(25) အကုန် ပရမ်းပတာတွေ ဖြစ်ကုန်ပြီ
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)



Chapter (25)

အကုန် ပရမ်းပတာတွေ ဖြစ်ကုန်ပြီ



ဆယ်မိနစ်ကျော်ကြာအောင် ငြိမ်သက်သွားကာ အခန်းထဲ လုံးဝ တိတ်ဆိတ်သွားခဲ့သည်။


အားနင်က တီဗီဖန်သားပြင်ကို ခေတ္တရပ်ထားသည်။ အဖြူအမည်း ဖန်သားပြင်ထက်တွင် အေးခဲနေသည့် အရာမှာ သူတို့ အလွန်ရင်းနှီးသော မျက်နှာပဲ ဖြစ်သည်။ သိမ်မွေ့သော မျက်နှာထားအောက်တွင် ထိုမျက်နှာကို ဝူရှဲ့အနေဖြင့် မှန်ထဲမှာ နေ့တိုင်း မြင်နေရတာ ဖြစ်သော်ငြား ယခုလို ကြောက်စရာကောင်းပြီး ထူးဆန်းလွန်းလို့ မကြည့်ဝံ့တာမျိုးကို ပထမဆုံးအကြိမ် ခံစားခဲ့ရခြင်းပင်။ 


အချိန်အတော် ကြာပြီးနောက် နောက်ဆုံးတွင် အားနင်ဆီမှ အသံတိုးတိုး​လေး ​​ထွက်လာသည်။ 


"ဒါကြောင့် ကျွန်မရှင့်ဆီ လာရတာ" 


ဝူရှဲ့ စကားမပြောလာပေ။ သူ့ခမျာ ဘာပြောရမှန်းကို မသိတော့ဘဲ စိတ်တွေ ဗလာကျင်း​နေပြီ။ ဒါ့အပြင် ဘယ်လိုတုံ့ပြန်ရမှန်းလည်း မသိတော့ချေ။ ဖက်တီးသည် ပါးစပ်ကို ဖွင့်ဟလိုက်ပြီး စကားမပီသသော အသံများစွာကို ထုတ်လိုက်သည်။


"ဝူလေး...အဲဒါ မင်းပဲလား"


ဝူရှဲ့ ခေါင်းကို ခါယမ်းလိုက်သည်။ သူ့ခေါင်းတွေ ခဏလောက်အထိ မူးဝေသွားတာကြောင့် တွေးလည်း မတွေးနိုင်တော့ပေ။ နှုတ်ခမ်းကို ပြင်းပြင်းထန်ထန် ကိုက်ကာ လက်ဝှေ့ယမ်းရင်း သူတို့ကို လာမမေးသေးဖို့နဲ့ စိတ်အေးအေးထားရန် ပြောလိုက်သည်။


မျှော်လင့်ထားသလိုပဲ သူတို့က စကားမပြောကြပေ။ နောက်ဆုံး ဝူရှဲ့ အသက်ပြင်းပြင်းရှူပြီး အားနင်ကို “ဘယ်ကလာတာလဲ” မမေးခင် စိတ်တည်ငြိမ်အောင် ကြိုးစားခဲ့ရသည်။ 


"မှတ်တမ်းတွေကို ကြည့်ရသလောက်တော့ ချင်းဟိုင်ပြည်နယ်၊ ကောအာမုက ပို့လာတာ"


ဝူရှဲ့ အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။ တိပ်ခွေတွေက တစ်နေရာတည်းကနေ ထွက်လာတာ သေချာသွားပြီ။ တိပ်ခွေခေတ်က ဟော့လင် ရိုက်ထားတဲ့ တိပ်နှစ်ခွေခုနှစ်နဲ့ အတူတူပဲမို့ အခုလက်ရှိနဲ့ သိပ်မနီးစပ်နိုင်တော့ဘူး။ ဒါကြောင့် ဒီနှစ်ခုနဲ့ သူရရှိခဲ့တဲ့ တိပ်ခွေနှစ်ခုကြားက ဆက်စပ်မှု​တော့ ရှိလောက်မည်။ 


ဒါပေမဲ့ မိမိမှာ အဲဒီအဝတ်အစားတွေ ဝတ်ပြီး အိမ်ဟောင်းကြီးထဲမှာ တွားသွားနေရတဲ့ အတွေ့အကြုံမျိုး လုံးဝ မရှိပေ။ ဒါဟာ ပူးပေါင်းကြံစည်မှု တစ်ခုလို့ ချက်ချင်း ခံစားလိုက်ရသည်။


“ဒါအပြင် တခြားသဲလွန်စတွေ ရှိသေးလား” 


ဝူရှဲ့ ထပ်မေးတော့ သူမက ခေါင်းခါလိုက်ပြီး။ 


"ရှင်က တစ်ခုတည်းသော သဲလွန်စပဲ.... အဲဒါကြောင့် ကျွန်မရှင့်ကို ရှာဖို့ လာခဲ့တာ"


