(30) သဲလွန်စ
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)



Chapter (30)

သဲလွန်စ



ပိုပိုပြီး ထူးဆန်းလာသလို ခံစားရ​လေသည်။ ဒီမှာ လျှို့ဝှက်တံခါးတစ်ခု ရှိထားပေမယ့် တစ်စုံတစ်ယောက်က အဲဒါကို ပိတ်ဆို့ဖို့ အဖုံးအဖြစ် အောက်ခံပြားပါတဲ့ ဗီရိုကို အသုံးပြုခဲ့သည်။ ဒီဗီရိုကို ဖွင့်ထားသရွေ့တော့ သူ့နောက်ကျောမှာ ရှိတဲ့ လျှို့ဝှက်တံခါးကို တွေ့ရမှာပဲ။ ဒီနည်းလမ်းက သိပ်​ပြီး လိမ္မာပါးနပ်မှု မရှိပေမယ့် အားသာချက်ကတော့ တပ်ဆင်ရလွယ်ကူပြီး အဝင်အထွက် လွယ်လေသည်။ 


ဒါပေမဲ့ ဒီပုံစံက ဘယ်လိုလုပ် ဖြစ်လာတာလဲ။ ဒီအခန်းက သိပ်မရိုးရှင်းဘူး ထင်ပါရဲ့။ အရင်က ဘာအတွက် သုံးတာလဲ။ ဒီဘိလပ်မြေလှေကား အောက်မှာ ဘယ်လိုနေရာမျိုး ရှိနေတာလဲ ဆိုတဲ့ အတွေးတွေက ဝူရှဲ့ခေါင်းထဲ ခဏအတွင်း စုပြုံကာဝင်လာခဲ့သည်။ 


လက်ထဲက သော့ကို ကြည့်လိုက်တော့ တစ်ဖက်လူဟာ ဒီလျှို့ဝှက်တံခါးကို ရှာစေချင်တာကြောင့် ဒီနံပါတ်နဲ့ အခန်း​သော့ကို ပို့ပေးခဲ့တာမှန်း သဘောပေါက်လိုက်၏။ ဒါကြောင့် အောက်မှာ အဖြေတစ်ခု ရှိသင့်ပါသည်။ ဝူရှဲ့ ခေါင်းထဲက ချွေးအေးတွေကို သုတ်လိုက်ပြီး ဗီရိုထဲကို လှမ်းဝင်ကာ လျှို့ဝှက်တံခါးပေါက်ထဲကို ရောက်သွားခဲ့သည်။ ဝင်ဝင်ချင်း ထူးဆန်းတဲ့ အနံ့အသက်တစ်ခု ထွက်လာသည်။


အပြင်းထန်ဆုံး ရနံ့ကို ဖြတ်ကျော်ဖို့ ခေါင်းကိုတစ်ဖက်သို့ လှည့်လိုက်ပြီး အရင်ဆုံး ကျင့်သားရအောင် လုပ်လိုက်သည်။ ထို့နောက် မီးခြစ်ကို သုံး၍ အောက်ကို ကြည့်လိုက်ရာ လှေကားထစ်များသည် အောက်ခြေ မရှိသည့်အတိုင်းပင်။ အကွေ့အကောက် များကာ ရှည်လျားနေတာ သိသာထင်ရှားသည်။


လှေကား​​ထစ်​အောက်ကို ကြည့်မိလိုက်တဲ့အခါ မိမိဘာသာ သန်းခေါင်ကျော်ကြီး သရဲခြောက်တဲ့ အိမ်ထဲမှာ ရောက်နေရသလို ခံစားသွားရသည်။ ​​မသိလိုက်တဲ့ အချိန်မှာ တစ်ယောက်တည်း အမှောင်ချထားတဲ့ လျှို့ဝှက်လမ်းထဲ ရောက်နေသလိုပင်။ ထို့ကြောင့် နည်းနည်းတော့ ကြောက်လာသည်။ 


အရမ်းကြီး ကြောက်လန့်နေတာတော့ မဟုတ်။ နောက်တစ်ခုက သူဟာ အရင်က ရှေးဟောင်းဂူသင်္ချိုင်းတွေကို ဖောက်ခဲ့သူပင်။ ဒီလိုနေရာမျိုးရဲ့ အပြင်မှာက လမ်းတွေ၊ ဆံပင်ညှပ်ဆိုင်တွေ ရှိတယ်ဆိုတာ သိထားတော့ စိတ်နည်းနည်း ငြိမ်သွားသလို ခံစားလာရသည်။


ဝူရှဲ့တစ်ယောက် ခဏလောက် တုံ့ဆိုင်းနေပြီးမှ စိတ်တည်ငြိမ်မှုကို ပြန်ရကာ မီးခြစ်ကို လက်တစ်ဖက်တည်းတွင် ဂရုတစိုက်ကိုင်လျက် တံခါးဝသို့ ငုံ့ကာ လှေကားထစ်မှ ဖြည်းဖြည်းချင်း ဆင်းလာခဲ့သည်။


