🍲Chapter 24
ကူလီ
ဒီလူရှုပ်လူပွေက တော်တော်လေးတော့ သိက္ခာရှိသေးသားပဲ…
စုနွမ်နွမ်က သွမ့်ထင်ရွှမ်း၏ အလိုက်သင့်နေတတ်သော သဘောထားကို အကောင်းမြင်စိတ်ဖြင့် အကဲဖြတ်လိုက်လေသည်။ ထို့နောက် သူမက တောက်ပစွာ ပြုံးလိုက်ပြီးနောက် လူတစ်သိုက်ကို မီးဖိုချောင်ထဲသို့ ခေါ်ဆောင်သွားတော့သည်။ ထိုနေရာတွင် သူမက ပဲအနှစ်အိုး ခပ်သေးသေးတစ်ခုကို သကြားနှင့်ရောမွှေလိုက်ပြီးနောက်တွင် ကြက်ဥအလုံး ၂၀ ခန့်ကို အကာနှင့်အနှစ် သက်သက်စီ ပန်းကန်နှစ်လုံးထဲသို့ ကျွမ်းကျင်စွာ ခွဲထည့်လိုက်တော့သည်။
ထို့နောက် သူမက သွမ့်ထင်ရွှမ်းကို ကြက်ဥအကာထည့်ထားသော အလွန်ကြီးမားသည့် ပန်းကန်လုံးကို ပြုံးပြုံးလေးဖြင့် ပေးလိုက်တော့သည်။
"အခုကစပြီး အရှင့်ကိုပဲ အားကိုးရတော့မှာပဲ… မဟုတ်ရင် ကျွန်မရယ်၊ ဟုန်လျန်၊ ရှန်းယွင်နဲ့ စစ်ဖျင်တို့ အားလုံးပေါင်းလုပ်ရင်တောင် လိုချင်တဲ့ရလဒ်ကို ရမှာမဟုတ်ဘူး…"
ထိုအခါ သွမ့်ထင်ရွှမ်းက ထိုပန်းကန်လုံးကြီးနှင့် တူတစ်စုံကို မျက်မှောင်ကြုတ်ကြည့်လိုက်ရင်း ညည်းညူလိုက်လေသည်။
"မင်း ငါ့ကို ကြက်ဥအကာတွေ ခေါက်ခိုင်းနေတာတော့ မဟုတ်ဘူးမလား…"
"ဒီလိုရိုးရှင်းတဲ့အလုပ်ကို ဘယ်သူက မသိဘဲနေမှာလဲ… ဘာလို့ ငါပဲလုပ်ရမှာလဲ… နွမ်နွမ်… ဒါက လက်စားချေချင်လို့ဆိုရင်တောင် ဒီလောက်သိသာတဲ့နည်းလမ်းကြီး မသုံးသင့်ဘူးမလား… ဒီလိုကစားပွဲတွေ မကစားလို့မရဘူးလား…"
"ကြက်ဥခေါက်တာကိုတော့ လူတိုင်းသိတာပေါ့… ဒါပေမယ့် ကျွန်မက ဒီကြက်ဥအကာတွေကို အမြှုပ်ထတဲ့အထိ ခေါက်ခိုင်းချင်တာ… ဒီမှာ ရှင်ကလွဲပြီး တခြားဘယ်သူမှ ဒီလိုခွန်အားမရှိဘူး…"
စုနွမ်နွမ်က သွမ့်ထင်ရွှမ်းကို တည့်တည့်စိုက်ကြည့်လိုက်လေသည်။
"ပြီးတော့ အရှင်… သာမန်လူတစ်ယောက်ရဲ့အမြင်နဲ့ မွန်မြတ်သူတစ်ယောက်ရဲ့ ရည်ရွယ်ချက်ကို လာမခန့်မှန်းပါနဲ့… ကျွန်မက ရှင့်ကို လက်စားချေချင်တယ်လို့လည်း စိတ်ကူးမယဉ်ပါနဲ့… အရင်က ပြောခဲ့သလိုပါပဲ… ကျွန်မတကယ်လက်စားချေချင်ရင် ကြွက်သတ်ဆေးတစ်ပုလင်းဆို လုံလောက်နေပြီ… ဘာလို့ဒီလို အပင်ပန်းခံနေရမှာလဲ…"
"မင်း... ဟွန်း… ယောက်ျားကောင်းဆိုတာ မိန်းမတွေနဲ့ ရန်မဖြစ်ဘူး…"
သွမ့်ထင်ရွှမ်းက စုနွမ်နွမ်၏ နှာခေါင်းကို ဒေါသတကြီး လက်ညှိုးထိုးနေပြီးမှ စိတ်ဓာတ်ကျသောပုံစံဖြင့် ဘေးသို့ရွှေ့ကာ ကြက်ဥအကာများကို ခေါက်လေတော့သည်။