ဝူရှဲ့ အဝေးထိန်းခလုတ်ကိူ ကောက်ကိုင်လိုက်ပြီး နောက်ပြန်လှည့်ကာ အစောက အဖြစ်အပျက်ကို ပြန်ကြည့်မိသည်။ အဝေးထိန်းခလုတ်ကို ပြင်းပြင်းထန်ထန် ညှစ်လိုက်တာနဲ့ "ပေါ့ပ်" ဆိုတဲ့ အသံပင် ထွက်လာ၏။ အဲဒီအခိုက်အတန့်ကို အနီးကပ် မြင်လိုက်ရတော့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပေမယ့် ရုတ်တရတ်မို့ နှလုံးက ပြင်း​ပြင်းထန်ထန် ခုန်နေတုန်းပါပဲ။


အဖြူအမည်း ဖန်သားပြင်က မှုန်ဝါးနေပေမယ့် အတွင်းကလူက သူဆိုတာ သေချာနေသည်။ ဖက်တီးမှာ မေးချင်နေသေးပေမယ့် အားနင်က သူ့ကို တားပြီး တစ်ခုခုပြောကာ အပြင်ကိုခဏ ထွက်သွားသည်။ မကြာခင်မှာပဲ ဝိုင်ပုလင်းနဲ့အတူ ပြန်လာခဲ့၏။ အားနင်က ဝူရှဲ့အတွက် တစ်ခွက်ပေးလာသည်။ 


ဝူရှဲ့လည်း ကျေးဇူးတင်စွာနဲ့ ပြုံးပြပြီး ခွက်ကြီးတစ်ခွက်လုံး သောက်ပစ်လိုက်သည်။ ပူစပ်စပ်အရသာက လေပြွန်တွေထဲ ပြည့်သွားတော့ ချက်ချင်းပဲ ချောင်းဆိုးတော့သည်။ ဘေးနားက ဖက်တီးမှ တိုးတိုးလေး ပြောသည်။ 


"စိတ်အေးအေးထားပါ စိတ်မပူပါနဲ့ ဒါက ကိစ္စမရှိပါဘူး.... ရှင်းပြဖို့ခက်ပေမယ့် ဒီလူက တကယ် မင်းမဟုတ်ဘူး ဆိုရင် အရင်သေချာအောင် လုပ်ရမယ်"


ဝူရှဲ့ ခေါင်းခါလိုက်ပြီး "ဒီလူက ငါမဟုတ်တာ သေချာတယ်"


"ဒါဆို မင်းနဲ့ တော်တော်တူတဲ့ ညီအစ်ကိုတွေ ရှိလား" ဖက်တီးက ပြုံးပြီး မေးလေ၏။ 


"မင်းအဖေက အပြင်မှာ ဒီလိုမျိုး ရှိ...."


ဝူရှဲ့လည်း သူကိုယ်တိုင်ကလည်း ရယ်စရာလို့ ထင်နေတာပင်။ ဒါဟာ ကိုယ်ခံပညာ ဝတ္ထုတချို့ထဲက ဇာတ်ကွက် မဟုတ်လား။ ဒါက လက်တွေ့မှာ ဘယ်လိုလုပ် ဖြစ်သွားနိုင်မှာလဲ။ ထိုအတွေးဖြင့် ဒေါသတကြီးပြုံးပြီး ခေါင်းကိုခါပြီး နောက်တစ်ခွက်ပါ ထပ်သောက်လိုက်သည်။


အားနင်က သူ့အား အချိန်အကြာကြီး စိုက်ကြည့်ပြီးနောက် မေးလာသဘ်။  


“ရှင် မဟုတ်ရင် ဒါကဘာဖြစ်နေလဲဆိုတာ ရှင်းပြပေးနိုင်လား” 


ဝူရှဲ့စိတ်ထဲမှ ' မင်းက ငါ့လာမေးနေတော့ ငါကဘယ်သူ့ကို သွားမေးရမှာလဲ' ဟုသာ တွေးလိုက်သည်။ သူ့ခမျာ စိတ်ရှုပ်လွန်းလို့ မဖြေချင်တော့ပေ။ ဒီကိစ္စက သူနားလည်နိုင်တဲ့ ဘောင်ကို လုံးဝ ကျော်လွန်ပြီး ဆင်ခြင်တုံတရားနဲ့တောင် မတွေးနိုင်တော့ပါ။ အရေးကြီးဆုံးကတော့ စိတ်ရှုပ်နေချိန်မှာ စိတ်ထဲမှာ ထူးထူးခြားခြား ခံစားချက်တစ်ခု ရှိခဲ့ပေမဲ့ ဒီခံစားချက်ရဲ့ ချည်မျှင်ကို ဆုပ်ကိုင်မထားနိုင်ခဲ့ပါဘူး။ ဒါက သူ့ကို ရူးသွပ်သွားစေလုနီးပါး ဖြစ်သွားခဲ့ပြန်သည်။ 


