(12) မိတ်ဆွေဟောင်းတစ်ယောက် ရောက်လာသလို
Viewers 14k

Chapter (12) Volume 7

မိတ်ဆွေဟောင်းတစ်ယောက် ရောက်လာသလို



သူမရဲ့အမူအရာကို မြင်တော့ ဝူရှဲလည်း မိမိရဲ့မှန်းဆချက်က မှန်တယ်ဆိုတာကို ချက်ချင်း သိလိုက်ရ၏။ စိတ်ထဲမှာ သက်ပြင်းချလိုက်ပြီး လှည့်ကွက်တွေ ရှိနေတယ်လို့လည်း တွေးလိုက်မိသည်။ 


တကယ်တော့ ဟော့လင် ဆိုတဲ့ နာမည်က သာမာန်မဟုတ်ဘူး ဆိုတာကို စောစောကတည်းက သဘောပေါက်ခဲ့ပေမယ့် အဲဒီအချိန်တုန်းက မစ္စစ်ဟော့ရဲ့ သမီးက သူ့အဖေရဲ့ မျိုးရိုးကို ယူထားသင့်တယ်လို့ အမြဲတွေးခဲ့တာပင်။ ဟော့မိသားစုက ဤမျိုးဆက်တွင် ယောက်ျားလေး မရှိသောကြောင့်သာ ဖြစ်သည်။ 


ဟော့မိသားစု၏ နောက်ထပ် ခေါင်းဆောင်သည် ယောက်ျားလေး ဖြစ်သင့်သော်လည်း မမျှော်လင့်ဘဲ အမျိုးသမီးက အိမ်ထောင်ဦးစီး ဖြစ်​နေသည်။


အခုလေးတင်ပဲ သူ့သမီးက ရှေးဟောင်း သုတေသန လုပ်ငန်းတွေမှာ ပါဝင်ရင်း ရုတ်တရက် ပျောက်ကွယ်သွားတယ်လို့ သူမပြောတဲ့အခါ ဝူရှဲ့လည်း ဦးလေးသုံးရဲ့ ရှီးရှား ရှေးဟောင်း သုတေသနပညာကို ချက်ချင်း တွေးမိသွား၏။ 


အဘွားကြီးဟော့ရဲ့ မျိုးရိုးနာမည်က ဟော့ ဖြစ်ကာ ရှီးရှားတွင် ပျောက်ဆုံးသွားသူများထဲ၌ အကြီးတန်း အရာရှိတစ်ဦး၏ သမီးဖြစ်သူဟု သူခန့်မှန်းထားသူက ဟော့လင် ဖြစ်သည်။ ထို့အပြင် ထိုအချိန်က ကွမ်ရှီး ရှေးဟောင်း သုတေသနအဖွဲ့၏ ခေါင်းဆောင်မှာ ချန်ဝမ်းကျင် ဖြစ်ပြီး အချက်အလက်မျိုးစုံက အချက်တစ်ချက်ကို ထောက်ပြခဲ့သည်။


တခြားအချိန်တွေမှာ ဒါဟာ တိုက်ဆိုင်မှုလို့ပဲ ထင်ကောင်းထင်မိနိုင်ပေမယ့် အမျိုးမျိုးသော ဆက်ဆံရေးတွေ ရောယှက်နေတဲ့အတွက် တစ်စုံတစ်ခု မှားနေပြီလို့ တွေးခဲ့မိသည်။ မမျှော်လင့်ထားဘဲ မေးလိုက်တဲ့အခါ တကယ်ကို မထင်ထားမိတဲ့ အဖြေရလာခဲ့ပေသည်။ 


ဟော့မိသားစုမှ အဘွားကြီးက ဤကိစ္စရပ်မှာပါ ရုတ်တရက် ပါဝင်ပတ်သက်နေမယ်လို့ မမျှော်လင့်ထားသော်လည်း တကယ်တမ်းတွင်တော့ အဘွားဟော့က ဝူရှဲ့ကဲ့သို့ နက်ရှိုင်းစွာ ပါဝင်ပတ်သက်ထားခြင်း မရှိပေ။


ဤနည်းအားဖြင့် ဟော့လင်သည် သူ၏ ဦးလေးသုံး ကဲ့သို့ပင် ပျောက်ကွယ်သွားခဲ့သည်။ သူတို့ အပါအဝင် ရှဲ့လျန်းဟွမ်ကလည်း အိမ်တော်ကြီးကိုးခုရဲ့ နောက်မျိုးဆက်တွေ ဖြစ်လေသည်။ ဒါဆို ရှီးရှားရှိ ရှေးဟောင်းသုတေသန အဖွဲ့က ကျန်တဲ့လူတွေကရော။ 


