Ch 2
Viewers 5k

Chapter 2

🍲အခြေအနေက သိပ်မကောင်းလှပေ။

 


သူမ ရောက်ရှိလာသော ခန္ဓာကိုယ်ပိုင်ရှင်၏ အမည်က စုမုန့်နွမ် ဖြစ်သော်လည်း ဤနေရာရှိ လူတိုင်းက သူမကို နွမ်နွမ် ဟူသော အမည်ပြောင်ဖြင့်သာ ခေါ်ကြသည်။


အမည်ပြောင်က သူမ၏ အမည်ရင်းနှင့် တူညီနေသောကြောင့် ဤလောကနှင့် အသားကျရန် ပို၍လွယ်ကူစေခဲ့သည်။


စုမုန့်နွမ်က ဩဇာအာဏာကြီးမားသော ဖျင်မြို့စားကြီး၏ တရားဝင်ဇနီးမယားကြီးမှမွေးသော တိသမီး ဖြစ်သည်။ ဖျင်မြို့စားကြီး၏ အငယ်ဆုံး တရားဝင်သမီး ဖြစ်သည့်အလျောက် သူမက တည်ငြိမ်ပြီး ကျက်သရေရှိသော အလှပိုင်ရှင် တော်ဝင်မိန်းကလေးတစ်ဦးဖြစ်သည်။ ထို့ကြောင့်ပင် သူမက အန်းဖျင်မြို့စားအိမ်တော်၏ သားအကြီးဆုံး၊ မြို့စားငယ် သွမ့်ထင်ရွှမ်းနှင့် လက်ထပ်နိုင်ခဲ့ခြင်း ဖြစ်သည်။


[တိ - တရားဝင်ဇနီးမယားကြီးမှ မွေးဖွားသော သားသမီးများကို ဖော်ပြသည်။]


လက်ရှိ အန်းဖျင်မြို့စားက လက်ရှိဧကရီ၏ မောင်အရင်း ဖြစ်ပြီး သွမ့်ထင်ရွှမ်းက တရားဝင်ဇနီးမယားကြီးမှ မွေးသော သားအကြီးဆုံးဖြစ်သည်။ ငယ်စဉ်ကတည်းက ဤသွမ့်ထင်ရွှမ်းက ဧကရာဇ်နှင့် ဧကရီနှစ်ပါးလုံး၏ ချစ်ခင်မှုကို ရရှိခဲ့ပြီး အိမ်ရှေ့စံအပြင် အခြားမင်းသားများနှင့်လည်း ဆက်ဆံရေးကောင်းမွန်ခဲ့သည်။


မောင်နှမများအနေဖြင့် သွမ့်ထင်ရွှမ်းတွင် ညီနှစ်ယောက်နှင့် ညီမတစ်ယောက်ရှိသည်။ သူ၏ ညီတစ်ယောက်က ဒုတိယဇနီးမှ မွေးဖွားသူဖြစ်သည်။ ဤအမျိုးသမီးက အန်းဖျင်မြို့စား၏ တစ်ဝမ်းကွဲဖြစ်ပြီး သူတို့၏ လက်ထပ်ပွဲက အချစ်စစ်ဖြင့် ပေါင်းဖက်ခြင်းဖြစ်ကာ သွမ့်ထင်ယဲ့ကို မွေးဖွားခဲ့သည်။ မထူးဆန်းစွာပင် ဤအချစ်ဖြင့်ရသောသားက သူ့ဖခင်ထံမှ အာရုံစိုက်မှုကို အများဆုံးရရှိခဲ့သည်။ ကံမကောင်းစွာဖြင့် သွမ့်ထင်ယဲ့က သွမ့်ထင်ရွှမ်း၏တစ်ဝက်မျှပင် ထက်မြက်မှုမရှိဘဲ အရိပ်ဖုံးနေသည့် ပုံစံရှိသည့်အပြင် အလွန်ပရိယာယ်များသော ဇနီးတစ်ယောက်နှင့်လည်း လက်ထပ်ခဲ့သည်။


သူ၏ အခြားညီတစ်ယောက်က သွမ့်ထင်ဖန့် ဖြစ်ပြီး ကိုယ်လုပ်တော်လင်မှ မွေးဖွားသော ရှုသား ဖြစ်သည်။ သူက စိတ်ဓာတ်ပျော့ညံ့ပြီး လူပေါင်းဝင်မဆန့်ဘဲ ယခုထိတိုင် အိမ်ထောင်မပြုသေးပေ။ သူ၏ တစ်ဦးတည်းသော ညီမကလည်း ဤကိုယ်လုပ်တော်လင်မှ မွေးဖွားသူဖြစ်သည်။ ဤ သူ၏ညီမငယ်လေးက မွေးကတည်းက အမြဲတမ်း ကျန်းမာရေးချူချာခဲ့သည်။ ယခုနှစ်တွင် သူမက အသက် ၁၃ နှစ်ပြည့်မည် ဖြစ်သော်လည်း နုပျိုလန်းဆန်းသော မိန်းကလေးတစ်ဦးအစား သူမအတွက် ပိုမိုကောင်းမွန်သော ဖော်ပြချက်က ဆေးအိုးလေးတစ်လုံး ဟူ၍သာ ဖြစ်ပေလိမ့်မည်။


