Ch 25
Viewers 5k

🍲Chapter  25

စကားများပြီး လမ်းခွဲခြင်း

 



သွမ့်ထင်ရွှမ်းက ပြောလေလေ၊ ဒေါသထွက်လာလေလေ ဖြစ်နေတော့သည်။ သူ့ရှေ့တွင် ထိုင်နေသော စုနမ်နွမ်က သူပြောသမျှကို နားထောင်ရင်း နေရာ၌ပင် တောင့်တင်းလာတော့သည်။ နောက်ဆုံးတွင် သူမက ညည်းတွားလိုက်မိလေသည်။

 

"ဒါဆို ကျွန်မက ဒီလောက်တောင် ဆိုးရွားတဲ့ မိန်းမတစ်ယောက်ပေါ့လေ… ပြစ်မှုတွေက အရမ်းများလွန်းလို့ မှတ်တမ်းတင်ဖို့တောင် မလွယ်လောက်ဘူးပဲ..."

 

"ဟုတ်တယ်လေ… မင်းက ကိုယ့်ကိုယ်ကိုယ် သူတော်စင်တစ်ပါးများ ထင်နေတာလား…" 

 

သွမ့်ထင်ရွှမ်းက ဒေါသဖြင့် မောဟိုက်မတတ်ဖြစ်ကာ စုနွမ်နွမ်၏စကားကို ဖြတ်ပြောလိုက်လေသည်။

 

"ကိုယ့်ကိုယ်ကိုယ် မြင်အောင်ကြည့်ပါ… တစ်လောကလုံးက မင်းကို အကြောင်းမဲ့ ဆန့်ကျင်နေသလိုမျိုး မပြုမူစမ်းနဲ့… မင်းရဲ့ဒီပြစ်မှုတွေထဲက ဘယ်တစ်ခုက မပြင်းထန်လို့လဲ… ငါလုပ်ခဲ့တာက မင်းအမှားတွေကို မင်းကိုယ်တိုင်ပြန်သုံးသပ်ဖို့ ဒီမေယွဲ့အိမ်တော်ထဲမှာ ထားခဲ့တာပဲရှိတာ… ဒါကို ငါတို့လင်မယားဆက်ဆံရေးကိုထောက်ထားပြီးတော့ မင်းကို မျက်နှာသာပေးတယ်လို့တောင် မှတ်ယူနိုင်တယ်…"

 

"ကျွန်မက ဒီလောက်တောင် ဆိုးရွားတဲ့လူဆိုရင် ဘာလို့ ကျွန်မကို ဒီမှာပဲ ပစ်မထားတာလဲ… ဘာလို့များ ကျွန်မကို သခင်မကြီးနဲ့ ပြန်အဆင်ပြေအောင်လုပ်ခိုင်းပြီး ရှင်နဲ့ အဆင်ပြေနေသလို ဟန်ဆောင်ခိုင်းနေရတာလဲ…" 

 

စုနွမ်နွမ်က အလျှော့ပေးမည့်သူမျိုး မဟုတ်ပေ။ သွမ့်ထင်ရွှမ်းက မည်သို့ပင် ကြံစည်နေပါစေ၊ ထိုအကြောင်းအရာကို အစပျိုးကတည်းက အမြစ်ဖြတ်ထားခြင်းက ပိုကောင်းပေမည်။

 

"ဒါက... မင်း ပိုကောင်းအောင် ပြောင်းလဲလာတဲ့ လက္ခဏာတွေတွေ့ရလို့… ငါတို့ရဲ့ ဆက်ဆံရေးတွေကို ပြန်လည်တည်ဆောက်ဖို့ အခွင့်အရေးတစ်ခုပေးချင်လို့ပေါ့…" 

 

သွမ့်ထင်ရွှမ်းက ခမ်းနားစွာ ကြေညာလိုက်သည်။ အရသာရှိသော အစားအစာနှင့်ပတ်သက်သည့် ကိစ္စကိုမူ သေလောက်အောင်နာကျင်နေသည့်တိုင် မပြောဘဲ သူ့နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားလိုက်တော့သည်။

 

"စိတ်ကူးယဉ်နေတာပဲ… အားလုံးက ရှင့်ရဲ့ စိတ်ကူးထဲမှာပဲ ဖြစ်နေတာ…" 

 

စုနွမ်နွမ်က စားပွဲကို ခပ်ပြင်းပြင်းထုလိုက်ပြီးနောက် တင်းမာစွာပြောလိုက်လေသည်။

 

