါတို့နဲ့အတူ ဒီဒုက္ခပင်လယ်ထဲ ဆွဲသွင်းလိုက်တာက ပိုကောင်းတယ်…"
ကိုယ်လုပ်တော်ကျန်းက အသည်းအသန်စဉ်းစားရင်း ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေမိသည်။ ထို့နောက် သူမက ဝမ်းနည်းစွာ ပြောလိုက်လေသည်။
"သခင်မ ပြောတာ သဘာဝကျပါတယ်… ဒီလိုဖြစ်မှတော့ ကျွန်မ ကိုယ်လုပ်တော်ကျင်းရဲ့နေရာကို သွားပြီး သတင်းပို့လိုက်ပါ့မယ်… သခင်မလန်ကလည်း သေချာပေါက် အတူတူလုပ်မှာပါနော်…"
…
အိမ်တော်အတွင်းရှိ လျှို့ဝှက်ကြံစည်မှုများနှင့် အတင်းအဖျင်းပြောဆိုမှုများနှင့် နှိုင်းယှဉ်လျှင် မြောက်ဘက်အိမ်ဆောင်၏ စကားဝိုင်းက ပို၍ပေါ့ပါးလွတ်လပ်နေသည်။
သွမ့်ထင်ရွှမ်းနှင့် အဘွားသခင်မဖန်တို့က အရေးမပါသော စကားစမြည်များ ပြောဆိုနေကြစဉ် အဘွားသခင်မက အကြောင်းအရာပြောင်းကာ ဤအထူးဟင်းပွဲများ၏ ဇာစ်မြစ်ကို သိလိုကြောင်း မေးလိုက်လေသည်။ သူက ချက်ချင်းပင် အမှန်အတိုင်း ဖွင့်ပြောရန် ဆုံးဖြတ်လိုက်သည်။
အဘွားသခင်မက မယုံနိုင်စွာဖြင့် တီးတိုးရေရွတ်လိုက်လေသည်။
"ငါ အဲဒီအစေခံမလေးနှစ်ယောက်ကို မြင်ကတည်းက သံသယဝင်ခဲ့တယ်… မျှော်လင့်ထားတဲ့အတိုင်းပဲ… ဒီဟင်းပွဲတွေက စုနွမ်နွမ်လုပ်ထားတာပဲ… သူက ဒီလိုထူးဆန်းတဲ့ အချက်အပြုတ်ကျွမ်းကျင်မှုတွေကို ဘယ်တုန်းက သင်ခဲ့တာတဲ့လဲ…"
ထိုအခါ သွမ့်ထင်ရွှမ်းက ပြုံးလိုက်မိသည်။
"အဘွားတစ်ယောက်တည်း သိချင်မိနေတာ မဟုတ်ပါဘူး… ကျွန်တော်တောင် ဘာမှမသိပါဘူး… ဟုန်လျန်ရဲ့အပြောအရတော့ သူက ဒီကျွမ်းကျင်မှုတွေကို အစကတည်းက တတ်ထားခဲ့တယ်တဲ့… ဒါပေမယ့် အိမ်တော်ထဲကို လက်ထပ်ဝင်ရောက်လာကတည်းက သူ့ရဲ့ မြင့်မားတဲ့အဆင့်အတန်းကြောင့် မီးဖိုချောင်ထဲကို သိပ်မဝင်ဖြစ်ခဲ့ဘူး… ပြီးတော့ နောက်နှစ်မှာ ရန်ယွင်က ရောက်လာပြီး၊ ကျိလန်ကပါ ထပ်ရောက်လာတော့… အဟမ်း… မြေးရဲ့ သဘောထားကိုတော့ အဘွားက အသိဆုံးဖြစ်မှာပါ… စုနွမ်နွမ်က ကျွန်တော့်ကို ဒေါသထွက်ပြီးတော့ သူ့ရဲ့ကျွမ်းကျင်မှုတွေကို ဘယ်တော့မှ မဖော်ပြခဲ့ပါဘူး..."
