🍜Chapter 30
အိပ်မက်များနှင့် စိတ်ကူးယဉ်မှုများ
အဘွားနှင့်မြေးတို့ အတန်ကြာ တိတ်ဆိတ်နေပြီးနောက် သူတို့ဘေးတွင်ရပ်နေသော ချိုးလင်က ထိုတိတ်ဆိတ်မှုကို မခံရပ်နိုင်တော့ဘဲ ပျော်ရွှင်စွာ ပြောလိုက်လေသည်။
"ပထမသခင်မက သခင့်ကို ဒေါသထွက်တာက ပုံမှန်ပဲ မဟုတ်ဘူးလား… သခင်က သူ့ကို မေယွဲ့အိမ်တော်ကို ပစ်ပယ်ထားပြီး ကိုယ့်ဒုက္ခကိုယ်ရှင်းခိုင်းခဲ့တာပဲလေ… ဘယ်သူမဆို အဲဒီအခြေအနေမှာ ဒေါသထွက်မိမှာပဲ… ဒါပေမယ့် ပြောရရင်… အရင်က သခင်က ပထမသခင်မကို အရိုးထဲစွဲအောင် မုန်းခဲ့တာ မဟုတ်ဘူးလား… မဟုတ်ရင် သခင်က သူ့ကို အဲဒီလို ပစ်ပယ်ခဲ့မှာ မဟုတ်ဘူး… ဒါပေမယ့် ဘာဖြစ်လို့ သခင့်ရဲ့ စိတ်ခံစားချက်တွေက ပြောင်းသွားရတာလဲ… ဘာဖြစ်လို့ သခင်က ရုတ်တရက် မေယွဲ့အိမ်တော်ကို သွားလည်ဖို့ ဆုံးဖြတ်လိုက်တာလဲ…"
"ငါ မေယွဲ့အိမ်တော်ကို ပထမဆုံးအကြိမ်သွားတုန်းက၊ အဲဒီသုံးယောက် ငတ်သေသွားပြီလားဆိုတာကို သိချင်စိတ်နဲ့ သွားကြည့်ခဲ့မိတာ..."
သူက စပြောလိုက်သည်နှင့် ဇာတ်လမ်းတစ်ခုလုံးက ရေလိုသွန်ချလာတော့သည်။ ထိုကြက်သွန်မြိတ်ဖက်ထုပ်ကြီးများမှအစပြု၍ မုန့်ပြားကြော်နှင့် ပဲနို့၊ ထို့နောက် ဝက်သားနုပ်နုပ်စင်းနှင့် အခြားအရသာရှိသော အရာများအထိ၊ နောက်ဆုံးတွင် သူက နှင်းပွင့်ပဲနှစ်မုန့်အကြောင်းသို့ ရောက်သောအခါ ကျယ်လောင်သော (ဂလု) ဟူသောအသံကို ကြားလိုက်ရတော့သည်။ ထိုအခါ သူ့ဇာတ်လမ်းတွင်သူ နစ်မျောနေမိသော မြို့စားငယ်လေးက ရုတ်တရက် ရပ်တန့်သွားရတော့သည်။ သူက သူ့အဘွားကို သေချာကြည့်လိုက်မိရာ တောက်ပြောင်သော မျက်လုံးတစ်စုံက သူ့ကို ပြန်စိုက်ကြည့်နေခြင်းကို တွေ့လိုက်ရမိတော့သည်။ ထိုမျက်လုံးများက ရက်ပေါင်းများစွာ အစာမစားရသေးသော ငတ်မွတ်နေသည့် ဝံပုလွေတစ်ကောင်၏ မျက်လုံးများကဲ့သို့ ဖြစ်နေတော့သည်။ သူကြားလိုက်ရသောအသံက အဘွားသခင်မ တံတွေးမျိုချလိုက်သည့်အသံ ဖြစ်နေတော့သည်။
“အ-အဘွား..."
