(12) ပိုးကောင်ဦးနှောက်
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ရွှံ့မြွေတစ္ဆေမြို့တော် (ပထမပိုင်း)



Chapter (12)

ပိုးကောင်ဦးနှောက်



ဤဥများသည် အရိုးဦးခေါင်းခွံ အတွင်းပိုင်း၌ တွယ်ကပ်နေသည်။ ၎င်းတို့သည် မီးခိုးရောင် ရှိကာ တလုံးချင်း ထူထပ်စွာ ထုပ်ပိုးထားကြသည်။ ပျားလပို့ထဲက ပျားဥများကဲ့သို့ပင် အနီးကပ်ကြည့်လျှင် အလွန်ရွံရှာဖွယ် ကောင်းလှသည်။


ဦးလေးသုံးကတော့ သာမာန်လူတွေလို မဟုတ်တော့တဲ့ အတွက် ဒီအချိန်မှာ သူ မကြောက်တော့ပါဘူး။ အဲဒီအစား ပိုစိတ်ဝင်စားလာခဲ့ရာ ထပြီး အနီးကပ် ကြည့်လိုက်သည်။ ဓာတ်မီး၏ အလင်းရောင်အောက်တွင် အင်းဆက်ဥများသည် ဝိုးတဝါးနှင့် တောက်ပနေပုံပေါ်သည်။ ဦးလေးသုံးက ဓားမြှောင်နှင့် ထိလိုက်ရာ ၎င်းသည် ကျည်ဆံတွေလို မာကျောပြီး ခြောက်သွေ့နေ၏။


'ဒါဘာလဲ?' 


ဒီအရာရဲ့ ဦးခေါင်းခွံမှာ ဥတွေအများကြီး ရှိနေတာက ထူးဆန်းတယ်လို့ သူ့ဘာသာသူ တွေး​နေခဲ့သည်။ ဒါက ကပ်ပါးပိုးကောင်များလား။ 


ရှေးခေတ် လူသေအလောင်းများထဲတွင် ကပ်ပါးပိုး​ကောင်များ ရှိနေကြောင်း ကြားဖူးသလို အလောင်းတချို့ဆီကလည်း မကြာခဏ တွေ့ရလေ့ရှိသည်။ သို့သော် အတွင်းအင်္ဂါများတွင် ကပ်နေသော ကပ်ပါးပိုးများကိုတော့ တွေ့ရခဲသည်။ ဦးခေါင်းခွံအတွင်းက ဥများသာ မည်သို့ပေါ်လာနိုင်သနည်း။ ဦးခေါင်းခွံတစ်ခုလုံး ဥတွေဥနေကာ ဒါက ဘယ်လိုအင်းဆက်မျိုးမလို့ ဒီလောက် အစွမ်းထက်နေရတာလဲ။ 


ဦးလေးသုံးသည် ထိုအချိန်က သိပ္ပံပညာ အတတ်ပညာပိုင်း၌ အလွန်အားနည်းနေပါသည်။ ယဉ်ကျေးမှုအရ အများစုမှာ ဝမ်းကျင်ထံမှ သင်ယူခဲ့သော အရာများသာ ဖြစ်သည်။ အင်းဆက်များ သို့မဟုတ် ရှေး​ခေတ် အင်းဆက်များအကြောင်း တွေးကြည့်သောအခါတွင် ဒီလို အင်းဆက်မျိုးက ကပ်ပါးပိုးဝင်တဲ့အခါ ခန္ဓာကိုယ်ရှင်က သေနေမှာပဲ။ မဟုတ်ရင် ခေါင်းထဲက အင်းဆက်ကြောင့် နာကျင်ကိုက်ခဲလွန်းလို့ အနှေးနဲ့အမြန် သေသွားလိမ့်မယ်ဆိုပြီး ကောက်ချက်ချနိုင်သည်။


