🍲Chapter 20
အထီးကျန်မြွေတစ်ကောင်၏ တိုက်ကွက်
"အဲ… ဒါက... တစ်ယောက်အတွက်အကြိုက်က နောက်တစ်ယောက်အတွက်အဆိပ်ဆိုသလိုပဲလေ… စုနွမ်နွမ်က ခြံဝမှာပဲ ပဲလှန်းရတာကို သဘောကျတာလည်း ဖြစ်နိုင်တာပဲ မဟုတ်လား…"
အမှန်တွင် သွမ့်ထင်ရွှမ်းက စုနွမ်နွမ်က မကောင်းသောရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေကြောင်းကို ကောင်းကောင်းသိပေသည်။ သို့သော်လည်း ဤမနက်တွင် သူမ၏ချိုမြသော မုန့်ပြားကြော်ကို စားခဲ့ရသောကြောင့် သူမဘက်မှ စကားနှစ်ခွန်းလောက် ကာကွယ်ပြောဆိုပေးရခြင်းအတွက် သူစိတ်မရှိခဲ့ပေ။
ထိုအခါ ရှုရန်ယွင်၏ ဖီးနစ်မျက်ဝန်းများက အနည်းငယ်ကျဉ်းမြောင်းသွားတော့သည်။ အစကတည်းက အဖြစ်မှန်အားလုံးကို ဖွင့်မပြောခဲ့ခြင်းက သူမ၏ခင်ပွန်းက ထိုမိန်းမအပေါ် မည်မျှသံယောဇဉ်ရှိသည်ကို စမ်းသပ်ကြည့်ရန်ဖြစ်သည်။ ယခုသိလိုက်ရသောအခါ သူမ၏နှလုံးသားက နစ်မြုပ်သွားရလေသည်။
သခင်မကြီးယန်ပြောတာ မှန်ပုံပဲ…
မည်သို့သောကုသိုလ်ကံကြောင့်မှန်းမသိသော်လည်း သခင်က မေယွဲ့အိမ်တော်က ထိုမိန်းမသုံးယောက်ကို စိတ်ဝင်စားနေပြီး သူတို့၏သနားစရာကောင်းသော နေထိုင်မှုအခြေအနေကို မြှင့်တင်ပေးရလောက်အောင်ပင် ဖြစ်နေသည်။ ၎င်းက ကောင်းသောလက္ခဏာမဟုတ်ပေ။
သူမ၏အကြည့်က ယခုအချိန်ထိ စကားတစ်ခွန်းမှမပြောဘဲနေသော ကိုယ်လုပ်တော်ကျန်းထံသို့ ညင်သာစွာဝေ့သွားလေသည်။ သူတို့၏မျက်လုံးချင်းဆုံသည်နှင့် ကိုယ်လုပ်တော်ကျန်းက သူမ၏အခန်းကဏ္ဍကိုသိပြီး ထပြောလိုက်သည်။
"အရှင် နောင်တရနေပြီလား… အရှင်က ပထမသခင်မအကြောင်းကို မပြောဘဲမနေနိုင်ဖြစ်နေပုံပဲ… ဒီလိုသာဆိုရင် အရှင်က သူတို့ကို မေယွဲ့အိမ်တော်ကို အစကတည်းက မနှင်ထုတ်ခဲ့သင့်ဘူး… သူ့ဒေါသက ပိုပြီးတော့တောင် ပြင်းထန်လာပုံပဲ… အခု ဘယ်လိုလုပ်ကြမလဲ…"
"ဘယ်သူက ငါနောင်တရတယ်လို့ပြောလို့လဲ… ငါက စဉ်းစားပေးနေတာပါ... ဒါက... လူတွေက မတူညီတဲ့ဝါသနာတွေမှာ ပျော်မွေ့ကြတာပဲ မဟုတ်လား…"