[ရှု - ဒုတိယဇနီးများ သို့မဟုတ် ကိုယ်လုပ်တော်များမှ မွေးဖွားသော သားသမီးများကို ဖော်ပြသည်။]


သွမ့်ထင်ရွှမ်းနှင့် စုမုန့်နွမ်တို့၏ ဆက်ဆံရေးက မကောင်းမွန်လှပေ။ စုမုန့်နွမ်က စည်းစိမ်ခံဘဝနှင့် အာရုံစိုက်မှုကို ကျင့်သားရနေသော အလိုလိုက်ခံထားရသည့် မိန်းကလေးတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့သည်။ သူမက အိမ်တော်သို့ လက်ထပ်ရောက်ရှိလာသောအခါ သူမ၏ အစားအသောက်အားလုံးအတွက် ရွှေပန်းကန်၊ ငွေပန်းကန်နှင့် တူများကိုသာ အသုံးပြုရန် တောင်းဆိုခဲ့သည်။


ထိုအချက်က အန်းဖျင်မြို့စားနှင့် မြို့စားကတော်တို့၏ မနှစ်မြို့မှုကို ဖြစ်စေခဲ့သည်။ အဘွားသခင်မဖန့် တစ်ဦးတည်းသာ သူမကို နှစ်သက်ဆဲဖြစ်ပြီး သူမ၏ ဒုက္ခပေးသော အပြုအမူအားလုံးကို တော်ဝင်မျိုးနွယ်တစ်ဦးဖြစ်ခြင်း၏ အစိတ်အပိုင်းတစ်ခုအဖြစ်သာ မှတ်ယူခဲ့သည်။


သွမ့်ထင်ရွှမ်းကိုယ်တိုင်နှင့် ပတ်သက်၍ စုနွမ်နွမ်၏ သူမ 'ခင်ပွန်း' အပေါ် ဓမ္မဓိဋ္ဌာန်ကျပြီး ဘက်မလိုက်သော အမြင်က ဤသို့ဖြစ်သည်။ သူ့စိတ်ကြိုက်ဖြစ်နေချိန်တွင် နူးညံ့တတ်သော်လည်း တစ်ဖက်တွင်လည်း နှလုံးသားကို ခိုးယူနိုင်စွမ်းရှိသော ရှုပ်ထွေးသည့် ယောကျာ်းတစ်ယောက်။


သူ့ကို အလွန်အမင်း ရမ္မက်ကြီးပြီး တပ်မက်တတ်သော ယောကျာ်းတစ်ယောက်ဟုလည်း ဖော်ပြနိုင်ပေသည်။ ဤအချက်တွင် သူက သူ့ဖခင် သွမ့်ယွီနှင့် တူညီသည်။ စာပေနှင့် စစ်ရေးစစ်ရာတွင် ထူးချွန်သည့်အပြင် ထိုယောကျာ်းက လှပသော အမျိုးသမီးများကို အလွန်နှစ်သက်သည်။ အကယ်၍ သူ 'ချစ်မိသွားသော' အမျိုးသမီးအားလုံးကို စုဆောင်းမည်ဆိုပါက သူတို့အတွက် အိမ်တော်တစ်လုံး သပ်သပ်ဆောက်ပေးလျှင်ပင် ထိုအလှလေးများအားလုံးအတွက် နေရာလုံလောက်မည် မဟုတ်ပေ။ သို့သော် သူက သူ၏ ဂုဏ်သတင်းနှင့် လူမှုအဆင့်အတန်းကို ထောက်ထား၍ သူ၏ ရမ္မက်ကို ချုပ်တည်းခဲ့ရသည်။ သို့တိုင်အောင် တရားဝင်ဇနီးတစ်ယောက်အပြင် သူ့၌ ဒုတိယဇနီးနှစ်ယောက်၊ ကိုယ်လုပ်တော်နှစ်ယောက်ရှိနေသေးပြီး အိမ်တော်ရှိ အိပ်ရာဝင်အဖော်များနှင့် ပျော်ပါးရန် အချိန်ရှာနိုင်ခဲ့သေးသည်။

 

ထိုယောကျာ်းကို စိတ်ဓာတ်မာကျောပြီး ခံစားချက်ကင်းမဲ့သူဟု ဖော်ပြလျှင်လည်း မှန်ကန်ပေသည်။ သူက အိမ်တော်တွင်း၌ သူမ၏ အဆင့်အတန်းနှင့် တော်ဝင်မျိုးနွယ်ဖြစ်ခြင်းကို အသုံးချကာ သုံးနှစ်ကျော်ကြာ ဗိုလ်ကျနေသည့် စုမုန့်နွမ်ကို သည်းခံနိုင်ခဲ့ပြီးမှ တစ်ညအတွင်း ရုတ်တရက် ဒေါသပေါက်ကွဲကာ သူမအား ဤပြိုပျက်နေသော အိမ်တွင် အကျယ်ချုပ်ချထားခဲ့သည်။ 


