🍲Chapter 22
ဈေးဆစ်ခြင်း
"မင်း....."
သွမ့်ထင်ရွှမ်းက စုနွမ်နွမ်ထံမှ ဤသို့သောလှည့်ကွက်ကို လုံးဝမျှော်လင့်မထားမိခဲ့ပေ။ သူက ခဏကြာမျှ လုံးဝ ဆွံ့အသွားမိရလေသည်။ သူ့ဘေးမှ စစ်ဖျင်၏ "သခင်… ကျွန်တော်တို့ တကယ်ပြန်သင့်ပါပြီ… မှောင်နေပါပြီ…" ဟူသော ငိုသံပါနေသောအသံကိုပင် သူလျစ်လျူရှုလိုက်လေသည်။
၎င်းကအမှန်ပင်။ နေမင်းက အောက်သို့ဆင်းနေပြီဖြစ်ပြီး သူ၏နီရဲနေသော မျက်နှာတစ်ခြမ်းကိုသာ မြင်နိုင်တော့သည်။
သွမ့်ထင်ရွှမ်းက ဤအကြံကောင်းကိုယူပြီး စစ်ဖျင်နှင့်အတူထွက်သွားချင်စိတ် ပြင်းပြနေသော်လည်း အမုန်းဆုံးအရာက...
မီးဖိုချောင်ထဲမှာ ဘာတွေဖြစ်နေတာလဲ… ဒီအနံ့က ဘာအနံ့လဲ… ဒီအနံ့က ဘယ်လိုလုပ်ပြီး တဖြည်းဖြည်း ပိုမွှေးလာရတာလဲ…
မြို့စားငယ်လေးက တိုက်ပွဲတွင် ရှုံးနိမ့်သွားရပြီဖြစ်ပေသည်။ ၎င်းက သူ မည်သည့်အခါကမှ မစားဖူးသောအရာဖြစ်ကြောင်း သံသယဖြစ်စရာပင် မရှိနေပေ။
ဤရနံ့က အလွန်ပင်ထူးခြားလှပေသည်။ သူ၏ နှစ်၂၀တာ သက်တမ်းတစ်လျှောက်တွင်ပင် သူ့နှလုံးသားနှင့်အသည်းကို ဆုပ်ကိုင်ထားနိုင်ပြီး အိုးထဲမှအရာများနှင့်တကွ အိုးလိုက်ကိုပင် ဝမ်းဗိုက်ထဲသို့ မျိုချချင်စိတ်ပေါက်စေလောက်သော ရနံ့မျိုးကို သူတစ်ခါမှမကြုံဖူးခဲ့ပေ။
"ကျွန်မကို ချင်ကုန်းသင်ပေး… ကျွန်မ ရှင့်ကို တစ်လစာထမင်းဟင်းကျွေးမယ်…"
စုနွမ်နွမ်က သွမ့်ထင်ရွှမ်း၏အမူအရာကို မြင်နေရသည်။ သူက ဆုံးဖြတ်ရခက်စွာဖြင့် တောင့်တောင့်ကြီးရပ်နေသဖြင့် ၎င်းက အခြေအနေကို သူမဘက်ပါအောင် ဆွဲဆောင်ရမည့် အရေးကြီးဆုံးအခိုက်အတန့်ဖြစ်ကြောင်းကို သူမသိလိုက်တော့သည်။
"တစ်လလား… ငါ့ကို ကျွေးမွေးပြီးတာနဲ့ မောင်းထုတ်လို့ရတဲ့ သူတောင်းစားများမှတ်နေလား…"
သွမ့်ထင်ရွှမ်းက ဒေါသထွက်သွားလေတော့သည်။
"ဒါဆို... နှစ်လဆိုရင်ရော…"
စုနွမ်နွမ်က သူမ၏အသားထဲမှပင် နာကျင်မှုကို ခံစားနေရပြီဖြစ်သည်။ ဤလူရှုပ်လူပွေကို တစ်လစာထမင်းကျွေးရခြင်းကပင် သူမ၏နှလုံးသားကို နာကျင်စေပြီးဖြစ်ရာ ယခု နောက်ထပ်တစ်လပင် ထပ်တိုးပေးရတော့မည်။
"သုံးလ…"
သွမ့်ထင်ရွှမ်းက အံကြိတ်လိုက်မိတော့သည်။
"မင်းက ငါ့ကို သူတောင်းစားလိုဆက်ဆံရဲတယ်ပေါ့လေ…"
"ဟေ့… ရှင် အရမ်းမလွန်လာနဲ့နော်…"
စုနွမ်နွမ်ကလည်း ဒေါသထွက်စပြုလာသည်။