သူ၏စကားမဆုံးမီမှာပင် အဘွားသခင်မက ခေါင်းခါလိုက်တော့သည်။
"အိုင်း… ဒီတစ်ခါတော့ သူ မှားတာပဲ… ယောက်ျားတစ်ယောက်မှာ မယားသုံးယောက်နဲ့ မောင်းမလေးယောက်ရှိတာက ပုံမှန်ပဲလေ… သူက မင်းရဲ့ချစ်ခင်မှုကို ရဖို့ ပိုကြိုးစားသင့်တာပေါ့… တကယ်လို့ သူသာ ဒီကျွမ်းကျင်မှုတွေကို အစောကြီးကတည်းက အသုံးချခဲ့ရင်၊ ဒီလို တခြားအဓိပ္ပာယ်မရှိတဲ့ကိစ္စတွေ ဖြစ်လာမှာမဟုတ်ဘူး… အဲဒီအခါကျရင် မင်းက မျက်နှာလွှဲသွားမှာကို သူစိုးရိမ်နေစရာ လိုဦးပါ့မလား…"
သွမ့်ထင်ရွှမ်းက နားထောင်နေရင်း သူက စုနွမ်နွမ်၏ အချက်အပြုတ်ကို တကယ်ကြိုက်သော်လည်း အဘွားဖြစ်သူက သူ့ကို အစာအိမ်က ထိန်းချုပ်ထားသည့် အစားအသောက်ခုံမင်သူ တစ်ယောက်အဖြစ်သာ မြင်ခြင်းကိုမူ လုံးဝ ခွင့်မပြုနိုင်ပေ။ ထိုသတင်းများသာ ပျံ့သွားလျှင် မြို့စားငယ်လေး သူ့ဂုဏ်သတင်းက ပျက်စီးသွားရလိမ့်မည်။ ထို့ကြောင့် သူက အမြန်ပြောလိုက်ရလေတော့သည်။
"အဘွား… အဲဒီလိုမဟုတ်ပါဘူး… ဒီ စုနွမ်နွမ်က အတိတ်မှာ မကောင်းမှုအမျိုးမျိုးလုပ်ခဲ့တယ်… မြေးက သူ့ရဲ့လုပ်ရပ်တွေကို ဒီအတိုင်းတော့ ခွင့်လွှတ်မှာမဟုတ်ပါဘူး…"
"အိုး ဟုတ်လား…"
အဘွားသခင်မက မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီးနောက် သူမ၏မြေးကို တိုးတိုးလေးရယ်မောလိုက်မိသည်။
"ဒါဆို ဘာလို့ မင်းက အခုကျမှ သူ့ကို ခွင့်လွှတ်နေတာလဲ… အဲဒီအရသာရှိတဲ့ အစားအစာတွေကြောင့်ပဲ မဟုတ်ဘူးလား…"
သွမ့်ထင်ရွှမ်းက မျက်နှာနီရဲသွားရပြီးနောက် သူ၏အနေခက်မှုကို ဖုံးကွယ်ရန် ချောင်းဆိုးကာ ခိုင်မာစွာပြောလိုက်လေတော့သည်။
"အဘွား… လူတွေက သေလုနီးပါးအခြေအနေတွေနဲ့ ကြုံရတဲ့အခါ ပြောင်းလဲတတ်တယ်လို့ ကြားဖူးလား… ဟို စုနွမ်နွမ်က တစ်ခါ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့ပြီး သေလုနီးပါးဖြစ်ခဲ့တယ်လေ… အဲ့ဒီနေကစပြီး သူက အများကြီး ပြောင်းလဲသွားတယ်… သူက အတားအဆီးတစ်ခုကို ကျော်ဖြတ်ပြီး ဉာဏ်ပညာကြီးကြီးမားမား ရသွားသလိုပဲ… မြေးက သူ အရင်ကလို ခါးသီးဖွယ်ကောင်းတဲ့ အဆိပ်ပြင်းတဲ့လူ မဟုတ်တော့တာကို ကိုယ်တိုင်ကိုယ်ကျ မျက်စိနဲ့မြင်ခဲ့ရလို့၊ သေချာစဉ်းစားပြီးနောက်မှာ သူ့ကို ခွင့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ… မဟုတ်ရင် မြေးက အရသာရှိတဲ့ အစားအစာတွေကြောင့် မျက်စိကွယ်ပြီး လူကောင်းလူဆိုး မခွဲခြားနိုင်တဲ့လူမှ မဟုတ်တာ…"
