DaoMuBiJi
Author - Nan Pai San Shu
Volume (7)
Chapter (23)
ကမ္ဘာပေါ်မှာ အထူးဆန်းဆုံးအရာ
ပိုးထည်စာအုပ်များသည် သွေးများစွာဖြင့် စိုစွတ်နေကာ တစ်စုံတစ်ယောက် ဦးခေါင်းကို ဖြတ်တောက် ခံလိုက်ရတာကြောင့် နေရာအနှံ့ သွေးများ ဖျန်းကျလာကာ လူအများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတဲ့ပုံပါပဲ။ ပိုးထည်တွေကို လူ၆ယောက်က ရင်ခွင်ထဲ ပိုက်ကာ ပြန်ယူလာခဲ့တာ ဖြစ်ပြီးတော့ ဒီအချိန်မှာ လူခြောက်ယောက်ထဲမှာ လေးယောက်သေပြီး ကျန်နှစ်ယောက်ကတော့ အပြင်က တဲထဲမှာ လဲလျောင်းနေတုန်းပဲဆိုတာ သိလိုက်ရသည်။
ပုံဖော်ရန် အလွန်ခက်ခဲသော လုဟွမ် ပိုးတစ်မျိုး ရှိသည်။ ကမ္ဘာပေါ်တွင် အနည်းသယ်သာ ကျန်ရှိတော့သော ၎င်းကို နေ့ချင်းညချင်း ပုံဖော်ရန် မဖြစ်နိုင်ကြောင်း ကျင်းဝမ့်ထောင် သိလိုက်သည်။ ကြမ်းတမ်းသော စာသားကို ခေတ်မီ တရုတ် အက္ခရာများအဖြစ် ရေးပြီး ကုဒ်ကို အဓိပ္ပာယ်ဖွင့်ဆိုပါက နောက်ထပ် ဆယ်နှစ်ကြာသည့်တိုင် ဖြေရှင်းနိုင်မည် မဟုတ်ပါ။
စိတ်ဓာတ်ကျလာစေသော လေထုက သူ့ကို အသက်ရှူ ကျပ်စေသော်လည်း အကြာကြီး အနားယူတာကလည်း သူ့ကို လုံလုံလောက်လောက် အားပြည့်စေနိုင်သောကြောင့် နောက်ဆယ်ရက်အတွင်း ပိုးထည်စာအုပ်များ အားလုံးကို အရည်အသွေးမြင့် အရေအတွက်ဖြင့် ပြန်လည် သိမ်းဆည်းနိုင်ခဲ့သည်။
သူ့စိတ်က အလွန်ကြည်လင် နေသောကြောင့် 'သူတစ်ပါးကို အခွင့်ကောင်း မယူနဲ့ ' ဟူသော စကားကိုတွေးရင်း နောင်တရလာသည်။ သူသည် အလုပ်မလုပ်မီကပင် သူ့စိတ်ထဲတွင် ပူပန်မှုတစ်ခု ပေါ်လာ၏။ အထူးသဖြင့် ခွဲခြားလို့ ပြီးစီးသည့်နေ့တွင် သူ့စိတ်ထဲတွင် စိုးရိမ်မှုတစ်မျိုးဖြင့် စိတ်ပူနေမိပြန်သည်။
လုဟွမ်ပိုးထည်ရဲ့ တန်ဖိုးက မြင့်သော်လည်း ပွတ်သပ် ရှင်းလင်းလိုက်ပါက ၎င်းကိုလက်ထဲတွင် ကိုင်ထားလိုက်တာက လုံးဝ မှန်ကန်ပါသည်။ သူ့ဘဝနဲ့သူ ပေးချေပြီးပြီ။ ခဏအကြာမှာတော့ သူ့အတွက် ကြီးကြီးမားမား ဒုက္ခရောက်စေမှာ မဟုတ်ဘူးလို့ တွေးရင်း စိတ်ထဲမှာတော့ ကိုယ်ကျင့်တရား ရှုံ့ချမှုတွေ အများကြီးရှိပေမယ့် မယူရင်လည်း အလကား ဖြစ်သွားမှာ ကြောက်နေမိသည်။
