Volume 6 (1) မူလအစ
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar



Chapter (1)

မူလအစ



ဝူရှဲ့နဲ့ ဖက်တီးသည် ကျန်းချီလင်၏ ပျောက်ဆုံးနေသော မှတ်ဉာဏ်ကို ရှာဖွေရန် ကူညီရင်း ကွမ်ရှီး၏ လူသိများသော ပါးနိုင်၊ ရှစ်ဝမ့်တတောင်၏ ကုန်းတွင်းပိုင်းသို့ ရောက်ရှိခဲ့သည်။


မှတ်ဉာဏ်ပျောက်ဆုံးပြီး မှတ်ဉာဏ်ကို ရှာဖွေခြင်းမျိုးသည် လက်တွေ့တွင် မဖြစ်နိုင်ဘူးဟု အမြဲတွေးထင် နေသောကြောင့် အစပိုင်းတွင် အနည်းငယ် ထူးဆန်းနေသေးသည်။ တစ်ဖက်သား၏ အတိတ်သည် သာမန် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ကျန်းချီလင် နောက်ကွယ်က ဇာတ်လမ်းသည် သည်းထိတ်ရင်ဖို ဝတ္ထုတစ်ပုဒ်ကို ဖတ်ရှုနေသကဲ့သို့ ​ဖြစ်​နေရာ ကိုယ်တိုင်ပါဝင် ဆောင်ရွက်ရသကဲ့သို့ ဖြစ်နေခဲ့သည်။


မျက်နှာသေသည် သူ့လို လူတစ်ယောက်၏ နှလုံးသားထဲတွင် သိမ်ငယ်စိတ်များ ရှိနေသလား ဆိုတာကိုတော့ ဝူရှဲ့လည်း မသေချာချေ။ အတိတ်ကို ရှာဖွေဖို့ ကူညီပေးတာက သူ့ရဲ့ လက်ရှိ အခြေအနေကနေ တကယ်ကို မှတ်ဉာဏ် ပြန်ရလာဖို့ မျှော်လင့်ထားတာတွေလည်း ရှိခဲ့ပါသည်။


အစ်ကိုချူပေးသော သဲလွန်စများအတိုင်း တောင်ပေါ်သို့ ဝင်ရောက်ခြင်း ဖြစ်စဉ်နဲ့အတူ မျက်နှာသေ နေထိုင်ခဲ့သည့် အုတ်တံတိုင်းကာ အိမ်ကို တွေ့ရှိခဲ့ပြီး ပျက်စီးနေသော ကုတင်အောက်ရှိ လျှို့ဝှက်ခန်းအတွင်းမှ သံသေတ္တာတစ်ခုကိုလည်း တွေ့ရှိခဲ့သည်။ အဲဒီနောက်မှာ တစ်စုံတစ်ယောက်က သံသေတ္တာကို အုတ်တံတိုင်း ကြမ်းပြင်ကနေ ဆွဲထုတ်ဖို့ ကြိုးစားခဲ့သည်။ ကံကောင်းထောက်မစွာနဲ့ အချိန်မီ တွေ့ရှိခဲ့ပေမယ့် အဲဒီလူဟာ ရွာပတ်ဝန်းကျင်နဲ့ အလွန်ရင်းနှီးပြီး ရွာထဲကို အမြန်ထွက်ပြေးခဲ့ရာ ခြေရာလက်ရာပင် မရှိတော့ပေ။ 


ဖြစ်ပျက်ခဲ့တာတွေကို နားမလည်ဘဲ ဇဝေဇဝါဖြစ်နေချိန်မှာ ဖက်တီးကိုင်ထားတဲ့ သံသေတ္တာရဲ့ ချိတ်က မထင်မှတ်ပဲ ကျိုးသွားပြီး သေတ္တာက မြေပြင်ပေါ်ကို မှောက်ကျသွားလေ၏။ 


