ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
Chapter (10)
ထိုင်စကားပြော
ဝူရှဲ့ခမျာ ဦးလေးဖန်းမာက ဒီစကားကို ပြောလိုက်တယ်လို့ ကြားတော့ အလွန်အမင်း အံ့ဩသွားရလေသည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် သူ့စိတ်က တုန်လှုပ်သွားပြီး ဤစာကြောင်းသည် အနည်းငယ် ကြောက်စရာကောင်းသည်ဟု ခံစားမိသည်။
သူ့အကြောင်း မတွေးခင်မှာ မျက်နှာသေက ဦးလေးဖန်းမာ နောက်ကို လိုက်သွားပြီး တစ်ဖက်လူကို ဖမ်းဆွဲလိုက်လေသည်။
"မင်းပြောချင်တာက မင်းငါ့ကိုသိလား"
ဖန်းမာက သူ့မျက်နှာကိုသာ ပြန်ကြည့်နေပြီး ဘာမျက်နှာအမူအရာမှ မရှိပေ။ သို့နှင့် မျက်နှာသေက သူ့အင်္ကျီကို ချွတ်ကာ သူ့အပေါ်ပိုင်းကို ထုတ်ပြရင်း
“ကြည့်! မင်း ငါ့ကိုသိလား”
လူနှစ်ဦးပေါ်ရှိ အနက်ရောင် တက်တူးများသည် အလွန်ရှင်းလင်း ပြတ်သားပြီး ၎င်းတို့သည် အချင်းချင်း တိုက်ခိုက်နေသည့် ကျားနှစ်ကောင်ကဲ့သို့ပင် ဖြစ်၏။ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြပုံမှာလည်း အလွန်ထူးဆန်းပါသည်။
ခဏတာ ထိပ်တိုက်တွေ့ပြီးနောက် ဖန်းမာက ဘာမှပြန်မပြောသေးရာ မျက်နှာသေ စိတ်မရှည်တော့ဘဲ လျစ်လျူရှုပြီး သူ့မျက်နှာတွင် ခံစားချက် လုံးဝ မပြတော့ဘဲ ရှောင်ထွက်သွားလေသည်။
ဝူရှဲ့ကတော့ အဲဒီခံစားချက်ကို ဖော်မပြနိုင်ပေ။ အဲဒါကို ဖော်ညွှန်းဖို့ စကားလုံးတွေ သုံးရရင် မတူတဲ့ အချိန်နဲ့ နေရာ ကွဲပြားတဲ့ မျက်နှာသေ နှစ်ယောက်ကို တွေ့နေရသလိုပါပဲ။
"မျက်နှာသေ နောက်ဆုံးတော့ ပြိုင်ဘက်တစ်ယောက် တွေ့ပြီ"
ဝူရှဲ့တစ်ယောက်တည်း တိုးတိုးလေး ရေရွတ်လိုက်မိ၏။ ဒီအချိန်မှာ ထူးဆန်းတဲ့ အတွေးတစ်ခုက အချိန်သာ မမှားခဲ့ဘူးဆိုရင် နည်းနည်းတော့ ကြည်နူးမိလိမ့်မည်။ မျက်နှာသေလို ပျင်းစရာကောင်းပြီး ဆက်ဆံရခက်တဲ့ လူဟာ လောကကြီးမှာ ဘယ်သူမှ မရှိနိုင်ဘူးလို့ တွေးထားသလိုပဲ။ သူတို့ဟာ အဆိပ်နဲ့ အဆိပ် အကြိမ်ပေါင်းများစွာ တိုက်ခိုက်နေသည့် အတိုင်းပင်။
မျက်နှာသေဟာ ဖန်းမာကို တိတ်တဆိတ် လှမ်းကြည့်ရင်း စက္ကန့်ပိုင်းမျှသာ ကြာသွားကာ သူ့ရဲ့ အလောကြီးနေသော ခံစားချက်များ ပျောက်ကွယ်သွားခဲ့သည်။