ဂိုဏ်းကိုးဂိုဏ်းကသာ သူတို့ပစ္စည်း ယူထားတာတွေ့ရင် သေချာပေါက် အသက်ကို နုတ်လိမ့်မည်။ ဒီအခြေအနေမျိုးမှာ တန်ဖိုးရှိတာကိုသာ ရနိုင်ခဲ့ရင် သုံးနှစ်အတွင်းမှာ ရှာရတဲ့ ငွေပမာဏဟာ ချက်ချင်း ရလာမှာဖြစ်ပြီး မယူရင် နောက်တစ်ကြိမ် အခွင့်အရေး မရှိတော့မှာကို ကြောက်မိလေသည်။
သူ တုံ့ဆိုင်းတုံ့ဆိုင်းသွားပေမယ့် နောက်ဆုံးမှာတော့ သူ့အတွက် ဆုံးဖြတ်ချက်ချရင်း လုဟွမ် ပိုးထည်တစ်ပိုင်းကို သူ့အင်္ကျီလက်ထဲကို တိတ်တဆိတ် လျှို့ဝှက်စွာ ထည့်ထားလိုက်သည်။ အဲဒီနောက် သူ့လက်တွေကို လှုပ်ရှားကြည့်၏။ ကံကောင်းချင်တော့ ဘယ်သူမှ သူ့လှုပ်ရှားမှုကို မမြင်လိုက်ချေ။
အခု လုပ်ပြီးသွားပြီ။ ပြန်ပေးစရာ အကြောင်းလည်း မရှိလို့ ညဘက်ရောက်တဲ့အခါ ပိုးထည်စကို အထည်ဖိနပ်ရဲ့ အောက်ခြေမှာ ဂရုတစိုက်နဲ့ ထည့်ချုပ်ထားလိုက်သည်။ ခဏလောက် စဉ်းစားပြီးမှ ဒီအရာတွေက နဂိုက ချို့ယွင်းချက်မရှိ၊ ပျောက်ဆုံးနေပြီး ဘယ်သူမှ မရေမတွက် ထားတဲ့အတွက် ရှာဖွေနေစရာ ဘာအကြောင်းပြချက်မှ မရှိဘူးလို့ ခံစားရ၏။ ဒီလိုနဲ့ ဖြည်းဖြည်းချင်း စိတ်သက်သာရာ ရလာသည်။
သို့သော် တချို့သော ဒဏ္ဍာရီတွေလိုပဲ သူဟာ စိတ်လျှော့ လိုက်ပြီးနောက်တွင် ခိုးတာက ခိုးတာပဲလို့ တွေးလျက် နောက်တစ်ခုကို ထပ်ခိုးကြည့်ဖို့ စီစဥ်လေသည်။ ထို့ကြောင့် နောက်နေ့တွင် သူ့လှည့်ကွက်ဟောင်း အတိုင်း ထပ်မံ ကြိုးစားသော်လည်း ကံမကောင်းစွာပဲ ဤတစ်ကြိမ်တွင်တော့ တစ်စုံတစ်ခု ဖြစ်သွားခဲ့လေသည်။
နောက်နေ့က နောက်ဆုံးနေ့ ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားပေ။ အလုပ်တွေကို လတ်စသတ်ပြီး ပိုးစာအုပ်ကို အင်္ကျီလက်ထဲတွင် ဝှက်ထားကာ ချက်ခြင်းပြန်၍ တဲထဲသို့ ပြန်ဝင်တော့ဖို့ ပြင်လေသည်။ ရုတ်တရက် လူတစ်ယောက်က သူ့ကို အဲဒီညမှာ တောင်ပေါ်ကနေ တိုက်ရိုက်ထွက်ခွာပြီး ပေကျင်းကို ပြန်သွားဖို့ စီစဥ်ထားကြောင်း ပြောခဲ့သည်။
ဒါက သူ မမျှော်လင့်ထားသည့် အရာဖြစ်သည်။ သူသည် အနည်းဆုံး နောက်ထပ် လအနည်းငယ်ကြာနေရန် တွေးတောနေသော်လည်း သူသည် တောင်ပေါ်မှ ထွက်ခွာနိုင်သည်ဟု ကြားသိလိုက်သောအခါတွင် သူသည် သံသယဖြစ်ဖွယ် ဝမ်းသာသွားခဲ့သည်။
