(2) ထူးဆန်းသော ရွာ
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar



Chapter (2)

ထူးဆန်းသော ရွာ



ကျန်းချီလင်က ဝူရှဲ့ကို လျင်မြန်စွာ ဖမ်းကိုင်လိုက်စဥ် ဝူရှဲ့ရဲ့ ပထမဆုံး တုံ့ပြန်မှုကတော့ သူတို့အဲဒီမှာ ဘယ်တုန်းက ရပ်နေတာလဲ ဆိုပြီး အံ့သြသွားတာပါပဲ။ 


သူတို့က မြို့ထဲမှာ နေကြတာကြောင့် အရာရာတိုင်းကို ကြည့်လေ့ရှိသော်လည်း တောင်ကုန်းတွေဘက် ရောက်လာတော့ ပတ်ဝန်းကျင်ကို အာရုံစိုက်ဖို့ မစဉ်းစားခဲ့မိချေ။ ဒါကြောင့် ဒီကိုစရောက်တုန်းက တောင်စောင်းမှာ တစ်ယောက်ယောက် ရှိမလား သတိမထားခဲ့မိ။ တကယ်လို့ ၎င်းတို့က မနက်အစောကြီး ထခဲ့မယ်ဆိုရင် သူတို့ လျှောက်လာခဲ့တာကို အုတ်တံတိုင်း အဆောက်အအုံပေါ် တက်လိုက်တာနဲ့ မြင်ရပြီ မဟုတ်လား။ ဒါက နည်းနည်းတော့ ဆိုးလေသည်။ 


သူတို့ရဲ့ အမူအရာတွေကို ကြည့်ပြီး သူတို့အားလုံးက မကြင်နာကြသလို အေးစက်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြလေသည်။ အဖြူအမည်းရုပ်ရှင်တွေထဲက သစ္စာဖောက်တွေကို ကြည့်​နေတဲ့ သာမန်လူတွေရဲ့ မျက်နှာပေါ်က အမူအရာတွေလိုပါပဲ။


ဝူရှဲ့ အနည်းငယ် တုန်လှုပ်သွားပြီး သူတို့ကို ဆက်မကြည့်ဖို့ ဆုံးဖြတ်၍ သူ့မျက်နှာကို ကျန်းချီလင်ဘက်သာ ပြန်လှည့်ထားလိုက်သည်။ ဤလူများသည် အသက် လေးဆယ်မှ ငါးဆယ်ကြားရှိ တောင်တန်းသားများ ဖြစ်ပြီး ခက်ခဲသော ဘဝနေထိုင်ကြသူပင်။ 


ယေဘူယျအားဖြင့် အသက်ကြီးသည်ဟု ထင်ရသော်လည်း ၎င်းတို့၏ အသက်အရွယ်က ငယ်နိုင်သည်။ တောင်ပေါ်မှ တစ်စုံတစ်ခုကို ကောက်ယူလယသလိုမျိုး ထမ်းဘိုးထမ်းထားသော လူနှစ်ယောက်လည်း ရှိသည်။ အဲဒီလူတွေက ဘာမှမလုပ်ဘဲ ဝူရှဲ့တို့ကို စိုက်ကြည့်နေ၏။ 


ဝူရှဲ့သည် ချောင်ရှားက မွေးရပ်မြေမှာလည်း ဒီလိုမျိုး မြင်ကွင်းမျိုး ကြုံဖူးတာကြောင့် သူတို့အမူအရာကို နားလည်သည်။ ဒီလူတွေက သူတို့ကို အရမ်းသတိထား တတ်ပေမယ့် သူတို့ဘယ်သူလဲဆိုတာတော့ သေချာမသိသေးချေ။ သို့သော် အခုနတုန်းက သူတို့ရဲ့ လုပ်ရပ်တွေက သူတို့ဘယ်သူလဲ ဆိုတာကို ပြသလိုက်ပုံပါပဲ။ 


