ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
Chapter (11)
ရနံ့
အားကွေ့သည် ဤစာကြောင်းကို ဘာသာပြန်ပေးရန် အချိန်အတော်ကြာခဲ့ပုံရသည်မှာ ဖန်းမာ ဘာကိုဆိုလိုသလဲ ပိုလို့တောင် နားမလည်တော့အောင် ဖြစ်သွားသည်။
"လူသေအနံ့ ဟုတ်လား?"
ဘယ်လိုအနံ့မျိုးလဲ။ အလောင်းကောင် အနံ့လား။
ဝူရှဲ့ ဆက်မေးချင်ပေမယ့် ဖန်းမာက ခေါင်းခါပြီး ဒီမေးခွန်းကို ဆက်မမေးဖို့ ပြောလေသည်။ လူသေအနံ့က အလောင်းကောင်ရဲ့ အနံ့ပဲလေ။ တခြားဘာကို သိချင်သေးလို့လဲ။ ဒီအကြောင်းအရာကို ယုံချင်လည်းယုံ မယုံချင်လည်းနေ ဟူသည့် အကြည့်မျိုး ကြည့်နေ၏။
ဝူရှဲ့ခမျာ ဒီလိုမျိုး အရှုံးမပေးချင်ပေမယ့် ဖန်းမာရဲ့ သဘောထားက တင်းတင်းမာမာနဲ့ ဖြစ်လျက်ရှိသည်။ ဝူရှဲ့ အကြိမ်ပေါင်းများစွာ တောင်းပန်ခဲ့ပေမယ့် သူကတော့ ဘာအပြောအဆိုမှတောင် မတုံ့ပြန်ခဲ့ပါဘူး။
ဒီတော့ အားကွေ့က ဝူရှဲ့ကို မျက်တောင်ခတ်ပြပြီး နောက်ထပ် မေးခွန်းတွေ ထပ်မမေးဖို့ ပြောလာသည်။ ဝူရှဲ့ စိတ်ဆိုးမှာစိုးလို့ အဘိုးကြီးကိုလည်း တိတ်တိတ်လေး ကျိန်ဆဲလိုက်သေး၏။
ဖန်းမာရဲ့ သူ့နှလုံးသားထဲမှာ သိထားတဲ့ အရာတွေ အများကြီး ရှိရမယ်လို့ ပြောနိုင်သည်။ သူ့မျက်နှာက ဘာအမူအရာမှ မပြပေမယ့် သူ့စကားတွေက သူ တော်တော်များများကို သိထားတယ်လို့ ပြောနေ၏။ သို့သော် သူသည် အနည်းငယ် လျှို့ဝှက်နေပုံရပြီး သဘောထားသည် အလွန်အေးစက်သည်။ မျက်နှာသေကို တည်ငြိမ်သော အမူအရာဖြင့် အကဲဖြတ်ကြည့်ခဲ့သော ဤအဘိုးအိုသည် ထိုကမ္ဘာကို သေချာပေါက် မြင်ဖူးလိမ့်မည်။
သာမန် လူတစ်ယောက်က ဒီလိုမျိုး ဘယ်တော့မှ တွေးမိမှာ မဟုတ်ချေ။ တချို့ပွဲစားတွေနဲ့ ဆက်ဆံတဲ့အခါ တစ်ခုခုကို လျှော့ပြီး ယူသွားရတာမျိုး ရှိတတ်လို့ ဆိုပေမယ့် ဒီတစ္ဆေအိုကြီးက အဲဒီပွဲစားတွေနဲ့ မတူပေ။ နောက်တစ်ခုကတော့ သူ့စိတ်ထဲမှာ မပြောသင့်တဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေပေမယ့် သူ့လျှို့ဝှက်ချက်နဲ့ သက်ဆိုင်တဲ့ ဖြစ်စဉ်တစ်ခုကို သူ မပြောပြရင် ကြီးလေးတဲ့ ဆန့်ကျင်ဘက် တစ်ခုခုတော့ ဖြစ်သွားနိုင်တယ်လို့ သိပေမည်။
