🍲Chapter 26
သွမ့်ဝူ (နဂါးလှေပွဲတော်)
"သခင်မ… ဒီဆံထိုးလေးက တကယ်လှတာပဲ… ကျွန်မ ဒါမျိုးတစ်ခါမှမမြင်ဖူးဘူး… အရှင်က သခင်မကို အခုလေးတင် လက်ဆောင်ပေးလိုက်တာလား…"
ကိုယ်လုပ်တော်ကျန်းက လှပစွာဆင်ယင်ထားပြီး မှန်ရှေ့တွင် ကိုယ့်အလှကိုယ်ငေးမောနေသော ရှုရန်ယွင်ကို မော့ကြည့်ရင်း ပြုံးကာပြောလိုက်လေသည်။
ထင်ထားသည့်အတိုင်းပင် ဤချီးကျူးစကားက ရှုရန်ယွင်၏ နှလုံးသားထဲသို့ တည့်တည့်ရောက်သွားပြီးနောက် သူမကပြုံးကာ ပြောလိုက်တော့သည်။
"ဟုတ်တယ်… သူက တစ်နေ့က ငါ့အတွက် ဒါကို ယူလာပေးတာ… နဂါးလှေပွဲတော်ရောက်ပြီဆိုတော့ ငါ့ကို ဒါလေး ဝတ်စေချင်လို့တဲ့… လှတာပေါ့… ဒါပေမယ့် သူ့တန်ဖိုးက လှတာတစ်ခုတည်းအပေါ်မှာပဲ မဟုတ်ဘူး… ဒီရွှေပန်းအလွှာအထပ်တွေကို ကြည့်လိုက်စမ်း… ရွှေသီးသန့်ရဲ့ဈေးကတစ်မျိုး… လက်မှုပညာ… ဒီပစ္စည်းတစ်ခုအတွက် စိုက်ထုတ်ထားတဲ့ အပင်ပန်းခံမှု… ဒီဆံထိုးကို သာမန်ဈေးနှုန်းတစ်ခုနဲ့ တန်ဖိုးဖြတ်လို့ရမယ်လို့ နင်ထင်လို့လား…"
"ပြီးတော့ ရွှေပန်းပွင့်တွေက ကျွမ်းကျင်တဲ့လက်မှုပညာပေမယ့် ဘာမှမပိုသေးပါဘူး… အဖိုးတန်ဆုံးပစ္စည်းကတော့ ဆံထိုးအလယ်က ဒီလက်ရာမြောက်တဲ့ ပုလဲလေးပဲ… အရမ်းကြီးပြီး ချောမွေ့လိုက်တာ… အနည်းဆုံး ငွေလျန်တစ်ရာမပေးရဘဲနဲ့တော့ ဒါမျိုးရနိုင်မှာမဟုတ်ဘူး…"
ရှုရန်ယွင် အလွန်ပျော်ရွှင်နေခြင်းကို မြင်သောအခါ ကိုယ်လုပ်တော်ကျန်းက သခင်မယွင်ကို ပိုပြီးကျေနပ်အောင် ကြိုးစားအားထုတ်လိုက်လေသည်။ ရုတ်တရက် အစေခံများက အခန်းအပြင်ဘက်မှ လှမ်းခေါ်ကာ သခင်လေးနှစ်ယောက်လုံး ပြင်ဆင်ပြီးဖြစ်ကြောင်းနှင့် နောက်ထပ်ညွှန်ကြားချက်များ တောင်းခံနေကြောင်း ပြောလေသည်။
"သခင်မ… ကျွန်မတို့ အခုသွားကြရတော့မလား… အဘွားသခင်မကြီးက လူအများကြီးနဲ့နေရတာကို အမြဲတမ်း ကြိုက်တယ်… ကျွန်မတို့ နောက်ကျသွားရင် မကောင်းဘူး…"
ရှုရန်ယွင်က ခေါင်းညိတ်လိုက်ပြီးနောက် ကိုယ်လုပ်တော်ကျန်းနှင့်အတူ ထွက်ခွာသွားလေသည်။ သူမက သွမ့်မောက်မင်နှင့် သွမ့်မောက်ချွမ်းနှစ်ယောက်လုံးတို့ သပ်သပ်ရပ်ရပ်ဖြစ်နေခြင်းကို မြင်သောအခါ သူမက လေးဘက်လေးတန်ကို တမင်တကာ လှည့်ပတ်ကြည့်ရှုလိုက်လေသည်။ ထို့နောက် အစောင့်များ၊ မက်မွန်ပင်များနှင့် အရာအားလုံး နေရာတကျရှိနေခြင်းကို မြင်ပြီးမှသာ သူမ၏အစေခံများကို စုစည်းကာ အဘွားသခင်မကြီးနေထိုင်ရာ မြောက်ဘက်ပိုင်းသို့ ထွက်ခွာခဲ့တော့သည်။