အဲဒါကို တွေးရင်းနဲ့ ဟော့လင် သာမက ချန်ဝမ်းကျင်မှာလည်း ချန်ဖီအားစစ်ရဲ့ မျိုးရိုးအမည် 'ချန်' ဆိုတဲ့ စကားလုံး ရှိတယ်မဟုတ်လား။ ဒီလိုဆို ဝမ်းကျင်ရဲ့ မျိုးရိုးအမည်က 'ချန်ဖီ'လား။ ရိုးရိုးသားသား ပြောရရင် သူမအသွင်အပြင်ကို တွေးကြည့်တော့ သူမဟာ ထိုမြေခွေးပိုနဲ့ နည်းနည်းတူတယ်လို့ ခံစားရလေသည်။ 


ဒါပေမဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်လောက်က ထိုလူက ဒီလောက် အိုနေမှာတော့ မဟုတ်ချေ။ ကြည့်ရတာ ထိုလူက မျိုးရိုးအမည် ချန် နဲ့တစ်ခုခု ပတ်သက်နေပုံပင်။ 


ချန်ဝမ်းကျင်....ချန်ဖီအားစစ်။ 


ဟော့လင်၊ အဘွားကြီး​ဟော့။


ဝူစန်းရှင်၊ ဝူလောင်ကုံ။


ရှဲ့လျန်းဟွမ်၊ ရှဲ့ကျိုယဲ။ 


ဒါက တိုက်ဆိုင်မှုပဲလား။ 


ရှဲ့လျန်းဟွမ်နဲ့ ဦးလေးသုံးတို့သည် အခင်းမဖြစ်ပွားမီတွင် နက်ရှိုင်းသော ဆက်သွယ်မှုရှိပြီး ၎င်းတို့သည် ရှေးဟောင်း သုတေသနအဖွဲ့တွင် တစ်ချိန်တည်း ပေါ်လာခြင်းမှာ အထူးအဆန်း မဟုတ်ပေ။ ဒါပေမဲ့ ဟော့လင်ကိုတော့ ဝူရှဲ တစ်လျှောက်လုံး အပြင်လူလို မြင်ခဲ့၏။ တကယ်တော့ သူမသည် အိမ်တော်ကြီးကိုးခုမှ ဆင်းသက်လာသူပင် ဖြစ်ပေသည်။


အကယ်၍ သူမသည် ရှန်းရှီ၏ တောင်ပိုင်း ဂူဖောက်သူ သို့မဟုတ် လင်နန်က တောင်တက်သမားများမှ ဆင်းသက်လာပါက ရှင်းလို့ရသေးသည်။ ၎င်းတို့သည် ရှေးဟောင်း သုတေသန ပြုလုပ်ခဲ့ကာ ထိုအချိန်တုန်းက ဤလုပ်ငန်းနှင့် ပတ်သက်သည့် နောက်ခံသမိုင်းကြောင်းကို သိသူအား ရှာနိုင်၏။ သို့သော် ၎င်းတို့သည် အိမ်တော်ကြီးကိုးခု ဂိုဏ်းဟောင်းများဖြစ်ပြီး ပထမဂိုဏ်း၏ တိုက်ရိုက် မျိုးဆက်များဖြစ်သည်။ 


ပြဿနာရှိတယ်၊ လုံးဝ ပြဿနာရှိတယ်။


ဒါ့ထက် မျက်နှာသေ ဆိုတာကလည်း ဆီစားသက်သာတဲ့ မီးခွက် မဟုတ်ဘူးဆိုတာ ရုတ်တရက် သတိရမိသွားသည်။ အဖွဲ့တစ်ဖွဲ့တွင် လူဆယ်ယောက်ရှိပြီး ၎င်းတို့ထဲမှ ငါးဦး၏ နောက်ခံများသည် လျှို့ဝှက်ဆန်းကြယ်၏။ ဦးလေးသုံးက ဒီအဖွဲ့ကို မတော်တဆ ဖွဲ့ခဲ့တယ်လို့ ထင်ရပေမယ့် ပြန်စဥ်းစားကြည့်ရင်တော့ မမှန်သလိုပါပဲ။


