Chapter (19) Volume 7
စာရဲ့ဇာတ်လမ်း
ဝူရှဲမှာ ချွေးအေးတွေ ကျောရိုးအောက်အထိ ပြေးဆင်းလာပြီး လက်တွေခြေတွေ တုန်လာသလို ခံစားလာရလေသည်။ ခဏကြာတော့မှ သူမေးနိုင်၏။
"မင်းအဖွားက ဘာဖြစ်လို့ ဒီလိုမျိုး ဖြစ်ရတာလဲ... သူ့မှာ ထူးဆန်းတဲ့ ရောဂါရှိလား"
"နောက်တော့ ညီမကို နို့ထိန်းအန်တီက တွေ့သွားတယ်... သူမ အိမ်သာသွားနေခဲ့တာတဲ့ အဲဒီနောက်တော့ ညီမလည်း အဖွားကို အမြဲကြောက်နေခဲ့တာ... သိတတ်လာတဲ့အခါမှ အဖွားက အဲဒါက ဟော့မိသားစုက မိန်းကလေးတွေ အရိုးပျော့အောင် လေ့ကျင့်တဲ့ ကွန်ဖူးတစ်မျိုးလို့ ပြောတယ်...ဒီလို ကွန်ဖူးကို လေ့ကျင့်ဖို့ အမြင့်ဆုံး ပျော့ပျောင်းတဲ့ အရိုးတွေကို ဆွဲထားရမယ်... သူမ ၉နှစ်သမီးကတည်းက အဲလိုပဲ အိပ်လာတာတဲ့...အခုလည်း အိပ်လို့ မပျော်ရင် နေရာတော်တော်များများမှာ အဲ့လို ချိတ်ဆွဲလိုက်ရင် မနာတော့ဘူးတဲ့..."
ဖက်တီး: "ဟင်? ဒါဆို မင်းအဘိုးကတော့ မင်္ဂလာပွဲမတိုင်ခင် အချိန်အတော်ကြာအောင် လေ့ကျင့်ခဲ့ရမယ် ထင်တယ်"
ဟော့ရှို့ရှို့ကတော့ သူ့ကို လျစ်လျူရှုပြီး ဆက်ပြောသည်။
"အဲဒါက ညီမစိတ်ကို လေးလေးနက်နက် စွဲလမ်းသွားစေတယ်... အဲဒါကြောင့်လည်း သူမရဲ့ နောက်ဆုံးစကားတွေကို ညီမ အရမ်းဂရုစိုက်တယ်"
ဟော့ရှို့ရှို့ရဲ့ ကိုယ်ပိုင် ဇာတ်ကြောင်းနှင့် သူမ၏ လေ့လာတွေ့ရှိချက်များအရ သူမသည် ကမ္ဘာ့အမြင်ကို စောစောစီးစီး တွေ့ရှိကာ လွတ်လွတ်လပ်လပ် တွေးခေါ်တတ်သူ ဖြစ်လေသည်။ ထို့ကြောင့် သူမအဖွား၏ အိပ်နေသော ထိုအနေအထားနှင့် ထိုစကား အနည်းငယ်ကို သူမ စိုးရိမ်ခဲ့သည်။
အဲဒီလို အိပ်စက်ရခြင်း၏ အဓိပ္ပာယ်မှာ ထူးထူးခြားခြား အဓိပ္ပာယ် ရှိလောက်တယ်လို့ သူမ ခံစားလိုက်ရသည်။ အဲဒီ နာကြည်းသလို ပြောနေတဲ့ စကားတွေက ဟော့ရှို့ရှို့အတွေးထဲကနေ တစ်ချိန်လုံး ပျောက်ကွယ်သွားခြင်း မရှိတာ သေချာပါသည်။
