ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
Chapter (9)
ဦးလေးဖန်းမာ
အဘိုးအိုက အလွန်ပိန်လှီနေသည်။ သူ့ပခုံးပေါ်ရှိ ရှစ်လိအကောငိနှင့် နှိုင်းယှဉ်ကြည့်လျှင် ပို၍ပင် ပိန်လှီလှပေသည်။ သို့သော် အနီးကပ်ကြည့်လျှင် သူ့ကိုယ်ပေါ်ရှိ သိမ်မွေ့သော ကြွက်သားများက သံတုံးများကဲ့သို့ သန့်စင်နေသေးသည်ကို မြင်နိုင်၏။ အဘိုးအို၏ မျက်လုံးများသည် လရောင်အောက်တွင် တောက်ပနေပြီး သူ့တွင် ဖော်မပြနိုင်သော ထူးဆန်းသည့် အရှိန်အဝါတစ်ခု ရှိနေသည်။
သူသည် အမဲလိုက်ဓားကို သူ့ခါးပေါ်ရှိ အစွပ်ထဲသို့ ပြန်ထည့်ကာ ဝူရှဲ့ကို တစ်ဖန်ကြည့်သည်။ သူ၏ အခြားပခုံးပေါ်တွင် အကောင်ကြီးကို တင်ထားကာ ဒေသသုံးစကားဖြင့် ဝူရှဲ့အား သူ့နောက်သို့ လိုက်ခိုင်းသည်။ ပတ်ဝန်းကျင်ရှိ မြက်ပင်များသည် ရွေ့လျားနေဆဲဖြစ်သော်လည်း အဘိုးအိုက မျက်ကွယ်ပြုကာ သားရဲကို ရှေ့သို့ သယ်ဆောင်သွားခဲ့သည်။
မကြာခင်မှာ သူတို့ပတ်ဝန်းကျင်က လှုပ်ရှားမှုတွေ တဖြေးဖြေး ပျောက်ကွယ်သွားပြီး သူတို့ရဲ့ ငိုကြွေးသံတွေကို တောနက်ထဲက ကြားလိုက်ရသည်။ ရှစ်လိသည် ယာယီ အမဲလိုက်အဖွဲ့များ ဖွဲ့စည်းထားပြီး ယခုအကောင်သည် ၎င်းတို့အနက်မှ အပြင်းထန်ဆုံး ဖြစ်နိုင်၏။ နောက်ဆုံး သေဆုံးသွားသောအခါတွင် အမဲလိုက် အဖွဲ့လည်း ပြိုကွဲသွားပြီ။ သဘာဝအားဖြင့် ဒုတိယအန္တရာယ်ကို ဘယ်သောအခါမှ အဖြစ်ခံမည် မဟုတ်ပေ။
အဘိုးအိုက အော်ဟစ်လိုက်သည်။ ဝူရှဲ့ ရှေးခေတ်သင်္ချိုင်းဆီ လှမ်းကြည့်လိုက်တော့ ဓာတ်မီးအရောင်တွေက မသေချာ မရေရာပေမယ့် အားကွေ့က သူ့ကို ကယ်တင်ဖို့ မဆင်းလာရဲချေ။ ဝူရှဲ့တို့ ရှိရာသို့ ဓာတ်မီးတစ်ချောင်းတည်းသာ ရောက်လာသည်။ ၎င်းက ကျန်းချီလင်ပင်။ ဝူရှဲ့ သူ့ကိုတွေ့ရန် တောင်စောင်းပေါ် တက်သွားသည်။ သူဘာမှ မဖြစ်သွားတာကို တွေ့လိုက်ရတော့ မျက်နှာသေက စိတ်သက်သာရာ ရသွားပုံဖြင့် တိုးတိုးလေး သက်ပြင်းချ၏။
မျက်နှာသေရဲ့ လက်မှာလည်း သွေးတွေနဲ့ ဖုံးလွှမ်းနေပြီး အားကွေ့ရဲ့ အမဲလိုက်ဓားကို ဆုပ်ကိုင်ထားသည်။ သူက အဘိုးအိုနဲ့ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ အဘိုးအို၏ တက်တူးကို မြင်သောအခါ မျက်နှာသေက အံ့အားသင့်သွားသော်လည်း အဘိုးအိုက သူ့ကိုသတိမထားမိဘဲ တည့်တည့် ဖြတ်သွားခဲ့သည်။
ဝူရှဲ့လည်း သူ့ဘာသာသူ ပြန်တွေးနေခဲ့သည်။ ထိုလူက သန့်သန့်ပြန့်ပြန့်နဲ့ ခပ်မိုက်မိုက် အဘိုးကြီးပဲ။ သူ့မှာ ငြီးငွေ့စရာကောင်းတဲ့ မျက်နှာသေလို အရိပ်အယောင် ရှိနေရာ ဒီလူက ကျန်းချီလင်ရဲ့ ဖခင်များ ဖြစ်နိုင်မလား။
