DaoMuBiJi
Author - Nan Pai San Shu
Volume (7)
Chapter (24)
စိတ်ပြောင်းပြန်
သူတို့ သုံးယောက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် ခေါင်းပေါ်က ထုပ်တန်းကို တစ်ပြိုင်တည်း ကြည့်နေကြပြီး စကားမပြောနိုင်လောက်အောင် အံ့သြသွားမိသည်။ ဝူရှဲ မျက်မှောင်ကြုတ်ကာ နားလည်သွားသယောင် ရှိပေမယ့် တစ်ခါ နားမလည်သလိုလည်း ဖြစ်နေပြန်သည်။ ထိုအခါ ဖက်တီးက ကျိန်ဆဲလေ၏။
"သောက်ကျိုးနည်း! ဆိုးချက်ပဲ!!"
ဟော့ရှို့ရှို့ကို ကြည့်လိုက်တော့လည်း ဒါဟာ အစစ်အမှန်ပဲ၊ ထင်ယောင်ထင်မှား မဟုတ်ဘူး ဆိုတာ သေချာနေ၏။ တစ်ခုခု မှားနေပြီဆိုတာ သိသွားတဲ့ မျက်နှာသေက သူသိပြီး မတ်တပ်ထရပ်ပြီး စားပွဲပေါ်ကို တစ်ချက် အားယူကာ ထုပ်တန်းပေါ်သို့ ခုန်တက်လိုက်သည်။ သူက အပြင်ဘက်ကို ထွက်ကြည့်နိုင်တဲ့ ကောင်းကင်ကြည့် ပြတင်းပေါက်ကိုတောင် ဖွင့်လိုက်သေးသည်။
ဖက်တီးနဲ့ ဝူရှဲလည်း သူ့လိုမလုပ်နိုင်မှန်း သိတဲ့အတွက် မတ်တပ်ပဲ ထရပ်လိုက်ရင်း အောက်ကနေ ကူကယ်ရာမဲ့ ကြည့်လိုက်သည်။ ထိုအခါ ဟော့ရှို့ရှို့က ရောက်လာပြီး။
"ကြွက်ရှိလို့လား?"
ဘာကြောင့်လဲတော့ မသိပေမယ့် သူမ ရောက်လာတော့ နှစ်ယောက်သားက ခြေတစ်လှမ်းတောင် ဆုတ်လိုက်မိသည်။ ဟော့ရှို့ရှို့မှာ အံ့သြတကြီးနဲ့။ သူနဲ့အတူလိုက်လာတဲ့ လူအနည်းငယ်ကလည်း အံ့သြသွား၏။ ထို့ကြောင့် သူတို့သည် ပစ္စည်းများကို ချကာ မိုးကောင်းကင်သို့ ရွှင်မြူးစွာ ကြည့်နေကြလေသည်။
အိမ်ခေါင်မိုးပေါ်မှ မျက်နှာသေ၏ ရွေ့လျားသံများကို ကြားရပြီး မကြာမီမှာပင် ထုပ်တန်းပေါ်မှ ဆင်းလာကာ အိမ်ထဲသို့ ပြန်ရောက်လာသည်။ ဝူရှဲ မေးကြည့်လိုက်တော့ သူက ခေါင်းခါ၏။
"မရှိတော့ဘူး!"
ဖက်တီး ချက်ချင်းပေါက်ကွဲပြီး ဆံပင်ကို ဆွဲလိုက်သည်။
"ငလူးတဲ့မှပဲ... သူက ဘယ်သူလဲ ဒါက ဘာကြီးလဲ... ဘုရားရေ... အချိန်ကို ပြန်လှည့်ပေးပါလား"
ဝူရှဲ စိတ်ငြိမ်သွားပြီး ဟော့ရှို့ရှို့ဘက်သို့ ချာကနဲ လှည့်ကြည့်လိုက်သည်။
"ကလေးမ... မင်း ငါတို့နဲ့ ကစားရတာ ဘယ်လိုလဲ?"