အခုဒီအဆင့်ကို ရောက်သွားတော့ တစ်ဖက်က လာကြည့်ဖို့ ညွှန်ကြားထားတဲ့ အရာဟာ လှေကားထစ်အောက်မှာပဲ ရှိရမယ်လို့ တွေးလိုက်သည်။ သူ ကောအာမုကို ရောက်တဲ့အခါမှာတော့ တစ်ဖက်သားရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာကို သဘာဝကျကျ မြင်ချင်မိသည်။


ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် လှေကားရှေ့ အမှောင်ထုထဲမှ ထွက်လာစဥ် အအေးဓာတ်ကို တစ်ချက် ခံစားလိုက်ရသည်။ အေးလွန်းသဖြင့် လူပင် တုန်လှုပ်သွားသည်။ အသက်ရှုမဝလို့ ပါးစပ်ဟလိုက်ရာ ပါးစပ်ထဲက လေဖြူတွေ ထွက်လာတာကိုပါ တွေ့လိုက်ရ၏။ ဒီမှာ အပူချိန်က အရမ်းနိမ့်နေပုံရသည်။


မီးခြစ်၏ အလင်းရောင်အတိုင်း ကြည့်လျှင် လှေကားနှစ်ဘက်စလုံးတွင် ဘိလပ်မြေ နံရံကြမ်းများ ရှိသည်။ ဘိလပ်မြေသည် အဝါရောင် ဘိလပ်မြေဖြစ်ပြီး ၁၉၆၀ ခုနှစ်များက စစ်ဘက်ကသုံး​သော အမျိုးအစားများ ဖြစ်သည်။ အနီရောင် ခြယ်ထားသော ဆောင်ပုဒ်အချို့ကို ယောင်ဝါးဝါး မြင်တွေ့နေရသော်လည်း ၎င်းတို့က မှေးမှိန်သွားခဲ့​ပြီ။ အကြမ်းဖျင်း အနည်းငယ်မျှသာ ပြောပြနိုင်ပါသည်။ လှေကားထိပ်တွင် မြွေကဲ့သို့ ပင့်ကူကြိုးများဖြင့် ချည်နှောင်ထားသည့် ကြိုးများကိုတော့ မြင်နေရဆဲပင်။


ရှေးခေတ် ဂူသင်္ချိုင်းထဲရှိ အပြာရောင် အုတ်ကြွပ်ပြားများနှင့် နှိုင်းယှဉ်ပါက ဤအရာများက သူ့အတွက် ပို၍ရင်းနှီး​လေသည်။ စိတ်ကိုဖြေလျှော့ရန် ကြိုးစားရင်း ကိုယ့်ကိုကိုယ်လည်း ဒီနေရာရဲ့ အရိပ်အမြွက်ကို ပြောကြား​နေခဲ့သည်။ ဒါတောင်မှ အောက်ဖက်က အမှောင်ထဲမှာ လှေကားထောင့်ကနေ မျက်နှာကို တစ်စုံတစ်ခုက တွန်းထုတ်သွားသလို ခံစားလိုက်ရတာကြောင့် ​ရုတ်တရက် တန့်သွားရ၏။ 


ပထမအခန်းမှဆင်းပြီး မကြာမီ လှေကားသည် ထောင့်ချိုးကွေ့ကာ အောက်ဘက်သို့ ဆက်လက် ဆင်းသွားကာ ခြေသံကြားတွေက ကြမ်းတမ်းစွာ အသံထွက်လာသည်။ အမြင့်ကို တွက်ကြည့်ရလျှင် ဒုတိယထပ် ဖြစ်နေပြီ။ ကြမ်းပြင်က ဘိလပ်မြေနဲ့ အလုံပိတ်ထားပေမယ့် ဒီမှာ တံခါးအဖွင့်အပိတ်မျိုး မရှိနေချေ။ 


ဒုတိယထပ်နဲ့ ဘာမှမဆိုင်ဘူး ထင်ပါရဲ့။ ညစ်ပတ်တဲ့ လေကို ပြင်းပြင်းရှူပြီး နောက်ထပ် ထပ်ဆင်းလာခဲ့သည်။ တူညီသော အခြေအနေတွင် ရှိသော်လည်း ထွက်ပေါက်သည် ပထမထပ်တွင် မရှိပေ။ လှေကားသည် ထောင့်တစ်ကွေ့သို့ ဆက်လက် ဆင်းသွားသော်လည်း မည်းမှောင်နေဆဲ ဖြစ်ပြီး အောက်ခြေကို မမြင်ရ။


အဲဒီနေရာမှာ မြေအောက်ကို ရောက်လာပြီလို့ပင် ​​ကိုယ့်ဘာသာကိုယ် တွေးမိလာသည်။ ဒီအချိန်မှာ အတွေးတစ်ခု ဝင်လာတာက ဒီလှေကားက မြေအောက်ကို ဦးတည်သွားနိုင်သလား ဆိုတာပါပဲ။ 