တောင်ရွာမှာ ဒေသခံတွေကို မစော်ကားရဘူး။ မဟုတ်ရင် ထုတ်ပယ်ခံရတာကနေ ရဲစခန်းကို တိုက်ရိုက်ခေါ်သွားတဲ့အထိ ဖြစ်လာမယ့် အကျိုးဆက်တွေ ရှိလေသည်။ ချောင်ပိုင်တောင်ကို သွားတုန်းက အစ်ကိုချူ သစ္စာဖောက်တယ် ဆိုတဲ့အချက်ကနေ သူတို့ရဲ့ အမှုမှတ်တမ်းကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ရဲစခန်းထဲဝင်ပြီး အင်တာနက်ကို စစ်ဆေးကြည့်တာနဲ့ ပြဿနာက ပိုကြီးမလာဘူးလို့ အာမခံချက် မရှိပါဘူး။ 


ဒီအချိန်မှာ သူတို့​တောင် ထပ်တက်ရင် အရိုက်ခံရလိမ့်မယ်။ တောင်ရွာက ရွာသားတွေကို စော်ကားမိမှာ ကြောက်ရသေးသည်။ 


ဝူရှဲ့ သူခိုးဖြစ်မှာကို နည်းနည်းတော့ စိတ်ပူမိပေမယ့် အခု နှလုံးခုန်က မြန်လာသည်။ စိတ်ပူလာပြီး တောင်ပေါ်က ဆင်းလာရမယ့် ဖိအားတစ်ခုကို ကြိုတင် ခံစားလာရသည်။ ဒါပေမဲ့ တံတိုင်းကို ကြည့်လိုက်တော့ မထွက်နိုင်​လောက်​တော့ဘူးလို့ပင် ခံစားမိလာ၏။


ဝူရှဲ့ ခဏလောက်အထိ မလှုပ်ရှားတော့ရာ ဖက်တီးက သူ့ကို လာဆွဲပြီး တိုးတိုးလေး ပြောသည်။ 


“ညနေမှ ပြန်လာရအောင်.... ပြန်လာရင် နာရီပိုင်းထက် မပိုပါဘူး” 


ဝူရှဲ့တို့ သုံးယောက်လုံးရဲ့ ခန္ဓာကိုယ်က တင်းမာနေကြသည်။ အထူးသဖြင့် အေးတိအေးစက် ကြည့်တတ်တဲ့ ကျန်းချီလင်ပင်။ အဲဒီနောက် တတ်နိုင်သမျှ သဘာဝအတိုင်း ထွက်သွားပြီး ခပ်ဝေးဝေးအထိ လမ်းလျှောက်ပြီးနောက် ရွာသားတွေ လိုက်လာမလား နောက်ကို လှည့်ကြည့်တော့ ဘယ်သူမှ မရှိတော့မှ စိတ်သက်သာရာ ရသွား၏။


ဒီမြင်ကွင်းက ငယ်ငယ်က လိမ္မော်သီးခိုးဖို့ ခြံထဲကိုသွားတုန်းက ခြံပိုင်ရှင်နဲ့တွေ့တော့ အသေပြေးခဲ့ရသလိုပင်။ အဲ့တုန်းက သူအိတ်ထဲမှာ လိမ္မော်သီးတွေ ပြည့်နေရာ အရမ်းကြောက်သွားရသည်။ သူတို့ ဖြတ်သွားဟန် ဆောင်ရမယ်။ ဒီလို တင်းမာမှုမျိုးက ခြေထောက်တွေကို မလှုပ်နိုင်စေတာတော့ သေချာပါ၏။ အခုက ငယ်ငယ်တုန်းကလောက် ကြောက်စရာ မ​ကောင်းပေမယ့် အဆင်မပြေတာကြောင့် ရယ်စရာ ကောင်းနေသည်။ 


အလာလမ်းတုန်းက မှတ်ဉာဏ်ကို အားကိုး၍ အားကွေ့အိမ်သို့ ပြန်လာခဲ့သည်။ အားကွေ့ကို အိမ်တွင် မတွေ့ခဲ့ရသော်လည်း ၎င်း၏အကြီးဆုံး သမီးဖြစ်သူသည် သူတို့ကို တွေ့သောအခါတွင် ဘာကြောင့် ဒီလောက်မြန်မြန် ပြန်လာတာလဲဟု မေးမြန်းခဲ့ပါသည်။ ဝူရှဲ့ကတော့ အရမ်းပူလို့ သည်းမခံနိုင်ဘူးလို့သာ ပြောခဲ့သည်။ 