သိုင်းပညာကို နှစ်ရှည်လများ လေ့ကျင့်လာသူဖြစ်သည့်အလျောက် သူက အားအင်ကြီးမားလှသည်။ နောက်ဆုံး သက်ပြင်းတစ်ချက် ဟူးခနဲမှုတ်ထုတ်လိုက်ပြီးနောက် သူက သူ့မကျေနပ်နေသော ဒေါသများကို ကံဆိုးလှသော ကြက်ဥအကာများအပေါ် ပုံချလိုက်တော့သည်။ ချက်ချင်းဆိုသလိုပင် အမြှုပ်များထလာပြီး ပန်းကန်လုံးထဲတွင် တဖြည်းဖြည်း မြင့်သည်ထက်မြင့်တက်လာတော့သည်။ စုနွမ်နွမ်၊ ဟုန်လျန်၊ ရှန်းယွင်နှင့် စစ်ဖျင်တို့အားလုံးက ဤမြင်ကွင်းကို အံ့ဩတကြီး စိုက်ကြည့်နေကြတော့သည်။
"ဒီလောက်ဆိုရပြီလား…"
သူက ပန်းကန်လုံးကြီးကို စုနွမ်နမ်ဘက်သို့ မကျေမနပ်ဖြင့် ကမ်းပေးလိုက်ပြီးနောက် သူမက ပန်းကန်ထဲသို့ ဂျုံမှုန့်အချို့ထည့်လိုက်ခြင်းကို ကြည့်နေလိုက်သည်။
အင်း… ဂျုံမှုန့်ပဲဖြစ်မှာပါနော်… ဟုတ်တယ်မလား… အကုန်လုံးက အဖြူရောင်အမှုန့်တွေပဲလေ…
ကောက်နှံတစ်စေ့နှင့်တစ်စေ့ မခွဲခြားတတ်သူတစ်ယောက်အနေနှင့် မြို့စားငယ်လေးက အမှန်တွင် မှားယွင်းစွာခန့်မှန်းမိခြင်း ဖြစ်ပေသည်။ ကြက်ဥအကာထဲသို့ ထည့်လိုက်ခြင်းက ဂျုံမှုန့်ချည်းမဟုတ်ဘဲ ကော်မှုန့်အချို့လည်း ပါဝင်ပေသည်။ သဘာဝအတိုင်းပင် ဤကဲ့သို့သော အသေးစိတ်အချက်အလက်များကို မြို့စားငယ်လေးတစ်ယောက်က စိတ်ဝင်စားမည်မဟုတ်ပေ။
အိုးထဲမှဆီ ပူလာသောအခါ ဟုန်လျန်နှင့် ရှန်းယွင်တို့ပင် အံ့ဩသွားကြရတော့သည်။ သူမတို့နှစ်ဦးစလုံးက ဤကဲ့သို့ ထူးဆန်းသော သရေစာမျိုးကို တစ်ခါမှမစားဖူးခဲ့ကြပေ။
စုနွမ်နွမ်က ကြက်ဥအကာ၊ ဂျုံမှုန့်နှင့် ကော်မှုန့်ရောထားသော အနှစ်ကို ဇွန်းတစ်ဇွန်းအပြည့်ခပ်ယူလိုက်ပြီးနောက် အသင့်ပြင်ဆင်ထားသော ပဲအနှစ်လုံးတစ်လုံးကိုယူကာ ကြက်ဥအနှစ်ဖြင့်ဖုံးအုပ်ပြီးမှ ဆီပူထဲသို့ ညင်သာစွာ ချလိုက်ခြင်းကို သူမတို့မြင်လိုက်ရတော့သည်။ အဖြူရောင်မုန့်လုံးလေးက ဆီမျက်နှာပြင်ပေါ်မှာ ဖောင်းပွပြီး ပေါ်လာကာ ဖြည်းဖြည်းချင်း ရွှေဝါရောင်သို့ ပြောင်းသွားလေတော့သည်။
စုနွမ်နွမ်၏ လှုပ်ရှားမှုများက အလွန်လျင်မြန်လှပြီး အိုးထဲတွင် မုန့်လုံးဆယ်လုံးကျော်ဖြင့် လျင်မြန်စွာ ပြည့်သွားတော့သည်။ ထို့နောက် သူမက ဝါးဇကာတစ်ခုသုံး၍ မုန့်လုံးများကိုမွှေရင်း အနီးကပ်စောင့်ကြည့်နေလေသည်။ ကျက်လောက်ပြီဟု သူမခန့်မှန်းမိသောအခါ အားလုံးကို အမြန်ဆယ်ယူပြီးနောက် သန့်ရှင်းသောပန်းကန်လုံးကြီးတစ်ခုထဲသို့ ပြောင်းထည့်လိုက်တော့သည်။ ထို့နောက် သူမက သွမ့်ထင်ရွှမ်း၏ တွန့်ချိုးနေသော မျက်မှောင်ကိုကြည့်ကာ ပြုံးလိုက်တော့သည်။