အားကွေ့မှာ ကြောင်အလျက်သား မျက်နှာသေ၊ ဝူရှဲ့နဲ့ ဖန်းမာတို့ကို တစ်လှည့်စီ ကြည့်နေ၏။ တစ်ဖက်က လူနှစ်ယောက်ဟာ ဒေါသနည်းနည်း ထွက်နေလေရာ ဘယ်သူကအရင် ထချမလဲဆိုတာ မသိနိုင်ချေ။ ဝူရှဲ့လည်း အခြေအနေ မဟန်တာကြောင့် အားကွေ့ကို ကမန်းကတန်း လက်ပုတ်ပြပြီး မျက်နှာသေဆီကို လှမ်းသွားလိုက်သည်။ သူ့ကို ပြန်သွားဖို့၊ မိမိကို စိတ်မပူဖို့၊ ဦးလေးဖန်းမာကို အခြေအနေတွေ အကြောင်း မေးပြီးပြီးချင်း ပြန်လာခဲ့မယ်လို့ ကတိပေးလိုက်သည်။
မျက်နှာသေက သူ့ကို ကြည့်လာပြီး ခေါင်းညိတ်ပြ၏။ ဖန်းမာကတော့ သူဘာတွေ တွေးနေမှန်း မသိရဘဲ အဝေးကို လှမ်းကြည့်နေဆဲ ဖြစ်သည်။ ဘာကြောင့်လဲတော့ မသိပေမယ့် ဒီအချိန်မှာတော့ သူ့မျက်လုံးတွေက တစ်ခုခုလွဲနေသလိုမျိုး အစောကထက်စာရင် ရုတ်တရက် ကွဲပြားသွားသလို ခံစားရလေ၏။
သူတို့ မျက်လုံးချင်း ဆုံလိုက်တဲ့ အချိန်တုန်းက ဖန်းမာရဲ့ အမူအရာက သူ တစ်ခုခုကို သိနေတယ် ဆိုတဲ့ အရိပ်အမြွက်မျိုး ရှိနေတာ ခိုင်မာလွန်းပြီး မျက်နှာသေ ဘယ်သူလဲဆိုတာ သူ သိထားလိမ့်မည်။ သူနဲ့ နက်နဲတဲ့ ဆက်စပ်မှု ရှိပေမယ့် သူ့အကြည့်နဲ့ ယှဉ်ကြည့်ရင် သဘောထားနဲ့ ဒီချိတ်ဆက်မှုဟာ လုံးဝ မသာယာဘူးလို့ ထင်ရပါသည်။
ဝူရှဲ့မှာ အကြောင်းစုံ သိရဖို့ မစောင့်နိုင်တော့ပေ။ ဝူရှဲ့နဲ့ အားကွေ့ဟာ ဖန်းမာရဲ့ ထမင်းစားခန်းကို တစ်ဖန်ရောက်လာခဲ့သည်။ ဝူရှဲ့သည် ကြမ်းပြင်ပေါ်မှာ ထိုင်ရင်း ဖန်းမာလို လူတွေနဲ့ ဘယ်လို ထိထိရောက်ရောက် ဆက်သွယ်ရမလဲဆိုတာကို ဆက်တွေးနေခဲ့သည်။
'မင်းတို့နှစ်ယောက် အတူတူနေရင် အနှေးနဲ့အမြန် နောက်ကျရင် မင်းထဲက တစ်ယောက်က နောက်တစ်ယောက်ကို သေစေလိမ့်မယ်"
ဖန်းမာသည် တစ်စုံတစ်ခုကို မသိထားခဲ့ပါက မုဆိုးသည် အကြောင်းပြချက် မရှိဘဲ လှည့်ကွက်များကို လှည့်စားမည် မဟုတ်ပေ။ သူ ရုတ်တရက် ပြောလိုက်တဲ့ စကားကနေ သူ့သဘောထားက အရမ်းထူးဆန်းပြီး မျက်နှာသေကို အရမ်းမကြိုက်ဘူးဆိုတာ သိသာပါ၏။
ဝူရှဲ့မှာ အဲ့လိုဆက်ဆံရေးကို တကယ် နားမလည်နိုင်ပေ။ ဒါနဲ့ အလွန်အကျွံ မတွေးမိရန် ကိုယ့်ကိုကိုယ် သတိပေးခဲ့သည်။ ဖန်းမာအတွက် ဝူရှဲ့၏ အရည်အချင်းများက ညံ့ဖျင်းလွန်းသော်လည်း မျက်နှာသေ၏ ကျွမ်းကျင်မှုမှာ ကောင်းမွန် လွန်းသောကြောင့် သူ့အား သတိပေးနေခြင်း ဖြစ်ပေလိမ့်မည်။ ဒါပေမဲ့ ဒီဝါကျက အတိတ်နဲ့ အနာဂတ်ကို ဆက်စပ်ပေးနေတယ်လို့ သူ့ရဲ့ ပင်ကိုယ်စိတ်က ပြောနေ၏။ သတိပေးခံရသူဟာ ဝူရှဲ့ဆိုတဲ့ သူပဲ ဖြစ်တာကြောင့် အနှေးနဲ့အမြန်ဆိုသလို အသတ်ခံရမယ့်သူက သူကိုယ်တိုင်ပဲ ဖြစ်လိမ့်မည်။