"လူတစ်ယောက်အနေနဲ့ အရမ်းလောဘကြီးလို့မရဘူး… ရှင့်ကို ကျွန်မက ကြောက်မယ်လို့များ ထင်နေတာလား… ရှင် အများဆုံးလုပ်နိုင်တာက ကျွန်မကိုကန်ထုတ်ဖို့ပဲ… ဒီအဘွားကြီးမှာ ဟင်းချက်ပညာ ရှိသေးတယ်… ဒီကမ္ဘာမှာ ဘယ်နေရာကိုသွားသွား ကျွန်မအသက်ရှင်နိုင်တယ်… သုံးလ… ဒါထက်ပိုမပေးနိုင်ဘူး…"
"မင်း ချင်ကုန်းကို တကယ်ကျွမ်းကျင်တဲ့အထိပဲ…"
ဤမိန်းမက ကန်ထုတ်ခံရမည်ကိုမကြောက်သဖြင့် သူမကိုကွာရှင်းမည်ဟု ခြိမ်းခြောက်ခြင်းက အဓိပ္ပာယ် မရှိနိုင်တော့ပေ။ နောက်ဆုံးတွင် မြို့စားငယ်လေးက ဤအချက်ကို သဘောပေါက်သွားပြီးနောက် သက်ပြင်းတစ်ချက်ချရင်း ခြေတစ်လှမ်း အလျှော့ပေးလိုက်ရသည်။
"ရှင် ဘာကိုဆိုလိုချင်တာလဲ…"
စုနွမ်နွမ်က သူ့ဆိုလိုရင်းကိုနားမလည်သဖြင့် ကိုယ်တိုင်စဉ်းစားမနေတော့ဘဲ တိုက်ရိုက် ရှင်းပြခိုင်းလိုက်သည်။
"ငါမင်းကို ကွန်ဖူးသင်ပေးမယ်… မင်းက ငါ့ကို စားစရာတွေထောက်ပံ့ပေးရမယ်… မင်းသိုင်းပညာကို ကျွမ်းကျင်တဲ့နေ့အထိပဲ… ငါအခု ကြိုပြောထားမယ်နော်… အပေါစား စားစရာမျိုးတွေကို ငါသည်းခံမှာ မဟုတ်ဘူး… အရာအားလုံးက အကောင်းဆုံးအရည်အသွေးဖြစ်ရမယ်…"
"ကွန်ဖူးဆိုတာ အနည်းဆုံးတစ်နှစ်လောက်သင်ပြီးမှပဲ တတ်နိုင်တဲ့အရာ မဟုတ်ဘူးလား…"
စုနွမ်နွမ်က မျက်မှောင်ကြုတ်လိုက်မိသည်။ ဤအခြေအနေက အလွန် များလွန်းနေလေသည်။
"တစ်နှစ်စာလောက် စားစရာထောက်ပံ့ပေးဖို့တောင် မင်းကမလိုလားဘူးလို့တော့ မပြောနဲ့နော်…"
သွမ့်ထင်ရွှမ်းက သွေးအန်တော့မလိုဖြစ်သွားရသည်။
"နွမ်နွမ်… မင်း လေးလေးနက်နက်လေး စဉ်းစားကြည့်… ငါ့လိုခံ့ညားတဲ့ မြို့စားငယ်လေးတစ်ယောက်ကို ကွန်ဖူးနည်းပြဆရာအဖြစ် ရထားတာနော်… မင်းကလွဲပြီး ဘယ်သူကများ ဒီလို အထူးအခွင့်အရေးမျိုးကို ခံစားနိုင်မှာလဲ… အဲဒီအရသာရှိတဲ့ စားစရာတွေသာမရှိရင် ဒီသခင်က နည်းပြဆရာအဆင့်လောက်ကို အရောက်ခံမယ်လို့ မင်း ထင်နေတာလား… မင်းကိုယ်တိုင် နည်းပြဆရာငှားရင်တောင် သူ့အတွက် စားစရာနဲ့တည်းခိုစရာကို ထောက်ပံ့ပေးရမှာပဲ မဟုတ်ဘူးလား… သင်တန်းကြေးကို ထည့်မပြောသေးဘူးနော်… ဒီမြို့စားငယ်လေးက သာမန်နည်းပြဆရာတစ်ယောက်နဲ့တောင် ယှဉ်လို့မရဘူးလို့ မင်းပြောချင်နေတာလား…"
"ကောင်းပြီ… ကောင်းပြီ… ဒီအတိုင်းပဲထားလိုက်ကြစို့…"