သူမတို့က ရွှယ်ကျိလန်က သူမ၏သားနှစ်ယောက်ဖြစ်သော သွမ့်မောက်ဖန်နှင့် သွမ့်မောက်စန်းတို့ကို ခေါ်ဆောင်လာပြီး သူမ၏ဘေးတွင်လည်း လှပသော ကိုယ်လုပ်တော်ကျင်း ရပ်နေခြင်းနှင့် တိုက်တိုက်ဆိုင်ဆိုင်ပင် ကြုံတွေ့လိုက်သည်။ အလှပဂေးနှစ်ယောက် ဘေးချင်းယှဉ်ရပ်နေခြင်းက တစ်ယောက်က မက်မွန်ပန်း၊ သစ်တော်ပန်းကဲ့သို့ တောက်ပလှပပြီး၊ နောက်တစ်ယောက်ကမူ ကျက်သရေရှိသော သစ်ခွပန်းတစ်ပွင့်နှယ် သိမ်မွေ့လှရာ၊ မျက်စိနှင့်စိတ်ကို ပသာဒဖြစ်စေသော မြင်ကွင်းတစ်ခုကို ဖန်တီးပေးနေတော့သည်။
ရှုရန်ယွင်ကိုယ်တိုင်ကလည်း တော်တော်လေးချောမောလှပသူဖြစ်သော်လည်း ဤထူးချွန်ပြောင်မြောက်သော ကျက်သရေနှင့် အလှတရားနှစ်ခုရှေ့တွင် သူမက အားငယ်စိတ်ဝင်သွားရသည်။ မနာလိုမှုနှင့် မုန်းတီးမှုတို့က သူမ၏နှလုံးသားထဲတွင် ကြီးထွားလာသော်လည်း သူမ၏မျက်နှာပေါ်တွင် အပြုံးက ရှိနေဆဲပင်။
"အို… ညီမလေးယွီကို မတွေ့ပါလား…"
ရွှယ်ကျိလန်၏ အပြုံးက ရှက်ကိုးရှက်ကန်းနှင့် နူးညံ့သိမ်မွေ့လှလေသည်။ သူမက တိုးညင်းသောအသံဖြင့် ပြန်ပြောလေသည်။
"လွန်ခဲ့တဲ့နှစ်ရက်လောက်က သူနေသိပ်မကောင်းဘူးလေ… အအေးမိသွားတာ ဖြစ်နိုင်တယ်… ကျွန်မက အထိန်းတော်ကို သူ့ကိုဂရုစိုက်ဖို့နဲ့ အိမ်အပြင်မထွက်ခိုင်းဖို့ မှာထားခဲ့တယ်… စကားမစပ်… ညီမလေးချင်ရော ဘယ်မှာလဲ… သူဘာလို့ဒီမှာမရှိတာလဲ… သူလည်းနေမကောင်းဘူးလား…"
"မဟုတ်ပါဘူး… မဟုတ်ပါဘူး… ဖြစ်နိုင်တာက သူ ညက စောင်ကို ကန်ချမိပြီး အအေးမိသွားတာနေမှာပေါ့… အခုတော့ ဝမ်းနည်းနည်းလျှောနေတယ်လေ…"
နှစ်ယောက်သား ပေါ့ပေါ့ပါးပါး စကားစမြည်ပြောရင်း၊ ဘေးချင်းယှဉ်ကာ ပခုံးချင်းလုနီးပါးထိလျက် လျှောက်လှမ်းနေကြရင်း၊ တစ်ယောက်၏အဝတ်အစားနှင့် အသုံးအဆောင်များကို တစ်ယောက်က လျှို့ဝှက်စွာ သုံးသပ်ကာ၊ တစ်ယောက်ချင်းစီရရှိသော ချစ်ခင်မှုကို တွက်ချက်နေကြတော့သည်။ သွမ့်ထင်ရွှမ်းက အမှန်တွင် တော်တော်လေး တရားမျှတပေသည်။ သူ့ဇနီးများနှင့် ကိုယ်လုပ်တော်များအားလုံး တစ်ယောက်ချင်းစီအတွက် လက်ရာမြောက်သော အသုံးအဆောင်တစ်ခုစီ လက်ဆောင်ရရှိကြသည်။ အသုံးအဆောင်တစ်ခုချင်းစီတွင်လည်း ၎င်း၏ကိုယ်ပိုင်အထူးလက္ခဏာများ ရှိကြပေသည်။ ရွှယ်ကျိလန်၏ခေါင်းပေါ်မှ ဖီးနစ်ဆံထိုးက ရှုရန်ယွင်၏ခေါင်းပေါ်မှ ရွှေပန်းပွင့်ဆံထိုးနှင့် နှိုင်းယှဉ်လျှင် အနည်းငယ်နိမ့်ကျဟန်ပေါ်လေသည်။ ကိုယ်လုပ်တော်ကျင်း၏ခေါင်းပေါ်မှ ကျောက်စိမ်းဆံထိုးကမူ တရားဝင်ဇနီးနှစ်ယောက်ပိုင်ဆိုင်သော ပစ္စည်းများနှင့် တန်ဖိုးအရ မယှဉ်နိုင်သော်လည်း၊ ရွေးချယ်ထားသော ပုံစံက သူမ၏ လွတ်လပ်ပြီး တိတ်ဆိတ်ငြိမ်သက်သော သဘာဝနှင့် ပို၍လိုက်ဖက်ပေသည်။
သူက တကယ့်ကို ကာမဂုဏ်လိုက်စားတဲ့သူပဲ…
ဤသည်က သွမ့်ထင်ရွှမ်းနှင့်ပတ်သက်လာလျှင် မိန်းမအားလုံး၏ အမြင်ဖြစ်ပေတော့သည်။ သဘာဝအတိုင်းပင် ၎င်းက ချီးကျူးစကားမဟုတ်ပေ။ သို့သော်လည်း ယခု သူက သူမတို့၏ခင်ပွန်းဖြစ်နေသောအခါ မိန်းမများအတွက် မျက်နှာသာရရန် အချင်းချင်း ပေါ်ပေါ်ထင်ထင် သော်လည်းကောင်း သို့မဟုတ် လျှို့ဝှက်စွာ သော်လည်းကောင်း တိုက်ခိုက်ကြခြင်းက သဘာဝကျပေသည်။ သူ၏ချစ်ခင်မှုကို တစ်ဦးတည်း မပိုင်ဆိုင်နိုင်သောအခါ သူတို့က အံကြိတ်ပြီး လျှို့ဝှက်စွာ ကျိန်ဆဲရင်းသာ သဟဇာတရှိသော ဆက်ဆံရေးပုံစံကို ဟန်ဆောင်နေကြရသည်။
တစ်ချိန်တည်း၌ပင် အရေးကြီးသောလူများ၏အမြင်တွင် မိမိကိုယ်ကိုယ် ပိုမိုအသာရအောင်လုပ်ရင်း၊ အခြားသူများကို လိမ္မာပါးနပ်စွာ နှိမ့်ချရန် ပန်းမန်ကဲ့သို့ လှပသောစကားလုံးများကို အသုံးပြုကြရသည်။
သူမတို့ အဘွားသခင်မကြီး၏ အိမ်တော်ခြံဝင်းသို့ရောက်သောအခါ သခင်မကြီးယန်က ထိုနေရာသို့ ရောက်နှင့်နေပြီဖြစ်ခြင်းကို တွေ့လိုက်ရတော့သည်။ သူမဘေးတွင် ထိုင်နေသူက သက်လတ်ပိုင်းအရွယ် သခင်မမေ့၊ သခင်ကြီးသွမ့်၏ ဒုတိယဇနီးဖြစ်ပေတော့သည်။ သူမ၏အမည်က လျိုမင်ဖြစ်ပြီး သခင်ကြီးသွမ့်၏ ညီမဝမ်းကွဲတော်စပ်သူလည်း ဖြစ်ပေသည်။ မိသားစုက သူမကို မင်ထိုက်ထိုက်ဟု ခေါ်ကြလေသည်။
သူ့သားလူရှုပ်နှင့်မတူဘဲ အိမ်တော်သခင်ကြီး၏ နှလုံးသားက ဤညီမဝမ်းကွဲတစ်ဦးတည်းအတွက်သာ ဖြစ်သောကြောင့် သူနှင့် တရားဝင်ဇနီးမယားကြားက ဆက်ဆံရေးက အလွန်အားနည်းလှသည်။ ၎င်းက သခင်မကြီးယန်က သွမ့်ထင်ရွှမ်း၏ အမွေဆက်ခံသူအဆင့်အတန်းကို လုယူခံရမည်ကို စိုးရိမ်ရခြင်း၏ အဓိကအကြောင်းအရင်းလည်း ဖြစ်သည်။