ဖက်တီးကတော့ အခန်းထဲကို တန်းတန်းမတ်မတ် ပြန်ဝင်သွားပြီး ကုတင်အောက်တွင် သံသေတ္တာကို ဝှက်ထားလိုက်သည်။ ပြီးတော့မှ အားလုံး စိတ်သက်သာရာ ရသွားပြီး ကိစ္စပြီးသွားတယ်လို့ ခံစားရလေ၏။ 


ဖက်တီး: “ကြမ်းတမ်းတဲ့ အကွက်တွေကို ဖြတ်ကျော်လိုက်တိုင်း မင်းဉာဏ်ပညာတွေ ရလာလိမ့်မယ်တဲ့... အခုကစပြီး နေ့ခင်းဘက်ဆို သိပ်စိတ်မရှည်ရအောင် ပတ်ဝန်းကျင်ကို အရင်ဂရုစိုက်ဖို့ လိုတယ် အားကွေ့ကို ဂရုစိုက်တဲ့သူက ရပ်ကွက်ထဲက မြွေတစ်ကောင်ဖြစ်ရင် ငါတို့က သူ့ကို ဂိုဏ်းထဲဝင်ဖို့ လုပ်ရမှာပေါ့"


ဝူရှဲ့ကတော့ ရွှံ့ရေထဲတောင် မဆင်းနိုင်လို့ အသုံးမကျဘူးလို့ ကိုယ့်ကိုကိုယ် တွေးနေခဲ့လေသည်။ ထို့အပြင် ဤအဆင့်သို့ရောက်သောအခါတွင် မလိုလားအပ်သော အကျိုးဆက်များသည် အကျိုးသက်ရောက်မှုကို ဖြစ်စေနိုင်သောကြောင့် ပို၍စိတ်စောနေခြင်း ဖြစ်သည်။


အဲဒီ့နောက်မှာတော့ ဖက်တီးဟာ လှဲအိပ်လိုက်လေ၏။ ဝူရှဲ့ခမျာ မမြင်လိုက်ရတဲ့ ဓါတ်ပုံတွေအကြောင်း တွေးရင်း မငြိမ်မသက် ဖြစ်နေတာကြောင့် အိပ်ပြီး ငုတ်တုတ်သာ ထိုင်နေရသည်။ မကြာခင်မှာပင် သစ်သားအဆောက် အအုံနောက်က တောင်တက်လမ်းက ဘယ်ကိုသွားတာလဲလို့ အားကွေ့သမီးကို မေး​နေတဲ့ ဖက်တီးအသံကို ကြားရပြီး အဲ့ဒီမှာ လမ်းလျှောက်တဲ့သူတွေ အများကြီး ရှိနေတာ တွေ့ရကြောင်း ဆို၏။ 


အားကွေ့သမီးက နွေရာသီမှာ ဖရဲသီးတွေ မှည့်နေတဲ့အတွက် တောင်ပေါ်ကို ဖရဲသီးတွေ ကောက်ဖို့ မကြာခဏ သွားတက်ကြောင်း ပြောပြသည်။ သစ်သားအဆောက် အအုံဟောင်းကြီး တည်ရှိနေတာ ကြာပါပြီ။ ဟိုအရင်က အဘွားကြီးတစ်ယောက် လာနေတယ်ဆိုတာ ကြားကြောင်း ပြောပြ၏။ 


ဝူရှဲ့ အဘွားကြီး ဟုတ်မနေတဲ့ မျက်နှာသေကို ခေါင်းစောင်း ကြည့်လိုက်သည်။ မျက်နှာသေ ​​အရင်က အဘွားကြီးတစ်ယောက်နဲ့ နေထိုင်ဖူးတာလား။ ထိုဆယ့်ငါးနှစ်တာ ကာလအတွင်းတွင် သူသည် လိင်ကျွန်အဖြစ် အကျဉ်းချထားခြင်း ခံထားရလျှင်တော့ အလွန်စိတ်ဆင်းရဲစရာပဲလို့ ဖက်တီးက ဆိုလာသည်။ ဝူရှဲ့မှာ ဖက်တီးတစ်ယောက် ညစ်ညမ်းတဲ့ အတွေးတွေ ဘယ်ကလာမှန်း မသိတဲ့အတွက် အံ့ဩသွားမိသည်။ 


