🍲Chapter 19
တိုင်ကြားခြင်း
သွမ့်မောက်ချွမ်းက ခေါင်းညိတ်လိုက်လေသည်။ ကိုယ်လုပ်တော်တစ်ယောက်မှမွေးဖွားလာသည့် သားတစ်ယောက်အနေနှင့် သူက သူ၏သတိကြီးပြီး ကြောက်တတ်သောမိခင်နှင့် အတော်ပင် တူလှပေသည်။ သူက ဖခင်ဖြစ်သူ၏ ချစ်ခင်မှုကို ရရှိခဲ့သော်လည်း သူကိုယ်သူ သခင်လေးတစ်ယောက်ဟု မည်သည့်အခါကမှ မသတ်မှတ်ခဲ့ပေ။ ဤအချက်တွင် သူက သူ့ဖခင်အရင်းထက် သူ့တတိယဦးလေးနှင့် ပို၍တူညီလေသည်။
"အဖေ… ဒီနေ့ အမေ့ကို တစ်ယောက်ယောက်က အနိုင်ကျင့်သွားတယ်…"
သွမ့်မောက်မင်က ရုတ်တရက် ထပြောလိုက်သည်။ သူ့ထက်သုံးလငယ်သော ညီဖြစ်သူနှင့်ယှဉ်လျှင် ဤတစ်ယောက်ကမူ လောကကိုဖျက်ဆီးမည့် နတ်ဆိုးလေးတစ်ပါး၏ လက္ခဏာများရှိနေပေသည်။ သူ၏လူမိုက်ဆန်သောပုံစံက သူ့ဖခင်နှင့်တူလှပေသည်။ ဤကြက်ပေါက်လေးကိုသာ ကောင်းကောင်းမွန်မွန် မပျိုးထောင်နိုင်ခဲ့ပါလျှင် တစ်နေ့နေ့တွင် ဆိုးသွမ်းယုတ်မာမှု၌ သူ့ဖခင်ကိုပင် ကျော်တက်သွားနိုင်သည်ဟု ဆိုနိုင်ပေသည်။
"မင်းအမေကို အနိုင်ကျင့်တယ် ဟုတ်လား…"
သွမ့်ထင်ရွှမ်းက မရယ်ဘဲမနေနိုင်တော့ပေ။ သူက သားနှစ်ယောက်ကို မြေပေါ်သို့ချပေးလိုက်ပြီးနောက် သွမ့်မောက်မင်၏နဖူးကို ဖွဖွခေါက်လိုက်ကာ ပြောလိုက်လေသည်။
"ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ… ဒီအိမ်တော်ထဲမှာ မင်းအမေကို ဘယ်သူက အနိုင်ကျင့်ရဲမှာလဲ… မင်းရဲ့ ဒုတိယအဒေါ်တောင် အဲဒီလိုလုပ်ရဲတဲ့သတ္တိမရှိဘူး…"
"ဒုတိယအဒေါ် မဟုတ်ဘူး…"
သွမ့်မောက်မင်က သူ့နဖူးကိုပွတ်လိုက်သည်။ သူက သူ့ဖခင်အား မကျေမနပ်ကြည့်လိုက်ပြီးနောင် နာကြည်းစွာဖြင့် ပြောလိုက်လေသည်။
"အမေက တစ်နေရာရာကို သွားတယ်… ပြန်လာတဲ့အခါ သူ့နဖူးမှာ အညိုအမည်းတွေဖြစ်နေပြီး ငိုနေတယ်…"
"မင်းသေချာလို့လား…"
သွမ့်ထင်ရွှမ်းက သူ့သား၏အလေးအနက်ထားသော အမူအရာကိုကြည့်ပြီးနောက် ၎င်းတို့က ရင်ထဲကလာသောစကားများဖြစ်ကြောင်း သိလိုက်ရသည့်အခါ ကျောရိုးထဲပင် စိမ့်ခနဲဖြစ်သွားရသည်။ အတွင်းဆောင်ဆိုသည်က အမြဲတမ်းလိုလို အာဏာလုပွဲများနှင့် ပရိယာယ်များပြည့်နှက်နေသောနေရာ ဖြစ်သော်လည်း မည်သို့ပင်ဖြစ်စေ သူတို့အားလုံးက စည်းကမ်းဘောင်အတွင်း၌သာ ကစားခဲ့ကြသည်။