"ဘာတွေပြောနေတာလဲ" ဟော့ရှို့ရှို့က မျက်မှောင် ကြုတ်လိုက်သည်။
"အစ်ကိုတို့အတွက် စေတနာနဲ့ အိပ်ယာယူလာပေးတာ.... ဘာတွေ ကစားနေရဦးမှာလဲ"
"မင်း အခုနတုန်းက လာခဲ့ပြီးပြီ မဟုတ်ဘူးလား မင်းအဖွား ရောက်နေတယ် ဆိုပြီး ထုပ်တန်းပေါ် တက်ချသွားတာလေ... ပြီးတော့ အောက်ထပ်ကို ချက်ချင်း ဆင်းတယ်... နိုင်ငံခြားသားတွေနဲ့ တွေ့ပြီး အခုမှရောက်လာသလို ဟန်ဆောင်နေတာလား... ဒါက ငါတို့ကို လှည့်စားတာမဟုတ်လို့ ဘာလဲ?"
ဟော့ရှို့ရှို့က ပါးစပ်ကို ကျယ်ကျယ်ဖွင့်ပြီး "ညီမ ဒီကို ရောက်ဖူးလို့လား"
ဒီကောင်မလေးကတော့။ ဝူရှဲ သူမကို ကြိမ်းမောင်းတော့မယ့် အချိန်မှာပဲ မျက်နှာသေက ဝူရှဲလက်မောင်းကို လှမ်းဖမ်းပြီး တိုးတိုးလေး ပြောလာ၏။
"သူမ မဟုတ်ဘူး!"
"ဘာလဲ"
ဝူရှဲ ခေါင်းကို လှည့်လိုက်တော့ သူက ဆိုသည်။
"ထုပ်တန်းပေါ်ကနေ မြေကြီးပေါ်ရောက်အောင် အမြန်ဆင်းပြီး အသက်ရှုတောင်မဝဘဲ ဒီအပေါ်ထပ်ကို ချက်ချင်း ထပ်တက်လာဖို့ မဖြစ်နိုင်ဘူး"
မျက်နှာသေက ဟော့ရှို့ရှို့နားရွက် အနီးနားကို လက်ဝါးဖြင့် ကပ်ထားပြီးနောက် ဆက်ပြောလာသည်။
"ကိုယ်အပူချိန်ကလည်း မတက်လာဘူး"
မျက်နှာသေရဲ့ စီရင်ဆုံးဖြတ်ပုံက ယေဘူယျအားဖြင့် မှန်ကန်တာကြောင့် ဝူရှဲလည်း ဒါကို ဘယ်လို တုံ့ပြန်ရမလဲ မသိခဲ့ပါ။ ဟော့ရှို့ရှို့က ဘာဖြစ်နေတာလဲလို့ မေးလာတော့ ဖက်တီးကလည်း ခုနက ဖြစ်ပျက်ခဲ့တာတွေကို ပြောပြလိုက်သည်။
ဟော့ရှို့ရှို့ကတော့ လုံးဝ မယုံကြည်ကြောင်း ပြောသည်။ ဖက်တီးလည်း သူမအား အထပ်ထပ် အလေးပေး ပြောပြပြီး "အရင်ဟော့ရှို့ရှို့" က ယူလာခဲ့တာတွေကို ပြသလိုက်တာကြောင့် သူမ တဖြည်းဖြည်း ယုံကြည်လာခဲ့ပါ၏။
အခန်းတွင်းရှိ လေထုက ရုတ်ချည်းဆိုသလို ထူးဆန်းလာသည်။ မီးများကို မထွန်းထားတာကြောင့်ရော၊ ယခု လကို မမြင်နိုင်သောကြောင့်ရော ပေကျင်း အိမ်ဟောင်းထဲက ခံစားချက်က ခြောက်ခြားစရာ ကောင်းလာသည်။
သူမနဲ့အတူ ပါလာတဲ့ လူငယ်လေး တစ်ယောက်က ရေရွတ်၏။
"သူက မြေခွေး ဝိညာဥ်တစ်ကောင် ဖြစ်နိုင်လား? ဒီအိမ်ဟောင်းမှာ ထူးဆန်းတဲ့ အရာတွေက အများကြီး ရှိနိုင်တယ်မလား"
