Ch 18
Viewers 5k

🍲Chapter 18

: အဆိုးဆုံးရလဒ်

 



ထိုအမျိုးသမီးက စကားပြောရင်း ရှန်းယွင်ကို ဖမ်းရန် လက်လှမ်းလိုက်စဉ် တစ်စုံတစ်ယောက်က သူတို့ကြားထဲသို့ ရုတ်တရက်ရောက်လာလေသည်။ ၎င်းက ပထမသခင်မပင် ဖြစ်လေ၏။ သူမက မျက်နှာသေဖြင့် ရပ်နေပြီး လေထဲမှ ရုတ်တရက် ပေါ်လာသလိုပင် ထင်ရလေသည်။

 

ကောင်းပြီလေ… သူ ပေါ်လာတော့ရော ဘာဖြစ်လဲ…

 

ဤအစေခံကြီးက အာဏာမဲ့သွားသော သခင်မတစ်ယောက်ကို မကြောက်ပေ။ သို့သော် လူမှုအာဏာမရှိသူကို မကြောက်ခြင်းက တစ်မျိုး၊ ထိုသူက လက်တစ်ဖက်စီတွင် အမှန်တကယ်ထက်ရှသော ဓားမကြီးတစ်ချောင်းစီ ကိုင်ထားသည့်အခါတွင်မူ လုံးဝတစ်မျိုး ဖြစ်သွားသည်။

 

စုနွမ်နွမ်က ဓားမကြီးနှစ်ချောင်းလုံးကို မြှောက်ကိုင်ထားရင်း ဤအလွန်အလုပ်ကြိုးစားသော အစေခံကို မျက်နှာသေဖြင့် စိုက်ကြည့်နေလေသည်။ ဝူရှဝတ္ထုများ၏ ဥပဒေသအရ တိုက်ပွဲများတွင် တစ်စုံတစ်ယောက်၏ ကိုယ်နေဟန်ထားနှင့် အမူအရာက အနိုင်အရှုံးကို ဆုံးဖြတ်သည့်အချက်များ ဖြစ်ပေသည်။ အမှန်တကယ်တွင် မျက်နှာအမူအရာအမဲ့ဆုံး ဇာတ်ကောင်က အစွမ်းအထက်ဆုံး ဖြစ်လေ့ရှိရာ ထို့ကြောင့် စုနွမ်နွမ်က ဤဝူရှ၏ သာမန်အသိတရားကို အသုံးချပြီး သူမ၏ရန်သူကို ခြိမ်းခြောက်ရန် ဆုံးဖြတ်လိုက်တော့သည်။

 

ဤမျက်နှာသေကို မြင်ရသောအခါ အစေခံက အမှန်တကယ်ပင် ကျုံ့သွားသဖြင့် အလုပ်ဖြစ်ပုံရပေသည်။ အစေခံက သူမ၏လက်ကို ပြန်ရုပ်လိုက်ပြီးနောက် အော်လိုက်လေသည်။


"ပ...ပထမသခင်မ… ရှင်... ရှင် ဘာလုပ်မလို့လဲ…"

 

စုနွမ်နွမ်က သူမ၏ဓားများကို မြှောက်လိုက်ပြီးနောက် အစေခံကို အေးစက်စွာ ပြုံးပြလိုက်လေသည်။ ထို့နောက် သူမက မရှင်းမလင်းပြောလိုက်လေသည်။ 


"နင်က လက်မြန်သားပဲ… ပြီးတော့ တုံ့ပြန်မှုကလည်း ပိုမြန်တယ်… ကံကောင်းတာပေါ့… မဟုတ်ရင် နင့်လက်တွေက ငါ့ကြောင့် ပြတ်သွားလောက်ပြီ… ငါက လူသားမစားပေမယ့် ငါတို့အိမ်နောက်ဘက်မှာ ဝက်တစ်စုံ(အထီးအမနှစ်ကောင်) ရှိတယ်… ဝက်တွေက ဘာမဆိုစားတယ်လို့ ငါကြားဖူးတယ်… ငါတို့က သူတို့ကို ဖွဲနုနဲ့ တောရိုင်းပေါင်းပင်တွေကလွဲပြီး ဘာမှမကျွေးရသေးဘူး… ဒီတော့ ငါက သူတို့ကို လက်တစ်စုံ ဆုချလိုက်ရင် သူတို့တကယ်ပျော်သွားကြမယ်လို့ ငါယုံတယ်…"

 

"အိုက်ယား..."

