(10) ဆီး
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ရွှံ့မြွေတစ္ဆေမြို့တော် (ပထမပိုင်း)



Chapter (10)

ဆီး



ဦးလေးသုံးသည် ချွေးအေးအေးများကြောင့် ချက်ချင်းပင် ကြက်သီးများ ထသွားသည်။ ခေါင်းတလားထဲက မီးခိုးငွေ့များက ဘယ်လိုလုပ်ပြီးများ ထွက်လာတာလဲ။ ခေါင်းတလားပေါ်က ရှဲ့လျန်းဟွမ်ကို ကြည့်လိုက်တော့ တစ်ခုခု မှားနေပြီဟု ခံစားလိုက်ရသည်။


သံခေါင်းတလားပေါ်မှ ရှဲ့လျန်းဟွမ်ကို တစ်ချက်ရိုက်ပြီး ဆွဲထုတ်လိုက် ဘာဖြစ်တာလဲလို့ မေးလိုက်သည်။


ရှဲ့လျန်းဟွမ်မှာ တဆက်ဆက် တုန်နေပြီး ထူးဆန်းတဲ့ လှုပ်ရှားမှုတွေ လုပ်ထားပေမယ့် သူ ဘာမှ ရှင်းရှင်းလင်းလင်း မပြောနိုင်လောက်အောင် တုန်လှုပ်နေခဲ့တာ သိသာထင်ရှားပါ၏။ သူက "ငါ...မီး...မီး" ဆိုပြီး စကားလုံးနှစ်လုံးပြောဖို့ အချိန်အတော် ကြာသွားခဲ့သည်။


ဦးလေးသုံးမှာ သူ့ရဲ့လှုပ်ရှားမှုတွေကို ကြည့်လိုက်ချိန် သူကိုင်ထားတဲ့ အရာကို တွေ့လိုက်ရသည်။ ၎င်းမှာ ဟော်ကျော်ကျစ် (မီးဆေးတံလိုလေးပါ မြန်မာမူမပြုတတ်လို့)ရဲ့ အဖုံး ဖြစ်ပြီး အလွယ်တကူ ထိတွေ့လို့ရတဲ့ အရာမို့လို့ ကျူရိုးတံတွေနဲ့ ရစ်ပတ်ထားလေ့ ရှိပါ၏။ ထိုအရာကို တွေ့လိုက်တာနဲ့ ဘာတွေဖြစ်နေတာလဲ ချက်ချင်း နားလည်သွားတော့သည်။ 


ရှဲ့လျန်းဟွမ်သည် ခေါင်းတလားအတွင်း ဘာတွေရှိနေလဲ သိချင်နေသဖြင့် မီးတုတ်ကို မီးညှိပြီး ခေါင်းတလား အပေါက်ထဲသို့ ပစ်ချလိုက်သည်။ ထို့နောက် ခေါင်းတလား အပေါက်ဆီသို့ သူ့မျက်လုံးများဖြင့် ငုံ့ကြည့်လိုက်သည်။


၎င်းက အလင်းရောင်ကို ခိုးယူရန် နံရံကို ဖောက်ထုတ်ခြင်းဟု ခေါ်သည်။ မြောက်ပိုင်းကျောင်းမှ အတုယူထားသည့် ကွန်ဖူး တစ်မျိုးဖြစ်ပြီး ဒေသခံဆရာများ ကျင့်သုံးလေ့ရှိသည့် လှည့်ကွက်တစ်ခုလည်း ဖြစ်သည်။ အထူးသဖြင့် ခေါင်းတလားဖွင့်သည့် သာမဏေများအတွက် 'ရှေ့ကို လှေကား သုံးထစ်တက်ရင် လေးထစ်ခန့် ပြန်ဆင်းရမယ်' နောက်ကွယ်မှ အရာကို သတိနဲ့ကြည့်ပြီး သတိထားရမယ်လို့ ဆိုလိုခြင်းပင်။ 