ထိုစဉ် သွမ့်ထင်ရွှမ်း၏ ဦးရေပြားက အနည်းငယ်ကျင်တက်လာမိသလို ခံစားလိုက်ရလေသည်။ အဘွားသခင်မ၏မျက်လုံးများက အလွန်ကြောက်စရာကောင်းလှပေသည်။ သူမက သူ့အပေါ်သို့ ခုန်အုပ်ပြီး သူ့အသားတစ်စကို ကိုက်ဖြတ်တော့မည့်အတိုင်းပင် ထင်နေရ၏။ သူ ကြောက်လန့်တကြား အော်လိုက်မိတော့သည်။ ထိုအသံနှင့်အတူ အဘွားသခင်မက ရှေ့သို့တိုးလာပြီးနောက် သူ့ကို ရိုက်လိုက်ကာ သူမ၏အသံက ဒေါသဖြင့် ပေါက်ကွဲထွက်မတတ်ဖြစ်နေတော့လေသည်။
"မင်း… ရိုင်းစိုင်းတဲ့လူယုတ်မာ… ဒီလိုအစားကောင်းတွေကို မြင်မြင်ချင်း မြေးဝတ္တရားအရ ယူမလာရဘူးပေါ့လေ… မင်းဘယ်လောက်တောင် သတ္တိရှိနေတာလဲ… မင်းတစ်ယောက်တည်း အကုန်စားပစ်ရတယ်လို့… စဉ်းစားကြည့်စမ်းပါဦး…"
"မဟုတ်ဘူး… မဟုတ်ဘူး… အဘွား… ဒီမြေးက အဘွားကို အမြဲတမ်း စဉ်းစားနေပါတယ်…"
သွမ့်ထင်ရွှမ်းက အမြန်ခုန်ရှောင်လိုက်ရသည်။
သို့သော် အဘွားသခင်မက သူ့ကိုမယုံပေ။ သူမက အံကြိတ်လိုက်ပြီးနောက် ပြောလိုက်လေသည်။
"လိမ်နေတာ… ဒါဆို ဘာလို့ ငါက နှင်းပွင့်ပဲနှစ်မုန့်တစ်ခုမှ မတွေ့ရတာလဲ… အဲဒါတွေအကုန်လုံးကို မင်းစားလိုက်တာ မဟုတ်ဘူးလား… မင်းကများ ကိုယ့်ကိုယ်ကိုယ် မြေးဝတ္တရားကျေတယ်လို့ ပြောရဲသေးတယ်ပေါ့… စစ်ဖျင်တောင်မှ အိမ်က သူ့အမေအိုကြီးအတွက် အစားကောင်းတွေ ယူသွားပေးတတ်တာကို… မင်းကရော…"
အဘွားသခင်မက ဤသို့ပြောရင်း ဒေါသထွက်နေမိကာ သူမ၏ နဂါးခေါင်းပုံတောင်ဝှေးကို လှမ်းယူလိုက်တော့သည်။ သဟဇာတရှိစွာ အတူထိုင်နေခဲ့ကြသော အဘွား-မြေးနှစ်ဦးက နှင်းပွင့်ပဲနှစ်မုန့် အနည်းငယ်ကြောင့် ကွဲကွာသွားကြရသည်။ အစေခံမလေးများက အဘွားသခင်မက မြို့စားငယ်လေးကို သတ်တော့မည့်အလား ပြေးဝင်သွားခြင်းကို ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေကြရသည်။
တစ်ဖက်တွင်မူ မြို့စားငယ်လေးက သင့်တော်သော ရှင်းပြချက်များဖြင့် သူမကိုပြန်လည်စည်းရုံးရန် ကြိုးစားနေဆဲဖြစ်လေသည်။
"အဘွား… အဘွားရဲ့ ဒီမြေးက တကယ်ပဲ အဘွားကို စဉ်းစားပေးနေတာပါ… အာ့… ဟို နှင်းပွင့်ပဲနှစ်မုန့်တွေက ယူလာတဲ့အချိန်မှာ အေးစက်နေပြီ… အဘွား စားလိုက်ရင် ဗိုက်နာမှာစိုးမိလို့ပါ… ပြီးတော့ တကယ်တော့ အဲဒါတွေက အရမ်းနည်းတယ်… ခွဲဝေဖို့ မလောက်ဘူးလေ… အငြင်းပွားမှုတွေ မဖြစ်ရအောင်လို့ ဒီမြေးက မျက်ရည်တွေနဲ့ စားခဲ့ရတာပါ..."