 

ထိုမျက်နှာသေ၊ ထိုကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်ကြမ်းကြုတ်သော အပြုံး နှင့် ထိုတီးတိုးသံဖြင့် ပြောလိုက်သည့် အမှန်တကယ်ကြက်သီးထဖွယ်စကားများက နောက်ဆုံးတွင် ရှေ့ဆုံးမှ တိုက်စစ်ဆင်ခဲ့သော အစေခံသုံးယောက်၏ စိတ်ဓာတ်ကို ပြိုလဲသွားစေခဲ့သည်။ သူတို့က သူတို့၏ဘိုးဘေးဘီဘင်များကိုပါ တပြီး အော်ဟစ်ငိုယိုရင်း ဘေးကင်းရာသို့ ပြန်ပြေးကြသော်လည်း၊ ပဲစေ့များပေါ်တွင် ထပ်မံချော်လဲကာ မျက်နှာများက ကြမ်းပြင်နှင့် ဆောင့်မိသွားကြပြန်သည်။

 

ရှုရန်ယွင်က အိမ်ကြီးအိမ်ကောင်းတွင် မွေးဖွားကြီးပြင်းလာသူဖြစ်ရာ အတွင်းဆောင်ပတ်ဝန်းကျင်တွင် တိုက်ခိုက်ပြီး ရှင်သန်နိုင်သည့် ထူးခြားသောစွမ်းရည်နှင့် ဗီဇများဖြင့် ကောင်းချီးပေးခံရသည်ဟု ဆိုနိုင်ပေသည်။ သို့သော် 'တကယ့်အင်အား' နှင့် ရင်ဆိုင်ရသောအခါ လောကရှိ စွမ်းရည်များနှင့် လှည့်ကွက်အားလုံးက စစ်မှန်သောစွမ်းအားကို မနိုင်နိုင်ပေ။ ဥပမာ ယခုလိုပင် လက်စားချေတတ်သော တစ္ဆေတစ်ကောင်၏ အခန်းကဏ္ဍကိုပင် သရုပ်ဆောင်နိုင်ပြီး လူများကို ဓားဖြင့် ခြိမ်းခြောက်နိုင်သော ဤအရှက်မရှိသည့် ပထမသခင်မ။ ၎င်းက ရှုရန်ယွင် အနိုင်ယူနိုင်မည့်သူတစ်ယောက် မဟုတ်ပေ။

 

ဤလူအုပ်စုက ရှုံးနိမ့်ခြင်း၏ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းကာ အမြီးကုပ်ပြီး ထွက်ပြေးသွားကြသည်။ ၎င်းကို မြင်သောအခါ ရှန်းယွင်က ကျယ်လောင်စွာ အော်ဟစ်အားပေးလိုက်ပြီးနောက် စုနွမ်နွမ်၏ လက်မောင်းကို ဆွဲကိုင်ကာ ပြောလိုက်လေသည်။

 

"သခင်မလေး… သခင်မလေးက အရမ်းကို အံ့ဩဖို့ကောင်းတာပဲ… ဟားဟားဟား… ဒီအစေခံက သခင်မယွင်ကို ဒီလောက်ဆိုးရွားတဲ့အခြေအနေမှာ တစ်ခါမှ မမြင်ဖူးဘူး… သူ သခင်မလေးကို ဘာမှတောင် ပြန်မလုပ်နိုင်ဘူး… ဒါက တကယ်ကို ကောင်းလွန်းတာပဲ…"

 

အစေခံမလေးက အလွန်ပျော်ရွှင်နေသဖြင့် သူမ၏နေရာကိုပင် မေ့သွားလေသည်။ ဟုန်လျန်က သူမကို မျက်စောင်းထိုးလိုက်မှသာ သူမက စုနွမ်နွမ်၏ လက်မောင်းကို ရင်းနှီးစွာ ပွေ့ဖက်ထားမိခြင်းဖြင့် စည်းကျော်သွားမိမှန်း နောက်ဆုံးတွင် သိလိုက်ရသည်။ သူမက လက်လွှတ်မည့်အစား  ရယ်ကျဲကျဲဖြင့် လျှာထုတ်ပြလိုက်သည်။


"ကျွန်မက အရမ်းပျော်နေလို့ပါ… ဟုန်လျန်ကျဲ… အစ်မလည်း ပျော်သင့်တယ်… ပြီးတော့ အောင်ပွဲခံတဲ့အနေနဲ့ သခင်မလေးရဲ့ နောက်ထပ်လက်မောင်းတစ်ဖက်ကို ဖက်ထားလိုက်လေ… သခင်မယွင်ဆီက ပစ္စည်းတွေသွားတောင်းတိုင်း အစ်မ ဘယ်နှစ်ခါတောင် ဒုက္ခရောက်ခဲ့ရတာလဲ… သူက အစ်မကို ဘယ်လောက်တောင် ဒုက္ခပေးခဲ့လဲ… ဒါက ကျွန်မတို့ရဲ့ နာကျင်မှုအားလုံးအတွက် ကလဲ့စားချေတာလို့ မှတ်ယူနိုင်ပါတယ်…"

 

