(31) စီမံချက်
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)



Chapter (31)

စီမံချက်



မီးခြစ်မှ အလင်းရောင်သည် အလွန်အားနည်းပြီး မြင်ကွင်းကို နှစ်မီတာ သို့မဟုတ် သုံးမီတာအကွာအထိ လင်းထိန်နိုင်စေသည်။ ဒါက သူ့အတွက်တော့ အလွန်ကောင်းမွန်နေပါပြီ။ ဤအလင်းရောင် အောက်တွင် ခေါင်းတလားကို ရုတ်တရက် မြင်လိုက်ရတဲ့အတွက် တကယ်ကို တုန်လှုပ်သွားခဲ့သည်။


တုံ့ပြန်ပြီးနောက်မှာတော့ အရမ်းထူးဆန်းသလို ခံစားခဲ့ရသည်။ ဒါက တကယ်ကို မကြားဖူးပါဘူး။ ဒီလို​နေရာမှာ ခေါင်းတလား ရှိနေတာ ဘယ်လိုဖြစ်နိုင်မှာလဲ။ ပြီးတော့ ရှေးဟောင်းအခေါင်း တစ်ခုလည်း ဖြစ်နေသေးသည်။ 


ခေါင်းဆောင်များ အနားယူရန်ဟူ၍ 1960 နှင့် 1970 ခုနှစ်များတွင် တည်ဆောက်ခဲ့သော ပြန်လည်ထူထောင်ရေး မြေအောက်လျှို့ဝှက် အဆောက်အအုံများ ရှိဖုးပါသည်။ ၎င်းကတင် မယုံနိုင်လောက်အောင် ဖြစ်နေပြီ။ ယခု ဤနေရာ၌ ခေါင်းတလား တစ်ခု ပေါ်လာတာကလည်း မယုံနိုင်လောက်အောင်ပင် အံ့ဩစရာ ကောင်းနေသည်။ အထဲမှာ ဘယ်သူလဲ။ ဒီမှာ သေဆုံးသွားတဲ့ အရာရှိများ ဖြစ်​​နေမလား။


နောက်ကို လှည့်ကြည့်လိုက်တော့ သူဆင်းလာတဲ့ လှေကားထိပ်ကို မမြင်ရတော့ပေ။ ထို့ကြောင့် ခေါင်းတလားကို ဆက်ကြည့်ဖို့သာ ဆုံးဖြတ်လိုက်သည်။ အဝေးက ကြည့်လိုက်ရုံနဲ့ အခုခေတ် အခေါင်းလို မဟုတ်ဘူးဆိုတာ သိနိုင်ပါ၏။ အနက်ရောင်စစ်စစ် ဖြစ်ပြီး ၎င်းက မြေအောက်ခန်း အလယ်မှာရှိတဲ့ ကြီးမားတဲ့ ကျောက်တုံးကြီး တစ်ခုလိုပါပဲ။ 


အရွယ်အစားနဲ့ ပုံသဏ္ဌာန်ကို ကြည့်လိုက်လျှင် ရှေးခေတ် ခေါင်းတလား ဖြစ်နိုင်သည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဟု ခေါ်တွင်ပြီးနောက် ခေါင်းတလားတွေ မရှိတော့ပေ။ ဤအခေါင်း၏ ပုံစံကိုကြည့်လျှင် အနည်းဆုံး လွန်ခဲ့သော နှစ်ပေါင်းငါးရာ ခြောက်ရာခန့် သမိုင်းကြောင်း ရှိနိုင်ပြီး အရွယ်အစားကို ကြည့်လျှင် သာမန်လူအတွက် မဟုတ်နိုင်ပေ။ အနည်းဆုံး ပညာရှင် ဗျူရိုကရက်များအတွက် ဖြစ်နိုင်သည်။


ဝူရှဲ့ ရှေ့ကိုလှမ်းပြီး ထိလိုက်မိသည်။ ပါးလွှာတဲ့ပုံစံတွေက ဓားသွားတွေပါသလို အေးစက်စက်နဲ့။ ဘယ်လိုကျောက်မျိုးလဲတော့ မသိ။ ထိတွေ့လိုက်သည်နှင့်အမျှ ခေါင်းတလားပေါ်ရှိ ထူထဲသော ဖုန်မှုန့်များပေါ်တွင် အမှတ်အသားအနည်းငယ် ပြုလုပ်မိသွားပြီး ပုံစံငယ်အချို့ကို ပေါ်လွင်လာစေခဲ့သည်။