သို့သော် လက်ရှိတွင် သွမ့်ထင်ရွှမ်း၏ ခိုင်မာသော နိုင်ငံရေးနှင့် နန်းတွင်း အဆက်အသွယ်များက တော်တော်လေး တည်ငြိမ်နေပုံရသောကြောင့် ဒုတိယသခင်လေးသွမ့်က အမွေဆက်ခံသူဖြစ်ချင်သောဆန္ဒကို သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာတွင်သာ ဖုံးကွယ်ထားရလေသည်။
ယခုအချိန်တွင် ဤသူနှင့် သူ့ဇနီး၊ ရှီမျိုးနွယ်တို့က အဘွားသခင်မကြီးနှင့်အတူထိုင်ရင်း သူမကို ချိုသာသောစကားများ ပြောဆိုနေကြလေသည်။ မင်ထိုက်ထိုက်၏ အောက်တွင် ကြောက်ရွံ့ဟန်ရှိသော မိန်းမတစ်ယောက် ရှိလေသည်။ ထိုသူက ကိုယ်လုပ်တော်လင်ဖြစ်ပြီး သူမက အဘွားသခင်မကြီးက သခင်ကြီးအတွက် လက်ဆောင်ပေးထားသော အိပ်ဖော်တစ်ဦးဖြစ်သည်။ သူမက သားတစ်ယောက်နှင့် သမီးတစ်ယောက် မွေးဖွားပေးခဲ့သည်။ နှစ်ဦးစလုံးက သူမ၏ အားနည်းပြီး ကြောက်ရွံ့တတ်သော သဘာဝကို အမွေဆက်ခံထားပြီး ယခုအခါ သူတို့မိခင်၏နောက်တွင် ခေါင်းငုံ့ကာ စကားတစ်ခွန်းမှမပြောဘဲ ရပ်နေကြလေသည်။
ရှုရန်ယွင်နှင့် ရွှယ်ကျိလန်တို့ ရောက်ရှိလာသောအခါ ပတ်ဝန်းကျင်က ချက်ချင်းပင် ပိုမိုစည်ကားလာတော့သည်။ သခင်မများက ခဏကြာ စကားစမြည်ပြောကြရင်း တစ်ယောက်ချင်းစီက ကောင်းကင်ကို အကဲခတ်နေကြလေသည်။ နောက်ဆုံးတွင် အဘွားသခင်မကြီးက မျက်မှောင်ကြုတ်ကာ ပြောလိုက်လေတော့သည်။
"ဘာလို့ ရွှမ်းအာက အခုထိမလာသေးရတာလဲ… ဒီနေ့က နဂါးလှေပွဲတော်လေ… အစိုးရရုံးတောင် ပိတ်ထားတာ… သူက သူတို့ထက် ပိုအလုပ်များနေနိုင်လို့လား…"
သွမ့်ထင်ယဲ့၏ မျက်လုံးများက အခန်းကို ဝေ့ကြည့်လိုက်ရာ အကြည့်က အနည်းငယ်မှိန်ကျသွားပုံရသော်လည်း တကယ်တမ်းတွင် သူ၏ မျက်ဝန်းများထဲ၌ လျှို့ဝှက်သောအလင်းတန်းတစ်ခု ရှိနေခဲ့သည်။ ဤအချိန်တွင် ရှီမျိုးနွယ်က ပြုံးကာပြောလိုက်လေသည်။
"အစ်ကို မကြာခင်ရောက်လာမှာ သေချာပါတယ်… သူက အဘွားသခင်မကြီးကို အမြဲတမ်း အနာခံဆုံးသူပါပဲ… ဒါကလည်း အဘွားသခင်မကြီးက သူ့ကို ဂရုအစိုက်ဆုံးကိုး… စိတ်ချလက်ချနေပါ… ဒီလိုအရေးကြီးတဲ့ ပွဲတော်နေ့မျိုးမှာ သူဘယ်လိုပဲဖြစ်ဖြစ် လာမှာသေချာပါတယ်… သူဘယ်လောက်ပဲ အရေးကြီးတဲ့ကိစ္စနဲ့ အလုပ်များနေပါစေ အဘွားသခင်မကြီးထက် ပိုအရေးကြီးတာ ဘာမှရှိမှာ မဟုတ်ပါဘူး… သူ မကြာခင်ရောက်လာမှာ သေချာပါတယ်…"