အဖြစ်အပျက်တွေက အရမ်းမြန်ပြီး လူသုံးယောက်ထဲက တစ်ယောက်မှ မတုံ့ပြန်နိုင်လိုက်ပေ။ သံသေတ္တာကတော့ မြေပြင်ပေါ်မှာ ရှိနေပြီ။ အဖုံးကို ကျယ်ကျယ်ဖွင့်ပြီး အတွင်းထဲက လက်သီးအရွယ်လောက် ရှိတဲ့ ပစ္စည်းက လှိမ့်ထွက်လာပြီး ဖက်တီးရဲ့ ခြေဖဝါးနားမှာ ကျသွားသည်။ 


မျက်နှာသေသည် ဤသေတ္တာနဲ့ ပတ်သက်ပြီး မရေရာသော မှတ်ဉာဏ်များ ရှိခဲ့ဖူးကြောင်း၊ သေတ္တာအတွင်းရှိ အရာသည် အလွန်အန္တရာယ်များနိုင်ပြီး ဘယ်တော့မှ မဖွင့်သင့်ကြောင်း ပြောထားသည်။ ယခု သေတ္တာသည် မြေပြင်ပေါ်သို့ ပြုတ်ကျသည်နှင့် တစ်ပြိုင်နက် ဝူရှဲ့ သူ့လက်များကို မသိစိတ်မှ မြှောက်ကာ ကိုယ့်ကို ကျုံ့သွားကာ ခုခံဖို့ Aပုံစံ လုပ်ထားသည်။ 


ဖက်တီးသည် တုံ့ပြန်ရန် အချိန်ပင် မရှိသောကြောင့် လည်ပင်းကို လျှော့လိုက်ရုံသာ လုပ်နိုင်ပြီး နှစ်ယောက်သား ထိုနေရာ၌ မတ်တပ်ရပ်ကာ မလှုပ်ဝံ့ကြပေ။ အစကတော့ ပေါက်ကွဲမယ်လို့ ထင်ခဲ့သည်။ အဲဒီအချိန်မှာ ပြန်စဉ်းစားဖို့ အချိန်မရှိပေမယ့် သွားတွေ အံကြိတ်ပြီး စက္ကန့်အနည်းငယ်လောက် စောင့်ခဲ့ပေမယ့် ဘာမှမဖြစ်လာခဲ့ဘူး။ ပေါက်ကွဲတာ မရှိသလို လျှို့ဝှက်လက်နက်လည်း မပျံတက်လာပါဘူး။


ဝူရှဲ့ မျက်လုံးတွေကို သေချာဖွင့်၍ ဖက်တီးရဲ့ ခြေဖဝါးနားကို ကြည့်လိုက်တော့ ပြုတ်ကျနေတဲ့ အရာက သစ်သား အပိုင်းအစနဲ့တူပြီး အန္တရာယ်ရှိပုံမပေါ်ပါဘူး။ ဖက်တီးက တဖြည်းဖြည်း ဖြေလျှော့ပြီး ခြေလှမ်းအနည်းငယ် လှမ်းပြီး လက်ကို ဖြည်းညှင်းစွာ ချလိုက်သည်။ မျက်နှာသေ မှတ်မိနေတာ ဒါများလား။ သက်တမ်း ကုန်သွားလို့ အန္တရာယ် မရှိတော့တာလား။ 


ဝူရှဲ့ ကျန်းချီလင်ကို ကြည့်လိုက်တော့ သူ့မှာ ထူးခြားတဲ့ အမူအရာ မရှိပေမယ့် သိသိသာသာကို တုန်လှုပ်သွားခဲ့လေသည်။ လေထုက ရုတ်တရက် မီးပျက်သွားသလိုပါပဲ။ သူတို့တွေ ခဏလောက် အေးခဲနေကာ အခုနတုန်း သူ့အသက်ကို ကံတရားဖြင့် ကတိပေးခဲ့တဲ့ ဖက်တီးလည်း မလှုပ်ရဲပေ။ 