သွမ့်ထင်ရွှမ်းက အသံကျယ်ကျယ်ဖြင့်ပြောကာ သူ၏မခိုင်လုံသောဆင်ခြေများကို ဖုံးကွယ်ရန် ကြိုးစားလိုက်သည်။ အမှန်တွင် မေယွဲ့အိမ်တော်တွင် ထိုမွှေးကြိုင်သောဟင်းလျာများကို စားခဲ့သည့်အချိန်မှစ၍ သူက သူ၏စောစီးလွန်းသောဆုံးဖြတ်ချက်ကို အကြိမ်ကြိမ်အခါခါ ခါးခါးသီးသီးနောင်တရနေခဲ့သည်။ ယခု သူက ထိုသုံးယောက်ကို အတွင်းဆောင်သို့ ပြန်ခေါ်ချင်သော်လည်း ထိုသို့ပြောရန် အရှက်ကြီးနေသည်။ ထို့အပြင် သူ့ဇနီးနှင့် ကိုယ်လုပ်တော်ရှေ့တွင် သူ့အမှားကို ဝန်ခံရန် သူသည်းမခံနိုင်ပေ။ မျက်နှာ၏အရေးဖြစ်လာလျှင် သခင်တစ်ယောက်က မည်သို့ပင်ဖြစ်စေ အမှားကိုဘယ်တော့မှ ဝန်မခံရ၊ ဘဲသေကောင်ဖြစ်ရမည်ဆိုလျှင်ပင် ဖြစ်ပါစေ။
ရှုရန်ယွင်က သူမ၏ခင်ပွန်း၏ခေါင်းမာသောပုံစံကြောင့် ဒေါသထွက်သွားပြီးနောက် မထီမဲ့မြင်ရယ်လိုက်လေသည်။
"အရှင်က ဘာလို့အဲဒီလောက်အော်ဟစ်နေရတာလဲ… အရှင့်ရဲ့အရှက်ရစရာ စိတ်အလိုမကျမှုတွေကို ကျွန်မတို့ညီအစ်မတွေဆီမှာ လာမပုံချပါနဲ့… ပထမသခင်မဆီကိုသာ သွားပြီးတော့ ဦးတည်လိုက်ပါ… အဲဒီပဲတွေက ဘယ်သူ့အတွက်လို့ အရှင်ထင်နေတာလဲ… ဟက်ဟက်… ဒါတွေက ကျွန်မလို အဆင့်အတန်းနိမ့်တဲ့သူအတွက် ပြင်ဆင်ထားတာမဟုတ်တာတော့ သေချာတယ်… ပထမသခင်မက ကျွန်မလာမယ်ဆိုတာတောင် မသိခဲ့ဘူး… ကျွန်မ အရှင့်ကို ပွင့်ပွင့်လင်းလင်းပြောလိုက်မယ်… အဲဒီပဲတွေက အရှင့်အတွက် သီးသန့်ပြင်ဆင်ထားတာ… အဲဒီထောင်ချောက်က အရှင့်ကိုစိတ်ထဲမှာထားပြီး ဖန်တီးထားတာ… 'တစ်ယောက်အတွက်အကြိုက်က နောက်တစ်ယောက်အတွက်အဆိပ်' တို့၊ 'ပထမသခင်မက ခြံဝမှာပဲ ပဲလှန်းရတာကိုကြိုက်တယ်' တို့၊ 'စဉ်းစားပေးတာ' တို့၊ ဒီစကားတွေကြားပြီး ကျွန်မ ရယ်ရလွန်းလို့ သေတော့မလိုပဲ…"
"ဘာ… ငါ့အတွက်ထောင်ချောက် ဟုတ်လား… မဖြစ်နိုင်တာ…"
သွမ့်ထင်ရွှမ်းက အမြီးအနင်းခံလိုက်ရသောကြောင်ကဲ့သို့ ခုန်ထလိုက်ပြီးနောက် ခေါင်းကို ချူလုံးကဲ့သို့ခါယမ်းလိုက်သည်။
"မဖြစ်နိုင်ဘူး… ဒါမဖြစ်နိုင်ဘူး… ငါဒီမနက်မှ သူတို့ကို ဆန်နဲ့ပဲတွေပို့ပေးခဲ့တာ… ဟုန်လျန်နဲ့ ရှန်းယွင်တို့အားလုံး အရမ်းပျော်နေကြတာ… ဒါဖြင့် ဘာလို့..."
