🍜Chapter 28
အတွင်းစိတ်သဘောထား အမျိုးမျိုး
"ဖူး…”
ရှန်းယွင်က မတော်တဆ ရယ်သံထွက်မိသွားပြီးနောက် ခေါင်းကို အမြန်ခါကာ ပြောလိုက်လေသည်။
"သခင်မလေးက ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘာမှမပြောခဲ့တဲ့အတွက် အဆင်ပြေလောက်မှာပါ…"
အဘွားသခင်မက ဤစကားကိုကြားသောအခါ အလွန်ပျော်သွားပြီးနောက် သူမ၏ တူကို ထပ်မံကိုင်လိုက်သော်လည်း သွမ့်ထင်ရွှမ်းက ဖြတ်ပြောလိုက်လေသည်။
"အဘွား… ဒါကို ထပ်စားလို့ မဖြစ်တော့ပါဘူး…"
"ဘာဖြစ်လို့လဲ… မင်းက ဒါကို မြေးဝတ္တရားအရ ငါ့အတွက် ယူလာတာမဟုတ်ဘူးလား… မင်းကိုယ်တိုင်စားဖို့ လျှို့ဝှက်ကြံစည်နေတော့ ငါအကုန်စားသွားမှာစိုးရိမ်လို့လား… ဒါကြောင့် ငါ့ကို တားနေတာလား…"
အဘွားသခင်မဖန်က သူမ၏မြေးကို စိုက်ကြည့်လိုက်လေတော့သည်။
မင်းပြချင်တဲ့ မြေးဝတ္တရားက ဘယ်မှာလဲ… ဒါက မြေးဝတ္တရားလား… မင်းက ဒီအဘွားကြီးကို အနိုင်ကျင့်ဖို့ ကြိုးစားနေတာလား…
"အဘွား…"
သွမ့်ထင်ရွှမ်းက ရယ်ရမလို ငိုရမလိုပင်။ စည်းကမ်းနှင့် ထုံးတမ်းစဉ်လာများကို အရာအားလုံးထက် အမြဲတမ်းဦးစားပေးတတ်သော သူ၏ တင်းကျပ်သည့်အဘွားက မထင်မှတ်ဘဲ အစားအသောက် ခုံမင်သူတစ်ယောက် ဖြစ်နေလေသည်။ သူ မေယွဲ့အိမ်တော်ထဲသို့ ဝင်မိသည်နှင့် အရသာရှိသော အစားအစာများ၏ ထောင်ချောက်တွင် မိသွားခြင်းက အံ့ဩစရာမရှိတော့ပေ။
အရာအားလုံးရဲ့ ရင်းမြစ်က ဒီမှာကိုး…
သူ့မိဘများက အစားအသောက်ကို မည်သည့်အခါကမှ အထူးအလေးမထားခဲ့ကြသဖြင့် ဤအားနည်းချက်က မည်သည့်နေရာမှ ရလာကြောင်းကို သူတွေးနေခဲ့မိသည်။ အမှန်တွင် ဤလေးစားဖွယ်ကောင်းသော အဘွားဖြစ်သူထံမှ ဆင်းသက်လာခြင်းဖြစ်နေတော့သည်။
"ဟွန့်…"
အဘွားသခင်မက ကျယ်လောင်စွာ နှာမှုတ်လိုက်ရာ သူမ၏အဓိပ္ပာယ်က အလွန်ရှင်းလင်းနေပေသည်။
မင်း ဘယ်လိုရှင်းပြမလဲ ကြည့်ကြသေးတာပေါ့…
"အဘွား… နောက်ထပ် ဟင်းနှစ်မျိုး ကျန်ပါသေးတယ်… အဘွားက လျန်ဖိကို အကုန်စားလိုက်ရင် တခြားဟင်းတွေ မြည်းကြည့်ဖို့ နေရာကျန်တော့မှာ မဟုတ်ဘူးလေ… ဒီမြေးက သတိမပေးဘူးလို့ မပြောပါနဲ့… အရိုးစွပ်ပြုတ်က မယုံနိုင်လောက်အောင် အရသာရှိလွန်းပါတယ်…"
"တော်သေးတာပေါ့… ငါဒါကိုမေ့တော့မလို့…"
