(13) အရာအားလုံးကို သယ်ဆောင်ပေးတဲ့ ချီလင် (ပထမပိုင်း)
Viewers 14k

Chapter (13) Volume 7

အရာအားလုံးကို သယ်ဆောင်ပေးတဲ့ ချီလင် (ပထမပိုင်း)



အဘွားကြီး၏ မျက်နှာပေါ်တွင် လေးနက် တည်ကြည်သော အကြည့်အပြင် လေးလံမှုနှင့် သတ္တိရှိမှုတို့ကြောင့် သူမ ဒူးထောက်ထိုင်ချလိုက်သည်မှာ သာမန်တော့ မဟုတ်နိုင်ပေ။


သူမသည် ​ပေကျင်းမြို့၏ ရိုက်ချက်များကို ခေါ်ဆိုနိုင်သော အဘွားအိုတစ်ဦး ဖြစ်ပြီး ဟော့မိသားစုရဲ့ ခေါင်းဆောင်လည်း ဖြစ်သည်။ သူမသည် ဘယ်သူလဲ။ သူမသည် ဝူရှဲတို့အား သေခြင်းတရားဖြင့် အလွယ်တကူ လွှမ်းမိုးနိုင်သော်လည်း ဒီလိုအပြုအမူမျိုးကသာ သူမရဲ့ သစ္စာတရားကို ရောင်ပြန်ဟပ်နိုင်ပုံပါပဲ။


အဘွားကြီး ဒူးထောက်ပြီး စက္ကန့်အနည်းငယ်အတွင်းမှာပဲ ဝူရှဲလည်း သူ့ပုခုံးပေါ်ကို လက်တစ်ဖက်ကလည်း ရုတ်တရက် ဖိချလာသလို ခံစားလိုက်ရသည်။ ဝူရှဲမှာ ခက်ခက်ခဲခဲဖြင့် ဒူးထောက်မထိုင်မိဖို့ တွန်းလှန်ခဲ့ရသည်။ ဒါက သူ့မာနကြောင့်လား ဒါမှမဟုတ် လေထုက အရမ်းထူးဆန်းနေလို့လား မသိဘူး။


ထိုအချိန်တွင် မျက်နှာသေနဲ့ သူက ခြားနားသည်ဟု ရုတ်တရက် ခံစားလာရပြီး သူ့ကမ္ဘာကို မိမိအနေဖြင့် ဘယ်တော့မှ နားလည်နိုင်မည် မဟုတ်ကြောင်းလည်း သိလာသည်။ 


ကံကောင်းထောက်မစွာဖြင့် ဖက်တီး၏ တုန်လှုပ်မှုအောက်တွင် ဤခံစားချက်က ခဏတာမျှပင် ဝင်ရောက်လာ၏။ ဖက်တီးမှာ တုန်လှုပ်သွားပြီး စကားတစ်ခွန်း မပြောနိုင်မီ စက္ကန့်အနည်းငယ်ကြာ အံ့အားသင့်သွားသည်။


"မကောင်းတော့ဘူး အဘွားကြီးက ဖုတ်ကောင်တစ်ကောင်ပဲဟ!!"


အဲဒါကို ပြောပြီးတာနဲ့ ဝူရှဲကတော့ မဖြစ်နိုင်ဘူး၊ ဖက်တီးတစ်ယောက် ဟာသပြောနေပြီ ဆိုတာ သိလိုက်လေပြီ။ သို့သော် အဘွားကြီးက ထိုစကားကြောင့် တင်းမာနေပုံရပြီး ဟော့ရှို့ရှို့က သူမဘေးနားတွင် လုံးဝ အကြည့်မခံနိုင်တော့ဘဲ အခက်တွေ့လာသည်။ သူမအဖွားကို ယခုလို အပြုအမူမျိုးလုပ်တာ တခါမှ မမြင်ဖူးသောကြောင့် သူမနှင့်အတူ ဒူးဆက်ထောက်နေရသည်။ 


ထူးဆန်းတာက မျက်နှာသေက သူမကို ရုပ်တုတစ်ခုလိုသာ မြင်နေသည့်နှယ် မလှုပ်မယှက်ပင်။ 


ဒါက အမြင်မတော်ချေ။ ဝူရှဲ့ ဒီလိုအခြေအနေမျိုး မကြုံဖူးတာကြောင့်လားတော့ မသိ ရုတ်တရက် ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။ ဒါကြောင့် ဖက်တီးကို မျက်လုံးနဲ့ အချက်ပြလိုက်ရာ သူကလည်း ချက်ချင်း တုံ့ပြန်၏။ နှစ်ယောက်သား အဘွားကြီးကို အတင်းထခိုင်းလိုက်ရသည်။ 


