Ch 3
Viewers 5k

🍲Chapter 3

မောက်မာခြင်း

 


"သခင်မလေး… ရှင်..." 

 

ရှန်းယွင်က စုနွမ်နွမ်၏ တောက်ပနေသော မျက်လုံးများကို ကြည့်ကာ ခေါင်းကုတ်လိုက်သည်။ 

 

"ကျွန်မ ခံစားရမိတာက သခင်မလေးက အရင်ကနဲ့ မတူတော့သလိုပဲ… ဒါပေမယ့် အစ်မဟုန်လျန်က ကျွန်မကို အဲဒီအကြောင်း မပြောခိုင်းဘူး…"


"ပေါက်တတ်ကရတွေ… ငါက ဘယ်လိုလုပ် အရင်အတိုင်း ဖြစ်နိုင်မှာလဲ… မမေ့နဲ့လေ… ငါက သေမင်းရဲ့လက်ထဲကနေ လောလောလတ်လတ် လွတ်မြောက်လာတဲ့သူ…" 

 

စုနွမ်နွမ်က ရှန်းယွင်ကို မျက်စောင်းထိုးလိုက်သည်။ 

 

"ငါ ဘယ်လိုလွတ်မြောက်လာတယ်လို့ နင်ထင်လဲ… ငရဲမင်းကြီးက ငါ့သက်တမ်းမစေ့သေးဘူးလို့ ကိုယ်တိုင်ကိုယ်ကျ ပြောခဲ့တာ… ငါ့ဝိညာဉ်ကို မှားယွင်းပြီး စောစီးစွာ ရိတ်သိမ်းသွားမိတဲ့အတွက် လျော်ကြေးအနေနဲ့ သူက ငါ့ကို စိတ်ဝင်စားစရာကောင်းတဲ့ စွမ်းရည်တချို့ လက်ဆောင်ပေးခဲ့တယ်…"


"သခင်မလေး... ကျွန်မ သခင်မလေးပြောတဲ့စကား တစ်လုံးမှ နားမလည်ပါလား…" 


ရှန်းယွင်က စုနွမ်နွမ်ကို နွားမျက်လုံးလို ဝိုင်းစက်သော မျက်လုံးများဖြင့် ဆက်လက်စိုက်ကြည့်နေသည်။

 

အစ်မဟုန်လျန် ပြောတာ တကယ်မှန်တာပဲ… အာ… ဒီသခင်မလေးက တကယ်ကို မတူတော့ဘူး… ဒါပေမယ့် ဒီသခင်မလေးက တကယ်လည်း သဘောကောင်းတာပဲ… အာ… အရင်ကဆို သခင်မလေးကို ဒီလိုမျိုး စကားပြောဖို့ လုံးဝမဝံ့ရဲဘူး…


"အင်း… နင် ငါ့စကားကို နားမလည်တာ သဘာဝကျပါတယ်…"

 

စုနွမ်နွမ်က တိုးတိုးလေး ရေရွတ်လိုက်ပြီး ရှန်းယွင်၏ ပြူးကျယ်နေသော မျက်လုံးများကို ကြည့်ကာ အာဏာပါသော လေသံဖြင့် လည်ချောင်းရှင်းလိုက်ပြီး ပြောလိုက်သည်။


"ကဲ… နင်သိထားဖို့လိုတာက နင့်သခင်မလေးက အခု မီးထဲကနေ ပြန်လည်မွေးဖွားလာတဲ့ ဖီးနစ်ငှက်တစ်ကောင် ဖြစ်သွားပြီ ဆိုတာပဲ… ငါက သန့်စင်ခြင်းမီးကို ဖြတ်သန်းခဲ့ပြီး အတိတ်ကို ချန်ထားခဲ့ပြီ… နားလည်လား… နားမလည်ရင်လည်း ကိစ္စမရှိပါဘူး… နင့်သခင်မလေးက ပညာရှိပြီး ရှားပါးတဲ့ ပါရမီရှင်၊ ထက်မြက်အေးဆေးတဲ့ ဉာဏ်ပညာရှိသူ၊ ကျောက်စိမ်းနဲ့ ထုဆစ်ထားသလို အရိုးအဆစ်တွေနဲ့ ကြီးကျယ်ခမ်းနားတဲ့ အလှပိုင်ရှင်တစ်ယောက်လေ… ဒါကြောင့် နင့်လို ရိုးစင်းတဲ့ အစေခံမလေးတစ်ယောက်က ဘယ်လိုလုပ် နားလည်နိုင်မှာလဲ…" 