မြို့စားငယ်လေးက စကားမဆုံးမီ ရပ်လိုက်ရလေသည်။ သူ ကျန်စကားများကို မပြောဘဲထားခြင်းက အကောင်းဆုံးဖြစ်လိမ့်မည်။ ထင်သည့်အတိုင်းပင် သူ့ရှေ့မှဇနီးသည်၏မျက်လုံးများက ရွှေငါးကဲ့သို့ပြူးကျယ်နေပြီး ပါးစပ်ကလည်း ကြက်ဥတစ်လုံးလုံးဝင်လောက်အောင် ဟောင်းလောင်းပွင့်နေသည်။ သူမ အလွန်တုန်လှုပ်သွားကြောင်းက ထင်ရှားလှသည်။
သူ့မျက်နှာ အဖတ်ဆယ်ရန်စကားများပြောခွင့်မပေးဘဲ ကိုယ်လုပ်တော်ကျန်း၏ စူးရှသောအသံက ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
"အရှင်… ဘာတွေပြောနေတာလဲ… အရှင်က မေယွဲ့အိမ်တော်ကိုသွားခဲ့တယ်… ပြီးတော့ သူတို့ကို ပစ္စည်းတွေတောင်ပေးခဲ့တယ် ဟုတ်လား…"
"အဟမ်း... အဲဒါက... ငါ... သူတို့ကို အဲ့ဒီမှာ နှစ်ဝက်လောက် ပစ်ထားပြီးတော့၊ သူတို့ငတ်နေမှာစိုးလို့ ရုတ်တရက် သွားကြည့်ဖို့ စိတ်ကူးပေါက်သွားတာ…"
သွမ့်ထင်ရွှမ်းက အနည်းငယ်မာမာတောင့်တောင့်ဖြင့် ပြန်ဖြေလိုက်သည်။ သူ့ဇနီးနှင့်ကိုယ်လုပ်တော်တို့၏အမြင်တွင် သူ၏ ခံ့ညားထည်ဝါသော ခင်ပွန်းတစ်ယောက်၏ပုံရိပ်က ပြိုလဲသွားကြောင်းကိုခံစားရ၍ သူ့မျက်နှာက မည်းမှောင်သွားရသည်။ သို့သော် သူက စိတ်ကိုတင်းလိုက်ပြီး ထိုးစစ်ဆင်ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူက ရှုရန်ယွင်ကို အလေးအနက်ကြည့်လိုက်လေသည်။
"ဒါက မင်းဘက်က ပေါ့ဆမှုပဲ ရန်ယွင်… သူတို့စရိတ်မရတာ အတော်ကြာပြီလို့ ငါကြားတယ်…"
ရှုရန်ယွင်က အနည်းငယ်ထိတ်လန့်သွားပြီးနောက် ခေါင်းငုံ့ကာပြောလိုက်လေသည်။
"အရှင်က ကျွန်မကိုအပြစ်တင်နေတာလား… အိမ်တော်မှာ ဂရုစိုက်စရာတွေက အများကြီးရှိတယ်… ပြီးတော့ မေယွဲ့အိမ်တော်ကလည်း ချောင်ကျတဲ့နေရာမှာရှိတော့ ကျွန်မသတိမမူမိလိုက်ဘူး… ပြီးတော့ ဒါက ဘယ်လိုမေးခွန်းမျိုးလဲ အရှင်… အရှင်သာ သူတို့ကို မေယွဲ့အိမ်တော်ကိုမပို့ခဲ့ရင် ဒီနေ့ဒီလို ဖြစ်လာမှာမဟုတ်ဘူး မဟုတ်လား… အရှင်သူတို့ကို အဲဒီနေရာကို ဘာအကြောင်းကြောင့် ပို့ခဲ့တာလဲ… အခုတော့ ကျွန်မကိုလာအပြစ်တင်နေတယ်…"