"မင်း… လူရှုပ်လူပွေ… အမှားကို အမှန်လုပ်ဖို့ ကြိုးစားရဲသေးတယ်လား… ဒီအဘွားကြီးက လှောင်ပြောင်ရလွယ်တယ်လို့ မင်းထင်နေတာလား…"
အဘွားသခင်မဖန်၏ အလွန်အမင်းဒေါသထွက်သံကို အိမ်အပြင်ဘက်အထိ ကြားနေရလေသည်။ ရုတ်တရက်ထွက်ပေါ်လာသော ဒေါသသံက အစေခံများကို အံ့ဩခြင်းနှင့်အတူ ပီတိဖြစ်စေခဲ့သည်။ သူတို့ကို အံ့ဩစေသောအရာက ဤ အဘွားသခင်မက မုန့်အနည်းငယ်အတွက် အဘယ့်ကြောင့် ရုတ်တရက် ဒေါသထွက်ရသည်လဲဟူ၍ ဖြစ်သည်။
စည်းကမ်းလိုက်နာပြီး ဂုဏ်သိက္ခာရှိသော အဘွားသခင်မက သူတို့၏ ပင်မထောက်တိုင် ဖြစ်ပေသည်။ ပီတိဖြစ်ရခြင်းကမူ သူမပြသလိုက်သော စွမ်းအင်ကြောင့် ဖြစ်ပေသည်။ ဤ အဘွားသခင်မက နောက်ထပ် အနှစ်နှစ်ဆယ်၊ သုံးဆယ်အထိ အသက်ရှင်ရန် လုံလောက်သော ကြံ့ခိုင်မှုရှိနေသေးကြောင်း ရှင်းလင်းနေတော့သည်။ သူတို့နောက်က ဤတောင်ကြီးက အချိန်အတော်ကြာအထိ တည်ငြိမ်စွာ အာဏာရှိနေလိမ့်ဦးမည်။
"ငါဂရုမစိုက်ဘူး… အဲဒီ နှင်းပွင့်ပဲနှစ်မုန့် ဘာညာဆိုတဲ့မုန့်… ငါ အနည်းဆုံး အခု နှစ်ရာသုံးရာလောက် လိုချင်တယ်… မဟုတ်ရင် ငါ အသက်ဆက်မရှင်နိုင်တော့ဘူး…"
****
မေယွဲ့အိမ်တော်၏ လသာဆောင်တွင် စုနွမ်နွမ်က အသစ်ရောက်လာသော ကုန်ကြမ်းများကို စစ်ဆေးနေလေသည်။ ထို့နောက် သူမက ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး အေးစက်စွာ ပြောလိုက်တော့သည်။
"ကျွန်မကတော့ ရှင်က ဘာလို့ ဒီလောက် ကြက်ဥနှစ်တောင်းတောင် ယူလာရလောက်အောင် ကြင်နာတတ်နေလဲလို့ အံ့ဩနေမိတာ… ဒါက ရှင့်ရဲ့ တကယ့်ရည်ရွယ်ချက်ကိုး… ကဲ… ရှင်က ကျွန်မရဲ့ ပစ္စည်းတွေကိုသုံးပြီး ရှင့်ရဲ့တခြားမယားတွေကို မျက်နှာလုပ်ချင်တယ်ပေါ့ ဟုတ်လား… ကျွန်မ တစ်ခါတည်း ပြောထားလိုက်မယ်… အိပ်မက်သာ မက်နေလိုက်…"
"ငါ့မှာ သူတို့အတွက် အချိန်ရှိသေးတယ်လို့ မင်းတကယ်ထင်နေတာလား… ဟင်း…"
မြို့စားငယ်လေးက မျက်ရည်ကျလုနီးပါးဖြစ်နေရသည်။
"မင်း မကြားလိုက်မိဘူးလား… မနေ့က အဘွားက ငါ့ကို သူ့တောင်ဝှေးနဲ့ ရိုက်ဖို့ လိုက်ဖမ်းတယ်… ငါက နှင်းပွင့်ပဲနှစ်မုန့်ကို သူ့အတွက် ယူမလာဘဲ စားလိုက်တယ်ဆိုတာ ကြားရုံနဲ့တဲ့လေ… ငါ ကလေးဘဝတုန်းကတောင် သူ ငါ့ကို ဒီလိုတစ်ခါမှ မဆက်ဆံဖူးဘူး… ငါဘယ်တော့မှ ဒီလောက်ဆိုးရွားတဲ့ ဒုက္ခမျိုး မခံစားခဲ့ရဘူး… မင်းအခု ကျေနပ်ပြီလား… ဒါက နှင်းပွင့်ပဲနှစ်မုန့် နည်းနည်းလောက်ပဲ မဟုတ်ဘူးလား…"
ဤလူယုတ်မာကို မုန်းတီးနေမိသော်လည်း ဤဝမ်းနည်းဖွယ်ဇာတ်လမ်းကို ကြားရသည့်အခါ သူမက ဆွံ့အသွားရလေတော့သည်။