မြောက်ပိုင်းဂိုဏ်းမှ ရွှေသူခိုးများသည် နံရံကပ်ကျောက်တုံးများကိုပင် ခိုးယူကာ ရှေးဟောင်းသင်္ချိုင်းတွင်းသို့ ဝင်ပြီးသည်နှင့် ခေါင်းတလားထဲမှ အရာများ အားလုံးကို ယူဆောင်သွားနိုင်သည်။ သို့သော် ၎င်းသည် ဂူဖောက်ခြင်း နယ်ပယ်တွင် ဘေးထွက်လှည့်ကွက် တစ်ခုဟု ယူဆနိုင်သည်။ 


၎င်း၏အမှန်တကယ် အသုံးပြုမှု အပေါ်မှာ ကန့်သတ်ချက်များ များစွာရှိပြီး အန္တရာယ်များသောကြောင့် သာမာန်ဝါရင့်များက အသုံးမပြုကြပေ။ ဒါကို သးကိုယ်တိုင် တွေးခဲ့မိတာလား ဒါမှမဟုတ် တခြားတစ်ယောက်ဆီက သင်ယူခဲ့တာလား မသိ။ 


ဤအချက်၏ အကြီးမားဆုံးအန္တရာယ်မှာ ခေါင်းတလားအတွင်း၌ ရှိသော အရာဝတ္ထုများကို လောင်ကျွမ်းစေခြင်းပင်။ အထူးသဖြင့် အလောင်းက ခြောက်သွားသောအခါတွင် ပုပ်ပွသွားသော ပိုးသားများလို အားလုံးနီးပါး လောင်ကျွမ်းသွားနိုင်သည်။ ရှေးခေတ်က ဖြတ်ပိုင်းတွေလို၊ ပုတီးစေ့တွေနဲ့ တခြားအရာတွေ ခဏချင်း ပျောက်သွားပြီး မီးငြိမ်းဖို့တောင် အချိန် မရှိနိုင်တော့ပေ။ ထို့ကြောင့် ၎င်းကိုလုပ်ဆောင်သူသည် အလွန်သတိထားရန် လိုအပ်သော်လည်း ရှဲ့လျန်းဟွမ်ကတော့ စဉ်းပင်မစဉ်းစားဘဲ အသုံးပြုခဲ့သည်။


ဦးလေးသုံးမှာ ဒီကောင်လေးကို ကြည့်မထားမိတာ အမှားပဲလို့ ဆိုပြီး ကျိန်ဆဲလိုက်မိသည်။ သူ ဒီခေါင်းတလားကို အရမ်းစိတ်ဝင်တစား ရှိနေတာ​လေ။ ​အထဲမှာ အလောင်း ရှိမယ် ဆိုရင်တောင် သူကတော့ ကြည့်ချင်သေးသည်။ ခေါင်းတလားထဲက ပစ္စည်းတွေ မီးလောင်သွားရင် နှမြောစရာ ကောင်းသလို လူတွေကို ပြန်ပြောပြရင်လည်း လူတွေက သူ့ကို ရယ်လိမ့်မယ်။


အဲဒါကို တွေးကြည့်လိုက်ရင်း ဦးလေးသုံးသည် ရှဲ့လျန်းဟွမ်ကို ချက်ချင်း တွန်းထုတ်လိုက်ပြီး ခေါင်းတလားဆီ ပြေးသွားလိုက်သည်။ ခေါင်းတလား အပေါက်မှာရပ်လျက် လေနဲ့ ပြင်းပြင်းထန်ထန် မှုတ်ထုတ်လိုက်၏။ မမျှော်လင့်ဘဲ မှုတ်ထုတ်လိုက်သည်နှင့် ခေါင်းတလားတွင်းမှ အနက်ရောင်မီးခိုးများ ပိုမိုပြင်းထန်စွာ ထွက်ကျလာကာ ဦးလေးသုံးမှာ ရင်ဘတ်တွေ အောင့်လုနီးပါး ချောင်းဆိုးသွားတော့သည်။ 