ဟုန်လျန်က သူမတို့၏ အောင်ပွဲငယ်လေးအတွက် ပျော်ရွှင်နေသော်လည်း နောက်တစ်ကြိမ် သက်ပြင်းချလိုက်မိသည်။ သူမက သခင်မယွင်၏ မာနနှင့် အရင်းအမြစ်များကို နားလည်ထားသည်။ ထိုအမျိုးသမီးက ဤကိစ္စကို လက်စားမချေဘဲ လွှတ်ပေးမည်မဟုတ်ပေ။ ၎င်းက သူမအနေဖြင့် ဤမျှစောစော အောင်ပွဲမခံနိုင်ရခြင်း၏ အဓိကအကြောင်းရင်းဖြစ်ပေသည်။


သူမက ရှန်းယွင်ကို မျက်စောင်းထိုးရင်း အံကြိတ်ကာ ပြောလိုက်လေသည်။ 

"နင်က အရမ်းရိုးစင်းလွန်းတာပဲ… ဒီနေ့ ငါတို့ သခင်မယွင်ကို သေလောက်အောင် စော်ကားမိပြီ… အနာဂတ်မှာ ငါတို့ဘဝက ဘယ်လိုဖြစ်မလဲဆိုတာ နင်မြင်ယောင်ကြည့်နိုင်လား… သခင်က ငါတို့ကို နှစ်ကြိမ်လောက် လာတွေ့ရုံနဲ့ ငါတို့ရဲ့ ရိုင်းစိုင်းတဲ့အပြုအမူတွေကို သည်းခံလိမ့်မယ်လို့ နင်ထင်နေတာလား…"

 

ထိုအခါ ရှန်းယွင်၏ မျက်နှာလေးက ဖြူဖျော့သွားတော့သည်။ သို့သော် မည်သူမျှ တစ်စုံတစ်ရာမပြောမီမှာပင် စုနွမ်နွမ်၏ ကျယ်လောင်သောအသံက ဖြတ်ဝင်လာသည်။ 

"ဘာလဲ… နင်တို့က ဒါကို ရိုင်းစိုင်းတယ်လို့ သတ်မှတ်တာလား… ဟုန်လျန်… နင့်ရဲ့ ဘယ်မျက်လုံးက ငါတို့ ရိုင်းစိုင်းနေတာကို မြင်မိလို့လဲ… ဟိုလူတွေက ငါတို့နယ်မြေထဲကို ဒေါင်းတွေလို မောက်မာပြီး နှာခေါင်းမော့ပြီး ဝင်လာကြတာလေ… ပြီးတော့ ငါတို့ရဲ့ ပဲစေ့ထောင်ချောက်တွေပေါ်မှာ ချော်လဲသွားကြတာ…"

 

"ဒါကို ကိုယ့်မိုက်မဲမှုကြောင့် ခံရတာလို့ခေါ်တယ်… ငါတို့နဲ့ဘာမှမဆိုင်ဘူး… အဆိုးဆုံး နင်က ဒါကို တရားမျှတမှုလို့တောင် ခေါ်နိုင်တယ်… ဘယ်လိုလုပ် ရိုင်းစိုင်းတယ်ဖြစ်သွားရတာလဲ… ဟက်ဟက်… နင့်ရဲ့ ပထမသခင်မ ငါ ရိုင်းစိုင်းတဲ့မြင်ကွင်းကို နင်တို့ သေချာပေါက် မမြင်ဖူးသေးပါဘူး…"

 

ဤအချိန်တွင်မူ ဟုန်လျန်ပင်လျှင် မျက်နှာဖြူဖျော့သွားရသည်။ သူမက စုနွမ်နွမ်၏ လွတ်နေသောလက်မောင်းကို စိုးရိမ်တကြီး ဆွဲကိုင်ကာ ပြောလိုက်လေသည်။ 


"ကျွန်မရဲ့ ချစ်လှစွာသော သခင်မလေး… သခင်မလေးပြောတာက အဓိပ္ပာယ်ရှိပေမယ့် မြို့စားကြီးနဲ့ မြို့စားကတော်ကြီး၊ သခင်တောင်မှ ဒီလိုမြင်မှာမဟုတ်ပါဘူး… ဒီသခင်မယွင်က ပွဲလန့်တုန်း ဖျာခင်းတတ်တဲ့နေရာမှာ အရမ်းကို ပါရမီပါပါတယ်… ပြီးသွားတာနဲ့ သူလုပ်ရမှာက သခင့်ရှေ့မှာ သနားစရာကောင်းအောင် ငိုပြလိုက်ရုံပါပဲ… ပြီးရင်တော့ ကျွန်မတို့သာ ခံရမှာပါပဲ…"

 

"ငါတို့အားလုံး ခံရတယ်ပဲထား… အဆိုးဆုံးက ဘာဖြစ်နိုင်လို့လဲ…" 

 

ဟုန်လျန်က အလွန်အလေးအနက်ထားနေခြင်းကို မြင်သောအခါ စုနွမ်နွမ်က သူမအနေဖြင့် ကိစ္စများကို အလေးအနက်ထားရန် ကြိုးစားသင့်သည်ဟု ခံစားမိပြီး၊ သူမ၏အစေခံက ဘာပြောလာမည်ကို သိချင်စိတ်ပြင်းပြလာသည်။