"ကဲ… ပြီးပါပြီ… တစ်ခုလောက် မြည်းကြည့်ပါဦး… မွှေးပြီးချိုမြတဲ့ နှင်းပွင့်ပဲနှစ်မုန့်လေးတွေပါ… ရှင်ကြိုက်သွားမယ်လို့ ကျွန်မအာမခံတယ်…"
"မင်း ငါ့ကို ရူးနေတယ်ထင်နေတာလား… ဒါကို အခုချက်ချင်း ပါးစပ်ထဲထည့်အောင် ငါ့ကိုလှည့်စားနေတာလား… ငါက ငါ့လျှာကို မကျက်နိုင်တော့မှပဲ စားမယ်…"
သွမ့်ထင်ရွှမ်းက စုနွမ်နွမ်ကို မျက်စောင်းထိုးလိုက်လေသည်။
ဒီမိန်းမက ငါ့ကို ဒုက္ခမပေးရ၊ မခနဲ့နေရရင် သေသွားမှာလား မသိဘူး… ငါ့ကို နေရာတိုင်းမှာ ဆန့်ကျင်နေချင်တဲ့ စိတ်ရောဂါများ ရှိနေသလားပဲ…
သူအလေးအနက်စဉ်းစားကြည့်မိသောအခါ မိန်းမတစ်ယောက်၏ အငြိုးအတေးကို ကြောက်စရာကောင်းအောင်ဖြစ်စေသော စိတ်ရောဂါတစ်ခုခု ရှိနိုင်လောက်ပေသည်။ လွန်ခဲ့သောရက်အနည်းငယ်က ရွှင်းထျန်းတရားရုံးတွင် အမှုတစ်ခုရောက်လာသည်။ ဇနီးသည်က သူ့ယောကျာ်းက ကိုယ်လုပ်တော်ထားသည့်အတွက် သူ့ယောကျာ်း၏ အရေးကြီးသောအရာကို ကတ်ကြေးနှင့် ဖြတ်ပစ်ခဲ့သည်။ ထိုမိန်းမကို အပြစ်ရှိကြောင်းတွေ့ရှိပြီး ရွှင်းထျန်းမှ နှင်ထုတ်ခြင်းဖြင့် အပြစ်ပေးခဲ့ရသည်။ သို့သော် ထိုယောက်ျားကမူ တစ်သက်လုံး မသန်စွမ်းဖြစ်သွားခဲ့ရသည်။
ထိုအမှုကို စဉ်းစားမိရုံဖြင့် မြို့စားငယ်လေးက ချွေးပြန်လာတော့သည်။ ထို့နောက် သူက နှင်းပွင့်ပဲနှစ်မုန့်များကို အလုပ်ရှုပ်စွာလုပ်နေသော စုနွမ်နွမ်ကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်မိလေသည်။
အခု နှိုင်းယှဉ်စရာတစ်ခုရှိလာတော့ နွမ်နွမ်ကတော့ အငြိုးကြီးတဲ့ ဇနီးတစ်ယောက်အဆင့်ထိတော့ မရောက်သေးဘူးပဲ…
အဲဒီယောက်ျားက အိမ်အပြင်မှာ ကိုယ်လုပ်တော်တစ်ယောက်တည်းထားတာ… ငါ့ဘေးမှာတော့ အလှလေးတွေ အများကြီးရှိနေတာ… အား… ပြောရရင် ကတ်ကြေးမထုတ်လာတဲ့အတွက် သူ့ကိုကျေးဇူးတင်ရမှာလား…
သူက ဆက်လက်စဉ်းစားနေရင်း၊ သူ့အကြည့်များက ရှုပ်ထွေးသောအတွေးများဖြင့် ဝေဝါးနေတော့သည်။ စုနွမ်နွမ်ကလည်း အလုပ်များနေသဖြင့် သူ့အကြည့်ကို သတိမပြုမိပေ။ ဟုန်လျန်ကသာ ထိုအကြည့်ကို မတော်တဆမြင်လိုက်ပြီးနောက် အစေခံမလေး၏ နှလုံးသားက တစ်ချက်ခုန်သွားလေတော့သည်။
အာမိတာဘ… ကောင်းပါပေတယ်… ငါတို့တွေ အိမ်တော်ထဲကနေ နှင်ထုတ်ခံရမှာကို ကြောက်စရာမလိုတော့ဘူး…
