Ch 23
Viewers 5k

🍲Chapter 23

: စားကောင်းသောက်ဖွယ် စားရရေးအတွက်

 



"ထွီ…" 

 

စုနွမ်နွမ်က တံတွေးထွေးလိုက်သည်။ 

 

"သူက မွန်မြတ်တဲ့ စိတ်ရှိတယ်လို့ ရှင်က ကျွန်မကိုပြောနေတာလား… ဟား… ရှင်ပြောတဲ့စကားကို ရှင်ကိုယ်တိုင်ရော ယုံလို့လား… ဟုတ်တယ်… သူက ကွာရှင်းစာချုပ်အကြောင်း တစ်ခွန်းမှ မဟခဲ့ဘူး… သူသာ တကယ်အဲ့လောက်တုံးမယ်ဆိုရင်၊ ရှင့်ရဲ့ ကိုယ်လုပ်တော်တွေကို အုပ်ချုပ်ခွင့်ရမှာမဟုတ်ဘူး… သူလုပ်စရာလိုတာက ရှင့်ကိုဒေါသထွက်အောင်လုပ်ဖို့ပဲလေ… အခုတော့ကြည့်… ရှင်က ဖြောင့်မတ်မှန်ကန်သူကြီးပုံစံနဲ့ ဒေါသတကြီး ရန်ဖြစ်ဖို့ အသင့်ဖြစ်နေပြီ မဟုတ်လား…"

 

"ကံဆိုးစွာနဲ့ပဲ သူ့ယောကျ်ားက အစားကောင်းအသောက်ကောင်းဆို တောင့်မခံနိုင်တဲ့၊ တိတ်တိတ်ပုန်း အစားအသောက်မက်သူတစ်ယောက်ဖြစ်နေမယ်လို့ သူ အိပ်မက်ထဲမှာတောင် ထင်ထားမိမှာမဟုတ်ဘူး… ဒါကြောင့် ဒီအခက်အခဲကို ကျွန်မက လွယ်လွယ်ကူကူ ကျော်လွှားနိုင်ခဲ့တာပေါ့… ခစ်ခစ်ခစ်… ဒါက တကယ့်ကို လူ့အလို နတ်မလိုက်နိုင်ဆိုတာပဲလေ… ဟေး… ပြောစမ်းပါဦး… သခင်မယွင်သာ ဒီအကြောင်းကို သိသွားရင် သူရင်ကွဲနာကျပြီး သေသွားမယ်လို့ ရှင်ထင်မိလား…"

 

"အချိန်တိုလေးအတွင်းမှာ မင်းလျှာ‌စောင်း ပိုထက်လာသလို ပိုပြီးလည်း အဆိပ်ပြင်းလာတယ်…"

 

သွမ့်ထင်ရွှမ်းက ပြန်ချေပစရာစကားမရှိတော့သဖြင့် ခေါင်းကိုသာ အခြားဘက်သို့ လှည့်လိုက်ရတော့သည်။ ထိုအချိန်၌ပင် ဟုန်လျန်က စိုးရိမ်သောမျက်နှာဖြင့် မီးဖိုချောင်ထဲမှ ထွက်လာခြင်းကို သူတွေ့လိုက်ရသည်။

 

သူမက ခြေလှမ်းအနည်းငယ်ဖြင့် သူတို့ထံ အမြန်လျှောက်လာပြီးနောက် သွမ့်ထင်ရွှမ်းကို အရိုအသေပေးကာ သူတို့ကို ပြုံးပြရင်း ပြောလိုက်လေသည်။ 


"သခင်မလေး… သခင်မလေးညွှန်ကြားတဲ့အတိုင်း ဘဲနှစ်ကောင်ကို သန့်စင်ပြီးပါပြီ… သူတို့ကို ဆားနည်းနည်းနယ်ပြီး မီးဖိုချောင်က ဗီရိုထဲမှာ ချိတ်ထားပါတယ်…"

 

"အင်း… ကောင်းပြီ… မနက်ဖြန် ကျွန်မတို့ဆီကို ပေါင်းဖိုတစ်ခုပို့ပေးဖို့ စားဖိုဆောင်ကို မှာလိုက်ပါ…"


စုနွမ်နွမ်က အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ ခဏစဉ်းစားပြီးနောက် သူမက ထပ်ပြောလိုက်လေသည်။

 

"ဟိုရွှယ်ဆိုတဲ့မိန်းမက မပေးဘူးလို့ ငြင်းရင်၊ သခင်ကလိုချင်တယ်လို့သာ ပြောလိုက်..."