ဘုရားရေ… ဒီ အန်းဖျင်အိမ်တော်က တကယ်ကို လျှို့ဝှက်ပညာရှင်တွေ ပုန်းအောင်းနေတဲ့နေရာပဲ… ဒီ သွမ့်ထင်ရွှမ်းမှာ ပုန်းကွယ်နေတဲ့ အစားအသောက်မက်တဲ့ စိတ်ရှိတာကို သိရတာ တစ်မျိုး… ဒါပေမယ့် သိုင်းပညာတတ်ပြီး လေးစားဖွယ်ကောင်းတဲ့ အဘွားသခင်မကလည်း မထင်မှတ်ထားတဲ့ အစားအသောက်မက်သူ တစ်ယောက်ဖြစ်နေလိမ့်မယ်လို့ ဘယ်သူထင်မိမှာလဲ… နှင်းပွင့်ပဲနှစ်မုန့် နည်းနည်းလောက်အတွက်နဲ့ ဒီလောက်မထင်မှတ်ထားတဲ့ အားကောင်းတဲ့ သိုင်းပညာကို ဖော်ထုတ်ပြသရတယ်လို့… ဒါက... ရဲဘော်ရဲဘက်ပဲ… ဟင်း…
"ဘာပဲဖြစ်ဖြစ် ကျေးဇူးပြုပြီး ငါ့ကို အဲဒီနှင်းပွင့်ပဲနှစ်မုန့်တွေ လုပ်ပေးပါ… အေးစက်ပြီး ခပ်တည်တည်နေတတ်တဲ့ ငါ့အဖေတောင်မှ ခုနက အကြောင်းပြချက်ရှာပြီး သူ့စာကြည့်ခန်းကို ငါ့ကိုခေါ်ပြီးတော့ ဒီနှင်းပွင့်ပဲနှစ်မုန့် အကြောင်းကို စုံစမ်းမေးနေသေးတယ်…"
မုန့်စားချင်စိတ်ကို ရှင်းရှင်းလင်းလင်းပြနေသော်လည်း အေးဆေးတည်ငြိမ်ဟန်ဆောင်နေသော သူ့ဖခင်၏ မျက်နှာကို ပြန်သတိရမိသောအခါ သွမ့်ထင်ရွှမ်းက သူ့ပါး သူဆွဲပြီး သူ့ပါးစပ်ကိုသာ ဆွဲဖြဲချင်စိတ် ပေါက်သွားမိသည်။
ဘာလို့များ ကိုယ့်ကိုယ်ကိုယ် မေ့သွားမိပြီး အဘွားကို နှင်းပွင့်ပဲနှစ်မုန့်အကြောင်း ပြောပြမိပါလိမ့်… ဒီအချိန်မှာတော့ ငါတို့ရဲ့ ဂုဏ်သိက္ခာကြီးမားလှတဲ့ အဘိုးကြီးတောင် အဖွားရဲ့သားကောင် ဖြစ်သွားခဲ့ရပြီ…
ဤတစ်ကြိမ်တွင်မူ စုနွမ်နွမ်က သွမ့်ထင်ရွှမ်းကို အလွန်အမင်း ဒုက္ခမပေးဘဲ နှင်းပွင့်ပဲနှစ်မုန့် အခုရေ ရာပေါင်းများစွာကို ပျော်ရွှင်စွာ လုပ်ပေးခဲ့လေသည်။ မည်သို့ပင်ဖြစ်စေ ပင်ပန်းရသူက သူမ မဟုတ်ပေ။
မြို့စားငယ်လေးတစ်ယောက် ကြက်ဥမွှေရလွန်းလို့ လက်မောင်းကိုတောင် မမြှောက်နိုင်တော့တာကို မြင်ဖူးသလား… ဒါကို ဝဋ်လည်တယ်လို့ ခေါ်တယ်… သိရဲ့လား…
ဟုန်လျန်က သွမ့်ထင်ရွှမ်းက ကောင်လေးအချို့ကို နှင်းပွင့်ပဲနှစ်မုန့်များ သယ်သွားရန် အမိန့်ပေးနေခြင်းကို ကြည့်လိုက်ပြီးနောက် တုံ့ဆိုင်းစွာဖြင့် မေးလိုက်မိသည်။
"သခင်မလေး… ဘာဖြစ်လို့ ဒီနေ့ သခင်မလေးရဲ့စိတ်က ဒီလောက်ကောင်းနေရတာလဲ… အဲဒါ နှင်းပွင့်ပဲနှစ်မုန့် အခုရာပေါင်းများစွာနော်… အင်း… ပြီးတော့ သခင်က သခင်မလေးကို လုပ်ပေးဖို့ တောင်းဆိုတာကိုတောင် သခင်မလေးက ပျော်ပျော်ကြီး လုပ်ပေးလိုက်သေးတယ်… ဒါက တော်တော်လေး ထူးဆန်းနေသလိုပဲ…"