သို့သော် အားကွေ့သမီး ပြောတဲ့ အချိန်ကာလဟာ စောတာလည်း ဖြစ်နိုင်သည်။ သို့မဟုတ် မျက်နှာသေ ထွက်သွားပြီးနောက်မှ အဘွားကြီးက ရောက်လာတာ ဖြစ်နိုင်​ပေသည်။


အဲဒီနောက်မှာတော့ ဖက်တီးဟာ ထိုညစ်ပေနေသော လူအကြောင်း မေးတဲ့အခါမှာတော့ အဲဒီလူဟာ တကယ်ရှိတယ်ဆိုတာ သိလိုက်ရသည်။ ထိုအရူးသည် သူမ မမွေးကတည်းက ရှိနေခဲ့ကာ မည်သူမည်ဝါ ဖြစ်သည်ကို မသိပေ။ ရွာကလူများက သူ့ကို "အားယွိသားတော်" ဟု ခေါ်ကြသည်။ ဤလူသည် တောင်ပေါ်ရှိ ကျိုးပဲ့သောအိမ်တွင် တခါတရံ ဟင်းအကျန်များကို စားသောက်ရန် ဆင်းလာသည်ကို တွေ့ရသော်လည်း ယခုတော့ လမ်းလျှောက်ရန် အလွန်ပင်အိုနေပြီ ဖြစ်သည်။ 


ယခင်င အဘိုးကြီး တစ်ယောက်က သူ့ကိုသနားပြီး တောင်ကြားကို ရိက္ခာတွေထုတ်ကာ ပို့ပေးတတ်သည်။ ဝူရှဲ့ ပြန်တွေးကြည့်ရာ ဒီနေ့မြင်လိုက်ရတဲ့လူက နွားတစ်ကောင်လို ပြေးနေလေရာ အဘိုးကြီးတစ်ယောက်လို့ လုံးဝ မထင်ရပေ။ သူ့လိုမြို့သားက တောင်ပေါ်ဒေသလ အရူးတွေလောက် မသန်မာလို့များလား။ 


အသက်ကြီးပြီဟု ဆိုသော်လည်း အသက် လေးဆယ်ကျော်သာ ရှိမည်ဟု ခန့်မှန်းရသည်။ သူသည် မစားရ၊ မသောက်ရ၊ နေပူမိုးရွာ မရှောင်သောကြောင့် အသက်ကြီး​နေပုံရတာပင်။ သို့သော် သူသည် တောင်တန်းများတွင် တစ်နှစ်ပတ်လုံး နေထိုင်လာသောကြောင့် သူ၏ ကိုယ်လုံးကိုယ်ပေါက်သည် သာမန်လူများနှင့် လုံးဝ မတူပေ။


ဖက်တီးက ရေခွက်နဲ့ဝင်လာပြီး ပြောလေသည်။ 


"ကြားလား? ဒီရာသီက ဖရဲသီးရိတ်တဲ့ရာသီပဲ... ဟိုမှာ လူတွေများလွန်းတယ် ငါတို့ အေးအေးဆေးဆေး နေရမယ် ဒီမှာက တောနဲ့မတူဘူး ထွက်ပြီး စွန့်စားရမယ့်အစား ညနက်သန်းခေါင်အထိ စောင့်တာ ပိုကောင်းမယ်ထင်တယ်" 


ဝူရှဲ့ကတော့ မဟုတ်သေးဘူးဟူ၍ ခေါင်းခါသည်။ တကယ်ကို အရူးဖြစ်ရင်တောင် သူ့အမူအရာက မှန်းလို့မရနိုင်သလို သံသေတ္တာကို ပြန်လာကြည့်ဖို့ နောက်ပြန် တွားသွားနိုင်မလား ဆိုတာတောင် အာမခံချက် မရှိပါဘူး။ ရွာထဲက စွန့်ပစ်ထားတဲ့ အိမ်ဟောင်းလေးထဲကို ၀င်ဖို့က သူ့အတွက် ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ပါဘူး။ 