စုနွမ်နွမ်က နောက်ဆုံးတွင် အလျှော့ပေးလိုက်ရလေသည်။ သူမ ကွာရှင်းခံရမှာကိုမကြောက်သော်လည်း အိမ်ထောင်သည်အဖြစ်ဆက်နေခြင်းကလည်း သူ့ကောင်းကျိုးနှင့်သူ ရှိလေသည်။ ဤခြံဝင်းထဲတွင် အသိုက်အမြုံဖွဲ့နေရင်းနှင့်ပင် သူမက ကောင်းမွန်သောကုန်ကြမ်းများကို အဆုံးမရှိရရှိနိုင်သေးသည်။ ဤနေရာတွင် နေထိုင်စဉ်အတောအတွင်း သူမတို့ငတ်မည်မဟုတ်ခြင်းက သေချာလှပေသည်။ သူမတို့သုံးယောက် တကယ်ထွက်သွားရမည်ဆိုလျှင်လည်း လောကကြီးထဲတွင် နောက်ခံမရှိသော လှပသည့်အမျိုးသမီးသုံးယောက် ဘာဆက်ဖြစ်မည်ကို ခန့်မှန်းရမခက်ပေ။ အထူးသဖြင့် အားနည်းသူများကို အခွင့်အရေးယူတတ်သော ဤဆိုးရွားသည့် မြေရှင်ပဒေသရာဇ်လူ့အဖွဲ့အစည်းတွင် အမျိုးသမီးများအနေဖြင့် အရိုးပင်မကျန်နိုင်အောင် လူ့အဖွဲ့အစည်းက ဝါးမျိုသွားနိုင်သည်။
အကျိုးဆက်များကိုချိန်ဆပြီး ရွေးချယ်နိုင်စရာများကိုစဉ်းစားပြီးနောက် စုနွမ်နွမ်က ရှုထောင့်တစ်ခုမှကြည့်လျှင် အိမ်တော်တွင်နေခြင်းက အကောင်းဆုံးရွေးချယ်မှုဖြစ်ကြောင်း ဝန်ခံခဲ့ရလေသည်။ ဤလူရှုပ်လူပွေက သူမထံက အစားအစာအချို့အပေါ် မှီခိုနေရဆဲ ဖြစ်သောကြောင့် သူမက သူ့ကိုတန်းတူရည်တူ ရင်ဆိုင်နိုင်သည်။ ၎င်းက လောကကြီးထဲတွင် အားနည်းသောမိန်းမသုံးယောက်အဖြစ် သီးသန့်နေထိုင်ခြင်းထက် သေချာပေါက်သာလွန်ပေသည်။ လှည့်ကွက်များ သို့မဟုတ် ရွှေရောင်လက်ချောင်းများနှင့် ချောမောလှပသော အမျိုးသားဇာတ်ကောင်အများအပြားပါဝင်သော ဇာတ်လမ်းများက အမှန်တွင် လက်တွေ့မဟုတ်နိုင်ပေ။
"ဒါဆို သဘောတူပြီပေါ့နော်…"
သွမ့်ထင်ရွှမ်းက အတည်မပြုဘဲမနေနိုင်တော့ပေ။ စုနွမ်နွမ် ခေါင်းညိတ်သည်ကိုမြင်သောအခါ သူက သူ၏သခင်ပီသသောဟန်ပန်ကို ချက်ချင်းပြန်လည်ရယူလိုက်နိုင်သည်။ ထို့နောက် သူက မျက်လုံးလှန်လိုက်ရင်း မထီမဲ့မြင်ပြုံးလိုက်မိသည်။
"မင်းက တကယ် တုံးအတဲ့မိန်းမပဲ… ငါမင်းကို ချင်ကုန်းသင်ပေးဖို့ သဘောမတူရင်တောင် လင်နဲ့မယားကြားမှာ ထမင်းတစ်နပ်အတူစားတာက ကောင်းကင်နဲ့မြေကြီးမျက်စိထဲမှာ လုံးဝသင့်တော်တဲ့အရာပဲ မဟုတ်ဘူးလား…"
"ဒါက ကျွန်မရဲ့စိတ်အခြေအနေပေါ်မှာ မူတည်တယ်…"
စုနွမ်နွမ်က အေးစက်စွာပြောလိုက်လေသည်။
"ကျွန်မပျော်နေရင် ဟင်းအမျိုးအစားနဲ့အရေအတွက်က တိုးလာမယ်… ဒါပေမဲ့ ကျွန်မမပျော်ဘူးဆိုရင်တော့ ဆန်ပြုတ်ရိုးရိုးနဲ့ ချဉ်ဖတ်ပဲစားချင်စားမှာ… ရှင်က ကျွန်မရဲ့အချိုအခါးအားလုံးကို အတူမျှဝေခံစားဖို့ဆန္ဒရှိရင်တော့ ကြိုဆိုပါတယ်…"
"မင်း..."