စကားအပြောအဆိုက အရေးကြီးသည်။ ဥပမာအားဖြင့် သူလျှိုတစ်ဦးသည် ယခုအချိန်တွင် သံဓာတ်ပြားဖြင့် ကစားနေသည့် ကလေးတစ်ဦးကို မြင်လျှင် သံပြားသည် မိုင်းဖြစ်ကြောင်း သိသော်လည်း ကလေးကို ပြောပြပါက ၎င်း၏ သူလျှိုသရုပ်မှန်ကို ဖော်ထုတ်မိလိမ့်မည်။ သို့သော် သူက ကလေးကို “မင်း ဒီအရာနဲ့ ကစားရင် အနှေးနဲ့အမြန်ဆိုသလို သေလိမ့်မယ်” လို့တော့ ပြောလိမ့်မည်။
ဒီဖြစ်နိုင်ခြေက အရမ်းမြင့်တယ်လို့ ဝူရှဲ့ ထင်ထားသည်။ ဝမ်းကျင်နဲ့ တခြားသူတွေ တောင်ပေါ်ကို ရောက်တဲ့ အသေးစိတ်နဲ့ အချိန်တွေကို သိချင်ပေမယ့် မျက်နှာသေကို တွေ့ပြီးနောက်မှာတော့ သူပြထားတဲ့ အသေးစိတ် အချက်အလက်အချို့က ဝူရှဲ့ကို ပိုစဥ်းစားစေခဲ့သည်။
တစ်နည်းဆိုရသော် မျက်နှာသေသည် ဝူရှဲ့အား ပေါက်ကွဲစေမည့် မြေမြှုပ်မိုင်းတစ်လုံးဟု သူက ထင်မှတ်ထားပြီး သူ့နှလုံးသားထဲတွင် လျှို့ဝှက်ချက်တစ်ခုလည်း ရှိနေသည်။ မျက်နှာသေက မိုင်းဖြစ်ကြောင်း သိစေသော်လည်း ၎င်းကို အသေးစိတ် ပြောပြရန် ဆန္ဒမရှိပေ။
စိတ်ဝင်စားစရာပင်။ ဝူရှဲ့က သူ လျှို့ဝှက်ချက်ကို ထုတ်ဖော်မပြမှာကို မကြောက်ပါဘူး။ သူ့မှာ လျှို့ဝှက်ချက် မရှိမှာကိုပဲ ကြောက်နေတာ ဖြစ်သည်။ ဒီလူအိုကြီးက သူ့ကို သတိပေးနေတာ ဖြစ်လို့ သူ့အသိစိတ်ဟာ အနည်းဆုံးတော့ ဆိုးဆိုးဝါးဝါး မဟုတ်သေးချေ။ ဝူရှဲ့ကလည်း သူ့အပေါ်ကို စိတ်မဆိုးသင့်ပါဘူး။ ကျိန်ဆဲနေတာက အသုံးဝင်မှာ မဟုတ်လို့ စိတ်ရှည်ရှည်နဲ့ ထိုင်စောင့်ပေးလိုက်တာက ပိုကောင်းပေလိမ့်မည်။
အစကတည်းက ရူးသွပ်တဲ့ အတွေးတွေကို ထုတ်ဖော်ပြောဆိုခြင်းက သူ့ကို နှိုးဆွပေးတာကြောင့် ဝူရှဲ့ စိတ်တည်ငြိမ်အောင် လုပ်ပြီး အာရုံပြောင်းဖို့ ဆုံးဖြတ်လိုက်သည်။ ဒါနဲ့ ဝူရှဲ့ ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"မေ့လိုက်ပါ... ခင်ဗျား ဒီအကြောင်းကို မပြောချင်ဘူး ဆိုမှတော့ ခင်ဗျားကို အတင်းအကြပ် မလုပ်တော့ပါဘူး... ရှေးဟောင်း သုတေသနအဖွဲ့အကြောင်း ပြောပြပေးနိုင်မလား"
အားကွေ့က ဤစကားကို ကြားပြီးနောက် သက်ပြင်း တစ်ချက်ချလိုက်ပေသည်။ သူက ဝူရှဲ့တို့စကားများ ရန်ဖြစ်မှာကို စိုးရွံ့နေပုံရသောကြောင့် မေးရန် အခွင့်အရေးမပေးဘဲ ဝူရှဲ့မေးခွန်းကို အမြန် ဘာသာပြန်ဆိုခဲ့သည်။