 

ဖူး… အဲဒီနောက်ဆုံးစာကြောင်းကတော့ တော်တော်လွန်သွားပြီ…

 

စုနွမ်နွမ်က သူမ၏ပါးစပ်မှ ထွက်ကျလာသော  ကိုယ့်ကိုယ်ကိုယ် အထင်ကြီးသည့် စက်ဆုပ်ဖွယ်စကားလုံးများကြောင့် ပျို့တက်မတတ် ဖြစ်သွားရသည်။


"အိုး… အိုး… တကယ်ပဲ သခင်မလေးပဲ… ဒါတွေက သခင်မလေး အမြဲပြောနေကျ စကားတွေပဲ…" 


ရှန်းယွင်က ပျော်ရွှင်လွန်း၍ ခုန်မတတ် ဖြစ်သွားသည်။ 

"ဒါက သိပ်ကောင်းတာပဲ… တကယ်ပဲ သခင်မလေးပဲ…  သခင်မလေးက တခြားတစ်ယောက်နဲ့ လဲသွားပြီလို့ ထင်နေတဲ့ ထူးဆန်းတဲ့ အိပ်မက်ဆိုးတစ်ခုခု ကျွန်မက မက်နေခဲ့တာ ဖြစ်ရမယ်…"


အိုဟို… ဒီတော့ အဲဒီမိန်းမက သူ့ကိုယ်သူ ဒီလိုမျိုး ကြွားဝါရတာကို ကြိုက်တာလား… ဒါက… ဘယ်လောက်တောင် မျက်နှာပြောင်တိုက်လိုက်သလဲ… မျက်နှာက တော်တော်ထူတာပဲ… အိုး…

 

နွမ်နွမ်က သူမ၏ နဖူးမှ ချွေးများကို သုတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။ 

 

ဒီကောင်မလေးက တကယ်ကို လှည့်စားလို့ လွယ်တာပဲ… ဒါပေမယ့် ဟိုဟုန်လျန်ကတော့ ဉာဏ်ထက်မယ့်ပုံပဲ…


ဒါပေမယ့်လည်း စိတ်ပူစရာမလိုပါဘူး… အဲဒီကောင်မလေးက ငါ့ကို စမ်းသပ်ဖို့ ကြိုးစားလာရင် ငါ့မှာ စုမုန့်နွမ်ရဲ့ အမှတ်တရတွေ အကုန်ရှိနေတာပဲ… ပိုအရေးကြီးတာက ငါ့မှာ ဒီအရမ်းအသုံးဝင်တဲ့ ခိုင်မာတဲ့ဆင်ခြေ… သေမင်းခံတွင်းဝကနေ အသက်ကို လုယူပြီး ပြန်ကောင်းလာတယ် ဆိုတာကြီး ရှိနေတယ်… အင်း… သေလုနီးပါးကနေ ပြန်လည်လွတ်မြောက်လာတဲ့ အမျိုးသမီးတွေက နည်းနည်းပါးပါး ပြောင်းလဲသွားတာက လုံးဝ သဘာဝကျတာပဲ မဟုတ်လား…


"သခင်မလေး… ရှန်းယွင်..."


ဟုန်လျန်၏ အသံက နောက်ဖေးဝင်ပေါက်မှ ပဲ့တင်ထပ်လာသည်။ စုနွမ်နွမ်နှင့် ရှန်းယွင်တို့ လှည့်ကြည့်လိုက်သောအခါ နေရောင်ခြည်အောက်တွင် ရပ်နေသော ဟုန်လျန်ကို တွေ့လိုက်ရသည်။ သူမ၏ မျက်နှာအမူအရာက အမှောင်ကျနေသည်။


"ဘာဖြစ်လာလဲ… စားဖိုဆောင်ကနေ ဘာရခဲ့လဲ…"


