(63) အရိုးကုန် အရေခမ်း
Viewers 5k

Chapter (63)

အရိုးကုန် အရေခမ်း 



မြေပြင်ကို လှုပ်ယမ်းလိုက်သော ​မြင်းခွာသံများက ကမ္ဘာပေါ်ရှိ အသံအားလုံးကို ဖုံးအုပ်ပစ်လိုက်သည်။ နှင်းဖုံးနေသော တောင်များပေါ်က နှင်းမှုန်များကလည်း လှုပ်ခါနေကြ၏။ လူသေအလောင်း 200,000 ရှိသော တစ္ဆေစစ်တပ်သည် ချီလျန်ချိုင့်ဝှမ်းထဲသို့ တည့်မတ်စွာ ချီတက်လာနေပြီ။ 


ချိုင့်ဝှမ်းသည် တစ်မိုင်သာ ရှည်လျားပြီး ရှေ့တန်းတပ်များ ပြေးထွက်လာချိန်တွင် လီကျင်လုံက အမိန့်ပေးလိုက်၏။ 


"ခုန်!"


လူတိုင်း တစ်ချိန်တည်း ချောက်ကမ်းပါးမှ ပြေးထွက်လာကြပြီး လက်နှစ်ဖက်ကို ဖွင့်ကာ ခုန်ချလိုက်ကြသည်။


ဟုန်ကျွင့်သည် လေထဲတွင် ရှိနေစဥ်မှာပဲ မော့ဓားရှည်ကို ခါလိုက်ရင်း သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်းအားလုံးကို စုဆောင်းကာ ဓားထဲသို့ ထည့်သွင်းလိုက်သည်။ ထို့နောက် ပထမဦးစွာ ဘယ်ဘက်သို့ လှည့်လိုက်ပြီး ဓားစွမ်းအင်ကို လွှင့်ထုတ်လိုက်သည်။


ဓားစွမ်းအင်က ဓားအလင်းတန်းကို လွှင့်ပစ်လိုက်စဥ် ဖောက်ထွင်းမြင်ရတဲ့ လှိုင်းလုံးတွေ လွင့်ထွက်သွားပြီး နှင်းတောင်ထိပ်ထဲကို နစ်မြုပ်သွားသည်။ သူ့ဘယ်ဘက် လက်ကောက်ဝတ်ကို လှည့်၍ ပြေးလွှားရင်း ဓားစွမ်းအင်များအား အလျားလိုက် ဒုတိယဓား၊ တတိယဓား စသဖြင့် ပစ်လွှတ်ရင်း တခြား နှင်းလျှောစောက်ဆီသို့ ပြေးထွက်သွားလေ၏။ 


"အားထုတ်!" လီကျင်လုံက ထပ်မံ အသံပေးသည်။ 


လူတိုင်း ဆန့်ကျင်ဘက် နှင်းလျှောစောက်ကို တစ်ခုပြီးတစ်ခု ဝင်တိုက်ပစ်ကြချိန်တွင် ၎င်းတို့အပေါ်ရှိ ချီလျန်တောင်၏ ဆီးနှင်းများ ရွေ့လျားသွားကာ ထောင်နှင့်ချီသော ရေခဲတောင်များနှင့် နှင်းမှုန်များ ရုတ်တရက် အတူတူ ပြေးဆင်းလာကြ​တော့သည်။ ချိုင့်ဝှမ်းတစ်လျှောက်တွင် ကြိုးအမြောက်အမြားဖြင့် စစ်သည်များကလည်း ပြေးဆင်းလာ၏။ 


လူသေအလောင်း တစ္ဆေစစ်တပ်ထဲက လုရွှီဟာ ဦးခေါင်းထိပ်ကို ရုတ်တရက် မော့ကြည့်လိုက်ရာ သူ့ခေါင်းဆီသို့ နှင်းမှုန်များ ပြိုကျလာသည်ကို တွေ့လိုက်ရသော်လည်း မပြေးပေ။ ထိုစဥ် အနက်ရောင် ဝတ်ထားသည့် ဆန်းကြယ်မိန်းမပျိုက အော်လိုက်သည်။


"အမြန် သွား!!" 


ထို့နောက် ချက်ချင်းပင် သူမ၏ ဝတ်ရုံလက်များကို ဝှေ့ယမ်းလိုက်ရာ နှင်းမုန်တိုင်းတစ်ခု လိပ်တက်လာကာ ကောင်းကင်တစ်ခုလုံးက နှင်းမှုန်များကို မှုတ်ထုတ်လိုက်သည်။ လီကျင်လုံသည် သူ၏ လေးရှည်ကို ဖွင့်ကာ တိုက်ပွဲတွင် ကျဆုံးသွားသော အလောင်းကောင် သရဲတစ္ဆေဘုရင်ကို ညွှန်ပြထားရင်း "အားထိုက် ——!" ဟု အော်လိုက်သည်။


"လာပြီ!" 


အားထိုက်ကလည်း လေပွေယပ်တောင်ကို လှုပ်ခါလိုက်သည်။ သူ့လက်များကို ဖြန့်ကာ လေထုထဲတွင် စစ်မှန်သောမီး၏ စွမ်းအားကို ယပ်တောင်ထဲ ပေါင်းထည့်၍ ဆန်းကြယ်မိန်းမပျို၏ နှင်းမုန်တိုင်းဆီသို့ ရဲဝံ့စွာ ဝှေ့ယမ်းလိုက်သည်။


ပြင်းထန်သော လေသည် ချိုင့်ဝှမ်းတစ်ခုလုံးကို ဟောက်လိုက်ရာ ဆန်းကြယ်မိန်းမပျို၏ နှင်းမုန်တိုင်းသည် ချက်ချင်းပင် လွင့်ထွက်သွားပြီး သူမလည်း နောက်သို့ ပျံသန်းသွားသည်။ ထိုစဥ် နှင်းရေတံခွန်သည် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ တွန်းအားတစ်ခုဖြင့် တစ်ဖန် ပြန်ဆင်းလာသည်။ ပထမဦးဆုံး ဧရာမရေခဲတုံးကြီးသည် လူသေအလောင်း အုပ်စုထဲသို့ ထိုးကျသွားသည်နှင့်အမျှ ချိုင့်ဝှမ်းနှစ်ဘက်ရှိ ရေခဲများနှင့် နှင်းများသည်လည်း အလယ်ဗဟိုဆီသို့ လျင်မြန်စွာ စုစည်းလာကာ တစ္ဆေစစ်တပ်၏ အဓိကစွမ်းအားကို ချက်ချင်း မြှုပ်နှံလိုက်ကြသည်။


နှင်းထုသည် ချိုင့်ဝှမ်း၏ နှုတ်ခမ်းဝဆီသို့ လျင်မြန်စွာ ပျံ့နှံ့သွားရာ တ​စ္ဆေဘုရင်နှင့် သူ့လူများသည် အမြန် ပြန်ဆုတ်သွားရသည်။


မှောင်မိုက်သော ညတွင်။ 


ထိုမြှားသည် နှလုံးမီးအိမ်၏ စွမ်းအားဖြင့် စုစည်းထားတာကြောင့် ချိုင့်တစ်ခုလုံးကို ဥက္ကာပျံကဲ့သို့ အလင်းရောင်တောက်တောက်ဖြင့် ထွန်းညှိပေးထားသည်။ လီကျင်လုံသည် နှစ်ဖက်စလုံးရှိ ချိုင့်ထဲသို့ ဟောက်နေသော နှင်းရေတံခွန်များကိုဖြတ်၍ တစ္ဆေဘုရင်ကို လိုက်ရှာသည်။


မြှား ကြိုးမှ ထွက်သွားသည်နှင့် တပြိုင်နက် ကင်းတပ်သားများသည် အချက်ပြချက် ရရှိသွားသည့်နှင့် ချိတ်ထောင်ပေါင်းများစွာကို တပြိုင်နက်တည်း ပစ်ခတ်ကာ တစ္ဆေဘုရင်ဆီသို့ ပျံသန်းသွားကြသည်။ ထိုအချိန်တွင် ဝံပုလွေကြီးက ဟောက်ကာ ကျောက်ဆောင်များကြားမှ ခုန်ဆင်း၍ ချိုင့်ဝှမ်း၏ နှုတ်ခမ်းဝဆီသို့ ပြေးထွက်သွားလေသည်။


