(35) တတိယည - တစ္ဆေအသံ ထပ်ပေါ်လာပြီ
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar



Chapter (35)

တတိယည - တစ္ဆေအသံ ထပ်ပေါ်လာပြီ



ဝူရှဲ့ သေမှာကို ကြောက်ပေမယ့် မတုံ့ပြန်နိုင်ခင်မှာပဲ သူတို့နှစ်ယောက်လုံးရဲ့ ခန္ဓာကိုယ်တွေဟာ နွယ်ပင်တွေဆီကနေ ဆွဲထုတ်ခံရပြီး လေထဲမှာ လှည့်ပတ်ပြီး ပြုတ်ကျသွားသည်။ သူတို့ခမျာ ခွေးက အညစ်အကြေးတွေကို ကိုက်ပြီး ရေထဲ ပြုတ်ကျသွားတဲ့အတိုင်း ပြုတ်ကျသွား၏။ 


ရေထဲကျသွားတော့ တစ်ကိုယ်လုံး ရေနွေးအိုးထဲဲ ပြုတ်ကျသွားရသလို ခံစားချက်မျိုး ခံစားလိုက်ရလေသည်။ ကံကောင်းထောက်မစွာ ရေက အေးနေခဲ့သည်။ ​​မဟုတ်ရင်တော့ ကိုယ့်အတွေးနဲ့ကိုယ် ထင်ယောင်ထင်မှားတွေ ဖြစ်တော့မှာ သေချာသည်။ ရေအေးအေးကြောင့် မျက်နှာသေအပေါ် ထွက်နေတဲ့ ဒေါသက ချက်ချင်း ပျောက်သွားသည်။ 


ရေထဲမှာ ရုန်းရင်းဆန်ခတ် ဖြစ်ပြီး ခဏကြာတော့ ဝူရှဲ့ ပြန်ထကာ ဖက်တီးကို ရှာဖွေသည်။ သူတို့ ပြုတ်ကျလာတဲ့ နေရာက အနက်ရောင် အငွေ့တွေ အထူထပ်ဆုံး နေရာဖြစ်ကာ ဖက်တီးကဘည်း အခုလို ဖြစ်နေတော့ တစ်ပိုင်းသေနေတာနဲ့ မကွာချေ။ ဒီနေရာက ရေကို နည်းနည်းလေး သောက်မိလိုက်တာနဲ့ လတ်စတုံးသွားနိုင်သလို အခုနတုန်းက အရိပ်မည်းကလည်း ဘာကောင်ဖြစ်နေမလဲ မသိပေ။ 


ဝူရှဲ့လည်း သူ့ခန္ဓာကိုယ်မှာ နွယ်ပင်တွေ ချည်နှောင်ထားလို့ ချောချောမွေ့မွေ့ လှုပ်ရှားလို့တောင် မရနိုင်ဘဲ ဖြစ်နေသည်။ သစ်ပင်ပေါ်မှာတုန်းကတော့ ပြင်းပြင်းထန်ထန် သက်ရောက်မှုရှိပုံ မပေါ်ပေမယ့် အာရုံစူးစိုက်မှု အရမ်းများနေတဲ့အတွက် ခံနိုင်ရည်ရှိဦးလား သည်းခံနိုင်ဦးမလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေဆဲပါပဲ။


ဒါပေမဲ့ ဝူရှဲ့ သူ့ခေါင်းကို ရေထဲက ထုတ်လိုက်တော့ တစ်ခုခု မှားနေပြီဆိုတာ ရုတ်တရက် သိလိုက်ရသည်။ ပထမတော့ အနက်ရောင် လေထုဟာ အလင်းရောင် အများစုကို ပိတ်ဆို့ထားပြီး မြူခိုးတွေ တိမ်တွေလို မျောလွင့်နေသည်။ ဒုတိယအချက်က ရွှံ့နွံတစ်ခုလုံးတွင် ရွှံ့ရေများ ပွက်ပွက်ဆူနေပြီး အောက်ခြေကို လုံးဝ မမြင်နိုင်တော့ဘဲ ဖက်တီး ဘယ်ရောက်သွားမှန်း မသိတော့ပေ။ 