"ငါ့မြေးကို ငါအသိဆုံးပေါ့…"
အဘွားသခင်မက ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်လေသည်။
သွမ့်ထင်ရွှမ်းက သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် ရယ်လိုက်လေသည်။
"ဟုတ်တယ်မလား… ဟုတ်တယ်မလား… အဘွားက ကျွန်တော့်ကို အသိဆုံးမှန်း သိပါတယ်…"
"အင်း… ငါ့မြေးက ထူးချွန်တဲ့ကလေးတစ်ယောက်ပဲ… အမူအကျင့်မှာ အမြဲတည်ငြိမ်ပြီး သတိရှိတယ်… သူက ဒီလို အထက်စီးဆန်တဲ့လေသံနဲ့ စကားပြောတဲ့အခါ၊ အရေးကြီးတဲ့ကိစ္စတစ်ခုခု ပြောစရာရှိလို့ ဒါမှမဟုတ် ဖုံးကွယ်စရာတစ်ခုခု ရှိလို့ပဲ…"
အဘွားသခင်မက ဖြည်းညှင်းစွာ ခေါင်းဆက်ညိတ်နေတော့သည်။
"အဘွား… ကျွန်တော့်မှာ ဖုံးကွယ်စရာရှိတယ်လို့ ဘယ်သူပြောလို့လဲ…"
သွမ့်ထင်ရွှမ်းက ရယ်ရမလို ငိုရမလိုပင်။
"ဒါနဲ့ ကျွန်တော်က ဘာလို့ ဖုံးကွယ်စရာရှိရမှာလဲ…"
"လူတစ်ယောက်က မထင်မှတ်ထားတဲ့ ဆုလာဘ်တစ်ခုရရင် နောက်ပိုင်းမှာ အဲဒီအတွက် အဖိုးအခကို ပြန်ပေးရတတ်တယ်…"
အဘွားသခင်မဖန်က သူမ၏မြေးကို အလွန်အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်တော့သည်။
သွမ့်ထင်ရွှမ်း ရှုံးသွားလေပြီ။
"ဟုတ်ကဲ့… ဟုတ်ကဲ့… အဘွားပြောတဲ့အတိုင်းပါပဲ… ဘယ်သူက ကျွန်တော့်ကို အဘွားရဲ့မြေး ဖြစ်ခိုင်းလို့လဲ… အဘွားပျော်သရွေ့ အဘွားကြိုက်တာမှန်သမျှ ကျွန်တော်ကျွေးပါ့မယ်… အဘွားကြိုက်မယ်ဆိုရင် မြေးရဲ့အသားကိုတောင် လှီးကျွေးပါ့မယ်…"
"မဟုတ်တာတွေ… ငါက အရသာရှိတဲ့အသားတွေ… ဝက်သား၊ သိုးသား၊ အမဲသားဖြစ်ဖြစ် မစားသုံးဖြစ်အောင်တောင် ရှောင်ထားတာ… ဘာလို့ မင်းအသားကိုကျ စားရမှာလဲ… ပြီးတော့ ရိုးရာပုံပြင်တွေမှာ လူ့အသားက ချဉ်ပြီး အရသာမရှိဘူးလို့ အမြဲပြောကြတယ်…"
သွမ့်ထင်ရွှမ်းက မကျေမနပ်ဖြစ်စိတ်အားလုံး လုံးဝပျောက်ဆုံးသွားပြီ ဖြစ်သည်။
ငါ့အဘွားက ဒီလောက်ကောင်းတဲ့စားစရာစားပြီးနောက်မှာ ဒီလောက်စိတ်ကြည်လင်နေလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ…
သူက စုနွမ်နွမ်၏ကိစ္စကို ဖြေရှင်းရန် နည်းလမ်းတစ်ခုစဉ်းစားနေစဉ်မှာပင် အဘွားသခင်မကိုယ်တိုင်က သူမကို အတွင်းဆောင်ကို ပြန်ပြောင်းရွှေ့ရန် စီစဉ်ပေးရန် အကြံပြုလိုက်လေသည်။ သူ့အကြံအစည်များကို ထိုးထွင်းသိမြင်သော အဘွားသခင်မက ရယ်မောကာ ပြောလိုက်တော့သည်။