"သွမ့်ထင်ရွှမ်း… ရှင့်ကို ကျွန်မ ယုံကြည်မှုရှိရှိနဲ့ အသေအချာပြောနိုင်တယ်… ကျွန်မက အရင်ကလိုပဲ အဆိပ်ပြင်းပြီး အကြံအဖန်များတဲ့ မိန်းမတစ်ယောက်ပဲ… ပြောင်းလဲသွားတာတစ်ခုက ကျွန်မရဲ့ ဟင်းချက်လက်ရာပဲ… ကျွန်မတို့ကြားက သဘောတူညီချက်အမျိုးမျိုးကြောင့် ကျွန်မရဲ့မီးဖိုချောင်ထဲမှာ ရှင့်ကို စားစရာ လာတောင်းစားခွင့် ပေးထားတာ… ဒါကို ပိုကောင်းအောင်ပြောင်းလဲလာတယ်လို့ မထင်လိုက်ပါနဲ့… ပြီးတော့ ဆက်ဆံရေးတွေပြန်ကောင်းအောင်လုပ်ဖို့ ဘာညာဆိုတာတွေလည်း လုံးဝစဉ်းစားမနေပါနဲ့… ကျွန်မသေရာကနေ ပြန်ရှင်လာပြီးကတည်းက၊ ရှင်က ကျွန်မအတွက်တော့ ဖြတ်တိုက်သွားတဲ့ လေပြေတစ်ခုလိုပါပဲ… အခုကစပြီး ရှင်က ကျွန်မအပေါ် ဘယ်လိုခံစားချက်မျိုးမှ ပေးစရာမလိုတော့ဘူး… ရှင့်ရဲ့တခြားဇနီးတွေ၊ ကိုယ်လုပ်တော်တွေရဲ့ ရင်ခွင်ထဲကိုပဲ မျက်နှာပြန်နှစ်ထားလိုက်ပါ…"

 

"ဒါက ဘယ်လောက်တောင် အဓိပ္ပာယ်မရှိတဲ့ အကြောင်းပြချက်မျိုးလဲ…"

 

သူ၏ ယုတ္တိမရှိသော ဇနီးနှင့် ဆွေးနွေးညှိနှိုင်းမှုက ဤသို့မကျေမနပ်ဖြင့်သာ အဆုံးသတ်သွားခဲ့ရတော့သည်။ သူမနှင့် ညှိနှိုင်းရန် နည်းလမ်းမရှိတော့သဖြင့် နှစ်ဦးစလုံး သဘောထားမတိုက်ဆိုင်ဘဲ လမ်းခွဲခဲ့ကြရသည်။ မြို့စားငယ်လေးက စိတ်ရှုပ်ထွေးပြီး မျက်စိလည်လမ်းမှား ဖြစ်ကျန်ခဲ့ရသည်။ သူလုပ်နိုင်သမျှက သူမ၏ထူးဆန်းသော တွေးခေါ်ပုံစံနှင့် လိုက်လျောညီထွေဖြစ်အောင်နေရန်သာဖြစ်ပြီး ပြန်လည်တိုက်ခိုက်ရန် စဉ်းစားဖို့ပင်မလိုတော့ပေ။ သို့သော် ထိုစိတ်ရှုပ်ထွေးမှုများကြား၌ပင် သူက နှင်းပွင့်ပဲနှစ်မုန့်ထုပ်ကို ယူလာရန် စစ်ဖျင်အား သတိပေးရန်ကိုမူ မမေ့ခဲ့ပေ။

 

သို့သော် ဤရန်ပွဲက စစ်ဖျင်အတွက်မူ အရင်းအနှီးတစ်ခု ပေးဆပ်လိုက်ရလေသည်။ စုနွမ်နွမ်၏လက်ထဲတွင် တစ်ခါ ရှုံးခဲ့ရသဖြင့် မြို့စားငယ်လေးက စိတ်တိုနေခဲ့လေသည်။ စစ်ဖျင်အတွက်မူ သူက သုန်မှုန်နေသော မြို့စားငယ်လေးထံမှ သူ့မုန့်ဝေစုအကြောင်းကို သေလောက်အောင်နာကျင်နေသည့်တိုင် အရိပ်အမြွက်ပင် မပြရဲခဲ့ပေ။ သူက မျက်ရည်များဝဲလျက် မုန့်ထုပ်နှစ်ထုပ်လုံးကိုသာ လွှဲပေးလိုက်ရတော့သည်။