သူမ ကြီးပြင်းလာသည်နှင့်အမျှ ကျောက်တုံးကဲ့သို့ သန်မာသော အဖွား၏ နှလုံးသားထဲတွင် ကြီးမားသော ကြိုးထုံးများ ရှိနေကြောင်း သူမ ယုံကြည်လာသည်။
အဘွားရဲ့ နှလုံးသားထဲက ထိုချည်နှောင်မှုများကို အဘွားက အလွန်လျှို့ဝှက်ထားခဲ့သည်။ သူမ မသေမချင်း ၎င်းကို ဘယ်တော့မှ ပြောမှာ မဟုတ်ကြောင်း သိတဲ့ ဟော့ရှို့ရှို့ဟာလည်း အဘွားရဲ့ အကြောက်တရားက ထိုစာကြောင်းနဲ့ ဆက်စပ်နေမှာ သေချာသည်ဟု တွေးမိသည်။
"အချိန် မရှိတော့ဘူး"
အချိန် မရှိတော့ဘူးဆိုတာ ဘာလဲ။
ဝူရှဲမှာ စပ်စုတာလား ဒါမှမဟုတ် သူ့ရင်ထဲမှာ ခံစားဖူးတဲ့ ခံစားချက်နဲ့ အတူတူပဲ မလို့လားတော့ မပြောတတ်။ သူအရမ်း သိချင်လာသည်။ ဟော့ရှို့ရှို့က ချစ်ရတဲ့ အဖွားအတွက် ဒီကြိုးထုံးကို ဖြည်ပေးနိုင်ဖို့ မျှော်လင့်ရင်းနဲ့ ဒီကိစ္စကို ရည်ရွယ်ချက်ရှိရှိ ဒါမှမဟုတ် မရည်ရွယ်ဘဲ စူးစမ်းဖို့ စတင်ခဲ့တာ ဖြစ်ပေမည်။
ဒီကလေးမလေးဟာ သူလျှိုလုပ်ရာမှာ အံ့သြစရာကောင်းတဲ့ ရွေ့လျားနိုင်စွမ်း ရှိကြောင်းကို ပြသခဲ့တာကလည်း အံ့သြမိပါ၏။ သူမ၏ တွေးခေါ်မှု ပြတ်သားမှုနှင့် ဆုပ်ကိုင်ထားမှုတို့သည် သူမ အသက်အရွယ်နှင့်ပင် မလိုက်ဖက်ချေ။
“ညီမတို့ ဟော့မိသားစုက မိန်းကလေးတွေတိုင်း လှပပြီး စမတ်ကျကြတယ်... ယောက်ျားလေးတွေလည်း ချောမောပေမယ့် မကြာခဏ မိုက်မဲကြတာ.. ဘာကြောင့်လဲတော့ မသိဘူး မိန်းကလေးတွေက ငယ်ငယ်လေးကတည်းက အဖွားဆီမှာ ကြီးပြင်းလာလို့ ဖြစ်နိုင်တယ်... ညီမအစ်ကိုဆို တစ်နေ့လုံး လူတွေနဲ့ ချိန်းတွေ့ဖို့ပဲ သိတယ်...တော်တော်လေးကို အမြင်မတော်ဘူး"
ဖက်တီး: "အဖွား ဒါမှမဟုတ် အဒေါ်ကို အလေးအနက်ထားပြီး စစ်ဆေးတာ မှန်ကန်တယ်လို့ မထင်ဘူး..."
