ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
Chapter (34)
တတိယည - ရွှံ့နွံမကောင်းဆိုးဝါးအရိပ်
သေသေချာချာ ကြည့်လိုက်ရင် ရေကန်ရဲ့အောက်ခြေမှာ ရှိနေတဲ့ ရွှံ့အလွှာတွေက အနက်ရောင်လေထုကြီး အဖြစ် အသွင်ပြောင်းသွားသည့် အတိုင်းပင်။ ရေကန်အောက်ခြေ တစ်ခုလုံးက ရွေ့လျားနေပြီး ရွှံ့ထဲတွင် ပုံမှန်မဟုတ်သော ရေပိုက်ခေါင်းတစ်ခု ရှိနေသည့်နှယ် အလောင်းများကို ထုပ်ပိုးကာ ထွေးထုတ်ပစ်လိုက်သည်။
ရွှံ့လှုပ်ရှားမှုတွေ ပိုပြင်းထန်လာသည်နှင့်အမျှ အောက်မှ အနက်ရောင်လေထုသည် ပို၍ပို၍ မြင့်တက်လာသည်။ ဝူရှဲ့ခမျာ ကြောက်ရွံ့ရန် ခွန်အား မရှိတော့သော်လည်း သွားများကို တင်းတင်းကြပ်ကြပ် စေ့ကာ ခန္ဓာကိုယ်အတွင်းရှိ တင်းမာမှုများလည်း ပိုဆိုးလာသည်။ နောက်ထပ် ခြေတစ်လှမ်း လှမ်းဖို့တောင် မဖြစ်နိုင်တော့သလိုပင်။ သူ့စိတ်နဲ့ အတွေးတွေက လျင်မြန်စွာ လည်ပတ်နေပြီး ဘာလုပ်ရမလဲ ဆိုတာကို တွေးရင်းနဲ့ အောက်က အခြေအနေကို သတိထား ကြည့်နေခဲ့သည်။
ဤအငွေ့များသည် စိမ့်မိုးသစ်တောများတွင် အရွက်အများအပြား ဆွေးမြေ့သွားခြင်းကြောင့် ဖြစ်ပေါ်လာသော အဆိပ်ဓာတ်ငွေ့များ ဖြစ်ကာ ယခုလို ရွှံ့နွံများနှင့် မိုးသစ်တောများတွင် မကြာခဏ တည်ရှိတတ်ပြီး သဘာဝရာသီဥတု၏ ပြောင်းလဲမှု ကြီးကြီးမားမားရှိပါက ထွက်လာတတ်သည်။
အပူပိုင်းမိုးသစ်တော အများအပြားသည် ဤအဆိပ်ပြင်းဓာတ်ငွေ့များ တည်ရှိနေခြင်းကြောင့် လူများ မဝင်ရောက်ရန် နေရာ အများအပြားကို ပိတ်ဆို့ထားကြသည်။ တချို့သော အဆိပ်သင့်ဓာတ်ငွေ့များသည် အထူးသတ္တုများ သို့မဟုတ် မီးတောင်ဓာတ်ငွေ့များ မငြိမ်မသက် ဖြစ်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပေ၏။
အဆိပ်သင့်သော တိမ်တိုက်များ သို့မဟုတ် မြူခိုးများ ရောနှောနေသည့် အနေအထားကြောင့် ဤအဆိပ်ဓာတ်ငွေ့ ရှိရာ နေရာမျိုးသည် ကမ္ဘာပေါ်တွင် ငှက်များပင် မပျံသန်းနိုင်သော "သေမင်းတောင်ကြားများ" ကဲ့သို့ နေရာများ အများအပြား ဖြစ်လာတာပဲ ဖြစ်သည်။
ဒီလိုဆိုရင် ဒီအရာက ကောင်းတဲ့ကိစ္စ မဟုတ်သလို မနေ့ညတုန်းက ဘုရားကျောင်း မျှော်စင် ရှေ့မှာ ကြုံခဲ့ရတဲ့ မြူခိုးတွေလို မျက်စိကွယ်သွားမလား မပြောတတ်ချေ။