ဘယ်သူကများ ဒီလိုစည်းကမ်းတွေကို ချိုးဖောက်ဖို့ ဆုံးဖြတ်လိုက်ရတာလဲ… ဘယ်မိန်းမယုတ်ကများ ရုတ်တရက်ကြီး ဒီလိုလက်ပါခြေပါဖြစ်ဖို့ ဆုံးဖြတ်လိုက်ရတာလဲ… စက်ဆုပ်စရာကောင်းလိုက်တာ… ဒါက အန်းဖျင်အိမ်တော်… ဘယ်မိန်းမကများ ရုတ်တရက် ရင်ဘတ်မှာအမွှေးပေါက်ပြီး မိုးမြေ ကို ဖီဆန်ချင်နေရတာလဲ…
သူက ထိုအတွေးဝင်လာသည်နှင့် မျက်နှာပေါ်တွင် ထိန်းချုပ်မရနိုင်သော ဒေါသမီးများ တောက်လောင်လာပြီးနောက် သားနှစ်ယောက်ကို မြေပြင်ပေါ်ချကာ အိမ်ထဲသို့ဝင်သွားတော့သည်။ အစေခံမလေးများက အလျင်အမြန်ပင် အရိုအသေပေးကြသည်။ အတူတကွထိုင်နေကြသော ရှုရန်ယွင်နှင့် ကိုယ်လုပ်တော်ကျန်းတို့ကလည်း သူ့ကိုမြင်သည်နှင့် ချက်ချင်းမတ်တပ်ရပ်လိုက်ကြသည်။ ရှုရန်ယွင်၏မျက်လုံးများက အနည်းငယ်မို့အစ်နေပြီး စကားတစ်ခွန်းမျှမပြောရသေးမီပင် မျက်ရည်များက ကျလာရသည်။
သူမက လက်ကိုင်ပဝါဖြင့် မျက်ရည်များကိုသုတ်လိုက်သည်။ ထို့နောက် သူမက အသက်ကိုဝအောင်ရှူလိုက်ပြီးနောက် အစေခံကို လက်ဖက်ရည်ပြင်ဆင်ခိုင်းလိုက်သည်။ ထို့နောက် သွမ့်ထင်ရွှမ်းကို ခန်းကုတင်၏ဘယ်ဘက်ခြမ်းတွင်ထိုင်ရန် ဖိတ်ခေါ်ပြီး သူမကိုယ်တိုင်ကမူ ညာဘက်ခြမ်းတွင် ဝင်ထိုင်လိုက်သည်။ ကိုယ်လုပ်တော်ကျန်းက အခြေအနေကို သဘောပေါက်ပြီးဖြစ်၍ အနီးရှိထိုင်ခုံပုလေးပေါ်တွင် နေရာယူထိုင်ပြီးဖြစ်သည်။
သွမ့်ထင်ရွှမ်းက ရှုရန်ယွင်၏ 'တည်ငြိမ်ပြီး အိန္ဒြေရှိသော' ဟန်ပန်ကို အလွန်ကျေနပ်သွားရသည်။ ယခင်ကဆိုလျှင် သူမက ဂျီကျငိုယိုပြီး တိုင်တောတတ်သည့်အကျင့်ရှိရာ ထိုအပြုအမူမျိုးက မျက်နှာသာရရန်ကြိုးစားသော ဂျီကျ၊ သိက္ခာမရှိ၊ အသိတရားမဲ့သည့် ကိုယ်လုပ်တော်ငယ်လေးများ၏ အပြုအမူမျိုးဖြစ်သည်။ သူက သူ့ဇနီးကို သေချာကြည့်လိုက်ပြီးနောက် နဖူးပေါ်မှ ညိုမည်းနေသောအကွက်ကို သတိပြုမိလိုက်သည်။
ထိုအခါ သူက မျက်မှောင်ကိုကြုတ်လိုက်ရင်း ပြောလိုက်သည်။