 

"စုနွမ်နွမ်က သူဟာ အရင်ကလိုပဲ အဆိပ်ပြင်းတဲ့ မိန်းမတစ်ယောက်လို့ ပြောတယ်… အဲဒါကို မင်းယုံလား…"

 

ဥယျာဉ်ငယ်လမ်းလေးအတိုင်း လျှောက်လာရင်း သွမ့်ထင်ရွှမ်းက မေယွဲ့အိမ်တော်မှ လုယူလာသော မီးပုံးငယ်တစ်လုံးကို ကိုင်ထားလေသည်။ မီးပုံးသာ တစ်ခုခုဖြစ်သွားခဲ့လျှင် သူ့အစားအစာထဲ ဝမ်းနုတ်ဆေးထည့်မည်ဟု စုနွမ်နွမ်က ခြိမ်းခြောက်ထားပြီးဖြစ်သောကြောင့် သွမ့်ထင်ရွှမ်းက ဤအရေးကြီးသောပစ္စည်းကို စစ်ဖျင်အား မယုံကြည်ရဲဘဲ မီးပုံးကို သူကိုယ်တိုင်ကိုင်ထားခဲ့ရသည်။

 

"သခင်… သခင်ကိုယ်တိုင်ရော ဒါကိုယုံလို့လား… တခြားဘာမှမပြောဘဲနဲ့ ပထမသခင်မက ကျွန်တော်တို့ကို မုန့်တွေကို အိမ်ယူသွားခွင့်ပြုခဲ့တယ်လေ… သခင်မလန်တောင်မှ သူ့ကို တကယ်စိတ်ဆိုးအောင်လုပ်မိရင် ဒီလိုလုပ်ပေးဖို့ကို ချီတုံချတုံဖြစ်မှာပါ…"


 

စစ်ဖျင်က စုနွမ်နွမ်အတွက် စကားကောင်းများ မပြောဘဲမနေနိုင်ခဲ့ပေ။ ဤအမြင်တိမ်သော ငွေအိုးလေးက မုန့်အနည်းငယ်ဖြင့် ဝယ်ယူခံလိုက်ရပြီ ဖြစ်ကြောင်း သိသာလှပေသည်။ သို့သော် စုနွမ်နွမ်သာ သူမ၏မုန့်များက အောင်မြင်သော လာဘ်ထိုးပစ္စည်းများဖြစ်သွားခြင်းကို သိသွားလျှင် သူမက စစ်ဖျင်အား တစ်ခုပင်မပေးဘဲ အားလုံးကို ကြက်စာကျွေးပစ်လိုက်မည်က သေချာလှပေသည်။

 

"ထင်တဲ့အတိုင်းပဲ… မင်းတောင်မှ ဒါကို မြင်တာပဲကိုး…" 

 

သွမ့်ထင်ရွှမ်းက စစ်ဖျင်၏စကားကို သိသာစွာ သဘောကျနေမိသည်။ သူက ပျော်ရွှင်လွန်းသဖြင့် မျက်လုံးများက မျဉ်းကြောင်းများအဖြစ် ပျောက်ကွယ်သွားသည်အထိ ပြုံးရင်းပြောလိုက်လေသည်။

 

"အခု သူက စိတ်သစ်လူသစ်ဖြစ်သွားပြီဆိုမှတော့ ဘာလို့များ ငါတို့ ပြန်လည်သင့်မြတ်ဖို့ကို ငြင်းနေရတာလဲ… ဒါမှမဟုတ် သူက ရခဲလှပါတယ်ဆိုတဲ့ ပရိယာယ်ကို သုံးနေတာလား… ဟိုဟိုး… တကယ်ပဲ သေရေးရှင်ရေးအခြေအနေဆိုတာ လူတစ်ယောက်ရဲ့ သတ္တိကို အစမ်းသပ်ဆုံးအရာပဲ… ဒီလိုအန္တရာယ်ကို ဖြတ်သန်းပြီးမှတော့ သူ့ဦးနှောက်ရဲ့ အရည်အသွေးကလည်း တက်လာတာပဲ နေမယ်…"

 