ဝူရှဲ့လည်း မျက်နှာသေရဲ့ အမူအရာကို ကြည့်ပြီး အနောက်ကို လှည့်ကြည့်လိုက်တော့ ဘူးသီးပုံသဏ္ဌာန် အရာတစ်ခုကို တွေ့လိုက်ရ၏။ အဝကျယ်တဲ့ ခွက်အရွယ်လောက်ရှိတဲ့ ဘူးသီးပုံစံရှိပြီး လူကို စိတ်မသက်မသာ ဖြစ်စေသလို မျက်နှာပြင်မှာ ပြည်ဖုလို အဖုအထစ်တွေလည်း ရှိနေတာကို တွေ့ရလေသည်။ အနီးကပ် လေ့လာကြည့်ပြီးနောက် ဤအရေခွံ "ဘူးသီး" ၏ အဖုအစင်းသည် သတ္တုသံချေးနှင့် ရောနှောကာ သံမဏိဖြင့် ပြုလုပ်ထားပုံရတာကို တွေ့ရှိခဲ့သည်။


ဖက်တီးက သူ့လက်နဲ့ ယူချင်ပေမယ့် မျက်နှာသေသည် သူ့ကိုတား၍ အနားက ရွှေဖရုံရွက်ကို ဖြတ်ပြီး "ကြက်ဟင်းခါးသီး" ထုပ်ပြီး ကောက်ယူလိုက်သည်။


"သံဘူးသီး" ကိုင်ထားတဲ့ သူ့လက်ရဲ့ အနေအထားကို ကြည့်ပြီး ဒါက တကယ့်ကို သံနဲ့ ပြုလုပ်ထားပြီး အလေးချိန်က မပေါ့ပါးကြောင်း သိလိုက်သည်။ သံအဖုအထစ်များသည် သန်မာသော အက်ဆစ်ဖြင့် ကပ်နေပုံရ၏။ သို့မဟုတ် ထုလုပ်စဉ်အတွင်း လေပူဖောင်းများ ကြွခဲ့လိမ့်မည်။ အနီနှင့် အဝါရောင် အစက်အပြောက်များသည် သံချေး၏ ခြေရာများသာ ဖြစ်သော်လည်း တော်တော် မှုန်ဝါးပြီး ရှေးဟောင်း အမွေအနှစ်တစ်ခုလို့ပင် ယောင်ဝါးဝါး ခံစားရသည်။


ဖက်တီးက ၎င်းကိုကြည့်ကာ အံ့ဩသွားလေ၏။ 


"ဒါက ဘာလဲ... အမြောက်လား... ရှေးဟောင်း လက်ပစ်ဗုံးလား"


ဝူရှဲ့ ချက်ချင်း ခေါင်းခါလိုက်ပြီး "ပေါက်ကရတွေ မပြောနဲ့တော့ ဘယ်သူက လက်ပစ်ဗုံးကို ကုတင်အောက်မှာ မြှုပ်ထားမှာလဲ?"


မင်မင်းဆက်တွင် သေနတ်များ အလွန်ဖွံ့ဖြိုးလာခဲ့ပြီး "ကျန့်ထျန်းလိန်" နှင့် "ကော်ရှင့်ဖျင်" တို့သည် အချို့ကို ကိုင်တွယ်ခဲ့ဖူးသော်လည်း ၎င်းတို့အားလုံးမှာ ယမ်းမှုန့်မရှိပေ။ ယမ်းမှုန့် အရောင်းအ၀ယ် ပြုလုပ်ခြင်းသည် လက်နက် ရောင်းဝယ်ခြင်းနှင့် ညီမျှသည်။ သေနတ်များကို ဖူကျန်းတံငါသည်များက ပင်လယ်ပြင်မှ ပထမဆုံး သယ်ယူလာပြီးနောက် ရှေးဟောင်းကုန်သည်များက နေ့စဉ်လိုအပ်သော ပစ္စည်းများအတွက် လဲလှယ်ခဲ့ကြသော်လည်း ဤသံတုံးများသည် ပင်လယ်စာ (ပင်လယ်ထဲက ရှေးဟောင်းပစ္စည်း) နှင့် မတူသောကြောင့် ၎င်းတို့သည် သေနတ်လို ပစ္စည်း မဖြစ်သင့်ပေ။ 