ကြိုးတွေက တစ္ဆေဘုရင်ကို ချက်ချင်း ရစ်ပတ်ပြီး တခြားဘက်သို့ ဆွဲခေါ်သွားသည်။ တခဏချင်းမှာပဲ မြှားက တစ္ဆေဘုရင်ရဲ့ ရင်ဘတ်ကို ထိမှန်ပေမယ့် ၎င်းက လက်နှစ်ဘက်နဲ့ တွန်းလိုက်ရာ သူ့လက်ထဲမှာ အနက်ရောင် ဒိုင်းကယကြီးတစ်ခု ပေါ်လာပြီး မြှားကို "ဒင်"ကနဲ အသံနဲ့ ပိတ်ဆို့လိုက်ပါ၏။


မြှားများနှင့် ဒိုင်းများက တိုက်မိပြီး ပြင်းထန်သော စွမ်းအင်လေကို လွှတ်ထုတ်လိုက်ရာ လုရွှီနဲ့ သူ့​မြင်းပင် လွင့်ထွက်သွားသည်။ တစ္ဆေဘုရင်သည် သူ၏အကာအကွယ်ကို ဖယ်ကာ ကမ္ဘာကြီးကို တုန်လှုပ်စေသော ဟောက်သံအား ထုတ်လိုက်ပေ၏။ 


ဟောက်သံသည် လူတိုင်း၏ နားစည်ကို ပြင်းထန်စွာ နာကျင်စေခဲ့ကာ ဒုတိယမြောက် နှင်းမုန်တိုင်းတစ်ခု စတင်လုနီးပါး ဖြစ်ခဲ့သည်။ ထို့နောက် ချက်ချင်းပင် တစ္ဆေဘုရင်သည် လက်နှစ်ဘက်စလုံးဖြင့် အလျားလိုက် တွန်းထုတ်လိုက်ရာ သူ့လက်ထဲတွင် လှံရှည်တစ်ချောင်း ပေါ်လာသည်။ လှံရှည်သည် သူ့စွမ်းအင်ကို နှိုးဆွပေးပြီး ရေတံခွန်ကဲ့သို့ နှင်းမှုန်များအား လွင့်ပျံသွား​စေသည်။


တစ္ဆေဘုရင်က ခြေတစ်လှမ်းဆုတ်၍ သူ့လက်ကို ဆန့်ထုတ်လိုက်သည်။ သူ့လက်ထဲက သန်းပေါင်းများစွာသော အနက်ရောင်စွမ်းအင်တွေ ထွက်လာကာ ရှေ့ကို ပြေးသွားနေတဲ့ လက်အောက် ငယ်သားတွေအတွက် ရေခဲနဲ့ နှင်းတွေကို လေထဲမှာပဲ ဖျက်စီးပစ်လေ၏။ 


သရဲတစ္ဆေ လက်အောက် ငယ်သားတွေဟာ သူတို့ခန္ဓာကိုယ်ကနေ အနက်ရောင် စွမ်းအင်တွေ ထုတ်လွှတ်ပြီး အဆုံးမရှိတဲ့ စမ်းချောင်းတစ်ခုစီနဲ့ မှော်စက်ဝိုင်းလို အနေအထားမှာ ရပ်နေကြသည်။ ပြီးတော့ တစ္ဆေဘုရင်က ဟောက်ပြန်သည်။ သူ့​လက်နှစ်ဖက်စလုံးကို တွန်းထုတ်လိုက်စဥ် ကျယ်ပြန့်တဲ့ ရေခဲနဲ့ နှင်းတွေကို အလွှာလိုက် အလွှာလိုက် တွန်းထုတ်လိုက်သလိုပဲ ကျောက်တုံးများနှင့် ရေခဲများ လှိမ့်ထွက်သွားကာ ချိုင့်ဝှမ်းကြီးသည် ကြီးမား၊ ပွင့်လင်းသော နေရာအဖြစ်သို့ ရုတ်တရက် ရှင်းလင်းသွားသည်။


"နောက်တစ်ချက်လား!" 


ဟုန်ကျွင့် မော့ဓားကို သူ့လက်ထဲ၌ ကိုင်ထားသည်။


လီကျင်လုံ: "ငါ့မြှားအမိန့်ကို နားထောင်... သူ့စွမ်းအင်ကို အရင် ဖျက်စီးပစ်ရမယ်!"


လီကျင်လုံသည် ၎င်း၏ လေးရှည်ကို ဖွင့်လိုက်ပြီး တောက်ပသော မြှားကို ပစ်လွှတ်ခါနီးတွင် ကောင်းကင်ယံက ဝီစီသံကို ရုတ်တရက် ကြားလိုက်ရသည်။


လျိုဖေးသည် ဝတ်ရုံများ တဖျပ်ဖျပ် ခတ်လျက် ရေခဲတောင်ထိပ်မှ ခုန်ဆင်းလာကာ လေဓားကို ကိုင်၍ ချိုင့်ဝှမ်းထဲသို့ ပြေးဆင်းသွား​လေသည်။ ပြင်းထန်သော လေသည် လေဓားကို ဖြတ်သွားကာ ထူးဆန်းသော သားရဲကို နိုးထလာ​စေသလိုမျိုး "ရွှီ" ဟူသော အသံတစ်သံ ထွက်လာရာ တစ္ဆေဘုရင်အနီးရှိ စစ်သားများ ချက်ချင်း လူစုခွဲသွားခဲ့သည်။ 


ထိုအခါ တစ္ဆေဘုရင်ကလည်း ချက်ချင်းပင် သူ၏ လှုပ်ရှားမှုကို ပြောင်းလဲလိုက်သည်။ လျိုဖေးလက်ထဲမှ လေဓားကို ခုခံရန် သူ၏ရှည်လျားသော လှံကို အသုံးပြုကာ လွှဲခုတ်လိုက်ရာ ရွှေချင်းထိသံက ချိုင့်ဝှမ်းတစ်လျှောက် ပဲ့တင်ထပ်သွားသည်။


လျို​ဖေး၏လက်ထဲမှ ရွှေဓားက အရူးအမူး တုန်ခါသွားသည်။ သူက ဓားကို ဖယ်လိုက်ပြီး။ 


"ဘုရင်ကြီး!"


တစ္ဆေဘုရင်က ခုန်တက်လာပြီး ချိုင့်ဝှမ်းမှ ချက်ချင်း ထွက်ခွာသွားသည်။


"လိုက်!" 


လီကျင်လုံ အသံပေးပြီးနောက် လေးနှင့်မြှားကို ယူကာ တောင်လမ်းတစ်လျှောက်ရှိ လူတိုင်းနှင့်အတူ ပြေးဆင်းလာခဲ့သည်။ စစ်သားများသည်လည်း တစ်ယောက်ပြီး တစ်ယောက် အော်ဟစ်အသံပေးရင်း ချိုင့်ဝှမ်းနှစ်ဘက်မှ ဓားများဖြင့် ပြေးဆင်းသွားကြသည်။


လွင်ပြင်၏ နေရာတိုင်းတွင် ပရမ်းပတာ ဖြစ်နေပြီ။ လေဓားသံသည် လွင်ပြင်ပေါ်သို့ ပျံတက်သွားသောအခါတွင် ဟုန်ကျွင့်လည်း လေဓားသံ ထွက်လာရာဆီသို့ ပြေးသွား​တော့သည်။ ထိုစဥ် အားထိုက်အသံက သူ့နားထဲ၌ ရုတ်တရက် ထွက်ပေါ်လာ၏။ 


"သတိထား!"


စကားဆုံးသော် လေဆင်နှာမောင်း မီးတောက်များ ပေါက်ကွဲသွားသည်။ ပြင်းထန်လှသော အပူလှိုင်းကြီးသည် စစ်မြေပြင်ကို လောင်ကျွမ်းစေကာ နေရာတိုင်းတွင် မီးလောင်နေသော လူသေအလောင်းများက ဓားများ ကိုင်ဆောင်ကာ ပတ်ပြေးနေကြသည်။ ညကောင်းကင်၌ လင်းထိန်နေသော လရောင်အောက်တွင် ဝံပုလွေစိမ်းက ဟောက်လိုက်သည်။ 


"ငါ သူ့ကို ကယ်​လိုက်​မယ်​!"


လီကျင်လုံ: "လူခွဲပြီး သီးခြားလုပ်ဆောင်!"


