(18) အရာအားလုံးကို သယ်ဆောင်ထားတဲ့ ချီလင် (၃)
Viewers 14k

Chapter (18) Volume 7

အရာအားလုံးကို သယ်ဆောင်ထားတဲ့ ချီလင် (၃) 



ဝူရှဲ ထိုစကားကို ကြားပြီးနောက် ဟော့ရှို့ရှို့ကို ကြည့်လိုက်သည်။ လေထုကလည်း ရုတ်ချည်း ထူးဆန်းသွားသလို ခံစားလိုက်ရ၏။


အမှန်တော့ သူမ ပြောပြီးတာနဲ့ သူမ ပြောနေတဲ့ အရာက ဘယ်လိုအခြေအနေမျိုးလဲ ဆိုတာ ဝူရှဲ ချက်ချင်းသိပြီး သူမဟာ လိမ်မနေဘူး ဆိုတာကိုလည်း နားလည်သွားသည်။ ထို့ထက် သူမသည် မိမိ မသိသောအရာကို အမှန်တကယ် ဆုပ်ကိုင်ထားနိုင်ကြောင်း ယုံကြည်လာပါသည်။ ဒါပေမဲ့ သူမရဲ့ မျက်လုံးအောက်မှာတော့ ဒါက အဓိကပြဿနာ မဟုတ်ဘူးလို့ ခံစားနေရတဲ့ ထင်ယောင်ထင်မှား ခံစားချက်တစ်ခုတော့ ရှိနေပေ၏။ 


ဟော့လင်နဲ့ တခြားလူတွေ မြေပြင်ပေါ် တွားသွားနေကြတယ် ဆိုတာဟာ ဝူရှဲ မြင်လိုက်ရသော တိပ်ခွေထဲက ဇာတ်လမ်းအတိုင်းပါပဲ။ ကြည့်ရတာ အဘွားဟော့ရဲ့ လက်ထဲတွင်လည်း ကောအာမုက လာသော ဗီဒီယိုတိပ်တစ်ခု ရှိနေပုံရသည်။ ဒါက ဘာတွေဖြစ်နေတာလဲ။ 


ဝူရှဒ ခဏတာတော့ ရှေ့မတိုးနောက်မဆုတ်ဖြင့် ဆုံးဖြတ်ရ ခက်သွားသည်။ သူတို့ အရွယ်ရောက်ပြီးသား ယောက်ျားလေး သုံးယောက်ဖြစ်၏။ ကလေးမလေးတစ်ယောက်က သတင်းဖလှယ်ဖို့ သေရည်အိုးနဲ့အတူ ရောက်လာခဲ့ရာ သူမ ဘယ်လောက် သတ္တိရှိလဲဆိုတာကို တွေးကြည့်ဖို့ လိုပါ၏။ 


သူတို့သုံးယောက်ကို လွှတ်ထားမှာ မဟုတ်ချေ။ ဒီအချိန်မှာတော့ အေးအေးဆေးဆေး လုပ်တာပဲဖြစ်ဖြစ် ငြင်းဆန်တာပဲ ဖြစ်ဖြစ် သူမတစ်ယောက်တည်း လာခဲ့တာကို တွေးကြည့်ရင် တကယ်ကို ရှက်စရာ ကောင်းတယ်လို့ ခံစားရတာကြောင့် အလွယ်တကူ သဘောတူလိုက်လေ၏။ 


ဝူရှဲ သက်ပြင်းချကာ ခေါင်းညိတ်လိုက်သည်။ 


"ကောင်းပြီ မင်းကို ငါယုံတယ် ဒါပေမဲ့ တကယ်တော့ မင်းအဖွားကိုလည်း ငါပြောပြပြီးပြီ... ကျန်တာတွေက အသေးစိတ်ပဲ မင်းကို စိတ်ပျက်သွား​စေလိမ့်မယ်"


ဟော့ရှို့ရှို့ကလည်း သက်ပြင်းချလိုက်ပြီး "မကြောက်ဘူး... ပြတ်ပြတ်သားသား ပြောရမယ်ဆိုရင် ဒီကိစ္စနဲ့ ပတ်သက်ပြီး ညီမတို့မှာ သတင်းအချက်အလက်တွေ ဖလှယ်လို့ရရင် အကောင်းဆုံးပဲ"