ဒါဟာ ကြီးမားတဲ့ ရှာဖွေတွေ့ရှိမှု တစ်ခုပါပဲလို့ ဦးလေးသုံး သူ့ကိုယ်သူ ပြောခဲ့ပါသည်။ ရှေးဟောင်းသုတေသန ရှာဖွေတွေ့ရှိမှုရဲ့ တန်ဖိုးနဲ့ပတ်သက်တဲ့ အရာတွေအကြောင်း ဝမ်းကျင် သူ့ကို ပြောပြခဲ့ဖူးသည်။ ရှေးဟောင်း သုတေသနပညာတွင်၊ ရှေးခေတ်စာအုပ်များ၊ ဓလေ့ထုံးတမ်းများ သို့မဟုတ် သင်္ချိုင်းဂူအစအနများကို ရှာဖွေတွေ့ရှိပါက ၎င်းသည် ကြီးမားသော ရှာဖွေတွေ့ရှိမှု တစ်ခုဖြစ်သည်။


ထိုရှာဖွေတွေ့ရှိမှုမျိုးသည် ဦးလေးသုံး အတွက် မဟုတ်သော်လည်း ရှေးဟောင်း သုတေသနအသိုင်းအဝိုင်း တစ်ခုလုံးအတွက် ကြီးမားသောဂုဏ်သတင်းကို ဆိုလိုပါသည်။ အဆင့်အတန်း ဆိုတာ သမိုင်းမှာ မှတ်တမ်းတင်ထားနိုင်တဲ့ အရာတစ်ခု ​ဖြစ်သည်လေ။ 


သူကိုယ်တိုင်က ဒီကိစ္စကို လုံးဝ စိတ်မဝင်စားပေမယ့် အဲဒီအချိန်မှာ သူချစ်မိသွားတဲ့ ဝမ်းကျင်အကြောင်းကို ချက်ချင်း စဉ်းစားမိလိုက်သည်။ ဒီအရာကိုသာ ဝမ်းကျင်ကို ပေးလိုက်ရင် အဲဒီကောင်မလေး အတွက် သေချာပေါက် အသုံးဝင်လိမ့်မည်။ 


တွေးကြည့်ရင်း ခါးက နွားသား​ရေအိတ်ကို ထုတ်ယူလိုက်သည်။ ၎င်းက ရေငုပ်တဲ့အခါ ပစ္စည်းတွေ သိမ်းဆည်းလေ့ရှိတဲ့ အိတ်တစ်အိတ်ပဲ။ အောက်ခြေမှာ အဖွင့်အပိတ် လုပ်လို့ရတဲ့ အပေါက်တွေ ရှိကာ ရေဝင်လာတဲ့အခါ ပြန်ထွက်သွားအောင် လုပ်လို့ရသည်။ ဦးလေးသုံးသည် ဦးခေါင်းခွံကို ထုတ်ယူ၍ အခြားအရိုးများနှင့်အတူ ကျိုးကျနေသော အရိုးများကို ထုထောင်းကာ အိတ်ထဲထည့်၍ ကျောကုန်းပေါ်သို့ တင်လိုက်သည်။


ပြီးသွားတော့ သံအိုးထဲက ခုန်ဆင်းလာပြီး ရှဲ့လျန်းဟွမ်ဆီ သွားလိုက်၏။ သူ့ခမျာ နှစ်ကြိမ်အထိ ထိတ်လန့်ပြီးပြီ လောဘကြီးပေမယ့် ခေါင်းတလားကိုတော့ မထိရဲတော့ဘူး။ ဒီသင်္ချိုင်းက အရမ်း ဆိုးလွန်းတာကြောင့် ဆက်မနေချင်တော့ပါဘူး။ ရှဲ့လျန်းဟွမ် ပစ္စည်းများကို ဓာတ်ပုံ ရိုက်ပြီးသွားပါက ၎င်းတို့ ချက်ချင်းထွက်သင့်သည်။