ဟုန်ကျွင့်သည် ဝံပုလွေ၏ ကျောပေါ်သို့ လှိမ့်တက်သွားကာ ထန်စစ်တပ်နှင့် တိုက်ခိုက်နေသော လူသေအလောင်းများ ရှေ့သို့ ပြေးထွက်သွားခဲ့သည်။


လီကျင်လုံရဲ့ အမူအရာ ပြောင်းလဲသွားသည်။


"ဟုန်ကျွင့်...မင်း ထွက်သွားလို့ မရဘူး!"


သို့သော်လည်း ဝံပုလွေက အလွန်လျင်မြန်စွာ ပြေးသွားလေပြီ။ လီကျင်လုံသည် လေဓား၏ ကျယ်လောင်သော အသံကို ကြားလိုက်ရသဖြင့် လှည့်ပြန်ကာ တိုက်ပွဲဗဟိုချက်ဆီသို့ ပြေးရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။


စစ်မြေပြင်တွင် မီးလောင်နေသော အလောင်းကောင်များနှင့် ပြည့်နှက်နေပါ၏။ နှင်းမုန်တိုင်းက ဆန်းကြယ်မိန်းမပျို၏ ပြင်းထန်သော ဒေါသကို သယ်ဆောင်လာကာ ပြေးဝင်လာသည်။ 


"ဘယ်သူလာရဲ​လဲ ---!"


"ဟေး" အားထိုက်က ယပ်တောင်ကို ထိန်းထားရင်းက လှမ်းအော်သည်။ 


"အလှလေး... ဒီလို ဒေါသကြီးတာ မကောင်းဘူး"


ထို့နောက် ချက်ချင်းပင် ယပ်တောင်ကို နောက်တစ်ကြိမ် လှည့်ပြန်ကာ ကောင်းကင်၌ နှင်းမုန်တိုင်းနှင့် တိုက်မိကာ မီးပွားတွေ လွင့်စင်ကုန်၏။ မြင်ကွင်းက အလွန်တရာ အံ့မခန်းဖွယ်ကောင်းလှသည်။ ရုတ်တရက်ဆိုသလို ညဦးယံက မီးနှင့် ဆီးနှင်းများကြောင့် လင်းထိန်သွားကာ အောက်ဖက်ရှိ ထူးဆန်းသော မြင်ကွင်းတစ်ခုကို ပုံဖော်လျက် ရှိသည်။ 


ဆန်းကြယ်မိန်းမပျိုက အသက်ပြင်းပြင်းရှူကာ ဒေါသကို မျိုသိပ်နေလေသည်။ ထို့နောက် စစ်မြေပြင်သို့ ပျံသန်းတော့မည့် အချိန်တွင် အားထိုက်က လေပြင်းများကို တိုက်ခတ်ပစ်ပြီး ကောင်းကင်ပေါ်သို့ မြင့်တင်လိုက်ကာ ပြုံးပြလိုက်သည်။ 


"မင်းရဲ့ပြိုင်ဘက်က ငါပဲ!!" 


ဆန်းကြယ်မိန်းမပျိုက သူမလက်များကို လှန်လိုက်ကာ အားထိုက်လည်း ချက်ချင်းပင် လန့်ဖျပ်သွားကာ အမြန်ရှောင်လိုက်သည်။ သူ့ဘက်ကလည်း ပြန်တိုက်ခိုက်လိုက်ရာ ရေခဲနှင့် မီးကျည်များသည် ဥက္ကာခဲများကဲ့သို့ လေထဲတွင် အရူးအမူး တိုက်မိသွားသည်။


လီကျင်လုံသည် ဓားကို ကိုင်ဆောင်ကာ လေဓားသံ အော်ဟစ်နေသည့် နေရာသို့ ပြေးသွားနေ၏။ လျိုဖေးနှင့် တစ္ဆေဘုရင်သည် ပတ္တမြားနှစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားတာ မြင်လိုက်ရသဖြင့် လီကျင်လုံ အံ့သြသွားသည်။ 


လျိုဖေး: “သတိရပါတော့! ဘုရင်ကြီး!" 


ယခုအချိန်တွင် လျိုဖေးသည် တစ္ဆေဘုရင်ကို မြေပြင်ပေါ်သို့ ခေါက်ချထားသည်။ တစ္ဆေဘုရင်က ဟောက်လိုက်တဲ့အခါ လျိုဖေးအား ပြန်လဲကျသွား​စေရာ ကျောက်တုံးနဲ့ ပြင်းပြင်းထန်ထန် ဆောင့်မိလေသည်။ လီကျင်လုံ ရုတ်တရက် အနောက်မှ ပြေးတက်လာပြီး တစ္ဆေဘုရင်၏ နောက်ကျောကို ဓားဖြင့် ထိုးလိုက်ရာ တစ္ဆေဘုရင်က ရုတ်တရက် သတိပြန်ဝင်လာကာ လှည့်တိုက်လေ၏။ လီကျင်လုံ ရှောင်ချိန်မရလိုက်ဘဲ ခါးနှင့် ဝမ်းဗိုက်ကို ထိမှန်သွားကာ ချက်ချင်းပင် နှင်းထဲသို့ ထိုးကျသွားသည်။


တစ္ဆေဘုရင်က သူ့လက်ကို မြှောက်၍ လှံရှည်ကို ဆင့်ခေါ်လိုက်သည်။ ပြီးနောက် လီကျင်လုံရဲ့ ရင်ဘတ်ကို ဓားနဲ့ထိုးခါနီးမှာ ဓားနှစ်ချောင်းက သူ့မျက်နှာဆီကို တည့်တည့် ပစ်ခွင့်လိုက်ရာ တစ္ဆေဘုရင်ရဲ့ သံခမောက်က ပြုတ်ကျသွားလေသည်။ ဓားနှစ်စင်းက ထပ်မံ ပျံသန်းသွား၍ လီကျင်လုံ တစ်ချက် လှည့်ကြည့်လိုက်သည်။


လီကျင်လုံ: "ဟုန်ကျွင့်?!" 


အားရှစ်နရှုံ: "ငါ!!"


"ထိပ်တိုက် မတိုက်ခိုက်နဲ့!" 


လီကျင်လုံလည်း နှင်းထဲစိုက်နေတဲ့ ဓားကိုဆွဲထုတ်လိုက်ပြီး တိုက်ခိုက်ရန် ခြေလှမ်းစတော့မည် ဖြစ်သော်လည်း အားရှစ်နရှုံက သူ၏လက်သီးကြားမှ ဓားပျံတစ်လက်ကို ကိုင်ကာ တည့်တည့်ချိန်ရွယ်၍ လေကဲ့သို့ တိုးဝင်သွားပြီ ဖြစ်သည်။ 


လီကျင်လုံ၏ သတိပေးချက်မှာ အားရှစ်နရှုံအပေါ် အသုံးမဝင်ပေ။ အားရှစ်နရှုံ တိုက်ခိုက်လာသည်နှင့် တစ်ပြိုင်နက် တစ္ဆေဘုရင်က လက်တစ်ဖက်တည်းဖြင့် ဓားပျံများကို ရိုက်ထုတ်ကာ တစ်ဖန် သူ့ခြေထောက်ကို ဆန့်ထုတ်လိုက်ပြီး ကန်ထည့်လိုက်တဲ့အခါ အားရှစ်နရှုံ၏ ခြေထောက်များကို ထိမှန်သွားခဲ့သည်။ ရင်ဘတ်နှင့် ဝမ်းဗိုက်ကို သူ၏ဘယ်လက်သီးဖြင့် ထိုးချလိုက်ပြန်သည်။ အားရှစ်နရှုံလည်း သူ့​ကို တိုက်ခတ်နေတာက တောင်ကြီးတစ်ခုလို ခံစားလိုက်ရသည်။


"ဒါက ဘယ်လိုကောင်​ကြီးလဲ..." အားရှစ်နရှုံမှာ အထိနာသွားတဲ့ ခြေထောက်က တဆတ်ဆတ်တုန်သွားပြီ။


"ငါ မတိုက်​​တော့ဘူး!" 


ပြောပြီးတာနဲ့ သူက လှည့်ပြီး မော့ရစ်ကန်းတို့ အဖွဲ့ကို ထောက်ပံ့ဖို့ ထွက်ပြေးသွားတော့သည်။


လီကျင်လုံ: "..."