သွမ့်ထင်ရွှမ်းက အစကတည်းက တကယ်တမ်းဒေါသမထွက်ခဲ့ပေ။ ရှုရန်ယွင်ခေါင်းငုံ့နေခြင်းကို မြင်သောအခါ ထိုကိစ္စကိုဆက်မလိုက်သင့်ဟု ခံစားလိုက်ရသည်။ မည်သို့ပင်ဖြစ်စေ မေယွဲ့အိမ်တော်တွင်နေထိုင်သော သခင်မနှင့်အစေခံများက အတော်လေးအဆင်ပြေနေပုံရသည်။ သူ၏သွားများပင် ကျဉ်သွားရလောက်အောင်ပင် အဆင်ပြေနေကြသည်။ ထို့နောက် သူက မတ်တပ်ရပ်ပြီး အခန်းထဲတွင် အကြိမ်အနည်းငယ်လမ်းလျှောက်လိုက်သည်။ ထိုအခါ ရုတ်တရက် ရှုရန်ယွင်ပြောခဲ့သောစကားက သူ့စိတ်ထဲသို့ဝင်လာလေသည်။ သူက ဒေါသထွက်နေသောမျက်နှာဖြင့် သူမဘက်သို့လှည့်ကာ ပြောလိုက်သည်။
"မင်းပြောတာအမှန်ပဲလား… စုနွမ်နွမ်ရဲ့ ပဲထောင်ချောက်က... ငါ့အတွက်ဆင်ထားတာလား…"
"ကျွန်မက ဘာလို့လိမ်ရမှာလဲ…"
ရှုရန်ယွင်က သူမ၏ခင်ပွန်းက ဤမိုက်မဲသောလမ်းကြောင်းပေါ်တွင်သာ စွဲနေခြင်းကိုမြင်သောအခါ အေးစက်စွာ မပြုံးဘဲ မနေနိုင်တော့ပေ။
"အရှင်က မယုံဘူးဆိုရင် သူ့ကိုကိုယ်တိုင်သွားမေးလို့ရပါတယ်… ကျွန်မမြင်ရသလောက်တော့ သူက အာဏာကိုမကြောက်ဘူး… အစောက ကျွန်မနဲ့ တခြားအစေခံတွေရှိနေတုန်းမှာ သူက အရှင့်ကိုမကြောက်ကြောင်းနဲ့ ပဲထောင်ချောက်က အရှင့်အတွက်ပဲပြင်ဆင်ထားတာဖြစ်ကြောင်း ခမ်းခမ်းနားနား ကြေညာခဲ့တာ… သူ့ပါးစပ်ကထွက်လာတာမဟုတ်ရင် ကျွန်မကရော ပြောရဲပါ့မလား…"
ယခုအခါ အိုးအောက်ခြေကဲ့သို့မည်းနက်နေသော မျက်နှာဖြင့် သွမ့်ထင်ရွှမ်းက ခြေစောင့်လိုက်လေသည်။
"အဲဒီအာဏာပြလွန်းတဲ့မိန်းမ လွန်လာပြီ… ငါသူ့ကို ဘယ်လိုအရေးယူမလဲဆိုတာ စောင့်ကြည့်နေလိုက်…"
ထိုသို့ပြောပြီး သူက အင်္ကျီလက်စကိုခါယမ်းကာ ထွက်သွားတော့သည်။
ထိုအချိန်တွင် ကိုယ်လုပ်တော်ကျန်းက သက်ပြင်းချလိုက်စဉ်မှာပင် ရှုရန်ယွင်က အေးစက်စက်ရယ်မောခြင်းကို ကြားလိုက်ရသည်။
"ဟက်ဟက်… ဒီလိုဖြစ်လာမယ်ဆိုတာ ကျွန်မသိပြီးသား… ဒီမိန်းမက ဒီလောက်အောက်တန်းကျတဲ့ပုံစံနဲ့ ပြုမူမှတော့ အရှင်က ဒီကိစ္စကို ဒီအတိုင်းလွှတ်ထားမှာမဟုတ်ဘူး… မဟုတ်ရင် သူက သခင်ဖြစ်တော့မှာ မဟုတ်ဘူး…"
ကိုယ်လုပ်တော်ကျန်းကလည်း ရယ်လိုက်သည်။