ဒါတင်မကသေးပါဘူး ဒီအရာလေးကို ကုတင်အောက်မှာ မြှုပ်ထားရင် ရာသီဥတု ခြောက်သွေ့တဲ့အခါ ထပေါက်ကွဲ​​​နေရင် ဘယ်လိုလုပ်မလဲ။ ကျန်းချီလင်ဟာ ဤမျှလောက် အကြင်နာမဲ့သော အရာကို ဘယ်သောအခါမှ သူ့ကုတင်အောက် ထားမည် မဟုတ်ချေ။ 


မျက်နှာသေက ၎င်းသံတုံးကြီးကို လှုပ်ယမ်းကာ အနံ့ခံကာ ခေါင်းယမ်းလိုက်သည်။ ခုနကလို အန္တရာယ် ခံစားချက် ရှိသေးလားလို့ ဝူရှဲ့ မေးကြည့်ပေမယ့် သူက စကားမပြောဘဲ ထူးဆန်းစွာနဲ့ သံဘူးသီးကို ကြည့်နေသည်။ ခဏကြာတော့မှ ပြောလာသည်။ 


"ဒီဟာက သံနဲ့လုပ်ထားတဲ့ အရေခွံတစ်လွှာပဲ.... တကယ့် သံချပ်နဲ့ ထုပ်ထားတာ" 


ဝူရှဲ့ အံ့ဩသွားသည်။ 


"ဘယ်လိုလုပ်မြင်တာလဲ"


မျက်နှာသေ: "အလေးချိန်က အရမ်းပေါ့တယ်"


ဖက်တီးလည်း အံ့အားသင့်စွာ ထပြောလိုက်သည်။


"မင်းဒါကိုလည်း သိနိုင်တာလား"


ယေဘူယျအားဖြင့် ရှေးဟောင်းပစ္စည်းနှင့် ပတ်သက်သော သူများသည် ဤကဲ့သို့သော လက်မှုပညာကို လေ့ကျင့်ထားရမည် ဖြစ်ပြီး သံစစ်စစ် သို့မဟုတ် မှိုများကို ချိန်တွယ်ထားသူများသည် သံအပိုင်းအစ၏ အလေးချိန်သည် သာမန်လူများ မျှော်လင့်ထားသည်နှင့် မတူကြောင်း သိကြရမည် ဖြစ်သည်။ သံတုံးသည် ခဲတံပုံး အရွယ်အစားခန့်ရှိပြီး ပျမ်းမျှ အားသန်သူသည် လက်နှစ်ချောင်းတည်းဖြင့် ကောက်ယူ၍ မရနိုင်ပေ။ 


ဝူရှဲ့: "ဘုန်းကြီးဝတ်တဲ့အခါ ကွန်ဖူး အခြေခံပညာမှာ မတော်ရင် ကိုရင်ပဲတဲ့... ဒီလိုမျိုး လက်စွမ်းပြဖို့ ငါတို့က အနည်းနဲ့အများ လေ့ကျင့်ရလိမ့်မယ်"


ဖက်တီးက သက်ပြင်းချပြီး "ဖက်တီး ငါက ဘာလို့ဒီလောက် အချိန်ပေးပြီး လေ့ကျင့်ရမှာလဲ... အီလက်ထရွန်းနစ် စကေးတစ်ခုဝယ်ဖို့ ဘယ်လောက် ကုန်ကျတယ် ထင်လဲ"


ဝူရှဲ့ သူ့ကို မထီမဲ့မြင်ပြုတဲ့ အမူအရာမျိုး လုပ်ပြကာ မျက်နှာသေဘက် ပြန်လှည့်မေးလိုက်သည်။  


"ဘာသံချပ်တွေနဲ့ ဖုံးထားရထားလဲ.... ခင်ဗျားမှာ အကြံဥာဏ်တွေ ရှိလား"