စုနွမ်နွမ်က သူမ၏ စကတ်ပေါ်တွင် လက်ကိုခါလိုက်ပြီး လျှောက်သွားလိုက်သည်။ ဟုန်လျန်၏ မျက်နှာကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမ သိလိုသမျှကို ချက်ချင်းသိလိုက်သည်။


"သခင်မလေး… စားဖိုဆောင်က ကျွန်မကို အကြောင်းကြားခိုင်းလိုက်တာက သူတို့ ကျွန်မတို့ကို အစားအသောက်ပေးဖို့ မဝံ့ရဲဘူးတဲ့… စာရင်းတွေ မကိုက်ရင် စားဖိုဆောင်က ဒုက္ခရောက်မှာမို့လို့ပါတဲ့…"

 

ဟုန်လျန်က သက်ပြင်းချပြီး ခေါင်းခါလိုက်သည်။ 

 

"ခဏလောက် သည်းခံပေးပါဦး… ကျွန်မ သခင်မယွင်ဆီကို သွားအသနားခံလိုက်ပါ့မယ်…"


"သခင်မယွင်ဆီကို အသနားခံမယ် ဟုတ်လား… ပြီးတော့ အဲဒီမိန်းမရဲ့ အစေခံတွေဆီက လှောင်ပြောင်ခံမယ်ပေါ့…" 

စုနွမ်နွမ်က နှာမှုတ်လိုက်သည်။ 

 

ဒီတော့ ဒါက အိမ်တော်ကြီးတစ်ခုရဲ့ ဘဝပေါ့… 'ပြုတ်ကျသွားသော ဖီးနစ်ငှက်က ကြက်တစ်ကောင်လောက်ပင် တန်ဖိုးမရှိ' ဆိုတဲ့ ဆိုရိုးစကား ဘာလို့ရှိလဲ သိချင်လား… ဒီအခြေအနေက အဲ့ဒီစကားနဲ့ တစ်ထပ်တည်းကျနေတာပဲ…

 

"ကျွန်မတို့ ဘာလုပ်နိုင်မှာလဲ… သခင်မလေးက ပြဿနာမရှာချင်ဘူးဆိုရင် စားဖိုဆောင်က အနှေးနဲ့အမြန် ပေးတာကိုပဲ တိတ်တိတ်လေး စားနေရုံပေါ့… သူတို့က ကျွန်မတို့ကို ဘာမှမပေးဘဲ နေရဲမှာမှ မဟုတ်တာ… ဟုတ်တယ်မလား…"


ဟုန်လျန် အစိုးရိမ်ဆုံးဖြစ်နေသည့်အရာက သူမ၏ သခင်မလေး၏ အခြေအနေဖြစ်သည်။ သူမတို့တကယ်ပင် ဆိုးရွားသော အခြေအနေတွင် ရောက်နေသည်။ မြို့စားငယ်က လှပသော အမျိုးသမီးများကို နှစ်သက်သည်။ သူ့ရွယ်တူများနှင့် လက်အောက်ငယ်သားများအပေါ် ဩဇာအာဏာ ကြီးမားပြီး တော်ဝင်မိသားစုနှင့်လည်း ရင်းနှီးသည်။ သူက မင်းသားများကြားတွင်လည်း လူကြိုက်များသည်။ သူ၏ အိမ်တော်ထဲသို့ ခေါ်ဆောင်ထားသော အမျိုးသမီးများအားလုံးက လူမှုအဆင့်အတန်းမြင့်မားသော၊ ထင်ရှားသော မျိုးရိုး သို့မဟုတ် အလှတရားကြီးမားသော သခင်မများချည်းသာ ဖြစ်သည်။ ယခုအခါ သူမ၏ အဖိုးတန်သခင်မလေး၏ မိသားစု၊ ဖျင်မြို့စားကြီးက ကျွန်အဖြစ်သို့ ရောက်ရှိသွားပြီဖြစ်ရာ ဤပရိယာယ်များသော အိမ်တော်အတွင်း၌ သူမတို့၏ စကားက လေထဲတိုက်သည့်အတိုင်းပင် ဖြစ်ပေလိမ့်မည်။


"အဲဒီလူတွေကို အားကိုးမယ် ဟုတ်လား… ကုန်ကြမ်းကောင်းတွေ သူတို့လက်ထဲမှာ အလဟဿဖြစ်တာပဲ… သူတို့ချက်ပြုတ်ပုံက အရှက်ရစရာပဲ…" 