 

"အဆိုးဆုံးလား…"

 

ဟုန်လျန်၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ခါသွားပြီး သူမက တီးတိုးပြောလိုက်သည်။ 

 

"သ...သခင်က သခင်မလေးကို ကွာရှင်းပြီး၊ ကျွန်မတို့ကို အိမ်တော်ထဲကနေ နှင်ထုတ်လိုက်မှာပေါ့… ကျွန်မတို့ အိမ်ခြေမဲ့၊ အမိုးအကာမဲ့နဲ့ အကာအကွယ်မဲ့ ဖြစ်သွားရပါလိမ့်မယ်…"

 

သူမက ပြောနေရင်း၊ သူမတို့သုံးယောက် လမ်းပေါ်တွင် လမ်းပျောက်နေသော ဝိညာဉ်များကဲ့သို့ လျှောက်သွားနေခြင်း၊ အငတ်ဘေးဆိုက်ကာ အစားအစာတောင်းစားနေရခြင်းတို့ကို မြင်ယောင်နေမိသည်။ ဟုန်လျန်၏ နှုတ်ခမ်းများက ထိုအတွေးကြောင့် ဖြူဖျော့သွားရပြန်သည်။ သူမဘေးတွင်မူ ရှန်းယွင်က မငိုမိအောင် နှုတ်ခမ်းများကို တင်းတင်းစေ့ထားသည်။ နောက်ဆုံးတွင် သူမက စုနွမ်နွမ်၏ သံသယစိတ်ဝင်နေမိသလိုအသံကို ကြားလိုက်ရတော့သည်။


"ဒါဆို... သူက ငါ့ကိုကွာရှင်းပြီး... နှင်ထုတ်မယ်… ဒါပဲလား…"

 

"သခင်မလေး… သခင်မလေးက ဒါကို မဆိုးဘူးလို့ ထင်နေတာလား…" 

 

ဟုန်လျန်၏ မျက်ရည်ဝဲနေသော မျက်လုံးများက သူမ၏ ရဲတင်းလွန်းသော သခင်မလေးကို စိုက်ကြည့်ရင်း နှလုံးသားက ကြေမွသွားသလို ခံစားလိုက်ရတော့သည်။

 

"အဲဒီတော့ ဘာဖြစ်လဲ… နင်တို့နှစ်ယောက်က ဘာလို့ ဒီလောက်ကြောက်နေရတာလဲ…" 

 

စုနွမ်နွမ်က သက်ပြင်းချလိုက်ပြီးနောက် လက်ခုပ်တီးကာ ရယ်လိုက်မိသည်။ 

 

"ဟို သွမ့်ထင်ရွှမ်းက ငါ့ကိုကွာရှင်းချင်ရင်… လာပါစေ… သူငါတို့ဆီကို စားစရာလုဖို့လာတိုင်း သူ့ရဲ့ အရှက်မရှိ၊ လောဘကြီးတဲ့မျက်နှာကို မြင်ရတာကို ငါ စိတ်ကုန်နေမိတာ ကြာလှပြီ…"

 

ထိုသို့ပြောပြီးနောက် သူမက ထိုအံ့အားသင့်နေသော အစေခံမလေးများကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းခါလိုက်လေသည်။ 


"နင်တို့ရဲ့ သနားစရာကောင်းတဲ့ မျက်နှာအမူအရာတွေကို ကြည့်ရတာလေ… ဒီလောကကြီးမှာ ယောက်ျားတစ်ယောက်မရှိဘဲ ရှင်သန်ဖို့ မဖြစ်နိုင်ဘူးလို့ နင်တို့တကယ်ထင်နေတာလား… ရွံစရာကောင်းလိုက်တာ… နင့်သခင်မလေး ငါက နင်တို့နှစ်ယောက်ကို တကယ်ကို ယုတ်ညံ့တယ်လို့ ခံစားနေရတယ်…" 

 

"သခင်မလေး… ကျွန်မတို့ကို တကယ်နှင်ထုတ်လိုက်ရင်၊ ကျွန်မတို့ ဘယ်လိုရှင်သန်ရမလဲ… အား…"

ရှန်းယွင်က အားမရှိစွာ မေးလိုက်မိသည်။ သူမ ယုတ်ညံ့ရခြင်းက အဆင်ပြေသည်။ အသက်ရှင်ရန် မျှော်လင့်ချက်ရှိနေသမျှ၊ သူမက သူမ၏သခင်မလေး၏ အထင်အမြင်သေးခြင်းကို ခံရလည်း အဆင်ပြေသည်။ အမှန်တကယ်တွင် သူမက တကယ်ပင် ပျော်ရွှင်နေလိမ့်မည်။