ပေကျင်းမှာ သူ့ကိုတွေ့ဖို့ ဘယ်သူမှ လာမှာ မဟုတ်ချေ။ အဘွားကြီးဟော့က ပေကျင်းမှာ သူ့ကို သိမ်သိမ်မွေ့မွေ့ ဆက်ဆံပေးသလို ဒီနေရာမှာလည်း အတင်းအကြပ် မခိုင်းခဲ့ပေ။ ဒါပေမဲ့ ဒီအရာတွေကို ဂရုစိုက်ဖို့ စိတ်မ၀င်စားတော့ဘဲ တဲဆီကိုသာ ပြန်လာခဲ့သည်။ မထင်မှတ်ပဲ သူ့အိတ်တွေကို ထုပ်ပိုးပြီး ပြန်ဖို့ ပြင်ဆင်တော့မယ့် အခိုက်အတန့်မှာ သူ့ကို စောင့်ကြိုနေတဲ့အရာက စေ့စေ့စပ်စပ် ရှာဖွေမှုတစ်ခုပါပဲ။
အဲဒါက ရှဲ့ကျိုယဲရဲ့ ကြည့်ရှုမှုပါပဲ။ ရှဲ့ကျိုယဲဟာ 'မင်းရဲ့ အသေးအမွှား ခိုးယူမှုကို ငါ ကာကွယ်မှာ မဟုတ်ဘူး ဒါပေမဲ့ နောက်ဆုံးအထိ မင်း ခိုးယူထားတဲ့ အရာတွေကို ဘယ်တော့မှ မယူသွားရဘူး' လို့ ပြောနေသယောင်ပင်။
ကျင်းဝမ့်ထောင်မှာ ထိုညက သူ့တစ်ကိုယ်လုံးကို လိုက်ရှာမည်ဟု ကြားလိုက်ရသောအခါ သူ့အဝတ်အစားများက ချွေးအေးများဖြင့် စိုစွတ်နေကာ ခဏချင်းပင် မရေမတွက်နိုင်သော နည်းလမ်းများကို တွေးနေသော်လည်း အချိန်က တင်းကျပ်လွန်းသဖြင့် ကိုင်တွယ်ရန် အချိန်မရှိပေ။
သူ့ကိုရှာတဲ့လူက အစပိုင်းမှာ အရမ်းယဉ်ကျေးပြီး ကျင်းဝမ့်ထောင်ဟာ သူ့ဖိနပ်ကို အရင်ချွတ်ခိုင်းသည်။ ဒါက ကျင်းဝမ့်ထောင်အတွက် ကြားခံ ဖြစ်သွားခဲ့၏။ ကျင်းဝမ့်ထောင်ဟာ နံဘေးကလူရဲ့ ဖိနပ်ကို လှမ်းယူလိုက်ပြီး သူ့ပစ္စည်းတွေကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်ခိုင်းသည်။
တစ်ချိန်တည်းမှာပင် သူက ဆင်ခြေပေးဖို့ စဉ်းစားနေသော်လည်း ကံမကောင်းစွာပဲ နောက်ကျသွားပြီ။ ယောက်ျားလေးတစ်ယောက်က သူ့ပစ္စည်းတွေကို စစ်ဆေးရန် အခြားတဲတစ်ခုသို့ သွားနေလေပြီ။ သိပ်သတိမထားမိဘဲ ဘေးကလူရဲ့ ဖိနပ်ကို တမင်တကာ စီးလိုက်ပြီး သူ့နောက်ကို လိုက်သွားသည်။
အင်္ကျီလက်ထဲက ပိုးစာအုပ်ကို လမ်းမှာ လွှင့်ပစ်ဖို့ တွေးလိုက်မိပေမယ့် ကံဆိုးချင်တော့ တစ်ဖက်က ရှာတွေ့သွားခဲ့သည်။
အဲဒီနောက်မှာတော့ ထိုယောက်ျားလေးဟာ တဲထဲမှာ သိပ်ဖော်ရွေခြင်း မရှိတော့ဘဲ သူ့အိပ်ယာနဲ့ အဝတ်အစားတွေ စုတ်ပြဲသွားတဲ့အထိ တဲရဲ့ထောင့်အားလုံးကိုပါ ရှာဖွေခဲ့သည်။ သူ့ကိုယ်ပေါ်ရှိ အဝတ်များ အားလုံးကို ချွတ်လိုက်ပြီး သူ့ဖိနပ်ကို ဖောက်ထုတ်လိုက်၏။ ကံကောင်းထောက်မစွာပင် သူသည် ဖိနပ်ကို ကြိုတင် ပြောင်းစီးထားတာကြောင့် ဖိနပ်ထဲတွင် ဘာကိုမှ ရှာမတွေ့ခဲ့ပေ။
