(11) ယန္တရား
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ရွှံ့မြွေတစ္ဆေမြို့တော် (ပထမပိုင်း)



Chapter (11)

ယန္တရား 



မျက်စိတစ်မှိတ် အတွင်းမှာပင် တုန်လှုပ်ချောက်ချားစရာ ကောင်းသော ယန္တရား၏ အသံသည် ခေါင်းတလား အောက်ခြေမှ တလမ်းလုံး ပျံ့လွင့်သွားခဲ့သည်။ ဦးလေးသုံး မတုံ့ပြန်နိုင်မီတွင် သူတို့ရေထဲမှ ထွက်လာရာ အမှောင်ထုထဲမှ ဝုန်းကနဲ ပေါက်ကွဲသံကြီး ကြားလိုက်ရသည်။ လေးလံသော အရာတစ်ခု ပြုတ်ကျသွားပုံရသည်။ 


လှည့်ကြည့်လိုက်ရင်း သူတို့ဝင်လာတုန်းက တွေ့လိုက်ရတဲ့ ကြီးမားသော သံဆလင်ဒါ အိုးကြီးလားဟုပင် တွေးလိုက်မိသည်။ ပြုတ်ကျတဲ့ အသံက ကျယ်လောင်လွန်းသဖြင့် သူ့နှလုံးကိုတောင် အပြင်ကို ခုန်ထွက်သွားစေတော့မလိုပင်။ 


ဦးလေးသုံးသည် အညစ်အကြေးများကို ဂရုမစိုက်​တော့ဘဲ လက်ကို အလျင်အမြန် ထုတ်ကာ သူ့ခန္ဓာကိုယ်ပေါ်က အင်္ကျီနဲ့ သုတ်လိုက်ပြီးနောက် သံဆလင်ဒါရှိရာဘက်သို့ ဓာတ်မီးဖြင့် ထိုးကြည့်လိုက်သည်။


ဒီနေရာက မြေပြင်မှာ ဂူဖောက်ရတာနဲ့ မတူပေ။ သင်္ချိုင်း လမ်းကြောင်းကို ပိတ်ဆို့နေတဲ့ ကျောက်တုံးတွေ ပြုတ်ကျရင် ဒါမှမဟုတ် သင်္ချိုင်းထိပ်က အဝါရောင်သဲတွေ ကျလာရင် ဖောက်ထွက်ဖို့ အချိန်ရှိပါသေး၏။ သို့သော် ယန္တရားတစ်ခုခုက သူတို့ကို ထောင်ချောက်ဆင်လိုက်တာနဲ့ သေသွားလိမ့်မယ်။


ဤသည်မှာ ပင်လယ်အောက်ခြေက သန္တာကျောက်တန်း ​နေရာဖြစ်သည်။ သန္တာကျောက်တန်းတွေက သူတို့အင်္ဂါ အစိတ်အပိုင်း တစ်ခုခုကို ထိမိသွားတာနဲ့ ထွက်လမ်းအတွက် တွေးနေစရာတောင် မလိုဘဲ အလောင်းနေရာပါ ရပြီးသား ဖြစ်သွားလိမ့်မည်။ 


တစ်ဖက်ရှိ ရှဲ့လျန်းဟွမ်မှာလည်း အင်မတန် ထိတ်လန့်သွား၏။ ခေါင်းတလားမှာ ပြင်းပြင်းထန်ထန် တုန်ခါသွားတာကြောင့် တစ်ခုခု ဖြစ်သွား​ပြီလို့ ထင်လိုက်ရာ ရုတ်တရက် အဝေးကို ဆုတ်သွားတော့သည်။ 


ဦးလေးသုံးမှာ ရှဲ့လျန်းဟွမ်ကိုမြင်ပြီး သူ့ကို ဓားနဲ့ထိုးသတ် ပစ်ချင်လောက်အောင် မုန်းတီးနေပေမယ့် တစ်ဖက်လူက သူ့ဆွေမျိုးမို့ လှည့်မပြေးနိုင်တာကြောင့် ရှဲ့လျန်းဟွမ်ကို တားပြီး လျှောက်မပြေးဖို့ ပြောလိုက်သည်။ သူကတော့ သံခေါင်းတလား​ပေါ်မှ ခုန်ဆင်းပြီး စက်ယန္တရားကြောင့် သံအိုးကြီး ပြုတ်ကျသွားလား သိလိုသဖြင့် သံအိုး​ကြီးဆီသို့ ဂရုတစိုက် လှမ်းကြည့်လိုက်သည်။