ဘေးနားက ဖက်တီးက ဝင်ဆိုလာသည်။ 


“ဘယ်ဟာမှ မဟုတ်ဘူးဆိုရင် ဒီလူက မင်းရဲ့အသွင်အပြင်ကို မျက်နှာဖုံးလုပ်ပြီး ဝတ်ဆင်ထားတာပဲ ဖြစ်နိုင်တယ်... မင်းရဲ့ရုပ်ရည်ကို အရမ်း ကျေနပ်တတ်တဲ့ သူတစ်ယောက်က လုပ်နေတာ ဖြစ်မယ် တစ်ယောက်ယောက်က မင်းကို ဓာတ်ပုံရိုက်ထားမယ်လို့ မင်းထင်လား... ပြီးတော့ သူကမင်းကို တိပ်ခွေတွေပို့ပြီး ကစားနေတာများလား"


ဝူရှဲ့ တိတ်တိတ်လေး ကျိန်ဆဲလိုက်သည်။ လူ့အသားအရည် မျက်နှာဖုံးလား။ ဒါက အရမ်းကောင်းတဲ့ ရှင်းပြချက်ပဲ။ ဒါပေမဲ့ လူ့အရေပြား မျက်နှာဖုံးလို့ ခေါ်တာက တခြားလူကို အသွင်ပြောင်းဖို့ လွယ်ပေမယ့် သတ်မှတ်ထားတဲ့ လူတစ်ယောက်ရဲ့ မျက်နှာထောင့် အနေအထားကို ဖုံးကွယ်ဖို့က တော်တော်ခက်တယ်လို့ ပြောလို့ရပါသည်။ မဖြစ်နိုင်ပေ။ 


တစ်စုံတစ်ယောက်က သူနှင့်တူသော လူအသားအရေ မျက်နှာဖုံးကို ပြုလုပ်လိုပါက ထိုလူသည် သူ့မျက်နှာ တည်ဆောက်ပုံနှင့် အလွန်ရင်းနှီးပြီး အသုံးအနှုန်း အမျိုးမျိုးကို နားလည်နိုင်ရပါမည်။ သို့မဟုတ်ပါက မျက်နှာဖုံးကို ဝတ်ဆင်သူသည် ပြုံးနေသရွေ့ ပါးစပ်ကိုဖွင့်ထားသော်လည်း မျက်နှာဖုံးကို ချက်ချင်း ဖယ်ရှားမိသလို လျှို့ဝှက်ချက်ကို ဖော်ပြမိပါလိမ့်မည်။


ဤဗီဒီယိုတိပ်ထဲက ပြကွက်များတွင် ဝှက်ထားသော အရာတစ်ခု ရှိရမည်။ တစ်စုံတစ်ယောက်က သူနဲ့တူသော မျက်နှာဖုံးကို အမှန်တကယ် ဝတ်ဆင်ထားလျှင် ပြဿနာကြီးသွားပြီ။ ဥပမာအားဖြင့် အဲဒီပုဂ္ဂိုလ်က ဘယ်သူလဲ။ သူ့ရုပ်ရည်ကို ဘယ်လိုသိတာလဲ။ "မျက်နှာ" နဲ့ သူဘာလုပ်သေးလဲ။ ဗီဒီယိုထဲမှာ ဘာကြောင့်ပေါ်လာတာလဲ။ ဗီဒီယိုထဲက နေရာက ဘယ်မှာလဲ။ ဘယ်တုန်းက ရိုက်ကူးခဲ့တာလဲ။ ဟော့လင်ရဲ့ ဗီဒီယိုတိပ်နဲ့ ဆက်စပ်မှု ရှိနေတာက ဘယ်လို အရာများလဲ။ 


ပြဿနာက အဲ့လောက် မရိုးရှင်းတော့ပေ။ 


ကိုယ့်ဘာသာကိုယ် ထင်ယောင်ထင်မှား ဖြစ်နေရင်တောင် အဲဒီလူက လူ့အရေပြား မျက်နှာဖုံး မဝတ်ထားဘဲ မိမိကသာ လူ့အရေပြား မျက်နှာဖုံးကို ဝတ်ထားသလားလို့တောင် တွေးနေမိသည်။


မိမိက ဝူရှဲ့ ဟုတ်မဟုတ် သိချင်လို့ ကိုက်လိုက်ပေမယ့် နာကျင်လိုက်တာက သေမတတ်ပင်။ သူ့မျက်နှာက တကယ့်အစစ်အမှန် ဆိုတာ သိသာထင်ရှားသည်။ 


ဟော့လင် ဗီဒီယိုတိပ်ကို ကျန်းချီလင် အမည်ဖြင့် မိမိဆီ ပို့ခဲ့ကာ "မိမိ" ပါသော ဗီဒီယိုတိပ်ကို ဝူရှဲ့အမည်ဖြင့် အားနင်ထံသို့လည်းကောင်း အသီးသီး ပေးပို့ခဲ့သည်။ ထိုသို့သော အပြုအမူတွင် အဓိပ္ပာယ်တစ်ခုခု ရှိရမည်။ ထူးဆန်းမှုအားလုံးသည် သူ့​ထံ ရုတ်တရက် ရောက်လာပြီ။ ထိုအခိုက် ဦးလေးသုံးရဲ့ အလိမ်အညာများ နောက်ကွယ်တွင် အမှန်တရားကို စွဲလမ်းနေမိသော စိတ်က ရုတ်တရက် ထွက်ပေါ်လာပြန်သည်။


