(27) ငရဲမှ ဖိတ်ကြားခြင်း
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)



Chapter (27)

ငရဲမှ ဖိတ်ကြားခြင်း



လိပ်စာနဲ့ သော့ကို ကြည့်ရင်း ဝူရှဲ့မှာ မှင်တက်သွား​လေသည်။ ဖက်တီးပြောတာ မှန်တယ်လို့ အခုပဲ စဉ်းစားနေတာ။ ဗီဒီယိုတိပ်ခွေ ပို့တဲ့လူက အဲဒါကို တွေ့စေချင်ပုံရတယ်။ ဒီသော့က စာရွက်ပေါ်က လိပ်စာပါတဲ့ တံခါးရဲ့ သော့ဖြစ်ရမယ်။ အဲဒီ့အမြင်အရ တစ်ဖက်လူက သူ့အား အဲဒီကိုသွားခိုင်းတဲ့အခါ အဲ့လူက အိမ်မှာရှိမှာ မဟုတ်ဘူး။


ဝူရှဲ့ ရုတ်တရက် ထူးဆန်းတဲ့ အကြံတစ်ခု ရသွားခဲ့သည်။ အဲဒီအိမ်က အဲဒီအစ်ကိုလေးရဲ့ အိမ်များ ဖြစ်နိုင်လား။ သူပြန်မလာနိုင်ဘူး ဆိုတာ သိတာကြောင့် သူ့အိမ်ကို ပို့ပေးဖို့ အကူအညီ တောင်းခဲ့တာလား။ ဒါက သူ့အတွက် အမွေအနှစ်တစ်ခုလို့ ယူဆလို့ရလား။


ဒီလိုဆိုရင် သူ့အိမ်သွားရင်း သူ့အတိတ်အကြောင်း လေ့လာနိုင်မှာပေါ့။ သို့သော်လည်း ပြန်တွေးကြည့်ရင် ဘယ်လိုမှ မဖြစ်နိုင်ချေ။ ထို့အပြင် ဤသို့ဆိုလျှင် အားနင်ရဲ့ တိပ်ခွေနှစ်ခုထဲမှာလည်း တစ်ခုခုရှိနေလောက်လား။ 


အဲဒီညမှာ ဝူရှဲ့ စိတ်ပျက်လက်ပျက် လှဲချလိုက်သည်။ စီးကရက်တစ်လိပ်လောက် သောက်ချင်လာရာ ကုတင်အစွန်းကို မှီပြီး ဘေးကို လှည့်ကြည့်လိုက်ရင်း ဆေးလိပ်တစ်လိပ် ထုတ်သောက်လိုက်သည်။ သူ စိတ်ဓာတ်ကျနေတဲ့ အချိန်တိုင်းမှာ စီးကရက်သောက်တတ်ပေမယ့် အခုတော့ ဘယ်လောက်ပဲ သောက်နေပါစေ အသုံးမဝင်တော့သလို မသက်မသာ ခံစားမိနေတုန်းပါပဲ။


အရာအားလုံးကို ပြန်​တွေးကြည့်လိုက်တော့ ဗီဒီယိုတိပ်ခွေကို ပထမဆုံး လက်ခံရရှိချိန်ကနေ အခုအချိန်ထိဆို လအနည်းငယ်သာ ရှိသေးကာ ဗီဒီယိုတိပ်ပါ အကြောင်းအရာတွေကို အခုမှသာ ရှာဖွေတွေ့ရှိခဲ့သည်။ ဒါပေမဲ့ ရှာဖွေတွေ့ရှိမှု တစ်ခုစီက ဒီကိစ္စကို ပိုမိုရှုပ်ထွေးစေပြီး သူ့ကိုလည်း ပို၍ပင် စိတ်ရှုပ်ထွေးလာစေခဲ့သည်။


အမှန်တော့ ဗီဒီယိုတိပ်ရဲ့ လျှို့ဝှက်ချက်ကို ရှာတွေ့ခဲ့ပေမယ့် သူ့ကို တကယ် စိတ်မကောင်း ဖြစ်​စေတာကတော့ ဗီဒီယိုတိပ်ထဲက အကြောင်းအရာပဲ ဖြစ်ပါသည်။ တစ်ဖက်လူက အဲဒီအကြောင်းအရာကို ကာဗာအဖြစ် လုပ်ချင်တာပဲဖြစ်ဖြစ် တိပ်​ခွေနှစ်ခုကို ပေါ့ပေါ့ဆဆ ထုတ်ယူတာပဲဖြစ်ဖြစ် အဲဒီထဲက အကြောင်းအရာက အကြောင်းအရာပဲ။ 