မျက်နှာသေ ခေါင်းယမ်းပြပြီး ဖက်တီးက ဝင်ဆိုလေ၏။ 


"အရင်က ရွှေသံထည် တစ်မျိုးရှိခဲ့တယ်လို့ ငါကြားဖူးတယ်... သံပြားတွေကို ရွှေတုံးတွေ သယ်လာတဲ့အခါ အပေါ်က ဖုံးထားတာတဲ့... အပေါ်ကနေ သံပြားနဲ့ ဖုံးထားလို့ လေးပေမယ့် အဲဒါတွေက ရွှေမဟုတ်တတ်ဘူး"


ဝူရှဲ့ကတော့ ရွှေသံထည်ကို တခါမှ မကြားဖူးပေ။ တိဗက်က ၎င်းကို ရွှေသံထည်လို့ ခေါ်တယ်လို့ ဆိုပေမယ့် နောက်ပိုင်း မြေဆီလွှာ နဲ့ ရာသီဥတုကြောင့် မထုတ်နိုင်ကြတော့ပေ။ လက်ရှိအတွက် စိုးရိမ်စရာမှာ ၎င်းလို ပုံစံတစ်ခုရှိသောကြောင့် ဤအရာသည် အနည်းဆုံး အလှဆင်ရုံသက်သက် မဖြစ်နိုင်ပါ။ သေချာတာကတော့ တကယ့်ရည်ရွယ်ချက် ရှိလိမ့်မည်။ 


“ဒါက သံအပိုင်းအစတွေ ဖြစ်နိုင်လား” 


ဖက်တီးက ထပ်မေးပြန်သည်။ 


“ဥပမာ သံနံ့သာအိမ်က ခြေထောက်တွေ ဒါမှမဟုတ် လှည်းဘီးဟောင်းက အလှဆင်တဲ့ ပစ္စည်းတွေ...”


ဝူရှဲ့ သံထည်ပစ္စည်း​တွေ အကြောင်း များများစားစား မသိခဲ့ပါ။ သံက သံချေးတက်လွယ်ပြီး ရှေးဟောင်းသင်္ချိုင်းတွေမှာ ထိန်းသိမ်းရခက်တဲ့အတွက် ကြေးထည်နဲ့ ကြွေပစ္စည်းတွေကသာ ဈေးကွက်မှာ လူကြိုက်များပါ၏။ သံထည်ပစ္စည်းရဲ့ တန်ဖိုးက ယေဘုယျအားဖြင့် မမြင့်တဲ့အတွက် ရှေးဟောင်းပစ္စည်း ရောင်းဝယ်တဲ့ လူအများစုက အဲဒါကို မသိကြပါဘူး။


သို့သော် ယခုအရာသည် ရှေးကျသော အရာဝတ္ထုတစ်ခု ဖြစ်ပြီး မျက်နှာသေ၏ အိပ်ရာအောက်တွင် ဝှက်ထားဆဲ ဖြစ်သောကြောင့် ဤအရာသည် မူလအစရှိရမည်။ ဒါကလည်း ဤရွာတွင် သူတွေ့ကြုံခဲ့ရသည့် အရာနှင့် ဆက်စပ်နေသင့်သည်။


မနေ့က ဖက်တီးရဲ့ အတွေးတွေကို တွေးမိသွား၏။ ဖက်တီးက သိုးခြေထောက်တောင် အနီးမှာ ရှေးကျတဲ့ သင်္ချိုင်းတစ်ခု ရှိကောင်းရှိနိုင်တယ်လို့ ပြောခဲ့ရာ ယခုတော့ အဲဒါက ဖြစ်နိုင်ချေရှိလာသည်။ မျက်နှာသေဟာ ယခင်က ဝမ်းကျင်တို့ရဲ့ ရှေးဟောင်း သုတေသနအဖွဲ့ကလူ ဖြစ်ခဲ့ရာ ဤ “သံဘူးသီး” သည် ထိုသင်္ချိုင်းတွင်းမှ သယ်ယူလာသောအရာ ဖြစ်နိုင်သည်။ 