ဒါ့အပြင် ဒီကထွက်ပြီး ချက်ချင်း အပျက်အစီးတွေဆီ အပြေးအလွှား ပြန်သွားနိုင်မလားလို့ စဉ်းစားမိပေမယ့် အကွာအဝေးနဲ့ အချိန်ကို တွက်ကြည့်လိုက်တော့ မဖြစ်နိုင်ပေ။ ဒီအချိန်မှာတော့ အနက်ရောင်လေဟာ သစ်ပင်အောက်အထိ စိမ့်ဝင်လာတာကြောင့် ဝူရှဲ့ အောက်ကို မဆင်းနိုင်တော့ချေ။ ထို့အပြင် မြူများ လျော့မသွားပါက သို့မဟုတ် မြွေအုပ်စုနှင့် ကြုံတွေ့ရပါက သူသည် အဆိပ်သင့်ပြီး မျက်စိကွယ်သွားနိုင်ဖွယ် ရှိသည်။
အနက်ရောင်လေဟာ သစ်ပင်တွေ အောက်မှာသာ ပျံ့သွားပြီ။ ထိုအငွေ့တွေ သစ်ပင်အမြစ်ရဲ့ အပေါ်ပိုင်းကို မတက်ပါစေနဲ့လို့ ဆုတောင်းမိပေမယ့် ဒါက မဖြစ်နိုင်ဘူးဆိုတာ သိသာထင်ရှားလှသည်။ အနက်ရောင် လေထုဟာ တဖြေးဖြေးနဲ့ လှိမ့်ဝင်လာပုံမှာ အသက်ရှင်နေသည့်အတိုင်းပင်။
ဒီတစ်ခါတော့ အနက်ရောင်ဓာတ်ငွေ့ကြောင့် အဆိပ်သင့်ရင် မျက်စိကွယ်တာထက် ပိုဆိုးလိမ့်မယ်ဆိုတာ သိလိုက်ရတော့ ဝူရှဲ့မှယ စိတ်တိုတိုနဲ့ အဝတ်တစ်ထည်ကို ချက်ချင်း ဆုတ်ဖြဲလိုက်ပြီး သူ့ကိုယ်ပေါ်ရှိ ရွှံ့တွေဖြင့် သုတ်လိုက်သည်။ အဲဒီနောက် ပါးစပ်နဲ့ နှာခေါင်းကို ဖုံးအုပ်ပြီး ဖက်တီးအတွက်လည်း တစ်ခု လုပ်ပေးလိုက်၏။
နောက်တော့ သူတို့ သစ်ပင်မှာ ရှိနေတာကို သတိရသွားတာကြောင့် ဖက်တီးကို နွယ်ပင်တွေနဲ့ ချက်ချင်း ကြိုးတုပ်လိုက်သည်။ တကယ်လို့ အဆိပ်မိသွားရင် ဖက်တီးက သတိလစ်နေတာကြောင့် သစ်ပင်ပေါ်ကနေ ပြုတ်ကျသွားမှာ သေချာသည်။ ဒါကို တားဆီးဖို့ သစ်ပင်မှာ ချိတ်ဆွဲထားလိုက်သည်။
ပြီးတာနဲ့ အနက်ရောင်လေက သူ့ခြေထောက်ကို ဖုံးလွှမ်းသွား၏။ အရိပ်မည်းကြီးက သူတို့ထိုင်နေတဲ့ သစ်ကိုင်းနားကန ချက်ချင်း ဖြတ်သွားသလိုပဲ။ သစ်ပင်ကြီးများထံမှ တဖျပ်ဖျပ်မြည်သံ ထွက်ပေါ်လာပြီးနောက် မျက်စိမြင်နိုင်သလောက် ပတ်ဝန်းကျင် နေရာများသည် အနက်ရောင် လေထဲတွင် ရုတ်တရက် ဖုံးလွှမ်းသွားသည်။
မည်းမှောင်နေတဲ့ လေထုဟာ အနီးနားပတ်ဝန်းကျင်ကို ရုတ်တရက် လွှမ်းခြုံသွားတဲ့အခိုက် နှစ်ယောက်သား မီးလောင်နေတဲ့ အိမ်ထဲမှာ ပိတ်မိနေသလို ခံစားလိုက်ရသည်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ထူးဆန်းတဲ့ အနံ့တစ်ခုကို ရလိုက်တာကြောင့် လည်ချောင်းတွေ ယားယံလာတယ်လို့ ခံစားလာရ၏။