"ဘယ်လိုရှင်သန်ရမလဲဟုတ်လား… နင့်သခင်မလေး ငါက ဟင်းချက်ပညာရဲ့ လျှို့ဝှက်ချက်အမျိုးမျိုးနဲ့ ကောင်းချီးပေးမခံထားရဘူးလား… ငါ့မှာ လှည့်ကွက်တွေ အများကြီးရှိသေးတယ်… အချိန်တန်ရင် ငါက နာမည်ကြီးပြီး ဂုဏ်သတင်းကောင်းတဲ့ စားသောက်ဆိုင်ကြီးတစ်ဆိုင်မှာ အလုပ်ရှာမယ်… စားဖိုမှူးတစ်ယောက်အနေနဲ့ ငွေအလုံအလောက်ရှာပြီးရင်၊ ငါတို့ ကိုယ်ပိုင်စားသောက်ဆိုင်လေးတောင် ဖွင့်နိုင်တယ်… ပြီးတော့ နင်တို့နှစ်ယောက်က အချုပ်အလုပ်ပညာနဲ့ ပန်းထိုးပညာမှာ ကောင်းတော့ ချုပ်ထည်အလုပ်တွေ ရှာလို့ရတယ်… နင်တို့ ငါ့စကားနားထောင်လိုက်… ငါတို့ ဒီအိမ်တော်ကနေ ထွက်သွားတာနဲ့၊ ငါတို့ ရှင်သန်နိုင်ရုံတင်မကဘဲ၊ သက်တောင့်သက်သာရှိတဲ့ဘဝကို အတူတကွ နေထိုင်သွားနိုင်ကြမှာ…"

 

အမှန်တကယ်တွင် အင်အားမဲ့အမျိုးသမီးသုံးယောက်အတွက် အိမ်တော်ဝင်းထဲက ထွက်သွားသည်နှင့် သက်တောင့်သက်သာနေထိုင်ရန်က လုံးဝနီးပါး မဖြစ်နိုင်ပေ။ သူတို့က ကမ်းစပ်၌ မလုံမခြုံ မျောနေရသော ဗေဒါပင်များကဲ့သို့ ဖြစ်သွားမည်ဖြစ်သည့်အပြင် လမ်းမှားရောက်လာသော လှိုင်းတစ်ချက်ကပင် သူတို့၏ဘဝကို ဖျက်ဆီးရန် လုံလောက်သည်။ 


သို့မဟုတ်လျှင်၊ စုနွမ်နွမ်က မေယွဲ့အိမ်တော်တွင် တိတ်တဆိတ်နေထိုင်ရင်း သွမ့်ထင်ရွှမ်းက သူမ၏အစားအစာများကို သယ်သွားခွင့်ပြုရသည့် 'အရှက်ရမှု' ကိုပင် ခေါင်းငုံ့ခံမည်မဟုတ်ပေ။ သို့သော် ကိစ္စများက အစေခံမလေးများ စိတ်ကူးထားသလောက် မဆိုးလှပေ။ ဤအိမ်တော်တံခါးများမှ ထွက်သွားသည်နှင့် သေခြင်းက သေချာပေါက်ဖြစ်မည်မဟုတ်ပေ။ အဆိုးဆုံး ၎င်းက ဤလောက၌ ရှင်သန်ရန် သူမ ကျော်လွှားရမည့် နောက်ထပ်အတားအဆီးတစ်ခုသာ ဖြစ်နိုင်ပေသည်။

 

မျှော်လင့်ထားသည့်အတိုင်းပင် သူမ၏ရှင်းပြချက်ကို ကြားပြီးနောက် ဟုန်လျန်နှင့် ရှန်းယွင်တို့၏ စိုးရိမ်ပူပန်မှုများက လျော့နည်းသွားကြသည်။ အိမ်ထဲသို့ ပြန်ရောက်သောအခါ စုနွမ်နွမ်က ပါဝင်ပစ္စည်းများစာရင်းကို မြင်မိသောအခါ ရယ်ရမလို ငိုရမလို ဖြစ်သွားရသည်။ သူမက မျက်လုံးများကို ကျဉ်းလိုက်ပြီးနောက် သူမဘာသာသူမ တီးတိုးရေရွတ်လိုက်မိသည်။ 


"စိတ်အနှောင့်အယှက်ဖြစ်စရာပဲ… ငါသာစောစောက သိခဲ့ရင်၊ ဒီစာရင်းထဲမှာ ဒီလောက်အားထုတ်မှာ မဟုတ်ဘူး… သွမ့်ထင်ရွှမ်း… ရှင် နောက်ထပ် ဘာလုပ်ဖို့ ကြံနေတာလဲ…"

 

စုနွမ်နွမ်က စစ်မှန်သော အစားအသောက်ချစ်သူ တစ်ယောက်ဖြစ်ပေသည်။ ကောင်းမွန်သောအစားအစာအတွက် အစားအသောက်ချစ်သူ တစ်ယောက်က နှုတ်ခမ်းကိုက်ကာ သည်းခံရမည့်အရာများစွာ ရှိသည်။ သို့သော် အစားအသောက်ချစ်သူ တစ်ယောက်တွင်ပင် သူတို့၏ အောက်ခြေစည်းမျဉ်းရှိပေသည်။ စုနွမ်နွမ်အတွက် သူမ၏အောက်ခြေစည်းမျဉ်းက ဂုဏ်သိက္ခာဖြစ်သည်။ အစားအစာက မည်မျှပင် အရသာရှိစေကာမူ သူမက မည်သည့်အခါမှ ဒူးထောက်ပြီး ကြမ်းပြင်ပေါ်မှ အစားအစာကို လျက်မည်မဟုတ်ပေ။