ဒါအရင်က မြေအောက် စစ်ဘက် ဘန်ကာ ဖြစ်ခဲ့တာလား။


ဟန်ကျိုးမှာဆို နာမည်ကြီး 704 စံ​အိမ်ကြီးတစ်ဆောင် ရှိတယ်။ လူနာဆောင်အမည်နဲ့ ဆောက်ထားတဲ့ အိမ်ကြီးကို သူ့စိတ်ထဲမှာ မှတ်မိနေပါသေးသည်။ တကယ်တော့ ၎င်းရဲ့ အတွင်းပိုင်း ဖွဲ့စည်းပုံက နက်နဲပြီး လျှို့ဝှက်ဆန်းကြယ်ပါ၏။ အရေးပေါ် အခြေအနေမျိုးမှာ ကိုင်တွယ်ဖြေရှင်းဖို့ မြေအောက်မှာ အဆောက်အဦးတွေ ရှိလေသည်။ 


သို့သော် ဤလျှို့ဝှက်တံခါး၏ အသွင်အပြင်ကို ကြည့်လျှင် ၎င်းနှင့်တူမည် မဟုတ်ပေ။ ဤလျှို့ဝှက်တံခါးသည် ရိုးရှင်းသော တံခါးပေါက်တစ်ခုသာ ဖြစ်သည်။ ၎င်းသည် အထူးတပ်ဆင်ထားသော စစ်ဘက်ဆိုင်ရာ ဘန်ကာတစ်ခု၏ ဝင်ပေါက်ဖြစ်လျှင် အနည်းဆုံး သံတံခါးတစ်ချပ် ရှိသင့်သည်။


လမ်းလျှောက်ရင်း တွေးတောရင်း အောက်ကို ဆက်လျှောက်လာခဲ့ရာ အပူချိန်ကပဲ ကျဆင်းသွားတာလား ဒါမှမဟုတ် အေးစက်စက် ချွေးတွေကပေးတဲ့ ခံစားချက်ကြောင့်ပဲလား မသိ ရုတ်တရက် အရမ်းအေးလာပြီး သွားတွေက သံချေးတက်နေသလို တုန်ယင်လာ၏။ လှေကားထွက်ပေါက်က သူရှေ့မှာ ရောက်နေပြီ။ သေသေချာချာ လှမ်းကြည့်လိုက်တော့ အရှေ့ကနေရာဟာ နေရာကျယ်ပုံ ပေါက်နေတာကို တွေ့လိုက်ရသည်။


မီးခြစ်ကို မြှောက်လိုက်ပြီး ထွက်ပေါက်နှစ်ဘက်စလုံးကို ကြည့်လိုက်တော့ ဘိလပ်မြေရဲ့ ခိုင်ခံ့တဲ့ မြေအောက်ခန်းကို တွေ့လိုက်ရ၏။ ၎င်းက အရမ်းကြမ်းပြီး စိုစွတ်နေတဲ့ မြေပြင်ကို အပြာရောင် အုတ်ခဲတွေနဲ့ ခင်းထားပြီး ပတ်ဝန်းကျင်က ဗလာကျင်းနေသည်။ 


ဒီနေရာဟာ စစ်တပ်က လုပ်ထားတဲ့ ကျင်းမဟုတ်တာတော့ စိတ်ထဲမှာ အသေအချာ သိလိုက်သည်။ ဤနေရာတွင်ရှိ လက်ရာသည် ကြမ်းလွန်းပြီး ပရော်ဖက်ရှင်နယ် စစ်ဘက်အလုပ်သမားနှင့် စက်မှုတပ်သားများဖြင့် တည်ဆောက်ထားသော အရာ မဟုတ်ချေ။ 


ဒီနေရာက ဘယ်လိုနေရာလဲ။ တကယ်ပဲ မြေအောက်ခန်းလား။ မျက်နှာသေက သူ့ဂေါ်ဖီချဉ်အရသာ ကောင်းလားဆိုတာ ကြည့်ဖို့ ခေါ်လိုက်တာများလား။


ဝူရှဲ့တစ်ယောက် ထိုအတွေးတွေနဲ့အတူ တိတ်တိတ်လေး ရယ်လိုက်မိသည်။ အဲဒီနောက် မြေအောက်ခန်းရဲ့ အလယ်တည့်တည့်ကို လျှောက်သွားခဲ့ရာ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် မြေအောက်ခန်း အလယ်က မြေပြင်ပေါ်တွင် လဲလျောင်းနေသော အရိပ်ကြီးတစ်ခုကို ယောင်ဝါးဝါး မြင်လိုက်ရသည်။ ၎င်းပုံစံက အလွန်ထူးဆန်းပေ၏။ 


သူသည် အရိပ်ဆီသို့ လျှောက်သွားကာ မီးခြစ်ဖြင့် တောက်ကြည့်လိုက်သည်။ လူတစ်ကိုယ်လုံး အေးခဲသွားစေတဲ့ မြေအောက်ခန်း၏ အလယ်ဗဟိုတွင် ကြီးမားသော အနက်ရောင် ခေါင်းတလားကြီးကို တွေ့လိုက်ရ​​လေသည်။