မျက်နှာသေက တက်လာပြီး မေးချင်ပေမယ့် ဝူရှဲ့ သူ့ကို ရပ်ခိုင်းလိုက်သည်။ ဒီအဘိုးကြီးဟာ ဆီစားသက်သာတဲ့ မီးခွက် မဟုတ်ချေ။ သူက တရုတ် ဘာသာစကား လည်းနားမလည်တာကြောင့် သူ့ကို မေးလို့လည်း အသုံးမဝင်တော့ရာ အရင်ပြန်သွားကြမယ်လို့ ပြောလိုက်သည်။
သူပြုတ်ကျတဲ့ နေရာကို ဖြတ်သွားတော့ လည်ပင်းကျိုးပြီး မြေပြင်ပေါ်မှာ လဲကျနေတဲ့ သားရဲအလောင်းကို တွေ့လိုက်ရသည်။ အဘိုးကြီးသည် သူတို့အား အလောင်းကို ယူလာရန် လှုံ့ဆော်လိုက်ရာ မျက်နှာသေလည်း အလောင်းကို ပခုံးပေါ် တင်လိုက်သည်။ တောင်ကုန်းပေါ် တက်လာသော် အားကွေ့တို့လည်း အဘိုးအိုကို တွေ့သောအခါ အလွန်အံ့သြသွားကြသည်။
အဘိုးအိုက သူတို့နဲ့ ဒေသိယစကားနဲ့ ပြောနေပေမယ့် ဝူရှဲ့တို့ကတော့ လုံးဝ နားမလည်တဲ့အတွက် ယွင်ချိုင်ကိုပဲ တိတ်တဆိတ် မေးကြည့်လိုက်သည်။
ယွင်ချိုင်: "ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ? သူက ရှင်ရှာနေတဲ့ ဦးလေးဖန်းမာပဲ"
"သူက ဖန်းမာလား?"
ဝူရှဲ့ခမျာ အံ့သြလို့ မဆုံးနိုင်အောင် ဖြစ်သွားခဲ့သည်။ ဒါကို အရင်ကလည်း တွေးခဲ့ဖူးသည်။ ဦးလေးဖန်းမာက အသက်ကြီးလာသော်လည်း သူက အတော်ဆုံး အမဲလိုက်မုဆိုး ဖြစ်သည်။ ရှစ်လိလို ဒီလောက်ကြီးတဲ့ အကောင်ကို လက်ဗလာဖြင့် သတ်နိုင်တာဟာ သူကလွဲ၍ တခြားဘယ်သူ ဖြစ်နိုင်မှာလဲ။
သို့သော် ထိုတောကြောင်တစ်ကောင်သည် တစ်ကောင်တည်းဖြင့် တိဗက်ဝံပုလွေ တစ်ကောင်ကိုတောင် တိုက်ခိုက်နိုင်သည်ကို သင်သိထားရမည်။ ထိုကြောင်မျိုးစိတ်များသည် မျိုးရိုးဗီဇ ပြောင်းလဲလာသော နို့တိုက်သတ္တဝါများ ဖြစ်ပြီး ၎င်းတို့နှင့် တိုက်ခိုက်ရာတွင် အတွေ့အကြုံ အလွန်ရင်းနှီးမှုမရှိဘဲ ထိုသို့ပြုလုပ်ရန် မဖြစ်နိုင်ပေ။
ဦးလေးဖန်းမာသည် ယခုပင် တောကောင်၏ တိုက်ခိုက်ခြင်းကို ခံရမည်ဖြစ်ကာ ဤနေရာ၌ တလမ်းလုံးလည်း ထိုတောကောင်နှင့် ဆက်ဆံခဲ့ပြီး သတ်ဖြတ်ရန် အခွင့်အရေးကို စောင့်ဆိုင်းဖို့ ဆောင်းခိုနေခဲ့သည်။ တန်ခိုးအရှိဆုံး အကောင်က တစ်စက္ကန့်တောင်သာ နောက်မကျခဲ့ရင် ဝူရှဲ့သည် ဦးလေးဖန်းမာ သေသေချာချာ သတ်နိုင်မယ်လို့ မထင်ချေ။