လက်ထပ်ပြီးအစောပိုင်းကာလများတွင် သူမအား ဆက်ဆံခဲ့သော နူးညံ့မှုနှင့် ချိုမြိန်သော ခံစားချက်များအားလုံးက လုံးဝပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။


ဟုတ်ပေသည်။ လူအများစုက သွမ့်ထင်ရွှမ်း၏ "ကိုယ်လုပ်တော်များအတွက် ဇနီးကို စွန့်ပစ်ခြင်း" ဟူသော ရုတ်တရက်ပြောင်းလဲသွားသည့် သဘောထားက လွန်ခဲ့သော သုံးလက ဖျင်မြို့စားကြီး အာဏာလက်လွတ်သွားရခြင်းကြောင့်ဟု ထင်ကြသည်။ စစ်တပ်ရိက္ခာကို တာဝန်ယူသော ဖျင်မြို့စားကြီးက အရေးကြီးသောအချိန်တွင် ရိက္ခာများ ပို့ဆောင်ရန် ပျက်ကွက်ခဲ့ပြီး မြောက်ပိုင်းဟန်လူမျိုးများနှင့် တိုက်ခိုက်သော တိုက်ပွဲကြီးတစ်ခုတွင် ရှုံးနိမ့်လုနီးပါး ဖြစ်ခဲ့ရသည်။


ဧကရာဇ်က ဤကပ်ဘေးဖြစ်လုနီးပါးအဖြစ်အပျက်ကြောင့် အလွန်အမင်းဒေါသထွက်တော်မူပြီး ဖျင်မြို့စားကြီး၏ အဆင့်အတန်းနှင့် အာဏာကို ရုပ်သိမ်းခဲ့သည်။ ထို့နောက် သူက မြို့စားကြီး၏ မိသားစုတစ်ခုလုံး၊ ယောကျာ်း၊ မိန်းမ၊ အငယ်၊ အကြီး အားလုံးကို နျိုထိုတောင်တွင် ကျွန်အဖြစ် အလုပ်လုပ်စေခဲ့သည်။ စုမုန့်နွမ် အပါအဝင် လက်ထပ်ပြီးသားအမျိုးသမီးအချို့သာ ဤကံကြမ္မာမှ လွတ်မြောက်ခဲ့သည်။


သို့သော် စုနွမ်နွမ်က စုမုန့်နွမ်၏ ဤအမှိုက်လိုလူ သွမ့်ထင်ရွှမ်းနှင့် ပတ်သက်သော အမှတ်တရများကို လေ့လာသောအခါ ဖျင်မြို့စားကြီးမိသားစု၏ ကျဆုံးမှုကို အခွင့်ကောင်းယူပြီး သူမအား ကန်ထုတ်ခဲ့သည်ဟူသော သီအိုရီက မေးခွန်းထုတ်စရာဖြစ်နေသည်။ မည်သို့ပင်ဆိုစေကာမူ ထိုယောကျာ်းက မာနကြီးပြီး ထောင်လွှားခြင်းဖြင့် ကျော်ကြားသည်။ ထို့အပြင် သူက တော်ဝင်မိသားစု၏ မျက်နှာသာပေးခြင်းကို ခံရသူဖြစ်ရာ ဒေါသထွက်လာလျှင် အိမ်ရှေ့စံကိုပင် စားပွဲကိုရိုက်ပြီး ရန်တွေ့ဝံ့သူဖြစ်သည်။


သူ့ကဲ့သို့ ယောကျာ်းတစ်ယောက်က မျက်နှာလုပ်ဖားယားလုပ်ခြင်း သို့မဟုတ် နိမ့်ကျနေသူကို အနိုင်ကျင့်ခြင်းမျိုး ပြုလုပ်မည်မဟုတ်ပေ။ ထို့ကြောင့် စုမုန့်နွမ်က သူမ၏ မောက်မာသော အပြုအမူကြောင့်ပင် ကံဆိုးမိုးမှောင်ကျခြင်းကို ကိုယ်တိုင် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ရပေမည်။


ဤအမျိုးသမီး၏ တိုတောင်းသော ဘဝကို ဆန်းစစ်ကြည့်သောအခါ စုနွမ်နွမ်က သူမက မောက်မာသူ၊ မနာလိုဝန်တိုတတ်သူ၊ ဖြုန်းတီးသူဖြစ်သည့်အပြင် ပရိယာယ်များသူလည်း ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ 

 

သူ့မှာ လှပတဲ့ ပါးစပ်နဲ့ မျက်နှာရှိတော့ရော ဘာဖြစ်သလဲ…

 

သူမ၏ တော်ဝင်မျိုးနွယ်မိသားစု ဂုဏ်ပုဒ်များ ရုပ်သိမ်းခံရသည်နှင့်တစ်ပြိုင်နက် သူမ၌ ကိုယ်ပိုင်အမည်နာမနှင့် မိတ်ဆွေတစ်ယောက်မျှ မရှိတော့ပေ။