"နင်က ဘာပြောချင်နေတာလဲ…"
စုနွမ်နွမ်က သူမကို ဘေးတိုက်တစ်ချက်ကြည့်လိုက်လေသည်။ ထိုအခါ ဟုန်လျန်က လက်ကာ ရယ်ရင်း ပြောလိုက်လေသည်။
"သခင်မလေး စိတ်ပြောင်းသွားတာလား…"
"နင် နေ့ခင်းကြောင်တောင် အိပ်မက်မက်နေပြန်ပြီဆိုတာ ငါသိတယ်…"
စုနွမ်နွမ်က မဲ့ပြုံးပြုံးလိုက်ပြီးနောက် ပေါ့ပေါ့တန်တန် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရင်း လေးနက်စွာ ပြောလိုက်လေတော့သည်။
"ငါ တစ်ခါထပ်ပြောမယ်… ငါ ဟိုလူယုတ်မာအပေါ်မှာ ဘာခံစားချက်မှ မရှိတော့ဘူး… ငါဘာလို့ ဒီကိစ္စကို သဘောတူရသလဲဆိုတော့ ပထမတစ်ချက်က သူ့ရဲ့အရည်အသွေးမြင့် ကုန်ကြမ်းတွေအတွက် လျော်ကြေးပေးတာ… ဒုတိယတစ်ချက်က နင်တို့သခင် လက်မောင်းတောင် မမြှောက်နိုင်တော့တဲ့အချိန်မှာ သူ့ပုံစံက ဘယ်လောက်သနားစရာကောင်းလဲဆိုတာ ကြည့်ရတာ ရယ်စရာမကောင်းဘူးလား… တတိယအကြောင်းရင်းကတော့… ဟီးဟီး… ကြည့်ရအောင်… တကယ်လို့ ငါက စားစရာကိုသုံးပြီး အဘွားသခင်မကို ထောင်ချောက်ဆင်ဖမ်းနိုင်ခဲ့ရင်… ပြီးတော့ ဒီလူယုတ်မာကို တစ်နေ့သုံးကြိမ် အရိုက်ခံရအောင် လုပ်နိုင်ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ… စဉ်းစားကြည့်ရုံနဲ့တင် ငါပျော်နေပြီ…"
ဟုန်လျန်၏ နဖူးတစ်ပြင်လုံးတွင် ချွေးများထွက်လာရတော့သည်။ သူမ၏သခင်မက အမှန်တကယ်ကို အဆိပ်ပြင်းသော ဇနီးတစ်ယောက်ဖြစ်ပေတော့သည်။
တစ်နေ့သုံးကြိမ် အရိုက်ခံရအောင် ဟုတ်လား… ရှင်က မြို့စားငယ်လေးကို ခွေးတစ်ကောင်လို့ ထင်နေတာလား…
သူမက အမြန်ပင် အကျိုးအကြောင်းရှင်းပြရန် ကြိုးစားလိုက်လေတော့သည်။
"သခင်မလေး… အဲဒါက မဖြစ်နိုင်ပါဘူး… သခင့်ရဲ့ ချဲ့ကားပြောတဲ့စကားတွေကို အဟုတ်မထင်ပါနဲ့… အဘွားသခင်မက သူ့ကို နည်းနည်းခြောက်ရုံပဲဆိုတာက ရှင်းနေတာပါပဲ… သူက မြို့စားငယ်လေးကို ဘယ်လိုလုပ် တကယ်ရိုက်ရက်နိုင်မှာလဲ… ပြီးတော့ တစ်နေ့သုံးကြိမ် ဟုတ်လား… မြို့စားငယ်လေးက အဘွားသခင်မရဲ့ အချစ်ဆုံးမြေးလေ…"
"ငါသိပါတယ်… ငါက နည်းနည်း စိတ်ကူးယဉ်ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် အားပေးနေတာပါ…"
စုနွမ်နွမ်က စိတ်ဓာတ်ကျအောင်လုပ်တတ်သော အစေခံမလေးကို ပြင်းထန်စွာ စိုက်ကြည့်လိုက်မိလေသည်။
"ဟုန်လျန်… နင် ဒါကို မှတ်ထားရမယ်… လူတစ်ယောက်မှာ အိပ်မက်တွေ ရှိရမယ်… အိပ်မက်မရှိတဲ့လူက ငါးခြောက်တစ်ကောင်နဲ့ ဘာမှမခြားဘူး…"
"အဘွားသခင်မက သခင့်ကို တစ်နေ့သုံးကြိမ် ရိုက်တာက... သခင်မလေးရဲ့ အိပ်မက်လား…"