သန့်ရှင်းသော ပန်းကန်လုံးထဲတွင် နှင်းပွင့်ပဲနှစ်မုန့် ဒါဇင်ပေါင်းများစွာက ရှိလာနေလေပြီ။ အရင်ဆုံးထွက်လာသော မုန့်များကို စား၍ပင် ရနေပြီဖြစ်တော့သည်။ ၎င်းတို့က အနည်းငယ်ပူနေသေးသော်လည်း ဘေးကင်းစွာ စားသုံးနိုင်ပြီဖြစ်လေသည်။ မြို့စားငယ်လေးက တစ်ခုပြီးတစ်ခု၊ နောက်တစ်ခု၊ နောက်တစ်ခု၊ နောက်တစ်ခုပြီးနောက်တစ်ခု စားရင်း မုန့်များက သူ့လည်ချောင်းထဲ၌ ပျောက်ကွယ်သွားရတော့သည်။ သူက မုန့်များကို မျိုချရင်း ပျော်ရွှင်မှုနှင့် အရသာရှိမှုကို ဖော်ပြနေသောအသံများကို ဆက်တိုက်ပြုလုပ်နေလေတော့သည်။
ဤအချိန်တွင် စုနွမ်နွမ်အပေါ် သူရှိခဲ့သော မကျေနပ်မှုများအားလုံးက ပျောက်ဆုံးသွားခဲ့လေပြီ။
အမှန်တကယ်ပင် အရသာရှိသော အစားအစာ၏ စွမ်းအားက အလွန်ကြီးမားလှပေတော့သည်။
ပန်းကန်ထဲတွင် နှင်းပွင့်ပဲနှစ်မုန့် အခု ၂၀ မပြည့်တပြည့်သာ ကျန်တော့ချိန်တွင် သွမ့်ထင်ရွှမ်းက ဗိုက်ဆာနေသော ဝံပုလွေကဲ့သို့ စားနေခြင်းကို ရပ်မည့်ပုံမပေါ်ခြင်းကို စုနွမ်နွမ်က မြင်ရသောကြောင့် ဆက်၍သည်းမခံနိုင်တော့ပေ။ သူမက ထိုဝံပုလွေ၏လက်ကို ဆွဲကိုင်လိုက်ပြီးနောက် အံကြိတ်ရင်း မာန်မဲလိုက်တော့သည်။
"ရှင် ဆက်စားနေတုန်းပဲလား… ရှင့်ဗိုက်က တွင်းနက်ကြီးလား… ပေါက်ကွဲသွားမှာ မကြောက်ဘူးလား… ဟုန်လျန်၊ ရှန်းယွင်နဲ့ စစ်ဖျင်တို့ သုံးယောက်ပေါင်းစားတာတောင် ရှင့်လောက်မများဘူး… အခြေခံယဉ်ကျေးမှုကိုတောင် နားမလည်တဲ့ ရှင်က မြို့စားငယ်လေးတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ် ခေါ်ဖို့က ရှက်စရာကောင်းလိုက်တာ… သမိုင်းမှာ အစားလွန်ပြီးသေတဲ့ ပထမဆုံးမြို့စားငယ်လေး ဖြစ်ချင်နေတာလား…"
စုနွမ်နွမ်က ဤသို့ပြောမှသာ သွမ့်ထင်ရွှမ်းက သူ၏ဗိုက်ပြည့်နေခြင်းကို ခံစားမိလိုက်တော့သည်။ ယခုနကက သူက သူ့လျှာကို ကျေနပ်အောင်လုပ်ရန်သာ အာရုံစိုက်နေခဲ့မိသည်။ သူ့ဝမ်းဗိုက်တွင် ဘာဖြစ်နေသည်ကိုမူ လုံးဝဂရုမစိုက်ခဲ့ပေ။ သူရပ်သွားသည်ကို ကျေနပ်စွာမြင်လိုက်ရသောအခါ စုနွမ်နွမ်က စစ်ဖျင်ဘက်သို့ လှည့်လိုက်တော့သည်။
"အခု မှောင်နေပြီ… ရှင့်အမေအိုကြီးအတွက် အိမ်ကို မုန့်နည်းနည်းလောက် ယူသွားလိုက်ပါ… သားပြန်လာပြီး ထမင်းစားဖို့ စောင့်နေရတဲ့ အိုမင်းနေတဲ့ မိဘတွေ ရှိတာက တကယ်သနားစရာပဲ… အခြေခံ လူသားချင်း စာနာထောက်ထားမှုကိုတောင်မသိတဲ့ ဒီလိုဆိုးရွားတဲ့ သခင်နဲ့ တွေ့နေရတဲ့ ရှင်တို့ သားအမိနှစ်ယောက်အတွက်ကတော့ တကယ်ကို ကံဆိုးတာပါပဲ…"