ဒါပေမဲ့ မျက်နှာသေက သူ့ကို သတ်ပါ့မလား။ သူသာမရှိခဲ့ရင် ဝူရှဲ့ဆိုတာ မြေအောက် နန်းတော်ထဲမှာ ဖုတ်ကောင် လုပ်နေရတာ ကြာပြီပေါ့။ သူမိမိကို သတ်ချင်နေရင်တောင် ဝူရှဲ့ကတော့ ရှုံးနိမ့်တာကို ဝန်ခံဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့လောက်ပေ။
ဖန်းမာသားသည် သူတို့၏မျက်နှာနှင့် ခန္ဓာကိုယ်ကို ဆေးကြောရန် ရေယူလာပေးသည်။ ဖန်းမာ၏ကျောတွင် ဒဏ်ရာရှိသောကြောင့် သူတို့ကိုယ်စား လုပ်စရာ ရှိတာများ လုပ်ပေးကာ ယောင်လူမျိုးများ၏ အဝါရောင်ဆေးရွက် ဆေးမီးခိုးကို လုပ်ပေးနေသည်။
ဝူရှဲ့ အနံ့ခံကြည့်လိုက်သော အခါတွင် မီးခိုးနံ့သည် မျက်နှာသေကို လိမ်းပေးထားသော ဆေးဖက်ဝင် အပင်နံ့နှင့် အနည်းငယ် ဆင်တူတာကို တွေ့လိုက်ရသည်။ ဒါကြောင့် လေထုကို ပေါ့ပါးစေဖို့အတွက် ဒီအချက်ကို ဝင်ပေါက်အဖြစ် သုံးနိုင်မလားဆိုတာ စဉ်းစားခဲ့ပေမယ့် ပြောစရာတော့ မတွေ့ခဲ့ရပါဘူး။
ကောင်းကင်က မှောင်ကျလာသည်။ သူသည် ကွမ်ရှီးက မိုးရွာတာကို အရမ်းသဘောကျပေမယ့် ပြတင်းပေါက်ကို ပိတ်ပြီး ကြမ်းပြင်ပေါ်ပဲ ထိုင်ချလိုက်သည်။ လေအေးအေးက နံရံ အက်ကွဲကြောင်းတွေကြားထဲ ဝင်လာပြီး အပူချိန်က ရုတ်တရက် လျော့သွား၏။
သို့မှသာ ဖန်းမာအသွင်အပြင်ကို အနီးကပ် ကြည့်နိုင်ခဲ့သည်။ ဖန်းမာ၏ မျက်နှာသွင်ပြင်မှာ ထူးခြားပြီး သူ့မျက်နှာသည် တောင်ပေါ်သားများကဲ့သို့ပင် အမဲစက်များဖြင့် ဖုံးအုပ်ထားလေသည်။ ယခုအချိန်တွင် အလွန်ပင် သာလွန်သော အသွင်အပြင်ကို တွေးကြည့်ရန် ခက်ခဲလှသည်။ သူ့ခွန်အားက တကယ်ကို ရုပ်ထွက်ထက် ကျော်လွန်သော်လည်း ဒီမျက်နှာ အသွင်အပြင်က မျက်နှာသေလို ပုံစံနဲ့ တူညီနေတာမျိုး မဟုတ်တာတော့ သေချာပါသည်။
အားကွေ့က လာရတဲ့ ရည်ရွယ်ချက်ကို ရှင်းပြပြီး ဖန်းမာက ဝူရှဲ့ကို လှမ်းကြည့်ကာ တစ်စုံတစ်ခုကို ပြောလာသည်။ အားကွေ့က ဘာသာ ပြန်ဆိုပေးသည်။
"ဖန်းမာက ပြောတယ် မင်းဘယ်သူမှန်း မသိပေမယ့် မင်းလာရတဲ့ အကြောင်းအရင်းကို သူခန့်မှန်းမိတယ်... တစ်နေ့မှာ တစ်စုံတစ်ယောက်က လာမေးမယ် ဆိုတာလည်း သိပြီးသား မင်းသိချင်တာကို မေးပြီး ချက်ချင်းထွက်သွားတော့ သူ့ကို မနှောင့်ယှက်နဲ့တဲ့!"