ဟုန်လျန်က သတိဖြင့် မေးလိုက်မိသည်။
"အင်း… အဲဒါက ငါ့ရဲ့ နံပါတ်တစ်အိပ်မက်ပဲ…"
ထို့နောက် စုနွမ်နွမ်က ပြုံးကာ သူမ၏လက်များကို ဝှေ့ယမ်းလိုက်တော့သည်။
"တော်ပြီ… သူ့အကြောင်း မပြောတော့ဘူး… လာ… ဒါတွေကို မီးဖိုချောင်ထဲ ရွှေ့ဖို့ ငါ့ကိုကူညီပေးဦး… အင်း… ငါတို့မီးဖိုချောင်က နည်းနည်းသေးနေပုံပဲ… သွမ့်ထင်ရွှမ်းကို လူနည်းနည်းလောက် ခေါ်လာပြီး ပြန်ပြင်ခိုင်းလို့ရမလား ကြည့်ရအောင်… ဒီအခန်းတွေမှာ ဘယ်သူမှမနေဘူးပဲ… ဒါဆိုရင် ငါတို့ နံရံတွေကို ဖြိုချပြီး နေရာကျယ်ကြီးနှစ်ခုအဖြစ် ပြောင်းပစ်လိုက်လို့ရတယ်… တစ်ခုက ပိုကြီးတဲ့မီးဖိုချောင်အတွက်… နောက်တစ်ခန်းက ငါတို့ရဲ့ စားစရာသိုလှောင်ခန်းပေါ့…"
သွမ့်ထင်ရွှမ်း ယူဆောင်လာသော ပစ္စည်းများက အလွန် များပြားလှသည်။ စုနွမ်နွမ်နှင့် ဟုန်လျန်တို့က ဆန်အိတ်ကြီးနှစ်အိတ်ကို သယ်လာရုံဖြင့် မောဟိုက်ကာ ချွေးများထွက်နေကြလေသည်။ ထိုအချိန်တွင် စုနွမ်နွမ်က လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရင်း မသေချာမရေရာစွာဖြင့် မေးလိုက်လေသည်။
"ဟုန်လျန်… နင့်သခင်က ငါ့ကို ကစားနေတယ်လို့ နင်ထင်မိလား… သူက ငါ့ကို နေ့တိုင်း မြင်းစီးဟန်နဲ့ ရပ်ခိုင်းပြီး အသက်ရှုလေ့ကျင့်ခန်းတချို့ပဲ သင်ပေးတယ်… အခု သုံးရက်ရှိနေပြီ… ဒါပေမယ့် ဘာလို့ ငါဘာမှ မတိုးတက်ရသေးတာလဲ… ငါက အားနည်းနေတုန်းပဲ ဟင်း…"
"သုံးရက်ပဲ ရှိသေးတာ… သခင်မလေးက ဘယ်လိုတိုးတက်မှုကို မျှော်လင့်နေတာလဲ… ကျင်းတစ်ထောင်လောက် အလေးချိန်ကို မနိုင်တာမျိုးလား…"
မိမိကိုယ်ကိုယ် သတိမမူမိပုံရသော သခင်မကိုကြည့်ရင်း ဟုန်လျန်က အခြားစကားများ ထပ်မပြောနိုင်တော့ပေ။
"အဲဒါက ချူးပါ့ဝမ်ရဲ့ အထူးကျွမ်းကျင်မှုပဲ… ငါက အဲဒီလောက် လက်တွေ့မဆန်တာတော့ မဟုတ်ဘူးပေါ့… ဒါပေမဲ့ ကျင်းတစ်ရာလောက်ကတော့ ပြဿနာမရှိသင့်ဘူး… ဟုတ်တယ်မလား…"
(ချူးပါ့ဝမ် (Chu Ba Wang) - ချင်မင်းဆက်နှောင်းပိုင်းတွင် နေထိုင်ခဲ့သော ထင်ရှားသည့် စစ်ဘုရင်တစ်ဦး။)
စုနွမ်နွမ်က သူမ၏လက်မောင်းကို ထပ်မံဆန့်ထုတ်လိုက်ပြီးနောက် အံကြိတ်ကာ တီးတိုးရေရွတ်လိုက်မိသည်။
“သွမ့်ထင်ရွှမ်းက ငါ့ကို ကစားနေတာလို့ ငါထင်မိတယ်…"
"သခင်မလေး… သခင်မလေးမှာ အဲဒီကိစ္စအတွက် သက်သေအထောက်အထားမရှိပါဘူး… ပြီးတော့ သခင်မလေးရဲ့အသက်အရွယ်နဲ့ သခင်မလေးက အမျိုးသမီးတစ်ယောက်ဖြစ်နေတာကို ထည့်စဉ်းစားရင်..."