သခင်မကြီးယန်၊ ရှုရန်ယွင်နှင့် ရွှယ်ကျိလန်တို့အားလုံးက ဤမကောင်းသောစိတ်ထားရှိသည့် မိန်းမကို စိုက်ကြည့်လိုက်မိကြသည်။ ထို့နောက် သခင်မယန်က ချွေးမနှစ်ယောက်ဘက်သို့ လှည့်ကာ မေးလိုက်လေသည်။
"ရွှမ်းအာက ဒီနေ့ကိစ္စတစ်ခုခုရှိတယ်လို့ ပြောခဲ့သေးလား…"
ရွှယ်ကျိလန်နှင့် ရွှီရန်ယွင်တို့က ပြိုင်တူ ခေါင်းခါလိုက်ကြပြီးနောက် သူမတို့နှစ်ဦးစလုံးက ကိုယ်လုပ်တော်ကျင်းနှင့် ကိုယ်လုပ်တော်ကျန်းဘက်သို့ ကြည့်လိုက်ကြသည်။ သူမတို့၏ အမူအရာကင်းမဲ့သော မျက်နှာများကို မြင်သောအခါ ရှုရန်ယွင်က မျက်မှောင်ကြုတ်ကာ အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။
"ဒါက ဘာဖြစ်နေတာလဲ… သခင်က အိပ်ဖော်တစ်ယောက်ယောက်ရဲ့နေရာမှာ အနားယူခဲ့တာများလား…"
အိပ်ဖော်အဖြစ် ခစားသောအစေခံများက သူမတို့လေးယောက်လို ကိုယ်ပိုင်အိမ်တော် မရှိသောကြောင့် သွမ့်ထင်ရွှမ်းသာ အမှန်တကယ် အိပ်ဖော်တစ်ယောက်၏အခန်းတွင် အိပ်ခဲ့ပါက သူမတို့ လေးယောက်ထဲမှ မည်သူမျှ သိမည်မဟုတ်ပေ။ သို့သော် ဤအချိန်တွင် မျက်လုံးများကို လျင်မြန်စွာ လှစ်ခနဲလှစ်ခနဲလုပ်ကာ အချက်အလက်ဖလှယ်ပြီးနောက် ရှုရန်ယွင်က သူမ မှားယွင်းစွာ ခန့်မှန်းမိပြန်ကြောင်းကို တွေ့ရှိလိုက်ရတော့သည်။
"ဒါက ဘာအဓိပ္ပာယ်လဲ… သခင်က ငါတို့နေရာမှာ အနားမယူခဲ့ဘူးဆိုတဲ့သဘောလား… ဒါဆို သူက ဘယ်သွားတာလဲ…"
သူမသာ ပုံရိပ်မကောင်းမည်ကို မစိုးရိမ်မိလျှင်၊ ရှုရန်ယွင်က အကျယ်ကြီးအော်ဟစ်လိုက်မည်သာ ဖြစ်လေတော့သည်။ သွမ့်ထင်ရွှမ်းက ကာမဂုဏ်လိုက်စားသူဖြစ်သော်လည်း သူ့ကိုယ်ပိုင်အိမ်တော်တွင် လှပသောမိန်းမများစွာ ရှိနေခြင်းကြောင့် ဆောင်ကြာမြိုင်များသို့ သွားလေ့မရှိပေ။ ထို့ကြောင့် သူ ညဘက်မလာသည့်အချက်က သူမတို့ကို စိုးရိမ်စေမိသည်။
ရှုရန်ယွင်နှင့် ရွှယ်ကျိလန်တို့၏ မျက်နှာများက ဤကိစ္စအတွက် စိုးရိမ်ရင်း မနှစ်မြို့ဖွယ်ဖြစ်လာတော့သည်။ သဘာဝအတိုင်းပင် ဤအပြန်အလှန်အမူအရာများက လျိုမင် သော်လည်းကောင်း သို့မဟုတ် သွမ့်ထင်ယဲ့လင်မယားတို့၏ မျက်လုံးများမှ သော်လည်းကောင်း မလွတ်မြောက်ခဲ့ပေ။ ရှီမျိုးနွယ်က ချက်ချင်းပင် အခွင့်အရေးယူကာ ပြုံးပြီးပြောလိုက်တော့သည်။
"ဘာဖြစ်တာလဲ… အစ်ကိုက မနေ့ညက အိမ်မပြန်ခဲ့ဘူးလား… ဒါက တော်တော်ထူးဆန်းတာပဲ… ပြီးတော့ သူက ရှင်တို့ကို သတင်းစကားတောင် မပို့ခဲ့ဘူးလား… သူက ရှင်တို့ကို ဒီလောက်စိတ်ပူအောင်လုပ်တာက တာဝန်မဲ့လွန်းတာပဲ…"