ဒါကြောင့် ဝူရှဲ့ မစောင့်နိုင်တော့ဘူးလို့ ပြောကာ နေ့လယ်စာစားပြီး လမ်းလျှောက် ထွက်လို့ရရင် ဝင်သွားကြည့်မယ်လို့ ပြောလိုက်သည်။ ကျန်းချီလင်ကတော့ သဘောတူဟန် အကြည့်တစ်ချက်သာ ပေး၏။ ဖက်တီးခမျာ ခါးခါးသီးသီးသာ ပြုံးပြပြီး ဝူရှဲ့ကို စကားမပြောချင်တော့ဟန်ဖြင့် လှည့်သွားသည်။ ဘာပဲဖြစ်ဖြစ် သူပြောတာက ဝူရှဲ့အတွက်ပဲလေ။


နေ့လည်စာစားအပြီးမှာ မျက်နှာသေနဲ့ ဝူရှဲ့ဟာ အိမ်ဟောင်းအပြင်ဘက်ကို ပြန်ထွက်လာခဲ့ပြီး တံခါးနားက သစ်ပင်ကြီးအောက်မှာ ထိုင်နေခဲ့သည်။ အကြောင်းမှာ အိမ်ဟောင်းနားမှာ အဘိုးကြီးတွေ ရှိနေလို့ပါပဲ။ 


ဇာတ်လမ်းများနှင့် လက်တွေ့ဘဝ၏ ကွာခြားချက်မှာ ဇာတ်လမ်းများတွင် အရေးကြီးသော အခိုက်အတန့်များတွင် အရှိန်အဟုန်ကို အမြဲတမ်း အရှိန်မြှင့်နိုင်သော်လည်း လက်တွေ့ဘဝတွင် ဆိုးရွားသော မတော်တဆမှုများက အမြဲရှိနေတတ်သည်။ တဖက်က သစ်ပင်အောက်မှာ ထိုင်ပြီး အဘိုးကြီးတွေ ထွက်သွားတာကို စောင့်ရင်း နဖူးပေါ်က ချွေးတွေကျ၊ နေရောင်ကျသွားတာတောင် အဘိုးအိုတွေက စကားစမြည်ပြောရင်း ပိုပျော်လာလေသည်။ 


ဝူရှဲ့ခမျာ ရင်ဘတ်ထဲမှာ ပိတ်မိနေတဲ့ ပူပင်သောကတွေကို ဖော်ပြဖို့ ခဲယဉ်းလာတာကြောင့် မွန်းကြပ်လာ၏။ ဖက်တီးက သူတို့ကို မတွေ့တာကြာနေပြီလို့ ဖြစ်ရာ သူတို့ ဖမ်းသွားပြီလို့ ထင်သွားသည်။ 


ဒီအချိန်မှာ ဝူရှဲ့လည်း တဖြည်းဖြည်း ငြိမ်သက်သွားပြီ။ နေက တောက်ပနေပြီး လေထုထဲမှာ စိုစွတ်နေတဲ့ အပူလှိုင်းတွေကြောင့် "ပူတယ်"လို့သာ ပြောနေရသည်။ ငှက်ပျောရွက်ကို အေးအောင်သုံးပေမယ့် အသုံးမဝင်ပေ။ အပူတွေကြောင့် တစ်ကိုယ်လုံး ပွက်ပွက်ဆူလာသည်အထိ အပူလှိုင်းက ပြင်းထန်လှသည်။


ဒီအခြေအနေမှာ သူ့ကို သဘောကျစေသူကတော့ မျက်နှာသေပါပဲ။ အရမ်းပူနေတာတောင် သူ မလှုပ်မယှက်ပင်။ စိတ်တိုနေပုံမပေါ်ပေမယ့် တစ်ကိုယ်လုံး ချွေးတွေ ဖုံးနေလေသည်။ ရေခဲတောင်လို ခပ်မိုက်မိုက် ကောင်လေးတောင် ကွမ်ရှီးရဲ့ နေကို အန်တုလို့မရခဲ့ချေ။ 


ဖက်တီးကတော့ သူ့စကား နားမထောင်တဲ့ ဝူရှဲ့အား ရယ်ပြလေသည်။ ဝူရှဲ့မှာ သူ့ကို ချေပဖို့ ခွန်အားမရှိလို့ လျစ်လျူရှုထားလိုက်သည်။ ဖက်တီးဟာ ပေကျင်းမှာနေတာ ကြာနေပြီမလို ဒီနေရာက အပူနဲ့ စိုထိုင်းဆက သူ့အတွက် ပိုလို့တောင် အဆင်မပြေချေ။ နောက်ဆုံး ဖက်တီး စကားစလာသည်။ 