အဘွားကြီးရဲ့ မျက်လုံးတွေက ထိုအခါမှသာ မျက်နှာသေဆီက အကြည့်ခွာ၍ ထိုင်လိုက်သည်။ 


ဖက်တီး: “အဘွား ဒီလို ကြီးကျယ်ခမ်းနားတဲ့ လက်ချောင်းတွေကို မမြင်ဖူးလို့ ခြေထောက်တွေပါ အားနည်းသွားတာလား...၂၁ ရာစု ရောက်နေပါပြီ.. ကျင့်ဝတ်ဟောင်းကို ကျင့်လို့ မရ​တော့ဘူးလေ မဟုတ်ဘူးလား... ခင်ဗျား ဒီလိုကစားရင် ဒူးနာမှာကို မကြောက်ဘူးလား... ဒါပေမဲ့ ကျွန်တော်တို့ကတော့ အသက်ဆုံးရှုံးမှာကို ကြောက်တယ်နော်"


အဘွားအိုက သူ့ကို လျစ်လျူရှုပြီး မျက်နှာသေကိုသာ တစ်ချက်ကြည့်လေသည်။ 


"ငါ့ကို မှတ်မိသေးလား" 


မျက်နှာသေက ခေါင်းယမ်းလိုက်သည်။ 


ဖက်တီး: "ခင်ဗျားအကြောင်း မပြောနဲ့...နည်းနည်းလောက် ကြာရင် သူဒီဖက်တီးကိုတောင် မေ့သွားလောက်ပြီ"


အဘွားကြီးက အောက်နှုတ်ခမ်းကို ကိုက်ရင်း ပြော၏။ 


"ဟုတ်ပါတယ်... မင်းဘာမှ မမှတ်မိဘူးပဲ... မင်းမှတ်မိသေးရင် ငါ့ကို လာတွေ့မှာ မဟုတ်ဘူး"


ဝူရှဲ: "အဘွား... သူ့ကိုသိလား"


သူမ ငြိမ်သက်သွားပြီး “အသိအကျွမ်းဆိုတာထက် ပိုတယ်... သူ့အကြောင်း မင်းပြောနေတာကို ငါကြားတာနဲ့ ငါ့သမီး ဘာဖြစ်သွားလဲ ငါနားလည်သွားပြီ”


ဖက်တီးနဲ့ ဝူရှဲတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သည်။ အဘွားကြီးက ပင်ပန်းနေပုံရပြီး ချက်ချင်းပဲ မျက်ရည်ကျလာသည်။ 


"မင်းကို ထိခိုက်စေခဲ့တဲ့ ဒီအမေပါပဲ... လက်စားချေတာ... ဝူလောင်ကုံနဲ့ ရှဲ့ကျိုယဲတို့...တခြားငါတို့ရဲ့ သားသမီးတွေလည်း တစ်ယောက်ပြီး တစ်ယောက် ပျောက်ကွယ်သွားတာ... ဒါ တန်ပြန်တာပဲ... ငါတို့ရဲ့ လုပ်ငန်းခွင်မှာ သဘာဝရဲ့ သံသရာက လွတ်မြောက်နိုင်မှာ မဟုတ်ဘူး" 


ဝူရှဲ အရမ်းသိချင်နေပြီး မေးခွန်းတွေ ပိုမေးချင်ပေမယ့် ဟော့ရှို့ရှို့က ဝင်နှစ်သိမ့်ပေးခဲ့သည်။


"အဘွား... အိမ်တော်ကြီးကိုးခုက နှစ်ပေါင်းများစွာ တည်ရှိလာတာ သူတို့ထဲက အများစုဟာ ချမ်းသာတဲ့ သားစဉ်မြေးဆက်တွေတောင် ရှိနေပြီ... ဒါက လက်စားချေတာလို့ မထင်ပါနဲ့... တချို့တိုက်ဆိုင်မှုတွေက မတော်တဆပဲ ဖြစ်မယ်... အဘွား သိပ်ပြီး မတွေးပါနဲ့”