"ဟုတ်တယ်မဟုတ်လား… ကျွန်မတို့အရှင်က ကာမဂုဏ်လိုက်စားတဲ့သူမျိုးဖြစ်နိုင်ပေမယ့် မိန်းမတစ်ယောက်ကို သူ့ခေါင်းပေါ်တက်ခွင့်ပေးမှာ မဟုတ်ပါဘူး… မြို့ပြတစ်မြို့ကိုတောင် ပြိုလဲသွားစေနိုင်တဲ့ အလှတရားပိုင်ရှင် သခင်မလန်တောင် သူ့ကို ယဉ်ပါးအောင်မလုပ်နိုင်ခဲ့ဘူး… အဲဒီလို အာဏာပြပြီး သဝန်တိုတတ်တဲ့မိန်းမမျိုးက အခွင့်အရေးရမှာတောင် မဟုတ်ဘူး… ဒါကောင်းတယ်… သခင်မ အခုစိတ်အေးလက်အေးနေလို့ရပြီ…"
"အာမိတာဘ… ဒီလိုပဲမျှော်လင့်ကြရအောင်…"
ရှုရန်ယွင်က လက်ဝါးနှစ်ဖက်ကို ပူးကပ်ရင်း တိုးတိုးလေးရေရွတ်လိုက်လေသည်။ ဤအပြုအမူအရ သူမက ဖုံးကွယ်နေသောအစားမက်သူတစ်ယောက်အပေါ် အစားအသောက်ကောင်းများ၏ သက်ရောက်နိုင်သောအစွမ်းကို လျှော့တွက်မိခဲ့ကြောင်းက ထင်ရှားပေသည်။ သို့မဟုတ်ပါက ဤလှုံ့ဆော်မှုလေးက အနာဂတ်ပြဿနာများကို ဖယ်ရှားပေးနိုင်မည်ဟု သူမ ထင်မိခဲ့မည်မဟုတ်ပေ။
သွမ့်ထင်ရွှမ်းကမူ အတွင်းဆောင်မှ အလျင်အမြန်ထွက်လာသောအခါ နေမင်းက တောင်ထွတ်ကို ထိခါနီးနေပြီ ဖြစ်လေသည်။ ပုံမှန်အားဖြင့် ဤအချိန်က သူ့မိဘများနှင့် အဘိုးအဘွားတို့ကို သွားရောက်ဂါရဝပြုရမည့်အချိန်ဖြစ်သော်လည်း ယနေ့တွင် သူ့ထံ၌ ပို၍အရေးကြီးသောကိစ္စရှိနေသည်။ သူ၏အကြီးအကဲများထံသို့ အကြောင်းကြားခိုင်းရန် အစေခံတစ်ယောက်ကို စေခိုင်းပြီးနောက် သူက မေယွဲ့အိမ်တော်သို့ ထွက်ခွာလာခဲ့သည်။
သူ မေယွဲ့အိမ်တော်အဝင်ဝသို့ရောက်သောအခါ လသာဆောင်ပေါ်တွင် ကုလားထိုင်များနှင့်စားပွဲများကို စီစဉ်ထားခြင်းကို တွေ့လိုက်ရသည်။ စုနွမ်နွမ်က ကုလားထိုင်တစ်လုံးတွင်ထိုင်ရင်း ရှန်းယွင်နှင့် စစ်ဖျင်တို့နှင့် စကားစမြည်ပြောနေလေသည်။ သူမက သူ့ကိုရှင်းလင်းစွာမြင်နေသော်လည်း သူ့ကိုကြိုဆိုရန် မတ်တတ်ထရပ်ခြင်းမပြုဘဲ သူရှိရာဘက်သို့ပြုံးပြကာ ပါးစပ်က ဟိုအကြောင်းဒီအကြောင်းဖြင့် အလုပ်များနေလေသည်။ ရှန်းယွင်နှင့် စစ်ဖျင်တို့နှစ်ယောက်လုံးကမူ အနည်းငယ်စိုးရိမ်နေပုံရလေသည်။ သူတို့မျက်နှာပေါ်မှအပြုံးများက အတင်းဖန်တီးထားမှန်းသိသာနေပြီး ငိုနေသောမျက်နှာထက်ပင် ပို၍သနားစရာကောင်းနေတော့သည်။
ဒီလို ပုံမှန်မဟုတ်တဲ့မြင်ကွင်းက နောင်ဖြစ်လာမယ့်အရာတွေအတွက် အတိတ်နိမိတ်တွေများလား…