ကနဦး တုန်လှုပ်မှုအပြီးတွင် စစ်ဖျင်က သူ့မျက်လုံးထဲတွင် ထူးဆန်းသောအပူရှိန်တစ်ခု စူးခနဲဖြစ်သွားခြင်းကို ခံစားလိုက်ရတော့သည်။ သူက သာမန်အစေခံတစ်ယောက်သာဖြစ်လေသည်။ သခင်များစွာက သူ့ကို ငွေနှင့်ပစ္စည်းများ အမျိုးမျိုးဖြင့် ဆုချခဲ့သော်လည်း နောက်ဆုံးတွင် သခင်မှလွဲ၍ သူ့ကို အစေခံတစ်ယောက်အဖြစ်ကလွဲပြီး မည်သူမှ သူ့ကို တကယ် ဂရုစိုက်မည် မဟုတ်ချေ။
မယုံနိုင်စရာပင် ပထမသခင်မက သေလုမျောပါးဖြစ်ပြီးနောက် တကယ်ပင် ပိုကောင်းသောလူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့လေသည်။
သူက အမြန်ခေါင်းညိတ်တုံ့ပြန်လိုက်သောအခါ ဟုန်လျန်က မုန့်များကိုထုပ်ရန် အညိုရောင်စက္ကူအချို့ကို ထုတ်ယူကာ ယာယီပါဆယ်ထုပ်များ ပြုလုပ်ပေးလိုက်သည်။ ဤအချိန်တစ်လျှောက်လုံးတွင် သွမ့်ထင်ရွှမ်း၏ ဒေါသတကြီး အော်ဟစ်သံက နောက်ခံတွင် ညံနေလေတော့သည်။
"ငါက လူသားချင်း စာနာမှုမရှိဘူးဆိုတာက မင်းက ဘာကိုဆိုလိုတာလဲ… ငါ စစ်ဖျင်ကို ဘယ်လောက်ကောင်းကောင်းဆက်ဆံလဲဆိုတာ မင်း သိချင်လား… သူ့ကိုသာမေးကြည့်လိုက်တော့… သူ့လောက် ကောင်းကောင်းဆက်ဆံခံရတဲ့ တခြားအစေခံတွေ ရှိလို့လား… အစေခံဘယ်နှယောက်ကများ သူတို့သခင်တွေကို နေ့ရောညပါ ခြေလက်ဆုပ်နယ်ခွင့် ရနေလို့လဲ… စစ်ဖျင်ရဲ့အမေကလည်း သခင်မကြီးကို ခစားခဲ့ဖူးတဲ့ အစေခံတစ်ယောက်ပဲ… အခုထိ သူက ချုပ်လုပ်ရေးဌာနကနေ အလုပ်လေးတွေ ရနေတုန်းပဲ… သူတို့က မင်းပြောသလောက် သနားစရာကောင်းပါ့မလား… မင်းက စစ်ဖျင်ကို လာဘ်ထိုးသိမ်းသွင်းချင်တာလား… ဟမ့်… ဒီအတွေးကို အမြန်ဆုံး စွန့်လွှတ်ဖို့ ငါပြောလိုက်မယ်…"
"အဲဒီလိုလား… ဒါဆို ကျွန်မက အခြေအနေကို မှားတွေးမိသွားတာပေါ့…"
စုနွမ်နွမ်က အေးစက်စွာပြုံးရင်း မျက်မှောင်ကြုတ်လိုက်တော့သည်။
"ဒါဆိုရင်တော့ စစ်ဖျင်ရေ… အဲဒီပစ္စည်းတွေကို အိမ်ယူသွားစရာမလိုတော့ဘူးနော်… အကုန်လုံး ဒီမှာပဲ ထားခဲ့လိုက်တော့…"
"သခင်…"
စစ်ဖျင်က သွမ့်ထင်ရွှမ်းကို မခံချိမခံသာဖြင့်ကြည့်လိုက်တော့သည်။
အို သခင်ရယ်… သခင် ဘယ်လိုမျက်နှာမျိုးကိုများ ဆက်ထိန်းသိမ်းချင်နေရတာလဲ… ကျွန်တော့်အမေအိုကြီးရဲ့ အခြေအနေက သနားစရာမကောင်းပေမယ့်၊ ဒီလိုစားကောင်းတာလေးတွေကိုတော့ သူမြည်းကြည့်ဖို့အတွက် ယူသွားပေးချင်တာပေါ့… ဘာလို့များ သခင်က ကိုယ့်အစေခံရဲ့ ကောင်းကျိုးကို ဖျက်ဆီးနေရတာလဲ…
"အာ..."