ထို့နောက် သူသည် ဂိုဏ်းကိုးဂိုဏ်း၏ လူငယ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည်။
ပြောရလျှင် ထိုလူငယ်သည် ရိုးရိုးရှင်းရှင်း အိမ်တွင်းပုန်းလို ဖြစ်ပြီး ဂိုဏ်းကိုးဂိုဏ်း တစ်ခုလုံးအပါအဝင် စခန်းတွင်း၌ ရှားရှားပါးပါးသာ ပေါ်လာတတ်သည်။ လွန်ခဲ့သည့် သုံးနှစ်အတွင်း၌လည်း ၎င်းကို တွေ့မိဖို့ အခွင့်အရေးက အလွန်နည်းပါးသည်။ လမ်းပေါ် ရောက်တုန်းက အဝေးကပင် မြင်လိုက်ရရာ ယခု ထိုလူငယ်လေး၏ ပုံသဏ္ဌာန်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတာက ပထမဆုံးအကြိမ်ပင်။
လူငယ်သည် အသက်သုံးဆယ်အောက်သာ ရှိသေးပြီး သူ့မျက်ခုံးများက မှေးမှိန်ထားကာ ငြိမ်သက်နေ၏။ ထိုအချိန်၌ သူသည် အခြားလူတစ်ဦးနှင့် တစ်စုံတစ်ခုကို ဆွေးနွေးနေခဲ့သည်။ ကျင်းဝမ့်ထောင် လိမ်လည် ပြောဆိုခဲ့ပြီး ဒါကလည်း သူ့အတွက် ပထမဆုံးအကြိမ် ဖြစ်သည်။ ရည်ရွယ်ချက်က ငွေအတွက် မဟုတ်ဘဲ ပိုးထည်စာအုပ်တွေကို စိတ်ဝင်စားပြီး ဒါကို ဖော်ထုတ်ချင်တာကြောင့်ပါပဲ။
ထိုလူငယ်က သူ့မျက်လုံးများကို လှမ်းကြည့်လာသည်။ ထို့နောက် သူ့ခေါင်းပေါ်ရှိ အပ်စိုက်အမှတ် နေရာသို့ လက်နှစ်ချောင်းဖြင့် နှိပ်ချလိုက်ရာ ရုတ်တရက် သူ့ဦးခေါင်းခွံ ကွဲသွားသည့် အသံကိုပင် ကြားလိုက်ရလေသည်။ လူငယ်လေးရဲ့ မျက်နှာက အေးဆေး တည်ငြိမ်နေကာ သူ့လက်ချောင်းပေါ်က အားကိုလည်း မလျှော့ချေ။
ထို့နောက်တွင် ကျင်းဝမ့်ထောင် လိမ်ညာချင်နေသေးသော်လည်း ပြင်းထန်သော နာကျင်မှု အောက်တွင် မုသာစကားများ၊ အကွက်အကွင်းများနှင့် ပြည့်နှက်နေသော အတွေးအားလုံးကို စွန့်လွှတ်လိုက်ရကာ ဖိနပ်တွေ အကြောင်းလည်း ပြောပြလိုက်ရလေသည်။
ခေါင်းပေါ်က ပြင်းထန်သော နာကျင်မှုဟာ အာရုံကြောနဲ့ အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်းတို့ရဲ့ လက္ခဏာ တစ်ခုပဲ ဖြစ်သည်။ ထိုနာကျင်မှုကြောင့် စိတ်သက်သာရာရအောင် ရှာချင်တဲ့ လူတစ်ယောက်ဟာ လိမ်ညာ မပြောရဲတော့ဘဲ အမှန်အတိုင်း ဖြေလာလိမ့်မည်။