"ငါ ပြန်ရောက်တော့ မင်း ငါ့ကို စကားပြောစရာရှိတယ်လို့ကြားတယ်… မင်းရဲ့ သားကလည်း မင်း နစ်နာခဲ့ရတယ်လို့ ပြောတယ်… ငါ တကယ်ကို မယုံနိုင်ဘူး… အိမ်တော်ရဲ့စည်းမျဉ်းစည်းကမ်းတွေကို ဒီနေရာမှာ တင်းတင်းကျပ်ကျပ် စောင့်ထိန်းကြရတယ်… တကယ်တော့ ဘာတွေဖြစ်ခဲ့တာလဲ…"
ထိုသို့ပြောပြီးနောက် သူက လက်ဖက်ရည်ခွက်ကို နှုတ်ခမ်းထံသို့ တဖြည်းဖြည်းယူကာ တစ်ငုံမော့သောက်လိုက်သည်။ သူက အမွေဆက်ခံသူဖြစ်သည့်အားလျော်စွာ မည်သည့်အခြေအနေတွင်မဆို တည်ငြိမ်ပြီး အိန္ဒြေရှိသောဟန်ပန်ကို အမြဲထိန်းသိမ်းထားရပေမည်။
"အရှင်က ကျွန်မကိုမေးနေတာလား… ဒါဆိုရင် အရှင်ကိုယ်တိုင်ပဲ စဉ်းစားကြည့်ပါဦး… မေယွဲ့အိမ်တော်ကလူတွေကလွဲလို့ ဒီအိမ်တော်ထဲမှာ ဘယ်သူကများ စည်းကမ်းတွေကို မထီမဲ့မြင်ပြုရဲမှာလဲ…"
ရှုရန်ယွင်က အေးစက်စက်ရယ်လိုက်လေသည်။ သူမ၏နှလုံးသားထဲတွင်မူ ဒေါသများက ပွက်ပွက်ဆူနေတော့သည်။
ကျွန်မဘက်က ပြောစရာရှိတာပြောပြီးပြီ… ရှင့်ကို နောက်ဆုတ်ဖို့ အခွင့်အရေးပေးမှာမဟုတ်ဘူး… အဲဒီစွာတေးမကို ရှင် ဘယ်လိုအရေးယူမလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့…
"ဖူး…"
မြို့စားငယ်လေး၏ တည်ငြိမ်ပြီး အိန္ဒြေရှိသောဟန်ပန်က လက်ဖက်ရည်များပါးစပ်မှ ပန်းထွက်သွားသည့်အခိုက်အတန့်တွင် ပျောက်ကွယ်သွားတော့သည်။ သူက အံ့အားသင့်နေသောမျက်လုံးများဖြင့် ရှုရန်ယွင်ကိုကြည့်ကာ မေးလိုက်လေသည်။
"မင်း မေယွဲ့အိမ်တော်ကို သွားခဲ့တယ် ဟုတ်လား… ဘာလို့ ရုတ်တရက်ကြီး အဲဒီနေရာကို သွားရတာလဲ…"
"အရှင်… အရှင်ဒီလိုပြောနေပေမယ့်လည်း အဲဒီလူကို အရှင်ကိုယ်တိုင် အဲဒီနေရာကို စွန့်ပစ်ထားခဲ့တာပါ… သူတို့တွေ ရက်နည်းနည်း ဒါမှမဟုတ် တစ်ပတ်နှစ်ပတ်လောက် အဆင်ပြေချင်ပြေနေနိုင်ပေမယ့် အခုဆိုရင် နှစ်ဝက်တောင်ရှိနေပါပြီ… အရှင့်စိတ်ထဲမှာ ဘာရှိနေလဲဆိုတာ ကျွန်မမသိပေမယ့် အဲဒီလိုဆင်းရဲစုတ်ပြတ်တဲ့နေရာမှာ သူတစ်ယောက်တည်း ဒုက္ခခံနေရတာကို ကျွန်မအနေနဲ့ စိတ်ကောင်းနှလုံးကောင်းနဲ့ ဒီအတိုင်းထိုင်ကြည့်မနေနိုင်ပါဘူး… ဒီနေ့ စိတ်ကူးပေါက်တာနဲ့ သူ့ကိုသွားတွေ့ဖို့ ဆုံးဖြတ်လိုက်တာပါ… ဒါက မှားသလား…"