သွမ့်ထင်ရွှမ်းက ဒေါသကြောင့် မိမိကိုယ်ကိုယ် မထိန်းနိုင်တော့လုမတတ် ဖြစ်သွားရသည်။
စုနွမ်နွမ်၏ ဖီးနစ်မျက်လုံးများကမူ လင်းလက်သွားလေသည်။
"ကျွန်မက ဘာဖြစ်လဲ… ရှင် ဘာပြောချင်တာလဲ…"
"ရပါတယ်… အားလုံးအဆင်ပြေပါတယ်… ယောက်ျားကောင်းက မိန်းမနဲ့ ရန်မဖြစ်ဘူး…"
မြို့စားငယ်လေးက သူ့ရင်ထဲတွင် ပွက်ပွက်ဆူနေသော မလေးမစားစကားအနည်းငယ်ကို အသိစိတ်၏ သတိပေးချက်အရ အမြန်မျိုချလိုက်ရသည်။ မီးဖိုချောင်မှအနံ့က တဖြည်းဖြည်းပိုပြင်းလာနေချိန်၌ စကားနိုင်လုပွဲတွင်အနိုင်ရလိုစိတ်ကြောင့် ဤအရသာရှိသောအစားအစာစားခွင့်ကို သူဖျက်ဆီးခံမည်မဟုတ်ပေ။
"ကောင်းပြီ… ကျွန်မသွားပြီး အရိုးပြုတ်ဟင်းရည်ကို ကြည့်လိုက်ဦးမယ်… ညစာစားချိန်နီးနေပြီပဲ…"
ဘဲရိုင်းနှစ်ကောင်ရရှိပြီးနောက် ပထမသခင်မ၏စိတ်အခြေအနေက အလွန်ကောင်းမွန်နေပြီး သူမက ထူးထူးခြားခြား ရက်ရောသောစိတ်ရှိနေသဖြင့် ရန်ဖြစ်ရန်စိတ်မဝင်စားတော့ပေ။ ထို့အစား သူမက မီးဖိုချောင်ဘက်သို့ ပျော်ရွှင်စွာထွက်ခွာသွားတော့သည်။
နောက်ကျောမှ သူမ၏မိုးမခပင်လိုနွဲ့နှောင်းသောခန္ဓာကိုယ်ကိုကြည့်ရင်း သွမ့်ထင်ရွှမ်းက သူ့ယပ်တောင်ကိုဖွင့်ကာ ပြုံးချင်စိတ်ကို မထိန်းနိုင်တော့ပေ။
ဟိုးဟိုး… တကယ့်ကို ရိုးစင်းတဲ့မိန်းမပါလား… ဟွန်း… မင်းက ချင်ကုန်းကို တစ်နှစ်အတွင်း သင်ယူလို့ရမယ်လို့များ တကယ်ထင်နေတာလား… အိပ်မက်မက်နေလိုက်…
သွမ့်ထင်ရွှမ်းက ကလေးဘဝကတည်းက သိုင်းပညာကို ဆရာများစွာထံမှ သင်ယူခဲ့သည်။ သူ၏လက်ရှိကျွမ်းကျင်မှုအဆင့်က သူ၏ပုံမှန်မဟုတ်သော သိုင်းပညာပါရမီ၊ ပြင်းထန်သောလေ့ကျင့်မှုနှင့် မရပ်မနားနေ့စဉ်လေ့ကျင့်မှုတို့၏ရလဒ် ဖြစ်လေသည်။
စုနွမ်နွမ်အတွက်မူ အရိုးဖွဲ့စည်းပုံက ရင့်ကျက်နေပြီဖြစ်ပြီး အရည်အချင်းမရှိနေခြင်းက ထင်ရှားလှသောကြောင့် ပြင်းထန်သောလေ့ကျင့်မှုမရှိလျှင် တတ်ကျွမ်းဖို့ရာ မဖြစ်နိုင်ချေ။ ဤမိန်းမက ကွန်ဖူးတကယ်သင်ချင်လျှင် အခြေခံများကိုကျွမ်းကျင်ရန်ပင် အနည်းဆုံး ၁၀ နှစ်ခန့် ကြာမြင့်လိမ့်မည်။ ထို့အပြင် သိုင်းပညာနှင့်ပတ်သက်လျှင် သင်ကြားခြင်းက အဆုံးမရှိပေ။