ကံကောင်းစွာဖြင့် သူမ၏ ကိုယ်ပိုင်အစေခံမလေးများဖြစ်သော ဟုန်လျန်နှင့် ရှန်းယွင်တို့က သူမတို့၏ သခင်မလေးအပေါ် သစ္စာရှိပြီး ဆက်လက်မြှုပ်နှံထားခဲ့ကြသည်။ စုမုန့်နွမ် ဤအိမ်တော်သို့ ပထမဆုံး ရောက်ရှိလာစဉ်က သူမနှင့်အတူ အစေခံမလေးယောက်ကို ခေါ်ဆောင်လာခဲ့သော်လည်း နှစ်ယောက်သာ ဤပြိုပျက်နေသော အိမ်ထဲအထိ သူမနှင့်အတူ ရှိနေခဲ့ခြင်းက စုမုန့်နွမ်က မည်မျှ ကျရှုံးသူဖြစ်ကြောင်း ပြသနေသည်။


ထို့ကြောင့် စုနွမ်နွမ်က ဤ 'ကံကြမ္မာဖန်တီးသော အတွဲ' ကို ပြောစရာစကား တစ်ခုသာရှိသည်။ အမှိုက်လိုလူနှင့် အဆိပ်ပြင်းသောဇနီးတို့က သူ့ထက်ကဲ ရွှေပြည်စိုးဟူသော ကိစ္စမျှသာဖြစ်သည်။


ဟုတ်ပေသည်။ ယခုအခါ 'အဆိပ်ပြင်းသောဇနီး' သေဆုံးသွားပြီး ခေတ်သစ် 'အစားအသောက်ချစ်သူ အမျိုးသမီး' တစ်ဦးကို ချန်ထားခဲ့သောအခါ သွမ့်ထင်ရွှမ်းအပေါ် သူမ၏ အမြင်ကို ဤသို့ အကျဉ်းချုပ်နိုင်သည်။ 

 

အဲဒါက ဘာကြီးလဲ… စားလို့ရလား… စားလို့မရရင် လွှင့်ပစ်လိုက်…


ငါ၊ စုနွမ်နွမ်က ကိုယ့်အားကိုယ်ကိုးပြီး ရှင်သန်မယ်… နင့်လို အမှိုက်လိုလူကို မလိုအပ်ဘူး… အို ဟုတ်သား… အဲဒီအသုံးမကျတဲ့ မိန်းမရူးက ဒီကို ဘယ်တော့မှ လာတာမှ မဟုတ်တာ…


ကံကောင်းလိုက်တာ…

 

…


"အဲ့ဒီမိန်းမ ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်လို့ ကြားတယ်…"


"ဟုတ်ကဲ့ သခင်… ဒါပေမယ့် သူ့ကို ပြန်အသက်ရှင်အောင် လုပ်နိုင်ခဲ့တယ်လို့ ကြားပါတယ်…"

 

သွမ့်ထင်ရွှမ်း၏ ယုံကြည်ရသော လက်ထောက် စစ်ဖျင်က သူ့သခင်ကို ခိုးကြည့်လိုက်သည်။ သူ့သခင်၏ မျက်နှာအမူအရာတွင် ပြောင်းလဲမှုမရှိသည်ကို မြင်သောအခါ သူက မျက်နှာချိုသွေးကာ ပြုံးလိုက်ပြီး ပြောလိုက်သည်။


"ဟုန်လျန်က သူ့ကို သမားတော်တစ်ယောက်ပြဖို့ အတော်ဒုက္ခရောက်ခဲ့ရပုံပဲ… ဒါပေမယ့် သမားတော်က ဘာရောဂါမှ မတွေ့ဘူးတဲ့…"


"ဒါဆို သူက ဒုက္ခရှာရတာကို ကြိုက်နေတုန်းပဲ…"


သွမ့်ထင်ရွှမ်းက လှောင်ရယ်လိုက်သည်။ သူက မနက်ဖြန် ဧကရာဇ်ထံ တင်သွင်းရန် စီစဉ်ထားသော စာလိပ်ကို ကြည့်ပြီးနောက် စားပွဲပေါ်တင်လိုက်သည်။

 

"တော်ပြီ… သူ့သဘောအတိုင်း လုပ်ပါစေ… သူက သေချင်လွန်းနေရင် သေပါစေတော့… ဟုတ်ပြီလား…"


"ပထမတော့ အစာငတ်ခံပြီး မစားဘူး… အခုတော့ ကြိုးဆွဲချချင်တယ်တဲ့… သူကတော့ တကယ်ကို ပရိယာယ်များတာပဲ… အို ဟုတ်သား… ရန်ယွင်ကို သူ့လစဉ်ထောက်ပံ့ကြေး မဖြတ်တောက်ဖို့ အကြောင်းကြားလိုက်… သူ ဘာတွေဆက်လုပ်နိုင်သေးလဲ ငါကြည့်ချင်တယ်… သူသာ သေနည်းပေါင်း ၁၀၈ မျိုးကို တီထွင်နိုင်ရင် ငါသူ့ကို လေးစားမှုပေးမယ်… ဒုတိယမင်းသားက သူ့စာအုပ်အတွက် အကြောင်းအရာအသစ်တွေ ရှာနေတာ မဟုတ်လား… ဒါက သူ့ရဲ့ "ထူးဆန်းအံ့ဘွယ် မှတ်တမ်းများ" စာအုပ်နဲ့ ကိုက်ညီမယ့်ပုံပဲ…"