ဖက်တီး: "မြေခွေးဝိညာဥ်? အဲဒါက ဘာကြီးလဲ"
"ကျွန်တော့်ဇာတိမှာဆို ပုံပြင်တစ်ပုဒ် ရှိတယ်... မိသားစုတစ်စုက အိမ်ထောင်ကျတဲ့အခါ သတို့သမီးကို သွားခေါ်ဖို့ တောင်ပေါ်တက်ကြတယ်တဲ့... တောင်တက်လမ်း အရှည်ကြီးကို ကားတစ်စီးနဲ့ မောင်းပြီး သတို့သမီးကို သွားကြိုကြတယ်... ဒါပေမဲ့ သတို့သမီး ကားထဲက ထွက်လာပြီး ဘယ်လောက်မှ မသွားရသေးဘူး... ရုတ်တရက် လူတစ်ယောက်က ထအော်လိုက်တယ်... သတို့သားကလည်း နောက်ပြန် လှည့်ကြည့်လိုက်တော့ ဆင်းလာတာက သတို့သမီးနှစ်ယောက် ဖြစ်နေတယ်.... နောက်ပိုင်းမှာ ရဲကို ဖုန်းဆက်ပြီး ဖြေရှင်းပေမယ့် မရပေမယ့် ဘာလုပ်ရမှန်း မသိတော့ အဘိုးကြီးတစ်ယောက်က ပြောပြတဲ့ တစ်ခုတည်းသော နည်းလမ်းကို သုံးလိုက်ရတယ်... အဲဒါက ရှော့တိုက်ဖို့ပဲ... ဒါပေမဲ့ ရဲက လျှပ်စစ်နံပါတ်တုတ်ကို ကိုင်ထားတုန်း ရှိသေးတယ်... သတို့သမီးတစ်ယောက်က တတ်နိုင်သမျှ မြန်မြန် ပြေးထွက်သွားတယ်.. .. အဲဒါကလည်း လူပြေးနိုင်တဲ့ အမြန်နှုန်း မဟုတ်ဘူး... နောက်ပိုင်းမှ အဘိုးကြီးက မေးကြည့်တော့ သူမက တောင်ပေါ်က စွန့်ပစ်ထားတဲ့ အိမ်အိုကြီးတစ်ခုဆီ သွားခဲ့တာတဲ့... အခု ဒီအိမ်ကြီးလိုပဲ...အဘိုးကြီးက သတို့သမီးအတုက မြေခွေးဝိညာဥ် တစ်ကောင် ဖြစ်နိုင်တယ်လို့ သတ်မှတ်လိုက်တယ်"
ဒီကောင်လေးပြောတာက တကယ် ဖြစ်နိုင်ပါ့မလားလို့ တွေးရင်းနဲ့ ရင်ခုန်နေတဲ့ ဖက်တီးက ဟော့ရှို့ရှို့ကိုကြည့်လိုက်ပြီး ။
"လျှပ်စစ်နံပါတ်တစ်ချောင်းက ဘယ်သူ့မှာရှိလဲ"
ဟော့ရှို့ရှို့က "လုပ်ရဲလား!"
ဝူရှဲ ဖက်တီးဘက်သို့ ခေါင်းခါပြပြီး မိုက်မဲတဲ့ စကားတွေကို ရပ်တန့်ဖို့ ပြောလိုက်သည်။
“ဒီလူနဲ့ပဲ စကားပြောနေခဲ့တာတော့ သေချာတယ်... မြေခွေးဝိညာဥ်တွေ မှင်စာတွေ မဟုတ်ဘူး... မှင်စာက သိပ်ပျင်းဖို့ကောင်းမယ် မထင်ဘူး ပြီးတော့ ဒီကလေးမကလည်း လူပဲ... ငါတို့ လှည့်စားခံလိုက်ရတာပဲ ဖြစ်မယ်!"
အခုဟော့ရှို့ရှို့ ကြည့်လိုက်တော့ ကောင်မလေးက ဟော့ရှို့ရှို့နဲ့ တော်တော်ဆင်တူပေမယ့် စရိုက်ကကျတော့ ကွဲပြားနေသလိုပင်။
"ဒီကောင်မလေးက ငါတို့ကို လှည့်စားဖို့ အသွင်ဆောင်မယ်လို့ ခံစားနေရတယ်..."