ဝူရှဲ့ မီးခြစ်ကိုယူ၍ အနီးကပ် ကြည့်လိုက်တော့ ခေါင်းတလား၏ အဖုံးတွင် ပျက်စီးထားသည့် ခြေရာလက်ရာများ ရှိနေတာ တွေ့ရသည်။ အဖုံးနှင့် ခေါင်းတလား၏ ကိုယ်ထည်ကြားက ကွာဟမှုကြားတွင် ပျားတုံးထည့်ထားသည့် အရိပ်အယောင်များလည်း ရှိနေသည်။


သူက ဒီအခေါင်း အကြီးကြီးကို ရှာဖွေတွေ့ရှိတဲ့ ပထမဆုံးလူတော့ မဟုတ်ပေ။ တစ်ချိန်က တစ်စုံတစ်ယောက်ကဒါကို ဖောက်ထုတ်ဖို့ ကြိုးစားခဲ့ဖူးလိမ့်မည်။ သူ ဒါကို ကြုံဖူးတဲ့အတွက်။ အထူးသတိထားရလိမ့်မည်။ 


အကြောင်းပြချက်မရှိဘဲ ခေတ်မီအဆောက်အအုံ၏ မြေအောက်ခန်းတွင် ရှေးခေတ် အခေါင်းတလားတစ်ခု ပေါ်လာရန် မဖြစ်နိုင်ပေ။ တစ်စုံတစ်ဦးက အမည်မသိအကြောင်းပြချက်ဖြင့် ခေါင်းတလားကို ဤနေရာတွင် ရွှေ့ထားတာ ဖြစ်နိုင်သည်။


မြေအောက်ခန်းထဲရှိ အပူချိန်သည် အလွန်နိမ့်ပါးကာ နှလုံးခုန်သံတွေက မြန်နေသည်။ သူ့နှလုံးခုန်နှုန်းကို နှေးကွေးသွားစေရန် ကြိုးစားရင်း တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။ ခရီးတစ်လျှောက်လုံး ပြင်းထန်သော တင်းမာမှုဖြင့်သာ ကုန်ဆုံးခဲ့သည်။ ကြောက်ရွံ့မှုကို ထိန်းထားသော်လည်း မသက်မသာ ခံစားနေရဆဲပင်။ အသက်ပြင်းပြင်းရှူရင်း ခေါင်းထဲ လျှောက်တွေးနေမိ၏။


တစ်စုံတစ်ယောက်က ယိုယွင်း ပျက်စီးနေသော အခန်းဆီသို့ ပို့ဆောင်ရန် ဗီဒီယိုတိပ်ခွေ၊ လိပ်စာနှင့် သော့တစ်ချောင်းကို ပေးပို့ခဲ့ပြီး ဤလျှို့ဝှက်တံခါးကို ရှာဖွေတွေ့ရှိရန်လည်း ပို့ဆောင်ပေးခဲ့သည်။ လျှို့ဝှက်တံခါးနောက်ကွယ်ရှိ လှေကားမှတစ်ဆင့် ကြွက်သားမျှင်များရှိသည့် မြေအောက်ခန်းကို ရှာဖွေတွေ့ရှိခဲ့သည်။


ဒါက နောက်ပြောင်မှုတစ်ခုရဲ့ နယ်ပယ်ကို ကျော်လွန်နေတပါပြီ။ တခြားသူက ဒီပြန်လည်ထူထောင်ရေး အဆောက်အအုံမှာ ဖြစ်ပျက်ခဲ့တဲ့ မယုံနိုင်လောက်စရာတွေကို ပြောပြချင်နေတာများလား။ ပိတ်ထားသော ကြမ်းပြင်များနှင့် မြေအောက်ခန်းများအပြင် ဤခေါင်းတလား၏ နောက်ကွယ်တွင် အတော်လေး ရှုပ်ထွေးသော ဇာတ်လမ်းတစ်ခု ရှိရမည်။


ပြင်းပြင်းထန်ထန် အားစိုက်မထုတ်ဘဲ ခေါင်းတလား အဖုံးကို တွန်းဖွင့်လိုက်သည်။ ဒါက ဖွင့်လို့ရမရ စမ်းသပ်ရန်သာ ဖြစ်သည်။ ကံကောင်းထောက်မစွာနဲ့ သူ ထင်ထားတဲ့အတိုင်း ခေါင်းတလားအဖုံးကြီးသည် လုံးဝ မလှုပ်ရှားလာတာကြောင့် သူမဖွင့်နိုင်တာ ထင်ရှားပေသည်။ 


ဝူရှဲ့ သက်ပြင်းလေး ချလိုက်သည်။ ဒီလိုအခါသမယမှာ ခေါင်းတလားကို တစ်ယောက်တည်း ဖွင့်နေရတာမျိုးကို သူ တစ်ခါမှမကြုံဖူးဘူး။ မဖွင့်နိုင်ရင် အတင်းလုပ်နေစရာ မလိုပါဘူး။