ဟုန်လျန်က သွမ့်ထင်ရွှမ်းကို ကာကွယ်ရန် စကားအနည်းငယ်ပြောချင်သော်လည်း၊ သူမ အခြားစကားမပြောနိုင်မီမှာပင် သူမ၏သခင်မက ပြင်းထန်စွာဖြင့် "ရပ်!" ဟု ဖြတ်ပြောလိုက်လေတော့သည်။ ထို့နောက် သူမ၏သခင်မက သူမကို နာကျင်မိသော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်လေသည်။
"ဟုန်လျန်… အာ့… ဟုန်လျန်… နင် ဘယ်လိုလုပ် ဒီလောက်မြန်မြန် ဘက်ပြောင်းသွားရတာလဲ… နင့်သခင်က ငါတို့ကို ဒီကုန်ကြမ်းလေးနည်းနည်းပို့ပေးရုံနဲ့ နင်က သူ့ဘက်ကို ရောင်းစားခံလိုက်ရပြီလား… ကိုယ့်ကိုယ်ကိုယ်သာ ကြည့်စမ်း… နင်က သူ့ခွေးတစ်ကောင် ဖြစ်တော့မယ်… သူငါတို့ကို ဒီ မေယွဲ့အိမ်တော်ထဲမှာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးဖို့ ပစ်ထားခဲ့တဲ့ သူ့ရဲ့မုန်းစရာကောင်းတဲ့ ဆုံးဖြတ်ချက်ကို နင် မေ့သွားပြီလား…"
"သခင်မလေး… ဒီအစေခံက အကြောင်းအရာအမျိုးမျိုးကို စဉ်းစားနေရုံပါ..."
ဟုန်လျန်က အားနည်းစွာ ကာကွယ်ပြောဆိုသော်လည်း စုနွမ်နွမ်က သူမကို မယုံကြည်ခြင်းက ရှင်းနေသည်။
သခင်မနှင့်အစေခံတို့ နှစ်ဦးသား စကားပြောတော့မည့်ဆဲဆဲမှာပင် ပျော်ရွှင်စွာပြောလိုက်သော နွေးထွေးနူးညံ့သောအသံတစ်ခုက တံခါးဝမှ လွင့်မျောလာလေတော့သည်။
"အစ်မ… ဘာကများ အစ်မကို ဒီလောက်ပျော်ရွှင်စေတာလဲ…"
ဒါဘယ်သူလဲ… သူက ဘာပြောနေတာလဲ… သူ့ရဲ့ ဘယ်မျက်လုံးက ငါပျော်နေတာကို မြင်မိလို့လဲ…
စုနွမ်နွမ်က သူမ၏ခါးကိုထောက်ကာ လှည့်ကြည့်လိုက်မိတော့သည်။ အိမ်တော်အတွင်းရှိ အမျိုးသမီးတိုင်းကို သံသယဝင်နေရသောကြောင့် သူမက မသိစိတ်ဖြင့် ရန်လိုသော ဟန်ပန်ကို ပြုလုပ်မိရာ၊ ဒေါသထွက်နေသော လက်ဖက်ရည်အိုးတစ်လုံးနှင့် အလွန်တူနေတော့သည်။
သို့သော် နောက်တစ်ခဏတွင် အံ့ဩမိရခြင်းကြောင့် သူမ၏ တစ်ကိုယ်လုံးက ပျော့ခွေသွားရလေသည်။ သူမက အချိန်အတန်ကြာအောင် မိုက်မဲစွာ မျက်တောင်ခတ်နေမိရင်း သူမဘာသာသူမ တီးတိုးရေရွတ်နေမိတော့သည်။
"နတ်သမီးလေလား… ငါ ခုနက နတ်သမီးတစ်ပါးကို မြင်လိုက်မိတာလား… အဲဒါက လော့ရှန်းလား ဒါမှမဟုတ် ချန်အာလား… မဟုတ်သေးဘူး… လော့ရှန်းက ရေထဲမှာနေတာ… ချန်အာက လနန်းတော်မှာနေတာ… ပြီးတော့ အခုက နေ့ခင်းဘက်… ငါတို့က အိမ်တော်ခြံဝင်းထဲမှာ…"
(လော့ရှန်း (Luo Shen) - လော့မြစ်၏ နတ်ဘုရားမ၊ 'အလွန်အမင်းလှပပြီး နူးညံ့သိမ်မွေ့သော သူ' အဖြစ် ဖော်ပြခံရသည်။
ချန်အာ (Chang E) - ချန်အာဒဏ္ဍာရီမှ၊ များသောအားဖြင့် လနှင့် ဆက်စပ်လေ့ရှိသည်။)
"သခင်မလန် ဘာလို့ ရောက်လာတာပါလဲ…"