လျိုဖေး: "..."


လျိုဖေးက ထရန် ရုန်းကန်လိုက်သည်။ ပညာရှိဓားကို ကိုင်ထားသည့် လီကျင်လုံသည် တစ္ဆေဘုရင်နှင့် မျက်နှာချင်းဆိုင် ရှိနေကာ တစ္ဆေဘုရင်သည် အားရှစ်နရှုံနောက်ကို မလိုက်ဘဲ လီကျင်လုံကိုပဲ မျက်နှာမူထား၏။


တစ္ဆေဘုရင် ထိန်းချုပ်လိုက်တဲ့အခါ လူသေအလောင်းများနှင့် သရဲတစ္ဆေများ တဖွဲဖွဲ ကျလာသည်။ လီကျင်လုံသည် မကောင်းတော့ဘူးဟု တိတ်တဆိတ် အော်မိခဲ့သော်လည်း ထိုစစ်သားတွေကို တိုက်ခိုက်ရတော့သည်။ လျိုဖေးက ချက်ချင်းပင် လေဓားဘေးဘက်သို့ လှည့်ကာ ကောက်ယူ၍ မြှောက်လိုက်၏။ 


ရွှီးကနဲ အော်သံနှင့်အတူ လေဓားသည် တုန်ခါလာကာ ၎င်းတို့အနီးရှိ ဖုတ်ကောင်များသည် ကြောက်လန့်နေသကဲ့သို့ နှေးကွေးသွားပြီး လျိုဖေးနဲ့ လီကျင်လုံတို့ကို ရှောင်သွားခဲ့သည်။


ဘုရင်သည် ခေါင်းကိုလှည့်၍ မှိုင်းသောမျက်လုံးများဖြင့် လျို​ဖေးအား စိုက်ကြည့်နေ၏။ လီကျင်လုံသည် နှလုံးမီးအိမ် အစွမ်းကို ပညာရှိဓားထဲသို့ ပြင်းထန်စွာ ထိုးသွင်းကာ ပြိုင်ဘက်၏ လှုပ်ရှားမှုကို စောင့်ကြည့်​နေသည်။ ဒီလိုမှမဟုတ်ရင် လက်နဲ့ ထိုးနေသရွေ့တော့ ဘယ်တော့မှ ​ပြန်မထနိုင်​လောက်​တော့ဘူး။


လျိုဖေးသည် တစ္ဆေဘုရင်အား စေ့စေ့ကြည့်ကာ ငြိမ်သက်နေသည်။ ထို့နောက် သူ့​​လက်ဖဝါးကို ဖြည်းညှင်းစွာ ဖြန့်လိုက်ရာ အလောင်းတစ္ဆေများ နောက်ပြန်ဆုတ်သွားသည်။ ထိုအခါ တ​စ္ဆေဘုရင်သည် လှံရှည်ကိုကိုင်ကာ လှည့်ပတ်လိုက်သည်။


"ဒင် ဒင်" ဟူသော အသံနှစ်သံနှင့်အတူ စစ်မြေပြင်ရှိ လူသေအလောင်းများအားလုံး ရပ်တန့်ကာ လှည့်ပတ်ကာ တိုက်ပွဲ၏ ဗဟိုဆီသို့ ပြေးထွက်သွားကြသည်။


လျိုဖေး: "ဘုရင်ကြီး!"


ပြန့်ကျဲသွားသော အ​လောင်းတစ္ဆေများသည် လှံများကို ကိုင်ကာ လျိုဖေးနှင့် လီကျင်လုံတို့ကို တိုက်ခိုက်လာတော့သည်။ လျိုဖေးလည်း ကြိမ်းမောင်းကာ တစ္ဆေဘုရင်ကို ပြန်တိုက်ရာ ၎င်းက လျိုဖေးကိုတားရင်း လီကျင်လုံဘက်သို့ လှည့်ကြည့်လိုက်သည်။ ရှောင်လွှဲလို့ မရတော့တာကို မြင်လိုက်ရတော့ လီကျင်လုံမှာ သူ့ဓားကို ကိုင်ပြီး အံသွားကြိတ်ထားဖို့ကလွဲလို့ ရွေးစရာလမ်း မရှိတော့ပေ။ 


"ဟိုဘက်မှာ ဘာဖြစ်နေတာလဲ?!" 


ဟုန်ကျွင့် ခေါင်းကို လှည့်ပြီး အဝေးကို ကြည့်လိုက်တော့ လူသေအလောင်းတွေ အားလုံး မတိုက်ချင်တော့ဘဲ တိုက်ပွဲရဲ့ ဗဟိုဘက်ကိုသာ ပြေးသွားကြတာ တွေ့ရလေ၏။ ချိုင့်ဝှမ်းရှိ ရေခဲများနှင့် ဆီးနှင်းများတွင် ယခင်က မြှုပ်နှံထားခံရသော အလောင်းတစ္ဆေများပင် ဆက်လက်ရုန်းကန်ပြီး ခက်ခက်ခဲခဲ တွားသွားနေကြသည်။


ဝံပုလွေကြီးက လှမ်းကြည့်ကာ။ 


"နောက်ကျသွားပြီ...လုရွှီကို အရင်ရှာရအောင်...လုရွှီကို ရှာတွေ့မှ မင်း တစ္ဆေဘုရင်ကို နှိုးနိုင်မှာ!"


အနက်ရောင် ဝတ်ဆင်ထားသော လုရွှီသည် ခပ်မြင့်မြင့် အရပ်မှ တိုက်ပွဲကို ကြည့်နေစဉ် ဟုန်ကျွင့် ဝံပုလွေကြီးကို စီးကာ သူ့ဆီသို့ အပြေးအလွှား လာနေတာမြင်တော့ လန့်ဖျပ်သွားပြီး မြင်းပေါ်ကဆင်းကာ တောင်ကုန်းပေါ်သို့ ပြေးဆင်းသွားတော့သည်။ ဝံပုလွေကြီးက ရုတ်​တရက်​ လမ်းကြောင်းပြောင်းရ၏။ လုရွှီ၏ အရှိန်​သည်​ လျှပ်​စီးလက်​သလိုပင်​ မြန်​​နေ​သော်​လည်း ဝံပုလွေကြီးက သူ့ကို ဆက်​လိုက်​နိုင်ဆဲပင်။ 


ဟုန်ကျွင့်: "မင်းငါ့ကို သယ်သွားရင် သူ့ကိုဖမ်းလို့ မိမှာမဟုတ်ဘူး!"


ဝံပုလွေကြီးက သူ့သွားတွေကို အံကြိတ်ပြီး "အကောင်းဆုံး ကြိုးစားပါ့မယ်!"


"ငါ့ဘက်ကို ခေါ်လာခဲ့!" 


ဟုန်ကျွင့် ပြောပြီး နောက်ပြန်လှည့်ကာ ဝံပုလွေကြီးရဲ့ နောက်ကျောပေါ်မှ ခုန်ချကာ နှင်းတွေထဲ လူးလဲ၍ အနီးဆုံး ကျောက်ဆောင်ဆီသို့ ပြေးသွားသည်။ ဝံပုလွေကြီးကလည်း ချက်ချင်း အရူးအမူး လိုက်သွားတော့သည်။


အလေးချိန် မရှိတော့တဲ့အခါ ဝံပုလွေကြီးရဲ့ အရှိန်က လုရွှီထက်တောင် ပိုမြန်သွားသည်။ လုရွှီ ပြေးရင်းနဲ့ ဝံပုလွေကြီး သူ့ဆီ အပြေးအလွှား ပြေးလာတာကို တွေ့လိုက်ရတော့ အနက်ရောင်စွမ်းအင်တွေ ထုတ်လွှတ်ပစ်လေ၏။ ရုတ်တရက် သူ့တစ်ကိုယ်လုံး မှင်ကဲ့သို့ မည်းနက်နေသော သမင်တစ်ကောင်အဖြစ် ကောင်းကင်သို့ ပျံတက်သွားသည်။