ပတ်ပတ်လည်ကို ကြည့်လိုက်တော့ ရေအသံကို ကြားရပေမယ့် ဘာမှ မမြင်ရပေ။ ၂စက္ကန့်​လောက်ကြာတော့ ဘာအသံမှ မကြားရတော့တဲ့အပြင် ရေစီးနှုန်းက ပိုမြန်လာတာကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရရာ စိတ်ကို တည်ငြိမ်အောင် မထိန်းနိုင်တော့ချေ။ 


ဂရုတစိုက် ခံစား​ကြည့်မိသောအခါတွင် သူ့ကိုယ်ပေါ်ရှိ နွယ်ပင်များသည် မူလအကိုင်းအခက်များကို ရစ်ပတ်ထားဆဲ ဖြစ်နေတာကို တွေ့ရှိခဲ့ရသည်။ နွယ်တွေဟာ ရေစီးကြောင်းဖြင့် မြစ်အောက်သို့ ဆွဲငင်ခံလိုက်ရရာ လူကလည်း ရေအောက်သို့ ဆွဲခေါ်သွားတာ ခံလိုက်ရသည်။ 


သဘာဝမြစ်ထဲမှာ ရေမကူးဖူးတဲ့သူတွေက ရေရဲ့ အလွန်လေးလံတဲ့ ခံစားချက်ကို နားမလည်နိုင်ပါဘူး။ အခုလိုနေရာမှာ ရေစီးရေလာ နှေးနေရင်တောင် ကြီးကြီးမားမား တစ်ခုခုကို ဆွဲတင်နေဖို့တော့ ခက်ပါ၏။ ဖက်တီးက သူနဲ့ သိပ်မဝေးလောက်သေးချေ။ ဒါတင်မကဘူး။ သူ့ရှေ့မှာ ကြီးကျယ်တဲ့ အရာတစ်ခုရှိနေသည်။ ဝူရှဲ့ လှမ်းကြည့်လိုက်သော်လည်း ရေစီးကြောင်းကြောင့် လဲကျသွားပြီး မီတာများစွာ ရှေ့သို့ တိုးဝင်သွားခဲ့သည်။ 


အခုအချိန်မှာ သူပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့သလို သူရှေ့မှာ ရေတွင်းတစ်တွင်း ရှိရမယ် ဆိုတာကလွဲလို့ ဘာမှ မသိတော့ချေ။ သူ့ခမျာ ရေစီးကြောင်းရဲ့ ဆွဲငင်အားကို တွန်းလှန်ဖို့ ခွန်အားလည်း မရှိပါ။ 


ပြီးတော့ သားရဲရဲ့ပါးစပ်လို အပျက်အစီးတွေက မဝေးတော့တာမို့ အချိန်မရှိတော့ပေ။ သူ ဖက်တီးကို ရှာရမည်။ ဖက်တီးကို အသက်ရှင်လျက် ရှာမတွေ့ရင်တောင် အလောင်းကို ပြန်ရလျှငိ ကောင်းလိမ့်မယ်။


ဒါကိုတွေးပြီး အသက်ပြင်းပြင်း ရှူကာ ရေထဲ ငုပ်ချလိုက်သည်။ နွယ်ပင်ကို ဖြည်လိုက်ပေမယ့် ကြီးမားတဲ့ ရေစီးကြောင်း ဆွဲငင်အားကြောင့် နွယ်ပင်ကို ဖြတ်ဖို့က မလွယ်ဘူး ဖြစ်နေသည်။ ဒါ့အပြင် သူ့ခန္ဓာကိုယ်ပေါ်မှာ ဘာလက်နက်မှ မပါလာပေ။ 


လက်နက်အကြောင်း တွေးလိုက်တော့မှ ဖက်တီးသည် သူ့ခန္ဓာကိုယ်ကို လက်နက်နှင့် ဘယ်တော့မှ မခွဲထားတတ်မှန်း သတိရမိသည်။ ထို့ကြောင့် သူနှင့်အတူ ယူဆောင်လာရမည်မို့ ဖက်တီးကိုအရင် လိုက် ရှာလိုက်မိသည်။ သူ့ခန္ဓာကိုယ်မှာ နွယ်ပင်တွေ ရစ်ထားတာကြောင့် နွယ်ပင်တွေအတိုင်း စမ်းသပ်ကြည့်နေရ၏။ 