 

"ဟေ့…" 


သွမ့်ထင်ရွှမ်း၏ မျက်နှာတစ်ခုလုံးက မည်းမှောင်သွားရသည်။ 

"ကျေးဇူးပြုပြီး ငါ့နာမည်သုံးပြီး အိမ်တော်ဘဏ္ဍာကို အလွဲသုံးစားမလုပ်စမ်းပါနဲ့… ပြီးတော့ ဒါကို ငါ့ရှေ့မှာတင် ပြောနေရဲသေးတယ်ဟုတ်လား… မင်း ငါ့ကို နားမကြားဘူးလို့များ ထင်နေတာလား…"

 

"ဟမ်… ဒါဆိုရှင်က ဘဲကင်မစားချင်ဘူးပေါ့… ဒါမှမဟုတ် ဘဲစွပ်ပြုတ်ရော… မစားချင်လည်း ပြီးတာပါပဲ… ကျွန်မ ကြိုမပြောဘူးလို့တော့ လာမပြောနဲ့နော်… ဘဲကင်လုပ်တဲ့နေရာမှာ ကျွန်မလက်ရာက မဆိုးပါဘူး..." 

 

စုနွမ်နွမ်၏ မျက်နှာက ခံစားချက်ကင်းမဲ့နေလေသည်။

 

သွမ့်ထင်ရွှမ်းက နင်နေသလိုပင်ဖြစ်သွားပြီးနောက် တံတွေးကို အားနှင့်မျိုချကာ အော်လိုက်တော့သည်။ 


"ခဏလေး… ဘယ်သူက ဘဲကင်မစားချင်ဘူးလို့ ပြောမိလို့လဲ…"

 

"ရှင်ကိုယ်တိုင်ပြောတာလေ… ဟင်း… ဂုဏ်သတင်းပျက်အောင် အလွဲသုံးစားလုပ်တယ်ဆိုတာတွေပါ ပြောနေပြီးတော့..." 

 

စုနွမ်နွမ်က ခေါင်းလေးစောင်းကာ သူ့ကိုကြည့်လိုက်ရာ သူမ၏ အပြစ်ကင်းစင်ဟန်ရှိသော မျက်လုံးများက သူ့ကို ရူးမတတ်ဖြစ်သွားစေသည်။

 

ဒီမိန်းမ... သောက်ရေးထဲ… တစ်နေ့တစ်ခြား ပိုပြီး ရင်ဆိုင်ရခက်လာပါလား…

 

"တော်ပြီ… တော်ပြီ… ပေါင်းဖိုသာသွားယူလိုက်… ငါလိုချင်တယ်လို့သာ ပြောလိုက်…"

 

နောက်ဆုံးတော့ ဘဲကင်၏ ဆွဲဆောင်မှုက အလွန်ကြီးမားလွန်းခဲ့သည်။ သွမ့်ထင်ရွှမ်းက စုနွမ်နွမ်ကို သနားစရာမျက်နှာဖြင့် စိုက်ကြည့်နေမိသည်။ ပြိုင်ဘက်လက်ထဲ၌ သူ အဘယ်ကြောင့်များ အပြတ်အသတ်ရှုံးသွားရခြင်းကို နားမလည်နိုင်ဖြစ်နေရသည်။ သူ ဘဲကင်မစားဖူးခြင်းလည်း မဟုတ်၊ ဘဲစွပ်ပြုတ်ဆိုလျှင် ငြီးတောင်ငြီးငွေ့နေပြီ ဖြစ်လေသည်။ 

 

ဘာလို့ ဒီမိန်းမက ဘဲကင်နဲ့ ဘဲစွပ်ပြုတ်အကြောင်းပြောလိုက်တိုင်း အရသာက ထူးခြားနေလိမ့်မယ်လို့ ငါ ခံစားနေရတာပါလိမ့်…