သွမ့်ထင်ရွှမ်းက နောက်ဆုံးတွင် သူ့တုံ့ပြန်မှုကို ဆန်းစစ်ရန် ရပ်တန့်သွားရတော့သည်။ ထိုအခါ သူက စိတ်တိုသွားမိရသည်။
အား… ငါက အရမ်းတုံးတာပဲ… အရမ်းမိုက်မဲတာပဲ… စစ်ဖျင်က ငါ့အစေခံလေ… ဒီနေရာရဲ့ တံခါးခုံကို ကျော်သွားတာနဲ့၊ အဲဒီမုန့်တွေရဲ့ အနည်းဆုံးတစ်ဝက်က ငါ့ဟာဖြစ်လာမှာ မဟုတ်ဘူးလား…
အတွက်မှားသွားပြီ… ဒါက မိုက်မဲလောက်အောင် အတွက်အချက်မှားမိတာပဲ… အား…
ဤအချက်ကို သူအတွေးပေါက်မိသွားသောအခါ သူက မျက်နှာပြောင်တိုက်ပြီး စကားလမ်းကြောင်း ပြောင်းလိုက်လေတော့သည်။
"အင်း… မင်းပြောတာ မမှားပါဘူး… ငါက... ဟိုဟာ… အဟမ်း… ဟမ်း… ငါက နည်းနည်းစိတ်ရှုပ်သွားမိလို့ပါ… စစ်ဖျင်အမေအတွက် မင်းရဲ့ထောက်ထားစာနာမှုက ချီးကျူးထိုက်ပါတယ်… ဒါပေမယ့် အဘွားသခင်မကြီးနဲ့ သခင်မကြီးတို့ကိုကျ ဘာလို့ တစ်ချက်လေးမှ မစဉ်းစားပေးရတာလဲ… သူတို့လည်း ဒီလိုမျိုးကို တစ်ခါမှမစားဖူးဘူးလေ… အင်း… ဒါကြောင့် ဒီအရိုးစွပ်ပြုတ် ဒါမှမဟုတ် ဒီနှင်းပွင့်ပဲနှစ်မုန့်တို့ ဘာတို့ကိုယူပြီး အကြီးအကဲတွေကို သိတတ်မှုကိုပြဖို့ကိုကျ ဘာလို့တစ်ခွန်းမှ မပြောရတာလဲ…"
စုနွမ်နွမ်က ဟုန်လျန်နှင့် ရှန်းယွင်တို့ တံခါးဝမီးပုံးထွန်းနေခြင်းကို ကြည့်ဟန်ဆောင်ရင်း အကြည့်လွှဲထားလိုက်မိသည်။ နောက်ဆုံးတွင် သူမက မဲ့ပြုံးပြုံးကာ ပြောလိုက်လေတော့သည်။
"ကျွန်မ နှင်ထုတ်ခံခဲ့ရတဲ့ အဲဒီကံဆိုးတဲ့နေ့တုန်းက သခင်မကြီးက ဘာတစ်ခွန်းမှ ဝင်မပြောခဲ့ဘူးလေ… ဒါက ကိစ္စမရှိပါဘူး… ဘာပဲဖြစ်ဖြစ် သူက ကျွန်မကို မုန်းတာပဲလေ… ကျွန်မမသိဘူးလို့များ ထင်နေတာလား… ကျွန်မမျက်နှာကို မပြလေလေ၊ သူက ပိုပြီး သက်တောင့်သက်သာရှိလေလေပဲ… ကျွန်မသာ ရုတ်တရက်ပေါ်လာရင် သခင်မကြီးက စိတ်ဆင်းရဲဒုက္ခရောက်ရမှာ သေချာတယ်… ဒါကြောင့် ကျွန်မက ဘာလို့ဒုက္ခခံရမှာလဲ…"
သွမ့်ထင်ရွှမ်းက သက်ပြင်းချလိုက်ပြီးနောက် ပို၍နူးညံ့သောအသံဖြင့် ပြောလိုက်လေသည်။
"အမေက မင်းကိုမကြိုက်ဘူးလို့သာ မင်းက ပြောတယ်… ဒါပေမယ့် အတိတ်က မင်းလုပ်ခဲ့တဲ့အရာတွေကို မင်း ပြန်စဉ်းစားကြည့်မိဖူးလား… ဒီလိုဆိုးရွားတဲ့အပြုအမူရှိတဲ့လူကို ဘယ်သူမဆို မကြိုက်ကြဘူး… အမေက အကျိုးအကြောင်းမသိတတ်တဲ့လူ မဟုတ်ဘူး… မင်း တကယ်ပဲ စိတ်သစ်လူသစ်ဖြစ်သွားပြီဆိုရင် သူက မင်းရဲ့ကောင်းကွက်တွေကို ဖြည်းဖြည်းချင်း သတိထားမိလာမှာပါ… သူက ရွှယ်ကျိလန်ကို ဘာလို့ကြိုက်လဲသိလား… ရွှယ်ကျိလန်က နွေးထွေး၊ ရက်ရောပြီး အတွေးအခေါ်ရှိတဲ့သူမို့လို့ မဟုတ်ဘူးလား… မင်းသာ..."