ရေအောက်မှာ ရွှံ့တွေပြည့်နေပြီး ထိမိတဲ့ နေရာတိုင်းမှာ လူသေတွေ လဲလျောင်းနေပေမယ့် ဖက်တီးကိုတော့ ရှာမတွေ့ပေ။ နွယ်ပင်တစ်ပင်ကို ကိုင်လိုက်ရင်း ရေရဲ့တွန်းအားကို တိုက်ထုတ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေစဥ် နောက်ဆုံးတော့ နောက်ထပ် တင်းကြပ်တဲ့ စပျစ်နွယ်ပင်ကို ထိလိုက်မိသည်။ 


နွယ်ပင်ကို ဖမ်းပြီး အပေါ်ကို ခေါင်းဖော်လိုက်စဥ် ရုတ်တရက် ရေပေါ်က နှစ်မီတာ သုံးမီတာလောက်မှာ တစ်စုံတစ်ခု မျောနေတာကို တွေ့လိုက်ရသည်။ အဲဒါ ဘာလဲဆိုတာတော့ ပြောပြရခက်ပါသည်။ 


အရိပ်မျောနေတဲ့ လမ်းကို ကြည့်လိုက်တော့ သူအစောတုန်းက မြင်လိုက်ရတဲ့ ရေအောက်က ထူးဆန်းတဲ့ အရိပ်လားဟု တွေးလိုက်မိသည်။ ၎င်းက သူကိုင်ထားတဲ့ နွယ်ပင်ရဲ့ အဆုံးမှာ ရှိနေတာကြောင့် ထူးဆန်းတဲ့ ကြိုတင်သတိပေးချက် တစ်ခုကို ခံစားလိုက်ရသည်။ ဖက်တီးတော့ အစားခံလိုက်ရပြီလားမသိ။ 


ရေအနက်က နှစ်မီတာကျော်သာ ရှိပြီး အနက်ရောင် အရိပ်က ရေထဲကနေ အလွန်မြင့်စွာ ထိုးထွက်နေတာကြောင့် ငါးတစ်ကောင် မဟုတ်ဘူးဆိုတာ သိသာပါ၏။ နွယ်ပင်ကို ဆွဲထုတ်ပြီး ဘာလုပ်ရမလည်း ဆိုင်းငံ့နေချိန် အရိပ်က ရုတ်တရက် ပုံသဏ္ဌာန်ပြောင်းသွားပြီး ရေအောက်မှာ ပျောက်သွားတော့သည်။ 


ဝူရှဲ့လည်း တစ်ခုခု မှားနေပြီဆိုတာ သိလိုက်သည်။ သူ လှည့်ကြည့်လိုက်တော့ ရွှံ့နွံအလုံးကြီးတွေ ပေါက်ထွက်သွားပြီး လိပ်ကြီးတစ်ကောင်က သူ့လည်ပင်းမှာ လျှပ်စီးလက်နေသလိုမျိုး ဖျက်ကနဲ ဖြတ်ပြေးသွားတာကို မြင်လိုက်ရသည်။ 


ဝူရှဲ့ အော်ဟစ်ရင်း ဘာကြီးမှန်းမသိတဲ့ အဲဒီအရာက သူ့ကို တွေ့သွားပြီဆိုတာ သဘောပေါက်လိုက်သည်။ ဘာကြီးလဲလို့ တွေးနေပေမယ့် အနီးနားက လက်သည်းအကြီးကြီးဟာ သူ့လည်ပင်းကို ညှပ်တော့မယ် ဆိုတာကို မြင်လိုက်ရတော့ သူ့ခါးက နွယ်ပင်ရဲ့ စွမ်းအားတွေက ရုတ်တရက် တင်းကျပ်လာပြီး သူ့တစ်ကိုယ်လုံးကို နွယ်ပင်တွေက ဆောင့်ဆွဲသွားတော့သည်။ 


