ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
Chapter (36)
တတိယည - မြူထဲကလူ
အဝေးက ထွက်လာတဲ့ ရေတွေရဲ့ တဟုန်ထိုး ထွက်ကျလာတဲ့ အသံကလွဲလို့ တခြား ဘာသံမှ မရှိသလောက်ပါပဲ။ ဒီအသံက အရမ်းရုတ်တရက်ဆန်စွာ ထွက်လာတာကြောင့် သတိမမူမိဘဲ အေးစက်စက်နဲ့ ချွေးတွေ ထွက်ကျလာခဲ့သည်။
ပထမဆုံး တုံ့ပြန်မှုမှာ ဦးလေးသုံးရဲ့ လူများလားဟု တွေးမိတာပါပဲ။ ဤနေရာတွင် အသက်ရှင်ကျန်ရစ်သူများ ရှိနေတာလားဟု တစ်ယောက်တည်း တွေးနေမိသည်။ အခုနတုန်းက အသံက သေချာပေါက် စကားပြောနေတဲ့ လူတစ်ယောက်ပင်။ သက်ရှိလူသား တစ်ယောက်နဲ့တွေ့ဖို့ တစ်ခါမှ မမျှော်လင့်ထားမိဘူး ဆိုတာတော့ အမှန်ပါပဲ။
လူတစ်ယောက်ရဲ့ အသံကို ကြားလိုက်တာကြောင့် ဝူရှဲ့စိတ်ထဲ နည်းနည်း အေးချမ်းသွားသည်။ ဒါကြောင့် ဖက်တီးနောက်ကို လှမ်းကြည့်လိုက်မိသည်။ ဖက်တီးနောက်မှာလည်း သစ်ကိုင်းခြောက်တွေ ရောယှက်နေပြီး မီးအိမ် အလင်းရောင်က အားနည်းတဲ့အတွက် ဘာမှ ရှင်းရှင်းလင်းလင်း မမြင်ရပါဘူး။
ဒီတောထဲမှာ တစ်စုံတစ်ယောက် ရုတ်တရက် ပြေးဝင်လာခဲ့ရင် ဖြစ်နိုင်ခြေ အရှိဆုံးလူက ဦးလေးသုံးပါပဲ။ ဤသူသည် အခုနတုန်းက သူ့နာမည်ကို ခေါ်သောသူ ဖြစ်နိုင်သည်။ သူသည် ချောက်ထဲ ကျသွားပြီးနောက် ရေထဲကနေ ဤနေရာအထိ မျောပါသွားခြင်း ဖြစ်နိုင်သည်။ သူအခုနတုန်းက ပြောသည့်စကားအရ သူသည် တခြားတစ်ယောက်နှင့် စကားပြောနေပုံရပြီး သူ့အနားတွင် လူတစ်ဦးထက်ပို၍ ရှိနေနိုင်သည်။
"အဲဒီမှာ ဘယ်သူလဲ"
ဝူရှဲ့ အော်ရင်း မျက်လုံးတွေကို မှေးကာ အဲဒီဘက်ကို ကြည့်လိုက်သည်။ ဦးလေးသုံးရဲ့ လူတွေနဲ့ တွေ့ခဲ့ရင် ဒါက ဘုရားသခင်ရဲ့ ကောင်းချီးတစ်ခုပဲ။ ဒါဆိုရင် ဦးလေးသုံးရဲ့ အတွေ့အကြုံနဲ့ ဘာတွေဖြစ်နေလဲ သိလိမ့်မယ်။
သို့သော်လည်း အချိန်အတော် ကြာအောင် စောင့်ဆိုင်းပြီးနောက် ဖက်တီး၏ နောက်ကွယ်ကလူဟာ တစ်စုံတစ်ရာ အကြောင်းမပြန်ဘဲ တိတ်ဆိတ်သွားခဲ့သည်။ ထိုနေရာတွင် အကိုင်းအခက်များဖြင့် ဖုံးအုပ်ထားရာ သားရဲပါးစပ်သည် အေးခဲသွားခဲ့သလို လှုပ်ရှားမှု မရှိလာခဲ့ပေ။
ဝူရှဲ့ ချက်ချင်း သတိဝင်လာပြီး နံဘေးက သစ်သားတုတ်ရှည်ကို လှမ်းကိုင်လိုက်သည်။ သူ့စိတ်ထဲမှာ မထင်မှတ်တဲ့ သတိပေးချက် တစ်ခု ရှိနေ၏။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သစ်ကိုင်းတွေကြားထဲက စူးစူးရှရှအသံတစ်ချက်ကို ကြားလိုက်ရသည်။
"တတိယသခင်လေး?"
အသံက အရမ်းထူးဆန်းပြီး စကားပြော အရမ်းမြန်ပေမယ့် တကယ် စကားပြောသူ တစ်ယောက်ဖြစ်သည်။ ၎င်းက သူ့ကို နာမည်ပြောင်နဲ့ ခေါ်နေတာဆိုတော့ ဦးလေးသုံးရဲ့လူ ဖြစ်တာကြောင့် ချက်ချင်း စိတ်သက်သာရာရသလို သူက ရှောင်စန်းရယ် ဆိုတာကို သိစေချင်သည်။
"ကျွန်တော်ပါ!"
ဝူရှဲ့ ချက်ချင်း သက်ပြင်းချပြီး သစ်ကိုင်းတွေကြားက ကွက်လပ်ကို ဖွင့်ကာ အော်လိုက်၏။
"အဲဒီမှာ ဘယ်သူရှိလဲ... ခင်ဗျား ပိတ်မိနေတာလား စိတ်မပူပါနဲ့... ကျွန်တော်ခင်ဗျားကို ချက်ချင်း ထုတ်ပေးမယ်!"
