ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)
Chapter (26)
ဗွီဒီယိုတိပ်ခွေရဲ့ အစစ်အမှန် လျှို့ဝှက်ချက်
စားသောက်ဆိုင်ရဲ့ အဆောက်အဦး အပြင်ဘက်က ဝူရှဲ့ဆိုင်နဲ့ သိပ်မဝေးတာကြောင့် အမြန်ပဲ ပြန်ရောက်လာခဲ့သည်။ ဝမ်မန်မှာ အလုပ်ကနေ 5 နာရီ 15 မှာ ပြန်တာမလို့ မိနစ်ဝက်လောက်ကြာတာနဲ့ ဆိုင်မှာ ဘယ်သူမှ မကျန်ခဲ့တော့ပေ။ သူက သော့ပါခတ်ထားတာ ကြာပါပြီ။
ဝူရှဲ့သော့ကိုဖွင့်ပြီး ဝင်သွားလိုက်သည်။ အတွင်းခန်းထဲကို ရောက်တဲ့အခါ အားနင် ယူလာတဲ့ တိပ်ခွေတွေနဲ့ သူ့ဆီ ပို့လာတဲ့ သူ့ကိုယ်ပိုင်တိပ်ခွေ တချို့ကို ထုတ်ယူလိုက်သည်။ ဖက်တီးကလည်း လိုက်လာပြီး ကူညီပေးပါ၏။ ဒါပေမဲ့ ဝူရှဲ့ဟာ တိပ်ခွေကို ထပ်ကြည့်ဖို့ မစီစဉ်ထားတော့ဘဲ အံဆွဲအနည်းငယ်ကို ဖွင့်ကာ ဝက်အူလှည့်ကို ရှာဖွေနေသည်။
ဖက်တီးမှာ နားမလည်နိုင် ဖြစ်လျက် ဘာလုပ်နေတာလဲလို့ မေးလာသည်။ ဝူရှဲ့ခမျာ နှလုံးတွေတုန်ပြီး ပြန်ဖြေဖို့တောင် စိတ်မ၀င်စားတော့တဲ့အတွက် ဖက်တီးမှာ လျှပ်စစ်ကြိုးကို ဖြုတ်လိုက်ပါတော့သည်။
ပြဿနာက ကောင်းကောင်း တွေးကြည့်ရင်တော့ တကယ်ကို ရိုးရှင်းပါသည်။ ဒါကိုသူ အကြိမ်ပေါင်းများစွာတောင် လုပ်ခဲ့ဖူးတယ်။ အထဲမှာပါတဲ့ အကြောင်းအရာက အရေးမကြီးပါဘူး။ တစ်ဖက်က ပို့ချင်တာက ဗီဒီယိုတိပ်ခွေ ကိုယ်တိုင်ပဲ။ အထဲမှာပါတဲ့ အကြောင်းအရာကို ကြည့်ဖို့ မဟုတ်ပေ။
ဗလာဖြစ်နေတာ သို့မဟုတ် သူနှင့်လုံးဝ မသက်ဆိုင်သော ပုံတစ်ပုံရှိနေတာက အဓိက မဟုတ်ချေ။ တွေးကြည့်လိုက်ရင် ဒီတိပ်ခွေကို ပို့ရတဲ့ အကြောင်းရင်းက တစ်ခုပဲ ရှိတော့သည်။ ပိုမရိုးရှင်းတဲ့ အကြောင်းပြချက်တစ်ခုပဲ ဖြစ်ပြီးတော့ သူ့ရဲ့ ထင်ကြေးက မှန်မမှန် စိစစ်ဖို့ အရမ်းလွယ်ပါ၏။
အလယ်တန်း ကျောင်းတက်တုန်းကတော့ ဒီအရာနဲ့ ပတ်သတ်ပြီး အများကြီး အတွေ့အကြုံ ရှိတာကြောင့် ဖြုတ်ရတာ မခက်ချေ။ တိပ်ခွေထဲက ကြိုးတွေကို သုံးချောင်းခွဲ၊ ငါးနှစ်ပိုင်းခွဲပြီးတော့ သေသေချာချာ ကောက်ကိုင်ပြီး လှုပ်လိုက်တဲ့အခါ လူက အထိတ်တလန့် ထအော်လိုက်မိသည်။
ဗီဒီယိုတိပ်ခွေ အတွင်းက ပလတ်စတစ်အခွံ၏ တစ်ဖက်တွင် ကပ်နေသော ပစ္စည်းတစ်ခု အမှန်ပင် ရှိနေသည်။
"သောက်ကျိုးနည်းပဲဟေ့... မင်းဘယ်လိုလုပ် စဥ်းစားမိတာလဲ?"