မြို့စားငယ်လေးက တုံ့ပြန်မှုမရှိသောအချစ်၏ ထောင်ချောက်ထဲသို့ မတော်တဆ ကျရောက်သွားခဲ့ရပြီး‌နောက် သူက သူ့ကိုယ်သူ တိတ်တဆိတ် ဂုဏ်ယူနေစဉ်မှာပင် စစ်ဖျင်၏စကားကို ကြားလိုက်ရတော့သည်။ 

 

"အမ်… ဟို... သခင်… ကျွန်တော် ခုမှ သတိထားမိတယ်… ပထမသခင်မက တော်တော်လေး သံယောဇဉ်ဖြတ်ထားပုံရတယ်… သခင် သတိမထားမိဘူးလား… သူက သခင့်ကို စိတ်ဆိုးစေမိမှာကို လုံးဝ မကြောက်တော့ပုံပဲ… ပြီးတော့ ဒီနေ့ ပြင်ထားတဲ့ လက်နက်က ကြွက်ထောင်ချောက်တွေလေ… ဒါက ဆက်ဆံရေးတစ်ခုကို ဆက်ပြီးဆုပ်ကိုင်ထားချင်တဲ့သူတစ်ယောက် လုပ်မယ့်ပုံစံမျိုးနဲ့ တူနေလို့လား…"

 

"ဟမ့်…" 

 

သွမ့်ထင်ရွှမ်း၏အပြုံးက မျက်နှာပေါ်တွင်ပင် တောင့်တင်းသွားရတော့သည်။ စစ်ဖျင်က စကားတစ်ခွန်းတည်းဖြင့်ပင် သူ့နေ့ခင်းအိပ်မက်ကို မှုတ်ထုတ်ဖျက်ဆီးလိုက်လေသည်။ သူက ကူကယ်ရာမဲ့သော အရှက်နှင့်ဒေါသကြောင့် စစ်ဖျင်၏တင်ပါးကို ကန်လိုက်မိတော့သည်။ 

 

"မင်းက လူယုတ်မာအစေခံ… မင်းသာငါ့ကို သတိမပေးရင် ဒီကိစ္စကို ငါမေ့သွားတော့မလို့… သူ ထောင်ချောက်တွေ ဆင်ထားတာကို မင်းမြင်ရဲ့သားနဲ့… သတိပေးစကားတစ်ခွန်းတောင် မပြောခဲ့ဘူး… မင်းက မင်းသခင်ဖြစ်တဲ့ ငါ့ကို ထောင်ချောက်ထဲ လမ်းလျှောက်ဝင်သွားခိုင်းတယ်… မင်းကတော့ အလယ်မှာထိုင်ပြီး ကောင်းကောင်းပွဲကြည့်ဖို့ စောင့်နေခဲ့တာ မဟုတ်ဘူးလား…"

 

"သခင်… မဟုတ်ရပါဘူး… ကျွန်တော် သေလောက်အောင် အစွပ်စွဲခံရတာပါ… ပထမသခင်မက ကျွန်တော့်ကို ခြိမ်းခြောက်ခဲ့တာပါ… အာ… သူသာ ကျွန်တော့်ရဲ့ အသက်ကို ခြိမ်းခြောက်ခဲ့မယ်ဆိုရင်၊ ကျွန်တော်က သခင့်အတွက် အေးအေးချမ်းချမ်းပဲ အသေခံသွားပြီး ဘယ်တော့မှ အလျှော့ပေးမိမှာမဟုတ်ပါဘူး… ဒါပေမယ့် သူက ကျွန်တော့်ကို အရသာရှိတဲ့ စားစရာတွေနဲ့ ခြိမ်းခြောက်ခဲ့တာပါ… ကျွန်တော်သာ သခင့်ကို စကားတစ်ခွန်းလောက် ဟလိုက်မိရင်၊ သူက သေရရင်တောင် သခင့်ကို မေယွဲ့အိမ်တော်တံခါးဝကနေ ကန်ထုတ်ပြီး၊ အသက်ကြီးပြီး သေသွားတဲ့အထိ ဘယ်တော့မှ ပြန်မပေါင်းတော့ဘူးလို့ ကျိန်ဆိုခဲ့တာပါ… သခင် အစားကောင်းအသောက်ကောင်းတွေ ဆက်လက်ရဖို့အတွက်၊ ကျွန်တော်က ဒီအရေးကြီးတဲ့ တာဝန်အတွက် အရှက်ရပေမယ့် ကြံ့ကြံ့ခံခဲ့ရတာပါ သခင်… သခင်… သေချာပေါက် သတိထားမိမှာပါ… သခင် စမ်းသပ်မှုတွေကို ခံစားနေရပြီး အသက်က ကြိုးတစ်ချောင်းပေါ်မှာ ချိတ်ဆွဲထားသလို ဖြစ်နေချိန်မှာ၊ ကျွန်တော်ရဲ့မျက်လုံးတွေကလည်း ခါးသီးပေမယ့် မကျနိုင်တဲ့ မျက်ရည်တွေကြောင့် နီရဲနေခဲ့တာကိုပါ…"