ဝံပုလွေကြီးကလည်း လေထဲ ခုန်တက်သွားသည်။ အနက်ရောင်သမင်၏ တစ်ကိုယ်လုံးတွင် စွမ်းအင်များ ထွက်ပေါ်လာပြီး ဝံပုလွေဆီကို ခေါင်းငုံ့ကာ ပစ်လွှတ်လိုက်သော်လည်း ဝံပုလွေကြီးက အနက်ရောင်စွမ်းပင်ကို ဖမ်းဆုပ်လိုက်လေသည်။ တခဏချင်းမှာပဲ အကောင်ကြီးနှစ်ကောင်က မြေပြင်ပေါ်ကို ပြုတ်ကျပြီး သမင်နက်က ရုန်းကန်သည်။ ဝံပုလွေတစ်ကောင်နဲ့ သမင်တစ်ကောင်က နှင်းတွေထဲ လူးလှိမ့်နေရင်း သမင်နက်ကို အတင်းချုပ်ထား၏။ 


ဟုန်ကျွင့်သည် သူ့လက်ထဲက ဓားပျံကို လှည့်ပြီး ဝံပုလွေကို ကူညီဖို့ ကြိုးစားပေမယ့် ဝံပုလွေနဲ့ သမင်တွေက နှင်းမှုန့်တွေကို ပစ်ချလိုက်တာကြောင့် သူ့ရည်ရွယ်ချက်ကို ခဏတာ မအောင်မြင်နိုင်ခဲ့။ ဝံပုလွေသည် သမင်နက်ကို အောက်သို့ဆွဲချလိုက်ပြီး ရုတ်တရက် ဝံပုလွေအူသံကို ထုတ်လွှတ်လိုက်ရာ ကမ္ဘာကြီးကိုပါ တုန်လှုပ်သွားစေတာကြောင့် အနက်ရောင်စွမ်းအင်ကို ၎င်း၏ခန္ဓာကိုယ်မှ ဖယ်ထုတ်လိုက်သကဲ့သို့ပင် ရှင်းထွက်သွားသည်။ 


သမင်နက်လည်း ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်ပြီး ပါးစပ်မှ လုရွှီအသံဖြင့် အော်ဟစ်လိုက်သည်။


“သမန်း… ဝံပုလွေ…” သမင်နက်က အသံနက်ကြီးဖြင့်။ 


“လက်လျှော့လိုက်တော့... သမင်ဖြူက သေပြီ…”


ဝံပုလွေတစ်ကိုယ်လုံး အပြာရောင် မီးတောက်များ တောက်လောင်နေသည်။ သူ့မျက်လုံးများသည် အဖြူရောင် အလင်းတန်းများဖြင့် တောက်လောင်နေ၏။ 


"မင်းက ဘယ်သူလဲ...မင်း သမင်ဖြူကို သိမ်းပိုက်လိုက်ပြီလား!"


သမင်နက်: "ကမ္ဘာပေါ်မှာ အနာကျင်ဆုံး အရာက တစ်စုံတစ်ယောက်ကို ဆုံးရှုံးသွားတာမဟုတ်သလို တစ်စုံတစ်ယောက် ဖြစ်လာတာလည်း မဟုတ်ပါဘူး... ဒါပေမဲ့ မင်းတစ်သက်မှာ နေ့ရောညပါ နှိပ်စက်ညှဉ်းပန်းခံနေရတဲ့ ဒီကမ္ဘာကြီးရဲ့ မရေမတွက်နိုင်တဲ့ နာကျင်မှုတွေကို မင်းဆီ ချန်ထားခဲ့တဲ့ အချိန်ပဲ ……"


လှပသော သမင်နက်၏ ဦးချိုများသည် အနက်ရောင် လေနှင့်အတူ ပေါက်ကွဲထွက်သွားကာ ထောင်နှင့်ချီသော ကြိုးနက်များအဖြစ် နှင်းထုထဲသို့ ပြန့်ကျဲသွားသည်။ ၎င်းက ဝံပုလွေတစ်ကောင်၏ ခန္ဓာကိုယ်ကို တွယ်ကပ်နေသော ဧရာမပိုက်ကွန် တစ်ခုအဖြစ် ဖြစ်ပေါ်လာသည်။


အလောင်းကောင် တစ္ဆေတပ်တွင် လီကျင်လုံနှင့် လျိုဖေးတို့ နှစ်ယောက်လုံးကို တိုက်ခိုက်နေရာ နှစ်ယောက်သားကလည်း အစွမ်းကုန် ကြိုးစားခုခံနေကြသည်။ တစ္ဆေဘုရင်က ဓားရှည်ကို ဝေ့ယမ်းကာ သူနဲ့လျိုဖေး အချင်းချင်း တိုက်ခိုက်နေသည့်ကြား လီကျင်လုံ ဝင်မလာနိုင်အောင် လုပ်ထားသည်။ လီကျင်လုံလည်း ပညာရှိဓားကို ရင်ဘတ်၌ ကပ်ထားလျက် အခြေအနေ ကြည့်နေသည်။ 


လျိုဖေးသည် အလွန်အမင်း အရိုက်ခံနေရတာကြောင့် သူ့ချပ်ဝတ်တန်ဆာများ လုံးလုံးကွဲအက်သွားပြီ။ ထိုစဉ် တစ္ဆေဘုရင်က ရှေ့သို့လှမ်းကာ မုန်တိုင်းကဲ့သို့ တိုက်ခိုက်လာပြန်ပြီး သူ့လက်ကို လုံးလုံး ချိုးပစ်ခဲ့သည်။


လီကျင်လုံ: "လျိုဖေး!"


တစ္ဆေဘုရင်သည် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ကာ လီကျင်လုံဆီသို့ လျှောက်လာ၏။ လျိုဖေးမှာ အရိုးများ ကျိုးသွားကာ ဆံပင်များ ပွက်ပွက်ထနေသော ဒေါသတကြီး အပြုံးဖြင့် မရပ်မနား ကုန်းရုန်းထနေသည့်ကြားက မတ်တပ်ရပ်လိုက်ကာ လီကျင်လုံကို မော့ကြည့်လိုက်သည်။


လီကျင်လုံသည် လျိုဖေး၏ အသေခံချင်စိတ်ကို ခံစားလိုက်ရတာကြောင့် သူ့နှလုံးခုန်နှုန်းတောင် ရပ်သွားခဲ့သည်။ သို့သော် လျိုဖေးက ရှေ့သို့ ပြေးသွားပြီး။ 


"လုပ်လိုက်တော့!"


လီကျင်လုံလည်း တစ္ဆေဘုရင်ကို သတ်ဖို့ ပြေးလာရာ တစ္ဆေဘုရင်ကလည်း လီကျင်လုံကို တိုက်ခိုက်ဖို့ ပြင်၏။ ထိုအခါ လျိုဖေးက ဘုရင်ကြီးနောက်ကျောသို့ ခုန်တက်လိုက်ပြီး လက်နှစ်ဖက်ဖြင့် ချုပ်ထားလိုက်သည်။ ဓားက သူ့ရင်ဘတ်ကို ရောက်သွားပေမယ့် လျိုဖေးက ကျယ်လောင်စွာ ဟောက်ပြီး တစ္ဆေဘုရင်နောက်ကို လှည့်ကာ ပွေ့ဖက်လိုက်ပါ၏။ လီကျင်လုံကလည်း ၎င်းရင်ဘတ်ကို ဓားနဲ့ထိုးဖို့ ဒီအခွင့်အရေးကို ယူလိုက်သည်။


"မလုပ်နဲ့...သူ့ရဲ့အတွင်းပိုင်း အ​မြု​တေကို မထိခိုက်စေနဲ့..." 