ဖန်းမာက ခေါင်းကို မော့လိုက်ပြီး ခေါင်းယမ်းကာ တစ်ခုခု ပြောလိုက်သည်။ အားကွေ့က ချက်ချင်း ပြန်ဆိုပြန်ပေးသည်။
"ဦးလေးဖန်းမာက ပြောတယ် မင်းပြောတာ မှားနေပြီ.... အဲဒါက ရှေးဟောင်းသုတေသနအဖွဲ့ မဟုတ်ဘူး အဲဒီလူတွေက စစ်သားတွေပဲတဲ့"
"စစ်သား ဟုတ်လား"
ဝူရှဲ့လည်း အစတုန်းကတော့ မှားတယ်လို့ ထင်ခဲ့ပေမယ့် အားကွေ့ ထပ်ပြီး ဘာသာပြန်ခဲ့တာက ဒီစကားပဲ ဖြစ်နေသည်။ ဝူရှဲ့ အဲဒါကို ခဏလောက် စဉ်းစားပြီးမှ အဖေဖန်းမာဟာ အဲဒီတုန်းက သုသေသန အဖွဲ့ဟာ အစိမ်းရောင် စစ်ယူနီဖောင်းတွေ ဝတ်ထားလို့ အထင် မှားသွားတာဖြစ်မယ်လို့ ခံစားရလေသည်။
အောက်ဖက်က စကားဝိုင်းများ အားလုံးကို အားကွေ့က ဘာသာပြန်ထားခြင်းပဲ ဖြစ်ပေသည်။
"အဲဒီတုန်းက အခြေအနေက အရမ်းတင်းမာနေတာ... စစ်သားတော်တော်များများ ရောက်လာပြီး စက်သေနတ်တွေ ကိုင်ဆောင်လာကြတယ် သူတို့က သိုးခြေထောက်တောင်ကို သွားပြီး လမ်းပြဖို့ တစ်ယောက်ယောက်ကို ရှာနေတာ... အဲဒီတုန်းက အားကွေ့ရဲ့အဖေက တွေ့သွားတော့ ပြီးတော့ သူတို့ကို တောင်ပေါ် ခေါ်လာပေးခဲ့တာပဲ ”
ဝူရှဲ့လည်း ဤတော့မှ ထိုအချိန်က ဗီယက်နမ်နှင့် နယ်နိမိတ် အငြင်းပွားမှုကို အမှတ်တမဲ့ သတိရမိသည်။ ၁၉၇၀ ပြည့်လွန်နှစ်များက ဤနေရာသည် စစ်ပွဲရပ်ဝန်းတစ်ခုထဲ ပါဝင်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါ။ ဒါက ဝူရှဲ့ အနေဖြင့် တကယ်ကို မမျှော်လင့်ထားတဲ့ အရာတစ်ခု ဖြစ်လို့ ချက်ချင်း လေးလေးနက်နက် တွေးလိုက်မိပြီး စိတ်ထဲမှာ မေးခွန်းတွေ အများကြီး ပေါ်လာတော့သည်။
ထိုအချိန်က အခြေအနေအရ ရှေးဟောင်းသုတေသန အဖွဲ့တစ်ဖွဲ့က ဤနေရာကို လာစုံစမ်းရန်မှာ ထူးဆန်းပေလိမ့်မည်။ သို့သော် ဝမ်းကျင်နှင့် အခြားသူများမှာ တန်ခိုးကြီးမားလှသည်။ သူတို့ ရောက်လာတယ် ဆိုတော့ သိုးခြေထောက်တောင်မှာ တကယ်တန်ဖိုးရှိတဲ့ ရှေးဟောင်းသင်္ချိုင်းတစ်ခု ရှိနေတာများလား။
“ဒီလူတွေမှာ နက်နဲတဲ့ နောက်ခံတွေရှိတယ်…” ဆိုတဲ့ ဦးလေးသုံးရဲ့ စကားက ဝူရှဲ့စိတ်ကို တုန်လှုပ်ချောက်ချား သွားစေခဲ့သည်။