ဒါက ငါက သူ့ရဲ့ အရသာရှိတဲ့ စားစရာတွေကို တစ်သက်လုံးစားနိုင်မယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား…
မြို့စားငယ်လေးက စဉ်းစားလေလေ ပို၍ပျော်ရွှင်လာလေဖြစ်နေတော့သည်။ ထိုစဉ် ရုတ်တရက် စစ်ဖျင်၏တိုးညင်းသောအသံက တိုးတိုးလေးထွက်ပေါ်လာလေသည်။
"အရှင်… အရှင် အရမ်းပျော်ပြီး မပြုံးနေသင့်ပါဘူး… ပထမသခင်မမြင်သွားရင် သူ စိတ်မချမ်းသာ ဖြစ်ပါလိမ့်မယ်… သူ စိတ်မချမ်းသာရင် အရှင်လည်း ပျော်ခွင့်ရမှာမဟုတ်ပါဘူး…"
ထိုစကားတစ်ခွန်းတည်းက သူ၏နေ့ခင်းအိပ်မက်ကို ရိုက်ချိုးလိုက်ရန် လုံလောက်ပေသည်။
သွမ့်ထင်ရွှမ်းက သူ့ဇနီး၏ခေါင်းမာသောစရိုက်ကိုစဉ်းစားမိပြီးနောက် သက်ပြင်းချလိုက်မိသည်။ သူက အစားအစာရရန်အတွက် ကွန်ဖူးသင်ပေးခြင်းကိုသာ မှီခို၍မဖြစ်တော့ဟုထင်လိုက်မိသည်။ သို့မဟုတ်ပါက ဤမိန်းမက သုံးနှစ်သော်လည်းကောင်း ငါးနှစ်သော်လည်းကောင်းကြာပြီးနောက် ကွန်ဖူးမတတ်နိုင်ပါက ဒေါသတကြီးဖြင့် အိမ်တော်မှတစ်ယောက်တည်းထွက်သွားနိုင်ပေသည်။
သူ အရသာရှိသောအစားအစာများကို ဆက်စားချင်ပါက သူ့နည်းဗျူဟာများကို ပိုမိုစဉ်းစားရပေလိမ့်မည်။ သို့သော် သူဝန်ခံရမည့်အရာတစ်ခုက ရှိနေသေးသည်။ သူမက ပို၍ကျိုးကြောင်းဆီလျော်မှုမရှိဘဲ စွာတေးမတစ်ယောက်လိုဖြစ်နေသော်လည်း... ဤစုနွမ်နွမ်အသစ်က ယခင်က အဆိပ်ပြင်းပြီး အာဏာပြတတ်သောစရိုက်ထက် များစွာပို၍ချစ်စရာကောင်းပေသည်။
သူက ထိုအကြောင်းကို စဉ်းစားနေစဉ်တွင် ညနေပိုင်းတစ်လျှောက်လုံး သူ့ကိုကျီစယ်နေခဲ့သောရနံ့က ရုတ်တရက် ပိုပြင်းလာတော့သည်။ သူက ပတ်ဝန်းကျင်ကို အနည်းငယ် ထပ်ကြည့်လိုက်မိချိန်တွင် သူက အလိုလို မီးဖိုချောင်ထဲသို့ ရောက်ရှိနေခြင်းကိုတွေ့လိုက်ရတော့သည်။ လက်ရှိအချိန်တွင် သူက ထိုရနံ့၏အရင်းအမြစ်ရှေ့တွင် ရောက်နေလေသည်။ သူ့ရှေ့တွင် အဖုံးဖွင့်ထားသော အိုးကြီးတစ်လုံးက ရှိနေသည်။ အိုးထဲမှ ရေနွေးငွေ့များက ပွက်ပွက်ဆူကာလူးလွန့်နေသဖြင့် အတွင်း၌ဘာရှိသည်ကို မြင်ရန်ခက်ခဲစေသည်။ ချိုမြိန်သောရနံ့က လူတစ်ယောက်ကို ခြေဖျားအထိ တံတွေးများကျလောက်အောင် ပြုလုပ်နိုင်လေတော့သည်။