 

"မင်းက ခွေးမသားပဲ… မင်းက ဒီသခင်ကို ကျေးဇူးတောင်တင်ခိုင်းချင်နေတာလား… မင်းမရှိရင် ငါက ငတ်သေသွားမယ်ပေါ့… ဟုတ်လား…" 


သွမ့်ထင်ရွှမ်းက စစ်ဖျင်၏နောက်ပိုင်းကို နောက်တစ်ချက်ကန်လိုက်တော့သည်။ 

 

"ကျွန်တော် မဝံ့ရဲပါဘူး… သခင်က ကျွန်တော့်ရဲ့ သစ္စာစောင့်သိမှုက စင်ကြယ်ပြီး မှန်ကန်တယ်ဆိုတာ သိနေသရွေ့၊ ကျွန်တော့်အတွက် လုံလောက်ပါပြီ… တကယ်တော့ သခင် စိုးရိမ်ဖို့မလိုပါဘူး… သခင်က မြင့်မြတ်တဲ့မျိုးရိုးက ဆင်းသက်လာပြီး၊ တခြားလူတွေထက် ခေါင်းတစ်လုံးပိုမြင့်တဲ့ ခံ့ညားတဲ့အရှိန်အဝါရှိတဲ့သူပါ… ပထမသခင်မက အခု စိတ်တိုနေပေမယ့် အချိန်ကြာလာတာနဲ့အမျှ သူက သခင့်အပေါ်ထားတဲ့ သူ့ခံစားချက်တွေကို သဘောပေါက်လာပြီး၊ နူးညံ့ပြီး နာခံတတ်တဲ့ ဇနီးတစ်ယောက် ဖြစ်လာမှာပါ…"

 

"ထွီ… ဘာနူးညံ့ပြီး နာခံတတ်တဲ့ဇနီးလဲ…" 

 

သွမ့်ထင်ရွှမ်းက သူ့နေ့ခင်းအိပ်မက်မှ နိုးထလာခဲ့ပြီးနောက် ဝမ်းနည်းသောအသံဖြင့် ပြောလိုက်သည်။

 

"မင်းခုထိ သတိမထားမိသေးဘူးလား… သူက အရင်ကလို မဟုတ်တော့ဘူး… ငါသာ သူ့ကို တရားဝင်ဇနီးမယား ပြန်ဖြစ်စေချင်ရင် အဲဒီပန်းတိုင်ဆီရောက်ဖို့ လမ်းက တော်တော်လေးဝေးနေသေးလောက်မှာ ငါစိုးရိမ်မိတယ်…"

 

"ဒီလမ်းကို ကြောက်ဖို့မလိုပါဘူး… ဘာပဲဖြစ်ဖြစ် သခင်က ဒီလမ်းနဲ့ တော်တော်လေး ရင်းနှီးကျွမ်းဝင်ပြီးသားပဲလေ…"


 

စစ်ဖျင်က ဤသို့ပြောရင်း သူ့ရင်ဘတ်ကိုသူ ပုတ်လိုက်လေသည်။ 

 

"သခင်မလန်… သခင်မယွင်… ကိုယ်လုပ်တော်ချင်… ဘယ်တစ်ယောက်က လွယ်ကူတဲ့လမ်းတွေမို့လို့လဲ… နောက်ဆုံးတော့ သခင်က ဒီလမ်းတွေကို ခိုင်မာတဲ့ခြေလှမ်းတွေနဲ့ လျှောက်လှမ်းပြီး အောင်ပွဲကို ပြန်ယူနိုင်ခဲ့တာပဲ မဟုတ်လား…"

 