အရသာရှိသော အစားအစာရှေ့တွင် တင်းကျပ်သော အဘွားသခင်မပင်လျှင် နောက်ပြောင်နိုင်ပေသည်။ သူမက အမှန်တကယ် ချွေးစေးများပြန်အောင် ကြောက်လန့်သွားသကဲ့သို့ ဟန်ဆောင်ကာ နဖူးကိုပင် သုတ်လိုက်သေးသည်။ ထို့နောက် သူမ၏ သံသယစိတ်က တစ်ဖန်ပြန်ပေါ်လာတော့သည်။
"အရိုးစွပ်ပြုတ် ဟုတ်လား… အဲဒါက ခေါက်ဆွဲပြုတ်ဖို့ ဒါမှမဟုတ် တခြားဟင်းတွေမှာ အနံ့အရသာထပ်ဖြည့်ဖို့ သုံးတဲ့ဟာ မဟုတ်လား… ဒါက ဘာလဲ… တကယ်ပဲ ဒီအတိုင်း သောက်လို့ရလို့လား…"
သွမ့်ထင်ရွှမ်းက ပြုံးကာ ခေါင်းညိတ်လိုက်လေသည်။
"ဟုတ်ကဲ့… ဒီအရိုးစွပ်ပြုတ်ကို ဒီအတိုင်း သောက်လို့ရကြောင်း မြေး အာမခံပါတယ်… အဘွား မြည်းကြည့်လိုက်တာနဲ့ ဒါက တကယ်တော့ နတ်ဘုံက အစားအစာဖြစ်ပြီး၊ ကျွန်တော်တို့လို သာမန်လူသားတွေက တစ်ငုံနှစ်ငုံလောက်ပဲ သောက်သုံးနိုင်တဲ့အရာမှန်း သိသွားပါလိမ့်မယ်…"
"တကယ်ပဲ အဲဒီလောက်ကောင်းလို့လား… ဘိုးဘေးတွေရဲ့ ကဗျာတွေကိုတောင် ပြန်စီရတဲ့အထိပဲလား…"
အဘွားသခင်မဖန်က စပ်စုစိတ်နှင့်အတူ ရယ်ချင်စိတ်လည်း ဖြစ်မိသွားသည်။ ယခုအချိန်တွင် သွမ့်ထင်ရွှမ်းကိုယ်တိုင်ပင် မစောင့်နိုင်တော့ဘဲ တတိယအိုး၏အဖုံးကို လှမ်းဖယ်လိုက်ရာ သာမန်ဟင်းတစ်ခုကို တွေ့လိုက်ရသည်။ ၎င်းက ပဲပင်ပေါက်ကြော်နှင့် လတ်ဆတ်သော မျှစ်ကြော်ဖြစ်သည်။ ၎င်းက အိမ်တော်တွင် ပုံမှန်စားလေ့ရှိသော အရာသာ ဖြစ်ပေသည်။ ထိုအခါမှသာ လူတိုင်း၏မျက်လုံးထဲတွင် စိတ်သက်သာရာရမှုများ ခပ်ရေးရေး ထွက်ပေါ်လာကြတော့သည်။
တော်ပါသေးရဲ့… နောက်ဆုံးတော့ သာမန်အရာတစ်ခု ပေါ်လာပြီပဲ…
ဒါက သာမန်ဟင်းချက်နည်းတစ်ခုပါပဲ… ဒီ စုနွမ်နွမ်က ဘယ်လိုလုပ် စားဖိုမှူးတစ်ယောက် ဖြစ်နိုင်မှာလဲ…
နှစ်ပေါင်းများစွာ မိမိကိုယ်ကိုယ် လက်ရည်သွေးခဲ့ပြီးနောက် စုနွမ်နွမ်က ဟင်းခတ်အမွှေးအကြိုင်အမျိုးမျိုးကို ပြီးပြည့်စုံလုနီးပါးအဆင့်အထိ ကျွမ်းကျင်စွာ အသုံးပြုနိုင်ခဲ့သည်။ သူမ၏ အပူပေးနည်းစနစ်ကို ကျွမ်းကျင်ပိုင်နိုင်မှုက နန်းတွင်းစားဖိုမှူးများပင် မယှဉ်နိုင်လောက်အောင် ကောင်းမွန်လှပေသည်။
သာမန်အရာရှိကြီးတစ်ဦးရဲ့ စားဖိုဆောင်က နည်းစနစ်ပိုင်းမှာ စုနွမ်နွမ်ကို ဘယ်လိုယှဉ်နိုင်မှာလဲ…