"ဒါက ဘာလဲ…"
သွမ့်ထင်ရွှမ်း၏စပ်စုချင်စိတ်က အမြင့်ဆုံးသို့ရောက်နေတော့သည်။ သူက အိုးထဲသို့ငုံ့ကြည့်ရန် ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီးနောက် နီညိုရောင်ဟင်းရည်ထဲတွင် အရိုးကြီးများစွာ ပေါလောပေါ်နေခြင်းကို တွေ့လိုက်ရလေသည်။ သူက ဟင်းရည်ကိုလေ့လာနေစဉ် သူ့ဘေးမှစုနွမ်နွမ်က ပြုံးရင်းပြောလိုက်လေသည်။
"ဒါက အရိုးစွပ်ပြုတ်လေ… အကောင်းဆုံးအရည်အသွေးရှိတဲ့ ဝက်ရိုးတွေကိုရွေးပြီးသုံးဖို့က အထူးအရေးကြီးတဲ့အချက်တစ်ခုပေါ့… ကျောရိုးတွေကိုလည်း သုံးလို့ရတယ်… တန့်ကွေ့ (ဂျင်းဆင်းအမ)၊ ကုံးချီ (ဂျိုဂျီဘယ်ရီ)၊ ကြာစေ့၊ ဆီးသီးခြောက်နဲ့ မြေပဲလိုဆေးမြစ်တွေနဲ့အတူ ပြုတ်ထားတာ… ကျွန်မလက်ထဲမှာ တခြားပါဝင်ပစ္စည်းတွေမရှိတာပဲဆိုးတယ်… တရုတ်မျောက်ဥ၊ ထျန်းချီ (ဂျင်ဆင်းအတု)၊ တန်းရှန် ဒါမှမဟုတ် တခြားဆေးမြစ်တွေထည့်နိုင်ရင် အရသာရှိ၊ အာဟာရပြည့်ဝပြီး ခန္ဓာကိုယ်အတွက်ရော စိတ်ဝိညာဉ်အတွက်ရော အထူးကောင်းမွန်မှာ…"
"အရိုးကြီးတွေကို ဒီလိုပြုတ်လို့ရတယ်...လား…"
သွမ့်ထင်ရွှမ်းက အံ့ဩသွားရတော့သည်။ သူက အရိုးများကို အထက်တန်းအဆင့်ဟင်းရည်များပြုလုပ်ရန် အသုံးပြုနိုင်ကြောင်းနှင့် ထိုပြုတ်ရည်များကို အခြားဟင်းလျာများ၏အရသာကိုမြှင့်တင်ရန် အသုံးပြုနိုင်ကြောင်း ဟူ၍သာ ကြားဖူးလေသည်။ ထိုသို့သောအရိုးပြုတ်ဟင်းရည်များကို စွပ်ပြုတ်အဖြစ် သီးသန့်သောက်သုံးနိုင်ကြောင်းကို သူ မသိခဲ့ပေ။ စုနွမ်နွမ်က အိုးအဖုံးကို ဘေးတွင်ချထားပြီး အငွေ့ရနံ့ကိုရှူရှိုက်ရင်း ပျော်ရွှင်မှုဖြင့် ယစ်မူးနေသကဲ့သို့ ရပ်နေခြင်းကို သူမြင်လိုက်ရလေသည်။
"နည်းနည်းအေးသွားရင် အပေါ်ကဆီကိုခပ်ထုတ်ပြီး သောက်လို့ရပြီ… ဟမ့်… ဒါကို ကျွန်မတို့ နှစ်ရှီချန် (၄ နာရီ) လောက်ပြုတ်ထားရတာ…"
သွမ့်ထင်ရွှမ်းက ယခုချက်ချင်းပင် သောက်ချင်စိတ်ပြင်းပြနေသော်လည်း ခဏကြာမျှ ချိန်ဆပြီးနောက် သူ၏အထူးကွန်ဖူးစွမ်းရည်များက သူ့လျှာကို ပွက်ပွက်ဆူနေသောဟင်းရည်ပူ၏ ဒဏ်မှ ကာကွယ်နိုင်မည်လားကို စမ်းသပ်ရန် အဆင်သင့်မဖြစ်သေးဟုသာ ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူက စုနွမ်နွမ်၏နောက်မှ လိုက်ကာ မီးဖိုချောင်မှ ထွက်လာခဲ့ရတော့သည်။