အဘွားအိုက ခေါင်းခါကာ "တကယ်တော့ အိမ်တော်ကြီးကိုးခုလိုမျိုး ဘယ်မှာမှ မရှိဘူး... လွတ်မြောက်ပြီးတာတောင် ငါတို့မှာ စိတ်ကူးယဉ်မှုတွေ ရှိနေတုန်းပဲ.... ပြီးတော့ အဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခု ဖြစ်ပျက်ခဲ့တယ် အစတုန်းကတော့ ငါတို့ တစ်ယောက်ကို တစ်ယောက် ဆုပ်ကိုင်ထားချင်သေးတယ် နောက်ပိုင်းမှာ အဲဒီနှစ်​တွေအတွင်း ငါတို့နောက် လိုက်တဲ့လူတွေ... ငါတို့ရဲ့ အစားအစာကို စားတဲ့လူတွေကို ကိုယ့်မိသားစုလို့ သဘောထားခဲ့တာတောင် လူဘယ်နှယောက် ငါတို့ကို ပုန်ကန်ခဲ့လဲ ထိခိုက်နစ်နာစေခဲ့လဲ... လူ့အဖွဲ့အစည်းဟောင်းမှာ ကျင့်ဝတ်စည်းကမ်းတွေ ရှိနေတုန်းပဲ ကျောထောက်နောက်ခံ လုပ်ထားတဲ့ အနက်ရောင်တွေက လမ်းကို ဓားနဲ့ကာကွယ်နိုင်ပေမယ့် အဲဒီနှစ်အနည်းငယ် အတွင်းမှာပဲ ငါတို့ဆီမှာ ဘာမှ မရှိတော့ဘူး... လူတွေက ဒီလောက်ဆိုးလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ခဲ့ဘူး...ငါတို့ကို အဲ့လူတွေ ဒုက္ခပေးလာမှ အိမ်တော်ကြီးကိုးခု ပျက်စီးနေပြီ ဆိုတာကို ငါသိလိုက်ရတာ"


သူမ ဘာကိုဆိုလိုနေမှန်း ဝူရှဲ ကောင်းကောင်းနားမလည်သော်လည်း သူမပြောနေသည့် အချိန်ကာလကို အကြမ်းဖျင်းသိသောကြောင့် မေးလိုက်သည်။


"ဘာဖြစ်ခဲ့တာလဲ"  


သူမက မျက်နှာသေကိုကြည့်ကာ ရုတ်တရက် တိတ်ဆိတ်သွားသည်။ ဒီလို တိတ်တိတ်ဆိတ်ဆိတ် ရှိနေခြင်းဟာ မေးခွန်းဝင်မေးတဲ့ သူ့အတွက် အရမ်းရှက်စရာ ကောင်းတယ်ဆိုတာ ဝူရှဲ သိပါသည်။ ဒါကြောင့် သူစိတ်ဆိုးပြီး ပုန်ကန်သွားမှာကို ကြောက်တဲ့အတွက် ဝူရှဲ မနှောင့်ယှက်ဝံ့​တော့ဘူး။


အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေပြီးနောက် သူမက ဖြည်းညှင်းစွာ လှည့်ပြောလာခဲ့သည်။ 


"ကောင်လေး မင်းက ငါ့အပေါ် အရမ်းရိုးသားတယ် ဒါပေမဲ့ မင်းက ဝူလောင်ကုံရဲ့ အမျိုးအနွယ်ပဲ...အဲဒီကိစ္စကြောင့် ငါတို့ဗိုက်ထဲအထိ ပုပ်သွားရလိမ့်မယ်ဆိုပြီး ကျိန်ဆိုခဲ့တယ်... အခု ဒီကျိန်စာက အရေးမကြီးတော့ပါဘူး ဒါပေမဲ့ ငါ မပြောချင်ဘူး...မင်း သိချင်ရင်တောင် မပြောဘူး” 


ဝူရှဲခမျာ နှလုံးသားထဲမှာ တိတ်တိတ်လေး ကျိန်ဆဲမိပြန်သည်။ သူက ဆဲဆိုကြိမ်းမောင်းပြီး ဘာလို့ဒီလို ဖြစ်ရပြန်တာလဲလို့ စိတ်ထဲမှ အော်လိုက်၏။ ဒီလိုမျိုး အရေးကြီးတဲ့ အချိန်တိုင်း ဦးလေးသုံးတုန်းကလည်း ရပ်သွားခဲ့သည်။ အဘိုးကလည်း အတူတူပဲ။ အဘွားကြီးလည်း ဒီလိုပါပဲ၊ သူတို့ နှလုံးသားထဲမှာ တစ်ခုခုက ပိတ်ဆို့နေကာ စိတ်ထဲမှာ စွဲနေပုံရပင်။ ဘယ်သူကမှ လျှို့ဝှက်ချက်ကို မပြောချင်ဘူး။


သူဘယ်လို တုံ့ပြန်မလဲ ဆိုတာ မသိတော့တာကြောင့် မျက်နှာသေကို ကြည့်လိုက်တော့ အဘွားကြီးကလည်း မျက်နှာသေကို အရမ်း ရှုပ်ထွေးတဲ့ ခံစားချက်တွေ နဲ့ ကြည့်နေ၏။ 


"မင်း သိချင်လား ?"