သံအိုးသည် သူ့နေရာကနေ ခြေလှမ်းနှစ်ဆယ်အောက်သာ ကွာဝေးတာကြောင့် မကြာမီတွင် ဦးလေးသုံးမှာ သံအိုးအနားသို့ ရောက်လာသည်။ ထိုအချိန်တွင် ယန္တရား၏ အားကောင်းလှတဲ့ ယန္တရား စက်သံကို မကြားရတော့ဘဲ ရပ်သွားပုံရ၏။ ဦးလေးသုံးလည်း တံတွေးကို မျိုချလိုက်ပြီး သံအိုးအပေါ်သို့ ကြည့်လိုက်သောအခါ သံအိုးအထက်က သင်္ချိုင်းထိပ်တွင် ခေါက်ရိုးတစ်ချပ်ရှိသည်ကို တွေ့လိုက်ရသည်။ ထိုအရာကို ယခုအခါ "တစ္ဆေခြေရာ"ဟု ခေါ်၏။ 


သင်္ချိုင်းထိပ်တွင် ဤကဲ့သို့ ယန္တရားတစ်ခုတွင် အလွန်လေးလံသော ကျောက်တုံးများ ထားရှိလေ့ရှိပါသည်။ အစပျိုးလိုက်သည်နှင့် လေးလံသော အရာဝတ္ထုများသည် ပြုတ်ကျကာ လူများကို တစ်ကြိမ်တည်းတွင် အသားကိတ်မုန့်များ အဖြစ်သို့ ရိုက်ခွဲသွားနိုင်သည်။ အခု အပေါ်ကနေ ပြုတ်ကျလာတာက ကြီးမားတဲ့ ကျောက်တုံးကြီး မဟုတ်ဘဲ သံအိုးထဲသို့ တွဲလျောင်းကျနေ​သော သံကြိုးကြီး နှစ်ချောင်း ဖြစ်နေလေသည်။ 


ဦးလေးသုံးသည် ခေတ္တမျှ ကြည့်၍ ဤအရာသည် ဘယ်လို ယန္တရားဖြစ်မလဲ စဥ်းစားရင်း အံ့ဩသွားမိသွားသည်။ ယန္တရားနှင့် ထိနိုင်သော နေရာသည် ခေါင်းတလားထဲတွင် ရှိသည်။ ဤသံအိုးထဲသို့ တစ်စုံတစ်ခု ပြုတ်သွားကျပါကလည်း ဘယ်သူ့ကိုမှ မသတ်နိုင်ပေ။


ဤသင်္ချိုင်းထဲရှိ သမရိုးကျ မဟုတ်သော နေရာများကို တွေးတောရင်း ဦးလေးသုံးမှာ ပို၍ပင် စိတ်ရှုပ်လာ​တော့သည်။ သူက ခဏ ငြိမ်သက်သွားကာ ဓားမြှောင်ကို ထုတ်ယူလိုက်သည်။ ထို့နောက် လျှာကိုကိုက်လျက် သံအိုးပေါ်တွင် လှဲချကာ သံကြိုးကို ဂရုတစိုက် ကြည့်လိုက်သည်။


ကြည့်လိုက်တာနဲ့ သံအိုးအောက်ခြေမှာ ထူးဆန်းတဲ့ အရာတစ်ခု လဲနေတာကို တွေ့လိုက်ရပါ၏။ အနီးကပ်ကြည့်တဲ့ အခါမှာတော့ တစ္ဆေခြေသည်းတွေလို နက်မှောင်တဲ့ ​စောင်းပုံစံ အရိုးသော့နှစ်ချောင်းကို တွေ့လိုက်ရသည်။ ၎င်းသည် သံကြိုးများကြောင့် ခြေလက်များ ကျိုးသွားပြီ။ ကြည့်ရသည်မှာ မြှုပ်နှံရန် ယဇ်ပူဇော်ခံခဲ့ရသော ကျွန်တစ်ဦးနှင့် တူ​ပေသည်။


အရိုးစုမှာ အလွန်ထွားကျိုင်း၏။ ၎င်းက စုတ်ပြဲနေသော ကြေးခွံဝတ်ရုံများကို ဝတ်ဆင်ထားပြီး ထူးဆန်းသော ဦးခေါင်းခွံပါရှိသည်။ စောင်းပုံသော့သည် အရိုးစု၏ညှပ်ရိုးကို သော့ခတ်ထား​လေသည်။