ခေါင်းတလားကို အသေးစိတ် သေချာ ကြည့်ပြီးနောက်တွင် မှတ်သားစရာ တစ်ခုမျှ မတွေ့ရပေရာ ခေါင်းတလား ပတ်ပတ်လည်ကို လျှောက်သွားကြည့်လိုက်သည်။ ထိုစဥ် မြေအောက်ခန်းအဆုံး၌ သေးငယ်၍ အလွန်တိုသော သံတံခါးတစ်ချပ်ကို တွေ့လိုက်ရသည်။ တံခါးကို တွန်းဖွင့်လိုက်တော့ အနောက်မှာ စင်္ကြံလမ်းတစ်ခု ရှိနေ၏။


ခြေလှမ်း အနည်းငယ်လောက် လှမ်းကြည့်လိုက်တော့ အပေါ်ထပ်နဲ့ ထပ်တူကျနေတာ တွေ့လိုက်ရသည်။ အပေါ်မှာတုန်းက အခန်းတွေပါတဲ့ စင်္ကြံတစ်ခု ရှိပေမယ့် ဒီစင်္ကြံဟာ အဆုံးမရှိတဲ့လမ်းတစ်လျှောက်လုံး ကျယ်သွားသလိုပဲ သို့မဟုတ် တခြားနေရာတွေကို ဦးတည်သွားနေသလိုပင်။ စင်္ကြံ၏ နှစ်ဖက်စလုံးရှိ အခန်းများ အခန်းများသည် တံခါးမရှိဘဲ အလွန်ရိုးရှင်းလှသည်။


မီးခြစ်ကို ကောက်ကိုင်လိုက်ပြီး ပထမအခန်းကို လျှောက်သွားကာ ကြည့်လိုက်သည်နှင့် နံရံနှင့် ကပ်လျက် စားပွဲနှစ်လုံးကို တွေ့လိုက်ရသည်။ ၎င်းတို့ပတ်လည်တွင် ဖိုင်ပုံးများစွာ ရှိနေကာ နံရံ၊ ကြမ်းပြင်၊ စားပွဲတွေ အားလုံးကို စက္ကူများဖြင့် ဖုံးအုပ်ထား​လေသည်။


ဒါက ရုံးခန်း ဖြစ်လိမ့်မည်။ ပိုပိုပြီး ထူးဆန်းလာသလို ခံစားရ​ပြီ။ ရုံးခန်းကို ဘာကြောင့် မြေအောက်မှာ ထားတာလဲ။ ဒါက ထူးဆန်းလွန်းတယ်။ မြေအောက်ခန်းတွင် တစ်ဖက်တွင် ခေါင်းတလားရှိပြီူ အခြားတစ်ဖက်တွင် ရုံးခန်းတစ်ခု ရှိ​နေသည်။


တွေးတောရင်းနဲ့ စားပွဲခုံဆီ လျှောက်သွားပြီး အဲဒီ့မှာ ဘာသဲလွန်စတွေ ရှိနေလဲဆိုတာကို ရှာကြည့်လိုက်သည်။ အနီးကပ် ကြည့်လိုက်တော့ ရုတ်တရက် အံ့အားသင့်သွားရ၏။ ဘာ့ကြောင့်လဲတော့ မသိပေမယ့် စားပွဲခုံရဲ့ အ​နေအထားကို မြင်လိုက်ရတော့ ဒီအခန်းကို တစ်နေရာရာမှာ မြင်ဖူးသလိုပဲ စိတ်ထဲမှာ ထူးဆန်းတဲ့ ခံစားချက်တစ်ခု ဝင်လာသည်။ 


မီးခြစ်ကို မြှောက်ပြီး ပြန်စဥ်းစားရင်း ရုတ်တရက် လေ​အေး​တွေကို ရှူရှိုက်လိုက်ရသလို တောင့်တင်းသွားရ၏။ သူ ချက်ချင်း မှတ်မိသွားသည်။ ဒီအခန်းက ဟော့လင်ရဲ့ ဗီဒီယိုထဲမှာ ပြထားတဲ့ အခန်းပဲ။ စားပွဲခုံရဲ့ ပရိဘောကတွေ၊ ကြမ်းပြင်နဲ့ နံရံတွေက ခံစားချက်က တစ်ထပ်တည်းပါပဲ။ စားပွဲခုံအနားကို လှမ်းကြည့်လိုက်တော့ သူမဆံပင်ကို ဖြီးတိုင်း​ ကြည့်တတ်တဲ့ မှန်ကိုတောင် တွေ့လိုက်ရသည်။