မျက်နှာလွှဲကာ ခါးမှရေအိတ်ကို ထုတ်ကာ ခေါင်းတလား အပေါက်ထဲသို့ ရေ​တွေ လောင်းထည့်လိုက်သည်။ ဒီလမ်းတလျှောက် ရေငတ်လာခဲ့ရာ ရေက သိပ်မကျန်တော့ပေ။ ဒါ့အပြင် ဒီရေက လုံးဝ အသုံးမဝင်ပါဘူး။


ဦးလေးသုံးသည် ချွေးတွေ အရမ်းထွက်ပြီး စိတ်ပူသွားသည်။ ရှဲ့လျန်းဟွမ်ဘက်ကို လှည့်ကြည့်လိုက်တော့ သူ့ခါးတစ်ဝိုက်က ရေအိတ်က ဖောင်းနေသေးတာကို တွေ့လိုက်ရ၏။ ထိုလူက ကြောင်တောင်တောင် ဖြစ်နေသေးတာကို မြင်တော့ သူက ဒေါသတကြီးနဲ့ အော်လိုက်လေသည်။ 


"ကြောင်တောင်တောင်နဲ့ မတ်တပ်ရပ်ပြီး ဘာလုပ်နေတာလဲ... ရေယူလာပေး!"


"ရေ? ဟုတ်သားပဲ! ရေအိတ်!" 


ထိုအခါမှ ရှဲ့လျန်းဟွမ်လည်း တုံ့ပြန်ပြီး ရေအိတ်ကို အလျင်အမြန် ချွတ်​ပေးလိုက်သည်။ ဦးလေးသုံးသည် ၎င်းကို ဖမ်းကိုင်ကာ အပေါက်ထဲသို့ လောင်းချလိုက်သည်။ အနက်ရောင် မီးခိုးငွေ့များ တဖျပ်ဖျပ် ခတ်နေ၏။ မီးခိုးတွေ ထွက်လာတဲ့အပြင် ခေါင်းတလား တွင်းထဲကနေ မီးတောက်တွေပါ ထပ်ထွက်လာသည်။ 


ဘာဖြစ်နေတယ် ဆိုတာကို မမြင်နိုင်ဘဲ ရေအိတ်ကို အနံ့ခံကြည့်လိုက်တော့ တစ်ဆက်တည်း အဆဲမိုးတွေ ရွာသွန်းလိုက်ရလေ၏။ ၎င်းက အရက်တွေ ​ဖြစ်နေသည်။ ခေါင်းတလားကို ပြန်ကြည့်လိုက်တော့ သံခေါင်းတလားကို ဖွင့်လိုက်သည်နှင့် ထူထဲသော မီးခိုးများက သင်္ချိုင်းတစ်ခုလုံး ပြည့်လုမတတ် ဖြစ်သွားနိုင်နေပြီ။ 


ထိုအချိန်တွင် သူ့ခမျာ စိတ်ရှုပ်နေပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။ သံခေါင်းတလားအတွင်း၌ မီးသည် အလွန်လောင်ကျွမ်းနေသဖြင့် အတွင်းသို့ ရောက်သွားလျှင်ပင် မီးကို ငြိမ်းသတ်ရန် မဖြစ်နိုင်ပေ။ ထို့ပြင် တစ်ခုခုကို ဖမ်းမိလျှင် အသက်ပင် ရှင်နိုင်မည် မဟုတ်ပေ။ 


ဒါပေမဲ့ ဂရုမစိုက်ရင်လည်း ဒီအခေါင်းက သွားပြီ။ ဒီလို မီးရှို့တဲ့နည်းက ကျောက်စိမ်းတုံးကိုတောင် ကွဲသွားစေနိုင်ပတယ်။ ဒီသင်္ချိုင်းပိုင်ရှင်က တစ်ချက် ကြည့်လိုက်ရုံနဲ့ ပစ္စည်းက ကောင်းတယ်ဆိုတာ သိပါလိမ့်မယ်။ ဒီအရာတွေကို မီးရှို့လိုက်ရင် ခေါင်းတလားထဲမှာ ညလင်း ပုလဲတစ်လုံး​တော့ ရှိနေနိုင်သည်။ 