သို့သော် အကြောင်း တစ်ခုခုကြောင့် အစ်ကိုလေးက ဤ "သံဘူးသီး" ကို ဖုံးကွယ်ထားခဲ့လိမ့်မည်။ မဟုတ်ပါက ၎င်း၏ဇာစ်မြစ်ကို ရှင်းပြရန် ခက်ခဲပေလိမ့်မည်။


ဖက်တီးက မျက်မှောင်ကြုတ်ပြီး "ဒီလိုဖြစ်မယ်လို့ မှန်းဆမိသားပဲ.... သံသေတ္တာက တစ်ခုခုကို ဖုံးကွယ်ထားမယ်လို့ ငါ သေချာပေါက် သတိထားမိတယ်... အစ်ကိုလေးက ဒါကို ဖွက်ထားတယ် ဆိုတော့ အဲဒီတုန်းက အခြေအနေက တော်တော်ရှုပ်ထွေးမယ် ထင်တယ်"


မျက်နှာသေ သတိရှိ​နေလျှင် ရန်လိုမှုများ ရှိလို့သာ ဖြစ်ပြီး ဤနေရာတွင် ရှေးဟောင်း သုတေသနအဖွဲ့မှ ဖြစ်ပျက်ခဲ့သမျှသည် အားကွေ့ ပြောသလောက် ရိုးရှင်းမည် မဟုတ်ကြောင်း ပြသနေပါပြီ။ 


သူတို့သုံးယောက်ဟာ တစ်ခဏလောက် တိတ်ဆိတ်နေခဲ့ပြီး နည်းနည်း စိတ်ဓာတ်ကျသလိုပင် ခံစားရ၏။ ဒီမှာရလာတဲ့ အချက်အလက်တွေက ထင်ထားတာထက် အများကြီး ပိုလို့ ဝမ်းသာမိပါသည်။ သို့သော် အချက်အလက်တွေက ယေဘူယျ အသွင်အပြင်ကို အကြမ်းဖျင်းသာ ဖော်ပြနိုင်တာကြောင့် စိတ်ဓာတ်ကျမိ​လေသည်။ "ဖြစ်ရပ်တစ်ခု" ၏အသေးစိတ် အချက်ကို မထိသေးပေ။ 


ဝမ်းကျင်က ဤနေရာတွင် ပေါ်လာဖူးပြီး ထိုစဥ်က အားကွေ့ဟာ အသက် ဆယ့်ခုနစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ်သာ ရှိသေးသည်။ ထိုအချိန်သည် ရှီးရှားအဖြစ်အပျက် ဝန်းကျင်က ဖြစ်ခဲ့တာပင်။ ထို့ကြောင့် ဝမ်းကျင်တို့ ဒီနေရာကို လာခဲ့တာဟာ ရှီးရှားကို မသွားခင်က ဖြစ်ပေလိမ့်မည်။ 


သူတို့ ဤနေရာမှ ထွက်ခွာပြီးနောက် ရှီးရှားသို့သွားခဲ့ကြသည်။ ဓာတ်ပုံထဲတွင် အခြားမည်သူ့ကိုမျှ မတွေ့ရရာ ဝမ်းကျင်သည် ဤနေရာသို့ အခြားအဖွဲ့ တစ်ဖွဲ့နဲ့ လာခဲ့သလား။ သို့မဟုတ် ရှီးရှားက ရှေးဟောင်းသုတေသန အဖွဲ့နဲ့ပဲ လာသလား မသိပေ။ 


မျက်နှာသေသည် ဤနေရာတွင် ဗီယက်နမ်လူမျိုးထံမှ ပြန်ပေးဆွဲခံရပြီး အားခွမ်း ဖြစ်သွားခဲ့သည်။ ဒါဆို လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က သူဘာလုပ်ခဲ့တာလဲ။ သူ့ရဲ့သိုင်း ကျွမ်းကျင်မှုအရဆို တစ်ဖက်က သေနတ်ကိုင်ထားရင်တောင်မှ ပြန်တိုက်ဖို့က ပြဿနာ မရှိပေ။ ဝက်ကလေးလို ချည်နှောင်ခံထားရတာက မဖြစ်သင့်ပါ။ ဒါ ချန်ဖီအားစစ်နှင့် တွေ့ဆုံဖို့ အကွက်ချ စီစဉ်ခဲ့ခြင်းလား။ 