အဘွားသခင်မဖန်က ထမင်းပန်းကန်တစ်လုံးကို ယူကာ ပဲပင်ပေါက်ကြော်တစ်ပန်းကန်၏ တစ်ဝက်ကို တစ်ထိုင်တည်း စားပစ်လိုက်သည်။ သူမတို့ တရားဝင် မစားရသေးကြောင်း သတိပြုမိချိန်တွင် သူမက ဗိုက်ပြည့်လုနီးပါး ဖြစ်နေပြီဖြစ်တော့သည်။ တစ်နေ့တည်း၌ သူမကိုယ်သူမ အကြိမ်ပေါင်းများစွာ မေ့သွားရခြင်းက မယုံနိုင်စရာပင်။ အဘွားသခင်မဖန်က အနည်းငယ် ရှက်ရွံ့သော မျက်နှာဖြင့် ပြောလိုက်ရလေသည်။
"စားကြရအောင်… စားကြရအောင်… ငါစားနေတာကို မင်းတို့ ကြည့်နေရုံနဲ့တင် ငါ့မှာ တကယ်ကို မျက်နှာပူလာပြီ…"
ပတ်ဝန်းကျင်မှ လူများကမူ မျက်လုံးလှန်ချင်စိတ်ကို မထိန်းနိုင်ကြတော့ပေ။
ဒီအဘွားကြီးက ဒီလိုစကားမျိုးပြောဖို့ မျက်နှာရှိသေးတယ်လား… ခုနကတင် ပန်းကန်တစ်ဝက်ကို ပျော်ပျော်ကြီး စားသွားတာ မဟုတ်ဘူးလား… တကယ်လို့ မျက်နှာမပူတတ်ဘူးဆိုရင် ပန်းကန်ပါ မျိုချသွားမလားပဲ… တကယ်ပဲ… ဒါက မျှစ်နဲ့ ပဲပင်ပေါက်ကြော်လေးပါ… ဒါကို အထူးအရသာရှိတဲ့ အစားအစာလိုမျိုး စားပြနေဖို့ လိုလို့လား… ဘယ်လိုအစားကောင်းတွေများ အဘွားသခင်မရဲ့ နှုတ်ခမ်းနဲ့ မထိတွေ့ဖူးလို့လဲ…
သူတို့အားလုံးက ထိုသို့တွေးနေကြသော်လည်း သူတို့၏မျက်နှာများပေါ်တွင်မူ မြှောက်ပင့်သော အပြုံးများကို ဆင်မြန်းထားကြသည်။ ပုံမှန်အားဖြင့် ဤလေးစားဖွယ်ကောင်းသော အဘွားသခင်မရှေ့တွင် သခင်မယန်က ပြောစရာစကားနည်းသော်လည်း၊ သူမ၏သား၏ ထူးကဲသော သရုပ်ပြမှုများကြောင့် သူမကလည်း ပျော်ရွှင်စွာ လိုက်ရယ်နေတော့သည်။
"အဘွားသခင်မက ဘာလို့ ကျွန်မတို့ကို အမြန်ပြန်လွှတ်ဖို့ ဒီလောက်လောနေရတာလဲ… အစားကောင်းအတွက် ခဏစောင့်ရတာ ဘာဖြစ်လဲ… ဘာပဲဖြစ်ဖြစ် မပြန်ခင် နတ်ဘုံက အစားအစာလို့သာ ဖော်ပြနိုင်ပြီး၊ သာမန်လူတွေက တစ်ငုံလောက်ပဲ မြည်းစမ်းနိုင်တယ်ဆိုတဲ့ အရိုးစွပ်ပြုတ်ကို ကြည့်ခွင့်ပေးပါဦး…"
ဤသို့ကြားသောအခါ လူတိုင်းက အားရပါးရ ရယ်မောကြလေသည်။ အဘွားသခင်မပင် ရယ်မောလွန်း၍ ယိမ်းထိုးနေပြီးနောက် သခင်မယန်ကို လက်ညှိုးထိုးကာ ရယ်လျက် ပြောလိုက်လေသည်။