ညနေစောင်း၊ အဆောက်အဦ အပြင်ဘက်မှာ ဝူရှဲ့ ဖက်တီးကို ညစာစားဖို့ ဖိတ်ခေါ်လိုက်သည်။ 


သူသည် နေ့ခင်းတလျှောက်လုံး တိတ်ဆိတ်နေခဲ့ရာ အားနင်က မစောင့်နိုင်တော့တာကြောင့် ဖုန်းနံပါတ်နဲ့ လိပ်စာကို ချန်ထားခဲ့ကာ ဟိုတယ်ကို ပြန်သွားခဲ့သည်။ မိမိမှာ အကြံဥာဏ်တွေ ဘာ​တွေရှိရင် သူမကို အကြောင်းကြားပါ၊ မနက်ဖြန် ပြန်လာမယ်လို့လည်း ပြောသွားသည်။ 


တစ်ညတည်းနဲ့ ဘာအတွေးမှ ပေါ်မလာနိုင်တာကြောင့် သူမကို စကားအနည်းငယ် ပြောပြီး ပြန်လွှတ်လိုက်သည်။ ဖက်တီးသည် မူလက ဒီည ပြန်သွားဖို့ စီစဉ်ထားပေမယ့် ဒီအဖြစ်အပျက် ဖြစ်ခဲ့ပြီးတဲ့နောက်မှာ သူလည်း စိတ်ဝင်စားသွားပြီး အခြေအနေတွေ ဘယ်လို ဖွံ့ဖြိုးလာမလဲဆိုတာကို စောင့်ကြည့်ဖို့ နောက်ထပ် ရက်အနည်းငယ် ဆက်နေဖို့ စီစဉ်ထားလေ၏။ သူ့နေရမယ့် နေရာကို ဝူရှဲ့ကပဲ စီစဉ်ပေးလိုက်သည်။ နေ့လယ်တုန်းက ဆိုင်မှာပဲ နှစ်ယောက်သား စျေးပေါတဲ့ အစားအစာကိုပဲ ဆက်စားဖြစ်ခဲ့သည်။ 


စားပွဲထိုးဟာ ဝူရှဲ့နဲ့ ဖက်တီးတို့ကို ကြည့်လိုက်တော့ မှတ်မိလေသည်။ သူတို့နှစ်ယောက် ပြန်လာခဲ့ပေမယ့် အမျိုးသမီးကတော့ မပါလာတော့ပေ။ သူမတော့ ရောင်းစားခံရ​ပြီလို့ အထင်နှင့် စားပွဲထိုးသည် ဝူရှဲ့တို့အား ထူးဆန်းစွာ ကြည့်နေခဲ့သည်။ သာမာန်အချိန်ဆို ဝူရှဲ့ သူ့ကို လှောင်ပြောင်နေမိမှာ သေချာပေမယ့် အခု တကယ်ကို စိတ်မ၀င်စားပါဘူး။


အားနင် ထွက်သွားပြီးတာနဲ့ ဖက်တီးက။


"ဝူလေး...အဲဒီမိန်းမသွားပြီ ဘာဖြစ်နေတာလဲ ငါ့ကို ပြောပြလို့ရမလား"


ဝူရှဲ့လည်း သူ့ကို ခါးခါးသီးသီး ပြုံးပြပြီး တကယ်မသိကြောင်း ပြောပြလိုက်သည်။ အားနင် ရှိနေလို့ စိတ်ရှုပ်ဟန် ဆောင်နေခဲ့တာလည်း မဟုတ်ပါ။ ဖက်တီးက မယုံချင်သည့် အကြည့်ဖြင့် ကြည့်လာသည်။ သူ့ထင်မြင်ချက် အရ ဝူရှဲ့၏ ဦးလေးသုံးသည် အလွန်မရိုးသားသည့် လူတစ်ယောက် ​ဖြစ်တဲ့အတွက် အနည်းဆုံး ဝူရှဲ့ကလည်း မြေခွေးတစ်ကောင် ဖြစ်​​နေနိုင်သည်။


ဝူရှဲ့ တကယ်ကို မရှင်းပြချင်တော့တဲ့အတွက် အဆိပ်ပြင်းတဲ့ ကျိန်ဆိုမှုကို ပေါ့ပေါ့ဆဆ ကျိန်ဆိုခဲ့သည်။ အဲဒီအချိန်မှာ အစားအသောက်နဲ့ ဝိုင်တွေ လာချပေးရာ ဖက်တီးက ဝိုင်တစ်ငုံသောက်ပြီး။


"ဝူလေး.... ဒါက ရိုးရှင်းတဲ့ ကိစ္စမဟုတ်ဘူးလို့ ငါထင်တယ် မင်း တစ်နေကုန် စကားမပြောဘူးလား မင်းက ဒီကောင်ကြီးကို ဖုံးကွယ်လို့ မရဘူးနော်"