အမေရိကန် CIA ရဲ့ သုတေသနပြုချက်အရ ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုက ဦးနှောက်ညှဉ်းပန်းမှုလောက် ထိရောက်မှု မရှိဘူး ဆိုတာကို ပြသခဲ့ဖူးသည်။ တရုတ်နိုင်ငံတွင် အပ်စိုက်အချက်များကို ဖိကာ ဝန်ခံခိုင်းခြင်းများက ရှေးကျသော အလေ့အထတစ်ခုလည်း ဖြစ်သည်။
သူပြောပြီးသည်နှင့် ကံအားလျော်စွာဖြင့် ဟော့ရှန်းကူသည် အတိတ်တုန်းက အားကိုးအားထား ပြုခဲ့ရသည်ဟု ဆိုရင်း ကျင်းဝမ့်ထောင်ကို အသက်ရှင်လျက် ချန်ထားတာက အနာဂတ်တွင် အသုံးဝင်နိုင်သည်ဟု ပြောကာ နောက်ဆုံးတွင် လူငယ်အား သူ့အတွက် တောင်းဆိုပေးလာခဲ့သည်။
သူ့ကိစ္စတွေကို သိပ်ဂရုမစိုက်တော့ဘဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဦးဆောင်နေတဲ့ လူငယ်ကလည်း ဒီကိစ္စကို ကိုင်တွယ်ဖို့ ဟော့ရှန်းကူအား တာဝန်ပေးခဲ့သည်။ နောက်ဆုံးတွင် သူသည် ငွေပေးချေမှု အားလုံးမှ ကင်းလွတ်ခွင့်ရပြီး ကိုယ်လုံးတီးဖြင့် ထုတ်ပစ်ခံခဲ့ရသည်။
တဲသို့ပြန်လာ၍ စုတ်ပြဲနေသော အဝတ်အစားနှင့် ဖိနပ်များကို ဝတ်ဆင်ကာ ကြမ်းကြမ်းတမ်းတမ်း ပြုပြင်ပေးပြီးနောက် တစ်စုံတစ်ဦးမှ လာရောက် တိုက်တွန်းသဖြင့် စိတ်ပျက်လက်ပျက်ဖြင့် တောင်ပေါ်မှ ထွက်ခွာလာခဲ့ရသည်။ သူတို့က ဘာမှ မပြောရန်လည်း အမိန့်ပေးခဲ့သည်။
ပေကျင်းမြို့သို့ ရောက်ပြီးနောက် နှစ်အတော်ကြာအထိ စိတ်မငြိမ်မသက် ဖြစ်နေသော်လည်း နောက်ပိုင်းတွင် ဂိုဏ်းကိုးဂိုဏ်းဘက်က တဖြည်းဖြည်း ငြိမ်သက်သွား၏။ သူထွက်သွားပြီးနောက်တွင် ကောလဟာလများ တစ်ခုပြီးတစ်ခု ကြားလိုက်ရသေးသည်။
ချောက်ကမ်းပါးပေါ်ရှိ လူများသည် ကြီးမားသော အဖြစ်အပျက်တစ်ခု ထပ်မံဖြစ်ပွားခဲ့ပြီး ဂိုဏ်းကိုးဂိုဏ်းလည်း မြောက်မြားစွာသော အသေအပျောက်များကို ခံစားခဲ့ရတာကြောင့် ၎င်းတို့၏ တက်ကြွမှုမှာလည်း ပြင်းထန်စွာ ပျက်စီးသွားခဲ့တယ်လို့ ဆိုသည်။
ထို့ကြောင့် အဘွားကြီးဟော့ထံက စာရောက်လာသောအခါ ဟောင်းသော အရာများ ပြန်ပေါ်လာပြီဟု တွေးကာ ကြောက်ရွံ့ ထိတ်လန့်သွားခဲ့ခြင်းပင်။
"သူ့ကို ဝန်ခံခိုင်းတဲ့ လူငယ်က အရမ်းရှည်တဲ့ လက်နှစ်ချောင်း ရှိတယ်တဲ့"
သူမက ပြောပြီးနောက် မျက်နှာသေဘက်ကို ကြည့်လိုက်သည်။
"သူက အရမ်းလည်း ငြိမ်နေတတ်တယ်တဲ့... အစ်ကိုတို့မှာ အဲဒါအတွက် သဲလွန်စတစ်ခုရှိလား?"