အဲဒီအချိန်မှာ ရှဲ့လျန်းဟွမ်ရဲ့ အောက်ဆီဂျင်ဘူးထဲမှာ အောက်ဆီဂျင် အလုံအလောက် မရှိဘူး ဆိုတာကိုလည်း သူနားလည်ဖို့ မေ့သွားခဲ့၏။ သတိရနေသေးရင်တော့ အပြင်ထွက်ရခက်မယ် ဆိုတာ သိထားသင့်ပါသည်။


သို့သော် သံအိုးထဲမှ တက်လာပြီး ကြေးဝါလူသား၏ သံခေါင်းတလားသို့ ပြန်ရောက်သောအခါတွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ချက်ချင်း တွေ့ရှိခဲ့သည်။ ပထမတစ်ချက် သူရှဲ့လျန်းဟွမ်ကို မတွေ့တော့ချေ။ ရှဲ့လျန်းဟွမ်သည် သူ့မူလနေရာတွင် မရှိ​တော့ဘဲ ဘယ်နေရာမှာမှ ရှာမတွေ့။ သူ့ဓာတ်မီးဟာ မြေပြင်ပေါ် ပြုတ်ကျပြီး တစ်ဖက်က ပန်းချီကားပေါ်မှာ မှိန်မှိန်လေး လင်းနေခဲ့သည်။


ဦးလေးသုံးမှာ ချွေးမထွက်မီ တစ်စက္ကန့်မျှသာ အေးခဲသွားသည်။ ထိုကဲ့သို့သော မြင်ကွင်းမျိုးကို သူ အကြိမ်​ပေါင်းများစွာ မြင်ဖူးသည်။ ရှေးခေတ် ဂူသင်္ချိုင်းထဲတွင် တစ်စုံတစ်ယောက် ဒုက္ခရောက်သောအခါ ဓာတ်မီးသည် မြေပြင်ပေါ်သို့ ကျိန်းသေပေါက် ကျထားမည်။ သူ ကျားလာမား လုပ်ခဲ့စဥ် လူတွေအများကြီး ဒီလိုဖြစ်ဖူးတာကြောင့် ဓာတ်မီးက မြေပြင်ပေါ် ပြုတ်ကျနေတာကို မြင်လိုက်ရတော့ သူ့စိတ်တွေ တုန်လှုပ်သွားသည့။


သူ သံအိုးထဲ ဝင်​နေတုန်း ရှဲ့လျန်းဟွမ် ယန္တရားအချို့ ထိမိသွားခြင်းများလား။ အခုနတုန်းက ဆူညံသံတွေ မကြားရပေမယ့် သူက တိုင်ကီလို အိုးထဲမှာ ရှိနေခဲ့ကာ အပြင်မှာ ဖြစ်ပျက်နေတာ​တွေကို တကယ် ဂရုမစိုက်မိခဲ့ဘူး။


အတွေ့အကြုံ ဆိုတာဘာလဲ။ ဒါက အတွေ့အကြုံပဲ။ ဝူရှဲ့က သူသာဆိုရင် သေချာပေါက် ပြေးပြီး ဓာတ်မီးကို ကောက်ကိုင်ကာ အကြိမ်အနည်းငယ် ဟောင်မိလိမ့်မယ်ဟု တွေးမိသည်။ သို့သော် ဦးလေးသုံးသည် တစ်ခုခု ဖြစ်ခဲ့တာကို မသိ​သေးသော်လည်း ဓားမြှောင်ကို ထပ်မံဆွဲထုတ်ကာ စိတ်ကို ငြိမ်ငြိမ်ထားရင်း သံခေါင်းတလားဆီသို့ လျှောက်သွား၏။ ယန္တရား အချိတ်အဆက် ရှိနေသည့်နေရာကို ရှာဖွေရန် ဖြစ်သည်။