အားကွေ့က ဝူရှဲ့ ဒဏ်ရာကို ကြည့်ပေးပြီး ဖန်းမာကတော့ နှစ်ဖက်စလုံးကို စိတ်မဝင်စားသလို နှုတ်ဆက်ပြီး သူ့ခန္ဓာကိုယ်ပေါ်က အညစ်အကြေးတွေကို သုတ်နေသည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးများကို သုတ်ပြီးနောက် သူ့တက်တူးသည် သွေးတွေကြောင့် အလွန်ကြောက်စရာ ကောင်းနေကြောင်း တွေ့ရှိခဲ့ရသည်။ ၎င်းမှာ ကျောတွင် ဒဏ်ရာအသစ်တစ်ခု ပါရှိလာကာ ခမ်းနားတဲ့ မျက်နှာသေရဲ့ တက်တူးထက် တစ်ကယ့်ကို ကြောက်စရာကောင်းပြီး ဒဏ်ရာက နက်ရှိုင်းသည်။ ဒါဟာ တောကြောင်ရဲ့ ခိုးဝင်တိုက်ခိုက်မှုကြောင့် ဖြစ်နိုင်ပါ၏။
လူတော်တော်များများက တောင်ပေါ်ကို သွားတဲ့ခရီးကို ပြန်ပြောင်းပြောနေကြသည်။ ယွင်ချိုင်၏ ဘာသာပြန်ချက်နှင့်အတူ ဝူရှဲ့ကိုယ်တိုင်လည်း တစ်ဝက်တစ်ပျက် တွေးတောပြီးသည့်နောက်တွင် ယေဘူယျ အယူအဆကို နားလည်ခဲ့သည်။ ဖန်းမာသည် အမှန်ပင် သူ့သား၏ ကိစ္စကြောင့် တောင်ပေါ်သို့ ရောက်သွားခဲ့ခြင်း ဖြစ်ပေသည်။ သူလည်း ရှစ်လိလို တောကောင်မျိုးနှင့် ကြုံတွေ့ရမည်ဟု မမျှော်လင့်ခဲ့ပါ။
ကံကောင်းထောက်မစွာနဲ့ ဖန်းမာဟာ တောင်တွေပေါ်တက်တဲ့အခါ သစ်ကိုင်းကို ကျောပေါ်တင်တတ်တဲ့ အလေ့အကျင့်ရှိပြီး မြေပြင်ပေါ်ရောက်တဲ့အခါ နောက်ဖက်က တိုက်ခိုက်ခြင်းမှ ကာကွယ်နိုင်သည်။ ဤအရာ အားလုံးသည် ရှေးခေတ်က တောရိုင်းတိရစ္ဆာန်များ သောင်းကျန်းသည့် အချိန်မှ ကျန်ခဲ့သော မျိုးစိတ်တွေပဲ ဖြစ်ပေ၏။ ၎င်းတို့သည် သူတို့၏ဘ၀တွင် မထင်မှတ်ဘဲ ထွက်ပေါ်လာခဲ့သည်။
ရှစ်လိလို တောကောင်မျိုးကို နှစ်ပေါင်းများစွာ မတွေ့ခဲ့ရသော်လည်း လွန်ခဲ့သည့် ရက်အနည်းငယ်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်များတွင် ကြွက်များ အများအပြား ထွက်လာခြင်းကြောင့် သူတို့ဟာလည်း သားကောင်ရှာဖို့ ထွက်လာခြင်း ဖြစ်နိုင်ပေသည်။ လူများသော နေရာများ ဖြစ်သောကြောင့် အစားအသောက်ကြောင့် ရွာအနားကို ကပ်လာကြသည်။
ဖန်းမာ ခံစားရတဲ့ ခံစားချက်က သူ့ငယ်ဘဝကို ပြန်ရသွားသလိုမျိုးပင်။ သူက အရမ်းစိတ်လှုပ်ရှားနေပုံနဲ့ အခု အားကွေ့ဟာ ရွာကလူတွေကို စိုးရိမ်သင့်တယ်လို့ ဆိုလိုက်သည်။ ဖန်းမာနဲ့ ဝူရှဲဲ့တို့ နှစ်ယောက်လုံး ဒဏ်ရာတွေ ပြင်းပြင်းနဲ့ ပြန်လာခဲ့ကာ အမြန်ဆုံး ကုသဖို့လည်း လိုသည်။
လူတော်တော်များများက တောကြောင် နှစ်ကောင်ကို မီးရှို့လိုက်တဲ့ အချိန်မှာ ကောင်းကင်က လင်းလာပြီ။ ရှစ်လိ၏ သားမွေးသည် အဖိုးမဖြတ်နိုင်သောကြောင့် ဤကဲ့သို့ မီးရှို့ရသည်မှာ နှမြောစရာတော့ ကောင်းလှသည်။
သို့သော် အားကွေ့က ဤနေရာတွင် ထိုမျိုးစိတ် တစ်ကောင် ပေါ်လာသည်ကို အခြားလူများအား မသိစေချင်ပေ။ မဟုတ်ပါက တစ်ပတ်အတွင်း မုဆိုးများက ဤနေရာတွင် ဝိုင်းအုံလာလိမ့်မည်။ လောဘကြီးသူတွေက ထိုအကောင်ကို မဖမ်းနိုင်ရင်တောင်မှ အရာတစ်ခုခုကို သေချာပေါက် ရှာတွေ့နိုင်မှာဖြစ်ပြီး အန္တရာယ်လည်း များလှသည်။