 

ရှုရန်ယွင်၏ အမည်ခံပထမဇနီးအပေါ် ရန်လိုသော တိုက်ရိုက်တိုက်ခိုက်မှု၊ စုနွမ်နွမ်ကို ဝေဖန်ရန် သူမ၏အဖွဲ့နှင့်အတူ လာခြင်း၊ ကောင်းပြီ၊ သူမက ငုံ့ခံနေမည်မဟုတ်ပေ။ ၎င်းက စုနွမ်နွမ်က သူမ၏ ယခုလို အပြုအမူ၏ စစ်မှန်သောအကြောင်းရင်းဖြစ်လေသည်။ ထို့ကြောင့် အိမ်တော်မှ ထွက်သွားရမည့် ခြိမ်းခြောက်မှုရှိနေသော်လည်း သူမက ဤစော်ကားမှုကို မျိုသိပ်ရန် ငြင်းဆန်ခဲ့သည်။

 

သခင်မနှင့် အစေခံများက နေ့တစ်နေ့၏ အများစုကို သူတို့နှင်ထုတ်ခံရသည်နှင့် ဘာလုပ်သင့်သည်၊ ဘယ်စားသောက်ဆိုင်ကို သွားသင့်သည်၊ စားသောက်ဆိုင်ခပ်‌သေးသေးတစ်ခု တည်ထောင်ရန် လိုအပ်သောငွေပမာဏ၊ သူတို့တွေ့ဆုံနိုင်မည့် ဖောက်သည်အမျိုးအစားနှင့် ဤစားသောက်ဆိုင်လေးတွင် သူတို့ကျွေးမွေးမည့် အစားအစာအမျိုးအစားများအကြောင်း ပြောဆိုရင်း အချိန်ကုန်ဆုံးခဲ့ကြသည်။

 

ဟုန်လျန်နှင့် ရှန်းယွင်တို့က သေတ္တာများနှင့် ဗီရိုများကို မွှေနှောက်ကာ စုနွမ်နွမ်၏ အသုံးအဆောင်အနည်းငယ်နှင့် အဝတ်အစားများကိုပင် ထုပ်ပိုးကြသည်။ သူမတို့ကွာရှင်းစာချုပ်ကို မြင်သည်နှင့်တစ်ပြိုင်နက် သူမတို့၏ပစ္စည်းများနှင့်အတူ အမြန်ဆုံးထွက်သွားနိုင်မည်ဖြစ်ပြီး၊ ဤမောက်မာသောလူများက မေယွဲ့အိမ်တော်မှလူများက အိမ်တော်မှထွက်ခွာရာတွင် နှေးကွေးနေသည်ဟု မပြောနိုင်တော့ပေ။

 

သို့သော် ညနေစောင်းရောက်လာသော်လည်း ကွာရှင်းစာချုပ်ကို မမြင်ရသေးပေ။

 

သူတို့ နေ့လည်စာအကြောင်း စဉ်းစားရမည့်အချိန်အထိ စောင့်ဆိုင်းခဲ့ကြပြီးနောက် နေ့လည်စာကိုမူ ချက်ရဦးမည်ဖြစ်သည်။ ထိုအခါ စုနွမ်နွမ်က အင်္ကျီလက်စကို ပင့်တင်ကာ မီးဖိုချောင်ထဲသို့ ဝင်သွားတော့သည်။ သူမက ကျန်ရှိသော ပါဝင်ပစ္စည်းအစအနများအတွက် မီးဖိုချောင်တစ်ခုလုံးကို ရှာဖွေရန် အခွင့်အရေးကိုလည်း ယူလိုက်သေးသည်။ သူမက ဤနေရာမှ ဆန်တစ်စေ့ကိုပင် အလဟဿအဖြစ်မခံနိုင်ပေ။

 

...