"ငါတို့ကို သွားကြစို့ သွားကြစို့ မစောင့်နဲ့တော့" 


ရွာအပြင်ဘက်မှာ တောင်ကျချောင်း တစ်ချောင်းရှိသည်။ သူတို့ရောက်တုန်းက တွေ့လိုက်သေးသည်။ ချောင်းက မကျယ်ပေမယ့် ရေစီးက အရမ်းမြန်လို့ နွေအပူဒဏ်ကို ရှောင်ဖို့ နေရာကောင်းတစ်ခု ဖြစ်မယ်ထင်ပါရဲ့။ သို့သော် ရွာကနေ ဘယ်လို သွားရမှန်းမသိတာက ခက်လှသည်။ 


ဝူရှဲ တကယ် သည်းမခံနိုင်တော့ပေ။ ချောင်းလို့ ကြားတာနဲ့ ထပြီး သုံးယောက်သား အဲဒီကိုအတူတူ ထွက်လာခဲ့သည်။ လမ်းတလျှောက်က ရွာသူရွာသား အတော်များများကို မေးကြည့်တော့ သူတို့ကို လမ်းညွှန်ပေးလိုက်ပါ၏။ ဖက်တီးမှာ ငှက်ပျောရွက်ကို ကောက်ပြီး ခေါင်းပေါ်တင်ကာ ရွာထဲက နေရောင်ကို တစ်လမ်းလုံး ကျိန်ဆဲလာခဲ့သည်။


ချောင်းများနှင့် မြစ်များသည် အခြေခံအားဖြင့် တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြီး တောင်ပေါ် ဒေသများတွင် အခြေခံအားဖြင့် ချောင်းများဘေးတွင် ကျောက်တုံးများ တည်ရှိပြီး မိုးသည်းထန်စွာ ရွာသွန်းသောအခါတွင် အဆိုပါကျောက်စရစ်ခဲများကြား ရေစီးက ဖြည်းဖြည်းချင်း စီးဆင်းနိုင်သည်။


ကုန်းပေါ်က လှမ်းကြည့်လိုက်တော့ ရေထဲမှာ ရေကစားနေတဲ့ လူအနည်းစုကို တွေ့လိုက်ရသည်။ ဒေသခံတွေကတော့ အပူဒဏ်ကို မကြောက်ကြပုံပါပဲ။ စမ်းချောင်းလေးဆီ လျှောက်သွားတဲ့အခါ စိမ်းစိုနေတဲ့ စမ်းချောင်းလေးရဲ့ အေးမြတဲ့လေက မျက်နှာကို လာရိုက်ခတ်လေရာ အလွန် လန်းဆန်းသွားလေသည်။ 


ထိုနေရာတွင် ကစားသူအများစုမှာ အသက်ဆယ့်ငါးနှစ် သို့မဟုတ် ဆယ့်ခြောက်နှစ်အရွယ် မိန်းကလေးများဖြစ်ပြီး အတွင်းခံ အင်္ကျီများသာ ၀တ်ထားသည်။ ရေစိမ်ထားသော အဝတ်အစားများက ၎င်းတို့၏ ခန္ဓာကိုယ်တွင် တွယ်ကပ်နေကာ ချောမောလှပသော အသွင်အပြင်ကို ပြသ​နေကြ၏။ ထိုအခါ ဖက်တီးသည် ရုတ်တရက် စိတ်လှုပ်ရှားသွားပြီး ကျူးပါကျဲ ပင့်ကူမိစ္ဆာ​တွေကို မြင်လိုက်ရသလိုပင် ဖြစ်သွားသည်။ 


ဘောင်းဘီတို ဝတ်ရတာ အဆင်မပြေလို့ အားကစား ဘောင်းဘီတိုဝတ်ပြီး ရေထဲဆင်းပြီး နေရောင်က နည်းနည်းပူတဲ့အတွက် ကျောက်ဆောင်အောက်က အရိပ်ရှိရာကို ပြေးသွားရသည်။ မျက်နှာသေကတော့ ရေထဲသို့ မဆင်းချင်သောကြောင့် အေးမြမှုကို ခံစားရန် သစ်ပင်အောက်တွင်သာ ထိုင်​​နေခဲ့သည်။