သူမ ခဏလောက် စဉ်းစားကြည့်တော့ မှန်သွားသလို ခံစားလိုက်ရတဲ့အတွက် သက်ပြင်းချရင်း စကား ဆက်မိလေသည်။
"ဘာပဲဖြစ်ဖြစ် စစ်ဆေးကြည့်ပြီးတော့ အဖွားရဲ့ ကြိုးက ညီမရဲ့ ကြိုးထုံး ဖြစ်သွားပါပြီ"
သူမသည် လွန်ခဲ့သော လေးနှစ်ခန့်က သူမအသက် ၁၅ နှစ်တွင် “အချိန်မရှိတော့ဘူး” ဆိုတဲ့စာကြောင်းကလွဲလို့ ဘာမှသဲလွန်စမှ မရှိခဲ့ပေ။ တကယ်တော့ စိတ်ကူးမယဉ်နိုင်တဲ့ ထိထိမိမိအချက်တစ်ခုတော့ ရှိပါသေးသည်။
အစကတော့ အဖွားရဲ့ ဒိုင်ယာရီကို ရှာချင်ပေမယ့် ကံမကောင်းတာကတော့ လူတိုင်းက အဖွားဟာ ဒိုင်ယာရီရေးတဲ့ အလေ့အထ မရှိကြဘူးလို့ ဆိုကြလေ၏။ ပညာသင်ပြီးတဲ့ သားမြေးတွေ၊ အနည်းနဲ့အများ တတ်ကျွမ်းတဲ့ ဦးလေးသုံးတောင်မှ 30% မျက်နှာဖြူ ပညာရှင်တစ်ယောက်လို ဟန်ဆောင်နိုင်လေသည်။
ဟော့မိသားစုရဲ့ ပုံစံက ပိုမိုဆန်းကြယ်သည်။ လူမှုဆက်ဆံရေးတွင် အမျိုးသမီးများက ရှေ့ထွက်တတ်သလို ၎င်းတို့၏ခင်ပွန်းနှင့် သားသမီးများကို ပြုစုရန်၊ လက်ရေးလှ သင်ရန် စသဖြင့် အလုပ်ရှုပ်ကြသည်။ နောက်ပိုင်း အဘွားဟော့က အချိန်မရှိသောကြောင့် ငယ်စဥ်က စိတ်နေသဘောထားကို ပြန်လည် ပေါ်ထွက်လာစေခဲ့သည်။
အဲဒီနောက် ဟော့ရှို့ရှို့သည် သဲလွန်စ များစွာကို ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် သူမသည် အဘွား၏ အချစ်စာများကို လိုက်ရှာရင်း ရှာဖွေနိုင်မည်ဟူသော စိတ်ကူးဖြင့် ဆက်ရှာခဲ့သည်။ သူမ သေတ္တာ၊ အံဆွဲ နေရာတိုင်းကို ပတ်ရှာသော်လည်း ကံမကောင်းစွာဖြင့် တွေ့ရှိထားသော စာများအားလုံးသည် အခြေခံအားဖြင့် စီးပွားရေး စာပေးစာယူများဖြစ်ပြီး သူမ သိချင်သည့်အရာ လုံးဝ မပါရှိချေ။
သို့သော် သူမသည် ထူးဆန်းသော အရာတစ်ခုကို ရှာတွေ့ခဲ့သည်။
1995 ခုနှစ်ကတည်းက အီးမေးလ် ပို့လာတဲ့အရာတစ်ခုကို ရှာတွေ့သွားသည်။ နောက်ပြီး မကြာခဏဆိုသလို မတ်လရဲ့ လဝက်မှာ ပို့တဲ့ အထုပ်တစ်ခုကနေ အကြောင်းကြားစာ တစ်ခုလည်း ပေါ်လာသေးသည်။ အဲ့ပါဆယ်ကြောင့် သူမ စာတိုက်ကို သွားစုံစမ်းကြည့်သေး၏။ ဟော့မိသားစုတွင် မတူညီသော အဆင့်အတန်းရှိသောကြောင့် အရာအားလုံးကို လူများစွာက စစ်ထုတ်ပြီးနောက် အကြောင်း ကြားခဲ့သည်။