(တကယ်တော့ လိုအပ်တာက ခေါင်းတလားထဲက အပေါက်ကို တစ်ခုခုနဲ့ ချိတ်ထားဖို့ပဲ။ ဒါပေမဲ့ သူတို့က စိတ်ပျက်လက်ပျက်နဲ့ အကြံအိုက်နေတာမို့ အဲဒီအချက်ကို ဘယ်တုန်းကမှ မတွေးခဲ့ကြပါဘူး။)


ခေါင်းတလား အပေါက်ထဲမှ မီး​တောက်များ တဟုန်းဟုန်း ကြီးလာပြီး အနက်ရောင် မီးခိုးငွေ့များက အလုံးအရင်း ထွက်ချလာတာကို မြင်လိုက်ရတော့ ရှဲ့လျန်းဟွမ်နဲ့ ဦးလေးသုံးလည်း အလွန် စိုးရိမ်မိလာသည်။


ဦးလေးသုံးမှာ စိတ်ပျက်လက်ပျက် ဖြစ်နေပြီ။ ရေနံတိုက်ပွဲသည် ရန်ပွဲအဖြစ်သို့ ပြောင်းလဲသွားသည်ဟု တွေးနေစဥ် တစ်ဖက်မှ ရှဲ့လျန်းဟွမ်လည်း တုန်လှုပ်ချောက်ချားသွားခဲ့သည်။ သူက ခေါင်းတလားပေါ်ကို ခုန်တက်လာပြီးတာနဲ့ ဒူးထောက် ထိုင်ချလိုက်ပြီး ခါးပတ်က ကြယ်သီးကို ဖြုတ်ပစ်လိုက်သည်။ 


ထို့နောက် ဆီးသွားကာ ခေါင်းတလားရဲ့ အပေါက်ထဲကို အဝါရောင် အရည်တွေ လောင်းချလိုက်ပါတော့သည်။ ခဏကြာတော့ ဆီး၊ အလောင်းနဲ့ မီးတွေ ရောထွေးပြီး အလွန် ဆိုးရွားသော အနံ့တွေ ထွက်လာလေ၏။ 


ဦးလေးသုံးမှာ သူ့ကိုတားဖို့ အချိန်​တောင် မရှိလိုက်။ သူ့လုပ်ရပ်က လုံးဝကို ရူးသွပ်တဲ့ အကြံအစည်တစ်ခုပါပဲ။


ဦးလေးသုံးခမျာ တစ်ချိန်တည်းတွင် စိတ်ရှုပ်ထွေးသွားသည်။ ရှေးခေတ်ကတည်းက တောင်ပိုင်းအဖွဲ့သည် အရာရာကို အသေအပျောက် ပြုကာ ခေါင်းတလားကို ဖွင့်တတ်ပေမယ့် ဂူဖောက်ချိန်တွင် အထိန်းအကွပ်မရှိ လျှောက်လုပ်တာမျိုး မဟုတ်ဘဲ အရမ်း သတိထားရသည်။


ရှဲ့လျန်းဟွမ်သည် ခေါင်းတလားထဲသို့ ကျင်ငယ်ရည် လောင်းထည့်သည့် မကောင်းမှုတစ်ခုကို ပထမဆုံးလုပ်သူ ဖြစ်ကောင်းဖြစ်နိုင်သည်။ ကံကောင်းစွာဖြင့် သခင်ကြီးရှဲ့ကတော့ ဤနေရာ၌ မရှိနေခဲ့ပေ။ မဟုတ်ပါက သူသည် ဒေါသထွက်လွန်းလို့ သေဆုံးသွားရပေလိမ့်မည်။


သို့သော်လည်း ရှဲ့လျန်းဟွမ် အောင့်ထားသော ဆီးများသည် အနည်းငယ် အားကောင်းနေသေးပြီး မကြာမီ အတွင်းမှ မီးခိုးများ သေးငယ်လာသည်။ ဆီးသွားပြီးနောက် ရှဲ့လျန်းဟွမ် ကိုယ်တိုင်လည်း မျက်စိကွယ်သွားသလို ခေါင်းတလားပေါ်တွင် ထိုင်နေခဲ့သည်။