သေချာတာကတော့ ကြည့်ရှုသူအားလုံးရဲ့ အာရုံကို ဖမ်းစားနိုင်မှာပဲ ဖြစ်လေသည်။ နောက်ပြီး အဲဒီအကြောင်းအရာတွေကို အတုလုပ်လို့မရသလို သူ့လို လူတစ်ယောက်အတွက် ဗီဒီယိုတိပ်ခွေရဲ့ အသံသွင်းနည်းကို အကျွမ်းတဝင်ရှိဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါဆို တိပ်ခွေကို သူဘယ်ကရသွားတာလဲ။


ဒီဗီဒီယိုတိပ်ခွေတွေက နှစ်ခွေသုံးခွေထက် ပိုများနိုင်သလို တိပ်​ခွေရှစ်ချပ်လောက်လည်း ရှိနိုင်ကာ အချိန်ယူရမှာ​တော့ သေချာနိုင်သည်။ ဗီဒီယိုအခွေ ကူးချိန်အရ ၈ချပ်ဆို တစ်ရက်လောက်တော့ အချိန်ယူရ ပါလိမ့်မယ်။ သူ့ဆီပို့လာတဲ့ တိပ်ခွေတစ်ခုက အလွတ်ဖြစ်ပြီး ကျန်တစ်ခုကတော့ အကြောင်းအရာပါသည်။ ဆိုလိုတာက တစ်ဖက်လူ ဗီဒီယိုတိပ်ခွေကို ကူးယူနေချိန်မှာ ရွေးချယ်စရာတွေ အများကြီး ရှိနေခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ အနည်းဆုံးတော့ အဲဒီနေရာမှာ တခြားတိပ်ခွေတွေ ရှိကောင်းရှိနိုင်ပါ၏။


"ဟော့လင်" နှင့် "သူ" တို့သည် အပျော်သဘောသက်သက် မဟုတ်ဘဲ နောက်ဆုံး အားကိုးရာ ရည်ရွယ်ချက်ဖြင့် သူတို့၏ လုပ်ရပ်များကို စောင့်ကြည့်နေတယ် ဆိုတဲ့ သဘောလည်း ဖြစ်နေနိုင်သည်။ 


သူ့အတွက် အစိုးရိမ်ဆုံးကတော့ အားနင်ဆီက နှစ်​ခွေပါပဲ။ ကိုယ့်ကိုကိုယ် အပြင်လူတစ်ယောက်လို သတ်မှတ်၊ ကိုယ့်ကိုကိုယ် ကူညီ​လိုနေသူပါလို့ အမြဲမှတ်ယူရင်း ဦးလေးသုံးနောက်ကို လိုက်ခဲ့သည်။ ဂူဖောက်တာဟာ ပထမအကြိမ်က ကိုယ့်ဘာသာကိုယ် စဥ်းစားမိပြီး လိုက်သွားတာ၊ ဒုတိယအကြိမ်မှာ အကြပ်ကိုင်ခံရပြီး တတိယအကြိမ်ကတော့ တခြားလူတွေရဲ့ အစီအစဥ်တွေကို ရှင်းလင်း ပြတ်သားစွာ လိုက်နာခဲ့ရလို့ပင်။


အချိန်တိုင်း "မဟုတ်ဘူး" လို့ ပြောနေသရွေ့ သူနဲ့ မဆိုင်ပါဘူးလို့တော့ မဆိုလိုချေ။ နည်းနည်းတော့ စိတ်ရှုပ်စရာတွေ ဖြစ်လာပုံပေါ်​စေတဲ့ ကိစ္စတွေက ရုတ်တရက် ဖြစ်ပေါ်လာခဲ့တာ ဖြစ်သည်။ 