"ဟုတ်တယ်… ဟုတ်တယ်… ကောင်းတယ်… ဒီလောက်ထူးချွန်တဲ့ သားတစ်ယောက်ရှိတော့ အမေတစ်ယောက်အနေနဲ့ မင်းဂုဏ်ယူခွင့်ရှိတယ်… ကောင်းပြီ… ကောင်းပြီ… မင်းတို့အားလုံး ငါ့ကို အစားအသောက်သမားအဘွားကြီးလို့ မခေါ်အောင် ငါ မင်းတို့ကို ကြည့်ခွင့်ပေးမယ်… ငါကိုယ်တိုင်လည်း စပ်စုနေတာ… အရိုးစွပ်ပြုတ်က မွှေးပြီး အရသာရှိနိုင်တယ်ဆိုတာ ငါသိပါတယ်… ဒါပေမယ့် တကယ်ပဲ ဒီအတိုင်း သောက်လို့ရလို့လား… တစ်ခါမှ မကြားဖူးဘူး…"
သူမပြောနေစဉ်ပင် သွမ့်ထင်ရွှမ်းက စတုတ္ထပန်းကန်လုံးကြီး၏ အဖုံးကို ဖယ်လိုက်လေသည်။ ချက်ချင်းပင် အားပြင်းသော အသားနံ့တစ်ခုက လေထုထဲတွင် ပျံ့နှံ့သွားတော့သည်။ ထိုအခါ ရွှယ်ကျိလန်က ပြုံးကာ ပြောလိုက်လေသည်။
"သေချာပေါက် မွှေးနေတာပဲ… ဒါက အရှင်ပြောတဲ့ အရိုးစွပ်ပြုတ်လား… ပုံစံကတော့ မတူဘူး… အထဲမှာ ဘာတွေပါတာလဲ… အဲ့ဒါ စွန်ပလွံနီခြောက်တွေနဲ့တူတယ်… ပြီးတော့ ဟိုဟာတွေက... မြေပဲတွေလား…"
လူတိုင်းက ခဏကြာမျှ ဟင်းချိုနှင့် အထဲတွင်ပါဝင်သော အရာများအကြောင်းကို ထင်ကြေးပေးနေကြလေသည်။ အဘွားသခင်မဖန်က ချက်ချင်းပင် ပန်းကန်ငယ်တစ်လုံးစာ သောက်လိုက်ပြီးနောက် မလုံလောက်သေးဟု ခံစားလိုက်ရလေသည်။ သူမပတ်လည်ရှိ ချွေးမများ၊ မြေးချွေးမများနှင့် မြစ်လေးများကို မြင်သောအခါ သူမက ဟီးဟီးဟု ရယ်သံပြုကာ ပြောလိုက်လေသည်။
"ကောင်းပြီ… ကောင်းပြီ… ဒါကို ငါတစ်ယောက်တည်း အကုန်မသောက်နိုင်ဘူး… ချိုးလင်… ဒါကို လူတိုင်းအတွက် ခွဲပေးလိုက်… ဗိုက်မပြည့်ရင်တောင် အနည်းဆုံးတော့ မြည်းကြည့်လို့ ရတာပေါ့… ဒါက တကယ်ကို တစ်ခါမှမမြင်ဖူးတဲ့ အရသာရှိတဲ့ ဟင်းပွဲပဲ…"
လူတိုင်း၏ စပ်စုစိတ်က မြင့်တက်လာတော့သည်။ အဘွားသခင်မဖန်က ဤသို့ပြောသည်ကို ကြားသောအခါ သူတို့က ချက်ချင်းပင် ကျေးဇူးတင်စကားများ ပြောဆိုကြတော့သည်။ ဤအရာက အဘွားသခင်မကြီးကို အသံထွက်ရယ်မောလောက်အောင်အထိ ပျော်ရွှင်စေခဲ့သည်။ ထို့နောက် သူမက ချိုးလင်ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
"တော်ပြီ… ငါဒီနေ့ အရမ်းပျော်တယ်… ငါ့စားချင်စိတ်ကလည်း ကောင်းနေတယ်… ငါ့အတွက် ကျုံဇီ (ကောက်ညှင်းထုပ်) တစ်ခု ခွာပေး… အထဲမှာ အသားပါတဲ့တစ်ခုကို ရွေးပေး…"