ဖြစ်နိုင်ခြေများစွာက သူ့စိတ်ထဲ ချက်ချင်း ပေါ်လာသည်။ တစ်ခုမှာ ရှေးဟောင်း သုတေသနဌာနကို အိမ်တော်ကြီးကိုးခုက ပိုင်ဆိုင်ထားခဲ့ကာ မူလကတည်းက သူတို့၏ ကိုယ်ပိုင်လုပ်ငန်း ဖြစ်နိုင်သည်။ တနည်းအားဖြင့် ဤလူအုပ်စု၏ သားစဉ်မြေးဆက် အားလုံးသည် ရှေးဟောင်း သုတေသနပညာရပ်ကို ရွေးချယ်ခဲ့ခြင်းပင် ဖြစ်​ပေမည်။ အဲဒီနောက် ချောင်ရှားမှာ သူတို့ အတူတူ ဆုံတွေ့ခဲ့ကြတယလား။ 


သို့တည်းမဟုတ် "အချို့သောပရောဂျက်" ကြောင့် ဖြစ်နိုင်ချေရှိသလား။ ယခုလို အင်အားကြီး မြေအောက် မိသားစုများသည် တရားဝင်ဟန်ဆောင်မှု အောက်တွင် ရာဇ၀တ်မှု လှုပ်ရှားမှုများတွင် ပါဝင်ရန် ရှေးဟောင်း သုတေသန၏ အမည်ကို အသုံးပြုနေတာ ဖြစ်နိုင်သည်။ 


ပဟေဠိကြီးတစ်ခုက ခေါင်းထဲမှာ ရုတ်တရက် အံဝင်ခွင်ကျ ဖြစ်လာပြီးနောက် ဝူရှဲ၏စိတ်နှလုံးမှာ လျှပ်စီးလက်သလို ဖြစ်လာ၏။ နောက်တစ်ဆင့်အတွက် ခေါင်းကုတ်လိုက်ကာ ရုတ်တရက် ဉာဏ်အလင်းကြောင့် ရလာတဲ့ ပျော်ရွှင်မှုကို မြန်မြန် ပျောက်ကွယ်သွား​စေချင်သော်လည်း အဘွားအိုဆီက မေးသံကို ကြားလိုက်ရသည်။ 


"ဒီဟာတွေကို မင်းဘယ်လိုသိလဲ" 


ဝူရှဲ ခေါင်းခါ၍: "အဘိုးက အတိတ်က ဖြစ်ခဲ့တာတွေကို အများကြီး မပြောတတ်ဘူး... အဲဒါကို ဘယ်လိုသိတာလဲ ဆိုရင် ကျွန်တော်အခု တကယ်ကို စိတ်ရှုပ်နေတယ်... အဘွား ဒါကကျွန်တော်တို့ နှစ်ယောက်ရဲ့ ကံကြမ္မာလို့ ထင်တယ်... ကျွန်တော်တို့ ကောင်းကောင်းထိုင်ပြီး စကားပြောကြရအောင်... ဒီကိစ္စက အဘွားသမီးနဲ့ ပတ်သတ်နေနိုင်တယ်"


အဘွားကြီး၏ မျက်လုံးများက ရုတ်တရက် မှိတ်တုတ်မှိတ်တုတ်ဖြင့် မယုံကြည်နိုင်စွာ လှမ်းကြည့်ကာ မေး၏။ 


"မင်း ဘာပြောလိုက်တယ်??"


ဝူရှဲ ရိုးသားစွာပြောခဲ့သည်။ 


"ကျွန်​တော်တို့ထိုင်ပြီး စကားကောင်းကောင်း ပြောနိုင်မယ် ထင်တယ်... ဒီကိစ္စက အချိန်နည်းနည်း ယူရမှာကို ကြောက်မိတယ်"


အဘွားကြီး၏ မျက်နှာက အေးစက်သွားကာ။ 


"ကောင်လေး... ရိုင်းစိုင်းတဲ့ စကား မပြောနဲ့ အဘွားကြီးက တခြားဟာသတွေသာ လုပ်တတ်မယ်... မင်း ဒီကိစ္စကို ဟာသလုပ်ဖို့ သတ္တိရှိရင် ဒီတံခါးကနေ ကန်ထုတ်ပစ်မယ်!" 