 

ညနေရောက်လာသည့်အခါ သွမ့်ထင်ရွှမ်းက လက်ထဲတွင် တောဘဲနှစ်ကောင်ဖြင့် အိမ်တော်၏ရှေ့ဝင်ပေါက်မှ ဝင်လာလေသည်။ သွမ့်ထင်ရွှမ်းက ပြုံးနေပြီး သူ့ခေါင်းထဲတွင် မည်သည့်လှပသောအတွေးများ ဝင်နေသည်ကိုမူ မသိနိုင်ပေ။

 

"သခင်… ပြန်ရောက်လာပြီလား…" 

 

တံခါးစောင့်က သူ့ကိုနှုတ်ဆက်ရန် ချက်ချင်းပြေးလာလေသည်။ ဘဲများကို မြင်သောအခါ သူက ချက်ချင်းပြုံးလိုက်လေသည်။

 

"သခင် အမဲလိုက်သွားဖို့ အစီအစဉ်ရှိတယ်လို့ ဒီအစေခံမကြားမိပါဘူး… ဒါတွေက ဘယ်ကရလာတာလဲ…"


"ငါဒီနေ့မွန်းလွဲပိုင်းက အိမ်ရှေ့စံရဲ့စံအိမ်မှာ ရှိနေခဲ့တယ်လေ… တစ်ယောက်ယောက်က သူ့ကို တောဘဲလှောင်အိမ်နည်းနည်း ပို့ပေးတာနဲ့ ကြုံကြိုက်လို့ ငါ နှစ်ကောင်ယူလာခဲ့တာ…" 

 

သွမ့်ထင်ရွှမ်း၏ ပေါ့ပေါ့ပါးပါးလေသံက သူနှင့် အိမ်ရှေ့စံကြားရှိ သံမဏိလိုခိုင်မာသော ခင်မင်မှုကို ဖော်ပြနေသည်။

 

သူက ပြောရင်း မေယွဲ့အိမ်တော်သို့ ဦးတည်သော လမ်းငယ်လေးအတိုင်း လျှောက်သွားသည်။ သူက အိမ်တော်၏ ဘဲစွပ်ပြုတ်ကို ငြီးငွေ့နေပြီဖြစ်သည်။ 

 

ငါသာ ဒီလတ်ဆတ်တဲ့ တောဘဲတွေကို စုနွမ်နွမ်ကို ပေးလိုက်ရင် သူက ဘယ်လိုအရသာရှိတဲ့ ဟင်းလျာတွေ ဖန်တီးနိုင်မလဲဆိုတာ ဘယ်သူသိနိုင်မလဲ…

 

"သခင်..."

 

ဝင်ပေါက်မှ အသံတစ်ခုက သွမ့်ထင်ရွှမ်းကို သူ၏လှပသောနေ့ခင်းအိပ်မက်များမှ လှုပ်နှိုးလိုက်လေသည်။ သူက ဂိတ်ပေါက်သို့ လှည့်ကြည့်လိုက်သည့်အခါ တံခါးစောင့်က အပြုံးများဖြင့် ပြေးလာခြင်းကို မြင်လိုက်ရသည်။


"သခင်… ဒီလမ်းက... အတွင်းဆောင်ကို မရောက်ပါဘူး…"

 

"ဒီသခင်သွားချင်တဲ့နေရာကို မင်းလိုအစေခံတစ်ယောက်ကို ရှင်းပြဖို့လိုလို့လား…" 

 

သွမ့်ထင်ရွှမ်းက နှာမှုတ်လိုက်လေသည်။ ထိုအခါ တံခါးစောင့်က ချက်ချင်းပင် မြေပေါ်သို့ ပစ်လဲလိုက်ပြီးနောက် ဂရုတစိုက်ပြောလိုက်လေသည်။


"သခင်က ပညာရှိပါတယ်… ဒီအသုံးမကျတဲ့အစေခံက သခင်ရဲ့အသွားအလာကို ဘယ်လိုမေးခွန်းထုတ်ရဲမှာလဲ… ဒါပေမယ့် သခင်မယွင်က  သခင်ကို သခင်မယွင်ရဲ့စံအိမ်ကို ခဏလောက် လေးစားစွာ ဖိတ်ခေါ်ဖို့ ဒီအသုံးမကျတဲ့အစေခံကို ညွှန်ကြားထားခဲ့ပါတယ်… သခင်မယွင်က အရမ်းအရေးကြီးတဲ့ သတင်းတစ်ခု ပြောစရာရှိတယ်လို့ အရိပ်အမြွက် ပြောထားပါတယ်…"

 

ရန်ယွင်က ဘာလုပ်ဖို့ကြိုးစားနေတာလဲ…

 

သွမ့်ထင်ရွှမ်းက တိတ်တဆိတ် ကျိန်ဆဲလိုက်မိသည်။ သူက ခဏကြာ စဉ်းစားပြီးနောက် တောဘဲများကို စစ်ဖျင်ထံ လွှဲပေးလိုက်ပြီး တီးတိုးညွှန်ကြားလိုက်သည်။ 


"ဒါတွေကို မေယွဲ့အိမ်တော်ကို ပို့လိုက်… ပထမသခင်မကို ပြင်ဆင်ခိုင်းထားလိုက်ပါ… ငါညစာအတွက် နောက်မှ အဲဒီကိုသွားမယ်… အိုး… ပြီးတော့ သူ့ကို ဘာမဆိုအဆင်ပြေတယ်… ဒါပေမဲ့ ဘဲစွပ်ပြုတ်တော့ မလုပ်နဲ့လို့ပါ ပြောလိုက်…"

 