စုနွမ်နွမ်နှင့် အပြန်အလှန်ယှဉ်ပြိုင်သော သွမ့်ထင်ရွှမ်းက သူ၏သတိကို ချက်ချင်းအမြင့်ဆုံးတင်လိုက်ပြီးနောက် ရှေ့သို့ ရဲရဲဝံ့ဝံ့ခြေတစ်လှမ်းလှမ်းလိုက်လေသည်။ သူ့ခြေထောက်က အနည်းငယ်ချော်သွားရသည်။ ထိုအချိန်တွင် သူက ရှုရန်ယွင်၏စကားများကို သတိရလိုက်ပြီး သူ့နှလုံးသားထဲတွင် ဒေါသမီးများ တောက်လောင်လာတော့သည်။
ကောင်းပြီ… ဒီသောက်ကျိုးနည်းမိန်းမ… မင်းရဲ့အကျင့်တွေကို မစွန့်လွှတ်သေးဘူးပဲ… မင်းက ထောင်ချောက်ဆင်ထားပြီးတော့ အဲဒါကို ဖော်ထုတ်ခံရတာတောင် မပြောင်းလဲဘူးပေါ့… မင်းရဲ့သခင်ကို ထောင်ချောက်ဆင်ဖို့ အလျင်စလိုလုပ်ရင်းနဲ့ ကြိုတင်မစဉ်းစားခဲ့ဘူးဆိုတာ ရှင်းနေတာပဲ … မင်းက ဒီသခင်ကို ငတုံးလို့ထင်နေလား…
မြို့စားငယ်လေးက ဒေါသထွက်လာမိလေသည်။
မင်းက ဒီသခင်ကို အထင်သေးရဲတယ်ပေါ့ ဟုတ်လား… ဟမ့်… သည်းမခံနိုင်စရာပဲ… ဒီတစ်ခါတော့ ငါ့ရဲ့အစွမ်းကို မင်းကိုသိစေရမယ်… မဟုတ်ရင် ငါမင်းရဲ့မျိုးရိုးနာမည်ကို ခံယူလိုက်မယ်…
သူ့စိတ်ထဲတွင် အတွေးများစွာဖြတ်ပြေးသွားသော်လည်း အမှန်တကယ်တွင်မူ အရာအားလုံးက မျက်စိတစ်မှိတ်အတွင်း၌ ဖြစ်ပျက်သွားလေသည်။ သွမ့်ထင်ရွှမ်းက သူ့ခြေထောက်အောက်ကို ခေါင်းမာစွာမကြည့်ဘဲ မျက်လုံးများက စုနွမ်နွမ်ကိုစိုက်ကြည့်ကာ ခြံဝင်းထဲသို့ တည်ငြိမ်စွာ တစ်လှမ်းချင်း ဝင်သွားလေသည်။ သူနင်းမိသမျှပဲများအားလုံးက ပဲမှုန့်ဖြစ်သွားရလေသည်။
သွမ့်ထင်ရွှမ်း၏သိုင်းပညာစွမ်းရည်က ဤမျှထူးကဲနေလိမ့်မည်ဟု မျှော်လင့်မထားသောကြောင့် စုနွမ်နွမ်၏မျက်နှာ၌ ဖြူစင်သောအံ့ဩမှုများက ပေါ်လွင်နေတော့သည်။ ထိုအခါ သွမ့်ထင်ရွှမ်းက မိမိကိုယ်ကိုယ် ဂုဏ်ယူမိသွားလေသည်။
မင်းက ငါ့ကိုထောင်ချောက်ဆင်ချင်တယ်ပေါ့… ဟမ့်… ဟမ့်… မိုးမြေကို ဖီဆန်ပြီး ထောင်ချောက်ဆင်ချင်တယ်ပေါ့… ဘာအတွက်လဲ… မင်းယောက်ျားကိုသတ်ဖို့လား… ဒီနေ့မင်းကို သင်ခန်းစာမပေးလိုက်ရင် မင်းက ငါ့ခေါင်းပေါ်တက်ထိုင်တော့မှာပဲ မဟုတ်လား… လက်မခံနိုင်စရာပဲ… မင်းရဲ့ဒီအကျင့်ဆိုးကို ငါ လိုက်လျောမပေးနိုင်ဘူး…
ယနေ့က သူ၏စိတ်အလိုမကျမှုများကို မှန်ကန်စွာ ဖွင့်ထုတ်ရန် အခွင့်အရေးရရှိသည့်နေ့ ဖြစ်လေသည်။ သူက မိမိကိုယ်ကိုယ်ကျေနပ်နေစဉ်တွင် သူ့အကြည့်က စစ်ဖျင်၏စိုးရိမ်နေသောမျက်နှာကို ရုတ်တရက် မြင်မိလိုက်သဖြင့် ကျောရိုးထဲစိမ့်ခနဲဖြစ်သွားရသည်။ သူက မိမိကိုယ်ကိုယ်တားဆီးရန်ကြိုးစားလိုက်သော်လည်း နောက်ကျသွားပြီဖြစ်လေသည်။