ဝူရှဲ့ ခေါင်းယမ်းကာ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။


"ဘာမှကို တွေးလို့မရဘူး... ဒါကိုဘယ်လိုလုပ် ရှင်းရှင်းလင်းလင်း တွေးနိုင်မှာလဲ? ဘယ်ကနေ စပြီး တွေးရမှန်းတောင် မသိတော့ဘူး အခုငါ စဉ်းစားနိုင်တဲ့ တစ်ခုတည်းသော အရာက ဒီတိပ်ခွေကို ပို့တဲ့သူပဲ”


နေ့ခင်းဘက်ကတည်းက အချိန်အတော် ကြာအောင် တွေးကြည့်မိသည်။ ပထမအချက် တိပ်ခွေထဲက အကြောင်းအရာကို ကြည့်ရလျှင် ပထမတော့ ဟော့လင်လိုပဲ ကင်မရာထဲမှာ ရှိနေတဲ့အရာက 'သူ' ပဲဆိုတာ ကန့်ကွက်စရာ မရှိပေ။ 


ဒုတိယအချက် ဟော့လင်၏ တိပ်ခွေသည် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ဖြစ်နိုင်သည်မှာ သိသာထင်ရှားပါသည်။ တိပ်နှစ်ခွေကို ခေတ်တစ်ခေတ်တည်းတွင် ရိုက်ကူးခဲ့လျှင် အားနင်၏တိပ်ခွေမှ "ဝူရှဲ့" သည် ၁၉၉၀ နှစ်တွင် မွေးဖွားခဲ့တာ ဖြစ်မည်။ သူကတော့ အဲဒီတုန်းက အလယ်တန်းကျောင်း တက်နေသေးတာကို ရှင်းရှင်းလင်းလင်း မှတ်မိနေပါသေးသည်။ 


ရိုက်ကူးရေး လုပ်ခဲ့ရင်​တောင် မမှတ်မိတော့ဘူးလို့ မဆိုလိုနိုင်ပါဘူး။ ရုပ်ရည်က အရမ်းကွာခြားလွန်းတယ် မဟုတ်လား။ ဒါဟာ တစ်စုံတစ်ဦးရဲ့ ပူးပေါင်းကြံစည်မှု သီအိုရီတစ်ဦး ဖြစ်နိုင်သည်။ သို့သော် သူသည် ငယ်စဉ်က အတုအယောင် ဖြစ်ခဲ့လျှင် မိသားစုထဲက ကြီးပြင်းလာပုံများကို ဘယ်လို ရှင်းပြမလဲ။ အတန်းဖော်တွေနဲ့ သူငယ်ချင်းတွေက ဒါကို ဘယ်လိုရှင်းပြနိုင်မလဲ။


အခုပြန်ကြည့်လိုက်ရင် ဒီတိပ်ခွေကို အားနင်တီကို ဘယ်သူကပို့ပြီး သူ့ရည်ရွယ်ချက်က ဘာလဲဆိုတာကို မရှင်းနိုင်ဆုံးပါပဲ။ သူကမိမိကို ကြောက်​စေချင်တာလား? ဒါကတော့ တကယ် မဖြစ်နိုင်တဲ့ အချက်ပင်။ ဖက်တီးက သူ့​ကို နှစ်သိမ့်ပေးဖို့ လက်မောင်းကို ခပ်သာသာပုတ်၍ ဆိုလေသည်။


“မင်းဆီ ပို့လိုက်သလိုမျိုး အဲ့အစ်ကိုလေးက အားနင်ဆီကို ပို့လိုက်တာများလား” 


ဝူရှဲ့လည်း မသိဘူးလို့ တွေးပြီး သက်ပြင်းချလိုက်ပါ၏။ အထုပ်ပေါ်က လက်မှတ်နဲ့ အားနင်ရဲ့ ရှင်းပြချက်ကို တွေးရင်း စိတ်ထဲမှာ သံသယတွေသာ ဝင်လာခဲ့သည်။ အားနင်ရဲ့ ပါဆယ်ထုပ်ကို ကလောင်အမည်တစ်ခုနဲ့ ပို့လိုက်မယ်ဆိုရင် သူ့လက်ထဲမှာ ရှိတဲ့ တိပ်ခွေနှစ်ခုနဲ့ အတူတူပဲလား တွေးကြည့်ရမည်။ 


သူ့လက်ထဲရောက်တာ သေချာစေဖို့ ကျန်းချီလင်ရဲ့ နာမည်ကို အသုံးချနေတာလား။ တိပ်ခွေပေးပို့သူမှာ ကျန်းချီလင် မဟုတ်ဘဲ အခြားတစ်ယောက်လား။ နောက်ဆုံးတော့ သူ့အနေနဲ့ ဒီလိုမျိုး တစ်ခုခု ပို့ဖို့ အကြောင်းပြချက် မရှိဘူးလို့ ခံစားရတယ်။ ဗီဒီယိုတိပ်ခွေ ပို့ပေးတဲ့ပုံစံက သူ့စရိုက်မျိုးနဲ့ မကိုက်ညီဘူးလေ။ 


ဒါပေမဲ့ သူမဟုတ်ရင် ဘယ်သူဖြစ်နိုင်မလဲ။ အထဲက အကြောင်းအရာမှာ ရှီးရှားမှ ထိုလူအုပ်စုနှင့် သက်ဆိုင်​နေသည်။ ဒါဆို ရှီးရှားကိုလိုက်သွားတဲ့ လူတွေထဲက လူတစ်ဦး ဖြစ်နိုင်ပါလား။ သူတို့ရဲ့ရည်ရွယ်ချက်က ဘာများလဲ။