ရုတ်ချည်း ဆွဲထုတ်ခံလိုက်ရတာမို့ ဘုရားသခင်က ကောင်းချီပေးတယ်လို့ ပြောတော့မယ့် အခိုက်တွင် သူ့ခါးက တင်းကြပ်နေတဲ့ စွမ်းအားတွေ လွန်ကဲလာခဲ့တာကို ခံစားလိုက်သည်။ ခဏနေတော့ အပျက်အစီးတွေ နားက တိရိစ္ဆာန်ရုပ်ထုရဲ့ ပါးစပ်ကျယ်ကျယ် ဖွင့်ထားတဲ့ အပေါက်ထဲကို နွယ်ပင်တွေနဲ့အတူ ပြုတ်ကျသွားတော့မလို ဖြစ်သွားသည်။ 


သူဆွဲထားတဲ့ နွယ်ပင်က ရေတွင်းထဲကို ပြုတ်ကျသွားပြီဆိုတာ တွေးမိလိုက်တာနဲ့ တစ်ဖက်က ကျောက်တုံးကို လက်နှစ်ဖက်နဲ့ အမိအရ လှမ်းကိုင်ထားလိုက်ပြီး ခန္ဓာကိုယ်ကို ရပ်တန့်သွားအောင် ထိန်းချုပ်လိုက်သည်။ မျက်စိတစ်မှိတ် အတွင်းမှာပဲ ရေတွေ ပေါက်ကွဲလုနီးပါး ဖြစ်သွားတော့ ဝူရှဲ့လည်း ထိတ်လန့်သွား၏။ ထိုအခိုက်၌ လူက တိရစ္ဆာန်ရဲ့ ပါးစပ်ထဲကို ဖြတ်ဝင်သွားကာ သူ့​ရှေ့က အရာအားလုံး မည်းသွားတော့သည်။ 


ထိုအချိန်တွင် ခါးပတ်ပတ်လည်တွင်ရှိ မိုင်းတွင်းမီးအိမ်သည် သူ့ခန္ဓာကိုယ်ကို လှည့်ပတ်ကာ အမှောင်ထုထဲကို ဖြတ်သွားခဲ့သည်။ ဝူရှဲ့လည်း ရေထဲမှ လှည့်ကြည့်ရာ ရေတွင်းနံရံများကို တွေ့လိုက်ရသည်။ သူ ရွှံ့ရေထဲ ကျသွားတာပဲ။ ဒါပေမဲ့ ပြုတ်ကျတာ စက္ကန့်ပိုင်းလောက်တောင် မကြာလိုက်ပေ။ 


ဆိုးတာက သူ့နောက်ကျောဟာ တစ်ခုခုကို ထိသွားခဲ့သည်။ ပြန်မထနိုင်ခင်မှာ လူက လှည့်သွားပြီး ပခုံးကို ထိသွားပြန်သည်။ ရေတွင်း၏ အောက်ခြေသည် မညီညာတဲ့ လျှောစောက်ပုံပေါက်ပြီး အပေါ်ပိုင်းသည် လှေကားထစ်များကဲ့သို့ အချွန်အတက်များဖြင့် ပြည့်နေသဖြင့် သူသည် ရေဖြင့် တလမ်းလုံး လှိမ့်ကာ ပြုတ်ကျသွားသည်။


သုံးလေးခါလောက် လှိမ့်ပြီး ရေထဲကျသွားတဲ့အထိ ရွှံ့ရေကို ဆယ်ကြိမ်လောက် သောက်လိုက်ရသည်။ လူက ရေထဲက အလွန်လျင်မြန်စွာ ရစ်ပတ်ခံနေရသည်။ ရေစီးကြောင်းက တစ်နေရာရာ ရောက်လျှင် အရမ်းမြန်သွားတတ်၏။ 


အနီးတစ်ဝိုက်မှာ မှောင်မည်းနေပြီး ရေရဲ့ ပြင်းထန်တဲ့ ဟောက်သံကိုသာ ကြားရသည်။ လက်က ကျဉ်းမြောင်းတဲ့ တံတိုင်းနံရံတွေကိုသာ ထိနိုင်ပေမယ့် ကံကောင်းထောက်မစွာနဲ့ မီးအိမ်ကို အမိဖမ်းထားနိုင်ခဲ့သည်။ 