"မင်းက စုနွမ်နွမ်က ရိုးရိုးသားသားနဲ့ သူ့အမှားတွေကို ပြင်ဆင်ခဲ့ပြီလို့ ပြောမှတော့… ပြီးတော့ သူက ဒီလောက်ကောင်းလှတဲ့ ဟင်းပွဲတွေ ချက်ပြုတ်နိုင်မှတော့… သူ့ကို အတွင်းဆောင်ကို ပြန်လာခွင့်ပေးလိုက်တာက ဘယ်လိုလဲ…"
"သူက သူ့အမှားတွေကို ပြင်ဆင်ခဲ့ပြီလို့ ဘယ်သူက ပြောလို့လဲ…"
သွမ့်ထင်ရွှမ်းက အဘွားသခင်မကို ရှုပ်ထွေးစွာ မျက်တောင်ခတ်ကြည့်လိုက်သည်။
ဟိုမိန်းမက အရင်ကထက်တောင် ပိုကြမ်းလာတာ… သိရဲ့လား… ဒီဟင်းလေးမျိုးအတွက်နဲ့ ကျွန်တော့်ဆီကနေ သူ ဘယ်လောက်တောင် ညှစ်ထုတ်သွားလဲဆိုတာ သိရဲ့လား…
"မင်းပဲ ပြောတာမဟုတ်ဘူးလား… သူက အများကြီးပြောင်းလဲသွားပြီဆို… သူက 'အတားအဆီးတစ်ခုကို ကျော်ဖြတ်ပြီး ဉာဏ်ပညာကြီးကြီးမားမား ရသွားတယ်' ဆို…"
ဤတစ်ခါတွင် အဘွားသခင်မက ရှုပ်ထွေးသွားရသည့် အလှည့်ဖြစ်ပေတော့သည်။
"အင်း… သူက ဉာဏ်ပညာကြီးကြီးမားမား ရသွားတာတော့ မှန်ပါတယ်… ဒါပေမယ့် သူက သူ့အမှားတွေကိုတော့ လုံးဝမပြင်ဆင်ခဲ့ဘူး…"
သွမ့်ထင်ရွှမ်းက ဝမ်းနည်းစွာ သက်ပြင်းချလိုက်မိတော့သည်။
"ဒါဆို... မင်းအဘွား နားမလည်နိုင်တော့ဘူး… 'ဉာဏ်ပညာကြီးကြီးမားမား ရသွားတယ်’… ဒါပေမယ့် 'သူ့အမှားတွေကို မပြင်ဆင်ခဲ့ဘူး' ဆိုတာက ဘာအဓိပ္ပာယ်လဲ…"
အဘွားသခင်မက တော်တော်လေး ရှုပ်ထွေးလာမိတော့သည်။ အထူးသဖြင့် သူမ၏မြေးက မိုးခေါင်ရေရှားကာလက ဂေါ်ဖီတစ်ထုပ်လို ခေါင်းငိုက်စိုက်ကျကာ ဝမ်းနည်းနေပုံရသောကြောင့် ဖြစ်ပေသည်။
ထိုအခါ သူက အလွန်အမင်း နစ်နာခံစားရသလိုဖြင့် ပြောလိုက်လေတော့သည်။
"အဘွား… အဖြေကို သိရဲ့သားနဲ့ ဘာလို့မေးခွန်းတွေ မေးနေရတာလဲ… စုနွမ်နွမ်က ဉာဏ်ပညာပိုကောင်းလာပေမယ့် ကျွန်တော့်အပေါ်ထားတဲ့ သူ့ရဲ့အမုန်းတရားကတော့ တစ်စက်မှ မလျော့သွားဘူး… တကယ်တော့ အဲဒါက ကျောက်တုံးလိုတောင် မာကျောသွားပြီ… ဒီနေ့ နဂါးလှေပွဲတော်ဖြစ်ပေမယ့် သူက မျက်နှာတောင်မပြဘူးဆိုတာ အဘွား မတွေ့ဘူးလား…"
အဘွားသခင်မဖန်က စကားမပြောနိုင်ဖြစ်သွားရပြီးနောက် သူမ၏စိတ်ထဲတွင် တီးတိုးရေရွတ်လိုက်မိတော့သည်။
ငါ့ရဲ့ချစ်လှစွာသောမြေးရယ်… ငါက သိပြီးသားအရာတွေကို မေးနေတာမဟုတ်ပါဘူး… ငါ တကယ်ကို ဘာမှမသိတာပါဟယ်…
🍜🍜