(ကျုံဇီ (Zong Zi) - ဝါးရွက်ဖြင့်ထုပ်ထားသော ကောက်ညှင်း။ အချို သို့မဟုတ် အငန်ဖြစ်နိုင်ပြီး အသား၊ ဘဲဥငန်၊ မြေပဲလှော်မှုန့်၊ ပဲမျက်ပြာ၊ သစ်အယ်သီး သို့မဟုတ် ဝက်သားသုံးထပ်သား၊ သို့မဟုတ် အထက်ပါအားလုံးဖြင့် ဖြည့်ထားနိုင်သည်။)
သွမ့်ထင်ရွှမ်းက ပြုံးလိုက်လေသည်။
"အဘွား… အများကြီး မသုံးဆောင်ပါနဲ့ဦး… သူတို့ ဟိုမှာလည်း ကျုံဇီ ထုပ်နေကြတယ်… ဒါပေမယ့် ကျွန်တော်တို့ ညကျမှ မြည်းကြည့်လို့ရမှာ… အထဲမှာ စိတ်ဝင်စားစရာ အဆာပလာအမျိုးမျိုးနဲ့ ထည့်ထားတယ်လို့ ကြားတယ်… ပြီးရင် အဘွား မြည်းကြည့်ဖို့ ကျွန်တော် ယူလာခဲ့ပါ့မယ်…"
အဘွားသခင်မဖန်က တစ်ခဏမျှ မှင်သက်သွားရလေသည်။ ထို့နောက် သူမက ပြုံးကာ ခေါင်းညိတ်ရင်း အမြန်ပြန်ဖြေလိုက်သည်။
"သူတို့ ထုပ်နေကြတယ် ဟုတ်လား… အိုး… ကောင်းတာပေါ့… ဘယ်လို ဆန်းပြားတဲ့ ကျုံဇီမျိုးတွေများ လုပ်ကြမလဲ မသိဘူး…"
ယူဆောင်လာသော အရာများက မနည်းလှသော်လည်း လူများစွာနှင့် ခွဲဝေစားသောက်ရခြင်းကြောင့် နောက်ဆုံးတွင် မလောက်ငှပေ။ ကလေးများက ငယ်ရွယ်သေးသဖြင့် စမူတီပန်းကန်ကို လုံးဝနီးပါး ဝိုင်းထားကြလေတော့သည်။ လူကြီးများက တစ်လုပ်စီသာ မြည်းစမ်းခွင့်ရခဲ့ကြပြီး အရသာရှိသည်ဟု ထင်ကာ ထပ်စားချင်ကြသော်လည်း ကလေးများနှင့် လုစား၍ မဖြစ်ချေ။ သူတို့က စမူတီအတွက် အချင်းချင်းတိုက်ခိုက်နေကြသော ကလေးငယ်များကိုသာ စိုက်ကြည့်နေနိုင်ခဲ့လေသည်။
ဤသာယာသော အံ့အားသင့်စရာကြောင့် နဂါးလှေပွဲတော်နေ့လယ်စာက ပျော်ရွှင်ဖွယ်ရာ အောင်မြင်မှုတစ်ခု ဖြစ်သွားခဲ့ပေသည်။ သို့သော် နေ့လယ်စာပြီးဆုံးသွားပြီးနောက် အဘွားသခင်မဖန်၏ အားနည်းသောခန္ဓာကိုယ်ကို အနားယူစေရမည်ဟူသော အကြောင်းပြချက်ဖြင့် လူတိုင်းကွဲသွားကြရာ သွမ့်ထင်ရွှမ်းတစ်ယောက်တည်းသာ သူမ၏အိမ်တော်တွင် ကျန်ရစ်ခဲ့လေသည်။
သူတို့ လမ်းလျှောက်ထွက်သွားကြစဉ် အိမ်တော်၏ သခင်၊ သခင်မအမျိုးမျိုးတို့၏ မျက်နှာပေါ်မှ အပြုံးများက ပျောက်ကွယ်သွားတော့သည်။ ထိုအခါ အမျိုးမျိုးသော ဖုံးကွယ်ထားသည့် အတွေးများက မဖုံးကွယ်နိုင်တော့ဘဲ သူတို့၏မျက်နှာများပေါ်တွင် အမျိုးမျိုးသော အမူအရာများဖြင့် ပေါ်လွင်လာလေသည်။