သူမအတွက် အပို စားစရာတွေ ထပ်လောင်းဖို့ စိတ်ကူးမရှိတာကြောင့် ဝူရှဲကလည်း ပြန်ပြောသည်။ 


"အပိုစကား မပြောတော့ဘူး... ကျွန်တော်သာ ထွက်သွားချင်ရင် အဘွားကျွန်တော့်ကို မချုပ်ထားနိုင်ဘူး"


သူမက ဝူရှဲကို ကြည့်ပြီး ဘာလုပ်ရမှန်း မသိနိုင်တော့ဘဲ အနည်းငယ် အခက်တွေ့နေသယောင် ဖြစ်လာသည်။ ထို့နောက် သူမနောက်ကို လိုက်ခဲ့ဖို့ အချက်ပြလာသည်။ ဒါနဲ့ အိမ်ထဲကထွက်ပြီး အိမ်အနောက်ဖက်ကို သွားတော့ ဝူရှဲရပ်သွားရာ အဘွားကြီးက ပြန်လှည့်ကြည့်လာ၏။ 


"ဒီဘက်...." 


ဖက်တီးနဲ့ မျက်နှာသေက ​​ခြံထဲမှာ ရှိနေတုန်းပါပဲ။  


“ကျွန်​တော့်​သူငယ်ချင်း နှစ်ယောက်က အဲဒီအကြောင်းတွေကို သိတယ်... သူတို့ကို အတူတူ လာခွင့်ပေးနိုင်မလား... တချို့နေရာတွေကို သူတို့ဘက်က ဖြည့်စွက်​ပေးတာတွေ လုပ်လို့ရတယ်” 


အဘွားကြီးဟာ အသေးစိတ် အချက်အလတ်တွေကို သိပ်ဂရုမစိုက်တော့ဘဲ ခေါင်းသာညိတ်ပြလာ၏။ သို့နှင့် သုံးယောက်သား အဘွားအိုရဲ့ ဧည့်ခန်းထဲ လိုက်သွားခဲ့သည်။ 


ဧည့်ခန်းက အလွန်ကျယ်ဝန်းသည်။ သာမာန် ​ခြံဝင်းအိမ်၏ ဧည့်ခန်းလို ပြုပြင်မွမ်းမံခြင်း မရှိသေးသော်လည်း ပရိဘောဂ အရာအားလုံးသည် အလွန်ဟောင်းနွမ်းပြီး အနည်းငယ် ရိုးရိုးရှင်းရှင်း ဖြစ်နေပါ၏။ သို့သော်ငြား ပေကျင်းရှိ ဤအိမ်ဝင်းများက ယခုအခါ အလွန်စျေးကြီးနေပါပြီ။ 


အထူးသဖြင့် ဒီအိမ်ကြီးကို တစ်ကြိမ် ပြုပြင်မွမ်းမံပြီးပြီမို့ ခိုင်ခံ့တော့မှာ မဟုတ်ပေမယ့် ပြုပြင်မွမ်းမံတဲ့ နည်းလမ်းကတော့ ရှေးခေတ်က အလွန်စျေးကြီးတဲ့ ဒီအိမ်ကို ပြုပြင်မွမ်းမံသလို ​ပြုလုပ်ထားကြောင်းကိုလည်း ပြသနေသည်။ ထွင်းထားတဲ့ ထုပ်တန်းတွေနဲ့ နံရံမှာ ရေးထားတဲ့ အရာတွေက တစ်ခုခုကို တားမြစ်ထားတဲ့ မြို့နဲ့တောင် ခပ်ဆင်ဆင်တူရာ ဖက်တီးခမျာ ၎င်းကို မြင်တော့ အံ့သြသွားခဲ့​လေသည်။


ဝူရှဲလည်း နည်းနည်းတော့ အံ့သြသွားသည်။ ဒါပေမဲ့ တစ်ဖက်လူကို မြှောက်ပင့်​နေဖို့ အချိန်မရှိတာကြောင့် ထိုင်ပြီး ကြုံဖူးသမျှကို ချက်ချင်း ပြောပြလိုက်သည်။ အစပိုင်းတွင် ဖြစ်ပျက်ခဲ့သော အသေးစိတ် အချက်အလတ် တချို့က ဟော့မိသားစုနှင့် မသက်ဆိုင်သောကြောင့် အဘွားကြီးက အနည်းငယ် စိတ်မရှည်သော်လည်း ဟော့လင် ဖြစ်လာသည့် အပိုင်းမှလွဲ၍ သူမသည် တစ်နာရီကြာအောင် သည်းခံနေခဲ့သည်။ 


