Chapter (62)
တစ္ဆေဘုရင် နိုးထလာပြီ
မနက်မိုးလင်းချိန် ရောက်တော့ ဟုန်ကျွင့် သူ့မျက်လုံးတွေကို ဖြည်းဖြည်းချင်း ပြန်ဖွင့်လိုက်သည်။ တစ်စုံတစ်ယောက် အိပ်သွားခဲ့သလိုမျိုး အိပ်ရာဘေးက နွေးထွေးနေ၏။ ခေါင်းအုံးဘေးတွင် လီကျင်လုံ၏ ခန္ဓာကိုယ်အနံ့လည်း ရှိပြီး ခေါင်းအုံးပေါ်တွင် မွှေးကြိုင်သော ဇီးသီးပွင့်လေး ရှိနေပါသည်။
"ကျောက်ကျစ်လုံ!"
ဟုန်ကျွင့် ထထိုင်ပြီး ဇီးသီးပွင့်ကို ကောက်ယူလိုက်သည်။
"မင်း ငါ့အတွက် ထားပေးခဲ့တာလား"
အင်တုံထဲ၌ ဗလာနတ္တိ။
"ငါးရော?"
ဟုန်ကျွင့် မတ်တပ်ထရပ်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သော်လည်း ငါးကြင်းနတ်ဆိုးကို မတွေ့ချေ။ အဝေးတစ်နေရာက လီကျင်လုံနဲ့ မော့ရစ်ကန်းတို့၏ စိတ်လှုပ်ရှားနေသော အသံများကို ကြားလိုက်ရသည်။
သူတို့နှစ်ယောက် စကားများ ရန်ဖြစ်မှာကို စိုးရိမ်သဖြင့် တရားဝင်အင်္ကျီကို အမြန်လဲဝတ်ကာ ပြေးထွက်လာခဲ့သည်။ သို့သော် ခန်းမထဲသို့ ရောက်သောအခါ သူ့ပါးစပ်မှ အာမေဋိတ်သံလေး ထွက်သွား၏။
အားထိုက်သည် အပြာရောင် လေပွေယပ်တောင်ကို ကိုင်ထားပြီး ဇိမ်ခံ မင်သားမွေးအင်္ကျီကို ၀တ်ဆင်ထားသည်။ သူသည် လီကျင်လုံ၊ မော့ရစ်ကန်းတို့နှင့် ပြုံးကာ စကားပြောနေကာ ငါးကြင်းနတ်ဆိုးကတော့ စားပွဲပေါ် အကြိမ်ကြိမ် ခုန်ပေါက်၍ ပျော်ရွှင်စွာ နားထောင်နေပါသည်။
ခန်းမအတွင်းရှိ အားထိုက်နောက်တွင် မည်းမှောင်သော အသားအရည်၊ ရှုပ်ယှက်ခတ်နေသော ဆံပင်၊ သားရေချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် တာ့ခ်လူငယ်တစ်ဦးနှင့် ခါးတွင် ဓားပေါင်းများစွာ နေရာယူထား၏။
ဟုန်ကျွင့်မှာ အားထိုက်တစ်ယောက် "ဟိုင်းမြန်ဟော်ပီ" လို့ အော်မယ်လို့ တွေးထားပေမယ့် အားလုံးက မထင်မှတ်ပဲ တိတ်ဆိတ်နေကြသည်။
"အားထိုက်!"
"ဟုန်ကျွင့်!"
အားထိုင်က သူ့မျက်လုံးများတွင် ပြန်လည်ဆုံဆည်းခြင်း၏ ပျော်ရွှင်မှုဖြင့် ပြုံးပြပလိုက်သည်။ အသက်ရှူကြိမ် အနည်းငယ်ကြာပြီးနောက် သူက "ဟိုင်းမြန်ဟော်ပီ" လို့ အော်ပြီး ဟုန်ကျွင့်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ဖို့ ခြေလှမ်းပြင်လိုက်ပါတော့သည်။
ဟုန်ကျွင့်ခမျာ အားထိုက် လာမယ်လို့ မမျှော်လင့်ထားတာမို့ သူဘာပြောရမှန်း မသိလောက်အောင် စိတ်လှုပ်ရှားသွားပြီး။
"မင်းဒီကို ရောက်နေပြီပေါ့... တကယ် ရောက်လာမယ်လို့ မထင်ထားဘူး!"