ဖက်တီး: "သောက်ကျိုးနည်း! သူက ရုပ်ဖျက်ထားတာလား... အဲ့လိုလုပ်တာက တော်တော် တူနိုင်လို့လား"
"ငါတို့နဲ့ရင်းနှီးတဲ့ သူတစ်ယောက်ဆိုရင် သေချာပေါက် အလုပ်မဖြစ်ဘူး။ ဒီလို ပြီးပြည့်စုံတဲ့ ရုပ်ဖျက်နည်းက ဝတ္ထုထဲမှာတောင် စိတ်ကူးယဉ်ဆန်တယ်... ဒါပေမဲ့ ငါတို့က ရှို့ရှို့နဲ့ မရင်းနှီးဘူးလေ... ငါတို့ ဒီမှာ တစ်ချိန်လုံး တုန်လှုပ်နေခဲ့ရတော့ ရှို့ရှို့ရဲ့ စရိုက်ကိုလည်း သတိမထားမိဘူးမလား...ဒါကြောင့် ဒီလူက ကြမ်းတမ်းတဲ့ ပုံစံရှိနေသရွေ့ သူက ဟန်ဆောင်နေတာ ဆိုတာ သိသွားနိုင်တယ်"
ဒါက ဦးလေးသုံး ပြောခဲ့ဖူးတဲ့ ဟန်ဆောင်မှုရဲ့ ချို့ယွင်းချက်ပါပဲ။ မျက်နှာသေက သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြသည်။ သို့နှင့် ဖက်တီးလည်း ဟော့ရှို့ရှို့ကို ကြည့်ပြီး။
"ဟုတ်တယ်.... ခုနက ရင်သားက ဒီထက် ပိန်နေတာ တွေ့လိုက်ပါတယ်... အဲဒီကောင်မလေးက ဘယ်သူလဲ ဘာလို့ ဒီလိုလုပ်တာလဲ... ငါတို့ဒီမှာ ရှိနေတာကို ဟော့မိသားစုကပဲ သိတာ"
ဖက်တီးသည် အမြဲသံသယ ဖြစ်တတ်သောကြောင့် ရှို့ရှို့လည်း ထိုစကားများ ထွက်လာသောအခါတွင် အနည်းငယ် စိတ်မကောင်း ဖြစ်မိသော်လည်း ကလေးမလေးသည် ရှားပါးသော ကိုယ်ကိုတိုင်ပြကာ စကားအနည်းငယ် ပြောပြီးနောက် သူ့အဖွားအား အကြံဉာဏ်တောင်းရန် ချက်ချင်း ဖုန်းခေါ်လိုက်သည်။ ဖုန်းထဲမှာ ဟော့အဘွားကြီးက ဝူရှဲတို့ကို လှမ်းမေးလေသည်။
"ရှင်းယွဲ့စားသောက်ဆိုင်က ထွက်လာတော့ တခြားသူတွေဆီက တစ်ခုခု ယူခဲ့သေးလား"
ဖက်တီးခမျာ ခေါင်းခါတော့မည် ဖြစ်သော်လည်း ခေါင်းလှုပ်သည်နှင့် တပြိုင်နက် အေးခဲသွားလေသည်။ သူ့အိတ်ကပ်ကို ချက်ချင်း ကိုင်ကြည့်တော့ ပန်းရောင်ရှပ်အင်္ကျီလက်မှ ပေးထားသည့် စီးပွားရေး ကတ်ပြားကို ထုတ်ယူမိလိုက်သည်။ ထိုစဥ် ဟော့ရှို့ရှို့ရဲ့နောက်က လူငယ်တစ်ယောက်က သူ့နှာခေါင်းအောက်မှာ ထထားပြီး အနံ့ခံရင်း မျက်မှောင်ကြုတ်လိုက်၏။
ဟော့ရှို့ရှို့ကလည်း အဲဒါကို ယူလိုက်ပြီး အနံ့ခံကြည့်၏။
"ရှင်တို့က တကယ် လုပ်ရဲကိုင်ရဲတွေပဲ.... ဒီလို အခြေအနေမျိုးမှာတောင် တခြားသူတွေရဲ့ ပစ္စည်းတွေကို ပေါ့ပေါ့တန်တန် ယူလာရဲတယ်ပေါ့လေ... ဒီမှာ ထူးခြားတဲ့ အနံ့တစ်ခုရှိတယ် ကောင်းကောင်း လေ့ကျင့်ထားတဲ့ ခွေးတစ်ကောင်သာ ရှိရင် ညီမတို့ကား ထွက်လာတာနဲ့ ဘယ်ကိုမှ ပြေးမလွတ်နိုင်ဘူး... အဲဒီအထဲမှာ ထိုင်တဲ့လူတွေထဲက ညီမတို့နောက်ကို လိုက်နေတာ ဘယ်သူဖြစ်မယ် ထင်လဲ?"