ဝူရှဲ အရာအားလုံးကို ရိုးရှင်းစွာ ပြောပြသည်။ နားထောင်ပြီးနောက် အဘွားကြီးက တုံ့ပြန်မှုလုံးဝ မရှိသော်လည်း သူမ၏မျက်နှာမှာ အနည်းငယ် ညိုမှိုင်းသွားခဲ့သည်။ သူမ အရမ်းစိတ်လှုပ်ရှားနေမယ်လို့ ဝူရှဲ ထင်ခဲ့ပေမယ့် သူမရဲ့တုံ့ပြန်မှုက အရမ်းတည်ငြိမ်လိမ့်မယ်လို့တော့ မမျှော်လင့်ထားပါဘူး။


သူမ တုန်လှုပ် ခြောက်ခြားသွားတာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ 


“အဘွား... ကျွန်တော် အစကတော့ ဒီအရာတွေကို တတ်နိုင်သမျှ မဖြန့်ဖို့ စီစဉ်ထားတာ... နောက်ကွယ်မှာ ဘာတွေဖြစ်နေမှန်းကို မသိပေမယ့် အဘွားရဲ့ ပုံပန်းသဏ္ဌာန်ကို မြင်လိုက်ရတော့ ကျွန်တော့်ဦးလေးသုံးကို သတိရသွားတယ်... သူ ဘယ်သူလဲဆိုတာ ကျွန်​တော်မသိပေမယ့် သူလုပ်​နေတာ​တွေက အစစ်အမှန်လို့ ခံစားရတယ်... အဘွားကို မဖုံးကွယ်ချင်တော့ဘူး အဘွားသမီးက ဒီလူ့လောကမှာ မရှိတော့ဘူး.. သူမ ကွမ်ရှီးမှာ အသတ်ခံခဲ့ရပြီးပြီ..." 


အဘွားကြီးက ဘာမှ မပြောဘဲ မျက်မှောင်ကြုတ်ကာ ဝူရှဲကို ကြည့်သည်။


"ကွမ်ရှီးကနေ ပြန်လာတဲ့သူက အဘွားသမီး မဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်တယ်.. အဘွား ခံစားရတဲ့ အကြောင်းရင်းက သူရုပ်ဖျက်ထားလို့ပဲ...အဘွား သူနဲ့စကားပြောတဲ့အခါ အခန်းထဲမှာ တစ်ခုခုရှိနေတယ် ဆိုတဲ့ ခံစားချက်ကို ပေးတယ်... လူက အခန်းထဲမှာ ပုန်းနေသလိုမျိုးလေ... တကယ်တော့ သူမကိုယ်တိုင်က အခန်းထဲမှာ ပုန်းနေခဲ့တဲ့လူပဲ” 


ဝူရှဲ့ အသက်ရှုတစ်ချက် ရှုရင်း နိဂုံးချုပ်လိုက်သည်။ 


"အဲဒီလူက ကွမ်ရှီးကနေ ပြန်လာပြီး သူမအခန်းထဲမှာ ပုန်းနေရတယ်... သူက အရွယ်ရောက်ပြီးသား ..... အဘွားနဲ့ ရင်းရင်းနှီးနှီး နေတာကို ရှောင်တာ ဒါမှမဟုတ် အဘွားနဲ့ အများကြီး စကားပြောနေသရွေ့ အဘွား သူ့ကို အတုလို့ အသိအမှတ်ပြုဖို့ အခွင့်အရေး မရှိတော့ဘူး"


ဖက်တီး: "ခဏနေပါဦး! ဟော့လင် ရှီးရှား ရှေးဟောင်းသုတေသန အဖွဲ့ထဲက ဟော့လင်ကို အတုလို့ ပြောနေတာလား... သူက ဟော့လင် မဟုတ်ဘူးလား"


ရှီးရှားရှေးဟောင်း သုတေသနအဖွဲ့မှ ဟော့လင်တစ်ယောက်တည်း မဟုတ် ဝမ်းကျင်တောင်မှ အတုအယောင် ဖြစ်နိုင်သည်ဟု ထင်မိတာကြောင့် ဝူရှဲ့ ခေါင်းညိတ်လိုက်သည်။ 


ဖက်တီး: "ဘာလို့ ဒီလိုလုပ်တာလဲ... ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲ"