ဦးလေးသုံးမှာတော့ မျက်ရည်ကျလုမတတ် ဖြစ်နေပြီ။ သံခေါင်းတလားပေါ်မှ သွန်းလောင်းနေသည့် ရုပ်အလောင်းကို ကြည့်ကာ ခေါင်းမှ ချွေးအေးများကို သုတ်လိုက်ရာ ချွေးများက ကျောရိုးအောက်သို့ ဆင်းလာကာ အေးစက်သွားသလိုပင် ခံစားလိုက်ရသည်။


“ဝီစီခေါင်းတလား” ထဲက သရဲတစ္ဆေဟာ အလွန်အန္တရာယ်များတဲ့ ဝီစီကို မှုတ်လိုက်ပေမယ့် အခုမီးလောင်နေရသလို အဝါရောင် ဆီးတစ်လုတ်ကိုလည်း သောက်လိုက်ရ​ပြီ။ ဖုတ်ကောင် မပြောနဲ့ သက်ရှိ တစ်ယောက်ကတောင် ပါးစပ် ကို မီးရှို့ပြီး ဆီးတလုတ် လောင်းထည့်​လိုက်ရင် အသေအလဲ ရန်တိုက်တော့မှာပင်။ 


ချွေးအေးများဖြင့် ရွှဲနေစဥ် မျက်လုံးတွေက သံခေါင်းတလားကို စိုက်ကြည့်နေရသည်။ ဘာဖြစ်လာမလဲ။ အပေါက်ထဲက တစ်ခုခု ထွက်လာမှာလား။ ထိုသို့ တွေးနေခိုက် မီးခိုးများ သေးငယ်လာပြီး တဖြည်းဖြည်း မမြင်နိုင်လောက်အောင် ဖြစ်လာသည်။ မီးက အမှန်ပင် ငြိမ်းသွားပုံပေါ်၏။ နှစ်ယောက်သား မီးခိုး​တွေ မထွက်တော့တဲ့အထိ ဘေးမှာရပ်လျက် ခေါင်းတလားကို စိုက်ကြည့်နေကြသည်။


သို့သော် ယခုအဖြစ်အပျက်က ဘယ်တုန်းကမှ မဖြစ်ခဲ့သလို အခေါင်းအတွင်းတွင် လုံးဝ လှုပ်ရှားမှု မရှိလာခဲ့ပေ။ ဦးလေးသုံးလည်း ခေါင်းမှ ချွေးများကို သုတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။ ဧကရာဇ်ဟွမ်က သူ့ကို ကောင်းချီးပေးနေတာပဲလို့ သူ့ဘာသာသူပဲ တွေးလိုက်သည်။ ရှဲ့လျန်းဟွမ်က ပြဿနာကို ဖြေရှင်းရာမှာ တော်တဲ့ပုံပေါက်ပါ၏။ ဝီစီခေါင်းတလားက အန္တရာယ်များပေမယ့် သူကတော့ သေချိန်မတန်သေးပုံပါပဲ။ 


အခေါင်းထဲမှာ ရှိနေတဲ့ ဖုတ်ကောင်က အရည်ကျိုခံနေရတာ ကြာပါပြီ။ ဒါကြောင့် ပုပ်ပွနေတဲ့ အရိုးတွေပဲ ကျန်တော့တယ်။ ရှေး​​ဟောင်း ဂူသင်္ချိုင်း အတွင်းက ခေါင်းတလား အများစုဟာ သေနေတဲ့ ခေါင်းတလားတွေပါပဲ။ မဟုတ်ရင် ဘယ်သူကမှ ဂူဖောက်ခြင်း လုပ်ငန်းကို မလုပ်ရဲမှာ ကြောက်ရသည်။ 


လူသေခေါင်းတလားက အန္တရာယ် မရှိပါဘူး။ မီးနဲ့ရှို့ကာ ဆီးနဲ့လည်း လောင်းပြီးပြီ။ လူသေခေါင်းတလား မဟုတ်ရင် တစ်ခုခု​တော့ ဖြစ်လာမှာ သေချာပါ၏။ သို့သော် အတော်ကြာတဲ့အထိ မလှုပ်ရှားလာဘူး ဆိုတော့ ဝီစီခေါင်းတလားက သေသွားတာ (မလှုပ်ရှား) သေချာနိုင်ပါ​ပြီ။