လျိုဖေးမှာ တစ္ဆေဘုရင်ရဲ့ လည်ပင်းကို ခက်ခက်ခဲခဲ ဆုပ်ကိုင်ထားရသည်။


နှလုံးမီးအိမ်၏ စွမ်းအားသည် လီကျင်လုံ ရင်ဘတ်မှ သူ့​လက်များဆီသို့ စီးဆင်းသွားသည်။ ထို့နောက် ဓားထဲသို့ ကူးစက်သွားရာ တစ္ဆေဘုရင်လည်း အကျယ်ကြီး အော်ဟစ်လေတော့၏။ သူက ရုတ်တရက် ဟောက်လိုက်ရာ အဖြူရောင် အလင်းရောင်က ရိုက်ခတ်လာတာကြောင့် လီကျင်လုံ ဓားကို လက်နှစ်ဖက်စလုံးဖြင့် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရသည်။ 


သူ၏နှလုံးမီးအိမ် စွမ်းအားသည် တစ္ဆေဘုရင်၏ ခန္ဓာကိုယ်ထဲသို့ အရူးအမူး စီးဝင်နေပြီး ၎င်းကိုယ်တွင်းရှိ တိမ်မည်းများကို တိုက်ထုတ်နေကြောင်း ခံစားလိုက်ရသည်။


သို့သော် နောက်အခိုက်အတန့်၌ လီကျင်လုံ အာရုံစူးစိုက်နေတုန်း သူ့ပုခုံးအရိုး ကျိုးသွားတာကို ခံစားလိုက်ရ​​လေသည်။ နှလုံးမီးအိမ်ရဲ့ အလင်း ပျောက်ပြီးတာနဲ့ တစ္ဆေဘုရင်က လျိုဖေးကို အနောက်ကနေ ရုတ်တရက် ဆွဲကိုင်လိုက်ပြီး လေထဲကို ပစ်တင်ကာ ပြင်းပြင်းထန်ထန် ​ပြန်ပစ်ချလိုက်ပါ၏။ 


တခဏချင်းမှာပဲ လှံရှည်က တစ္ဆေဘုရင်ရဲ့လက်ထဲမှာ ပေါ်လာသည်။ လျိုဖေး မတ်တပ်ရပ်ဖို့ ကြိုးစားပေမယ့် လှံနဲ့ အထိုးခံလိုက်ရပြီ။ ရင်ဘတ်ကို ထိုးဖောက်လိုက်သည့် အခိုက်တွင် ပြတ်သားသော "အသံ" ထွက်ပေါ်လာပြီး လျိုဖေး၏ ခန္ဓာကိုယ်အတွင်း၌ အလောင်း အတွင်းအားဆေးကို လှံရှည်၏ ချွန်ထက်သော အသွားက မညှာမတာ ထိမှန်သွားသည်။ ကွဲအက်သံနဲ့အတူ အစိမ်းရောင် မြူခိုးများ ပေါက်ကွဲသွားလေသည်။ 


လျိုဖေး မျက်လုံးများကို ဖွင့်ထား၏။ အစိမ်းရောင် အငွေ့များက သူ့ရင်ဘတ်ထဲကနေ ပြည့်လျှံစွာ ထွက်ပေါ်လာကာ လှံတံတစ်လျှောက် ပျံ့နှံ့သွားသည်။


"လျိုဖေး---" 


လီကျင်လုံ ရုန်းကန်နေရာမှ အော်ဟစ်လိုက်သည်။


 "ငါ...နောက်ဆုံးတော့..." လျိုဖေး ညည်းညူရင်း။ 


"ငါ လွတ်ပြီ... ဘုရင်ကြီး... ခုမှ... မင်းပဲ... ကျန်တော့တယ်... အထီးကျန်......"


လျိုဖေး မျက်လုံးကို ဖွင့်လိုက်သည်နှင့် သူ့ခန္ဓာကိုယ် အနှံ့အပြားရှိ အသားစများနှင့် ကြွက်သား အသားများသည် သာမန်မျက်စိဖြင့်မြင်နိုင်လောက်တဲ့ အရှိန်အဟုန်ဖြင့် ပုပ်ပွလာပြီး အရိုးစုများအဖြစ်သို့ ချက်ချင်း ရောက်သွားသည်။ အစိမ်းရောင် အခိုးအငွေ့များသည် တစ္ဆေဘုရင်၏ ခန္ဓာကိုယ်ပေါ် ပြည့်နှက်သွားကာ သူ့လှုပ်ရှားမှုတွေကို ကန့်သတ်လိုက်လေသည်။ 


လီကျင်လုံသည် သူ့ဓားဖြင့် ရှေ့သို့ တဖန် ပြေးသွားပြန်၏။ ပါးစပ်ကလည်း ဝမ်းနည်းစွာ အော်ဟစ်ကာ တစ္ဆေဘုရင်နောက်ကျောကို ထိုးလိုက်သည်။


တောက်ပသော အဖြူရောင် အလင်းတန်းတစ်ခုကြောင့် ၎င်းလက်ထဲက လှံရှည်ကြီး လွင့်သွားသည်။ တစ္ဆေဘုရင် ဒူးများပျော့သွားကာ နှင်းထဲတွင် ဒူးထောက်လျက်သား လဲကျသွားသည်။ ထို့နောက် လီကျင်လုံက ၎င်းခန္ဓာကိုယ်ထဲသို့ အလင်းရောင်များကို အရူးအမူး ထိုးသွင်းလိုက်သည်။ နာကျင်သော ဟောက်သံကို ထုတ်လွှတ်နေစဥ် နား၊ မျက်စိ၊ ပါးစပ်နှင့် နှာခေါင်းတို့မှ အနက်ရောင်မီးခိုးများ စိမ့်ထွက်ကာ နှလုံးမီးအိမ်၏ အစွမ်းဖြင့် ပျံ့လွင့်သွားလေသည်။


ကောင်းကင်ယံတွင် အားထိုက်သည် ဆန်းကြယ်မိန်းမပျိုကို လိုက်ဖမ်းနေပြီး နှင်းဖုံးနေသော တောင်များထိပ်ဆီသို့ ပျံသန်းနေပြီ ဖြစ်သည်။ အဝေးက တစ္ဆေဘုရင်ရဲ့ ဟောက်သံကို ကြားလိုက်ရတော့ အားထိုက်က ပြုံးလိုက်သည်။ 


"အလှလေး... မင်းတို့ရဲ့ စစ်တုရင် ကစားပွဲက ပြီးသွားပြီလေ... ရပ်ဖို့ အချိန်တန်ပြီ"


ဆန်းကြယ်မိန်းမပျိုက သူမရဲ့ ၀တ်စုံကို ချွတ်လိုက်ပြီး လှည့်အော်၏။ 


"စောနေသေးတယ်!"


တခဏအတွင်းမှာပဲ သူမရဲ့ ဖြူဖွေးတဲ့ ကိုယ်လုံးတီး ခန္ဓာကိုယ်က ပေါ်ထွက်လာသည်။ သူမရဲ့ မျက်နှာက မည်းမှောင်သွားကာ ရေခဲမီးခိုးတွေကို ပစ်လွှတ်လိုက်သည်။ အားထိုက်လည်း ထိုမိစ္ဆာမနဲ့ အတူ သေဆုံးသွားရမှာကို စိုးရိမ်တဲ့အတွက် ချက်ချင်း ဆုတ်သွားပြီး လေပြင်းကို ခုခံဖို့ ပြေးသွား၏။ ကောင်းကင်ယံ၌ မြင့်မား ပြင်းထန်သော လှိုင်းလုံးကြီးများ ဖြစ်လာကာ ယပ်တောင်ဆီက ရေခဲ၊ မီးတောက်၊ မိုးခြိမ်းသံ၊ သဲပြင်များ အားလုံး အရူးအမူး ပြေးချလာလေသည်။ 


ဆန်းကြယ်မိန်းမပျိုသည် ရေခဲသလင်းအဖြစ်သို့ ပြောင်းလဲသွားပြီး သူမ၏ပါးစပ်ကို ဖွင့်လိုက်သည်။ နှင်းခဲအလွှာသည် သူမနှင့် ဆက်စပ်နေသော တောင်တန်းများ တစ်လျှောက် လျင်မြန်စွာ ပျံ့နှံ့သွားကာ တခဏချင်းတွင် တစ်ပြည်လုံး ရေခဲများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ ထို့နောက် သူမလက်ကို ဝှေ့ယမ်းလိုက်သော် ရေခဲများအားလုံး ချက်ချင်း ကွဲအက်သွားကာ ချွန်ထက်သော ဓါးများအဖြစ်သို့ အားထိုက်ဆီသို့ ပစ်လွှတ်လိုက်သည်။


အားထိုက်လည်း သူ့ကိုယ်သူ ကာကွယ်ရန်အတွက် သူ့လက်များကို ကမန်းကတမ်း လွှဲယမ်းလိုက်ရသည်။ ရွေးချယ်စရာ မရှိတော့ဘဲ မီးတောက်များကို သူ့ခန္ဓာကိုယ်တစ်ဝိုက် ဝန်းရံထား​စေကာ “ပေါက်ကွဲသံ” ကြီးက အဆုံးမရှိ ပျံ့နှံ့သွားသည်။ လေလှိုင်းကြောင့် အရှေ့ရှိ ရေခဲတုံးများအားလုံး ပြိုကျသွားသည်။


ဆန်းကြယ်မိန်းမပျိုက တဟားဟား ရယ်မောကာ ဝေ့ယမ်းသံနှင့်အတူ နှင်းပွင့်များဖြင့် ပြည့်နေသော ကောင်းကင်ယံမှ ပျောက်ကွယ်သွားခဲ့သည်။


တစ်ချိန်တည်းမှာပင် နှင်းထဲတွင် ဝံပုလွေနှင့် သမင်နက်တို့က လှိမ့်ကာ ရုန်းကန်နေကြဆဲ။ သမင်နက်သည် ထွက်လာသော အနက်ရောင် စွမ်းအင်ဖြင့် လေထုထဲတွင် လွင့်လူးနေကာ လုရွှီရုပ်သွင်အဖြစ် ပြောင်းလဲကာ လွတ်မြောက်လိုသည်။ သို့သော် သူ မြေပြင်ပေါ်သို့ ဆင်းသက်လာသည်နှင့် တပြိုင်နက် အားရှစ်နရှုံက ပေါ်လာသည်။


"ကျိုးပဲ့စေ!" 