"အဲ့ဒီကောင်လား"
ပန်းရောင်ရှပ်အင်္ကျီကို တွေးမိပြီး ဝူရှဲ ခဏလောက် တိတ်ဆိတ်သွားသည်။ တစ်လှမ်း နှစ်လှမ်းလောက် လမ်းလျှောက်လာပြီးနောက် တစ်ခုခုမှားနေပြီလို့ ကိုယ့်ကိုယ်ကိုယ် ပြန်တွေးမိပြန်၏။ ဒီလူက သူတို့ရဲ့အတိတ်ကို ဘာလို့စိတ်ဝင်စားနေတာလဲ။ သူက အတွင်းလူလည်း ဖြစ်နိုင်လား။ ဒါပေမဲ့ ကောင်မလေးရဲ့ လုပ်ပုံကိုင်ပုံက ရှင်းရှင်းလင်းလင်း ပြောရရင်တော့ ရှင်းဖို့ ခက်ပါသည်။
မဟုတ်ဘူး၊ ဒါက မမှန်ဘူး၊ ဒါမှမဟုတ် နောက်ကွယ်မှာ အလွန်ရှုပ်ထွေးတဲ့ အကြောင်းပြချက်တွေ ရှိကောင်း ရှိနိုင်သည်။ သူတို့ ရှင်းယွဲ့စားသောက်ဆိုင်မှာ ပြဿနာရှာဖို့ အချိန်အများကြီး မရှိခဲ့ဘူး။ တစ်ယောက်ယောက်က သူတို့ကို ဒီလိုမျိုး ဘယ်လိုလုပ် ကြံစည်နိုင်မှာလဲ။
ဒါမှမဟုတ် ပေကျင်းမှာရှိတဲ့ ဟော့ မိသားစုနဲ့ တခြားချမ်းသာတဲ့ မိသားစုတွေကြားက အရမ်းရှုပ်ထွေးတဲ့ တိုက်ပွဲတစ်ခု ဖြစ်နိုင်လား။ သူတို့ဒီကို ရောက်နေတဲ့ အကြောင်းအရာကလည်း ရန်ဖြစ်မှုများကြောင့် မဟုတ်လား။ ဝူရှဲ နားမလည်နိုင်လောက်အောင် လျှာကို အကြိမ်အနည်းငယ် ကိုက်လိုက်မိသည်။ ထိုစဥ် ဟော့ရှို့ရှို့က ပြောလာ၏။
"မေ့လိုက်ပါတော့ ဖြစ်ပြီးသွားပြီပဲ... နေရာတွေ ချက်ချင်း ပြောင်းကြရအောင်... ပစ္စည်းတွေ ယူလာပြီး ကျွန်မတို့နဲ့ လိုက်ခဲ့"
အတူတူနေထိုင်ရတာ မတည်မငြိမ် ဖြစ်နေရတယ်လို့ ကိုယ့်ဘာသာကိုယ် တွေးပြီး ဝူရှဲ သက်ပြင်းချကာ သူ့နောက်ကို လိုက်ဖို့လုပ်နေပေမယ့် ဖက်တီးနဲ့ မျက်နှာသေက တုတ်တုတ်မှ မလှုပ်တာကို တွေ့လိုက်ရသည်။ ဝူရှဲလည်း ခဏလောက် ထိတ်လန့်သွားပြီး ချက်ချင်း ရပ်လိုက်၏။
ဟော့ရှို့ရှို့က ဘာဖြစ်တာလဲလို့ လှည့်မေးသည်။
ဖက်တီး: "ဟန်ဆောင်တာကို ရပ်လိုက်ပါတော့... မင်းမျက်နှာကို ငါမမှတ်မိပေမယ့် မိန်းမတစ်ယောက်ရဲ့ ပုံပန်းသဏ္ဌာန်ကိုတော့ ငါဘယ်တော့မှ မေ့မှာ မဟုတ်ဘူး... မင်းက ဘယ်သူလဲ"