"ဟုတ်ကဲ့ပါ သခင်…"


စစ်ဖျင်က နောက်ထပ်စကားတစ်ခွန်းမျှ မပြောဝံ့တော့ပေ။ ထိုစုနွမ်နွမ်က ယခုတစ်ကြိမ်တွင် သခင်ကို အမှန်တကယ်ပင် စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။ 

 

သူ့ မွေးရပ်မိသားစုက ဒုက္ခအများကြီး ရောက်နေပြီလေ… ဘာလို့ အခု ပိုပြီး ဒုက္ခတွေ ဖန်တီးနေရတာလဲ…

 

အကယ်၍ သူမသာ သူမ၏အမှားများကို ဝန်ခံပြီး ပြုပြင်ပြောင်းလဲခဲ့ပါက သခင်က သူတို့၏ ယခင်ဆက်ဆံရေးကို ထောက်ထား၍ သူမအား ခွင့်လွှတ်ကောင်း ခွင့်လွှတ်လိမ့်မည်။ အကယ်၍ သူမက ဆက်လက်ဒုက္ခရှာနေမည်ဆိုပါက ဤမျှော်လင့်ချက်ငယ်လေးပင် ပျောက်ကွယ်သွားလိမ့်မည်။


ဤအတွေးများက သူ့ခေါင်းထဲတွင် လည်ပတ်နေသော်လည်း မည်သို့ပင်ဖြစ်စေ သူမက ပထမသခင်မ ဖြစ်နေသေးသည်။


ပြုတ်ကျသွားသော ဖီးနစ်က လှပသောကြက်တစ်ကောင်၏ အင်အားနှင့် ဩဇာသာရှိတော့သော်လည်း သူမက ဖီးနစ်သာ ဖြစ်နေဆဲပင်။ ထို့ကြောင့် သူတို့ထက် မြင့်မြတ်သူများ၏ ဘဝကို မှတ်ချက်ပေးရန်က သူ့နေရာမဟုတ်ပေ။


ယုံကြည်ရသော လက်ထောက်တစ်ဦးပင် သူတို့၏သခင်ကို မကောင်းပြော၍ မရပေ။

 

…


"ဒါတွေက အရှင့်ရဲ့ စကားအတိုင်းပဲလား…" 

 

စားပွဲတွင် ထိုင်နေသော ရှုရန်ယွင်က မျက်နှာချိုသွေးနေသော စစ်ဖျင်ကို လေ့လာနေရင်း သူမ၏ မျက်နှာပေါ်တွင် မပွင့်တပွင့်အပြုံးတစ်ခု ပေါ်လာသည်။


"ထောက်ပံ့ကြေးကို ပုံမှန်အတိုင်း ဆက်ပေးရမယ်… ဟုတ်တယ်မလား…"


"ဟုတ်ကဲ့ပါ သခင်မယွင်… ဒါက သခင့်ရဲ့ ညွှန်ကြားချက်ပါပဲ…" 

 

စစ်ဖျင်က ပြန်ပြုံးပြသည်။ သခင်မယွင်က ချန်မင်မြို့စား၏ တရားဝင်ဇနီးမယားကြီးမှမွေးသော သမီးဖြစ်သည်။ အဆင့်မြင့်အရာရှိတစ်ဦး၏ တော်ဝင်မျိုးနွယ်သမီးတစ်ဦးအနေဖြင့် သူမ၏ လူမှုအဆင့်အတန်းက ပထမဇနီးသခင်မထက် မနိမ့်ကျပေ။ ထို့အပြင် သူမက ပရိယာယ်နှင့် လူများကို လှည့်စားရာတွင် ပို၍ပင် ပါးနပ်သည်။ သို့သော် သူမ၏ ဒုတိယဇနီးအဆင့်အတန်းကြောင့် စစ်ဖျင်က သူမအား ပထမဇနီးသခင်မဟု မခေါ်ဘဲ သခင်မယွင်ဟုသာ ခေါ်ဆိုနိုင်ခဲ့သည်။


သခင်မယွင်က အိမ်တော်အတွင်းရှိ ကိစ္စရပ်များကို ကောင်းစွာ ထိန်းချုပ်ထားကြောင်း စစ်ဖျင်က ရှင်းရှင်းလင်းလင်း သိသည်။ သူမထံတွင် အိမ်တော်အတွင်း၌ မျက်စိနှင့်နားများစွာ ရှိပြီး ပထမဇနီးနေရာကို ရရှိရန် ကြာမြင့်စွာကတည်းက မျက်စိကျနေခဲ့သည်။ ယခု စုနွမ်နွမ် ကျရှုံးသွားပြီဖြစ်ရာ သူမက ဤအခွင့်အရေးကို လက်လွှတ်မည်မဟုတ်ဘဲ စုနွမ်နွမ်ကို သေလမ်းသို့ တွန်းပို့ကာ ပထမဇနီးနေရာသို့ ရာထူးတိုးရန် ကြိုးပမ်းပေလိမ့်မည်။