အချိန်အတော်ကြာအောင် စောင့်ပြီးနောက်မှာတော့ ဒီအတိုင်းပဲ ရှိနေသေးရာ ဦးလေးသုံးလည်း နောက်ဆုံးမှာ လက်လျှော့လိုက်ပါ​တော့သည်။ ဦးလေးသုံး မြေပြင်ပေါ် ထိုင်ချလိုက်ပြီး ရှဲ့လျန်းဟွမ်လည်း ဦးလေးသုံး သက်သာရာ ရသွားတာကိုတွေ့တော့ သူပါထိုင်ချလိုက်ပြီး ငိုပါတော့သည်။


ဦးလေးသုံးခမျာ ခေါင်းယမ်းကာ ခါးခါးသီးသီးသာ ပြုံးနိုင်​တော့၏။ သူ့ကိုယ်သူ ရာဇ၀တ်မှုကျူးလွန်ကြောင်း ပြောကာ ဒီဖြစ်ရပ်မျိုးဖြင့် မြေပေါ်သို့ အမှန်တကယ် ပြန်သွားခဲ့ပါက သူ့အသက်သည် နှစ်အနည်းငယ် တိုတောင်းသွားနိုင်သည်။ ကံကောင်းထောက်မစွာနဲ့ အန္တရာယ် မရှိတော့ပေ။ မဟုတ်ရင် ဒီတစ်ကြိမ် သူရှဲ့လျန်းဟွမ်ကို တကယ် သတ်မိသွားနိုင်သည်။


အဲဒါကို တွေးကြည့်မိနေတုန်း ဦးလေးသုံး သူ့​​စိတ်ထဲမှာ ရုတ်တရက် စဥ်းစားမိသွားတာက အန္တရာယ် မရှိတော့ဘူး ဆိုမှတော့ မနက်ဖြန်အထိ စောင့်စရာမလိုဘဲ ဒီနေ့ပဲ ဒီအရာတွေကို ထိနိုင်​ပြီလို့ မဆိုလိုဘူးလား။


ဤနေရာမှာ အပြန်ပြန် အလှန်လှန် သွားနေတာက အန္တရာယ်အနည်းငယ် ရှိပါသေးသည်။ နောက်တစ်ခုက သူလာတာ ဝမ်ကျင်ရဲ့ အဖွဲ့နဲ့ ဖြစ်သောကြောင့် အဆင်မပြေနိုင်ပါ။ ထို့အပြင် ခေါင်းတလားထဲရှိ အပေါက်၏ အနေအထားကို ထိပါက ဦးခေါင်းနှင့် မျက်နှာချင်းဆိုင်နိုင်မည်။ 


နဖူး၊ ဦးခေါင်းနှစ်ဖက်နှင့် ရင်ဘတ်တို့ကို ထိပါက အနေအထားကို သေချာပေါက် ခံစားရနိုင်​ပြီ။ ကျောက်စိမ်းကို နေရာချတဲ့နေရာက ခြေဖဝါးနဲ့ ခြေထောက်နေရာတွေမှာ ရှိရင် ပစ္စည်းကောင်းတာတွေ ရှိကောင်း ရှိနိုင်ပေမယ့် အရမ်းကြီးတော့ များမှာ မဟုတ်တဲ့အတွက် ချက်ချင်း သိမ်းသွားနိုင်ပြီ။ အခုချက်ချင်းထုတ်ရင် မနက်ဖြန်ဆင်းစရာ မလိုတော့ဘူး။


အပေါက်မှာ ကျင်ငယ်ရည်တွေ ပြည့်နေပေမယ့် ဓားပြဟာ ရတနာ ရှိနေတဲ့ နေရာကို ဘယ်တော့မှ စက်ဆုပ်ရွံရှာစရာ မမြင်ပေ။ ဒါ့အပြင် ဒါဟာ သူ့အလိုလို ဖြစ်နေတုန်းပါပဲ။ ရှင်းရှင်းပြောရရင် လှမ်းထိဖို့ သတ္တိရှိနေတုန်းပါပဲ။