"တော်တော့… စကားဆိုတာ နည်းလေ ကောင်းလေပဲ… မင်းအစ်ကိုရဲ့ကိစ္စက မင်းဝင်စွက်ဖက်သင့်တဲ့အရာလား…"
လျိုမင်က ပျော်ရွှင်မှုများပြည့်နေသော မျက်လုံးများဖြင့် သူမကို ညင်သာစွာ ဆူလိုက်ပြီးနောက် သခင်မယန်ဘက်သို့ စိတ်ရင်းအမှန်ဖြင့် ပြောဟန်ဖြင့် လှည့်ပြောလိုက်တော့သည်။
"ဒါပေမယ့် အရင်အကြောင်းအရာကို ပြန်ဆက်ရရင်၊ ကျင်းချန်မြို့ထဲက အခြေအနေတွေက မကောင်းဘူးထင်တယ်… ရွှမ်းအာက အမြဲတမ်း သူ့ကိုယ်ပိုင်အတွေးအခေါ်နဲ့ လည်ပတ်ပြီး ဒီနှစ်တွေမှာ အပြောအဆိုလွတ်အောင် နေနိုင်ခဲ့တယ်… အားလုံးရဲ့ မျှော်လင့်ချက်တွေကို ဘယ်တော့မှ မပျက်ကွက်စေခဲ့ပါဘူး… ကံမကောင်းစွာနဲ့ပဲ၊ ဒီလောကမှာက တခြားသူတွေကို သူတို့အဆင့်အတန်းထိ ဆွဲချချင်တဲ့လူတွေက အများကြီးရှိတယ်… သူက မိတ်ဆွေဖွဲ့ရတာကြိုက်တဲ့အမျိုးအစားဆိုတော့ သူသာ အပေါင်းအသင်းမှားသွားရင် အရမ်းဆိုးမှာပဲ… အစ်မက သူ့ကို နည်းနည်းပိုထိန်းချုပ်သင့်တယ်… သူဘယ်လောက်ပဲ ရင့်ကျက်နေပုံပေါက်ပါစေ သူက ကလေးပါပဲ… လူငယ်လေးတစ်ယောက်ပဲလေ…"
"ဒုတိယအမေရဲ့ စိုးရိမ်ပေးမှုအတွက် ကျေးဇူးတင်မိပါတယ်… နန်းတွင်းအရာရှိတစ်ယောက်အနေနဲ့၊ ကျွန်တော်ပြောသမျှစကားနဲ့ လုပ်သမျှအလုပ်တိုင်းက နန်းတွင်းကို ကိုယ်စားပြုတဲ့အတွက်၊ ကျွန်တော် မိတ်ဆွေတွေကို မဆင်မခြင်မဖွဲ့ရဲပါဘူး… ဒုတိယအမေက ဒီအကြောင်းကို တကယ်စိုးရိမ်နေမိမှာပဲ… ပြီးတော့ ဒုတိယညီကိုလည်း အရမ်းအနီးကပ်စောင့်ကြည့်နေခဲ့မှာပဲ… ဒီလိုဆိုမှတော့ ဒုတိယညီက ဒီအိမ်တော်ကြီးကို တော်တော်လေးကောင်းကောင်း စီမံခန့်ခွဲနိုင်တာကို ဒုတိယအမေ သတိထားမိမှာပါ… ဒါပေမယ့် ဒုတိယအမေက သူ့ကို အပြင်မှာ အဆက်အသွယ်လုပ်ခွင့်မပေးသေးဘူးလား… ဒုတိယအမေ သူ့ကို သိပ်မထိန်းချုပ်သင့်ပါဘူး… ဒုတိယအမေက သူ့ကို ဘယ်လောက်ပဲ ကလေးလို့ထင်နေပါစေ၊ သူက အသက်နှစ်ဆယ်ရှိတဲ့ ယောက်ျားတစ်ယောက်ပါ… ကလေးမဟုတ်တော့ပါဘူး…"
ဝင်ပေါက်မှ သာယာကြည်လင်ပြီး နားထောင်ကောင်းသော အသံတစ်ခုက ထွက်ပေါ်လာလေတော့သည်။ ဤအသံနှင့်အတူ သွမ့်ထင်ရွှမ်းက တံခါးမှဝင်လာလေသည်။ သူနှင့်အတူ စစ်ဖျင်၊ ရွှမ်းရှီး၊ ဟုန်လျန်နှင့် ရှန်းယွင်တို့ပါလာပြီး တစ်ယောက်ချင်းစီက အစားအစာဘူးများ ကိုယ်စီ ကိုင်ဆောင်ထားကြလေသည်။