ရွာကိုပြန်ရောက်တော့ မိုးလင်းနေပြီ။ ရွာထဲက လူများသည်လည်း တစ်ညလုံး အိပ်မပျော်ပေ။ မနက်မိုးလင်းလို့ လူအနည်းငယ်နှင့် တောင်ပေါ်သို့ တက်လာကြရာ တောင်ကြားလမ်းတွင် ဝူရှဲ့တို့နှင့် တွေ့ဆုံကြသည်။
ရွာမှာ မနက်စာကို ပန်ကိတ်နဲ့ ကြက်ဥယာဂု စားလိုက်ကြသည်။ ဝူရှဲ့လည်း ပန်းကန်လုံးကြီး နှစ်ခွက်စားပြီးနောက် ရွာကလူတွေက ဘာတွေဖြစ်ခဲ့တာလဲလို့ မေးမြန်းကြလေ၏။
ဝူရှဲ့မှာ ပူခုံးတစ်ပြင်လုံးနီးပါး အကိုက်ခံထားရသည်။ ပိုးသတ်ပြီးနောက် ဆေးဖက်ဝင်အပင်များ လိမ်းခဲ့သည်။ ဖန်းမာ အဖေကတော့ ၎င်း၏ ကျောတွင် ချုပ်ရိုး တစ်ဒါဇင်ကျော် ရှိပြီး ခြေဗလာ ဆရာဝန်သည် အိမ်တွင် ချည်ထည်ချုပ် သကဲ့သို့ပင် ချုပ်ပေးလိုက်ပေသည်။ ရွာသားတွေက အကြောင်းစုံ မသိရသလို့ ညည်းတွားနေကြသည်။
ဒီအသေးစိတ် ကိစ္စတွေကို ဘယ်သူ့မှ မပြောချင်ပေ။ ဝူရှဲ့ကတော့ သူတို့ ပြေလည်ပြီးရင် အေးအေးဆေးဆေး အနားယူပြီး ဖန်းမာဆီ အရင်သွားချင်ခဲ့သည်။ မထင်မှတ်ပဲ ဖန်းမာကအရင် ထွက်သွား၏။ သူက လက်ဟန်ခြေဟန်ပြပြီး သူ့အိမ်နောက်ကို လိုက်ခဲ့ခိုင်းသည်။
ကျန်းချီလင်နဲ့ ဝူရှဲ့တို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သည်။ ဒီအဘိုးကြီးဟာ တကယ့်ကို ထူးဆန်းတဲ့ စိတ်နေစိတ်ထား ရှိနေတာပဲလို့ ကိုယ့်ကိုယ်ကိုယ် တွေးရင်း နှစ်ယောက်သား မတ်တတ်ထရပ်ပြီး သူ့နောက်ကို လိုက်ကြသည်။ ခြေလှမ်းနှစ်လှမ်း လှမ်းပြီးနောက် ဖန်းမာက ခေါင်းကို ထပ်ခါယမ်းလိုက်ပြီး ရုတ်တရက် မျက်နှာသေကို တစ်ချက် ပြောလိုက်သည်။
ဝူရှဲ့တို့ နားမလည်ပေ။ သို့နှင့် သူတို့နောက်က လိုက်နေသော အားကွေ့ကို ထူးဆန်းသော အမူအရာပြပြီး ကြည့်လိုက်သည်။ ထို့နောက် ဖန်းမာက သူ့ကို အလွန်တည်ကြည်သော လေသံဖြင့် ပြန်ပြောပြီး ထွက်ခွာသွားခဲ့သည်။
ဘာဖြစ်သွားလဲ မသိ။ ဝူရှဲ့လည်း အားကွေ့ကို ဗြောင်ကျကျကြည့်ရင်း ဖန်းမာဘာပြောလဲလို့ မေးလိုက်သည်။
"မင်း တစ်ခုခု သိချင်ရင် မင်းတစ်ယောက်တည်း လိုက်ခဲ့ရမယ်... ဒီလူကတော့ လိုက်လို့မရဘူးတဲ့"
အားကွေ့က ဘာသာပြန်ပေးပြီးနောက် မျက်နှာသေကို ကြည့်ပြီးနောက် ဆက်ပြော၏။
"သူက ပြောသေးတယ်..."
"ဘာတဲ့လဲ?"
"မင်းတို့နှစ်ယောက် အတူတူ ရှိနေရင် အနှေးနဲ့အမြန်ဆိုသလို တစ်ယောက်ကို နောက်တစ်ယောက်က သေစေလိမ့်မယ်တဲ့"