သူ့ခြေဖဝါးက မာကျောသောအရာတစ်ခုကို ထိမိလိုက်ပြီးနောက် စပရင်တစ်ခု လွတ်ထွက်သွားသည့် အသံသဲ့သဲ့က သူ့နားထဲတွင် မောင်းခေါက်သံကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာတော့သည်။
ဤအရေးကြီးသောအခိုက်အတန့်တွင် သွမ့်ထင်ရွှမ်း၏ နှစ်ပေါင်းများစွာ နေ့စဉ်မပြတ် လေ့ကျင့်ထားသော သိုင်းပညာက ၎င်း၏အကောင်းဆုံးအကျိုးသက်ရောက်မှုကို ပြသခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းပင် သူ့ခန္ဓာကိုယ်က လေထဲသို့လွှင့်တက်သွားပြီး နှစ်ပတ်လည်သွားသည်။ ထိုအခါ နောက်ဆုံးတွင် သူနင်းမိခဲ့သော စက်ပစ္စည်းကို မြင်လိုက်ရလေသည်။ သူက လုံခြုံသောနေရာတစ်ခုတွင် ဆင်းသက်လိုက်ပြီးနောက် နဖူးတွင် ချွေးစေးများပင် စို့နေတော့သည်။ သူ လှည့်ကြည့်လိုက်သောအခါ မြေပြင်ပေါ်တွင် နှင်းခဲများကဲ့သို့ တလက်လက်တောက်ပနေသော ကြွက်ထောင်ချောက်ဆယ်ခုကျော်ကိုတွေ့လိုက်ရသည်။ ၎င်းတို့ကို မျဉ်းတစ်ကြောင်းတည်းစီထားပြီး ၎င်းတို့၏ စက်ပိုင်းသဏ္ဍာန်မေးရိုးများက ကျယ်ကျယ်ပြန့်ပြန့်ဟထားကာ လှောင်ပြောင်နေသကဲ့သို့ပင် ထင်ရလေသည်။
"အရူးမ…"
သွမ့်ထင်ရွှမ်းက လျှပ်စီးကဲ့သို့ လသာဆောင်ပေါ်သို့ ခုန်တက်သွားပြီးနောက် သူက စုနွမ်နွမ်၏နှာခေါင်းကို လက်ညှိုးထိုးကာ အော်လိုက်တော့သည်။
"ငါ မင်းရဲ့စားစရာလေး နည်းနည်းစားလိုက်တာနဲ့ မင်းက ငါ့အသက်ကိုလိုချင်နေတာလား… ထောင်ချောက်တစ်ခုတည်းဆင်ရုံနဲ့ အားမရလို့ အထီးကျန်မြွေတစ်ကောင်ရဲ့ တိုက်ကွက်ပုံစံနဲ့ ကြွက်ထောင်ချောက်တွေပါ ထပ်ထည့်ထားသေးတယ်… မင်း... လွန်မလာနဲ့…"
အစောပိုင်းက အံ့ဩသောအမူအရာက ဟန်ဆောင်မှုဖြစ်နိုင်သော်လည်း ယခု စုနွမ်နွမ်၏ ဤလူရှုပ်အပေါ် အံ့ဩလေးစားမိသောအမူအရာကမူ အမှန်အကန်ဖြစ်ပေသည်။ ဤသို့ ကောင်းစွာတွက်ချက်ထားသောထောင်ချောက်ကို ဤလူကရှောင်တိမ်းနိုင်ခဲ့သည်။
ပိုအရေးကြီးတာက ဒါက ဒဏ္ဍာရီလာ ချင်ကုန်း (ကိုယ်ဖော့သိုင်း) လား…