ဝူရှဲ့ ဖက်တီးကို လှည့်မေးလိုက်သည်။ 


"စကားမစပ် ဖက်တီး... မင်းရဲ့ ဦးနှောက်က တခြားသူတွေနဲ့ မတူဘူး ဒီကိစ္စက ဘာဖြစ်နိုင်မလဲ စဉ်းစားကြည့်ရအောင် မင်းရဲ့ ပင်ကိုယ် အရည်အသွေးကို အားကိုးကြည့်ပါဦး"


"ပင်ကိုယ် အရည်အသွေး?" ဖက်တီး ခေါင်းကုတ်ပြီး 


"မင်းကတော့ ငါ့အတွက် ခက်ခဲအောင် လုပ်နေပြန်ပြီ ဖက်တီး ငါ့မှာက အထင်အမြင် လွဲမှားတာမျိုးတောင် မရှိခဲ့ဖူးဘူး ဘယ်လိုလုပ် ပင်ကိုယ် အရည်အသွေး ရှိနိုင်မှာလဲ"


ဝူရှဲ့လည်း အဲဒီလို တွေးကြည့်မိတော့ ဖက်တီးဟာလည်း ဒါကို စဉ်းစားဖို့ နည်းနည်း စိတ်မချရမှန်း သိလိုက်သည်။ နောက်ဆုံးတော့ သူကား မျက်နှာသေနဲ့ သိပ်မရင်းနှီးသလို ရှီးရှားက အကြောင်းကိုလည်း မိမိလောက် သိပ်မသိပါဘူး မဟုတ်လား။ 


မျက်နှာသေ အကြောင်းတွေးရင်း တစ်ဆက်တည်း အဲဒီလူကို သူရော တကယ်သိလို့လားဟု ကိုယ့်ကိုကိုယ် ပြန်မေးမိသည်။ 


မျက်နှာသေမှပေးသည့် အလုံးစုံသော ခံစားချက်မှာ ဤလူသည် လူတစ်ဦးနှင့်မတူဘဲ အလွန်ရိုးရှင်းသော သင်္ကေတတစ်ခု ကဲ့သို့ ဖြစ်​​လေသည်။ စိတ်ထဲမှာတော့ သူ့ကို ကယ်တင်ခဲ့တဲ့ အကြိမ်အနည်းငယ်ကလွဲလို့ ကျန်တဲ့အချိန်တွေမှာ သူအိပ်နေတာကိုပဲ မြင်ရသည်။ သူ့စရိုက်ကို ခန့်မှန်းဖို့ နည်းနည်းလေးတောင် သဲလွန်စ မရှိနေချေ။ 


သာမန်လူ တစ်ယောက်ဆိုရင် သူ့ရဲ့ အပြောအဆို လေသံ ဒါမှမဟုတ် သေးငယ်တဲ့ အပြုအမူတွေကနေ အဲဒီလူရဲ့ စရိုက်ကို အမြဲတမ်း အဆုံးအဖြတ် ပေးနိုင်ပါ၏။ ဒါပေမဲ့ သူက စကားအလွန်နည်းပြီး အသေးအမွှား လုပ်ရပ်တွေကိုလည်း မလုပ်တတ်ပေ။ ရိုးရိုးရှင်းရှင်း ဘာမှပြောစရာကို မရှိ။ သူလှုပ်ရှားနေသရွေ့တော့ တစ်ခုခု ဖြစ်လာတော့မှာပင်။ ဒါကြောင့် ဂူထဲမှာ သူ့ရဲ့အမူအရာတွေ အကြိမ်ကြိမ် ပြောင်းလဲသွားတာနဲ့ လူတိုင်းချွေးထွက်များလာပါတော့သည်။


ဖက်တီးကို ထပ်ပြောလိုက်သည်။ 


“ဒါဆို ပင်ကိုယ် အရည်အသွေးကို အသုံးမချနဲ့... ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်း ဘယ်လို ခံစားရလဲ ပြောပြကြည့်... ဘာမှားနေလဲ နည်းနည်းလောက်တော့ ပံ့ပိုးပေးပါဦးကွာ”


ဖက်တီးက သက်ပြင်းချလေသည်။ 


"သောက်ကျိုးနည်း... မင်းဖက်တီးငါ့ကို တကယ် အရှက်ရ​အောင် လုပ်မယ်လို့ မထင်ထားဘူး... ဒါပေမဲ့ အစောတုန်းက သူပြောပြတော့မှ တစ်ခုခုတော့ မှားနေတာ သတိထားမိတယ် မင်း အသေးစိတ် သိချင်လား?"