ဤကဲ့သို့ လျင်မြန်သော ရေစီးကြောင်းထဲတွင် အနည်းငယ် ရွေ့လျားနေသမျှ ကာလပတ်လုံး လှုပ်ရှားမှုများသည် လုံးဝ ဖရိုဖရဲ ဖြစ်သွားလိမ့်မည်။ ရေတွင်းနံရံကို ရိုက်ခတ်သော လှိုင်းထန်မှုကြောင့် ဇောက်ထိုး ဖြစ်သွားလိမ့်မည်။ ထို့ကြောင့် ဝူရှဲ့ ကမူးရှူးထိုး မလုပ်ဝံ့ပါ။ ကိုယ်နေဟန်ထားကို ထိန်းထားနိုင်ဖို့သာ အကောင်းဆုံး ကြိုးစားနေရသည်။ 


မကြာခင်မှာပဲ အရှေ့ဘက်က ရေနဂါးကြီးရဲ့ ဟောက်သံလခု ပိုပြင်းထန်တဲ့ အသံကို ကြားလိုက်ရတော့ ဝူရှဲ့ ကြောက်လန့်သွားသည်။ ကုန်းဆင်းတော့မယ်လို့ ကိုယ့်ဘာသာကိုယ် ပြန်ပြောခဲ့ပေမယ့် အဲဒါကို စဥ်းစားချိန် မရလိုက်သေးခင် သူ့တစ်ကိုယ်လုံး လေပေါ်ဝဲပြီး ပြုတ်ကျသွားတာကို တွေ့လိုက်ရလေ၏။ 


မီးအိမ်ကို ချက်ချင်းထုတ်၍ ပတ်ပတ်လည်ကို ကြည့်လိုက်ရာ ဤနေရာသည် မြေအောက် ရေလှောင်ကန် တစ်ခုဖြစ်ပြီး ရေကန်နံရံရှိ တံတိုင်းကြီးမှ ရေများ တဟုန်ထိုး ခုန်ဆင်းလာ​နေတာကို တွေ့လိုက်ရသည်။ ပတ်ပတ်လည်မှာ ရေတွေ ပက်ကျဲနေကာ သူသည် အိမ်သာထဲက ပိုးဟပ်တစ်ကောင်လို ရုတ်တရက် လွင့်စင်သွားသလို ခံစားလိုက်ရ၏။ 


ကြိမ်ဖန်များစွာ လှုပ်ခါပြီးနောက် ရေသည် လမ်းကြောင်းတစ်ခုထဲသို့ ဖြည်းညင်းစွာ စီးဆင်းနေသေးတာကို တွေ့လိုက်ရသည်။ ရေကူးကာ ဓာတ်မီးကို တောက်လိုက်ရာ ရေတွင်းနံရံတွင် အခြားသော တိရစ္ဆာန်ဦးခေါင်းများကို တွေ့လိုက်ရသည်။ သားရဲ၏ ပုံသဏ္ဌာန်သည် သူဝင်လာခဲ့ရသော အထက်ကပုံနှင့် မတူချေ။ 


ထင်ရှားသည်မှာ ဤရေလှောင်ကန်သည် ရေတွင်းနံရံများ အလွန်အကျွံ တိုက်စား မျောပါသွားခြင်းမှ ကာကွယ်ရန် အသုံးပြုသော ရေလှောင်ကန်တစ်ခုသာ ဖြစ်နိုင်သည်။ ဧရာမတောင်တန်းကြီး တစ်ခုက ဤနေရာတွင် နှစ်ပေါင်းများစွာ နစ်မြုပ်ခဲ့ရာ လက်ရှိ နေရာတွင်လည့း စုပြုံနေသည့် ပြင်းထန်သော အကိုင်းအခက် အသေများဖြင့် အပေါက်များက ပိတ်ဆို့လုနီးပါး ဖြစ်နေပါပြီ။


သူကိုင်ထားတဲ့ နွယ်ပင်မှာလည်း တစ်ခုခု ချိတ်ဆွဲထားသလို လေးလံနေတာကြောင့် အနီးကပ် ကြည့်လိုက်တော့ ဖက်တီးဖြစ်နေတာ တွေ့လိုက်ရသည်။