ဒါပေမဲ့ ဖက်တီးရဲ့ ဒီတစ်ကြိမ် သတိပေးချက်က သူ့​ကို ဉာဏ်အလင်း​​တွေ ပွင့်သွားခဲ့​စေခဲ့သည်။ သူ့ရဲ့ပြဿနာကို တွေးတောပုံက ရှုပ်ထွေးလွန်းတယ်လို့ ခံစားမိပြီးသားပါ။ ဒါက အတိအကျပြောရရင် ကိုယ့်စိတ်ကို ​ပြန်နှောင့်ယှက်တတ်တဲ့ အလေ့အထကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါ၏။ အကြိမ်တိုင်း ပြဿနာကို အလွန်ရှုပ်ထွေးစွာ တွေးပြီး သူ့ဟာသူ အဖြေရှာတတ်လေသည်။ 


အများကြီးတွေးခဲ့ပြီး အခုချိန်မှာတော့ လီချန်ကျိုး သူ့ကို ပြောပြခဲ့တဲ့ အကြောင်းကို တွေးနေမိ​ပြန်သည်။ ဒီကိစ္စက သူနဲ့ အများကြီး သက်ဆိုင်နေပြီ။ သူ့ရဲ့ဦးလေးသုံးဟာ သူ့ကို တမင်တကာ လှည့်စားခဲ့တာမှန်း သတိထားမိပါသည်။ လီချန်ကျိုးရဲ့ စကားတွေက တကယ်ကို ကျိုးကြောင်းဆီလျော်ပါ၏။ 


အတိတ်ကို ပြန်သတိရပြီး ဒီအဖြစ်အပျက်နဲ့ သူ့ကို ချိတ်ဆက်ပေးနိုင်တဲ့ အရာတစ်ခုခုများ ရှိမလား မှတ်ဉာဏ်ထဲမှာ ရှာဖွေကြည့်ပေမယ့် တကယ်ကို ဘာတစ်ခုမှ မရှိပေ။ ငယ်ငယ်ကတည်းက အဖေဟာ မိသားစုကို အစစအရာရာ သူ့တာဝန်ကိုယ်ယူတတ်တဲ့ သာမန်လူတစ်ယောက်ပင်။ 


အဘိုးက ခွန်အားကြီးပြီး မိသားစုရဲ့ ကျောရိုး၊ ဒုတိယဦးလေးကတော့ စကားတွန့်တိုပြီး အပြောအဆို လေးနက်ကယ ဦးလေးသုံးကတော့ ကစားတတ်သလို ခေါင်းမာတတ်၏။ ဒါတွေအားလုံးဟာ သူ့ရဲ့ငယ်ဘဝ အမှတ်တရတွေပါပဲ။ သူတို့အားလုံးဟာ မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ရှိကြပေမယ့် အားလုံးက သူ့​အပေါ် ကြင်နာတတ်ကြတဲ့ နေရာမှာတော့ တူညီကြသည်။ ဒုတိယဦးလေးတောင်မှ သူ့ကိုကြည့်တဲ့အခါ ပြုံးတတ်သည်။


သူ့ရဲ့ ငယ်ဘဝက သိပ်ပျော်စရာ မကောင်းဘူး ဆိုပေမယ့် အသက်အရွယ်အတိုင်း တခြားလူတွေရဲ့ ကလေးဘဝနဲ့ အတူတူပါပဲ။ ဘာမှ မထူးခြားဘူးလို့ ပြောလို့ရပါ၏။


လွန်ခဲ့သည့် နှစ်အနည်းငယ်တွင် တက္ကသိုလ်ဟု ခေါ်တွင်သော ကျောင်းသည် အလွန် မှိုင်းတိုက် လာပြီး မှတ်ဉာဏ်များ ပိုမို ကြည်လင်လာသည်။ ဘယ်လိုပဲဖြစ်ဖြစ် လူသေကဲ့သို့ ၀တ်ဆင်ထားသော အမှောင်ခန်းထဲတွင် တွားသွားရသည့် အတွေ့အကြုံမျိုး သူ့တွင် မရှိပေ။


သူ့ခမျာ တစ်ညလုံး အိပ်မပျော်ခဲ့ပါ။ မိုးလင်းတဲ့ထိ မျက်နှာကျက်ကို ငေးမောကြည့်ရင်း လှိုက်လှိုက်လှဲလှဲ တွေးနေမိလေလေ စိတ်ဓာတ်ကျလေလေ ဖြစ်နေရသည်။ အတွေးတွေက အထဲမှာ ဖုံးအုပ်ခံထားရတဲ့ ပိုက်စိပ်တိုက် တစ်ခုလိုပါပဲ။ ဘယ်ကို လျှောက်သွားနေပါစေ မရေမတွက်နိုင်တဲ့ အပေါက်တွေကိုပဲ မြင်​​နေရပေမယ့် ကြိုးတွေက ပိတ်ဆို့ ချုပ်နှောင်ထားသလို ဖြတ်မသွားနိုင်ခဲ့ပါဘူး။