ဤသို့တွေးမိသောအခါ သူမ၏မျက်လုံးများက ဆာလောင်နေသောဝံပုလွေတစ်ကောင်ကဲ့သို့ တောက်ပလာတော့သည်။ သူမက နွေးထွေးသောအပြုံးဖြင့် မတ်တတ်ထရပ်လိုက်သည်။ သူမက ခွင့်တောင်းစကားတစ်ခွန်းမျှပင် မဆိုဘဲ သွမ့်ထင်ရွှမ်း၏လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီးနောက် သူမ၏အချစ်ဆုံးဆွေမျိုးကိုတွေ့လိုက်ရသည့်အလား ခါယမ်းလိုက်လေသည်။ သူမ၏နှုတ်ခမ်းများက တုန်ခါနေပြီး အသံကလည်း စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေရင်း ပြောလိုက်လေသည်။
"ခုနက ဘာသိုင်းကွက်လဲဟင်… ပုစဉ်းဖမ်းခြေရှစ်လှမ်းလား… ကျူရိုးတစ်ချောင်းနဲ့မြစ်ကိုဖြတ်ကူးခြင်းလား… ဗေဒါခင်းပေါ်ရေပြင်လမ်းလျှောက်ခြင်းလား… လှိုင်းပေါ်ခြေရာသေးသေးလေးများလား… ပျံလွှားသုံးကောင်ရေသောက်ဆင်းခြင်းလား… နှင်းပေါ်ခြေရာမထင်လျှောက်ခြင်းလား… အိုက်ယား… ဘာလဲဟင်… လာပါ… ထိုင်ပြီး ကျွန်မကို အကုန်ပြောပြပါဦး…"
သွမ့်ထင်ရွှမ်းက မျက်တောင်ခတ်ရင်း၊ ထပ်ခါထပ်ခါခတ်ရင်း၊ သူ့ရှေ့မှ စိတ်လှုပ်ရှားနေသောအရူးမကို စိုက်ကြည့်ရင်း သူ့မျက်လုံးများကိုပင် မယုံနိုင်ဖြစ်နေလေသည်။ ထို့နောက် သူက ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်လေသည်။
"မင်း... မင်းဒီလိုနဲ့ ရှုပ်ထွေးအောင်လုပ်လို့ရမယ်လို့ မထင်နဲ့… ငါ... ငါပြောနေတယ်… မင်း... ဒီနေ့ ငါ့ကို လာစမ်း... စမ်းသပ်နေတယ်... ဒီကိစ္စကမပြီးသေးဘူး… မင်းဒီလိုဖော်ရွေပြနေရုံနဲ့... ဟမ်… ဘာအနံ့လဲ… မင်း အဲဒီဘဲတွေထဲက တစ်ကောင်ကိုပေါင်းထားတာလား…"
စစ်ဖျင်က သူ့သခင်က ပထမသခင်မကို အကောင်းဆုံးဆုံးမရန်ကြိုးစားနေခြင်းကို ကြည့်နေမိသည်။ အလွန်အဆင်မပြေလှသော်လည်း အိမ်တော်ဦးစီးတစ်ယောက်နှင့်ထိုက်တန်သော ယောက်ျားပီသသည့် သိက္ခာအနည်းငယ်တော့ ရှိနေသေးသည်။
ငါ လေးစားကြည်ညိုရတဲ့သခင်က စကားတစ်ပိုင်းတစ်စမှာတင် ရုတ်တရက်ပုံစံပြောင်းသွားမယ်လို့ ဘယ်သူက သိမှာလဲ… သခင်ရယ်… အနည်းဆုံးတော့ ပြောနေတဲ့စကားကို ဆုံးအောင်လေးတော့ ပြောသင့်ပါတယ်… သခင်မက သခင့်ကို ရုတ်တရက်ဖော်ရွေပြနေတာက ကောင်းတဲ့အရာလို့ တကယ်ထင်နေတာလား… ပြီးတော့ ဘာလို့ စကားလမ်းကြောင်းက ရုတ်တရက် အဲဒီဘဲတွေဆီကို ရောက်သွားရတာလဲ…
🍲🍲