ရှေ့နောက်မညီသော ဤစကားများက ရက်ရောမှုနှင့် ကြင်နာမှုအဆင့်အတန်းအရ မည်သူ့ကိုမဆို စိတ်ထိရှစေမည်က သေချာပေသည်။ သို့သော် သွမ့်ထင်ရွှမ်းကမူ ဤဟန်ဆောင်စကားများကြောင့် သဘာဝကျကျပင် အလိမ်မခံခဲ့ပေ။ သူက လက်ထဲက လက်ဖက်ရည်ခွက်ကို ညင်သာစွာလှည့်ရင်း အပြုံးထဲတွင် မထီမဲ့မြင်အသွင်ကို ကောင်းစွာဖုံးကွယ်ထားကာ ဖြည်းညှင်းစွာပြောလိုက်လေသည်။
"မင်းပဲ ခုနက အဲဒီလူတွေက စည်းကမ်းမလိုက်နာဘူးလို့ ပြောထားတာမဟုတ်လား… အခုကျတော့ သူ့ကျန်းမာရေးအတွက် ဒီလိုရုတ်တရက် စိုးရိမ်ပူပန်မှုက ဘယ်ကနေ ရောက်လာရတာလဲ…"
ရှုရန်ယွင်က ခေတ္တရပ်သွားပြီးနောက် ခေါင်းကိုတစ်ဖက်သို့လွှဲကာ အေးစက်စက်ရှိုက်လိုက်လေသည်။
"သူကရက်စက်မှတော့ ကျွန်မလည်း မတရားခံရရုံပဲရှိတော့တာပေါ့…"
"တော်စမ်းပါ… ငါ့ရှေ့မှာ ဒီလိုဟန်ဆောင်ပြနေစရာမလိုဘူး…"
သွမ့်ထင်ရွှမ်းက လက်ဖက်ရည်ခွက်ကို စားပွဲပေါ်တင်လိုက်ပြီးနောက် ခပ်တိုးတိုးလေးရယ်လိုက်သည်။
"မင်းသူ့ကို ဘယ်လောက်မုန်းလဲဆိုတာ ငါမသိဘူးထင်နေတာလား… အားလုံးဖွင့်ချလိုက်စမ်း… ပြောစမ်းပါဦး… တကယ်တမ်း ဘာဖြစ်ခဲ့တာလဲဆိုတာ…"
ရှုရန်ယွင်ကလည်း သူမ၏ခင်ပွန်းက ပါးနပ်သူတစ်ဦးဖြစ်ကြောင်း သိပေသည်။ စကားလုံးများဖြင့် အကြိမ်အနည်းငယ်ကစား၍ ရနိုင်သော်လည်း များများပြောလေလေ သူမက လူလိမ်လူညာတစ်ယောက် ဖြစ်သွားလေဖြစ်လိမ့်မည်။ ထို့အပြင် သူမ၏ခင်ပွန်းက လူလိမ်လူညာများကို အမုန်းဆုံးဖြစ်သည်။ ထို့ကြောင့် သူမက နှုတ်ခမ်းစူကာပြောလိုက်လေသည်။
"အရှင် မှန်ပါတယ်… ကျွန်မသူ့ကိုမုန်းတယ်… သူ့လက်ထဲမှာ ကျွန်မဘယ်လောက်တောင် ခံခဲ့ရလဲဆိုတာ အရှင်သိရဲ့လား… အရှင့်မျက်စိနဲ့မမြင်ခဲ့ရင်တောင် အရှင့်နှလုံးသားက သိမှာပါ… သူ့ကို မေယွဲ့အိမ်တော်ကို နှင်ထုတ်လိုက်တဲ့နေ့က ကျွန်မဘာမှမပြောခဲ့ဘူး… ဝမ်းသာအားရဖြစ်တယ်လို့ ပြောရင်တော့ လွန်သွားလိမ့်မယ်… ဒါပေမယ့် ကျွန်မ တကယ်ကို စိတ်သက်သာရာရခဲ့တယ်… အဲဒီနောက်မှာတော့ သူတို့အကြောင်းကို ဆက်မစဉ်းစားတော့ဘဲ သူ့ကိုမေ့မေ့ပျောက်ပျောက်တောင် ဖြစ်နေခဲ့တာ…"