 

စုနွမ်နွမ်က မျက်မှောင်ကြုတ်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။ 

 

"နွေဦးရာသီကုန်ခါနီးဖြစ်နေတာ ကံကောင်းတာပဲ… ဒီတော့ နောက်ထပ်ရက်ပိုင်းအတွင်းမှာ ဥယျာဉ်ထဲက ဟင်းသီးဟင်းရွက်တွေကို စားနိုင်လောက်ပြီ… ဒါပေမယ့် ဆန်နဲ့ ဂျုံမှုန့်… ပြီးတော့ ဟင်းခတ်အမွှေးအကြိုင်တွေအတွက် ဘယ်လိုလုပ်မလဲ… ငါက ဒါတွေကို မျက်လှည့်နဲ့ ဖန်တီးလို့မှမရတာ… ဟုတ်တယ်မလား…စားဖိုဆောင်က... ဟွန်း… စားဖိုဆောင်က ဝန်ထမ်းတွေက ငါ့ကို ဘယ်တုန်းက အထင်သေးရဲသွားတာလဲ…"


ဟုန်လျန်က ခါးသီးစွာ ပြုံးလိုက်သည်။

 

စားဖိုဆောင်ဝန်ထမ်းတွေတင်မကဘူး… ခြံထဲက တံမြက်လှည်းတဲ့အမျိုးသမီးတွေတောင် ကျွန်မလို အဆင့်မြင့်သခင်မရဲ့ အစေခံတစ်ယောက်ကို ပေါ်ပေါ်တင်တင် မျက်စောင်းထိုးရဲကြတယ်… စားဖိုဆောင်ဝန်ထမ်းတွေက ကျွန်မတို့ကို မျက်နှာသာပေးဦးမယ်လို့ မျှော်လင့်နေသေးတာလား…

 

ဟုန်လျန်က သခင်မလေး၏ အကောင်းမြင်စိတ်ကို အမှန်တကယ်ပင် လေးစားမိသည်။ 

 

အရသာရှိတဲ့ အစားအစာတွေ စားချင်နေတုန်းပဲလား…

 

သူမအမြင်အရဆိုလျှင် ၁၀ ရက် သို့မဟုတ် တစ်လခွဲအတွင်း စားဖိုဆောင်က အစားအသောက် လုံးဝပို့တော့မည်မဟုတ်ဟု သူမခန့်မှန်းမိသည်။ ထိုအခါ သူမတို့ ကိုယ့်ကိုယ်ကိုယ် သတ်မသေသော်လည်း သေခြင်းတရားက တံခါးလာခေါက်ပေလိမ့်မည်။


စုနွမ်နွမ်ကလည်း အငတ်ဘေးနှင့် လည်ညှစ်သတ်ခံရခြင်းမှ လွတ်မြောက်ပြီး မကြာမီမှာပင် ဤမျှခါးသီးသော စမ်းသပ်မှုနှင့် ကြုံတွေ့ရမည်ဟု မထင်ထားခဲ့ပေ။ သူမက တစ်နေ့တာ၏ အများစုကို ခေါင်းတစ်ဖက်စောင်းကာ အတွေးနက်နေရင်း ထိုင်နေခဲ့သည်။ ဖြစ်နိုင်လျှင် စားဖိုဆောင်တွင် အဖြစ်အပျက်တစ်ခု ဖန်တီးရန် သူမ အမှန်တကယ်ပင် မလိုလားပေ။ သို့သော် သူမထံတွင် ရွေးချယ်စရာမရှိတော့ပုံရသည်။ ဤသည်က သေရေးရှင်ရေးကိစ္စဖြစ်သည်။


"ဟေ့… နင်တို့နှစ်ယောက်… ငါ့မှာ အသွင်းပစ္စည်းတွေထဲက ဘာကျန်သေးလဲ…"