ဝူရှဲ ခေါင်းညိတ်ပြတော့ သူမက ဆက်ပြောသည်။ 


"ညီမ ဒီကို လာတုန်းက အစ်ကိုပြောခဲ့တဲ့ စကားကို တွေးထားပြီးသား...အားလုံးက အရမ်းရှုပ်ထွေးတယ် ညီမတို့ အစကနေ ဆွေးနွေးကြမယ်... ဒါပေမဲ့ ညီမနဲ့ အစ်ကို့ကြားက အချက်အလက်တွေက ထပ်နေတာ တစ်ခုခုနဲ့ စကြည့်ရအောင်” 


သူမက မျက်နှာသေကို ကြည့်ရင်း ပြောလာသည်။ 


“ဘာလို့ သူနဲ့အရင် စမလုပ်တာလဲ...ညီမက သူ့အကြောင်း ပြောပြမယ်... အစ်ကိုဝူရှဲက အစ်ကိုပြောခဲ့တဲ့ နှင်းတောင်ပေါ်က ရှေးဟောင်းသင်္ချိုင်းအကြောင်း ပြောပြလေ...."


ဖက်တီးနဲ့ ဝူရှဲတို့ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထိုအခါ ဖက်တီးက ချောင်းဆိုးပြီး။ 


"သဘောတူတယ် ဒါဆို မင်းအရင်ပြောလေ!"


"ယောက်ျားတွေရော ဟုတ်ရဲ့လား..ညီမဆီကပဲ အမြဲအခွင့်ကောင်း ယူချင်နေ​ကြတာ!"


ဖက်တီးက ငြင်းခုံချင်တာကြောင့် ဝူရှဲ သူ့ကို လှမ်းတားလိုက်ရသည်။ သူမ ပြောပြမှာက အရေးမကြီးဘူး ထင်ပါရဲ့။ ဒါကြောင့် ဝူရှဲလည်း သူအရင် စပြောဖို့ ဆုံးဖြတ်လိုက်တာကြောင့် အစမှအဆုံးတိုင် တိမ်ထိပ် ကောင်းကင်နန်းတော် အကြောင်းကို သူမအား ပြောပြခဲ့သည်။


အရင်က အဘွားကြီးကို အကြမ်းဖျင်း ပြောပြီးပြီမို့ အခုတစ်ခါတော့ သေသေချာချာ ပြောပြနေရင် အချိန်ကုန်နေမှာမလို့ အတိုချုံးပဲ ပြောလိုက်သည်။ အကြောင်းအရာ မပြီးခင် နာရီဝက်လောက်ကြာအောင် ဆက်ပြောခဲ့ရ၏။ အဲဒီအချိန်မှာ သူမဟာ လုံးဝအနှောင့်အယှက် မပေးခဲ့ပေ။ 


ဆွဲဆောင်မှုရှိတဲ့ မိန်းမချော ပရိတ်သတ်လေး တစ်ယောက်ရှိတာကြောင့် ဖက်တီးက လက်မထောင်ပြတာရင်း ပုံပြင်ပြောခြင်း စွမ်းရည်က တော်ကြောင်း ချီးကျူးနေ၏။ 


စကားအတော်ကြာအောင် ငြိမ်သက်စွာ တွေးနေဟန်တူသော ဟော့ရှို့ရှို့အား ဖက်တီးမှ လှုပ်နှိုးလိုက်ရသည်။ အဲဒီနောက် သူမက နှစ်ကြိမ်တိုင်တိုင် အသက်ရှူထုတ်ကာ မျက်နှာသေကို လှမ်းကြည့်လေသည်။ 


“ဒီကအစ်ကိုက အရမ်းအစွမ်းထက်တာပဲ... အဖွား ဒူးထောက်သွားတာ အံ့သြစရာတော့ မရှိပါဘူး... ဒီနေ့တော့ အပေးအယူလုပ်ရင်း ရှုံးသွားမယ်လို့ ထင်ခဲ့ပေမယ့် အခုတော့ ထိုက်တန်သွားတယ်လို့ ခံစားရတယ်"


ဖက်တီး: "ဘာလဲ... အတုယူလာတာလား" 


သူမက ခေါင်းခါသည်။ 


"ညီမစိတ်ထဲ နည်းနည်းတော့ ရှုပ်နေတယ်... တချို့အရာတွေကို ခဏခဏ တွေးနေတာတောင် သဲလွန်စတွေက ပေါင်းလို့မရဘူး...ဟူး... နောက်မှ နိဂုံးချုပ်ရလိမ့်မယ် ထင်တယ်"


ဖက်တီးက ဝူရှဲဘက် ဇတ်ကနဲ လှည့်ကြည့်လိုက်ရင်း။ 


"ဒီလိုပြောတာက မင်းနဲ့တူတယ်နော်... အပြစ်ကင်းစင်တဲ့ ငဒူလေးဝူရှဲ မိန်းကလေးဗားရှင်း..."