အားထိုက်က ပြုံးပြီးပြောသည်။
"နတ်ဆိုးနှင်ဌာနက ဒုက္ခရောက်နေတယ်လေ.. ငါ ဘာလို့ မလာရမှာလဲ ဟုန်ကျွင့်... ဒါက ငါ့ညီအစ်ကို သူငယ်ချင်း အားရှစ်နရှုံ... မင်းတို့ နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးအောင် နှုတ်ဆက်လိုက်ဦး... နှစ်ယောက်လုံးက ဓားနဲ့ပေါက်သူတွေပဲ "
"ဟိုင်းမြန်ဟော်ပီ"
လူငယ်က သူ့ဘယ်ဘက်ရင်ဘတ်ကို ဖိထားပြီး "မင်္ဂလာပါ" ဟု အဓိပ္ပာယ်ရသည့် ပုံစံဖြင့် အလေးပြုတော့ ဟုန်ကျွင့်လည်း လက်သီးများကို ဆုပ်ထားကာ အမြန်ပြန် နှုတ်ဆက်လိုက်သည်။
လီကျင်လုံ: "အခု ယုံစစ်ကလွဲရင် ငါတို့အားလုံး ဒီမှာ ရှိနေပြီ..."
အားထိုက်: "ဝေးလွန်းတယ်လေ... ငါကတော့ ငါတို့အရင် လှုပ်ရှားလိုက်ဖို့ အကြံပေးတယ်... သူ့ကိုမစောင့်နဲ့ စာတစ်စောင်လောက် ထားခဲ့ရင် ရပါတယ်...."
လွန်ခဲ့သော တစ်လကျော်ခန့်က အားထိုက်သည် ချိန်းဆိုထားသည့် စာရွက်စာတမ်းများကို ယူဆောင်လာပြီး ရှေးဟောင်းဝူဆန်းလမ်းတွင် ပုန်းကွယ်သွားသော မျိုးနွယ်စုများကို ခေါ်ယူခဲ့သည်။ ရက်နှစ်ဆယ်အကြာတွင် လီကျင်လုံဆီက သတင်းရပြီး ဟယ်ရှီးဘက်သို့ ချက်ချင်း ပြန်ထွက်ခွာသွားခဲ့သည်။
ချိုးယုံစစ် စာပို့ခိုင်းတဲ့ နေရာက အနောက်ဖက်ရေကန်မှာ ဖြစ်သည်။ စာပို့ပြီးတဲ့ နောက်မှာ ချိုးယုံစစ် အတောင်ပေါက်ပြီး ပျံသွားရင်တောင်မှ နွေဦးရောက်လို့ သူရောက်မှာ မဟုတ်ချေ။
လီကျင်လုံ: "တစ်ယောက်ပြီး တစ်ယောက် ရောက်လာပြီ...နောက်ထပ် တပ်သားသစ် နှစ်ယောက်ရှိတော့ ငါ ပိုပြီး စိတ်သက်သာရာ ရသွားပြီ!"
အားထိုက်: “လိုက်ကြည့်စမ်းပါ...အဲဒီထဲက တစ်ယောက်ကို ယာတန်းလမ်းကနေ ဖြတ်သွားရင်း ဖမ်းခဲ့လိုက်သေးတယ်...."
အားထိုက်ဟာ အေးအေးဆေးဆေး ယပ်ခပ်နေ၏။ သူက သူတို့နဲ့အတူ ခန်းမထဲက ထွက်ပြီး ကျောင်းကွင်းထဲကို ရောက်လာခဲ့လေသည်။
ဟုန်ကျွင့်: "ဟေး... ထူဟော်လော် ကောင်မလေး... ဒီလောက်ပြင်းထန်တဲ့ ဆောင်းရာသီမှာ မင်းကိုယ့်ကိုယ်ကို ယပ်ခပ်နေသေးတာ မအေးဘူးလား"
"ဒါက အမူအရာတစ်ခုလေ..."