ဦးလေးသုံးမှာ အလွန် အံ့အားသင့်သွားရသည်။ ညှပ်ရိုးပေါ်တွင် စောင်းသော့ကို ဝတ်ဆင်ခြင်းသည် အကျဉ်းသားများ၏ လွတ်လပ်မှုကို ကန့်သတ်ရန် ရှေးခေတ် ညှဉ်းပန်းနှိပ်စက်မှု နည်းလမ်း တစ်ခုဖြစ်ကြောင်း တွေးမိသွားသည်။ ရှေးခေတ်က သန်မာသော ကိုယ်ခံပညာ ရှိသူများသည် သာမန် သော့ခလောက်များဖြင့် မချုပ်နှောင်နိုင်ပေ။ 


မချုပ်နိုင်လျှင် ညှပ်ရိုးကို တင်းကျပ်သွားအောင် ဤသော့မျိုးဖြင့် ချုပ်နှောင်ထားတတ်သည်။ ညှပ်ရိုးသည် အလွန်ကျိုးပဲ့ ပျက်စီးလွယ်သောကြောင့် အင်အားအလွန်အကျွံ သုံးပါက လည်ပင်းမှာ ကျိုးသွားနိုင်သည်။ 


အရိုးများက လုံးဝ ပုပ်ပွသွားပြီမို့ ထိမိတာနဲ့ ကျိုးသွားတော့မလိုပင်။ ဦးလေးသုံးသည် အရိုးများကို ဓာတ်မီးဖြင့် တောက်ကာ သေသေချာချာ ကြည့်လိုက်သောအခါ အရိုးများ၏ ဦးခေါင်းခွံပုံသဏ္ဌာန်ဟာ သာမန်လူနှင့် ကွာခြားနေ​တာကို တွေ့လိုက်ရ၏။ ဦးခေါင်းခွံရဲ့ အရွယ်အစားကိုတော့ မပြောလိုပါဘူး။ အရှည်ကတင် သာမန်လူထက် နှစ်ဆ ပိုရှည်နေသည်။ ဦးလေးသုံးမှာ ဘယ်လိုပုံစံလဲဆိုတာ မပြောနိုင်ဘဲ သူ့ရဲ့ ပင်ကိုယ်စတိုင်က ငှက်ပျောသီးကြီးနဲ့ တူတယ်လို့ပဲ ဆိုလာသည်။


ဒီရှေးဟောင်း ဂုသင်္ချိုင်းမှာ ပိတ်မိနေတဲ့ ထူးဆန်းတဲ့ အရိုးစုတစ်ခု ရှိနေသည်။ အဲဒါက တကယ့်ကို ထူးထူးဆန်းဆန်းပါပဲ။ အုတ်ဂူရဲ့ဖွဲ့စည်းပုံကို ကြည့်လိုက်ရင် ဒီအရိုးစုဟာ အုတ်ဂူရဲ့ထိပ်မှာ အကြာကြီး ချိတ်ဆွဲခံထားရတယ် ဆိုတာ ထင်ရှားပါ၏။ ခေါင်းတလားထဲမှာရှိတဲ့ ယန္တရားနဲ့ ထိလိုက်တာနဲ့ အရိုးစုဟာ ရုတ်တရက် ပြုတ်ကျလာပါလိမ့်မယ်။ 


ဒါပေမဲ့ ဒါက ဘာအတွက် လုပ်ထားတာလဲ။ အကယ်၍ ၎င်းသည် သင်္ချိုင်းခိုးမှု ဆန့်ကျင်ရေး ကိရိယာ ဖြစ်ပါက ကြောက်စရာ ကောင်းသော်လည်း အသက်ကိုတော့ မသေစေပါ။ နောက်ပြီးတော့ ဒီကြိုးဆွဲချအရိုးစုက သာမန်လူသေအလောင်း မဟုတ်မှန်း သိသာထင်ရှားနေသည်။ ဒီတော့ ဒါက ဘာလဲ။


ဦးလေးသုံး၏ စိတ်ကူးစိတ်သန်းမှာ အလွန်ချို့တဲ့ပြီး ယခုလို ထိတ်လန့် တုန်လှုပ်သွားသည့် အချိန်တွင် သဲလွန်စ မရှိခဲ့ပေ။ သို့သော် သူ့အတွေးတွေက အလွန်လျင်မြန်စွာ လည်ပတ်နေပြီး ရုတ်တရက် တွေးလိုက်မိသည်မှာ ဤအရိုးစုသည် အလွန်ကြောက်စရာ ကောင်းလှသည်ဟုပင်။ အလောင်းသည် ဖုတ်ကောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့ဖူးတာ ဖြစ်နိုင်လား။ 