ဝူရှဲ: "မင်းရဲ့အလှည့်..."


သူမ ငြိမ်သက်သွားပြီး အသက်ဝဝ ရှုသွင်းနေ၏။ 


"ကောင်းပြီ... ဘာပြောရမလဲ စဉ်းစားကြည့်ရအောင်"


"အိပ်မက်ဆိုးတစ်ခုနဲ့ စရမှာပေါ့" 


သူမက ခဏလောက် စဉ်းစားပြီးမှ ဆိုလာခဲ့သည်။ 


ဖက်တီး: "အိပ်မက်ဆိုးလား?"


သူမက "တကယ်တော့ ဒါက အဖွားရဲ့ အိပ်မက်​ဆိုးလို့ပဲ ပြောသင့်တယ်"


ထို့နောက် ဟော့ရှို့ရှို့က သူမ၏ ဇာတ်လမ်းကို စတင်ပြောပြ​တော့သည်။


သူမရဲ့ အာရုံစူးစိုက်မှုအပေါ် ဝူရှဲမှာ အရမ်းဂုဏ်ယူမိပေမယ့် သူမ ဇာတ်လမ်းကို စတင်ပြောပြပြီးနောက်မှာတော့ သူမ ကြုံတွေ့ခဲ့ရတဲ့ အရာတွေက အရမ်းရှုပ်ထွေးပြီး မိမိထက် နိမ့်ကျမှုမရှိတာကြောင့် အရမ်းအံ့သြမိ၏။ သူမ၏ထူးခြားသော အမျိုးသမီး အမြင်မှ တွေးခေါ်မှုသည် မိမိထက် လက်တွေ့နှင့် ပို၍နီးစပ်သည်။


အမှန်တော့ အရာအားလုံးက အိပ်မက်တစ်ခုကနေ ဆင်းသက်လာပေမယ့် မူလအစက အိပ်မက်ရဲ့ အကြောင်းအရာနဲ့ အများကြီး မသက်ဆိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒါက ဘယ်လိုအိပ်မက်မျိုးလဲ ဆိုတာကို မသိသေးတဲ့ အတွက်ကြောင့်မို့လို့ စိတ်ဝင်တစား ဖြစ်လာရသည်။ အကြောင်းရင်းက အဖွားဖြစ်သူရဲ့ မကြာခဏ မတ်တတ်တဲ့ အိပ်မက်ဆိုးကြောင့်ပါပဲ။ 


လွန်ခဲ့သော ခြောက်နှစ်မှ ခုနစ်နှစ်ခန့်က ဟော့ရှို့ရှို့ဟာ သူမကိုယ်သူမ သေးငယ်သော စကတ်လေး ဝတ်ထားတတ်​သော ကလေးမလေး ဖြစ်နေဆဲ ဖြစ်သော်လည်း ဘယ်သူကမှ သူမကို လှည့်မကြည့်ခဲ့ဘူးလို့ ဆို၏။ သူမသည် နွေရာသီတိုင်းတွင် ဆိုင်သွားလေ့ရှိသည်။ 


ချောင်ရှားသည် နွေရာသီအပူဒဏ်မှ လွတ်မြောက်​စေရန် နေရာတစ်ခုလည်း ဟုတ်လေသည်။ ​ပေကျင်းမြို့သို့ ရောက်ရှိလာပြီး ထိုအချိန်တွင် အဘွားဟော့က သူမအား ပစ္စည်းအများအပြား ဝယ်ရန်၊ ဟော့ဟိုင်နဲ့ နွေရာသီနန်းတော်သို့ သွားရောက်ကစားရန် သို့မဟုတ် သရေစာများ ဝယ်စားရန်၊ မြို့ပြင်မှ ဝမ့်ဖင် ရှေးဟောင်းမြို့သို့ အလည်သွားရန် လိုက်ပို့ပေးတတ်သည်။ 


မည်သို့ပင် ရင်းနှီးကြစေကာမူ၊ ဘယ်နေရာရောက်ရောက် အဘွားဟော့ဟာ ညဘက်တွင် တစ်ယောက်တည်း နေရသည်ကို ကျင့်သားရနေပြီ ဖြစ်ကာ ကလေးမလေးမှာ အဖွားနှင့် မအိပ်ရပေ။