 

အဆီနှင့် အညစ်အကြေးများကို ခပ်ထုတ်ထားသည့် အရိုးစွပ်ပြုတ်က အလွန်အရသာရှိသဖြင့် သွမ့်ထင်ရွှမ်းက လျှာပါမျိုချမတတ် ဖြစ်သွားသည်။ လတ်ဆတ်သင်းပျံ့ပြီး ချိုမြမြရနံ့လေးက တကယ်ကို မယုံနိုင်စရာပင်။ ထို့အပြင် ဤအရိုးများ။ အချိန်ကြာမြင့်စွာ ပြုတ်ထားသောကြောင့် ဖြစ်လိမ့်မည်။ အရိုးပေါ်ရှိ အသားများက အလွန်နူးညံ့နေသဖြင့် လက်ဖြင့်ဖယ်စရာပင် မလိုပေ။ တူဖြင့် ညင်သာစွာ ထိုးလိုက်ရုံဖြင့် အသားများက အလိုလို ကြွေကျလာတော့သည်။ နူးညံ့သောအသားကို လျှာပေါ်တင်လိုက်သည်နှင့် အဆီနည်းနည်းမှမပါဘဲ နူးညံ့သောအရသာ၊ ရနံ့တို့က လျှာပေါ်တင် ပျော်ဝင်သွားလေသည်။

 

မြို့စားလေးက မျက်ရည်များပင် ဝဲလာခဲ့တော့သည်။ သူ့တစ်သက်တွင် ဤမျှအရသာရှိသော အသားကို တစ်ခါမှ မစားဖူးခဲ့ပေ။ ပြီးခဲ့သောနှစ်သစ်ကူးက နန်းတော်၌စားခဲ့သော ဟွာတျောင်ဖူလင်ဝက်သားပင်လျှင် ၎င်းကိုမယှဉ်နိုင်ပေ။ သူ တကယ်ပင် နားမလည်နိုင်‌တော့ပေ။


[ဟွာတျောင်ဖူလင်ဝက်သား - ဈေးကြီးသော ဟွာတျောင်အရက် (ရှောက်ရှင်းအရက်တစ်မျိုး) နှင့် ဖူလင်မှိုများကို ကျွေးမွေးထားသော ဝက်များဖြစ်ပြီး ၎င်းတို့၏အသားကို အရသာရှိစေရန် ဖြစ်သည်။ ဘီယာစိမ်ပြီး အသားထဲစိမ့်ဝင်အောင် အနှိပ်ခံထားရသော ဝါဂယူးအမဲသားနှင့် ဆင်တူသည်။]

 

ဒီမိန်းမက ဒီလိုအရသာရှိတဲ့ အစားအစာတွေကို ဘယ်လိုများ တီထွင်နိုင်ပါလိမ့်… ဒါက လောကကြီးနဲ့တောင် မအပ်စပ်တော့ဘူး…

 

သူက စွပ်ပြုတ် ပန်းကန်ကြီး နှစ်ပန်းကန်ကို တစ်ထိုင်တည်း သောက်ချလိုက်ပြီးနောက် အရိုးသုံးချောင်းမှ အသားများကို စားပစ်လိုက်သည်။ ထိုအချိန်တွင် သူက ယဥ်ကျေးသည့်အပြုအမူကျင့်သုံးရန်ကိုပင် ဂရုမစိုက်တော့ပေ။ သူ့စိတ်ထဲတွင် ရှိနေခြင်းက တတိယမြောက်ပန်းကန်သာ ဖြစ်ပေတော့သည်။ တတိယမြောက်ပန်းကန်ရရန် ဒုတိယမြောက်ပန်းကန်ကို အမြန်ကုန်အောင် သောက်ရမည်။ စွပ်ပြုတ်အိုးက မကြီးလှပေ။ အိုးထဲတွင် စွပ်ပြုတ်တစ်ပန်းကန်စာလောက်သာ ကျန်တော့မည်ဟု သူခန့်မှန်းမိသည်။ အိုးလိုက်မရသည်မှာ အလွန်နှမြောစရာ ကောင်းလှပေသည်။