"သူတို့က ဘယ်လိုလုပ် လမ်းတွေဖြစ်မှာလဲ… အလွန်ဆုံး သူတို့က လမ်းကြားလေးတွေလောက်ပါပဲ… နွမ်နွမ်က တကယ့်လမ်းမကြီးတစ်ခုပဲ… အစပိုင်းမှာတော့ ငါဒီလမ်းကို မကြောက်ခဲ့ဘူး… ဒါပေမယ့် လျှောက်လေလေ၊ ပိုကြောက်မိလာလေလေပဲ… ဒီလမ်းမှာ အဆုံးမရှိမှာကို ငါအရမ်းကြောက်နေမိတယ်…" 


ဤသို့ပြောရင်း သွမ့်ထင်ရွှမ်းက ကောင်းကင်သို့ မော့ကြည့်ကာ သက်ပြင်းချလိုက်မိလေသည်။ သူက တကယ်ငိုတော့မည့်ပုံပင် ပေါက်နေတော့သည်။

 

သူ့သခင်၏ ဝမ်းနည်းသောမျက်နှာကိုမြင်သောအခါ၊ စစ်ဖျင်က နောက်ထပ်ရယ်စရာမှတ်ချက်များကို မပေးရဲတော့ပေ။ သူ့သခင် စိတ်ခွန်အားပြန်လည်ရရှိလာအောင် ကူညီရန် နည်းလမ်းရှာဖွေရင်း ဦးနှောက်ခြောက်နေစဉ်မှာပင် သူ့သခင်က လက်သီးနှစ်ဖက်ကို လေထဲသို့မြှောက်ကာ အော်လိုက်တော့သည်။

 

"ငါဆုံးဖြတ်လိုက်ပြီ… ဒီလမ်းက အဆုံးမရှိရင်တောင် ငါတစ်လှမ်းချင်းပဲ လျှောက်သွားမယ်… ဟမ့်… ပထမဆုံး အဲဒီသုံးယောက်ကို အတွင်းဆောင်ထဲ ပြန်ရောက်အောင် နည်းလမ်းရှာရမယ်… သူတို့ကို မေယွဲ့အိမ်တော်မှာ ဆက်နေခိုင်းထားရတာ အရမ်းစိုးရိမ်စရာကောင်းတယ်… အရေးကြီးတဲ့ကိစ္စတစ်ခုခုဖြစ်ပြီး အဲဒီငှက်တွေ လှောင်အိမ်ထဲကနေ ပျံထွက်သွားရင် ဘယ်လိုလုပ်မလဲ… ငါ့အတွက် အရမ်းဒုက္ခများသွားရလိမ့်မယ်…"

 

ခမ်းနားသော မိန့်ခွန်းအပြီးတွင် မြို့စားငယ်လေးက စစ်ဖျင်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။ 

 

"စစ်ဖျင်… မင်းရော ဒီလိုမထင်ဘူးလား… ငါပြောတာ အဓိပ္ပာယ်ရှိရဲ့လား…"

 

စစ်ဖျင်က စကားမပြောနိုင်ဘဲ သူ့မျက်လုံးများက သွမ့်ထင်ရွှမ်းလက်ထဲမှ မီးပုံးပေါ်တွင် စူးစိုက်နေလေသည်။ အချိန်အတော်ကြာပြီးနောက် သူက တုန်ယင်သောအသံဖြင့် ပြောလိုက်လေတော့သည်။ 


"သခင်… ကျိုး... ကျိုးတော့မယ်..."

 

"ဘာကျိုးတော့မှာလဲ…"

 

"မီးပုံး ကျိုးတော့မယ်... အား… တကယ်ကျိုးသွားပြီ…"

 

"သောက်ကျိုးနည်း… ပြဿနာတွေက ဘာလို့အဆုံးမသတ်နိုင်ရတာလဲ… ဒီမီးပုံးကို ဘယ်ဆိုင်ကလုပ်တာလဲ… ဒီသခင်က သူတို့ဆိုင်ရဲ့ ဆိုင်းဘုတ်ကို သွားရိုက်ချိုးပစ်မယ်… အား… အား… အား… ငါဘယ်လိုလုပ်ရမလဲ… ငါဝမ်းနုတ်ဆေး မစားချင်ဘူး… စစ်ဖျင်… ငါ နန်းတော်ထဲက ရထားတဲ့ အဲဒီရှစ်ထောင့်ခြယ်မီးပုံးတစ်စုံကို လျော်ကြေးအဖြစ်ပေးလိုက်ရင် အဲဒီကျားမကြီး ကျေနပ်သွားလောက်မယ်လို့ မင်းထင်မိလား..."



🍲🍲