သူတို့ အခန်းထဲသို့ ပြန်ရောက်သောအခါ စုနွမ်နွမ်က ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်ချလိုက်ပြီး သူမ၏ ဦးနှောက်ကို အပြင်းအထန် အလုပ်လုပ်စေခဲ့သည်။ အနည်းဆုံး ရှေးခေတ်တရုတ်ဝတ္ထုတိုများ ဖတ်ရှုခဲ့သည့် အချိန်များက အလဟဿမဖြစ်ခဲ့ပေ။ သူမက မကြာမီမှာပင် သူမ၏ အသွင်းပစ္စည်းများပုံစံဖြင့် ဖြေရှင်းချက်တစ်ခုကို ရရှိခဲ့သည်။ အန်းဖျင်မြို့စားက နိုင်ငံငယ်တစ်နိုင်ငံလောက် ချမ်းသာသည်ဟု ဆိုကြသည်။ ထိုအမှိုက်လိုလူ သွမ့်ထင်ရွှမ်းက သူ့ဇနီးများ၏ အသွင်းပစ္စည်းများကို မျက်နှာပြောင်တိုက်ကာ ကိုယ်ပိုင်အဖြစ် သိမ်းယူမည်မဟုတ်ပေ။

 

ဟုတ်တယ်မလား… သူ့ဆီကနေ နည်းနည်းပါးပါး ပြန်ထွေးထုတ်ခိုင်းဖို့ သိပ်ခက်ခဲမှာ မဟုတ်ဘူး… ဟုတ်တယ်မလား…


"ဟုတ်ကဲ့ပါ… သခင်မလေးရဲ့ အသွင်းပစ္စည်းတွေက အတော်လေးများပါတယ်… ဒါပေမယ့် ဖျင်မြို့စားကြီး ဒုက္ခရောက်သွားတုန်းက သခင်က အရာရှိအချို့ကို မျက်နှာလုပ်ဖားယားလုပ်ပြီး သခင်မလေးရဲ့ မိသားစုအတွက် ကောင်းကောင်းမွန်မွန် ပြောပေးဖို့အတွက် အများစုကို သုံးခဲ့ရပါတယ်… မဟုတ်ရင် ဧကရာဇ်က အမျက်တော်ရှပြီး မိသားစုတစ်ခုလုံးကို သတ်ပစ်မှာပါ… သခင်နဲ့ နောက်ဆုံးရန်ဖြစ်ခဲ့တာက တကယ်တော့ ဒီကိစ္စနဲ့ပတ်သက်တာပါ… အန်းဖျင်ဘဏ္ဍာတိုက်ကနေ ရွှေထောင်ပေါင်းများစွာကိုလည်း လာဘ်ထိုးဖို့ သုံးခဲ့ရပါသေးတယ်… သခင်ပြောတာက သခင်မလေးက အရင်က တော်တော်များများ ဖြုန်းတီးခဲ့ပြီးတော့..."


စုနွမ်နွမ်က သူမ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။

 

"တော်ပြီ… တော်ပြီ… ငါနားလည်ပါတယ်… ငါ့ အသွင်းပစ္စည်းတွေ အကုန်ကုန်သွားပြီ… ဟုတ်တယ်မလား… ပြီးတော့ ငါက အဲဒီအမှိုက်ကောင် သွမ့်ထင်ရွှမ်းကို ရွှေထောင်ပေါင်းများစွာတောင် အကြွေးတင်နေသေးတယ်… ဟုတ်တယ်မလား…"

 

သူမ၏ အစေခံနှစ်ယောက်၏ ကြောင်တောင်တောင်ဖြစ်နေသော မျက်နှာအမူအရာကို ကြည့်ရင်း သူမ၏ စကားလုံးများက အတော်လေး... ရိုင်းစိုင်းသွားကြောင်း ရုတ်တရက် သတိပြုမိလိုက်သည်။ သူမက ချက်ချင်းပင် သူမ၏ ခေါင်းကို ကိုယ်တိုင်ခေါက်လိုက်သည်။

 

"အဟမ်း… ငါခုမှ သတိရတယ်… ငါ့ဦးနှောက်က အဲ့ဒီ အကျိုးနည်း သတ်သေဖို့ကြိုးစားတာကြောင့် ရောထွေးသွားတာဖြစ်မယ်… တချို့အရာတွေက စွဲကျန်နေပြီး တချို့ကတော့ ထွက်ကျသွားတယ်… တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာပဲ…"