အားထိုက် အထူးတလည် ပြုံးပြလာလေသည်။ သူ့လက်စွပ်ထဲက လေဟာ ရုတ်တရတ် ပူနွေးလာပြီး နှင်းအလွှာပေါင်း ထောင်ချီကို လှိမ့်သွားစေလေ၏။
မော့ရစ်ကန်း: "မင်းသာ အဲဒီနေ့က ရှိခဲ့မယ် ဆိုရင် ဆန်းကြယ်မိန်းမပျိုကို ဒီလောက် အပြင်းအထန် တိုက်ခိုက်ရမှာ မဟုတ်ဘူး"
ဆောင်းဦးရာသီမှာ လူတစ်စု နှင်းမရှိတော့တဲ့ ကွက်လပ်ထဲ ထိုင်လိုက်ကြသည်။ အစက အေးမြတဲ့ လေနုအေးကို ပေးမယ့် အားထိုက်ကို စောင့်နေကြတာပင်။ မော့ရစ်ကန်းက ဒီလိုသတိပေးပြီးနောက် ဟုန်ကျွင့်လည်း ချက်ချင်း သဘောပေါက်သွားသည်။ ဤနေရာတွင် အားထိုက်ရှိနေသရွေ့ နှင်းမုန်တိုင်းအတွက် စိတ်ပူစရာ မလိုတော့ချေ။
"နှင်းမိစ္ဆာက နောက်ထပ် တစ်ခုပဲ"
အားထိုက်သည် ကျောင်းကွင်းကိုဖြတ်၍ စုတ်ပြတ်နေသော အဝတ်အစားများနှင့် ထိုင်ချထားသော လူရှိရာ လှောင်အိမ်တစ်ခုသို့ ရောက်လာခဲ့သည်။
"ငါတို့ ယာတန်းလမ်းမှာ ဖမ်းမိလာတာ..."
ဟုန်ကျွင့် မြင်မြင်ချင်းမှာ မိစ္ဆာတစ်ကောင်မှန်း သိပေမယ့် ငါးကြင်းနတ်ဆိုးကတော့ မြင်လိုက်တာနဲ့ ကြောက်လန့်တကြား ထအော်တော့သည်။
"မြွေဟ!!"
မြွေမိစ္ဆာက သဲမြွေတစ်ကောင် ဖြစ်ပြီး လူတိုင်းကို တည့်တည့် စိုက်ကြည့်နေသည်။ မြွေအူစွယ်များကို ရံဖန်ရံခါ ထုတ်ပြကာ စိတ်ပူပန်သောကရောက်သည့် အမူအရာဖြင့်။ ဆောင်းရာသီသည် ၎င်း ခေတ္တအနားယူသည့် ရာသီဖြစ်သော်လည်း ထူးထူးခြားခြား အခြေအနေ တချို့ကြောင့် အားထိုက်က သူ့ကို ဖမ်းမိသွားပြီး ရက်ပေါင်းများစွာ မစားမသောက်ဘဲ နေလာရတာကြောင့် မောပန်းနေပုံရသည်။
သဲမြွေရဲ့ အသံက နိမ့်ပြီး ဆူညံသံအတိုင်းပင်။
"မင်းငါ့ကို မသတ်ဘူးလို့ ကတိပေးထားတယ်"
အားထိုက်: "မင်းလည်း ကြားသမျှကို ရိုးရိုးသားသား ပြောပြမယ်လို့ ကတိပေးခဲ့တယ်"
"တိုက်ပွဲမှာ ကျဆုံးသွားတဲ့ တစ္ဆေဘုရင်က သူတို့လက်ထဲ ရောက်သွားပြီ"
သဲမြွေက ဟုန်ကျွင့်ကို ကြောက်ရွံ့နေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေသည်။
"သမင်ဖြူရဲ့ လူ့ခန္ဓာကိုယ်ကို တွေ့လိုက်တယ်... မိစ္ဆာဘုရင်က သမင်ဖြူရဲ့ မှော်အစွမ်းကို သုံးဖို့ ပလိပ်ဘုရားကို တောင်းဆိုတယ်... တတ်နိုင်သမျှ တစ္ဆေတပ်ကို မြန်မြန်စုပြီး တိုက်ကြရအောင်တဲ့... ဒီကမ္ဘာပေါ်က နတ်ဆိုးတွေကို ကူညီပြီး ကောင်းကင်နတ်ဆိုးကို နှိုးမယ်... မြေကြီးပေါ်က ဧကရာဇ်မင်းကို သတ်ပစ်ဖို့ အချိန်မရွေး တပ်တွေ စေလွှတ်ဖို့ အသင့်ပါပဲတဲ့..."