မည်သို့ပင်ဆိုစေကာမူ ကျန့်မြို့စားကြီး၏ ကိုယ်လုပ်တော်သမီးတစ်ဦးဖြစ်သော သခင်မလန်တစ်ယောက်တည်းသာ သူမနှင့် ယှဉ်ပြိုင်ရန် ရှိနေသောကြောင့် နောက်တွန့်နေစရာ အကြောင်းမရှိပေ။


"ကောင်းပြီလေ… ငါနားလည်ပါတယ်… အရှင်က သူ့ဂုဏ်သတင်းကို အတော်လေး ဂရုစိုက်နေတုန်းပဲ… အဲ့ဒီမိန်းမက အကြိမ်ကြိမ်အခါခါ စည်းကျော်နေပေမယ့် သူက လူတွေက သူ့ကို 'တွင်းထဲကျနေသူကို ကျောက်ခဲနဲ့ထပ်ပေါက်တယ်' လို့ စွပ်စွဲမှာကို စိုးရိမ်နေတုန်းပဲလား…" 

ရှုရန်ယွင်က တမင်သက်ပြင်းချလိုက်သည်။

 

[တွင်းထဲကျနေသူကို ကျောက်ခဲနဲ့ထပ်ပေါက်ခြင်း – ကံဆိုးနေသူအပေါ် ဒုက္ခ သို့မဟုတ် စော်ကားမှုများ ထပ်ဆင့်ပုံဖော်ခြင်း။]


"ကောင်းပြီ… မင်းပြန်သွားပြီး အရှင့်ကို ဒီသတင်းစကား ပါးလိုက်… ငါ သူ့အကြိုက်ဆုံး ဘဲသားစွပ်ပြုတ် ချက်ထားမယ်… သူသာ လာမြည်းဖို့ အချိန်ရရင် ကောင်းမှာပဲ…"


"ဟုတ်ကဲ့ပါ သခင်မယွင်… ကျွန်တော် သခင့်ကို ချက်ချင်း အကြောင်းကြားလိုက်ပါ့မယ်… သခင်က သခင်မရဲ့ လက်ရာ ဘဲသားစွပ်ပြုတ်ကို အကြိုက်ဆုံးပါ… သေချာပေါက် လာမှာပါ…" 

 

စစ်ဖျင်က မြှောက်ပင့်သော အပြုံးဖြင့် ပြုံးပြလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း သခင်မယွင်က ရုတ်တရက် ပို၍ ပျော်ရွှင်သွားပုံရပြီး သူမက စနောက်သလို ဆူလိုက်လေသည်။


"မင်းက တကယ်ကို ပါးစပ်ချိုတဲ့ မျောက်လေးပဲ… ကောင်းပြီ… မင်းသွားလို့ရပြီ… အာ... ခဏနေဦး… ဖုန်းရှန်… ဒီမျောက်လေးအတွက် အသပြာတစ်တွဲ ယူခဲ့လိုက်… သူ့ရဲ့ ဒုက္ခခံရမှုအတွက် နည်းနည်းပါးပါး လျော်ကြေးပေါ့…"


စစ်ဖျင်၏ ပါးစပ်က "မလိုပါဘူး… မလိုပါဘူး..." ဟု ထပ်ခါထပ်ခါ ပြောနေသော်လည်း ပိုက်ဆံကို ယူသိမ်းပြီးမှ သူတို့ရှေ့မှောက်မှ ထွက်ခွာသွားခဲ့သည်။


စစ်ဖျင် ပျောက်ကွယ်သွားပြီး အတော်ကြာမှသာ ဖုန်းရှန်က ဦးညွှတ်ပြီး မေးလိုက်သည်။


"သခင်မ… ကျွန်မတို့ ဘာလုပ်သင့်လဲ… သခင်က ပထမသခင်မကို စဉ်းစားနေတုန်းပဲ ထင်တယ်..."

 

သူမ စကားမဆုံးခင်မှာပင် ရှုရန်ယွန်က လှောင်ရယ်လိုက်သည်။

 

"နင်က ဘာသိလို့လဲ… အရှင်သာ သူ့အတွက် ခံစားချက်နည်းနည်းပါးပါး ရှိသေးရင် သူ့ကို အဲ့ဒီနေရာမှာ ပုပ်သိုးသွားအောင် ဘယ်တော့မှ ပစ်ထားမှာမဟုတ်ဘူး… အခြေခံထောက်ပံ့ကြေးလား… ဟင်းဟင်း… ငါကတော့ ကပ်စေးမနဲပါဘူး… သူ့ကို တစ်လကို အသပြာနှစ်တွဲ ပေးလိုက်… အကျယ်ချုပ်ကျနေတဲ့ မိန်းမတစ်ယောက်အနေနဲ့ သူက ဒါထက်ပိုပြီး ထိုက်တန်တယ်လို့ နင်ထင်လို့လား…"


ဖုန်းရှန်က သူမ၏ သခင်မ၏ စရိုက်ကို နားလည်သည်။ ဤအသပြာနှစ်တွဲက သခင်၏ စိတ်ရင်းအမှန်ကို စမ်းသပ်ခြင်းလည်း ဖြစ်သည်။ အကယ်၍ သခင်က တစ်လနှစ်လကြာသည်အထိ ထိုအမျိုးသမီးအကြောင်း မမေးမြန်းပါက ပထမသခင်မက ဤနှစ်လကြာပြီးနောက် အသပြာနှစ်ပြားပင် ရရှိတော့မည်မဟုတ်ပေ။