မျက်နှာသေက သူမကိုကြည့်ကာ အဖြေမပေးပေ။ ဝူရှဲခမျာ မျက်နှာသေကို ကြည့်ရင်း ဒီအခွင့်အရေးကောင်းကို လက်လွတ်မခံပါနဲ့လို့ မျက်လုံးနဲ့ စကားပြောလိုက်ပေမယ့် သူက မိမိကို ကြည့်ပြီး ခေါင်းခါပြလာလေသည်။


လူတိုင်း အနည်းငယ် အံ့သြသွားကြသည်။ အဘွားကြီးကပါ မေးလာရသည်။


“မသိချင်ဘူးလား” 


မျက်နှာသေရဲ့ မျက်လုံးများက ရေ​ပြင်ညီမျဥ်းကဲ့သို့ ငြိမ်သက်နေပြီး။ 


"ငါ မင်းကို လုံးဝ မယုံဘူး"


အဘွားကြီးက သူ့ကိုကြည့်ကာ အမူအရာ ပြောင်းလဲလာသည်။  


"ဘာလို့လဲ"


သို့သော် မျက်နှာသေက သူမကို ပြန်မဖြေတော့ဘဲ ဝူရှဲဘက်ကိုသာ အသာ လှည့်ပြီး ဆို၏။ 


“ငါ့ကို အိမ်ပြန်ခေါ်သွားပေးတော့” 


ပြောပြီးတာနဲ့ နောက်​တောင် ပြန်လှည့်မကြည့်ဘဲ ထွက်သွားခဲ့လေသည်။ 


ဝူရှဲ မသိစိတ်အလျောက် သူ့နောက်က လိုက်သွားခဲ့မိပြီး ခြံအလယ်တည့်တည့်ကို လျှောက်သွားခဲ့သည်။ ဖက်တီးကလည်း သူတို့အနောက်ကနေ ချက်ချင်း လိုက်သွားရာ အဘွားကြီး၏ အံ့အားသင့်နေသော အမူအရာကို လှည့်မကြည့်ဘဲတောင် စိတ်ကူးကြည့်နိုင်သည်။ ဖက်တီးလည်း စိတ်ရှုပ်သွားသလို အစ်ကိုလေးက ဘာကြောင့် ဒီလို စရိုက်မျိုး ထပ်ဖြစ်ပြန်တာလဲလို့ တွေးနေပုံပါပဲ။


"နေပါဦး!"


ခြေလှမ်း အနည်းငယ် လှမ်းပြီးတဲ့အခါ အော်သံကို ကြားလိုက်ရသည်။ နောက်ကို ကြည့်လိုက်တော့ ဟော့ရှို့ရှို့က သူတို့နောက်ကို လိုက်လာခဲ့ကာ သူတို့ရှေ့မှာ ပိတ်ရပ်လိုက်လေသည်။ 


"ခဏနေပါဦး ခဏနေပါဦး"


အဘွားအိုကို ပြန်ကြည့်လိုက်တော့ သူက အတွင်းခန်းထဲကို ပြန်ဝင်သွားပြီ။ ဟော့ရှို့ရှို့က မျက်နှာသေကို ထူးဆန်းတဲ့အကြည့်နဲ့ ကြည့်ပြီး။ 


"ရှင်းယွဲ့စားသောက်ဆိုင်နဲ့ လျိုလီစွင်းရဲ့လူတွေ အပြင်မှာ ရှိနေတုန်းပဲ... အခု ထွက်သွားရင် အန္တရာယ်ကင်းမှာ မဟုတ်ဘူး... ညီမအဖွားက ဘေးကင်းတဲ့ နေရာကို ရှာပေးလိမ့်မယ်... အဲဒီကို ခဏလောက်သွားလို့ ရတယ် အဘွားမှာ အစ်ကိုတို့ကို မေးစရာတွေ အများကြီးရှိသေးတယ်" 


"မင်းအဖွားက ငါတို့ခိုးထားတဲ့ ပစ္စည်းတွေကို စိတ်ဝင်စား​နေတာလား?"


ဖက်တီးက ကျောက်စိမ်းတံဆိပ်ကို လှုပ်ရမ်းပြရင်း ဆက်ပြောလေသည်။ 


"ငါတို့အိမ်က အစ်ကိုလေးက ပြောပြီးပြီ... ငါတို့ မင်းတို့ကို မယုံဘူး"


ဟော့ရှို့ရှို့: "ညီမအဖွားက တစ်ဆိုရင် နှစ်မလာတတ်ဘူး... ဒီလိုပဲ အမြဲပြောတယ် အဲဒါကို လိုက်နာပေးပါလား ဒါက လူတိုင်းအတွက် အဆင်ပြေမှာပါ... အခု ဘယ်သွားလို့ ရ​သေးလို့လဲ" 


ခဏကြာတော့ သူမက ဝူရှဲတို့ကို မျက်တောင်ခတ်​ပြပြီး မျက်နှာသေကို လက်ညှိုးထိုး၍ ပြောလာသည်။ 


"တကယ်တော့ သူ့အကြောင်းနဲ့ ပတ်သက်ပြီး ညီမ နည်းနည်းလောက် သိမယ်ထင်တယ်"