ထိုစဉ် ဟုန်လျန်၏အသံက စုနွမ်နွမ်ကို သတိပြန်လည်လာစေသည်။ ထို့နောက် မသဲမကွဲသော မှတ်ဉာဏ်တစ်ခုက သူမ၏စိတ်ထဲတွင် ပေါ်လာပြီးနောက် ဤအလွန်အမင်းလှပသော အလှဘုရင်မက သွမ့်ထင်ရွှမ်း၏ အခြားဇနီးတစ်ဦးဖြစ်ကြောင်း အသိပေးလိုက်တော့သည်။
တော်ဝင်အရာရှိ ကျန်း၏ တူမ၊ ရွှယ်ကျိလန်။
ဝက်တွေကြားထဲက ပုလဲရတနာပဲ… ဒါက တကယ့်ကို ဝက်တွေကြားထဲက ပုလဲရတနာပဲ…
ရွှယ်ကျိလန်က ခြံဝင်းထဲသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းဝင်လာခြင်းကို မြင်ရသောအခါ စုနွမ်နွမ်က ကောင်းကင်သို့ မော့ကာ သက်ပြင်းရှည်ကြီးတစ်ချက်ကို မချဘဲမနေနိုင်တော့ပေ။
ငါ နင့်ကို မေးပါရစေ… နင့်လို မြို့ပြကြီးတွေကို ပြိုလဲစေနိုင်လောက်အောင် အံ့ဩဖွယ်ကောင်းပြီး အရမ်းလှပတဲ့ အလှဘုရင်မတစ်ယောက်က ဘာလို့ သွမ့်ထင်ရွှမ်းလို လူယုတ်မာတစ်ယောက်ကို မျက်စိစုံမှိတ်ပြီး လက်ထပ်ရတာလဲ… ဒုတိယဇနီးဖြစ်တော့ရော ဘာဖြစ်လဲ… အဲဒါက ကိုယ်လုပ်တော်ထက် နည်းနည်းလေးပဲ ပိုကောင်းတာ မဟုတ်ဘူးလား… နင်က ကိုယ်လုပ်တော်ဖြစ်ရတာကို အဲဒီလောက်ဆန္ဒရှိနေရင် နန်းတော်ထဲကို ဝင်လိုက်တာကရော… နင့်ရဲ့ရုပ်ရည်နဲ့တင် နန်းတော်ထဲက တခြားအလှမယ်သုံးထောင်ကို အလွယ်တကူ ကျော်လွှားနိုင်တာပဲလေ… ဘာလို့များ ဒီကိုလာပြီး ဒုတိယဇနီးလုပ်နေရတာလဲ…
နင်က တော်ဝင်အရာရှိတစ်ယောက်ရဲ့ သမီးလေ… ဒါက နောက်ချေးပုံထဲ ပန်းစိုက်လိုက်တာနဲ့ မတူဘူးလား… ဂေါ်ဖီကောင်းကို ဝက်စားခံလိုက်ရတာပေါ့… နင့်ခေါင်းကို မြည်းကန်သွားတာလားဟင်… ဒါမှမဟုတ် နင့်အဖေရဲ့ခေါင်းကို အဲဒီမြည်းက ကန်သွားတာလား… ကံကောင်းလို့ နင်တို့မိသားစုက ကုန်သွယ်ရေးလုပ်ငန်း မပါလုပ်ကြတာ… မဟုတ်ရင် ဒီလိုဆုံးဖြတ်ချက်ချနိုင်စွမ်းမျိုးက အကြီးအကျယ်ရှုံးစေမှာပဲ မဟုတ်ဘူးလား…
"အစ်မကို မတွေ့ရတာ ရက်တော်တော်ကြာလှပြီ… ဒါပေမယ့် အစ်မက အရင်အတိုင်းပဲ ကျက်သရေရှိနေတုန်းပဲ… ဒါက ညီမလေးကို ပျော်ရွှင်စေပါတယ်…"
စုနွမ်နွမ်က အခြားသူ၏မိသားစုကို တန်ဖိုးလျှော့ချနေစဉ်တွင် ရွှယ်ကျိလန်က သူမကို နူးညံ့စွာ နှုတ်ဆက်ပြီးနောက် ယခုအခါ သူမ၏စိုးရိမ်ပူပန်မှုများကို နူးညံ့စွာ ရှိုက်ငိုရင်း ပြောဆိုနေတော့သည်။
မည်သည့်နေရာ မည်သည့်အချိန်၌ပင်ဖြစ်စေ လူများက ရုပ်ရည်အတွက် တန်ဖိုးထားခံရမှုချင်း မတူညီကြပေ။ ဥပမာအားဖြင့်၊ အကယ်၍ ရှုရန်ယွင်သာ စုနွမ်နွမ်ရှေ့တွင် အပြစ်ကင်းစင်ဟန်ဆောင်နေပါက၊ သူမက သူ့ကို တတ်နိုင်သလောက် ဝေးဝေးသို့ ကန်ထုတ်ပစ်လိမ့်မည်။ အကြောင်းကမူ ဤရှုရန်ယွင်က လှပသော်လည်း သူမ၏အလှက စုနွမ်နွမ်နှင့် အဆင့်တူသာဖြစ်ပြီး ရွှယ်ကျိလန်၏ မသေမျိုးလောကအဆင့် ဆွဲဆောင်မှုမျိုးနှင့် လုံးဝမတူသောကြောင့် ဖြစ်ပေသည်။
🍜🍜