"အစ်ကိုကြီးက ဒီလို လတ်ဆတ်ပြီး ဆန်းသစ်တဲ့ ဟင်းပွဲတွေကို ဘယ်ကရခဲ့တာလဲ… ဒီနဂါးလှေပွဲတော်အတွက် အထင်ကြီးခံရအောင်၊ ကျွန်မတို့ မြေးဝတ္တရားပြဖို့ ရှားပါးတဲ့ ဟင်းခတ်အမွှေးအကြိုင်အမျိုးမျိုးကိုတောင် ပြင်ဆင်ထားတာ… သူက ဒီဟင်းနည်းနည်းနဲ့ အာရုံစိုက်မှုအားလုံးကို လုယူသွားပြီး အဘွားသခင်မရဲ့စိတ်ကို ဒီလောက်မြန်မြန် ပြောင်းလဲသွားစေလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ… ကျွန်မတို့ရဲ့ ကြိုးစားမှုတွေအားလုံးက အလဟဿဖြစ်သွားပြီ… ကျွန်မ ဒါကို လက်မခံနိုင်ဘူး… တကယ်ကို လက်မခံနိုင်ဘူး…"
သခင်မရှီက အိမ်ထဲသို့ဝင်ရင်း ဒေါသတကြီး တတွတ်တွတ်ပြောနေတော့သည်။ သူမ၏ခင်ပွန်းထံမှ စကား ပြန်မကြားရသောသဖြင့် လှည့်ကြည့်လိုက်ရာ သွမ့်ထင်ယဲ့က သူမ၏နောက်တွင် ဖြည်းညှင်းစွာ ဟိုဟိုဒီဒီ လမ်းလျှောက်နေခြင်းကို တွေ့လိုက်ရတော့သည်။ ထိုအခါ သူမက မပျော်မရွှင်ဖြင့် ပြောလိုက်လေသည်။
"ရှင် ဘာလို့ အဲဒီလို လျှောက်သွားနေရတာလဲ… အစီအစဉ်ကောင်းတစ်ခုလောက် စဉ်းစားပါဦး… ဟွန်း…"
သွမ့်ထင်ယဲ့က သူ့ဇနီးကို တစ်ချက်ကြည့်ကာ သူမနည်းတူ မပျော်မရွှင်ဖြင့် ပြောလိုက်လေသည်။
"ငါ လျှောက်မသွားဘဲ နေလိုက်ရင်ကော ဘာဖြစ်မှာလဲ… အစီအစဉ်ကောင်းတစ်ခုက ဒီအတိုင်း ပေါ်လာမှာတဲ့လား…"
သခင်မရှီက ထရပ်လိုက်လေသည်။
"ဒီလိုအစားကောင်းတွေက ရုတ်တရက် ပေါ်လာနိုင်တာမဟုတ်ဘူး… ကျွန်မ စဉ်းစားမိတာကတော့ ဒီလောက်လက်ရာမြောက်တဲ့ ပွဲထုတ်နိုင်စွမ်းနဲ့ အချက်အပြုတ်ကျွမ်းကျင်မှုတွေအတွက် အမျိုးသမီးတစ်ယောက် မဖြစ်မနေ ပါဝင်ရမယ်… အစ်ကိုကြီးရဲ့ သဘောထားက သိထားတဲ့အတိုင်းပဲလေ… သူ အပြင်မှာ တစ်ယောက်ယောက်ကို ဖွက်ထားတာများ ဖြစ်နိုင်မလား… သူ့ကို အိမ်ထဲကို ဒီအတိုင်း ခေါ်သွင်းလို့မရလို့ အဘွားသခင်မကို သူ့ဘက်ပါအောင် ဆွဲဆောင်ဖို့ ကြိုးစားတာလည်း ဖြစ်နိုင်တယ်… အဘွားသခင်မကြီးကို ကျေနပ်အောင် လုပ်နိုင်သရွေ့ သူ့အတွက် အရာအားလုံးက အဆင်ပြေသွားမှာပဲ…"
သူမက ပြောရင်းပြောရင်းနှင့် ၎င်းကို ပို၍ယုံကြည်လာမိသည်။ ထို့နောက် သူမက သွမ့်ထင်ယဲ့ကို ပြုံးရင်း ပြောလိုက်လေသည်။