သူ့လက်သည် သံခေါင်းတလားတွင် ကြာကြာမနေခဲ့ရပေ။


သံခေါင်းတလားနားကို ဂရုတစိုက်နဲ့ မြန်မြန်လျှောက်သွားတော့ ရှဲ့လျန်းဟွမ်ဟာ သံခေါင်းတလားရဲ့ အနောက်မှာ လဲကျနေတာကို တွေ့လိုက်ရပြီး လုံးဝ မလှုပ်ချေ။ ဦးလေးသုံးသည် သူ့မျက်နှာကို ဓာတ်မီး​ဖြင့် ထွန်းထားသော်လည်း တုံ့ပြန်မှု မရှိလာခဲ့ပေ။ နောက်တဖန် လှည့်ပတ်ကြည့်ရှု စစ်ဆေးကြည့်ရာ အနီးပတ်ဝန်းကျင်တွင် ဘာခြေရာလက်ရာမှ မတွေ့ခဲ့ရချေ။


ထူးဆန်းသည်။ ပတ်ဝန်းကျင်က ထိမိထားသည့် ယန္တရား၏ သဲလွန်စ မရှိပုံပေါ်သည်။ ဒါဆို သူဘာကြောင့် လဲကျသွားတာလဲ။ ဦးလေးသုံး အနည်းငယ် အံ့အားသင့်သွား၏။ ပတ်ပတ်လည်ကို ကြည့်ကာ လှုပ်ရှားမှု မရှိထားတာကို သိမြင်ပြီးနောက် လျင်မြန်စွာ ရှေ့သို့ လှမ်းတက်၍ ရှဲ့လျန်းဟွမ်ကို ဆွဲထူလိုက်သည်။


ရှဲ့လျန်းဟွမ်က သတိလစ် မေ့မြောသွားပြီး ခန္ဓာကိုယ်က သွက်သွက်လက်လက် ပါလာ၏။ ဦးလေးသုံးလည်း သူ့လည်ပင်းကို လက်ဖြင့် ဖိစမ်းကြည့်ရာ မသေသေးကြောင်း တွေ့ရှိခဲ့သည်။ ထို့နောက် သူသည် ရှဲ့လျန်းဟွမ်၏ ကိုယ်တွင်းအင်္ဂါများစွာကို လိုက်ထိရင်း သူ့နောက်ကျောမှာ ပူနေတာကို တွေ့လိုက်ရသည်။ လက်ကိုလှည့်၍ စမ်းကြည့်လိုက်သော် သွေးတွေ ထွက်နေပြီ။ 


'ငလူး!'


ဦးလေးသုံး ချက်ချင်းပင် စိတ်ရှုပ်ထွေးသွားသည်။ ဒီကောင်က တကယ်ကို သတိလစ်သွားတာပဲ။


ဒါပေမဲ့ ဒါက ရှေးဟောင်း ဂူသင်္ချိုင်း တစ်ခုထဲမှာပဲလေ။ လူတွေကို ဖယ်ထုတ်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ ရှေး​​ခေတ်သင်္ချိုင်းရဲ့ ဘယ်ယန္တရားမှ လူကို မူးလဲသွားအောင် လုပ်မှာမဟုတ်သလို ဖုတ်ကောင်ကလည်း ဒီလောက် ကြင်နာမှာ မဟုတ်ဘူး။ တစ်ယောက်ယောက်က လာရိုက်သွားတာကလွဲရင်ပေါ့။ 


ထိုအချက်ကို တွေးကြည့်လိုက်တော့ ဦးလေးသုံးမှာ ရုတ်တရတ် အေးစက်စက်ဖြင့် တောင့်တင်းသွားလေ၏။ သူ့ပတ်ဝန်းကျင်က အမှောင်ထုကို အလျင်အမြန် လှည့်ကြည့်လိုက်ပြီး ဧကန္တ နောက်ထပ် လူတစ်ယောက် ရှိနေတာလားလို့ မတွေးကြည့်ဘဲ မနေနိုင်တော့ပေ။