စစ်ဖျင်က ဟုတ်ကဲ့ဟု ပြောသည်နှင့် တဗျက်ဗျက်အော်နေသော ဘဲနှစ်‌ကောင်က သူ့လက်ထဲသို့ ပစ်ထည့်ခံလိုက်ရသည်။ သူဟန်ချက်ပြန်ထိန်းမိချိန်တွင် သွမ့်ထင်ရွှမ်းက ရှုရန်ယွင်၏စံအိမ်သို့ ဦးတည်နေပြီဖြစ်သည်။ သူဝင်သွားသည်နှင့် သူ၏လေးနှစ်အရွယ် သားနှစ်ယောက် ဆော့ကစားနေခြင်းကို မြင်လိုက်ရသည်။ သူ့ကိုမြင်သောအခါ၊ သားနှစ်ယောက်စလုံးက သူ့ထံသို့ ပြေးလာကြတော့သည်။

 

သွမ့်ထင်ရွှမ်းက ခင်ပွန်းတစ်ယောက်အနေဖြင့် အလွန်တဏှာကြီးပြီး သူ့အချစ်ကို အလွန်အကျွံ ဖြန့်ဝေတတ်သော်လည်း၊ ဖခင်တစ်ယောက်အနေဖြင့် သူက အမှန်တကယ်ပင် မဆိုးလှပေ။ သူ၏ကောင်းကွက်များကို လျစ်လျူရှုပြီး သူ၏ဆိုးကွက်များကို အလွန်အကျွံ အာရုံစိုက်၍မရပေ။

 

သားတစ်ယောက်ကို လက်တစ်ဖက်စီတွင် ဖမ်းကိုင်ရင်း သူက သွမ့်မောက်ချွမ်းကို ပြုံးပြလိုက်သည်။


"မင်းအမေ ဒီမှာရှိလား…" 

 

သွမ့်မောက်ချွမ်းက ကိုယ်လုပ်တော်ကျန်း၏ သားဖြစ်သည်။ ကိုယ်လုပ်တော်ကျန်းက ရှုရန်ယွင်၏ ခန်းဝင်ပစ္စည်းများထဲမှ တစ်စိတ်တစ်ပိုင်းအဖြစ် ပါလာသူဖြစ်သည်။ အမှန်တကယ်တွင် စုနွမ်နွမ်၏ ယခင်က ဆိုးသွမ်းပြီး အာဏာပြမှုက အကြောင်းမဲ့မဟုတ်ပေ။ မည်သည့်ဇနီးမဆို သူမ၏ခင်ပွန်းက နောက်တစ်ကြိမ်လက်ထပ်သည်ကို မြင်လျှင် ပျော်ရွှင်မည်မဟုတ်ပေ။ အထူးသဖြင့် တစ်ကြိမ်တည်း နှစ်ယောက်ကို လက်ထပ်သည့်အခါတွင် ပိုဆိုးပေသည်။

 

သူမခံစားခဲ့ရသော နာကျင်မှုက အလွန်ကြီးမားလွန်းခဲ့ရမည်ဖြစ်သည်။ အထူးသဖြင့် သူမက ငါးနှစ်ကြာသည့်တိုင် ကလေးမရသေးချိန်တွင် ကိုယ်လုပ်တော်က တစ်ညတာလှုပ်ရှားမှုအပြီးတွင် ကိုယ်ဝန်ရသွားသည့်အခါ ပို၍ပင် နာကျင်ရပေလိမ့်မည်။ 

 

အဲဒီနောက်မှာတော့ ဘယ်သူက ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်တော့မှာလဲ…

 

သဘာဝကျစွာပင် လူတိုင်းက မကျေနပ်မှုကို ဖော်ပြရန် နည်းလမ်းတစ်ခုအဖြစ် လူသတ်မှုကို စဉ်းစားမိမည်မဟုတ်ပေ။ ထို့အပြင် ၎င်းက အသက်နှစ်ချောင်း ဖြစ်သော မိခင်နှင့်ကလေး နှစ်ယောက်စလုံးကို ဆန့်ကျင်ခြင်းဖြစ်သည်။ ၎င်းက မမှန်ပေ။ သို့သော် တရားမျှတမှုက အရိပ်ထဲတွင်ပင် တည်ရှိခဲ့ပေသည်။

 

အဲဒီရက်စက်ပြီး အဆိပ်ပြင်းတဲ့ အမျိုးသမီးက သူ့ရဲ့အငတ်ဆန္ဒပြမှုကြောင့် မသေသွားခဲ့ဘူးလား…

 

ထိုမျှသာမက သူမ၏ခန္ဓာကိုယ်ကို အစားအသောက်လောဘကြီးသောသူတစ်ယောက်က သိမ်းပိုက်သွားခဲ့သည်။ ယခုလိုသနားစရာစဖွယ် အဆုံးသတ်က ထိုက်တန်သော ကံကြမ္မာ၏အကျိုးဆက် ဖြစ်ခြင်းက သေချာပေသည်။




🍲🍲