"ရှင်က အပြင်မှာ မကြာခဏရှိနေတာပဲ… ဘာသတင်းမှ မကြားမိဘူးလား… ရှင်ကြားတဲ့ ကောလာဟလတွေကို လိုက်စုံစမ်းကြည့်ပါ… ကျွန်မတို့ အရင်းအမြစ်ကို သိသွားတာနဲ့ အချိန်ကိုက် ဖွင့်ချပြီး ပွဲကြည့်ရုံပဲ… အဲဒီအချိန်ကျရင် မြို့စားကြီးက အစ်ကိုကြီးကို ပိုပြီးတော့တောင် စိတ်ပျက်သွားမှာ မဟုတ်ဘူးလား…"
သွမ့်ထင်ယဲ့က ခေါင်းခါလိုက်လေသည်။
"မင်းက အရမ်းအတွေးများနေတာပဲ… ငါ ဘာမှမကြားမိရုံတင်မကဘူး… ငါတို့ရဲ့အစ်ကိုကြီးက ပြည့်တန်ဆာတစ်ယောက်ကိုတောင် မောင်းမအဖြစ် ဝယ်သွင်းထားတာ… အဘွားသခင်မရဲ့ သဘောတူညီချက်လိုရလောက်အောင် သူက ဘာကိုများ စိုးရိမ်နေရမှာလဲ… ငါ့အမြင်အရတော့ ဒီကိစ္စက ထူးဆန်းပေမယ့် ရုတ်တရက်ကြီး ဖြစ်လာတာတော့ မဟုတ်ဘူး… မင်း ဟိုအစေခံနှစ်ယောက်ကို သတိမပြုမိဘူးလား… အဘွားသခင်မကတောင် ပြောသွားသေးတယ်… အဲဒီအစေခံနှစ်ယောက်က ပထမသခင်မဘက်ကလာတာ ရှင်းနေတာပဲ… ပြောစမ်း... အဲဒီအရာတွေကို ပထမသခင်မက လုပ်ခဲ့တာ ဖြစ်နိုင်မယ်လို့ မင်းထင်လား…"
သခင်မရှီက နှုတ်ခမ်းကို ကွေးကာ မဲ့ပြုံးပြုံးလိုက်လေသည်။
"အဲဒီ အရည်အချင်းမရှိတဲ့၊ အဆိပ်ပြင်းတဲ့မိန်းမက ဒီလောက်အသေးစိတ်တဲ့စိတ်မျိုး ဘယ်လိုရှိနိုင်မှာလဲ… သူ တကယ်သာ အဲဒီလောက်တော်ရင် မေယွဲ့အိမ်တော်ထဲကို ဘယ်တော့မှ အပစ်ပယ်ခံရမှာ မဟုတ်ဘူး… ကျွန်မ ပြောတာကို နားထောင်… အဲဒီအစေခံနှစ်ယောက်က အာရုံလွှဲဖို့သက်သက်ပဲ… သူ အပြင်မှာ မိန်းမယုတ်တစ်ယောက်ယောက် ရှိကိုရှိရမယ်… ရှင် အပြင်က ကောလာဟလတွေကို သေချာဂရုစိုက်နားစွင့်ထား… ရှင်ကြားရသမျှက ကျွန်မတို့ကို အကျိုးရှိစေမှာပဲ…"
သူ့ဇနီး၏ သုံးသပ်ချက်ကို ကြားသောအခါ သွမ့်ထင်ယဲ့ကလည်း စိတ်လှုပ်ရှားလာမိသည်။ လင်နှင့်မယားက လက်ထပ်ပြီးနောက် တစ်ယောက်နှင့်တစ်ယောက် တူလာတတ်သည်ဟု ဆိုစကားတစ်ခုရှိရာ၊ ဤအချက်က အထူးသဖြင့် ထင်ရှားလှပေသည်။
ဤ ဒုတိယသခင်လေးသွမ့်ကိုသာ ကြည့်ပါလေ။ လောဘကြီးပြီး ကြံစည်တတ်ကာ အောင်မြင်သော ဝတ္ထုရေးဆရာမတစ်ဦး ဖြစ်လာနိုင်လောက်သည့် စိတ်ကူးစိတ်သန်းရှိသော မိန်းမနှင့် လက်ထပ်ပြီးနောက် သူကလည်း ထိုစိတ်ကူးယဉ်အဖြေအပေါ် စိတ်လှုပ်ရှားလာခဲ့မိသည်။ ထိုသို့ဖြင့် သွမ့်ထင်ယဲ့က "သွမ့်ထင်ရွှမ်း အပြင်မှာ မိန်းမဖွက်ထားသည်" ဟူသော သီအိုရီထဲတွင် နစ်မျောသွားကာ ကောလာဟလများနောက်သို့ လဝက်ကျော်ကြာ လိုက်ခဲ့လေသည်။ အဆုံးတွင်မူ ရလဒ်က ရေထဲ၌ အရုပ်ရေးသလို အချိန်နှင့်စွမ်းအင်ကို ဖြုန်းတီးခြင်းသာ ဖြစ်ခဲ့ရသည်။