လည်ချောင်း ယားယံတာက ကောင်းတဲ့လက္ခဏာ မဟုတ်တာမို့ အလိုလို အသက်ရှူသွင်းမိသည်။ တတ်နိုင်သမျှ အသက်နည်းနည်းပဲ ရှူမိဖို့ ကြိုးစားလိုက်ပါသည်။
စက္ကန့်အနည်းငယ် ကြာတော့ ချက်ချင်း မသေဘဲ အဆင်ပြေနေသေးတာကြောင့် သက်ပြင်းတစ်ချက် ချမိသည်။ ဤအနက်ရောင် ဓာတ်ငွေ့ဟာ အဆိပ်အတောက် မရှိတာ အနည်းငယ် သေချာသွားသော်လည်း သူတို့ အလွန်အကျွံ ရှူသွင်းမိရင် ဘာဖြစ်လာမလဲ ဆိုတာ ပြောရခက်ပါ၏။
မြူခိုးတွေလို မည်းမှောင်နေတဲ့ လေထုက သူ့အလိုလို ဆုတ်သွားပါစေလို့ ဆုတောင်းနေရင်း ဝူရှဲ့တစ်ယောက် လေထုရဲ့ ပိုပါးလွှာတဲ့ အရပ်ကို မျှော်ကြည့်ရင်း အမြင့်ကို တက်နိုင်မလားလို့ တွေးမိသွားပြန်သည်။ သစ်ပင်ထိပ်ဖူးကို မြင်ရသလောက်တော့ အနက်ရောင် ဓာတ်ငွေ့တွေ ဖုံးလွှမ်းနေပြီး မိုင်းတွင်းမီးအိမ်ရဲ့ အလင်းတန်းအောက်မှာတော့ အဲဒီ ဓာတ်ငွေ့တွေဟာ အစိုင်အခဲ အမှုန်လေးတွေ ဖြစ်ပုံရတာကို သတိထားမိလိုက်သည်။ ဒါက အငွေ့လည်း မဟုတ် လေထုလည်း မဟုတ်သလိုပင်။
ဒါကဘာလဲ။ ဒီလို အနက်ရောင် မီးခိုးတွေက ဘယ်ကနေများ ရောက်လာတာလဲလို့ တွေးရင်းနဲ့ စိတ်ထဲမှာ ယောင်ဝါးဝါးနဲ့ စိတ်မသက်မသာ ခံစားလာရတော့သည်။ ဒီအနက်ရောင် မီးခိုးတွေကို သူတစ်နေရာရာမှာ တွေ့ဖူးသလိုပင်။ သူတော့ တော်တော်လေး ကံမကောင်းရှာချေ။
ထိုစဥ် မျက်နှာသေ အကြောင်းကို ရုတ်တရက် သတိရသွား၏။ သူ့ဘိုးဘေးတွေကိုသာ သွားတွေ့ကာ မျက်နှာသေကို နည်းနည်း လူသားဆန်ပေးဖို့ နားချစေချင်မိသည်။ အစောတုန်းက သူပြောတဲ့အတိုင်းသာ မျက်နှာသေတို့ နားထောင်ခဲ့ရင် အခုလို အခြေအနေမျိုး ဖြစ်လာမှာ မဟုတ်ပေ။ အခုတော့ ဘယ်သူ့ကို သွားတိုင်ကြားရမှန်း မသိ ဖြစ်သည်။
ဝူရှဲ့ခမျာ သူအရင်က မျက်နှာသေကို အရမ်းယုံကြည်ခဲ့မိတာ ဖြစ်နိုင်တယ်လို့ ခံစားလာရလေသည်။ သို့သော် မကြာသေးခင်က သူလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေက နည်းနည်းတော့ မူမမှန်သလို ဖြစ်လာခဲ့၏။ ဝူရှဲ့ ပြန်တွေးရင်း ရုတ်တရက် ကိုယ့်ပါးစပ်ကို ပိတ်ထိုးပစ်ချင်လာသည်။
ဒါပေမဲ့ မျက်နှာသေ ဒီည သူတို့ဆီကို လာနိုင်ပါ့မလား မသိ။ အဲဒီတုန်းက ဂတ်စ်မျက်နှာဖုံးတွေ မယူလာခဲ့တာ သူ့အမှားပါပဲ။ ခက်တာက အားနင်တို့ရဲ့ ဂတ်စ်မျက်နှာဖုံးတွေက လေးလံလွန်းလှသည်။ ဖက်တီးနဲ့ ဖန့်ကျစ်တို့သည် ယခင်စစ်သားဟောင်းများ ဖြစ်လို့ သန်မာသော်လည်း လေးလံလွန်း၍ အဆင်မပြေနိုင်ချေ။