"မင်း ဘယ်သွားနေတာလဲ…"
အဘွားသခင်မကြီးက သူမ၏အချစ်ဆုံးမြေးကို မြင်သောအခါ သူမဘေးတွင် ထိုင်နေဆဲဖြစ်သော လျိုမင်၊ သွမ့်ထင်ယဲ့နှင့် ရှီမျိုးနွယ်တို့၏ မနှစ်မြို့ဖွယ်မျက်နှာများကို လျစ်လျူရှုလိုက်တော့သည်။ ထို့နောက် သူမက သူ့ကို အနားသို့ အမြန်လာရန် လက်ယပ်ခေါ်လိုက်လေသည်။ ထိုအခါ သွမ့်ထင်ရွှမ်းက ပြုံးရုံသာပြုံးပြီး ပြောလိုက်လေသည်။
"အခု နဂါးလှေပွဲတော်ဖြစ်ပြီး ရာသီဥတုကလည်း ပိုပူလာပြီ… အဘွားက အပူကို အမြဲမကြိုက်ဘူး… ဘာလို့လဲဆိုတော့ အားအင်ကုန်ခမ်းစေလို့လေ… ဒါကြောင့် ဒီမြေးက အဘွားအတွက် အထူးအရသာရှိပြီး အထူးအာဟာရဖြစ်တဲ့ စွပ်ပြုတ်နဲ့ တချို့အရာလေးတွေကို ယူလာခဲ့ပါတယ်…"
"အို… ဒါဆို မင်းက ငါ့အတွက် အံ့ဩစရာလက်ဆောင်ရှိတယ်ပေါ့…"
အဘွားသခင်မကြီးက အလွန်ပျော်ရွှင်သွားပြီးနောက် သူမက ခေါင်းညိတ်ကာ ဆက်ပြောလေသည်။
"ဒီအဘွားကြီးကတော့ မင်းရဲ့စေတနာကောင်းအတွက် တကယ်ပဲ ပျော်မိပါတယ်… ဒီနှစ်က ထူးထူးခြားခြားကို ပူတယ်… ငါဘာမှစားချင်စိတ်ကို ရှိမနေဘူး…"
သွမ့်ထင်ရွှမ်းက အမြန်ပြုံးကာ ပြောလိုက်သည်။
"အိုး မဟုတ်ပါဘူး… ဒါက ကောင်းတဲ့အရာလား ဆိုးတဲ့အရာလားဆိုတာ ကျွန်တော်တို့ မသိသေးပါဘူး… ကျွန်တော် ဒီအရာလေးအတွက် အားစိုက်ထုတ်ထားရတယ်… ဒါပေမယ့် အဘွားက ရိုးရိုးသားသား အကဲဖြတ်ပေးမယ်လို့ ကတိပေးရမယ်နော်… ပြီးတော့ မကြိုက်ရင်တော့ ကျွန်တော့်ကို အပြစ်ပေးလိုက်ပါ…"
ရှုရန်ယွင်က သူမ၏ခင်ပွန်း ဤသို့ပြောခြင်းကိုမြင်သောအခါ ပြုံးရင်း အမြန်ဝင်ပြောလိုက်သည်။
"အရှင့်ရဲ့ စေတနာကောင်းဖြစ်မှတော့၊ အဘွားသခင်မကြီးက နည်းနည်းတော့ မြည်းကြည့်သင့်ပါတယ်… အရသာရှိရှိမရှိရှိ၊ အဘွားက မကောင်းဘူးလို့ပြောရင်၊ အရှင်က အဘွားရဲ့အပြစ်ပေးတာကို လက်ခံမှာ မဟုတ်ဘူးလား… ဒီရက်ပိုင်း အဘွားက သူ့ရဲ့ နဂါးဖီးနစ် ကျောက်စိမ်းပြားကို သဘောကျနေတာပဲ… သူ့ကို အဲဒါနဲ့ပဲ အဘွားကို ချော့ခိုင်းလိုက်ပါ…"
အဘွားသခင်မကြီးက ပို၍ပျော်ရွှင်လာပြီးနောက် သူမက စနောက်ကာ ကျိန်ဆဲလိုက်လေသည်။
"ဟမ့်… နင်က ဒီလိုပြောပြီးမှတော့ ငါက ဘာလုပ်နိုင်မှာလဲ… ဒီအဘွားကြီးက မြေးတစ်ယောက်ရဲ့ ပစ္စည်းကို ဘယ်လိုလုပ် လောဘတက်နိုင်မှာလဲ… လူတိုင်းက ငါ့ကို သူ့အဖိုးတန်ပစ္စည်းတွေယူဖို့ ကြံစည်နေတာကလွဲပြီး ဘာမှလုပ်စရာမရှိဘူးလို့ ထင်ကုန်ကြမှာပေါ့…"