တစ်ဖက်တွင် သင်္ချိုင်းဓားပြများ၏ ထူးခြားသော လောဘစိတ် ရှိနေကာ တစ်ဖက်တွင်လည်း ဤအပေါက်ကို ကြောက်ရွံ့နေရသေးသည်။ ဦးလေးသုံးကတော့ ကောင်းကင်ကနတ်နဲ့ လူသားတွေကြားက တိုက်ပွဲတွေလို ခံစားနေရပါပြီ။ ဒါပေမဲ့ မကြာခင်မှာပဲ လောဘစိတ်က ပြေပျောက်ပြီး သတ္တိမရှိရင် ဒီအလုပ်ကို မလုပ်တော့ဘူးဟု စိတ်ထဲမှ ကြွေးကြော်လိုက်သည်။ အခုအချိန်မှာ အလောင်းအစား လုပ်ရုံပဲ ရှိတော့သည်။ 


တွေးကြည့်ရင်းဖြင့် ဦးလေးသုံးက မတ်တပ် ထရပ်လိုက်သည်။ သူက ခေါင်းတလားပေါ် တက်ကာ ခေါင်းတလားကို ဦးညွှတ်လိုက်သည်။ ထို့နောက် အံကြိတ် မျက်လုံးမှိတ်ပြီး ခေါင်းတလား အပေါက်ထဲသို့ လက်တစ်ဖက်ကို ဦးစွာ ထည့်လိုက်၏။ 


ဒါပေမဲ့ သူ့လက် ခေါင်းတလားရဲ့ အပေါက်ထဲကို ဝင်လိုက်တာနဲ့ အထဲမှာရှိတဲ့ အပူချိန်တွေက လျင်မြန်စွာ ပျံ့နှံ့သွားလေရာ ဦးလေးသုံးခမျာ နောင်တရသွား​လေသည်။ ထိုအချိန်က ဒဏ္ဍာရီလာ ကျန်းယန်းချန်သည် ကံကို အားမကိုးဘဲ သူ့လက်ချောင်းများ၏ တကယ့် ကျွမ်းကျင်မှုအရ ဂူဖောက်လောကထဲ ရူးသွပ်စွာ ရောက်ရှိလာခဲ့တာပဲ ဖြစ်​လေသည်။


သူပြန်ဆုတ်ချင်ပေမယ့် ပြန်လှည့်ကြည့်လိုက်တော့ ရှဲ့လျန်းဟွမ်ဟာ အောက်ကနေ အံကြိတ်ပြီး သူ့ကို စိုက်ကြည့်နေတာကို တွေ့လိုက်ရ၏။ ဒီအချိန်မှာ ပြန်ဆုတ်ချင်ရင်တောင် ဆက်လုပ်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။ 


ဂူထဲကို လက်တစ်ဖက်တည်းနဲ့ စူးစမ်းကြည့်တဲ့အခါ အဓိပ္ပာယ်ဖော်လို့မရတဲ့ ခံစားချက်တစ်ခုက သူ့ရင်ထဲ တိုးဝင်လာခဲ့သည်။ သူ့လက်ကို ဆန့်ထုတ်လိုက်လေ နှလုံးခုန်မြန်လေ ဖြစ်ပြီး သူ့လက်ချောင်းတွေ ထုံကျင်လာကာ မျက်နှာပေါ်မှာ ဘာအမူအရာမှန်းတောင် မသိတော့ချေ။ နောက်ဆုံးတော့ သူ့လက်က အလောင်းကို ထိမိသွားသည်။ ကျောတစ်လျှောက်မှာ ချွေးအေးတွေကြောင့် စိုစွတ်နေပြီး အတွင်းထဲ ဆန့်ထုတ်လာတဲ့ လက်ချောင်းတွေကလည်း ခွန်အားမရှိသလိုပဲ တုန်ယင်နေသည်။