ထိုအချိန်တုန်းက အဘွားကြီးသည် ခြံဝင်းကြီးတစ်ခုတွင် နေထိုင်ပြီး အိပ်ခန်းကလည်း အလွန်ကျယ်သည်။ လူနှစ်ဆယ်လောက် အိပ်နိုင်သော အခန်းဖြစ်ကြောင်း သိသော ကလေးမလေးသည် ပို၍ ဥာဏ်ကောင်းလာကာ အဖွား၏ ညဘက်သူမအပေါ် ရင်းနှီးမှု မရှိခြင်းကိုလည်း သူမ သိချင်လာသည်။


အဘွားရဲ့ အပြုအမူက ထူးဆန်းသော်လည်း သူမ မမေးဝံ့။ ညဘက်တွင် နို့ထိန်းအန်တီနှင့်သာ တစ်ခန်းတည်း အိပ်ရသည်။


တစ်ညတွင် သူမ ညလယ်​လောက်၌ နိုးလာခဲ့သည်။ သူမဘေး၌ နို့ထိန်းအန်တီ မရှိတော့ပေ။ ခြောက်ကပ်တဲ့ ထိုရှေးဟောင်းအိမ်လေးတွင် အင်မတန် ခြောက်ခြားစရာ ကောင်းသလို အပြင်မှာ မှောင်နေပြီး အခန်းကလည်း ကျယ်သည်။ 


လရောင်က ခြံထဲက သစ်ပင်တွေအပေါ် အုံ့ဆိုင်းနေခဲ့ပြီး အရိပ်များကလည်း ကြောက်စရာကောင်းနေခဲ့ရာ ကလေးမလေးလို စိတ်ကူးဉာဏ်အရှိဆုံး သူပင် ချက်ချင်းပင် ဖျော့တော့သွားသည်။


အကြိမ်ပေါင်းများစွာ ဖုန်းဆက်သော်လည်း အဖွားက ပြန်မဖြေခဲ့ပေ။ သို့နှင့် အဖွားကို တွေ့ချင်စောဖြင့် ချက်ချင်းပင် ထလိုက်သည်။ တုန်တုန်ယင်ယင်ဖြင့် အိပ်ယာမှတစ်ဆင့် ဧည့်ခန်းထဲသို့ ပြေးသွားခဲ့သည်။


သို့သော် အဘွားအခန်းထဲက ခေတ်ဟောင်းကုတင်၏ ကုလားကာများကို သိမ်းလိုက်သောအခါတွင် ကုတင်ပေါ်မှာ ဘယ်သူမှ မရှိတာ တွေ့လိုက်ရသည်။ သူမ ခဏလောက် ထိတ်လန့်သွားပြီး ရုတ်တရက် ချွေးတွေ စီးကျလာတော့သည်။ ထိုစဥ် သူမ မျက်လုံးထောင့်ကနေ ကုတင်ထက်မှာ ချိတ်ဆွဲထားတဲ့ အရာတစ်ခုကို တကယ် တွေ့လိုက်ရ၏။


မော့ကြည့်လိုက်တော့ သူ့အဖွားက ကုတင်ထက်က ကုတင်ဘောင်ပေါ်မှာ ထူးဆန်းတဲ့ ကိုယ်ဟန်အနေအထားနဲ့ ချိတ်ဆွဲထားသလိုကြီး ရှိနေခဲ့ကာ မျက်လုံးတွေ ဖြူဖြူ၊ ဆံပင်တွေလည်း ပွထနေတာကို တွေ့လိုက်ရသည်။


ဟော့ရှို့ရှို့ အလွန်ထိတ်လန့်သွားကာ ဘောင်းဘီကို အသေ ဆုပ်ထားမိသည်။ သူမ မြေပြင်ပေါ်တွင် ထိုင်ကာ ကိုယ့်ကိုကိုယ် ထွေးပိုက်ရင်း အချိန်ဘယ်လောက် ကြာသွားသလဲ မသိသော်လည်း အဖွား၏ ပြောသံကို ရုတ်တရက် ကြားလိုက်ရသည်။


အစတုန်းကတော့ သူမကို ခေါ်နေတယ်လို့ ထင်ပေမယ့် သေသေချာချာ နားထောင်လိုက်တဲ့အခါမှာတော့ အဖွားပြောနေတာက သူမနာမည် မဟုတ်ဘူးဆိုတာကို သိလိုက်ရ၏။ 


သူ့အဖွားက ပြောခဲ့တာက "အချိန်မရှိ​တော့ဘူး" တဲ့။