ဝူရှဲ့ ပြုံးပြဖို့ စိတ်မကူးထားပေမယ့် ပြုံးပြလိုက်ပြီး သူ့ကို လက်နဲ့ ပုတ်ကာ “ဒါ မင်းစဥ်းစားမိတာ” လို့ ပြောလိုက်သည်။ အထဲက အရာကို ဆုတ်ဖြဲပြီး ကြည့်လိုက်တော့ ကိုယ့်နှလုံးခုန်သံကိုတောင် ပြန်ကြားလိုက်ရ၏။
အဲဒါက စာလုံးပေါင်း ဒါဇင်နဲ့ချီတဲ့ မှတ်စုစာရွက်တစ်ရွက်ပါပဲ။
'အမှတ် ၃၄၉-၅၊ တဲအာချန်းလမ်းသွယ်၊ ခွန်လွန်လမ်း၊ ကောအာမုမြို့၊ ချင်းဟိုင်ပြည်နယ်'
စာဖတ်သူတိုင်းသည် ၎င်းသည် ကောအာမုမြို့ထဲက လိပ်စာဖြစ်ကြောင်း တစ်ချက် ကြည့်ရုံဖြင့် သိပါလိမ့်မည်။
"...." ဝူရှဲ့ မထိန်းနိုင်ဘဲ ဘေဂျင်း လေယူလေသိမ်းနဲ့ အာမေဋိတ်သံ ဆိုလိုက်မိသည်။ သူ့ခေါင်းထဲက ချွေးတွေကို သုတ်လိုက်ပြီး စိတ်ထဲမှာ ရွှင်လန်းသွားတဲ့ ခံစားချက်တချို့ ခံစားလိုက်ရသည်။ နောက်ဆုံးတော့ တစ်ခုခုကို တွေ့လိုက်ပြီမလို့ အရမ်းအရမ်းကို ကျေးဇူးတင်နေမိသည်။
ဤအရာသည် ငှက်နှစ်ကောင်ကို ကျောက်ခဲတစ်လုံးတည်းဖြင့် သေဆုံးစေခဲ့သလိုပါပဲ။ ပထမအချက်မှာ ဤအရာသည် ခရီးဝေးသယ်ယူ ပို့ဆောင်ရေးကြောင့် ပျက်စီးခြင်းမှ ကာကွယ်နိုင်ပါသည်။ ဒုတိယအချက် အနေဖြင့် ဤအရာအား ကြားဖြတ်ဖမ်းယူမိပါက ၎င်းတွင် ဝှက်ထားသော အရာတစ်ခုခု ရှိနေသည်ကို တစ်ဖက်သားမှ သိရှိမည် မဟုတ်ပါ။ အထူးသဖြင့် အကြောင်းအရာဆိုလျှင် ဗီဒီယိုတိပ်ခွေသည် ထိုလူကို ဆွဲဆောင်ရန် လုံလောက်သည်။
တစ်ဖက်သားဆီက ကြားဖြတ် တားဆီးမယ့်သူက ဦးလေးသုံးပဲ ဖြစ်သည်။ အတွင်းထဲက အကြောင်းအရာကြောင့် ဦးလေးသုံးခမျာ အံ့အားသင့်သွားမှာ ဖြစ်လေ၏။ တစ်ဖက်လူသည် ကြားဖြတ်မယ့်သူ ဦးလေးသုံးဟာ ဗွီဒီယိုတိပ်ပါ အကြောင်းအရာကြောင့် ဆွဲဆောင်ခံခဲ့ရမယ်မှန်း သိနေလိမ့်မည်။
ထိုအချိန်က အခြေအနေအရ ဤလိပ်စာသို့ တိုက်ရိုက်ပေးပို့ပါက ဤအရာသည် ပိုးထည်စရဲ့ မူရင်းကော်ပီကဲ့သို့ပင် ဦးလေးသုံးလက်ထဲသို့ ကျိန်းသေပေါက် ရောက်သွားလိမ့်မည်။
ဝူရှဲ့ ဒါကိုတွေးပြီးရင် အရမ်းလန်းဆန်းလာရာ နောက်တိပ်ခွေ တစ်ခုကို ချက်ချင်း ထုတ်လိုက်သည်။ နောက်တိပ်ခွေထဲမှာ စာရွက်တစ်ရွက်မှ မပါလာတော့ပါဘူး။ ၎င်းက ၂၀ ရာစုကတည်းက တည်ရှိခဲ့တဲ့ ကြေးဝါသော့အဟောင်း တစ်ခု ဖြစ်နေသည်။ 1980 ခုနှစ်တွေမှာ လူကြိုက်အများဆုံး သော့ပုံစံပဲ ဖြစ်၏။
ဝူရှဲ့ ကောက်ယူပြီး ဖြည်လိုက်တော့ သော့က နည်းနည်းဟောင်းနေပြီ။ လက်နဲ့ ပွတ်သပ်ကြည့်တော့ ကြေးနီက မည်းသွားတာကို တွေ့လိုက်ရသည်။ သော့လက်ကိုင်၏ နောက်ဘက်တွင် တိပ်များ ပါရှိပြီး ၎င်းတွင် မရေရာသော နံပါတ်များကို ဆက်တိုက် ရေးထားသည်။
'306'
"ဟိုဘက်က မင်းကို ဖိတ်ချင်နေပုံရတယ်နော်... မင်းအတွက် အခန်းကိုတောင် သီးသန့်ထားပြီးပြီ"
ဖက်တီးက ဘေးကနေ ဆို၏။