“ဘာအသေးစိတ်လဲ” 


"အစ်ကိုလေး ပို့လိုက်တဲ့ ဗီဒီယိုတိပ်ခွေက နှစ်ခွေ ရှိတယ်လို့မလား တစ်ခုက ဆံပင်ဖြီးနေတဲ့ အမျိုးသမီးကို ပြတယ် နောက်တစ်ခုက ဘာမှမပါဘဲ လွတ်နေတယ်"


ဝူရှဲ့က ခေါင်းညိတ်လိုက်သည်။ ဒါ အမှန်ပဲလေ။


"အဲဒါက မှားနေတာ... ဗလာဖြစ်နေရင် မင်းဆီ ဘာလို့ ပို့လိုက်တာလဲ? ယုတ္တိမတန်ဘူး မဟုတ်လား ဘာလို့ တစ်ခွေထည်း မပို့ဘဲ နှစ်ခွေ ပို့လိုက်တာလဲ?"


ဝူရှဲ့ သက်ပြင်းချမိသည်။ အစကတော့ ဒီပြဿနာကို စဉ်းစားထားပေမယ့် အရာအားလုံးက မယုံနိုင်လောက်အောင် ဖြစ်နေတာကြောင့် ဒီအကြောင်းတရား မရှိတဲ့ အသေးအမွှား ကိစ္စလေးတွေကို အသေးစိတ် တွေးတောဖို့ ခွန်အားမရှိခဲ့ပါဘူး။ အဲဒီအချိန်တုန်းက အဖက်ဖက်က စိတ်ထဲမှာ သိမ်ငယ်စိတ်တွေ ရှိနေတယ်လို့ ခံစားရပေမဲ့ တိပ်ခွေရဲ့ ရည်ရွယ်ချက်ကိုတော့ သူ မသိရသေးဘူးလေ။ 


ဖက်တီးက ထိုစကားကို ကြားပြီးနောက် ခေါင်းယမ်းကာ ဆက်ပြောခဲ့သည်။ 


"ဒီကိစ္စနဲ့ ပတ်သက်ပြီး တွေးကြည့်ရင် သိပ်သဲသဲကွဲကွဲ ဖြစ်မနေဘူး... ငါတို့က လက်တွေ့ကမ္ဘာမှာ နေထိုင်နေတာ... သည်းထိတ်ရင်ဖိုစရာ ဝတ္ထုမဟုတ်ဘူး သဲသဲကွဲကွဲ မရှိတာမျိုး မဖြစ်သင့်ဘူးလေ... မင်း နည်းနည်း ရှုပ်ထွေးလွန်းတဲ့ ကိစ္စတွေကို တွေးနေမိတာ ဖြစ်နိုင်တယ် တစ်ဖက်က ဒီဗီဒီယိုတိပ်ကို ပို့ရတဲ့ ရိုးရှင်းတဲ့ အကြောင်းပြချက် ရှိကောင်းရှိနိုင်တယ်"


ဝူရှဲ့ခည်း သူ့စိတ်က တွေး​နေတာကို နည်းနည်းခံနိုင်ရည် မရှိတော့ပေ။ အဲဒါကြောင့် မတွေးချင်တော့တဲ့အတွက် သူ့အတွေးတွေကိုသာ ပြောပြခွင့်ပြုလိုက်သည်။


"ပြဿနာကို မင်းတွေးပုံက မှားနေတယ်လို့ ငါခံစားရတယ်... မင်းစိတ်ရှုပ်နေတယ် ငါတို့ အဲဒါကို တိုက်ရိုက်ပဲ စဉ်းစားကြည့်ရအောင် တစ်ဖက်က မင်းကို တိပ်ခွေနှစ်ခွေ ပို့လိုက်တယ် တစ်ခုက အကြောင်းအရာ တစ်ခုပါတယ် တစ်ခုကကျတော့ ဘာအကြောင်းအရာမှ မရိုက်ကူးထားဘူး... ဒါဆို နှစ်ခွေလုံး ပို့နေစရာမလိုဘူးလေ... ဒါပေမဲ့ သူကနှစ်ခွေလုံးကို ပို့လိုက်တယ်မလား?"


ဝူရှဲ့ ခေါင်းညိတ်လိုက်ပြီး ဖက်တီးက ဆက်သည်။ 


"တိပ်ခွေပို့တဲ့သူက လူကို ထူးထူးဆန်းဆန်း လုပ်ပြသွားတဲ့အတွက် သူလုပ်သမျှဟာ အဓိပ္ပာယ်နက်နဲတယ်လို့ ငါတို့ကို တွေးစေတယ်... ဒါပေမဲ့ သောက်ကျိုးနည်း တကယ်လို့ အဲ့လိုမတွေးဘူးဆိုရင် လာပို့တဲ့လူက သာမာန်လူသား တစ်ယောက်လေ... သာမာန်လူတွေက ဒီလိုအခြေအနေမျိုးမှာ ဒီလိုလုပ်မယ်လို့ ထင်လား? ငါသာဆိုရင် ဗလာဖြစ်နေတဲ့ တိပ်ခွေကို မင်းဆီပို့မယ်ဆိုရင် ငါ့ဦးနှောက်က တစ်ခန်းလွတ်နေလို့ပဲ ဖြစ်မှာ... အဲဒါကို ပြန်စဉ်းစားပြီး အဓိပ္ပာယ်ရှိမရှိ ကြည့်ကြည့်လိုက်"