ဝူရှဲ တိတ်တိတ်ဆိတ်ဆိတ် နေလိုက်သော်လည်း ဖက်တီးက ပြတင်းပေါက် အပြင်ဘက်သို့ လှည့်သွားသည်။ လရောင်ကို တိမ်များက ဖုံးလွှမ်းနေပြီး အခန်းသည် လုံးဝနီးပါး မှောင်နေသည်။ ဖက်တီးက ခဏလောက် စဥ်းစားကြည့်ပြီး မေးလေ၏။
"ဒါဆို အဲဒီလူငယ်က ဘယ်သူလဲ... ကျင်းဝမ့်ထောင်မှာ ခန့်မှန်းထားတာတွေဘာတွေ ရှိလား?"
ဟော့ရှို့ရှို့ : "သခင်ကြီး ကျန်းတဖော်ကပဲ ဂိုဏ်းကိုးဂိုဏ်းကို အမိန့်ပေးနိုင်တာ ဆိုတော့ သူကလည်း ကျန်းအိမ်တော်က အကြီးအကဲပဲ ဖြစ်မယ်ထင်တယ်... ကျန်းတဖော်က အမိန့်ပေးနိုင်ပေမယ့် အဲအချိန်မှာ အသက်အရမ်း ကြီးနေပြီလို့တောင် ပြောလို့ရတယ်... ကွယ်လွန်သွားတာလည်း ဖြစ်နိုင်တော့ အဲဒီလူက သခင်ကျန်းရဲ့ မျိုးဆက်ထဲက ဖြစ်နိုင်ပါတယ်..."
ဝူရှဲ ခေါင်းယမ်းလိုက်သော ဖက်တီးကို ကြည့်လိုက်သည်။
"မဟုတ်ဘူး... ဂိုဏ်းကိုးဂိုဏ်းက ဂူဖောက်လောကမှာ အဆင့်သတ်မှတ်ချက် တစ်ခုတည်း မဟုတ်တဲ့ အထက်တန်း အဆင့်တစ်ခုပဲ။ ကျန်းတဖော် ကိုယ်တိုင်ဆိုရင်တောင် ဒီလူတွေကို အမိန့်ပေးဖို့အတွက် အကြောင်းပြချက်ကြီး တစ်ခုလိုတယ်... ဗုဒ္ဓရဲ့ အမျိုးအနွယ်ထဲမှာ ကြီးပြင်းလာတဲ့ လူဆိုရင် မျိုးဆက်သစ် လူငယ်တွေက အကြီးအကဲတွေကို အမိန့်ပေးဖို့ ဆိုတာ ပိုလို့တောင် မဖြစ်နိုင်ဘူး!"