ခဏလောက် ရေစိမ်ပြီးနောက် နွေရာသီရဲ့ အပူဒဏ်က ပျောက်ကွယ်သွားသည်။ ဖက်တီးဆိုတဲ့ ကောင်ကတော့ ကောင်မလေးတွေနဲ့ ဆော့ကစားရင်းနဲ့ အလုပ်ရှုပ်နေကာ မျက်နှာသေကတော့ ဝူရှဲ့ဘေးက သစ်ပင်အောက်မှာ အိပ်ပျော်သွား​ပြီ။ ဝူရှဲ့ ကျုံးနားကို မျှော်ကြည့်လိုက်တော့ မျက်နှာသေရဲ့ အုတ်တံတိုင်း အဆောက်အဦးက ဒီနဲ့သိပ်မဝေးတာ တွေ့လိုက်ရသည်။ အခုတော့ အားကွေ့ရဲ့အိမ်မှာ စောင့်ရတာက ပိုအဆင်ပြေမှန်း သိလိုက်ပါပြီ။ 


သို့သော် ရလဒ်ကြေညာတဲ့ နံရံရှေ့မှာ စောင့်ဆိုင်းနေတဲ့ ကိုယ်စားလှယ်လောင်းတွေလိုပဲ အိမ်မှာစောင့်နေတာထက် အပြင်မှာ စောင့်ရတာက ပိုသက်သာတယ်လို့ ခံစားရသည်။ စိုးရိမ်စိတ်နဲ့ အခုမှ ကိုယ့်ကိုကိုယ် သနားမိလာ၏။ ဘာပဲဖြစ်ဖြစ် ဒီတစ်ခါတော့ ဂူဖောက်တာ မဟုတ်လို့ ဒီမှာ ဘာမှဖြစ်မလာဘူး၊ ဖုတ်ကောင်လည်း မရှိတော့တာကြောင့် အနားယူဖို့ အချိန်ယူနိုင်သည်။ 


ဒါကြောင့် ဝူရှဲ့လည်း ခဏအိပ်လိုက်သည်။ သူ့ခန္ဓာကိုယ်ကို ရေထဲမှာ စိမ်ထားပြီး မျက်လုံးတွေကိုမှိတ်ထားလိုက်၏။ ဘယ်လောက်ကြာကြာ အိပ်နေလဲ မသိပေမယ့် နည်းနည်း မှိန်းသွားတဲ့အခါ ရုတ်တရက် တစ်ယောက်ယောက် ခေါ်သံကို ကြားလိုက်ရသည်။ 


ဝူရှဲ့ တဖြည်းဖြည်း နိုးလာပြီး ထထိုင်လိုက်တာနဲ့ ရေစီးကြောင်းက သူ့မျက်နှာကို ရိုက်ခတ်လာတာကြောင့် ဇတ်ကနဲ နိုးလာသည်။ ဝူရှဲ့ အိပ်ရာက ထထိုင်လိုက်ချိန်မှာတော့ ရေကစားနေတဲ့ ကလေးငယ်တွေ အားလုံး ကမ်းစပ်ဆီကို ပြေးသွားပြီး လမ်းကြောင်းမှန်အတိုင်း ပြေးနေကြတာကို တွေ့လိုက်ရသည်။ 


"ထတော့ ထတော့!"


ဝူရှဲ့ ကမန်းကတမ်း မတ်တတ် ထရပ်လိုက်သော် အဝေးတစ်နေရာကနေ အစိမ်းရောင် မီးခိုးငွေ့တွေ တက်လာတာကို တွေ့ရလေ၏။ 


"အိမ်မီးလောင်နေပြီ ထင်တယ်" 


ဝူရှဲ့လည်း ထိုလမ်းကြောင်းကို လှမ်းကြည့်လိုက်ရာ ၎င်းက မျက်နှာသေရဲ့ အုတ်တံတိုင်း အဆောက်အဦး တည်ရှိရာဘက် ဖြစ်သော်ကြောင့် ရုတ်တရက် ဆိုးရွားသော အရာတစ်ခု ဖြစ်သွားပြီမှန်း သိလိုက်သည်။