ပါဆယ်အများစုကို ဖွင့်ပြီး စစ်ဆေးကြည့်သည်။ အတွင်းမှ အကြောင်းအရာများကို ဖောင်တစ်ခုတွင် ဖြည့်သွင်းမည်ဖြစ်ပြီး ပါဆယ်ပို့မည့်သူကိုလည်း ဤဖောင်တွင် မှတ်တမ်းတင်ထားမည် ဖြစ်ရာ ဟော့ရှို့ရှို့လည်း ထူးဆန်းသော အရာတစ်ခုကို တွေ့ရှိခဲ့သည်။
1995၊ 1996၊ 1997၊ 1998 နှင့် 1999 အတွင်း ပါဆယ်ပို့လာတဲ့ အရာတွေ အားလုံးက ဗီဒီယိုတိပ်များသာ ဖြစ်ပြီး ပစ္စည်းတွေကို ယူသွားတဲ့သူကတော့ သူ့အဖွားပါပဲ။ ဆိုလိုတာက အဲဒီနှစ်တွေရဲ့ မတ်လတိုင်းမှာ တစ်ယောက်ယောက်က သူ့အဖွားဆီကို ဗီဒီယိုတစ်ခု ပို့ပေးခဲ့သည်။
သူ့အဖွားသည် ပြဇာတ်များကိုသာ ကြည့်နိုင်သော အသက်ကြီးသူ ဖြစ်သောကြောင့် ဗီဒီယိုတိပ်ခွေကဲ့သို့ အရာများက အဖွားနဲ့ ဘယ်လိုများ ပတ်သက်မှု ရှိနေတာလဲ တွေးဆ၍ပင် မရပေ။
အဖွားက ဤဗီဒီယိုတိပ်ခွေများ၏ တည်နေရာကို စိတ်အားထက်သန်စွာ စိတ်ဝင်စားနေတာ သံသယဖြစ်ဖွယ် မရှိချေ။ ထို့ကြောင့် ဟော့ရှို့ရှို့ကလည်း အာရုံစိုက်လာပြီး ထိုတိပ်ခွေများကို ရှာတွေ့ရန် ဖြစ်နိုင်သမျှ အခွင့်အရေးတိုင်းကို ရယူခဲ့သည်။
ဝူရှဲ အရင်တုန်းကလည်း အလားတူ အတွေ့အကြုံမျိုး ရှိခဲ့ဖူးတာကို သတိရမိသည်။ သူ့အဖေရဲ့ ဟောင်ကောင်က သူငယ်ချင်းတစ်ယောက်ဆီကနေ ရရှိတဲ့ တတိယအဆင့် ရုပ်ရှင်တွေကို ကြည့်ဖူး၏။ နောက်ပိုင်းမှာတော့ အဲ့လူက ဇာတ်ဝင်ခန်းတွေကို နှစ်သက် သဘောကျလို့ မဟုတ်ဘဲ တိပ်ခွေတွေကို ကိုယ်တိုင် ရိုက်နေတာမှန်း သိလိုက်ရသည်။
ဟော့ရှို့ရှို့က ဆက်ပြောပြသည်။
ထို့ကြောင့် သူမသည် အဖွားထွက်သွားမည့် အချိန်နှင့် တိပ်ခွေကို မြင်ပြီးနောက် သူမ ဘာလုပ်ရမည် ကဲ့သို့သော အလွန်အသေးစိတ် ကျသည့် အစီအစဉ် တစ်ခုကိုပင် ပြုလုပ်ခဲ့သည်။ ဤအတွက် ဟော့ရှို့ရှို့က ဗီဒီယိုဖမ်းစက် ဝယ်ရန်နှင့် အိမ်တွင် အသံဖမ်းစက် တပ်ဆင်ရန် နှစ်လကြာ ငွေစုဆောင်းခဲ့သည်။
နောက်ဆုံးတော့ အဖွားရဲ့ ဗီရိုအောက် ကြမ်းပြင်မှ တိပ်ခွေတွေကို ကောက်ယူခဲ့ပြီး ဧည့်ခန်းထဲကို အမြန်သွားကာ ကူးယူခဲ့သည်။ အဲဒီနောက် သူ့နေရာသူ ပြန်ထည့်လိုက်၏။ လုပ်ငန်းစဉ် တစ်ခုလုံးသည် လျှို့ဝှက်အေးဂျင့် တစ်ဦးအဖြစ် လုပ်ဆောင်နေရတာကြောင့် သူမတစ်ကိုယ်လုံး တင်းမာနေခဲ့သည်။