ပထမဆုံးအကြိမ်အဖြစ် လင်မယားနှစ်ယောက်က ထမင်းစားပွဲတွင် ငြိမ်းချမ်းစွာ ထိုင်နေကြလေသည်။ သွမ့်ထင်ရွှမ်းက စစ်ဖျင်နှင့် ဟုန်လျန်တို့က ကြွက်ထောင်ချောက်များနှင့် ပြားချပ်နေသောပဲများကို စုသိမ်းနေကြခြင်းကိုမြင်ပြီးနောက် သူ၏ပျော်ရွှင်နေသောစိတ်အခြေအနေက မှောင်မိုက်သွားရသည်။ ထို့နောက် သူက အံကြိတ်ရင်း ပြောလိုက်လေသည်။
"မင်း တကယ်ကို နှလုံးသားမရှိဘူး… ဝင်ပေါက်ရှေ့မှာ ပဲတွေကြဲရုံနဲ့တင် အားမရလို့ ကြွက်ထောင်ချောက်တွေပါ ထောင်ထားသေးတယ်… မင်းငါ့ကို ဒီလောက်တောင်မုန်းနေတာလား…"
"ရှင်က ကျွန်မကို ဆွဲဆောင်နိုင်စွမ်း တစ်ခုခုရှိနေသေးတယ်လို့ မျှော်လင့်ထားတာလား…"
စုနွမ်နွမ်က ထိုလူရှုပ်ကို ဘေးစောင်းကြည့်လိုက်သည်။
"အမှန်အတိုင်းပြောရရင် ကျွန်မက ဒူးလေးတွေပါ အတန်းလိုက် စီထားချင်ခဲ့တာ… ဒါပေမယ့် နောက်ဆုံးတော့ ကြွက်ထောင်ချောက်တွေပဲ သုံးဖြစ်သွားပါတယ်… ရှင် ကျေးဇူးတင်သင့်တယ်နော်… မဟုတ်ရင် ရှင် ဒီနေရာကို ခြေချလိုက်တဲ့အချိန်မှာ ဖြူကောင် ဖြစ်သွားမှာလေ…"
"ကျစ်…"
သွမ့်ထင်ရွှမ်းက မထီမဲ့မြင်ပြုံးလိုက်တော့သည်။
"မင်းက စာအုပ်တွေသုံးပြီး လေးနဲ့မြားလုပ်ဖို့ကြံစည်နေတာလား… မင်းကြံစည်လို့ရနိုင်ပေမယ့် ဒီအိပ်မက်ကို အမှန်တကယ်ဖြစ်မြောက်အောင်လုပ်နိုင်တဲ့စွမ်းရည် မင်းမှာတကယ်ရှိလို့လား… ငါတောင်မှ ခိုင်ခံ့တဲ့လေးနဲ့မြား သုံးစုံပဲပိုင်ဆိုင်ထားတာ… အဲဒါတောင် ဒါတွေက နန်းတော်ကလက်ဆောင်တွေ…"
သူက ပြောနေစဉ်တွင်ပင် အလွန်စိတ်ပျက်သွားရသည်။
“မင်း ငါ့ကို ဒီလောက်အထိမုန်းနေဖို့ တကယ်လိုအပ်လို့လား… ငါမင်းကို ဘာဆိုးဆိုးဝါးဝါးမှ မလုပ်ခဲ့ပါဘူး… ဟွန့်…”
"ရှင်က ဘာပြောချင်နေတာလဲ…"
စုနွမ်နွမ်က ဤမိမိကိုယ်ကိုယ်မသိသောလူရှုပ်လူပွေကို မျက်လုံးကျဉ်းမြောင်းကာ ဘေးစောင်းကြည့်လိုက်လေသည်။