ဒါတွေအားလုံးက ဝူရှဲ့အတွက်က မေးခွန်းတွေပါပဲ။


ဖက်တီး: "ငါတို့ရဲ့ ပစ္စည်းကို လာလုယက်တဲ့သူက ဒီကိစ္စနဲ့ ပတ်သတ်နိုင်လား" 


ဒါကို တွေးပြီး ဝူရှဲ့ ဖက်တီးဘက် လှည့်မေးကြည့်လိုက်သည်။


“မင်းအခုနတုန်းက သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရလား” 


"ဟင့်အင်း အဲဒီကောင်က ယုန်ထက် ပိုမြန်တယ်ကွ... သူ့မျက်နှာကို မပြောနဲ့ သူ့ဖင်ကိုတောင် ရှင်းရှင်းလင်းလင်း မမြင်လိုက်ရဘူး.... ဒီကောင်က မင်းနဲ့ အရွယ်တူလောက်ပဲ"


ဝူရှဲ့လည်း အဲဒီလူက ဘယ်သူလဲလို့ တွေးနေမိသည်။ သူတို့ ဤနေရာကို ရောက်လာတာဟာ အခြေခံအားဖြင့် တခြားလူတွေကို အသိမပေးခဲ့ပေ။ ဒါကြောင့် ဤသူခိုးသည် သူတို့နောက်သို့ တစ်ချိန်လုံး လိုက်နေခဲ့တာလား သို့မဟုတ် သူက အတွင်းလူလား။ ဒါက ဝူရှဲ့ကို အံ့အားသင့်စေ၏။ သူက ရိုးရိုးသူခိုး မဟုတ်ရင် သူဟာလည်း ဒီကိစ္စနဲ့ ပတ်သတ်နေနိုင်သည်။ သူတို့ရဲ့ လက်ရှိအခြေအနေက နည်းနည်းဆိုးပြီး ညဘက်အိပ်ရင်တောင် တံခါးကို ပိတ်ရတော့မည်။ 


ဖက်တီး: "နောက်မှ အားကွေ့ကို မေးကြည့်ရအောင်.... အဲဒီလူက အရူးနဲ့တူတယ် ဘာပဲဖြစ်ဖြစ် တစ်ခုခုတော့ သိထားနိုင်တယ်... ငါတို့ အခု ဘာလုပ်မလဲ ဒီသံဘူးသီးနဲ့ ငါတို့ ဘာမှလုပ်လို့မရဘူး.... ပန်းပဲဆရာကို သွားရှာကြမလား.. အပိုင်းတွေကို အရည်ကျိုလို့ ရနိုင်မလား မေးကြည့်ကြတာပေါ့"


သူပြောတာ မဟုတ်ရင်လည်း သံခွံကို ဖြည်းဖြည်းချင်းပျော်အောင် ထိန်းနိုင်တဲ့နည်းကို ဝူရှဲ့ သိပါသည်။ ဒီပုပ်နေတဲ့ သံတုံးတွေကို ကြည့်လိုက်တော့ တစ်စုံတစ်ယောက်က ဒီလိုလုပ်ဖူးပေမယ့် အကြောင်းတစ်ခုခုကြောင့် မအောင်မြင်ခဲ့တဲ့ အရိပ်အယောင်တွေကို တွေ့နေရလေသည်။ 