ဤအရာများအားလုံးက စုနွမ်နွမ် မသိဘဲ လက်ရှိတွင် ဖြစ်ပျက်နေသော အရာများ ဖြစ်သည်။


သို့သော် သူမ၏ ဆင်းရဲသော နေထိုင်မှုအခြေအနေနှင့် ဆိုးရွားသော ဆက်ဆံမှုကို ကြည့်ပြီးနောက် သူမက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုအချို့ ပြုလုပ်ပြီးဖြစ်သည်။ ခေတ်သစ်အမျိုးသမီးတစ်ဦးတွင် ယောကျာ်းတစ်ယောက်က သူမအား ထောက်ပံ့ပေးခြင်းကို မှီခိုအားထားရမည်ဟူသော အယူအဆမရှိပေ။ ထို့ကြောင့် သူမက ထောက်ပံ့ကြေး သို့မဟုတ် အဝတ်အစားချုပ်ရန် အထည်အလိပ်နှင့် ပစ္စည်းများကဲ့သို့သော အရာများကို ပေးအပ်ခြင်းခံရမည်ဟု မည်သည့်အခါမျှ မမျှော်လင့်ခဲ့ပေ။ သူမ၌ ရှိသော တစ်ခုတည်းသော အတွေးက ဤသို့ဖြစ်သည်။


“ငါက ဒီလိုအခြေအနေမျိုးမှာ ရောက်နေမှတော့ ကိုယ့်အားကိုယ်ကိုးရတော့မှာပဲ…”


ဤအတွေး သူမစိတ်ထဲ ဖြတ်သွားသည်နှင့်တစ်ပြိုင်နက် စုနွမ်နွမ်က သူမ၏ ကျယ်ဝန်းသော ခြံဝင်းကို ပိုမိုကောင်းမွန်စွာ ကြည့်ရှုရန် အပြင်သို့ ထွက်လာခဲ့သည်။ လျင်မြန်စွာ စူးစမ်းရှာဖွေပြီးနောက် ဝမ်းမြောက်မှုက သူမ၏ နှလုံးသားကို ပြည့်စေခဲ့သည်။ ယခုမှစ၍ ဤနေရာက သူမ၏ နိုင်ငံငယ်လေး ဖြစ်လာလိမ့်မည်။ ဤနိုင်ငံငယ်လေးကို လက်ဝယ်ပိုင်ဆိုင်ထားခြင်းဖြင့် သူမက အနာဂတ်မှ အစားအစာများထက်ပင် ပို၍အရသာရှိသော အစားအစာများကို ကောင်းစွာစားသောက်နိုင်မည်ဟု သူမ ယုံကြည်သည်။


"သခင်မလေး… ဒီခြံဝင်းထဲမှာ လျှောက်သွားနေတာ နှစ်ရက်ရှိပြီ… စားဖိုဆောင်က ဟိုဘက်မှာ… ဒါပေမယ့် မနက်ကတည်းက သူတို့ဆီက ဘာမှမရသေးဘူး… သခင်မလေးက ဘယ်လိုလုပ်ပြီး လျှောက်သွားနေဖို့ အားအင်တွေ ရှိနေသေးတာလဲ…"


ရှန်းယွင်က စုနွမ်နွမ်နောက်သို့ လိုက်ပါရင်း သူမ၏ မျက်နှာပေါ်တွင် သိလိုစိတ်များ ရှင်းလင်းစွာ ပေါ်နေသည်။ 

 

အမြဲတမ်း တည်ငြိမ်တဲ့ အစ်မဟုန်လျန်တောင် စိုးရိမ်နေပြီ… ငါ့ရဲ့ အလိုလိုက်ခံထားရတဲ့ သခင်မလေးက ဘာလို့ ဒီလောက် စိတ်အေးလက်အေး နေနိုင်ရတာလဲ…

 

ယခင်ကဆိုလျှင် သူမ၏ သခင်မလေးက စိတ်အနှောင့်အယှက်ဖြစ်လွန်း၍ နံရံနှင့် ခေါင်းပြေးဆောင့်မိလောက်သည်။


"ငါက ဘယ်လိုလုပ် အားမရှိဘဲ နေမလဲ…" 

 

စုနွမ်နွမ်က အနည်းငယ်ရယ်မောလိုက်ပြီး မြေကြီးမှ ပေါက်ထွက်နေသော အပင်ငယ်လေးတစ်ပင်ကို ထိလိုက်သည်။


"ဒါက ဘာလဲဆိုတာ နင်သိလား…"


"ကျွန်မထင်တာတော့... ကြက်သွန်မြိတ်... လား…"


ရှန်းယွင်က အနည်းငယ် မသေမချာဖြစ်နေသည်။ မြို့စားကြီးအိမ်တော်သို့ ရောင်းစားမခံရမီက သူမက ဤအပင်ကို မြင်ဖူးသည်။ ၎င်းကို 'ကြက်သွန်မြိတ်' ဟု ခေါ်ကြောင်း သူမ မထင်မရှား မှတ်မိနေသည်။