"သခင်မလေး… သေခြင်းတရားကနေ လွတ်မြောက်ခဲ့တာကိုက ကံအကောင်းဆုံးပါပဲ… သခင်မလေးရဲ့ မှတ်ဉာဏ်ဆုံးရှုံးမှုအတွက် စိတ်မပူပါနဲ့…" 

ဟုန်လျန်က သူမ၏ သခင်မလေး၏ စိုးရိမ်သောကရောက်နေသော မျက်နှာကို ချက်ချင်းတုံ့ပြန်ပြီး နှစ်သိမ့်ရန် အလိုအလျောက် ရှေ့သို့တိုးလာသည်။ စုနွမ်နွမ်က သူမ၏ ညံ့ဖျင်းသော သရုပ်ဆောင်မှုအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမှန်းကိုမူ သူမ မသိလိုက်ပေ။ 

 

သောက်ကျိုးနည်း… သရုပ်ဆောင်တာက လစာကောင်းတဲ့ အလုပ်တစ်ခုဖြစ်တာ မဆန်းပါဘူး… နှစ်ရက်တောင်ရှိနေပြီ… ငါက ဇာတ်ကောင်နဲ့ တစ်သားတည်း မဖြစ်နိုင်ရင်တောင် အနည်းဆုံးတော့ ငါ့ရဲ့ သရုပ်ဆောင်စွမ်းရည် အဆင့်ကိုတော့ မြှင့်တင်ရမှာပေါ့… အား…


"သခင်မလေး… ကျွန်မတို့ ဘာလုပ်သင့်လဲ…" 


ရှန်းယွင်က သူမ၏ သခင်မလေးကို သူတို့၏ စစ်ဆင်ရေးလေး၏ ဦးဆောင်လမ်းပြသူနှင့် အားကိုးရာအဖြစ် မြင်နေပြီဖြစ်သည်။ သူမဘက်တွင်မူ အခြေအနေများက မှောင်မိုက်နေပြီး တစ်စက္ကန့်ထက်တစ်စက္ကန့် ပို၍မှောင်မိုက်လာသည်ဟု ခံစားရကာ သူမ၏ အသနားခံစကားလေးကို မတော်တဆ ထုတ်ပြောမိလိုက်သည်။ ဦးနှောက်သုံးရသော အလုပ်က ဟုန်လျန်၏ နယ်ပယ်ဖြစ်ကြောင်း လုံးဝမေ့လျော့နေသည်။


"ငါတို့ ဘာများလုပ်နိုင်ဦးမှာလဲ… ငါကိုယ်တိုင် စားဖိုဆောင်ကို သွားစီးနင်းရတော့မှာပေါ့…" 

 

စုနွမ်နွမ်က စားပွဲကိုရိုက်ပြီး မတ်တတ်ထရပ်လိုက်သည်။ 

 

ဟွန်း… အမှိုက်လိုလူ… ရှင် ကျွန်မကို ဒီလောက်အကြွေးတင်နေတာ… ရှင်က စုမုန့်နွမ်ကို လက်ထပ်ခဲ့တာ သုံးနှစ်ရှိပြီ… အနည်းဆုံးတော့ သူ့ရဲ့နုပျိုမှုကို ဖြုန်းတီးခဲ့တဲ့အတွက် လျော်ကြေးပေးသင့်တယ် မဟုတ်လား… ဒီတော့ ကျွန်မက ဆန်၊ ဂျုံမှုန့်၊ ဆီနဲ့ ဆား နည်းနည်းယူမယ်… တကယ်တော့ အဲ့ဒါတွေအားလုံးက တော်တော်လေး စျေးပေါတယ် သိရဲ့လား… ထားလိုက်ပါတော့… စားဖိုဆောင်ကို နောက်ထပ်အကြိမ်နည်းနည်းလောက် သွားတိုက်ခိုက်ဦးမှ… မဟုတ်ရင် ငါတို့ကပဲ အရှုံးပေါ်နေမှာ… စုမုန့်နွမ်က သေသွားပြီဆိုပေမယ့် သူ့ကိုယ်စားလှယ်အနေနဲ့ ငါက သူ့ကိုယ်စား လျော်ကြေးတောင်းရမှာပေါ့…




🍲🍲