သံကြိုးသည် ဇလုံတစ်ခု၏ ပါးစပ်ဝကဲ့သို့ ထူပြီး ​စောင်းသော့နဲ့လည်း ခတ်ထားသေးသည်။ ဆိုတော့ သူသော့ခတ်ထားတဲ့ အရာက အလွန် အစွမ်းထက်ပုံရသည်။ မြေအောက်ကမ္ဘာမှာ သရဲတစ္ဆေတွေနဲ့ ဖုတ်ကောင်တွေကို မွေးမြူထားတတ်တဲ့ လူတွေဟာ မြောင်နယ်မြေမှာ ရှိပြီး အဲ့လို အရည်အချင်းရှိတဲ့ သူတွေ ရှိနေတာ ကြာပြီ။ ဒီသင်္ချိုင်းပိုင်ရှင်က စောင်းပုံသော့ကို သုံးပြီး အလောင်းကောင်ကို သော့ခတ်ထားတာက ဒီအကောင်ကို စောင့်ကြည့်ခွေးအဖြစ် သုံး​နေတာ ဖြစ်နိုင်လား။


ယခုတော့ အရိုးတွေက လုံးဝ ပုပ်ကုန်ပြီ။ တကယ်တော့ ဖုတ်ကောင်ရဲ့ အရိုးတွေက ပွန်းပဲ့နေပြီး ပြာတွေလိုပါ ပြန့်ကျဲနေပြီဖြစ်လို့ ဘာမှ ကြောက်စရာ မရှိ​တော့ပါဘူး။ ဦးလေးသုံးသည် စူးစမ်းလိုစိတ်ရှိပြီး သတ္တိလည်း ရှိရာ အနီးကပ်ကြည့်ရှုနိုင်ရန် သံအိုးပေါ်သို့ တက်လိုက်သည်။ တစ်ဖက်က ရှဲ့လျန်းဟွမ်အား ပြန်ရောက်ရင် မေးမြန်းနိုင်စေရန် ဤအရာအား ဓာတ်ပုံရိုက်ထားဖို့ ပြောလိုက်သည်။


ရှဲ့လျန်းဟွမ်က သူ့ကို မတုံ့ပြန်လာပေ။ သို့သော် ဦးလေးသုံးဟာ သဘာဝအတိုင်း ဂရုမစိုက်တာကြောင့် သူ့ဘာသာပဲ အိုးထဲကို ခုန်ဆင်းသွားပါ၏။ မမျှော်လင့်ဘဲ သူခုန်ဆင်းလိုက်တာနဲ့ အုတ်ဂူထိပ်ကနေ သံအိုးအတွင်းကို ကပ်နေတဲ့ ဖုန်မှုန့်အလွှာတစ်ခု လွင့်ပျံလာပါသည်။ စိုစွတ်သော ခြေဖြင့် နင်းမိသွားတာကြောင့် ရုတ်တရက် ချော်ကျကာ သံအိုးတစ်ခုလုံးပေါ် လဲကျသွား​တော့သည်။


အရိုးများက ကြွပ်ဆတ်နေပြီ ဖြစ်လို့ သူ ပြုတ်ကျသောအခါ အပိုင်းပိုင်း ကျိုးလုနီးပါး ဖြစ်သွားသည်။ ဦးလေးသုံးလည်း အမြန်ထထိုင်ကာ ဓာတ်ပုံရိုက်ရန် ဓာတ်မီးကို ကိုင်၍ အသင့်ပြင်လိုက်ချိန် သူသည် အရိုးစု၏ လက်နှစ်ဖက်ထဲသို့ ပြုတ်ကျသွားတာကို တွေ့လိုက်ရသည်။ 


သူသည် ပုံပျက်နေသော ဦးခေါင်းခွံဘေးကို လဲကျသွားခဲ့ပြီး သူ့ရဲ့ ရိုက်ခတ်မှုကြောင့် ကွဲအက်သွားရာ အတွင်းထဲရှိ အရာများကို ထင်ထင်ရှားရှား မြင်လာရသည်။ ၎င်းသည် ပျားလပို့ ပုံသဏ္ဌာန်တူသော အရာကြီးတစ်စုက ဦးခေါင်းခွံအတွင်း၌ ပိတ်မိနေပြီး ၎င်းတို့အားလုံးကို ပုလဲနှင့်တူသော အင်းဆက်ဥများဖြင့် ဖုံးအုပ်ထား​လေသည်။