ဘယ်လိုပဲတွေးနေနေ အခုအခြေအနေကို တွေးကြည့်လိုက်တဲ့အခါ ဒါဟာ သူ့ရဲ့ မလွတ်မြောက်နိုင်တဲ့ ဘေးအန္တရာယ်တစ်ခုပါပဲ။
သို့နှင့် ဝူရှဲ့လည်း ကျောက်တုံးအခန်းကြီးထဲကို ဆက်ကြည့်နေလိုက်သည်။ ခြေဖဝါးအောက်က ရွှံ့နွံထဲမှာ ရေတွေ လှုပ်ခါနေတဲ့ အသံတွေကို ဆက်တိုက် ကြားနေရကာ အသံက အရမ်းလေးလံတဲ့ အရာတစ်ခု ရွေ့လျားနေသလိုပင်။ နားထောင်ကြည့်လျှင် အသံက တစ်စုံတစ်ခု ရေထဲက ထွက်လာတော့မယ့် အတိုင်းပါပဲ။
ဒီရေကန်အောက်မှာ အပြောင်းအလဲတချို့ ရှိနေပြီ။ အလောင်းရဲ့ ဗိုက်ထဲက မြွေဥတွေ ပေါက်သွားတာလား ဒါမှမဟုတ် မြွေကြီးတစ်ကောင် လာစားတာလား။
သူတို့သစ်ပင် အောက်ဖက်နားကို နီးလာသလိုမျိုး ရေသံတွေက ပိုကျယ်လောင်လာတာကို ကြားလိုက်ရသည်။ မိုင်းတွင်းမီးခွက်ကို လင်းထိန်သွားအောင် အောက်နည်းနည်း ချကြည့်လိုက်တဲ့ အချိန်မှာပဲ အနက်ရောင်လေထဲမှာ ဝှက်ထားတဲ့ အနက်ရောင် အစက်အပြောက် တစ်ခုကို တွေ့ရ၏။ ခန္ဓာကိုယ်ပုံသဏ္ဌာန်က အရင်က ကြုံဖူးတဲ့ မြွေထက် အနည်းငယ် ပိုကြီးပေမယ့် မြွေဟုတ်မဟုတ်ဆိုတာတော့ ပြောလို့ မရသေးပါဘူး။
အနက်ရောင်လေက လေထုတစ်ခုလုံးကို ပြည့်လျှံနေစေရာ အနက်ရောင် အစက်အပြောက်တွေ အောက်မှာ ရှိနေတာကို မြင်ဖို့ မဖြစ်နိုင်သလို ဒီအချိန်မှာ ကိုယ့်ကံကြမ္မာအတွက် ကိုယ့်ဘာသာကိုယ် ဖန်တီးရတော့မှာ ဖြစ်တာကြောင့် အနက်ရောင် အစက်အပြောက်တွေရဲ့ လှုပ်ရှားမှုတွေကို အာရုံစိုက်နေခဲ့သည်။
ဤအမှုန်အမွှား အောက်တွင်ရှိ အနက်ရောင် အစက်အပြောက်သည် ကုန်းနေသတ္တဝါ မဟုတ်လောက်ဘူးဟု တွေးတောမိသည်။ ၎င်းက မြွေကြီးကဲ့သို့ပင်။ သို့သော် သူ့အရွယ်အစားနဲ့ အခုအချိန်ထိတော့ ရှင်သန်နိုင်မှာ မဟုတ်ချေ။ အဲဒါကိုကြည့်ရင် ရွှံ့ထဲမှာ မြှုပ်ထားတဲ့ ငါးကြီးတစ်ကောင် ဖြစ်နိုင်ပါ့မလားလို့ တွေ့ကြည့်မိ၏။
သို့သော် စိမ့်တွင်းထဲမှာ ဘယ်ငါးက နွားငယ်တစ်ကောင်လောက်ကြီး ကြီးထွားနိုင်ပါ့မလဲ။ မိကျောင်းလား။ ဒါကို တွေးကြည့်တော့လည်း မဖြစ်နိုင်သလိုပါပဲ။ တကယ်လို့ နွားလောက်ကြီးတဲ့ မိကျောင်းကြီးရှိလျှင် သူအစောတုန်းက သေချာပေါက် အဆွဲခံလိုက်ရလောက်ပြီ။ မိကျောင်းသည် ၎င်း၏နယ်မြေကို ကျူးကျော် ဝင်ရောက်လာသည့် အရာများကို ဘယ်တော့မှ အလွတ်ပေးမည် မဟုတ်။