ဝူရှဲ့ ဟိုင်နန်မှ ပြန်ရောက်ပြီးနောက်တွင် သူ၏ ရေကူးစွမ်းရည်သည် ခုန်ပျံကျော်လွှားကာ တိုးတက်လာခဲ့သည်။ ဒါကြောင့် ယခု ရေထဲတွင် ရွေ့လျားဖို့ အလွန်ခက်ခဲနေတာမျိုး မတွေ့ခဲ့ရပါ။ ကြိမ်ဖန်များစွာ ကူးခတ်ကာ အကိုင်းအခက် အစွန်းဆီသို့ ရောက်သော် ဖက်တီး၏ နွယ်ပင်သည် အကိုင်းအခက်များ၏ အပြင်ဘက်တွင် တွယ်ကပ်နေကြောင်း တွေ့လိုက်ရသည်။ သူ့နားထဲ ရေဝင်သွားတာကြောင့်လား မပြောတတ် တဝွီဝွီ အသံတွေပဲ ကြားနေရသည်။ 


အကိုင်းအခက်တွေ အောက်ကို ခုန်ဆင်းပြီး ဖက်တီးရဲ့ နံဘေးကို ရောက်သွားတော့ ဖက်တီးမျက်နှာက ပြာလဲ့နေပြီ။ သူသည် အသက်ရှုအားနည်းပြီး သူ့သွေးခုန်နှုန်းကိုလည်း မခံနိုင်တော့ပေ။ ဝူရှဲ့ ရေထဲ ပြန်ငုံ့ပြီး သူ့ခြေထောက်တွေကို ချည်ထားတဲ့ နွယ်တွေကို ဖယ်ရှားလိုက်သည်။


ထို့နောက် အကိုင်းအခက်တွေပေါ် ခြေထောက်တင်ပြီး သူ့ဗိုက်ကို ပုခုံးနဲ့ တွန်းရင်း တွန်းရင်းနဲ့ ရွှံ့ရေတစ်ဆုပ်ကို အန်ထုတ်စေလိုက်သည်။ သူ့ရင်ဘတ်ကို ဖိနှိပ်နယ်လိုက်တော့မှ ဖက်တီးခမျာ ချောင်းဆိုးရင်း အမှန်တကယ် တုံ့ပြန်လာခဲ့သည်။


တုံ့ပြန်လာပြီ ဆိုတော့ လွတ်မြောက်နိုင်ပြီလို့ တွေးပြီး ဝမ်းသာအားရ တွန်းလိုက်မိပေမယ့် လေဝဝ မရှူရတာ နည်းနည်းကြာသွားပြီ ဖြစ်တာကြောင့် ဖက်တီးမှာ မခံနိုင်ဘဲ အသက်ရှုကြပ်သွားသည်။ တကယ်လို့ ဖက်တီး အသက်ရှုမသွင်းနိုင်ရင် သေသွားလိမ့်မယ်။ သူ့ကိုရေထဲက ထုတ်ပြီး ညီညာတဲ့ နေရာမှာ လှဲခိုင်းရမည်။ 


အပေါ်ကို အရင်တက်ရမယ်။ တက်နေသရွေ့တော့ အကိုင်းအခက်တွေပေါ် ရောက်နိုင်သေးသည်။ ဝူရှဲ့ အကိုင်းအခက် တစ်ခုလုံးကို ရေထဲသို့ ဖိချကာ ကုတင်လိုလုပ်၍ ဖက်တီးကို ရေထဲမှ တွန်းတင်လိုက်သည်။ ဤနေရာတွင် အကိုင်းအခက် အများစုက ဆူးပင်များနှင့် ပြည့်နေလျှင် စူးရှသော ဆူးပင်များကို ရိုက်မိလိမ့်မည်။


ဘယ်နှစ်ခါတက်ခဲ့ရမှန်း မသိဘဲ အကိုင်းအခက်တွေက ကျိုးကျပြီး တက်နေနိုင်တဲ အနေအထားမျိုး လုံးဝ မရှိတာကြောင့် စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ရသည်။ ဤအကိုင်းအခက် အစုအပုံသည် တောင်ကဲ့သို့ ခိုင်မာသော်လည်း အမှန်တကယ်တွင် အလွန်ပျက်စီးလွယ်ပြီး လူကို လုံးဝ လဲလျောင်းခွင့် မပေးနိုင်ပါ။ 