"ခဏနေဦး!" ဟုန်ကျွင့် တုန်လှုပ်သွားပြီး "ထပ်ပြောလို့ရမလား!"
သဲမြွေက သူ့မျက်လုံးတွေကို မော့ပြီး ဟုန်ကျွင့်ကို ကြည့်လိုက်သည်။
သဲမြွေ၏ နေအိမ်ဟောင်းသည် စစ်သူကြီးယာတန်၏ အုတ်ဂူနှင့် မနီးမဝေးတွင် ရှိသည်။ လွန်ခဲ့သည့် အနှစ်နှစ်ဆယ်က ဆန်းကြယ်မိန်းမပျို နှင့် ပလိပ်နတ်ဘုရား ရောက်ရှိလာသောအခါတွင် ၎င်းနေရာကို မိစ္ဆာဘုရင်၏ အမိန့်အရ သိမ်းယူသွားခဲ့သည်။ အဲဒီနောက်မှာတော့ သူသည် ဆန်းကြယ်မိန်းမပျို အတွက် ရှားကျိုးက နှမ်းကိတ်နဲ့ သစ်သီးအချို့ကို ဝယ်ပြီး ဘီလူးကြီး နှစ်ကောင်အတွက် အလုပ်တွေ လုပ်ခဲ့ရသည်။
ပလိပ်နတ်ဘုရားသည် အလယ်ပိုင်းမှ ဆင်းသက်လာကာ မိစ္ဆာဘုရင်က ဤနေရာ၌နေရန် စေလွှတ်ခဲ့ခြင်း ဖြစ်ပြီး ဆန်းကြယ်မိန်းမပျိုက ဤနေရာ၌ မွေးဖွားကြီးပြင်းလာသော ဒေသခံမိစ္ဆာ ဖြစ်သည်။
ဟုန်ကျွင့်: "ဝါး...ဒါဆို မိစ္ဆာတွေမှာလည်း အိမ်ထောင်စုစာရင်း ရှိသေးတယ်ပေါ့?"
"ဆန်းကြယ်မိန်းမပျိုက အရင်က ဒီလိုမဟုတ်ဘူး..."
သဲမြွေသည် ဟုန်ကျွင့်ကို ကြည့်ရင်း လူကြားထဲမှာ ဒီလူငယ်က အနည်းငယ် ဖော်ရွေတယ်လို့ ခံစားမိပေမယ့် သူ့ခန္ဓာကိုယ်တစ်ဝိုက်က စွမ်းအင်တွေက နတ်ဆိုးနဲ့ ပတ်သတ်လို့ တစ်ခုခု ရှိနိုင်တယ်လို့ ခံစားနေရ၏။ ဒါပေမဲ့ သူက ပညာရှိစွာ တိတ်တိတ်ဆိတ်ဆိတ် ဆက်ပြောပြသည်။
“နောက်တော့ အားလုံးက သူမရဲ့ စိတ်နေစိတ်ထားတွေ သိသိသာသာ ပြောင်းလဲသွားတယ်လို့ ပြောသံကို ကြားလာရတယ်..."
"အားလုံး?" မော့ရစ်ကန်း မျက်မှောင်ကြုတ်ပြီး "မင်းတို့မှာမိစ္ဆာ ဘယ်နှစ်ယောက်ရှိလဲ"
သဲမြွေ: "မနှစ်တုန်းက သူတို့အားလုံးကို ခွဲပစ်တာ...ငှက်၊ သားရဲ၊ ကောင်းကင်မှာ ပျံသန်းနေတဲ့ တိရစ္ဆာန်၊ ရေထဲမှာ ကူးခတ်နေတဲ့ တိရစ္ဆာန်.. အကုန်လုံးပဲ"
လီကျင်လုံ: "ဘယ်ရောက်ကုန်တာလဲ"
သဲမြွေက "ငါမသိဘူး...သူတို့အားလုံးကို မောင်းထုတ်ဖို့ မိစ္ဆာဘုရင်က လုပ်လိုက်တယ်လို့ပဲ ထင်တယ်..."