 

"ဟုန်လျန်… မင်းသခင်အတွက် နောက်တစ်ပန်းကန်ယူခဲ့…" 


သွမ့်ထင်ရွှမ်းက အရိုးကြီးတစ်ချောင်းကို အားရပါးရ စားနေရင်း ခေါင်းမဖော်ဘဲ ပြောလိုက်သည်။

 

သို့သော် ဟုန်လျန်၏ စကားကို သူကြားလိုက်ရသည်။ 

"သခင်… နောက်ဆုံးစွပ်ပြုတ်တစ်ပန်းကန်ကို သခင်မလေးကို ပေးလိုက်ပါပြီ…"

 

"ဘာ…”

 

သွမ့်ထင်ရွှမ်းက မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရတော့သည်။ ထို့နောက် စုနွမ်နွမ်ရှေ့မှ စွပ်ပြုတ်အပြည့်ထည့်ထားသော ပန်းကန်ကိုကြည့်ရင်း သူက အံကြိတ်ကာ ပြောလိုက်မိသည်။

 

"ဒီလောက်ပန်းကန်ကြီးနဲ့ မင်း တစ်ယောက်တည်း ကုန်အောင်သောက်နိုင်လို့လား… အနည်းဆုံး တစ်ဝက်လောက်တော့ ငါ့ကိုပေးသင့်တယ်လေ… မိန်းမတစ်ယောက်အနေနဲ့ မင်းခန္ဓာကိုယ်ကို ဂရုစိုက်ဦး… မဟုတ်ရင် ရုပ်ဆိုးတဲ့ဝက်ပုတ်မဖြစ်သွားမယ်…"

 

"လက်ထပ်ပြီးသား၊ အစွန့်ပစ်ခံ မိန်းမတစ်ယောက်အတွက် ကိုယ်လုံးလှတာက ဘာအရေးကြီးလို့လဲ… ကျွန်မ ဝတာ ဘယ်သူက ဂရုစိုက်နေမှာလဲ… ကျွန်မရဲ့ စားစရာကို ပျော်ပျော်ကြီးစားတာကမှ ပိုကောင်းသေးတယ်…" 


စုနွမ်နွမ်က ပြုံးရင်း သူမလက်ထဲမှ အရိုးကြီးကို ဆက်ကိုက်နေတော့သည်။

 

သွမ့်ထင်ရွှမ်း၏ မျက်လုံးများကမူ မီးတောက်မတတ် ဖြစ်နေပြီး သူမလက်ထဲက အရိုးတုံးကို လုမယူမိအောင် မနည်းစိတ်ထိန်းနေရခြင်းကို မုန်းတီးမိနေတော့သည်။ သို့သော် ယောက်ျားတစ်ယောက်အနေနှင့် သူ့မျက်နှာက ထိုမျှလောက် အရည်မထူသေးသောကြောင့် ဤကိစ္စကို မလွှဲသာမရှောင်သာ လက်လျှော့လိုက်ရတော့သည်။

 

စွပ်ပြုတ်များကုန်သွားသောအခါ သွမ့်ထင်ရွှမ်းက သူ့ရှေ့မှ ပန်းကန်အလွတ်များကို ခဏစိုက်ကြည့်နေမိသည်။ ထို့နောက် သူက တူတစ်ချောင်းဖြင့် ပန်းကန်နှုတ်ခမ်းကို တောက်လိုက်ပြီးနောက် စိတ်ဆိုးစွာဖြင့် ပြောလိုက်တော့သည်။


"စွပ်ပြုတ်လည်းကုန်ပြီ… အရိုးတွေလည်းကုန်ပြီ… ဒါပေမယ့် ငါမဝသေးဘူး… အခု ဘယ်လိုလုပ်မလဲ…"

 