"ဒီမနက်မှာ သခင့်အမေက သူတို့အကြောင်းကို ထုတ်ပြောလာမှ ကျွန်မသူတို့ရှိနေသေးတာကို ပြန်သတိရမိတော့တယ်… ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေက သက်ရှိလူသားတွေပဲလေ… သူတို့ကို အငတ်ဘေးနဲ့သေအောင် ထားရက်လောက်အောင် ကျွန်မက နှလုံးသားမရှိဘူးလို့ အရှင်ထင်နေတာလား… ကျွန်မတကယ်ကို သူတို့ကိုမေ့နေခဲ့တာ… သခင်မကြီးက အဲ့ဒီကိစ္စကို ထုတ်ပြောလာမှ ကျွန်မရဲ့မေ့လျော့တတ်မှုကို ရှက်မိသွားတယ်… အိမ်ပြန်ရောက်တာနဲ့ ချက်ချင်းပဲ လူတချို့နဲ့ ပစ္စည်းတချို့စုပြီး သွားကြည့်ဖို့လုပ်တော့... နောက်ဆုံးတော့... စေတနာကို ဝေဒနာနဲ့ဆပ်တာခံလိုက်ရတယ်… အရှင်… ကျွန်မမျက်နှာကိုသာကြည့်ပါဦး… ပြီးတော့ ကျွန်မကိုယ်ကိုလည်း..."
ရှုရန်ယွင်၏အသံက သူမ၏လက်ချောင်းများက ညိုမည်းနေသောနဖူးပေါ်တွင် ဝဲပျံနေစဉ်မှာပင် ဆို့နင့်သွားပြီး သူမဝတ်စုံ၏ အင်္ကျီလက်က ပြုတ်ကျသွားကာ နောက်ထပ်အညိုအမည်းစွဲရာနှစ်ခုကို ဖော်ပြလိုက်သည်။ ထို့နောက် သူမက မျက်ရည်စမ်းစမ်းဖြင့်ပြောပြန်သည်။
"ဒါက ကျွန်မရဲ့ကြင်နာမှုအတွက် ပြန်ရတဲ့အရာပဲ… မေယွဲ့အိမ်တော်မှာ ရက်အတော်ကြာနေပြီးတဲ့နောက်မှာ သူတို့က သူတို့အပြုအမူကို ပြန်သုံးသပ်ရမယ့်အစား ပိုပြီးတော့တောင် ဖျက်လိုဖျက်ဆီးနိုင်လာကြတယ်… အဲဒီအဆောင်ကတောင် သူတို့ကို ထိန်းထားနိုင်တော့မယ်လို့ ကျွန်မမယုံကြည်တော့ဘူး… အရှင်… သူတို့ကို အရေးယူဖို့နည်းလမ်းတစ်ခုခု စဉ်းစားပေးပါဦး… မဟုတ်ရင် ဘာတွေဖြစ်လာမလဲ ဘယ်သူသိနိုင်မှာလဲ…"
"အဲဒီမိန်းမတွေက မင်းကို လက်ပါလိုက်တယ် ဟုတ်လား…"
သွမ့်ထင်ရွှမ်းက အသက်ကိုအေးစက်စွာ ရှိုက်သွင်းလိုက်မိသည်။ စုနွမ်နွမ်သာ ထိုအရာများလုပ်ခဲ့လျှင် သူအံ့ဩမိမည်မဟုတ်ပေ။ ယခင်တစ်ခေါက်က ဖက်ထုပ်အနည်းငယ်ကြောင့် သူမက သူ့ကိုပင် ကန်ရန် ကြိုးစားခဲ့သေးသည်။ သူက သူမ၏တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း သိုင်းပညာမတတ်သောသူသာဆိုလျှင် ရှောင်နိုင်မည်မဟုတ်ပေ။ သို့သော် သူက သိချင်နေမိသည်။