အားရှစ်နရှုံရဲ့ ဓားပျံတွေက လုရွှီကို ရုတ်တရက် နောက်ပြန်ဆုတ်သွားစေသည်။ လုရွှီက ဓားပျံများကို ရှောင်ထွက်လာပြီး ရုတ်တရက် တုန်လှုပ်ခြောက်ခြားသွားသော အားရှစ်နရှုံကို ပြန်တိုက်ခိုက်သည်။


ဝေဟင်အလယ်တွင် အားရှစ်နရှုံနဲ့ လုရွှီတို့ လက်သီးချင်း တိုက်မိသွားသည်။ လုရွှီသည် အားရှစ်နရှုံရဲ့ ပျံသန်းနေသောဓားကို ဖမ်းကာ အလျင်အမြန် ​ပြန်ပစ်ခတ်ခဲ့သည်။ အားရှစ်နရှုံဘက်ကလည်း နောက်ထပ် ဓားတစ်ချောင်းကို ပစ်ခတ် လိုက်ရာ ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ဓားပျံတစ်ခုစီက အပိုင်းပိုင်းခွဲ၍ ဆယ်ကြိမ်ထက်မနည်း ကွဲသွားခဲ့သည်။


"ဘာလို့ ဒီလောက်​တောင် မြန်ရတာလဲ!"


အားရှစ်နရှုံမှာ တွေးဖို့ အချိန်မရတော့ပေ။ လုရွှီကို တိုက်ခိုက်ဖို့ ခန္ဓာကိုယ်ခွန်အားကို အားကိုးရတော့မည်။ ခွန်အားအောက်မှာ နှင်းပွင့်တွေ ကွဲအက်သွားပြီး သူ့ရဲ့ လက်သီးနဲ့ ကန်ချက်တွေ ထွက်လာ၏။ ပျံသန်းနေသော ဓားရိပ်များသည် ကောင်းကင်ကို လွှမ်းသွားကာ နောက်ထပ် အရိပ်တစ်ခုက နှင်းထဲမှ ပြေးထွက်လာသည်။


"ဝိညာဉ်ထွက်တဲ့ ပန်းဝတ်မှုန် လာပြီဟေ့!"


လုရွှီ : "..."


နှင်းထဲတွင် ခြုံခိုနေသော ငါးကြင်းနတ်ဆိုးသည် လုရွှီမျက်နှာပေါ် ဝိညာဥ်ထွက်ပန်းဝတ်မှုန်များ ဖြန့်ချလိုက်ရာ လုရွှီ မထိန်းနိုင်ဘဲ နှာချေလိုက်တော့သည်။ 


ငါးကြင်းနတ်ဆိုး: "တိုက်ကွက်ထုတ်ဟ--!"


အားရှစ်နရှုံလည်း နောက်ဆုံးတွင် အပြစ်အနာအဆာကို မြင်ပြီး လှည့်ပတ်ပျံသန်းကာ လုရွှီရင်ဘတ်ကို ဘယ်ခြေဖြင့် ကန်ထုတ်လိုက်သည်။


လုရွှီသည် လှုပ်ရှားမှုတစ်ခု ဆုံးရှုံးသွားသောကြောင့် ဤလှုပ်ရှားမှုက သူ့ကို ချက်ချင်းပင် လဲကျသွားစေသည်။ သို့သော် မြှားကဲ့သို့ နောက်ပြန်ပြေးသွား၏။ ထိုအချိန်တွင် ဝံပုလွေသည် အနက်ရောင်လေထဲမှ ရုန်းကန်ကာ လေထဲတွင် ခုန်ပေါက်၍ လုရွှီကို ကိုက်လိုက်သည်။


လုရွှီကလည်း လေထဲတွင် သမင်နက်အဖြစ် ပြောင်းလဲကာ လှပစွာ လှိမ့်ထွက်ကာ လေထဲတွင် ခွာလေးခုလုံးဖြင့် ပျံသန်းသွားတော့မည် ဖြစ်သော်လည်း ဝံပုလွေသည် သမင်နက်၏ ရှေ့ခြေထောက်ကို ဘေးမှ ကိုက်လိုက်ကာ ဆူညံပွက်လော ရိုက်နေသည့် အသံဖြင့် မြေကြီးပေါ်သို့ ပစ်ချလိုက်၏။ 


"ဟုန်ကျွင့်!" သမန်းဝံပုလွေသည် သမင်နက်ကို ကျောက်တုံးထဲသို့ ထိုးသွင်းပြီးနောက် ဟစ်အော်လာသည်။ 


"ထောင့်ကိုဖြတ်!"


ဟုန်ကျွင့်လည်း နောက်ဆုံးတွင် အခွင့်အရေး ရလာသည်။ သူ၏ မော့ဓားကို တွန်းအားပေးပြီး ကျောက်ဆောင်နောက်မှ ခုန်တက်လာရာ တစ်ချိန်တည်းမှာပဲ အနက်ရောင်စွမ်းအင်သည် လုရွှီ၏ ဦးချိုများမှ ရုတ်တရက် ထွက်လာသည်။ သို့သော် ချက်ချင်းပဲ ဟုန်ကျွင့်ရဲ့ ဓားရှည်က ဦးချိုများကို ခုတ်ချလိုက်သည်။ 


အပိုင်းပိုင်း ကွဲသွားသော ရွှေနှင့် ကျောက်စိမ်းသံများ ထွက်လာသည်။ တောက်ပသော အလင်းရောင်ဖြင့် ပေါက်ကွဲသွားပြီး ဓားကတစ်ပိုင်း ကွဲထွက်သွားသည်။


သို့သော် ဟုန်ကျွင့်သည် မော့ဓားရှည်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ဟောက်လိုက်သည်နှင့် ဓားစွမ်းအင်က လုံးဝ မလျော့သွားဘဲ ခုတ်ထစ်သွား၏။


ထိုအချိန်တွင် သမင်နက်း ခန္ဓာကိုယ်အနှံ့ မီးတောက်များ ပေါက်ကွဲသွားသည်။ အနက်ရောင်များ လေလှိုင်းများ ထွက်ပေါ်လာပြီး ၎င်း၏ချိုနှစ်ချောင်းဟာ ဖြတ်တောက်ပြီးသား ပုံစံဖြင့် နှင်းထဲသို့ ကျသွားသည်။ ဓားကို ကိုင်ထားတဲ့ ဟုန်ကျွင့်ရဲ့လက်က မထိန်းနိုင်ဘဲ တုန်လှုပ်သွားပြီး သူ့ခွန်အားတွေ အကုန်ကုန်သွားသလိုပင် ခံစားလိုက်ရသည်။ 


သမင်နက်ကြီးက သူ့ဘေးမှာ လှဲနေပြီး ပြတ်သွားသော ဦးချိုနှစ်ချောင်းကတော့ ကောင်းကင်ကို လျှံထွက်ကာ အဆက်မပြတ် ခုန်​ပေါက်နေသည်။


"မင်း...သူ့ဦးချိုတွေကို ဖြတ်ရမယ်လို့ ဘယ်လိုလုပ်သိတာလဲ" 


ဟုန်ကျွင့်မှာ မော့ဓားရှည်ကိုတောင် မကိုင်နိုင်ဘဲ မြေပေါ်လဲကျသွား၏။ ယခုအခါ သမန်းဝံပုလွေကြီးက မော့ရစ်ကန်း ပြန်ဖြစ်သွားပြီ။


"ခေါင်းဆောင်... မှန်းဆထား... လုရွှီ?! လုရွှီ!"