"ဂိမ်းတစ်ခုကစားနေတဲ့ အင်အားစုနှစ်ခု ရှိနေတာ သိသာထင်ရှားတယ်.... ပြီးတော့ အင်အားတစ်ခုက သူ့ရဲ့လူတွေကို တခြားအင်အားနဲ့ အစားထိုးလိုက်တာ"


ဦးလေးသုံးကတော့ အဲဒီတုန်းက တကယ်ကို ကံကောင်းသွားခဲ့ပါသည်။ အဘွားဟော့ကတော့ အလွန်ထူးဆန်းသော အမူအရာဖြင့် ဝူရှဲကို လျစ်လျူရှုကာ လက်ဖက်ရည် သောက်ရင်း စကားဝိုင်းကို ခေတ္တ ရပ်စေလိုက်သည်။ 


“မင်းပြောခဲ့တဲ့ ကိစ္စတွေအားလုံးမှာ ချီလင် တက်တူးထိုးထားတဲ့ လူတစ်ယောက် အမြဲရှိနေတယ်လို့ ပြောခဲ့တယ်နော်... အခု အဲဒီလူက ဘယ်မှာလဲ"


ဝူရှဲ့ ခဏလောက် အံ့ဩသွားပြီး ကိုယ့်ကိုယ်ကိုယ် ပြန်တွေးကြည့်မိသည်။ သမီးအတွက် စိတ်မပူပါဘဲ ဘာကြောင့် ဒီအကြောင်းကို ရုတ်တရတ် မေးလာတာလဲ။ ဝူရှဲ ချက်ချင်း ပြန်မဖြေမိချေ။ ဖက်တီးက ဤအခိုက်အတန့်တွင် ဦးဆောင်ကာ မျက်နှာသေကို ချက်ချင်း ပုတ်လိုက်ပြီး။ 


"ဒါပေါ့... ဒီလောက်ကောင်းတဲ့ ပစ္စည်းကို သွားလေရာတိုင်း ယူသွားသင့်တယ် မဟုတ်ဘူးလား...သူပဲလေ... ဘာလဲ မိန်းမလေး... ခင်ဗျားသူ့ကို စင်တင်မလို့လား?"


ဖက်တီးကို ချက်ချင်း သွားတွေ ကိုက်​ပြပြီး အခြေအနေကို အာရုံစိုက်ဖို့ ဝူရှဲ့ ပြောလိုက်သည်။ မမျှော်လင့်ဘဲ အဘွားကြီးက ထိုစကားကို ကြားသောအခါ တုန်လှုပ်သွားပုံရပြီး သူမသည် ချက်ချင်းပင် ခေါင်းမော့ကာ မျက်နှာသေကို ကြည့်လေ၏။ ထို့နောက် မတ်တပ်ထရပ်ကာ မျက်နှာသေထံသို့ တည့်တည့်လျှောက်သွားခဲ့သည်။


"သူလား?"


ဝူရှဲတို့ ခေါင်းညိတ်ပြလိုက်သည်။ ဝူရှဲမှာ အဘွားကြီးရဲ့ အမူအရာကို ကြည့်ရင်း သူမ ရုတ်တရက် "သားလေး... သားကို အရမ်းလွမ်းတာပဲ" လို့ အော်လိုက်မှာကိုတောင် စိုးရိမ်လာသည်။ သို့သော် အဘွားကြီးက အနည်းငယ် တုန်လှုပ်နေကာ။ 


"မင်းရဲ့လက်ကို ကြည့်ခွင့်ပေးနိုင်မလား" 


ပြောပြီး မျက်နှာသေရဲ့လက်ကို ဆွဲယူကြည့်လိုက်၏။ တစ်ချက် ကြည့်လိုက်ပြီးနောက် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားကာ မျက်နှာကလည်း အရောင်ပြောင်းသွားတော့သည်။ 


ဝူရှဲခမျာ ရင်ထဲ ဒိတ်ကနဲ ဖြစ်သွားရသည်။ သူတို့ကြားထဲမှာ တခြားအာဃာတတွေ ရှိနေသေးတာလား။ သို့သော်လည်း မထင်မှတ်ပဲ အဘွားကြီးက ဒူးထောက် ထိုင်ချလိုက်လေ၏။ သူမဘေးမှာ စောင့်နေတဲ့ ဟော့ရှို့ရှို့မှာလည်း ဘာတွေဖြစ်နေလဲ နားမလည်ဘဲ ဒူးထောက်ထိုင်လိုက်သည်။