ဝူရှဲ့ ခေါင်းညိတ်လိုက်သည်။ ဖက်တီးက လူတွေကို အံ့အားသင့်စေတာတော့ အမှန်ပဲ။ တကယ်တော့ ဒီမေးခွန်းက ဒီလောက်လေးနက်တဲ့ အဖြေမျိုး ထွက်လာမယ်လို့ မမျှော်လင့်ထားပေ။ ဝူရှဲ့ ကုလားထိုင်ပေါ် နောက်ပြန်မှီလျက် ဖက်တီးရဲ့ စကားတွေကို လေးလေးနက်နက် တွေး​ကြည့်လိုက်သည်။


သာမန်လူတစ်ဦးက ဒီလိုနည်းဖြင့် တစ်စုံတစ်ခုကို ပေးပို့လာတယ် ဆိုတာ ဘယ်လို အခြေအနေမျိုးမှာ ရှိနေနိုင်လဲ။ အကြောင်းအရာပါသော ဗီဒီယိုတိပ်နှင့် အကြောင်းအရာမပါသော ဗီဒီယိုတိပ် ပေါင်းစပ်ခြင်း၏ ရည်ရွယ်ချက်က ဘာများဖြစ်မလဲ။ 


'ပြဿနာကို မရှုပ်ထွေး​စေနဲ့' 


ဝူရှဲ့ ကိုယ့်ဘာသာကို သတိ​ပြန်ပေး​ခဲ့သည်။ သူ့အနေနဲ့ဆို အရင်က ဗီဒီယိုတိပ်ခွေကို ငှားတဲ့အခါ ဘယ်လိုအခြေအနေမျိုးမှာ ဒီလိုလုပ်မိလိမ့်မလဲ။ ဒီအကြောင်းကို တွေးရင်းနဲ့ အတိတ်က တစ်ခုခုကို တွေးမိသွားရာ နှလုံးခုန်သံတွေက ရုတ်တရက် ဆောင့်ခုန်သွားသလို ခံစားလိုက်ရသည်။ 


ဘေးနားက ဖက်တီးမှာ အသားစားနေရင်း ဝူရှဲ့ကို မော့ကြည့်လိုက်သည်။


"ဘာလဲ ဘာ​တွေးမိလို့လဲ" 


ဝူရှဲ့ ခေါင်းငုံ့ပြီး ဖက်တီးအား စကားပြောတာကို ရပ်ခိုင်းလိုက်သည်။ ခုနက တွေးထားမိတဲ့ အရာကို ပြန်စဥ်းစားကြည့်လိုက်သည်။ အဲဒါကို ပြန်တွေးရင်းနဲ့ အတိတ်က အမှတ်တရတွေ ပေါ်လာတာကြောင့် တိုးတိုးလေး ညည်းတွားမိ၏။ ထို့နောက် ဘာဖြစ်နေလဲ ဆိုတာကို ရုတ်တရက် သဘောပေါက်ပြီး ဇတ်ကနဲ ထရပ်လိုက်​လေသည်။ 


“လတ်စသတ်တော့ တော်တော့်ကို ရိုးရှင်းလွန်းနေတာပဲ....မစားတော့နဲ့ ငါတို့ချက်ချင်း ပြန်ကြမယ်!!” 


အသားတစ်ဝက်ကို စားပြီးသား ဖြစ်တာကြောင့် တံတွေးထွေးလုနီးပါး ဖြစ်နေတဲ့ ဖက်တီးက ဆို၏။ 


"မင်း ထပ်မစားချင်​တော့ဘူးလား ထမင်းတောင် မစားရသေးဘူးလေ မင်း ငါ့ကို ဒီလို ဆက်ဆံချင်တာလား"


ဝူရှဲ့ကတော့ ပြန်သွားပြီး သူ့အကြံဉာဏ်​တွေကို စိစစ်ဖို့ စိတ်တွေပူ​​နေတာကြောင့် ဖက်တီးဘက် လှည့်ပြီး ပြောလိုက်သည်။ 


"စားပြီးရင် ပြန်လာခဲ့" 


ဖက်တီးမှာ '?'မှာ ဝိုင်းဝိုင်းလည်နေပေမယ့် ဘာမှမတတ်နိုင်တဲ့ အတွက် ဝူရှဲ့နောက်ကို လိုက်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။ ဒါကြောင့် သူက မထွက်သွားခင်မှာ စားပွဲထိုးကို လှမ်းပြောလိုက်သည်။ 


“ဒီစားပွဲပေါ်ကနေ အစားအသောက်တွေကို ယူသွားခွင့် မရှိဘူး! ဖန့်ရယ်ငါ ပြန်လာပြီး ဆက်စားရဦးမှာ.... သေသေချာချာ စောင့်ကြည့်ထားပေး... ကြက်သွန်စိမ်း​လေး နည်းနည်း လျှော့သွားတာနဲ့ ပြန်လာတဲ့အခါ မင်းတို့ရဲ့ ဆိုင်းဘုတ်ကို ဖြိုဖျက်ပစ်မယ်" 


ပြောပြီး တံခါးအပြင်ကို ပြေးထွက်သွားတော့သည်။