ဒီစိတ်ပျက်အားငယ်မှု ခံစားချက်က ပြင်းထန်လာ​လွန်းလို့ ဝူရှဲ့ခမျာ သူ့ရှေ့မှာ ချောက်ကမ်းပါးတစ်ခု ရှိရင် ကောင်းလိမ့်မည်ဟုပင် တွေးမိသည်။ ယခု အချိန်မှာတော့ ကောင်းကင်ကြီးက သူ့ကို လှည့်စားနေပြီလို့သာ တွေးလိုက်သည်။


အကြိမ်အနည်းငယ် တက်လိုက်သော်လည်း လက်တွေကြောင့် သစ်ကိုင်းက အကုန်ကျိုးကုန်သည်။ မိုက်မိုက်ကန်းကန်း ပြုမူဖို့ မဖြစ်နိုင်ဘူးဆိုတာ သိလိုက်ရတော့ ဖက်တီးကို ဆွဲကိုင်လိုက်ပြီး နွယ်ပင်တွေကို ဓားမြှောင်နဲ့ခုတ်ကာ အကိုင်းအခက်တွေကို တစ်ဖက်သို့ ရွှေ့လိုက်သည်။ 


ဤနေရာ၌ ကျောက်နံရံပေါ်သို့ တက်ရန် လွယ်ကူသော နေရာတွင် ရှိပါက သို့မဟုတ် လက်တင်၍ ထားနိုင်သော နေရာရှိပါက အကောင်းဆုံးဖြစ်သည်။


ဆူးတွေလို အပြူးထွက်နေတဲ့ အကိုင်းအခက်တွေကို ထောက်ဖို့ သူ့ခွန်အားကို အသုံးပြုရင်း ရုန်းကန်နေစဥ် တစ်ဖက်က ကျောက်နံရံမှာ ခြောက်ကပ်နေတဲ့ သားရဲပါးစပ်ကို ရုတ်တရက် လှမ်းတွေ့လိုက်ရသည်။ အဲဒီထဲက ရေတွေ မထွက်လာဘူး။ ဂရုတစိုက်ကြည့်လျှင် ထိုသို့သော ဝင်ပေါက် အနည်းအကျဉ်း ရှိတာကို တွေ့မြင်နိုင်သော်လည်း အားလုံးသည် အလွန်မြင့်မားသော နေရာများတွင် ရှိနေကြသည်။


ဝူရှဲ့ အရမ်းပျော်သွားသည်။ ဖက်တီးကို အရင်ဆုံး ဘေးဖယ်ထားလိုက်ပြီး ကျောက်တုံးအ​ပြူးကို ဆွဲကာ အပေါ်ကို တစ်ဝက်လောက်အထိ တက်ကြည့်လိုက်သော် နေရာတစ်ခု ရှိနေတာ တွေ့လိုက်ရ၏။ အံကိုကြိတ်ရင်း ဖက်တီးကို တွန်းတင်ပစ်လိုက်ဖို့ ရည်ရွယ်ထားလိုက်သည်။ 


ထိုအခိုက်အတန့်တွင် သူ့ဘေးနားရှိ ဖက်တီးက ရုတ်တရက် လှုပ်သွားပြီး ဆိုလာခဲ့သည်။ 


"အချိန်မရှိတော့ဘူး!"


ဝူရှဲ့ လန့်ဖျပ်သွားပြီး လှည့်ကြည့်လိုက်တော့ ဖက်တီးက လုံးဝ မလှုပ်မယှက်ပါပဲ။ သူ့မှာ ထူးဆန်းတဲ့ အမူအရာမျိုးတောင် မပြလာတာ တွေ့လိုက်ရတော့ ဝူရှဲ့ သူ့ပုခုံးတွေကို ပွတ်သပ်ရင်း ဂယောင်ချောက်ချား အသံတွေ ထပ်ကြားလာရပြန်ပြီဟု တွေးလိုက်သည်။ ထိုစဥ် ဖက်တီးရဲ့ အနောက်ဖက်ဆီမှ ပြက်သားတဲ့ အသံတစ်သံ ထွက်ပေါ်လာသည်။ 


"အချိန် မရှိတော့ဘူး!"