ဒီမိန်းမက မင်းမျိုးမင်းနွယ်အဆက်အနွယ်တစ်ယောက်ပဲ… ဒါဖြင့် ဘာကြောင့်များ အသေးအဖွဲကိစ္စလေးတွေမှာ အမြဲတမ်း လက်ပါခြေပါဖြစ်နေရတာလဲ… သူအရင်က ဒီလိုတစ်ခါမှမဖြစ်ဖူးပါဘူး… စွန့်ပစ်ခံဇနီးတစ်ယောက်ဖြစ်သွားတဲ့အခါ သူ့စိတ်ထဲမှာ တစ်ခုခုများ ကျိုးပဲ့သွားပြီး သူ့ရဲ့ပင်ကိုစရိုက်အမှန် ထွက်လာတာများလား…
"မဟုတ်ဘူး… သူ မလုပ်ဘူး…"
ရှုရန်ယွင်က လိမ်မပြောရဲသေးဘဲ မကျေမချမ်းဟူးခနဲမှုတ်ထုတ်လိုက်သည်။
"သူတို့က ခြံဝမှာ ပဲလှန်းထားကြတာ… ပြီးတော့ ကျွန်မ... ကျွန်မက အဲဒီပဲတွေပေါ် ကို ချော်လဲသွားတာ…"
သွမ့်ထင်ရွှမ်း၏မျက်လုံးများက အနည်းငယ်ပြူးကျယ်သွားပြီး ဘာပြောရမှန်းမသိဖြစ်ကာ နောက်ဆုံးတွင် ရယ်လိုက်လေသည်။
"ဪ... အဲဒီလိုလား… အဟမ်း… ရန်ယွင်… အား… ငါက မင်းကို ဆုံးမစကားပြောချင်တာတော့ မဟုတ်ဘူး… ဒါပေမယ့် လူတစ်ယောက်အနေနဲ့ အရမ်းမာနကြီးလို့မဖြစ်ဘူး… မင်းက နှာခေါင်းကိုမော့ပြီး ဟန်တစ်ခွဲသားနဲ့လမ်းလျှောက်ရတာကို ကြိုက်တယ်… ဒါပေမယ့် တစ်ခါတစ်လေတော့ ကိုယ့်ခြေထောက်အောက်ကို ကြည့်ဖို့အတွက် ခေါင်းလေးကိုနည်းနည်းငုံ့လိုက်တာက အကြံကောင်းတစ်ခုပါပဲ…"
"အရှင်… သူတို့အတွက် စကားကောင်းမပြောပေးပါနဲ့…"
ရှုရန်ယွင်က သူမ၏ခင်ပွန်းက အခြေအနေကို ပြေလည်အောင်လုပ်ပေးမည့်ရည်ရွယ်ချက်ရှိကြောင်း တစ်ချက်ကြည့်ရုံဖြင့်သိလိုက်ရပြီး နောက်ထပ်ကျောက်တုံးတစ်တုံးကို မပစ်ချဘဲ မနေနိုင်တော့ပေ။ သူမက အံကြိတ်ပြီးပြောလိုက်လေသည်။
"ကျွန်မ ခုနကပြောတာမှားသွားတယ်… သူတို့က ပဲလှန်းနေရုံသက်သက်မဟုတ်ဘူး… တကယ်တော့ သူတို့က ထောင်ချောက်ဆင်နေကြတာ… ခြံဝင်းအပေါက်ဝမှာ ပဲလှန်းတဲ့သူကို အရှင် တစ်ခါလောက် ကြားဖူးလို့လား… အထူးသဖြင့် ပစ္စည်းတွေလှန်းဖို့အတွက် သီးသန့်လုပ်ထားတဲ့ ထုံးကျောက်နေလှန်းဆောင်ရှိနေလျက်သားနဲ့လေ…"
🍲🍲