ဒီအတွေ့အကြုံကနေ စိတ်ကူးကြည့်ရင်း ဝူရှဲ့မှာ နားထောင် ကြည့်လိုက်တာနဲ့ တကိုယ်လုံး တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။ ရိုးရိုးသေတ္တာကို ရှာပြီး လက်ထည့်ဖို့ အပေါက် ရှိထားရင်တောင် နားမလည်နိုင်လောက်အောင် ကြောက်လန့်နေမိရာ ခေါင်းတလား ဆိုတာကိုတော့ စိတ်တောင် မကူးရဲချေ။ 


ဦးလေးသုံးသည် အ​လောင်းရဲ့ ခန္ဓာကိုယ်ကို ထိ၍ အကြိမ်အနည်းငယ် ဖိပြီးနောက်တွင် သူ့လက်ချောင်းများ စေးကပ်လာသည်။ ဦးရေပြားမှာလည်း ပိုမိုထုံကျင်လာတာကို တွေ့ရှိရသည်။ ဒါက ရှေးခေတ်အလောင်း၏ ပါးစပ်ဖြစ်နိုင်သည်ဟု သူခံစားမိသည်။ 


၎င်းကို အကြိမ်အနည်းငယ် ကြာအောင် ထိတွေ့ပြီးနောက်တွင် ထူးဆန်းစွာ ပွင့်နေသော ထိုပါးစပ်ကနေ အနက်ရောင် လူသေအလောင်း ဖြစ်နိုင်သည်ဟု ခံစားမိလိုက်သည်။ ခေါင်းတလားပေါ်မှာ ရှင်းရှင်းလင်းလင်း မပြောနိုင် တော့တဲ့ အသေးစိတ် အချက်ကတော့ ရှေးဟောင်း အလောင်းရဲ့ ပါးစပ်ထဲမှာ မီးတံက ပြုတ်ကျတာတာကြောင့် အရမ်း ပူနေတုန်းပါပဲ။


ဒါတကယ် အပြစ်တစ်ခုကို ကျူးလွန်မိ​ပြီလို့ သူ့ဘာသာသူ တွေးပြီး အံကြိတ်ကာ လက်ညိုးကို ထပ်ထိုးထည့်လိုက်သည်။ မီးတံကို အရင်ဆုံး တွန်းဖယ်ပြီး ခက်ခက်ခဲခဲဖြင့် ဆက်ရွှေ့နေတုန်း လက်စွပ်ပုံသဏ္ဍာန်ရှိတဲ့ အရာတစ်ခုကို ထိမိသွားသည်။ 


ဒါက လျှာပေါ်မှာ ဖိထားတဲ့ ကျောက်စိမ်းပြားပဲဟု တွေးရင်း တိတ်တိတ်လေး ရွှင်မြူးသွား၏။ 


"ဟုတ်ပြီ.... ဒီဟာက မီးမလောင်ထားဘူး" 


ပြောပြီး ပါးစ​ပ်ပေါက်ထဲက ထုတ်ဖို့ ကြိုးစားလိုက်သည်။ 


ဒါပေမဲ့ သူ့လက်နဲ့ ချိတ်လိုက်တာနဲ့ တစ်ခုခုမှားနေတာကို ခံစားလိုက်ရတယ်။ ကျောက်စိမ်းရဲ့ အလေးချိန်က မူမမှန်ပေ။ မိနစ်ဝက်လောက် ဆွဲထုတ်တာတောင် မထုတ်နိုင်ဘဲ အင်အား ပိုသုံးလိုက်တဲ့အခါ သံခေါင်းတလားကြီး တစ်ခုလုံး လှုပ်ခါသွားသလို ခံစားရသည်။ ဒါတင်မကသေး အနည်းငယ် လေးလံသော "ဂယက်"ဟူသည့် အသံတစ်ချက်ပါ ထွက်ပေါ်လာ၏။


ဦးလေးသုံး၏ အမူအရာမှာ ရုတ်တရက် ပြောင်းသွားပြီး စိတ်ထဲမှ "သွားပြီ ဒါ ထောင်ချောက်ပဲ" ဟု အော်ဟစ်လိုက်မိလေသည်။