ဝူရှဲ့ တွေးနေရင်းနဲ့ သူ့မီးခွက်နားက အနက်ရောင် အစက်အပြောက်လေး ရုတ်တရက် ရပ်သွား၏။ ဝူရှဲ့ရင်ထဲ ဒိတ်ကနဲ ဖြစ်သွားကာ ထိုအရာက သူတို့ကို သတိထားမိသွားကြောင်း သိလိုက်သည်။ ထိုအရာဆီက အစက်အပြောက် အလင်းရောင်လေးက နည်းနည်း ဆိုးသွမ်းမယ့်ပုံပင်။ ဝူရှဲ့ မီးအိမ် အလင်းရောင်ကို ချက်ချင်းရွှေ့ပြီး သစ်ပင်ရဲ့ ခေါင်မိုးဆီက ဖက်တီးဘက် လှည့်လိုက်သည်။
ဖက်တီးဘက်ကို ရွှေ့လိုက်တာနဲ့ တစ်ခုခု မှားနေပြီဆိုတာ သိလိုက်ရသည်။ ဖက်တီးခေါင်းက အောက်ကို စိုက်ကျနေကာ မျက်လုံးထဲက အနက်ရောင်သွေးတွေ ထွက်နေသည်။ စိတ်ထဲမှာ ထိတ်လန့်တုန်လှုပ်သွားပြီး ဖက်တီးကို လှမ်းကိုင်လိုက်စဥ် အေးစက်နေတဲ့ ချွေးတွေပါ တောင့်ခဲသွားရလေ၏။ ဖက်တီး တစ်ကိုယ်လုံးက အေးစက်နေကာ အသက်မရှူတော့ပေ။
ဝူရှဲ့ တိတ်တိတ်လေး ကျိန်ဆဲလိုက်မိသည်။ ဒါက မြွေအဆိပ်လား ဒါမှမဟုတ် အနက်ရောင် ဓာတ်ငွေ့ရဲ့ အဆိပ်လားဆိုတာ သူ့ခမျာ မသိသေးချေ။ အခုအချိန်မှာတော့ သူအဲ့လောက် မတွေးနိုင်တော့ပါဘူး။ သို့နှင့် ဖက်တီးကို ပြင်းပြင်းထန်ထန် ကိုက်လိုက်သည်။ အကြိမ်အနည်းငယ်လည်း လိမ်လိုက်ပေမယ့် အသုံးမဝင်ပါဘူး။ သူ့နှလုံးသားထဲမှာ ရွံရှာသလို ခံစားလိုက်ရသော်လည်း လူက ကမန်းကတမ်း လှုပ်ရှားနေရသည်။
ဒါပေမဲ့ ဖက်တီးရဲ့ ကိုယ်ဟန်အနေအထားက တော်တော်ကို အဆင်မပြေ ဖြစ်နေပြီ။ သူ့နောက်မှာရှိတဲ့ အကိုင်းအခက်တွေက မရှိတော့တာမို့ သူ့ခေါင်းကို မတ်မတ်ထားနိုင်အောင် ထိန်းထားရသည်။ ဝူရှဲ့သူ့ကို အကြိမ်ပေါင်းများစွာ အနေအထား ပြောင်းပေးခဲ့သည်။
နောက်ဆုံးတော့ ဝူရှဲ့ ဖက်တီးထိုင်နေတဲ့ သစ်ကိုင်းကို ရိုးရိုးရှင်းရှင်း နင်းပြီး သူ့အပေါ်ကို လှဲချလိုက်သည်။ သူ့စိတ်တွေက အရမ်း ပူလောင်နေကာ ဖက်တီး နှလုံးခုန်သေးရဲ့လား သိချင်တာပင်။ ထိုစဥ် ရုတ်တရက် "ကလစ်" ဆိုတဲ့ အသံနဲ့အတူ သစ်ကိုင်းကျိုးသံကို ကြားလိုက်ရသည်။ သူတို့ထိုင်နေတဲ့ နေရာက ဗလာဖြစ်သွားသလို ခံစားလိုက်ရချိန် နှစ်ယောက်စလုံး ရေကန်ထဲကို ပြုတ်ကျသွားလေပြီ။