သမင်နက်သည် ဆက်လက်ကျုံ့သွားကာ နှင်းပေါ်တွင် လဲလျောင်းနေသော လုရွှီ ပြန်ဖြစ်သွားသည်။ ဘယ်ဘက်လက်မောင်းတွင် သွေးများရွှဲနေပြီး အနက်ရောင် အဝတ်အစားကလည်း ဖြူသွားသည်။


"လုရွှီ?" 


ဟုန်ကျွင့် ရှေ့ကို အတင်းကုန်းထလာတာကြောင့် မော့ရစ်ကန်းနဲ့ အားရှစ်နရှုံက ကမန်းကတန်း ဝိုင်းပြီး သူ့ကို တွဲထူပေးလိုက်ရသည်။ 


တစ်ချိန်တည်းမှာပင် တ​စ္တေဘုရင်၏ ကြွေးကြော်သံသည်လည်း အဝေးမှ ထွက်ပေါ်လာခဲ့သည်။ လက်နကိသံများ မြေပြင်ပေါ် တစတစ ပြိုကျလာကာ အရပ်ရပ်မှ အ​လောင်းတစ္ဆေများ အားလုံး မြေပြင်ပေါ်သို့ ကျသွားသည်။


လီကျင်လုံလည်း သူ့နှလုံးခုန်သံကို ​ပြန်ခံစားရတော့မှ ခြေတစ်လှမ်းဆုတ်ကာ ဓားကို လွှတ်လိုက်သည်။ တစ္ဆေဘုရင်၏ တောင်​ကြီးနှင့်တူသော ရုပ်အလောင်းသည် အရှေ့ကို ပြုတ်ကျကာ မြေပြင်ပေါ် ပြင်းထန်စွာ လဲကျသွား၏။ သူ့အရိုးများ ညှိုးနွမ်းသွားသလိုမျိုး လျိုဖေးရဲ့ အရှေ့မှာ လဲကျသွားခြင်းသာ။ 


ကြယ်ရောင် မှိတ်တုတ်မှိတ်တုတ်များက ကောင်းကင်မှာ ထွက်ပေါ်လာသည်။ မြေပြင်ပေါ်မှာတော့ သံချပ်ကာ အလောင်းများဖြင့် ဖုံးအုပ်ထားသည်။ လျိုဖေး၏ အရိုးများသည် ကျောက်ဆောင်၏ ဆန့်ကျင်ဘက်၌ ငြိမ်သက်စွာ လဲလျောင်းနေကာ လေညင်းသည် အရိုးစုဘေးရှိ ဆံပင်ရှည်များကို လွင့်မျောနေ​စေသည်။ 


သူ့ရှေ့မှာတော် တိုက်ပွဲမှာ ကျဆုံးသွားဖူးတဲ့ တစ္ဆေဘုရင်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ရုပ်အလောင်းနဲ့ ဓားကိုထောက်ကာ မတ်တပ်ရပ်နေရတဲ့ လီကျင်လုံ ရှိနေသည်။ လီကျင်လုံရဲ့ မျက်လုံးများက စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေပြီး စစ်မြေပြင်တွင် သူ့လိုပဲ စိတ်ရှုပ်ထွေးနေသော စစ်သားများ ရှိနေသည်။


ထိုစဥ် မဟာတံတိုင်းကြီးပေါ်မှ နေ​ရောင် ထွက်ပြူလာသည်။ 


တောင်တွေရဲ့ အရိပ်​အောက်မှာ မော့ရစ်ကန်းသည် တစ္ဆေဘုရင်ရဲ့ နဖူးပေါ် သူ့လက်ဖဝါးကို ဖိပြီး မန္တန်တစ်ခုကို တီးတိုးရွတ်ဖတ်နေသည်။ သို့သော် ၎င်းခန္ဓာကိုယ်မှ အနက်ရောင် စွမ်းအင်များက လွင့်စင်သွားခြင်း မရှိပေ။ လီကျင်လုံ၊ ဟုန်ကျွင့်၊ အားထိုက်နဲ့ အားရှစ်နရှုံတို့လည်း တစ္ဆေဘုရင်၏ အသွင်အပြင်ကို တိတ်တဆိတ် စိုက်ကြည့်နေကြသည်။


သူသည် အလွန်အရပ် ရှည်ပြီး လီကျင်လုံထက် ဦးခေါင်းထက်ဝက်ခန့် မြင့်သည်။ သူ့ရဲ့ ချင်မင်းဆက်က ချပ်ဝတ်တန်ဆာသည် ဘယ်လိုမှ မပျက်စီးနိုင်ပေ။ သူက မျက်လုံးကို တင်းတင်းမှိတ်ထားရာ  


မော့ရစ်ကန်း :"သူ့ကို နှိုးနိုင်မလား မသိဘူး"


"ငါ အိပ်မက်ရှည်ကြီးမက်ခဲ့တယ်..."


တစ္ဆေဘုရင်က လေးနက်သော လေသံဖြင့် ပြောလာသည်။ သူ့အသံက လျိုဖေးလိုပဲ ရေပွက်ပွက်ဆူနေတဲ့ အသံလိုမျိုး ဖြစ်နေကာ အသံထွက်နိုင်တာနဲ့ မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ လူတိုင်း ဆုတ်ခွာသွားကာ တ​စ္ဆေဘုရင်ကို စူးစူးရဲရဲကြီး ကြည့်​နေကြသည်။


"အိပ်မက်ထဲမှာ ငါ့ရဲ့အကောင်းဆုံး ညီကို သတ်ပစ်ခဲ့တယ်တဲ့..." 


လျိုဖေး အိပ်မက်တစ်ခုမှ နိုးလာသောအခါက သူ့မျက်လုံးများသည် တိမ်မည်းများ မရှိတော့ပေ။ အခု တစ္ဆေဘုရင်ကလည်း အသားအရည်သည် သာမန်လူများ၏ အရောင်နှင့် အတူတူနီးပါးပင် ဖြူစင်လာပြီ။


“ဒါအမှန်ပဲလား.... ဘယ်သူက ငါ့ကိုပြောနိုင်လဲ?"


ဘယ်သူကမှ ပြန်မဖြေပေမယ့် သူတို့က မဟာတံတိုင်းအောက်မှာ ငြိမ်ငြိမ်လေးထိုင်နေ၏။ တစ္ဆေဘုရင်သည် နံရံကို မှီကာ ပြာလဲ့နေတဲ့ ကောင်းကင်ကြီးကို မော့ကြည့်ရင်း ရုတ်တရက် ဆက်ပြောလာသည်။ 


“ငါ နေ့အလင်းရောင်ကို မတွေ့ရတာ​တောင် ကြာပြီ…”


လေ​ပြေ​လေး တိုက်​​နေ​ချိန် ဟုန်ကျွင့်သည်​ ​နောက်​လှည့်​ကာ စစ်​​မြေပြင်​ အလယ်​ဆီသို့ ဖြည်းညှင်းစွာ ​လျှောက်​လာရင်း ​လူသေ​ကောင်​​တွေကို ​ကျော်​တက်​ကာ အရိုးစုရှိရာဆီသို့ ​ရောက်​လာခဲ့သည်​။


သံချေးတက်နေသော တိုက်ပွဲဝင် သံချပ်ကာများက အပိုင်းပိုင်း ကျိုးသွားသည်။ လှံရှည်သည် လျိုဖေး၏ နံရိုးများတွင် ပိတ်မိနေဆဲဖြစ်သည်။


ဟုန်ကျွင့် တိုးတိုးလေး ပြောလိုက်သည်။ 


"တကယ်တော့ ခင်ဗျားလည်း ထာဝရကျိန်စာ ဆိုတာကို မခံစားရတော့ပါဘူး လျိုဖေး..."


ထိုအချိန်တွင် သူသည် ထာဝရအသက်နှင့် ထာဝရသေခြင်း၏ ရည်ရွယ်ချက်ကို မသိခဲ့ပေ။