ထိုစဥ် နှလုံးခုန်သံတွေ ပြင်းပြင်းနဲ့ အသက်ပြင်းပြင်းရှူရင်း ရင်ဘတ်ထဲက ခံစားချက်တွေကို မျိုသိပ်ထားလိုက်သည်။ သူ့ရဲ့ နှလုံးသားထဲမှာ ထူးဆန်းနေတယ် ဆိုတဲ့ ခံစားချက်ကို အထွတ်အထိပ်ကို ရောက်နေပါပြီ။


ဟော့လင်ရဲ့ ဗီဒီယို တိပ်ခွေကို ကြည့်တဲ့အခါတုန်းက အဲဒီအခန်းဟာ သူမ သီးသန့်နေထိုင်ရာ နေရာတစ်ခုလို့ပဲ ထင်ခဲ့တာ။ သူမက ဒီလို အဆောက်အဦးရဲ့ မြေအောက်ထပ်မှာ ရှိခဲ့လိမ့်မယ်လို့ မထင်ထားမိပါဘူး။ ပြီးတော့ ဒီနေရာကို သူ တကယ် တွေ့​နေတာပဲ။ ဒါဆိုရင်တော့ ဒါတွေအားလုံးက အမှန်တရားပေါ့။ ဗီဒီယိုတိပ်မှာ မှတ်တမ်းတင်ထားတဲ့ အရာက အမှန်ပဲပေါ့။ 


ဟော့လင်သည် ထိုအချိန်က ဤနေရာတွင် ရှိခဲ့ပြီး သူမကိုယ်တိုင်လည်း ဗီဒီယိုကင်မရာဖြင့် ရိုက်ကူးခဲ့သည်။ သူမသည် ဤနေရာတွင် ဆံပင်ကို ဆက်ဖြီးနေကာ "ဝူရှဲ့" သည် အပေါ်က ဧည့်ခန်းတွင် အမှန်တကယ် တွားသွားခဲ့ခြင်း ဖြစ်နိုင်သည်။


ခဏလောက် ကြာတော့ သူမရဲ့အရိပ်က သူ့မျက်လုံးထဲမှာတောင် ပေါ်လာပြီး သူ့ကမ္ဘာနဲ့ သူမဟာ ထပ်တူကျနေသလိုပါပဲ။ တစ်မဟုတ်ချင်း ဗီဒီယိုတိပ်ခွေထဲက မြင်ကွင်းက သူ့ရှေ့မှာ ပေါ်လာတော့သည်။ 


ဒါပေမဲ့ ဘာဖြစ်နေတာလဲ?။ အမျိုးသမီးတစ်ဦး လျှို့ဝှက်မြေအောက်ခန်းတွင် ဆံပင်ကို ဖြီးနေချိန် သူနှင့် ဆင်တူသူတစ်ဦးသည် ဧည့်ခန်းတွင် သန်လျက်သားကဲ့သို့ တွားသွားနေခဲ့သည်။ ဤအရာများ အမှန်တကယ် ဖြစ်ပျက်ခဲ့ပြီး မှတ်တမ်းတင်ထားခဲ့သည်။ ကင်မရာပိတ်ထားတဲ့ ဒီဆေးကုခန်းမှာ ဘာတွေဖြစ်ခဲ့တာလဲ။


သူ့စိတ်တွေ နည်းနည်းထုံလာပြီး မူးလဲသွားလုမတတ် ဖြစ်လာသည်။ ဗီဒီယို ပို့တဲ့သူက သူ့ကို ဒီအခန်းထဲကို လာကြည့်ဖို့ ဆွဲဆောင်ခဲ့တာ ထင်ရှားလေသည်။ ဒါပေမဲ့ သူ့ခမျာ အခုလို မြင်လိုက်ရတော့ ပိုလို့တောင် ဇဝေဇဝါဖြစ်သွာတော့သည်။ သူ့ခေါင်းထဲကို ဗလာပဟေဋ္ဌိတစ်ခု တိုက်ခိုက်နေသလို ခံစားလာရပြီး စတင်တွေး​တောရန် အစရှာစရာလည်း လုံးဝ မရှိနေပေ။ 


ဝူရှဲ့ အသက်ပြင်းပြင်း ရှူပြီး ခဏလောက် ငြိမ်သက်သွားပြန်သည်။ နောက်တော့ မီးခြစ်ကို ကောက်ကိုင်လိုက်ပြီး ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။ ဘာသဲလွန်စတွေ ရှိလဲဆိုတာ သိဖို့ ​သေချာ ကြည့်ရမယ်။