ဒီလိုလုပ်တဲ့သူဟာ ဇဝေဇဝါ ဖြစ်ခဲ့လိမ့်မည်။ မျက်နှာသေက သံသေတ္တာကို ထုတ်လိုက်တဲ့အခါ သူ့မှာ အန္တရာယ်ရှိတဲ့ ခံစားချက်တစ်ခု ရှိနေတယ်လို့ ပြောခဲ့သည်။ အဲဒီအချိန်မှာ ရုတ်တရက် သူ့ကို အလွန်အမင်း စွဲလန်းသွားစေတဲ့ အန္တရာယ်ရှိတဲ့ နိမိတ်လက္ခဏာက ဒီသံဘူးသီးကြောင့် ဖြစ်နိုင်ပါ၏။ ထိုသူဟာ အခုချိန်မှာတော့ အရာအားလုံးကို မေ့သွားပေမယ့် စိတ်ထဲမှာတော့ ခံစားချက်က စွဲထင်ကျန်နေဆဲ ဖြစ်ပြီး စိတ်မသက်မသာ ဖြစ်နေလိမ့်မည်။ 


ဒါက ဝူရှဲ့ရဲ့ ပြီးပြည့်စုံတဲ့ မှန်းဆချက်ပါပဲ။ သို့သော် သူမှန်းဆတာက အရမ်းဖြစ်နိုင်တယ်လို့လည်း ခံစားမိပါသည်။ 


"ဆာလ်ဖျူရစ်အက်ဆစ်က ကိုင်တွယ်ရ လွယ်ကူတယ် ဓာတ်မြေသြဇာဆိုင်ကို သွားပြီး နည်းနည်းလောက် သွားယူလိုက်မယ်" 


ဖက်တီးက စိတ်အားထက်သန်စွာ ပြောခဲ့သည်။ ဝူရှဲ့ကတော့ အဲဒီအရာကို လွယ်လွယ်နဲ့ မထိမိရင် ပိုကောင်းမယ်လို့ ကိုယ့်ဘာသာကိုယ် တွေးထား၏။ နောက်မှ အားကွေ့ဆီကို ယူသွားကာ မျက်နှာသေကိုလည်း အနီးကပ် ကြည့်ရှုခွင့်ပေးရမည်။ 


မျက်နှာသေသည် သံဘူးသီးကို သံသေတ္တာထဲသို့ ပြန်ထည့်ကာ အဖုံးကို ပြန်ပိတ်လိုက်သည်။ ဖက်တီးလည်း ချက်ချင်း ကောက်ကိုင်လိုက်ကာ။ 


"ကောင်းပြီ ငါတို့ဒီနေ့ တစ်ခုရပြီ... အခု ဒီါကို သေချာ စောင့်ကြည့်ရမယ် မင်းဝင်သွားပြီး မြန်မြန်ကြည့်.... ဟိုကောင်မလေးက ပြန်လာတော့မယ်”


ဝူရှဲ့လည်း ဓာတ်ပုံ​တွေကို မမြင်ဖူးသေးပေ။ သူ အစ်ကိုချူ ပြောခဲ့တာကို သတိရမိသွားသည်။ အဲဒါက တကယ့်ဖြစ်ရပ်မှန်လို့ ထင်နေတာကြောင့် ချက်ချင်းထပြီး ပြတင်းပေါက်ဘက်ကို လျှောက်သွားလိုက်သည်။ 


ဝူရှဲ့ မတ်တတ်ထရပ်ပြီး ခြေလှမ်းနှစ်လှမ်းပင် မလှမ်းရသေး မျက်နှာသေက ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိပြီး သူ့ကို လှမ်းဆွဲလိုက်ရာ ဝူရှဲ့ခမျာ ထိုလူအနောက်ကိုပင် ရောက်သွား၏။ ဝူရှဲ့ သူ့မျက်လုံးထဲကို ကြည့်ရင်း တစ်ခုခုမှားနေပြီလို့ ခံစားလိုက်ရသည်။ သူ့အကြည့်အတိုင်း အမြန် ခေါင်းလှည့်လိုက်တဲ့အခါ လူက ဇတ်ကနဲ တုန်သွား၏။ အကြောင်းမှာ အုတ်တံတိုင်းအထက် တောင်စောင်းမှာ ရပ်နေတဲ့ ရွာသူရွာသားတချို့သည် သူတို့ကို ဘယ်အချိန်က ပေါ်လာမှန်းမသိတဲ့ မျက်နှာတွေနဲ့ မော့ကြည့်နေကြလေသည်။