ဒါကိုကြားတော့ ဝူရှဲ ခေါင်းညိတ်ပြလိုက်သည်။ ဒီအချက်ကို သူလည်း စဉ်းစားမိပေမယ့် တကယ်တော့ ပဋိပက္ခဆိုတာ မရှိနိုင်တာမျိုးမှ မဟုတ်ဘဲ။
"လူကြီးတွေကို အမိန့်ပေးနိုင်တဲ့ မျိုးဆက်သစ်တွေ ရှိတယ် ဆိုတာ မဖြစ်နိုင်ဘူး... ဒါပေမဲ့ အဲဒီတုန်းက ကျန်းအိမ်တော်က ကျန်းတဖော်ရဲ့ ဝိသေသလက္ခဏာက အရမ်းထူးခြားတယ် သူ့သားသမီးတွေတော့ ရှိမှာ မဟုတ်ဘူး... သာမာန်လူတွေက ဂိုဏ်းကိုးဂိုဏ်းရဲ့ အငယ်တန်း ဖြစ်နိုင်ပေမယ့် ခေါင်းထဲ ဆူးတစ်ချောင်း ဝင်လာသလို ထိန်းချုပ်နိုင်တဲ့ အကြောင်းရင်းက သူ့မှာအဲ့လို အရည်အချင်း ရှိလို့... သက်ကြီးရွယ်အို မဟုတ်ပေမယ့် အဲဲဒီအချိန်တုန်းက သူ့ကိုယ်ပိုင်လက္ခဏာနဲ့ သူ့ကို ကိုယ်စားပြုတဲ့ အကျိုးစီးပွားတွေ ရှိနေနိုင်တယ်"
ဖက်တီးက စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး ဟော့ရှို့ရှို့ကိုကြည့်ကာ မေးလေ၏။
"ကျင်းဝမ့်ထောင် ဘယ်မှာလဲ သူ့မှာပြောစရာ ရှိသေးတယ်လို့ မထင်ဘူးလား... "
ဟော့ရှို့ရှို့က ခေါင်းညိတ်ပြသည်။ ထိုစဥ် တစ်ဖက်ခြံက ခြံတံခါးက ပွင့်နေတဲ့ အသံကို ကြားလိုက်ရချိန်မှာတော့ သူမ စကားပြောတာ ရပ်သွားသည်။ ထို့နောက် လက်နှစ်ချောင်း သုံးချောင်းကို လှုပ်ရှားကာ လက်နှိပ်ဓာတ်မီးရဲ့ အလင်းရောင်ကို ဖြတ်ပစ်လိုက်သည်။
ဖက်တီးက ခုန်ထလာပြီး အိုင်ဗီပင်ကို ဖြတ်ကြည့်လိုက်တော့ ဟော့ရှို့ရှို့နဲ့ ဝူရှဲလည်း အနောက်က လိုက်လာကြသည်။ တစ်ဖက်က သဲလွန်စတွေကို မမြင်ရခင်မှာပဲ ဟော့ရှို့ရှို့က အသက်ရှုကြပ်သွားတဲ့ အသံနဲ့ ပြောလာသည်။
“မကောင်းတော့ဘူး ညီမအဖွား လာနေပြီ!"
မင်းဘာတွေ လုပ်နေတာလဲလို့ မေးမလို့ ချက်ချင်းပဲ လှည့်ကြည့်လိုက်တော့ ဟော့ရှို့ရှို့က ဆိုလေ၏။
"ညီမအဖွားကို ညီမ သူ့အကြောင်း စုံစမ်းနေတယ်ဆိုတာ လုံးဝ ဘာမှမပြောနဲ့နော်... အရင် ပုန်းနေလိုက်ဦးမယ်"
သူမက ရုတ်တရက် လှည့်ပြန်ကာ စားပွဲပေါ်မှ ခုန်တက်ကာ ထုပ်တန်းပေါ် ပေါ့ပါးစွာ ခုန်တက်သွား၏။ သူမရဲ့ ခန္ဓာကိုယ်ပေါ်မှာ ထူးဆန်းတဲ့ အလှည့်အပြောင်း တချို့ကို တွေ့လိုက်ရသည်။ ခါးနဲ့ အရိုးတွေက ပျော့ပြောင်းစွာ လှုပ်ရှားသွားပုံက အလွန် ကြည့်ကောင်းပြီး ဘယ်လိုလုပ်သွားမှန်းတောင် မသိလိုက်။
ဒါပေမဲ့ သူမ တက်ပြီးတာနဲ့ ဖက်တီးက စိတ်ဆိုးသွားပြီး စိတ်ထဲမှာ ထူးဆန်းသလို ခံစားလိုက်ရသည်။ တစ်ဆက်တည်း ဖက်တီးဝှက်ထားတဲ့ ကျောက်စိမ်းတံဆိပ်တုံးကို ကလေးမလေးက တွေ့သွားတာမို့ တိုးတိုးလေး ပြောလာသည်။
“လတ်စသတ်တော့ ဒီမှာဖွက်ထားတာပဲ.. ဒီလို ထင်ရှားတဲ့ နေရာမှာ ပုန်းနေသလောက်တော့ အဲဒါကို မလိုချင်တော့ဘူး ထင်တယ်... ညီမ ယူလိုက်ပြီ!"