"တော်တော့…"
စုနွမ်နွမ်က ဤထူးဆန်းသော နူးညံ့မှုကြောင့် ကြက်သီးထကာ တုန်ယင်သွားသောကြောင့် လက်ပိုက်လိုက်ရလေသည်။ ထို့နောက် သူမက ခေါင်းကို ခါယမ်းပြီး ကြေညာလိုက်လေတော့သည်။
"ရှင် လက်လျှော့လိုက်ပါတော့… ရှင်က ကျွန်မကို သေအောင်ရိုက်ရင်တောင်၊ ကျွန်မက အဲဒီနွေးထွေး၊ ရက်ရောပြီး အတွေးအခေါ်ရှိတဲ့ မိန်းကလေးတစ်ယောက် ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး… ကျွန်မ သေလုနီးပါး တွေ့ကြုံပြီးကစပြီး၊ အသိတရားကြီးတစ်ခု ရခဲ့တယ်… လူတစ်ယောက်ရဲ့ဘဝကို စကားလုံးနှစ်လုံးနဲ့ အကျဉ်းချုပ်လို့ရတယ်… စားဖို့နဲ့ သောက်ဖို့ပဲ… အစားကောင်းအသောက်ကောင်းထက် အရေးကြီးတာ ဘာမှမရှိဘူး… ကျွန်မက ဂုဏ်ယူစရာကောင်းတဲ့ အစားအသောက်ချစ်သူ တစ်ယောက်ပဲ… ရှင်က ရှင့်သားသမီးဝတ္တရားကိုလုပ်… စားစရာကောင်းတာတွေရှိရင် ကျွန်မလာမယ်… ဒါက အနာဂတ်မှာ ကျွန်မတို့နှစ်ယောက် အချင်းချင်း ဆက်ဆံသွားမယ့်ပုံစံပဲ… ရှင့်အနေနဲ့ ဒါကို ကန့်ကွက်စရာမရှိဘူးလို့ ကျွန်မယုံကြည်ပါတယ်…"
"မင်း..."