ရှုရန်ယွင်က ဆက်လက်ပြုံးနေလေသည်။
"အဘွားသခင်မကြီး… ဒီလိုပြောစရာမလိုပါဘူး… ဒါက အရှင့်ရဲ့ မြေးဝတ္တရားရဲ့ တစ်စိတ်တစ်ပိုင်းပဲ မဟုတ်ဘူးလား…"
ဤသို့ပြောပြီးနောက် သူမက ကောင်းကင်ကိုမော့ကြည့်လိုက်ပြီးနောက် သခင်မကြီးယန်ကို ပြောလိုက်လေသည်။
"သခင်မကြီး… အခု မွန်းတည့်နေပြီဆိုတော့ စားဖိုဆောင်ကလည်း အရာအားလုံး ပြင်ဆင်ပြီးလောက်ပါပြီ… ကျွန်မတို့အားလုံး စားကြရအောင်လား…"
ထိုအခါ သခင်မယန်က ပြုံးကာ ခေါင်းညိတ်လိုက်လေသည်။
"မင်းပြောသလိုပဲ လုပ်လိုက်လေ… အစေခံတွေကို ပြင်ဆင်ခိုင်းလိုက်တော့…"
ဤသို့ပြောပြီးနောက် သူမက ဘေးနားမှ အစေခံကို အဘိုးသခင်ကြီးကို ညစာစားရန်ခေါ်ခိုင်းရန် လှည့်လိုက်သော်လည်း အဘွားသခင်မကြီးက ပြောလိုက်ခြင်းကို ကြားလိုက်ရလေသည်။
"မလိုပါဘူး… မင်းတို့ရဲ့ အဘိုးသခင်ကြီးက တိတ်ဆိတ်ငြိမ်သက်တာကို ပိုကြိုက်တယ်… သူက ဘုရားကျောင်းမှာ တာအိုဘုန်းကြီးအိုတွေနဲ့ စစ်တုရင်ထိုးနေလောက်ပြီ… အခုထိပြန်လာဦးမှာ မဟုတ်ဘူး… သူ့ကိုရှာစရာမလိုဘူး… နောက်မှ သူပြန်လာရင် ညစာပေါ့ပေါ့ပါးပါး စားဖို့ ငါ့ကိုလာတွေ့ဖို့သာ သူ့ကိုပြောလိုက်ပါ…"
သခင်မကြီးယန်က အမြန်ပင် လက်ခံလိုက်ရတော့သည်။ ရှုရန်ယွင်၊ ရှီမျိုးနွယ်နှင့် အခြားသူများက စားပွဲများနှင့် ကုလားထိုင်များ ပြန်လည်စီစဉ်ရန် အစေခံများကို စတင်အမိန့်ပေးကြတော့သည်။ ခဏအကြာတွင်၊ အစေခံတစ်ဒါဇင်က တစ်တန်းစီဝင်လာကြပြီးနောက် စားဖိုမှူးများက စေ့စပ်သေချာစွာ ပြင်ဆင်ထားသော အစားအစာဗန်းများကို သယ်ဆောင်လာကြလေသည်။ ထိုအချိန်တွင် အဘွားသခင်မကြီးက ရုတ်တရက် တစ်ခုခုကို သတိရသွားပြီးနောက် သွမ့်ထင်ရွှမ်းဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
"အိုး ဟုတ်သားပဲ… ဧကရီဘုရင်မရဲ့ နဂါးလှေပွဲတော်လက်ဆောင်တွေ ဒီမနက်ကတည်းက ရောက်နှင့်နေပြီ… မင်းရဲ့ဆုလာဘ်ဝေစုကို မင်းအခန်းကို ပို့ပြီးပြီ… ယွင်အာက မင်းအတွက် သိမ်းထားပေးတယ်လို့ ငါထင်တယ်… ငါ့ရဲ့ဆုလာဘ်ဝေစုကိုလည်း ကြည့်ပြီး မင်းကြိုက်တာတွေ့ရင် ယူလိုက်… ဒီမြေးဝတ္တရားလက်ဆောင်အတွက် ကျေးဇူးတင်တဲ့အနေနဲ့ပေါ့…"
🍜🍜