"မှန်တယ်… ဒါက ကြက်သွန်မြိတ်ပဲ… ဒီအရာက ဘယ်လောက်အရသာရှိလဲ နင်သိလား… ကြက်သွန်မြိတ်ဖက်ထုပ်ပဲဖြစ်ဖြစ်၊ ခရမ်းသီးအစာသွပ်ပဲဖြစ်ဖြစ်၊ ဒီအရာက ပိုပြီးအရသာရှိစေလိမ့်မယ်… ငါတို့ အစာသုံးမျိုးသွပ် ဖက်ထုပ်လည်း လုပ်လို့ရတယ်… ဒါကို နုပ်နုပ်စင်းထားတဲ့ အသားနဲ့ရောပြီး ခရမ်းသီးအလွှာတွေကြားထဲ ညှပ်ပြီး ပေါင်းလိုက်ရင်လည်း အရသာရှိတယ်..."


စုနွမ်နွမ်က ရှန်းယွင်၏ ကြောင်တောင်တောင်ဖြစ်နေသော မျက်နှာအမူအရာကို မမြင်မီအထိ ကြက်သွန်မြိတ်၏ ကောင်းကျိုးများကို အချိန်အတော်ကြာ စိတ်အားထက်သန်စွာ စာရင်းပြုစုပြောပြနေခဲ့သည်။ သူမက ရုတ်တရက် သူမ၏ စကားကို ဖြတ်လိုက်ပြီး ခေါင်းခါလိုက်သည်။

 

"ထားလိုက်ပါတော့… နင့်လို အစေခံမလေးတစ်ယောက်ကို ပြောနေလို့ ဘာထူးမှာလဲ… နင်က နားလည်မှာမှ မဟုတ်တာ… နင်သိထားဖို့ လိုတဲ့ တစ်ခုတည်းသောအရာက ငါတို့ ဒီမှာ ဘယ်တော့မှ အငတ်မခံရဘူးဆိုတာပဲ…"


စုနွမ်နွမ်က ဤအချက်ကို လုံးဝယုံကြည်သည်။ နေရာကို နှစ်ရက်ကြာ စစ်ဆေးပြီးနောက်တွင် သူမက ဤ ၇-၈ မူ ရှိသော စွန့်ပစ်ထားသည့် ခြံဝင်းက တစ်ချိန်က စမ်းသပ်သီးနှံစိုက်ပျိုးရန် အသုံးပြုခဲ့ဖူးကြောင်း သုံးသပ်လိုက်သည်။ ၎င်းက နောက်ပိုင်းတွင် စီမံကိန်းကို စွန့်လွှတ်ခဲ့သော ဘိုးဘေးတစ်ဦး၏ အပျော်တမ်းစီမံကိန်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ကြောင့် ဤကြက်သွန်မြိတ်ခင်းအပြင် သူမက ဆလတ်ရွက်အညှောက်များ၊ ဟင်းနုနွယ်အညှောက်များ၊ မုန်လာဥအညှောက်များကဲ့သို့သော အရာများကိုလည်း တွေ့ရှိခဲ့သည်။ ဤအရာများက မျိုးစေ့များကြွေကျပြီး ဤနေရာတွင် အလေ့ကျပေါက်နေသော ဟင်းသီးဟင်းရွက်များ ဖြစ်နိုင်သည်။ ယခုက နွေဦးရာသီအစဖြစ်ပြီး ရာသီဥတု ပိုမိုပူနွေးလာသည်နှင့်တစ်ပြိုင်နက် သူမက အနာဂတ်တွင် မုန်ညင်းဖြူအညှောက်များ၊ မုန်လာဥနီအညှောက်များနှင့် ခရမ်းသီးများကို တွေ့ရှိမည်က သေချာပေသည်။

 

ဘယ်တော့မှ မျှော်လင့်ချက်မစွန့်လွှတ်ပါနှင့်… ကောင်းကင်ဘုံက လမ်းပြပေးစမြဲပဲ… 

 

သူမကဲ့သို့ အစားအသောက်ချစ်သူတစ်ယောက်အတွက် သူမ အငတ်မခံရသရွေ့ အခြားပြဿနာများက သူ့အလိုလို ဖြေရှင်းပြီးသွားလိမ့်မည်။


[မူ (mu) - ဧရိယာတိုင်းတာမှုတစ်ခု၊ ဟက်တာတစ်ဧက၏ ၁/၁၅ ခန့်ရှိသည်။ ထို့ကြောင့် စုနွမ်နွမ်၏ စွန့်ပစ်ထားသော ခြံဝင်းက ဟက်တာတစ်ဝက်ခန့် ကျယ်ဝန်းသည်။ 'စွန့်ပစ်ထားသော' နေရာတစ်ခုအတွက် အတော်လေးကျယ်ဝန်းခြင်းဖြစ်ရာ အိမ်တော်ကြီးက မည်မျှပင် ကြီးမားသည်ကို ခန့်မှန်းနိုင်သည်။]



🍲🍲