သွမ့်ထင်ရွှမ်းက သူ့ရင်ဘတ်ထဲ၌ လေတစ်ဆုပ်က ပိတ်ဆို့နေသလို ခံစားလိုက်ရတော့သည်။ ၎င်းက မျိုချ၍လည်းမရ၊ ထွေးထုတ်၍လည်းမရဘဲ သူ့မျက်နှာက ဖိအားကြောင့် နီရဲလာလေသည်။ အချိန်အတော်ကြာပြီးနောက် သူက စားပွဲကိုရိုက်ကာ စိုက်ကြည့်လိုက်တော့သည်။
"တစ်ညတာလင်မယားက ရက်တစ်ရာကျေးဇူးတဲ့… မိန်းမတစ်ယောက်က အသေးအဖွဲကိစ္စတွေမှာ သိပ်ပြီးဇီဇာမကြောင်သင့်ဘူး…"
"တစ်ချိန်က ကျေးဇူးရှိခဲ့ပေမယ့်၊ တစ်ကြိမ် ကျိုးပျက်သွားပြီ ဆိုတော့ အရှက်တရားပဲ ကျန်ပါတော့တယ်… ကျွန်မ အကောင်းဆုံး လုပ်နိုင်တာကတော့ ကျွန်မရှင့်ကို အရှင်လို့ ဆက်ခေါ်ပေးနိုင်တာပဲ ရှိပါတော့မယ်…"
စုနွမ်နွမ်၏ နှုတ်ခမ်းများက ကွေးတက်သွားလေတော့သည်။
စကားပုံတွေနဲ့ စစ်ခင်းချင်တာလား… လုပ်လိုက်လေ…
"မင်း ငါနဲ့ စာပေစကားရည်လုချင်နေတာလား…"
သွမ့်ထင်ရွှမ်းက အံကြိတ်လိုက်လေသည်။
"ငါက အလေးအနက်ပြောနေတာ… မင်း ငါနဲ့လက်ထပ်ပြီးကတည်းက၊ ငါတို့က တစ်ကိုယ်တည်းအဖြစ် ပေါင်းစည်းထားတာ… ငါခေါင်းငုံ့ပေးပြီးမှတော့ မင်းက ဘာတွေ ထပ်လိုချင်သေးတာလဲ…"
စုနွမ်နွမ်က အေးစက်စွာရယ်လိုက်တော့သည်။
"မလိုပါဘူး အရှင်ရယ်… အရှင့်ရဲ့ မောင်းမဆောင်မှာ ကျွန်မတစ်ယောက်တည်းထက်မက ရှိပါတယ်… တစ်ကိုယ်တည်းပေါင်းစည်းတဲ့အကြောင်း ပြောကြရမယ်ဆိုရင် ရှင့်ရဲ့ခန္ဓာကိုယ်ကို ဘယ်နှစ်ခုလောက် ခွဲခြမ်းနိုင်မှာလဲ… တစ်ညတာလင်မယားက ရက်တစ်ရာကျေးဇူးလို့ ပြောနေသေးတာလား… အဲဒီနေ့က ရှင် ကျွန်မကို ဒီမေယွဲ့အိမ်တော်ထဲ ပစ်ထားခဲ့တုန်းက၊ အဲဒီစကားလုံးတွေက ဘယ်ရောက်သွားလဲ… ခွေးစားသွားပြီလို့ပဲ ကျွန်မယူဆရတော့မှာပေါ့…"
"မင်းကို ဒီကိုဘာလို့ပို့ခံရလဲဆိုတာ မင်းအသိဆုံးဖြစ်သင့်တာ မဟုတ်ဘူးလား… နန်းတော်အပြင်ကလူတွေကတောင် မင်းအဖေရဲ့ကိစ္စကြောင့် ငါက ရေတွင်းထဲကျနေတဲ့သူကို ခဲနဲ့ထုတယ်… ကိုယ်လုပ်တော်တွေကို မျက်နှာသာပေးပြီး ဇနီးမယားကို နှင်ထုတ်ဖို့ကြံနေတယ်လို့ ပြောကြတယ်…"
"ဒါပေမယ့် ဘာကြောင့်လဲဆိုတာကိုတော့ မင်း သိတယ်မဟုတ်ဘူးလား…"
"ဟယ်ရှန်းနဲ့ သူ့ဗိုက်ထဲက ကလေး ဘယ်လို သေသွားရတာလဲ…"
"ယွဲ့ယာအာကို ပြည့်တန်ဆာတန်းမှာ ရောင်းစားခဲ့တာက ဘယ်သူ့အမိန့်နဲ့လဲ…"
"မင်းအဖေ ဒုက္ခရောက်တုန်းက၊ ငါက ဖြေရှင်းပေးဖို့ မနားမနေပြေးလွှားနေခဲ့ရတယ်… မင်းက ငါ့ကို နားလည်ပေးရမယ့်အစား အိမ်တော်ထဲမှာ ပြဿနာတွေရှာခဲ့တယ်…"
"မင်းက ယွီဖူကို ဒုက္ခိတတစ်ယောက်နဲ့ လက်ထပ်ပေးခဲ့ပြီးတော့ သခင်မကြီးကို မူးလဲတဲ့အထိ စိတ်ဆိုးအောင်လုပ်ခဲ့တယ်…"
"ကလေးတွေကိုတောင် မင်း မချန်ထားဘူး… မောက်မင် ရေကန်ထဲကျသွားရတာ ဘယ်သူ့အကြံအစည်လဲ… မောက်ချွမ်းကို ဘယ်သူက ဖျားသွားရတဲ့အထိ ခြောက်လှန့်ခဲ့တာလဲ… ဒီကိစ္စတွေအားလုံးကို မင်းရှေ့မှာ ငါ့ကို ထပ်ပြောပြစေချင်သေးတာလား…"
🍲🍲