သဘာဝကျစွာပင်၊ သခင်မရှီက ဆိုးယုတ်သော မိန်းမတစ်ဦးဖြစ်ပြီး သွမ့်ထင်ယဲ့ကလည်း သူတော်ကောင်းလေး မဟုတ်နေပေ။ သို့သော် ဤနှစ်ယောက်က စိတ်သဘောထားချင်း တူညီသောကြောင့် သူတို့၏ အိမ်တော်အပိုင်းတွင် အပျိုတော်နှစ်ယောက်မှလွဲ၍ အခြားအမျိုးသမီးများ မရှိကြပေ။ ဤကိစ္စတွင် ဒုတိယသခင်လေးသွမ့်က သူ၏အာရုံစိုက်မှုအားလုံးကို သူ့ဇနီးအပေါ်တွင်သာ ထားရှိပြီး သူ့အစ်ကိုကြီး၏ ကာမဂုဏ်လိုက်စားသော နည်းလမ်းများကို ငြင်းပယ်ခဲ့သည့်အတွက် ပိုမိုကောင်းမွန်သော ယောက်ျားတစ်ဦးဖြစ်ကြောင်း ဝန်ခံရပေမည်။
အဆုံးတွင်မူ သတင်းအချက်အလက်မရှိခြင်းကြောင့် ဒုတိယသခင်လေးသွမ့်က သခင်မရှီ၏ စိတ်ကူးထဲမှ ကောလာဟလများနောက်သို့သာ လိုက်ခဲ့ရခြင်းဖြစ်သည်။ ရှုရန်ယွင်အတွက်မူ ထိုကဲ့သို့ မှားယွင်းသောလမ်းကြောင်းကို လျှောက်လှမ်းခဲ့ခြင်း မရှိပေ။
ဟုန်လျန်နှင့် ရှန်းယွင်တို့ ပေါ်လာသောအခါ သူမ၏နှလုံးသားက အရေးပေါ်စည်တီးသကဲ့သို့ တဒုန်းဒုန်း ခုန်သွားရသည်။ လွန်ခဲ့သောရက်အနည်းငယ်က သူမနှင့် သွမ့်ထင်ရွှမ်းတို့ ပူးပေါင်းကာ ထိုဆိုးရွားသောမိန်းမကို ဖယ်ရှားမည်ဟု သူမ ထင်မိခဲ့သည်။ အမျိုးသမီးသုံးယောက်၏ ကံကြမ္မာနှင့်ပတ်သက်၍ သတင်းမကြားရသောအခါ သူမက မေယွဲ့အိမ်တော်၏ အန္တရာယ်အဆင့်ကို နှစ်ဆင့်တိုးမြှင့်ထားပြီးဖြစ်ပေသည်။
သို့သော် နဂါးလှေပွဲတော်က နီးကပ်နေပြီး ဂရုစိုက်စရာများက အလွန်များပြားနေသောကြောင့် သူမက ထိုကိစ္စကို ဘေးဖယ်ထားကာ ပွဲတော်ပြီးမှသာ ဖြေရှင်းရန် စဉ်းစားခဲ့လေသည်။ အရှင်၏ ထိုမိန်းမအပေါ်ရှိ စိတ်ဝင်စားမှုမီးပွားလေးကို အမြန်ဆုံး ငြှိမ်းသတ်ပစ်ရမည်။
ရက်အနည်းငယ်အတွင်း၌ပင် မီးပွားလေးသာဖြစ်ခဲ့သောအရာက မီးတဟုန်းဟုန်းတောက်လောင်သွားပြီး အဘွားသခင်ကပင် အထင်ကြီးရလောက်သည်အထိ လောင်ကျွမ်းစေနိုင်လိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။
ဘယ်သူသိနိုင်ပါ့မလဲ… ဒီမိန်းမက အတွင်းဆောင်ကိုတောင် ပြန်ဝင်လာနိုင်တယ်… ဒါက ရှုရန်ယွင်ကို ဒေါသမထွက်စေဘဲ နေနိုင်ပါ့မလား…
🍜🍜