အဲဒီနောက်မှာတော့ သူမက သူငယ်ချင်းအိမ် သွားပြီး တိပ်ခွေဖတ်ဖို့ အချိန်ကို ရွေးချယ်ခဲ့ရသည်။
တိပ်ခွေထဲက အကြောင်းအရာမှာ သူမပြောသလိုပင်။ ၎င်းသည် အလွန်မှောင်မိုက်သော အခန်းတစ်ခုဖြစ်ပြီး အဖြူရောင်ဝတ် လူတချို့က တွားသွားနေကြတာပဲ ဖြစ်သည်။ တိပ်ခွေ တစ်ခုလုံးက မိနစ် ၃၀ ကျော်ကြာအောင် လွင့်နေသည်။ အထဲမှာ တွားသွားနေတဲ့အနက် သူ့အဒေါ် ဟော့လင်အား သေသေချာချာ မှတ်မိသည်။
အဒေါ်ဖြစ်သူဟာ အတွင်းထဲမှာ ဝိညာဉ်မရှိသလို မြေပြင်ပေါ် တွားသွားနေတာ တကယ့်ကို ကြောက်စရာ ကောင်းလှသည်။
ငယ်ငယ်ကတည်းက အဒေါ်ပျောက်ဆုံးမှုအကြောင်းကို သူမ သိခဲ့တာမို့ ဒီတိပ်ခွေကို မြင်လိုက်ရချိန်မှာတော့ အခြေအနေက ဘယ်လောက်ထိ အခြေအနေဆိုးလဲ ဆိုတာ အလိုလိုသိသွားခဲ့သည်။ အဖွားက လျှို့ဝှက်ချက်အချို့ကို ဖုံးကွယ်ထားပုံရလေသည်။
သို့သော် ရလဒ်ကောင်းများ မရှိလာနိုင်မှန်း သိသောကြောင့် သူမ အဖွားကို မမေးဝံ့ပေ။ ဘယ်သူ့ကိုမှလည်း မပြောပြရဲဘဲ နောက်လအထိ အမြဲလိုလို ထိတ်လန့်နေခဲ့ရသည်။
သို့သော် သူမနှင့် ဝူရှဲဟာ တူညီသော စရိုက်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်စွာ တဖြည်းဖြည်း ငြိမ်သက်သွားပြီးနောက် အမှန်တရားကို တောင့်တနေသော စိတ်များက ပေါက်ဖွားလာသည်။ ထိုအကြောင်းကို မယုံနိုင်လောက်အောင် သိချင်လာသလို တခြားလူတွေကို ယုံကြည်ဖို့လည်း ခက်ခဲလာ၏။
ထို့နောက်တွင် သူမသည် အလွန်လိမ္မာပါးနပ်သော်လည်း အန္တရာယ်များသော ချဉ်းကပ်မှု တစ်ခုအထိ ပြုလုပ်ခဲ့သည်။ အစပထမတွင် ရလဒ်မထွက်လာပေ။ ဒါပေမဲ့ သူမက ဆက်စုံစမ်းခဲ့သည်။
တကယ်တော့ သူမဟာ အဖွားရဲ့လက်ရေးနဲ့ တူအောင် လပေါင်းများစွာကြာ လက်ရေးအတုအား လေ့ကျင့်ခဲ့ပြီး အဲဒီစာဟောင်းတွေပေါ်က လိပ်စာအားလုံးကို စာပြန်ရေးခဲ့ပါ၏။
ဟော့ရှို့ရှို့ စာကို အကြမ်းဖျင်း ရေးထားသည်။
〖အားလုံးပဲ
မကြာသေးခင် ကျွန်မ အဲဒီအရာကို ထပ်ပြီး အိပ်မက်မက်ခဲ့တယ်... နှစ်တွေ ကြာလာတာတောင် အိပ်မက်ဆိုးက ပျောက်ကွယ်မသွားဘူး... ခန္ဓာကိုယ်က ခေါင်းတလားထဲ ခြေတစ်ဝက် လှမ်းနေရပြီ...အားလုံးကို ပြန်တွေ့ရဖို့ မျှော်လင့်ပါတယ်... ကျွန်မ ဘာမှ မပြောထွက်သေးပါဘူး။ အခုကျွန်မ စဉ်းစားကြည့်တော့ အဲဒါက သော့ချက် ဖြစ်နိုင်တယ်.. သူငယ်ချင်းဟောင်းတွေလို လူချင်းတွေ့ပြီး ပြန်စကားပြောနိုင်မယ်လို့ မျှော်လင့်ပါတယ် 〗