စုနွမ်နွမ်က စွပ်ပြုတ် သုံးပန်းကန်နှင့် အရိုးသုံးချောင်းစားပြီး တော်တော်လေး ကျေနပ်နေပြီဖြစ်သည်။ သို့သော် စစ်ဖျင်၊ ဟုန်လျန်နှင့် ရှန်းယွင်တို့က စွပ်ပြုတ် တစ်ပန်းကန်နှင့် အရိုးတစ်ချောင်းစီသာ ရခဲ့ခြင်းကို သူမစဉ်းစားမိသောအခါ သူတို့အားလုံး မဝလောက်ဟု တွေးမိလေသည်။ ထိုအခါ သူမက သက်ပြင်းချလိုက်မိသည်။ သွမ့်ထင်ရွှမ်း၏ နောက်လိုက်ခွေးဖြစ်သူ စစ်ဖျင်က အစားမဝ၍ ဒုက္ခရောက်ရခြင်းကို သူမ ဂရုမစိုက်သော်လည်း (သူ့လောဘကြီးသော သခင်ကြောင့်သာ ဖြစ်သည်)၊ ဟုန်လျန်နှင့် ရှန်းယွင်တို့က သူမ၏ ကိုယ်ပိုင်အစေခံများဖြစ်သောကြောင့် သူမတို့ကို မျက်နှာလွှဲခဲပစ် မလုပ်ရက်ပေ။

 

ခဏစဉ်းစားပြီးနောက် ပဲအနှစ်ပေါက်စီလုပ်ရန် သူမ ပြုတ်ထားသည့် ပဲ ၂ ကျင်းကို ရုတ်တရက် သတိရမိသွားသည်။ ကွာရှင်းစာချုပ်ရသည်နှင့် ခရီးထွက်ရန် ရိက္ခာအဖြစ် ပြင်ဆင်ထားခဲ့ခြင်းသာ ဖြစ်သည်။ ဤစိတ်လှုပ်ရှားမှုများကြား၌ ပဲနီလေးများအကြောင်းကို သူမ တကယ်ပင်မေ့နေခဲ့လေသည်။ စစ်ဖျင်က ဘဲရိုင်းနှစ်ကောင်နှင့် ပေါ်လာသောအခါ စုနွမ်နွမ်က အခြေအနေကို စောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ပဲအနှစ်များကို မသုံးရသေးပေ။

 

သူမက ပဲအနှစ်ဖြင့်လုပ်သော သရေစာအချို့ပြုလုပ်ရန် ရည်ရွယ်လိုက်တော့သည်။ သို့သော် သရေစာများက ပေါင်းသည်ဖြစ်စေ၊ ဖုတ်သည်ဖြစ်စေ အချိန်ယူရပေသည်။ ထိုလူရှုပ်လူပွေက ဗိုက်ဆာနေသော ဝံပုလွေတစ်ကောင်လို သူ့ပန်းကန်အလွတ်ကို လျက်နေပြီဖြစ်သောကြောင့် သည်းခံနိုင်စွမ်း နည်းပါးနေခြင်းက ထင်ရှားလှသည်။ သရေစာများပြီးသည့်အချိန်တွင် ညစာစားချိန်ပင် ရောက်သွားလောက်ပြီဟု သူမ ခန့်မှန်းမိသည်။ သွမ့်ထင်ရွှမ်းက စောင့်လိုလျှင်ပင် စုနွမ်နွမ်က ထိုလူရှုပ်လူပွေကို မေယွဲ့အိမ်တော်တွင် အကြာကြီးနေခွင့်မပေးလိုပေ။

 

ထို့ကြောင့် သူမက အခြားချက်နည်းတစ်ခုကို စမ်းရန် ဆုံးဖြတ်ပြီးနောက် မျက်မှောင်ကြုတ်ကာ စဉ်းစားနေလိုက်သည်။ ရုတ်တရက် အကောင်းဆုံးချက်နည်း တစ်ခုကို သူမသတိရသွားပြီး စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီးကာ ရယ်မောလိုက်တော့သည်။