ဖန်းမာရဲ့စကားထဲမှာ တစ်ခုခု ရှိနေကာ သူ ဘယ်သူလဲဆိုတာကို နားလည်မှု လွဲသွားသလို ခံစားမိပြန်သည်။ ဒါပေမဲ့ ထိုသူ နားလည်မှုလွဲရခြင်းရဲ့ အကြောင်းရင်းကို ဝူရှဲ့ကတော့ ရှင်းရှင်းလင်းလင်း မခံစားနိုင်တော့ဘဲ ချက်ချင်း တုံ့ပြန်ပြီး ဒီအချိန်မှာ မစဉ်းစားသင့်ဘူးလို့ ထင်ပါ၏။ လက္ခဏာတချို့ရှိပါသည်။ အခုက ရှင်းရှင်းလင်းလင်း ရှင်းပြရန် အချိန်နှောင်းခံမည် မဟုတ်ပါ။
ဝူရှဲ့လည်း စိတ်ထဲမှာ တွေးပြီး ဖန်းမာကို မေးလိုက်သည်။
"အရင်က လာဖူးတဲ့ ရှေးဟောင်းသုတေသန အဖွဲ့အကြောင်း မေးချင်တယ်... အဲဒီတုန်းက အခြေအနေ အကြောင်း ပြောပြနိုင်မယ်လို့ ထင်ပါတယ်... ဒါပေမဲ့ အခု သိချင်တာက ခုနက ခင်ဗျားပြောခဲ့တဲ့စကားက ဘာကိုဆိုလိုတာလဲ... ကျွန်တော်တို့ထဲက တစ်ယောက်က တခြားတစ်ယောက်ဆီ အသတ်ခံရမှာ ဆိုတာ ဘာစကားလဲ?"
ဖန်းမာသည် စီးကရက်ဘူးရှည်ကြီးကို ကိုင်ကာ အလွန်ထူးဆန်းသော အမူအရာပြ၍ ခေါင်းယမ်းလိုက်သည်။ သူ စကားအနည်းငယ် ပြောတော့ အားကွေ့က ပြန်ပြောပြသည်။
"ခုနက ပြောခဲ့တဲ့ စကားရဲ့ အဓိပ္ပာယ်က အရမ်းရှင်းပါတယ်... မင်းရဲ့ သူငယ်ချင်း... သူဘယ်လိုလူလဲ ဆိုတာ မင်း လုံးဝ နားမလည်ရင် အတူမနေနဲ့... မင်းဘယ်တော့မှ သူနဲ့ ကောင်းကောင်းနေရမှာ မဟုတ်ဘူးတဲ့"
"သူ့ကိုသိလား ဘာလို့ဒီလို ပြောတာလဲ"
ဝူရှဲ့ ချက်ချင်း ထမေးလိုက်သည်။ ဦးလေးဖန်းမာက သူ့ကို ကြည့်ပြီး အချိန်အတော်ကြာ ခေတ္တရပ်နေ၏။ ထို့နောက်။
“မျက်နှာကို မမှတ်မိပေမယ့် သူ့ခန္ဓာကိုယ်က လူသေအနံ့ကိုတော့ ငါ မှတ်မိတယ်”