ဤအခြေအနေသည် သူ့ရဲ့ စရိုက်ကြောင့် ဖြစ်​နေတာလည်း ဖြစ်ပေသည်။ ပြဿနာတွေကို တွေးတဲ့အခါ အရမ်း စိတ်မ၀င်စားသင့်ဘူး။ တစ်ခါတလေမှာ တခြားသူတွေဆီက သဲလွန်စတွေ ပေးလာမှာကို စောင့်မနေဘဲ တွေးကြည့်သင့်သည်။ သူများပေးခဲ့တဲ့ သဲလွန်စတွေက အမှန်လားဆိုတာ မသိနိုင်ဘူးလေ။ ​နောက်အချက်မှာ ၎င်းတို့သည် အချိန်မီမရတတ်ပဲ အနှောင့်အယှက်များစွာ ရှိလာတတ်သည်။


ဒါကိုတွေးပြီး မထွက်ခင်မှာ သူငယ်ချင်းပေးခဲ့တဲ့ အကြံဉာဏ်ကို ရုတ်တရက် မျက်မှောင်ကြုတ်ပြီး စဥ်းစားမိသွားသည်။ သူပြောတာက။


“မင်းဘာကြောင့် ရှုပ်ထွေးလာရတာလဲ ဆိုတော့ မင်းရဲ့ ဦးလေးသုံးဆီက သတင်းရယူရတာကို အမြဲတမ်း စွဲလမ်းနေတာကြောင့်ပဲ.... မင်းရဲ့ဦးလေးဟာ မင်းကို လိမ်ညာပြီးကတည်းက သူ မင်းကို မသိစေချင်လို့ ဆိုတာ သေချာတယ်... ဒါကြောင့် မင်းရဲ့ဦးလေးသုံးက မင်းကို အမှန်အတိုင်း ပြောဖို့ မဖြစ်နိုင်ဘူးလို့ ထင်နေတာ ဖြစ်မယ်... လိမ်တာက လိမ်ညာမှုဖြစ်လာတယ်။ မင်းထပ်မေးရင် မင်းဘာသာပဲ ခံစားရလိမ့်မယ်.... လောကကြီးမှာ ဘယ်အရာမဆို မယုံကြည်နိုင်စရာတွေ ဖြစ်လာပြီး ရှုပ်ပွနေတဲ့ အချက်အလက်တွေပဲ ပိုများလာလိမ့်မယ်... အမှန်တရားကို သိချင်ရင် ကိုယ့်ဘာသာကိုယ် အဖြေရှာတာက ပိုကောင်းပါတယ်ကွာ... ဥပမာ လေ့လာရေး အဖွဲ့လို့ ပြောရင် လူဆယ်ယောက် ဒါမှမဟုတ် ဆယ့်တစ်ယောက်ပေါ့ အဲဒီနှစ်ကစပြီး သက်ဆိုင်တဲ့ အချက်အလက်တွေကို မင်းဘာသာ စစ်ဆေးနိုင်တယ် မင်းရဲ့ဦးလေး ပြောတာက မှန်လား မှားလားဆိုတာ ပြောဖို့ထက် စစ်ဆေးလိုက်တာက ပိုဖြစ်နိုင်ချေရှိတယ်”


အခုစဉ်းစားကြည့်တော့ သူပြောတာလည်း မှန်နေသည်။ 


"ကောင်းပြီလေ!" 


ဒီကိစ္စက သူနဲ့ဆိုင်တာ ရှိသေးတာပဲ​လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောမိသည်။ အခုသူ ဘယ်သူ့ကိုမှ မယုံတော့ဘူး။ ဒီတစ်ခါတော့ ဘယ်သူ့ကိုမှ မပြောဘဲ ကောအာမုကို တစ်ယောက်တည်း သွားကြည့်ကာ ဘာဖြစ်နေတာလဲ စုံစမ်းဖို့ ဆုံးဖြတ်လိုက်သည်။