အဲဒီစာတွေရဲ့ သက်တမ်းဟာ ရာစုနှစ်တစ်ဝက်နီးပါးလောက် ရှည်လျားလေသည်။ နောက်ဆုံးတစ်ခုက ဒီလိပ်စာတွေဟာ ယေဘူယျအားဖြင့် လက်လှမ်းမမီနိုင်တဲ့ စီးပွားရေးလုပ်ငန်း ဆောင်ရွက်တဲ့ နေရာတွေက မဟုတ်ဘဲ ကျေးလက်ဒေသတွေက ဖြစ်တယ်လို့ သူမ ခံစားမိကြောင်း ဟော့ရှို့ရှို့က ဆိုပါသည်။
ခရိုင်ငယ်၊ ကျေးလက်ဒေသနှင့် ရွာငယ်များသည် ပထဝီဝင် ဧရိယာ မကျယ်သောကြောင့် လိပ်စာပြောင်းလျှင်ပင် ကျေးလက်ဒေသများက အနိမ့်ဆုံးသာ ပြောင်းလဲနိုင်သော နေရာများ ဖြစ်ပါသည်။ စာပို့သူ တစ်စုံတစ်ယောက်က လူသား ဖြစ်နေသရွေ့ ပြန်စာကလည်း လက်ခံသူထံ ပေးပို့မည်ဖြစ်သည်။
စာပို့ပြီးနောက်တွင် သူမသည် အိမ်ထဲက စာတိုက်ပုံးကို တာဝန်ယူရန် အစပြုခဲ့သည်။ သူမသည် ချစ်သူထံမှ စာတစ်စောင်ကို စောင့်ဆိုင်းနေဟန် အခြားသူများအား ထင်မြင်လာစေသည်။ အမှန်မှာ သူမ စာများကို စီစစ်နေခြင်းပင်။ ပထမနှစ်လတွင် ဘာပြန်စာမှ မရခဲ့သော်လည်း တတိယလမှစတင်၍ ကိုးယို့ကားယား ဖြေကြားမှုများ ရှိခဲ့ပြီး အများစုမှာ ရှုပ်ထွေးလေသည်။
ကလေးမလေးက မနက်တိုင်း ငါးနာရီမှာ စာတိုက်ပုံးကို ဖွင့်ကြည့်တတ်ကာ မရပ်မနား ဖတ်နေလေသည်။ ပဉ္စမလမှာ နောက်ဆုံးတော့ စာရောက်လာ၏။ သို့သော် စာကြောင်းက တစ်ကြောင်းတည်းသာ။
〖 “အဟောင်းတွေကို ထပ်မပြောပြနဲ့ 〗
သဲလွန်စအတွက် တံခါးတစ်ပေါက် ရှိပြီ ဖြစ်ကြောင်း သူမ ချက်ချင်း သိလိုက်သည်။ လိပ်စာကို ကြည့်လိုက်တဲ့အခါ ပေကျင်းမြို့၊ လျိုလီချောင်က ပို့ပေးလာတာ ဖြစ်ပြီး ဒီလူက တစ်ခုခုကို သိနေလောက်လေသည်။ ဒါနဲ့ ချက်ချင်းပဲ သူမအိတ်တွေကို ထုပ်ပြီး ထိုဆိုင်ဆီ ထွက်လာခဲ့လေသည်။
အဲဒီနေ့မှာ စစ်ကျိုးမြို့ တစ်မြို့လုံး မိုးတွေ ရွာချထားတာကြောင့် ဆိုင်တော်တော်များများက စောစောပိတ်နေပြီ။ လျိုလီချောင်မှာလည်း လူများများစားစား မရှိပေ။ ဟော့ရှို့ရှို့က အထဲကို ဝင်သွားတော့ အတွင်းခန်းမှ အဖိုးအိုက ပါးစပ်ထဲက ရွှေသွားတွေ ပေါ်လာတဲ့အထိ ပြုံးပြလာလေသည်။
ဟော့ရှို့ရှို့: "အဘိုးကြီးနာမည်က ကျင်းဝမ့်ထောင်တဲ့... တစ်ခုခုများ မှတ်မိတာရှိလား"