ဖက်တီးက စိုးရိမ်တကြီးနဲ့ "မဟုတ်ဘူး မဟုတ်ဘူး... အဒေါ်ကြီး မင်းက တခြားသူတွေကို အခွင့်ကောင်းယူနေတာပဲ"
ဟော့ရှို့ရှို့က ပြုံးပြီး လှမ်းလာတဲ့ ခြေသံကိုကြားတော့ ဖက်တီးက ကျောက်စိမ်းတုံးကို ကိုင်လိုက်ပြီး ပြတင်းပေါက်ဘက်ကို ချက်ချင်း ရောက်သွားသည်။
“အဒေါ်ကြီး မအားတော့ဘူး မနက်ဖြန်မှတွေ့မယ်”
ဖက်တီးနဲ့ ဝူရှဲလည်း ထိုမိန်းကလေး လှေကားထစ်ပေါ် တက်သွားသံကို ကြားတော့မှ အတူတူ ထိုင်ချလိုက်ပြီး ကျောက်စိမ်းတံဆိပ်တုံးကို ချစ်ခင်စွာ သိမ်းထားလိုက်သည်။
ဖက်တီး: "ဟော့မိသားစုထဲက ဒီနတ်ဆိုးမတွေက အရမ်းမိုက်တာပဲ... အခုမှ နတ်ဆိုးမြေးမလေးနဲ့ ဇာတ်လမ်း ပြီးသွားတယ်... အခုတစ်ခါ သူတို့ရဲ့ နတ်ဆိုး အဘွားကြီးကို တွေ့ရဦးမယ်... ငါတို့ မကြာခင် သူတို့ကို အစေခံရတော့မယ် ထင်တယ်"
ဝူရှဲ ထိုစကားကြောင့် လန့်သွားသည်။ ဟော့ရှို့ရှို့က သူတို့အတွက် အရမ်းအသုံးဝင်သေးတဲ့အတွက် သူမကို ထုတ်မပြသေးတာက ပိုကောင်းမည်။ တံခါးဘက်ကို လှမ်းကြည့်လိုက်တော့ ခဏအကြာတွင် တံခါးကို တစ်ယောက်ယောက်က တွန်းဖွင့်လိုက်ပေ၏။
ဖက်တီးနဲ့ ဝူရှဲ ကြည့်လိုက်တော့ ရုတ်တရက် ပါးစပ်အဟောင်းသားဖြင့် အံ့အားသင့်သွားရလေသည်။ အကြောင်းမှာ ဟော့ရှို့ရှို့က ထိုလူတွေနဲ့အတူ ဝင်လာလို့ပါပဲ။ လူအနည်းငယ်က စောင်နဲ့ ဝိုင်အစုံအလင်ကို ယူဆောင်လာပြီး ဝူရှဲတို့ကို လှမ်းကြည့်ရင်း အံ့သြသွားတဲ့ လေသံနဲ့ ပြောလာသည်။
"ကျစ်... အစ်ကိုတို့ကိုယ်တိုင် အိပ်ယာဝယ်သွားမလို့လား... ညီမ မပြောထားဘူးလား.. အပြင် မသွားပါနဲ့လို့"
ဖက်တီးက ဝူရှဲကို လှမ်းကြည့်သည်။ နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ပြီး မျက်နှာသေဘက်ကို တည့်တည့် စိုက်ကြည့်ကာ မျက်နှာတွေ ဖြူဖျော့သွားလေ၏။ မျက်နှာသေတောင် မတ်တတ်ထရပ်လာခဲ့လေသတည်း။