"ရှောင်စန်းရယ်?"
"ကျွန်တော်ပါ!!! ကျွန်တော်ပါ!!" လို့အော်ပြီး အကိုင်းအခက်တွေကို ဖယ်ရှားကာ အထဲမှာ ပိတ်နေတဲ့ လူကို ရှာဖို့ ကြိုးစားလိုက်သည်။
အကွာအဝေး တစ်ခုအထိ တူးပြီးနောက် ပုပ်ပွနေသော သစ်ကိုင်းများနှင့် ပြည့်နေတာကိုသာ တွေ့ရကာ လူကို မတွေ့ခဲ့ရပေ။ အတွင်းကလူဟာ ထူးဆန်းသည်ဟု ခံစားမိသောကြောင့် ဝူရှဲ့ ချောင်ရှား ဒေသိယစကားဖြင့် ကျိန်ဆဲလိုက်ပြီး။
“စိတ်မပူပါနဲ့.... မင်းအဖေ ငါဟုတ်တယ်... အဲဒီအထဲမှာ ဘယ်သူရှိလဲ ဘာလုပ်နေတာလဲ ဘယ်မှာလဲ ပြောပါ"
ဝူရှဲ့ အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် တစ်ခုခုမှားနေပြီလို့ ခံစားမိပြန်သည်။ သူပြောတာကို ကြားရရဲ့လား။ ဒါမှမဟုတ် သူပြောနေတာကို တစ်ဖက်က ရှင်းရှင်းလင်းလင်း မကြားနိုင်လို့လား။ ဒါမှမဟုတ် သတိလစ်သွားတာလား။
အဲဒါကို တွေးရင်းနဲ့ ကိုယ့်ကိုကိုယ် မထိခိုက်မိအောင် ဂရုစိုက်ရသေးသည်။ အစောတုန်းက ရွှံ့နွံထဲမှာ အနက်ရောင်လေတွေ ပြည့်နေခဲ့ရာ ဒီလူက အဆိပ်ပြင်းတဲ့ မြွေကိုက်ခံရတာ ဖြစ်နိုင်သည်။ မြွေ မကိုက်ရင်တောင်မှ သတိလစ်နေမှာ သေချာပါ၏။ အခုနတုန်းက သူ့ခမျာလည်း ရေစီးကြောင့် ခေါင်းထဲ ရေဝင်သွားတဲ့အတွက် မိမိပြောတာကို မကြားရတာလည်း ဖြစ်နိုင်ပေသည်။
ဒါကို တွေးရင်းနဲ့ ဝူရှဲ့ အံကြိတ်ပြီး အော်ဟစ် အသံပေးလိုက်သည်။ တစ်ဖက်လူကပါ အဆိပ်မိထားရင် မိမိမှာ သူတို့နှစ်ယောက်လုံးကို ဂရုမစိုက်နိုင်တော့လောက်ပေ။ သို့သော် မသိသလို ဟန်ဆောင်လိုက်လို့ကလည်း မဖြစ်နေချေ။
ဤအကိုင်းအခက်များသည် ခြောက်မီတာ သို့မဟုတ် ခုနစ်မီတာခန့် မြင့်သည်။ သစ်ကိုင်းပုံများက ပုံသဏ္ဌာန်အားဖြင့် ကြီးမားပုံ မပေါ်သော်လည်း ဆူးတွေက ပြင်းထန်သောကြောင့် အကိုင်းအခက်များကို ကောက်ယူရန် ခက်ခဲလှပါသည်။ အကိုင်းအခက်တွေကို တူးဖို့ နှစ်မိနစ် သုံးမိနစ်လောက် အချိန်ယူ တူးပြီးမှ အသံထွက်လာတဲ့ နေရာကို လှမ်းကြည့်လိုက်သည်။
အဲဒီဘက်မှာ ယိမ်းနေတဲ့လူကို မြင်ရမယ်လို့ ထင်မိပေမယ့် တုန်လှုပ်စရာကတော့ သစ်ကိုင်းပုံထဲကြားမှာ ဘာတစ်ခုမှ မရှိနေချေ။ တကယ်ကို ဘယ်သူမှ မရှိ။ နောက်ကွယ်မှာ သားရဲရဲ့ ပါးစပ်ဝကြီးသာ ရှိနေလေသည်။
"ဘာတွေဖြစ်နေတာလဲဟ!!"
ဝူရှဲ့ ကျိန်ဆဲလိုက်သော်လည်း စကားမဆုံးမီတွင် သူတူးထားသော သစ်ကိုင်းအစွန်းမှ တစ္ဆေသရဲလို အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြန်သည်။
"ရှောင်စန်းရယ်?"
နားရွက်ဘေးနားက အသံကြောင့် ကြောက်လန့်တကြား ထအော်လိုက်သည်။ ဦးရေပြားက ပေါက်ကွဲပြီး သစ်ကိုင်းတွေပေါ်ကနေ ပြုတ်ကျလုမတတ် ဖြစ်သွား၏။ ခေါင်းကို လှည့်ကြည့်လိုက်တော့ တူးထားတဲ့ အပေါက်နားမှာ တွေ့လိုက်ရပါပြီ။ သစ်ကိုင်းများ၏ လမ်းဆုံအတွင်း၌ အမှောင်ထုက ဖုံးအုပ်ထားကာ အမှန်တကယ်ပင် သူတို့ကဲ့သို့ မြေပြင်ပေါ်တွင် လဲလျောင်းနေသော လူတစ်ဦးသည် သွေးနီရောင်မျက်လုံး တစ်စုံဖြင့် ဝူရှဲ့ကို စိုက်ကြည့်နေလေသည်။