"ကျွန်မ သိပြီ… မြန်မြန်ဆန်ဆန်နဲ့ လွယ်လွယ်ကူကူပြင်ဆင်နိုင်တဲ့ အရသာရှိတဲ့ သရေစာတစ်ခု ရှိတယ်… ပုံမှန်ဆိုရင်တော့ အဲဒီဟာကို လွယ်လွယ်လုပ်လို့မရဘူး… ဒါပေမယ့် ကျွန်မတို့အရှင်ရှိနေတုန်း သူ့ကို အသုံးချလို့ရတာပဲ… အဲဒါကို လုပ်ကြရင် မကောင်းဘူးလား…"

 

"ဘာလဲဟ…" 

သွမ့်ထင်ရွှမ်းက စုနွမ်နွမ်ကို စိုက်ကြည့်ရင်း ချက်ချင်းသံသယဝင်သွားမိသည်။ 

"သေချာရှင်းပြစမ်း… ငါ့ကို ကူလီတစ်ယောက်လို သဘောမထားနဲ့…"

[ကူလီ - ဈေးပေါသော အလုပ်သမား။]

 

"ဒီလိုသရေစာမျိုးအတွက် ရှင်က ကူလီမလုပ်ချင်ဘူးဆိုရင်တော့ စားရမှာမဟုတ်ဘူး…" 

စုနွမ်နွမ်က မျက်ခုံးပင့်လိုက်လေသည်။ 

"ကူလီလုပ်မလား… ဒါမှမဟုတ် ထွက်သွားတော့မလား… ဘယ်ဟာကို ရွေးမှာလဲ…"

 

အရမ်းမုန်းစရာကောင်းပြီး မောက်မာလိုက်တာ… ဒီသခင်ကို ထွက်သွားလို့ပြောရဲတယ်တဲ့လား…

 

သွမ့်ထင်ရွှမ်းက ဒေါသဖြင့် တဆတ်ဆတ်တုန်သွားတော့သည်။ သူက မီးတောင်ပေါက်ကွဲတော့မည့်အချိန်တွင် စုနွမ်နွမ်က သူမမျက်နှာပေါ်တွင် တောင့်တနေသော အမူအရာတစ်ခု ပေါ်လာရင်း ဆက်ပြောလေသည်။

 

"ရွှယ်မြိန်ထုန်စာ (နှင်းပွင့်ပဲနှစ်မုန့်) လေ… အဲဒါကို မစားရတာကြာပြီ… စဉ်းစားလိုက်တာနဲ့ကို သွားရည်က ယိုလာတယ်..."

 

မြို့စားငယ်လေး၏ စုပုံနေသော ဒေါသများက ပျောက်ကွယ်သွားတော့သည်။ ထို့နောက် သူ့မျက်လုံးနှစ်လုံးက ကြယ်ရောင်များဖြင့်သာ ပြည့်နှက်နေတော့သည်။


ဒီမိန်းမကိုတောင် သွားရည်ကျစေနိုင်တဲ့ သရေစာတဲ့… ဘယ်လောက်တောင် အရသာရှိလိုက်မလဲ… ပြီးတော့ နှင်းပွင့်ပဲနှစ်မုန့်တဲ့လား… နာမည်လေးကတောင် ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိလိုက်တာ…

 

"ငါ ဘာလုပ်ပေးရမလဲ…"

မြို့စားငယ်လေးက အင်္ကျီလက်ကိုခေါက်တင်ရင်း မကျေမနပ်ဖြင့် မေးလိုက်တော့သည်။ 

 

ငါ့လျှာနဲ့ ဗိုက်ကိုတော့ ငါ လုံးဝအရှုံးပေးလိုက်ပြီ… ဒီခန္ဓာကိုယ်အစိတ်အပိုင်းနှစ်ခုက ငါ့ဟာတွေ မဟုတ်တော့ဘူး… သူတို့က စုနွမ်နွမ်လွှတ်လိုက်တဲ့ သူလျှိုတွေ၊ လျှို့ဝှက်ထောက်လှမ်းရေးတွေပဲ… စားစရာကောင်းတာတွေသာ ရှိနေရင်၊ ငါ ဘယ်လောက်ပဲ ခုခံဖို့ စိတ်ပိုင်းဖြတ်ထားပါစေ၊ ဒီနှစ်ခုကြောင့် အမြဲတမ်း ရှုံးနေရမှာပဲ…





🍲🍲