"ရှင်က ကျွန်မတို့သုံးယောက်ကို ဒီမေယွဲ့အိမ်တော်ထဲပစ်ချလိုက်တာက ကျွန်မတို့ကို ကိုယ့်စွမ်းရည်နဲ့ကိုယ် ရှင်ချင်ရှင် သေချင်သေဖို့ စွန့်ပစ်တာမဟုတ်ဘူးလို့ ပြောရဲတယ်ပေါ့လေ… ကျွန်မငတ်ပြီးသေတော့မလို ဖြစ်ခဲ့တယ်ဆိုတာ ရှင်သိလား… ငရဲမင်းရဲ့လက်ဆောင်သာမရှိရင် ရှင်က ကျွန်မကို ဒီလောက်ကောင်းကောင်း ဆက်ဆံမှာတဲ့လား…"
"ဟမ့်… ရှင်က တကယ်တော့ ကျွန်မတို့ကို ကွာရှင်းစာချုပ်ပေးဖို့လာတာ မဟုတ်ဘူးလား… သခင်မယွင်က ကျွန်မလက်ထဲမှာ ဒီလောက်နစ်နာခဲ့ရမှတော့ သူကဒီအတိုင်းထားမှာတဲ့လား… ကျွန်မက ကန်ထုတ်ခံရတော့မှာလေ… ဒါဖြင့် ကျွန်မက ဘာကို ထပ်ကြောက်စရာလိုသေးလဲ… ရှင့်ကိုမထိခိုက်အောင်တားဆီးပေးတဲ့ ကျွန်မရဲ့ကြင်နာတဲ့နှလုံးသားကို ရှင် ကျေးဇူးတင်သင့်တယ်… မဟုတ်ရင် ကျွန်မ ကြွက်ထောင်ချောက်တွေနဲ့တောင် ဒုက္ခခံနေမှာမဟုတ်ဘူး… စဉ်းစားကြည့်လေ… ရှင့်အတွက် အရိုးစွပ်ပြုတ်ထဲကို ကြွက်သတ်ဆေးထည့်လိုက်ရင် ဘာဖြစ်သွားမလဲဆိုတာကို…"
"ကြွက်သတ်ဆေး ဟုတ်လား… မိန်းကလေး… မင်းက ကိုယ့်ယောက်ျားကိုသတ်ဖို့တောင် စဉ်းစားရဲတယ်ပေါ့…"
သွမ့်ထင်ရွှမ်းက ခုန်ထလိုက်သည့်အခါ စုနွမ်နွမ်က သူမ၏လက်ကို ပျင်းရိစွာဝှေ့ယမ်းနေခြင်းကို တွေ့လိုက်ရလေသည်။
"စိတ်အေးအေးထားပါ… စိတ်အေးအေးထားပါ… ကျွန်မက လျှောက်ပြောနေတာပါ… တကယ်မလုပ်ခဲ့ဘူး မဟုတ်လား…"
"ဟမ့်… အမှန်တော့ ရှင့်လိုလူရှုပ်လူပွေတစ်ယောက်အတွက် အဖိုးတန်အရိုးစွပ်ပြုတ်တစ်အိုးလုံးကို ဖြုန်းတီးပစ်ဖို့ ကျွန်မတကယ်ကို နှမြောမိပါတယ်… ဒါကြောင့်ပဲ ကျွန်မတို့ ကြွက်ထောင်ချောက်တွေနဲ့ အဆုံးသတ်သွားတာ… ဪ ဟုတ်သား… ရှင်က ကျွန်မတို့ကို ကွာရှင်းစာချုပ်ပေးဖို့လာတာ မဟုတ်ဘူးလား… ကြည့်ကြရအောင်… ကျွန်မကြားတာတော့ ကျွန်မရဲ့အရှင်က စာပေရော သိုင်းပညာရော ကျွမ်းကျင်တယ်ဆို… ရှင့်ရဲ့လက်ရေးကို ကျွန်မကြည့်ပါရစေဦး…"
"ဘာကွာရှင်းစာချုပ်လဲ…"
သွမ့်ထင်ရွှမ်း၏မျက်နှာက မကောင်းတော့ပေ။
"ဒီလိုကိစ္စမျိုးကို အမှန်လို့ သတ်မှတ်မထားပါနဲ့… ရှုရန်ယွင်က ငါ့ကိုစကားနည်းနည်းပြောခဲ့တာ မှန်တယ်… ဒါပေမယ့် အဲဒါက မင်းကိုကွာရှင်းတာနဲ့ ဘာမှမဆိုင်ဘူး… မင်းရဲ့သာမန်စိတ်နဲ့ တော်ဝင်အမျိုးသမီးတစ်ယောက်ရဲ့ အတွေးကို ခန့်မှန်းဖို့မကြိုးစားနဲ့…"
🍲🍲