အားထိုက်သည် ထိုနေ့တွင် သူ၏ နောက်ခံအကြောင်း အကျဉ်းချုပ်မျှသာ မေးလိုက်ရာ မထင်မှတ်ပဲ သူ့ကို နှောင့်ယှက်ခံရပြီး အတွင်းပိုင်း ဇာတ်လမ်းကို သိရှိရန် လီကျင်လုံမှ အကြံပေးခဲ့လေသည်။
လီကျင်လုံ :"သူတို့ ဘယ်လိုဆက်သွယ်တာလဲ"
"မော့ကောင်းဂူ ပန်းချီနံရံတစ်ချပ်ကနေ... "
လူတိုင်း- "!!!"
အားထိုက် သူ့နဖူးကိုကိုင်ပြီး လီကျင်လုံရဲ့ ပုခုံးကို ပွတ်သပ်ပေးလိုက်သည်။ တခြားလူဆီက ဝန်ခံချက်တွေကို ထုတ်နုတ်ရတာ လီကျင်လုံလောက် ဘယ်သူ့မှ တကယ်ကို မတော်ဘူး ဆိုတာ သူဝန်ခံလိုက်ပြီ။
လီကျင်လုံ အခြားအရာများကို ဂရုမစိုက်တော့ဘဲ တစ်ယောက်ပြီးတစ်ယောက် မေးခွန်းများမေးရာ သဲမြွေသည် အလွန်ပူးပေါင်း ဆောင်ရွက်ကာ မေးခွန်းအားလုံးကို ဖြေမိလုနီးပါးပင်။ ပန်းချီကားနံရံတွင် နတ်ဘုရင်၏ ပုံသဏ္ဌာန်ရှိကာ နဂါးအရိပ် ဖြစ်သည်။
ဤပူးပေါင်း ကြံစည်မှုသည် လွန်ခဲ့သော အနှစ်နှစ်ဆယ်က ကျန်းဟောက် သွမ်းဟွမ်သို့ ပထမဆုံးရောက်ရှိလာပြီး ချီလျန်တောင်၏ မြောက်ဘက်ခြေရင်းတွင် အထီးကျန်နေသော ဆန်းကြယ်မိန်းမပျိုကို တွေ့ခဲ့ချိန်က စတာဖြစ်ပေမည်။ လွန်ခဲ့သော ဆယ့်ရှစ်နှစ်က မိစ္ဆာနှစ်ကောင်သည် ဝိညာဉ်သားရဲကို ဖမ်းယူရန် အတူတကွ လုပ်ဆောင်ခဲ့သည်ဟု မှတ်တမ်းတွင် ဆိုထားသည်။ တခါတရံ လူ့ပြည်၌ မွေးဖွားရန်အတွက် ရောက်လာကြလိမ့်မည်။
ပလိပ်နတ်ဘုရားနှင့် ဆန်းကြယ်မိန်းမပျိုတို့သည် မော့ကောင်းဂူမှ ထွက်ခွာပြီး ကမ္ဘာသို့ ရောက်လာသောအခါ ၎င်းကို နတ်ဆိုးစွမ်းအင်များဖြင့် ဝိညာဥ်စွမ်းအင်များကို ညစ်ညမ်းစေကာ အောင်မြင်စွာ ကြားဖြတ်နိုင်ခဲ့သည်။
“သမင်ဖြူ?"
မော့ရစ်ကန်း မျက်မှောင်ကြုတ်ကာ လီကျင်လုံနဲ့ အကြည့်ချင်း ဖလှယ်လိုက်သည်။
အားထိုက်: "အဲဒါက မင်းရှာနေတဲ့ အလှလေးမလား"
ငါးကြင်းနတ်ဆိုးက သတိဝင်ပေးရှာ၏။
“အခုတော့ ယောက်ျားလေး ဖြစ်သွားပြီ”
"အဲဒါကို မပြောနဲ့" မော့ရစ်ကန်းမှာ သူ့လက်ကို နဖူးပေါ်တင်ပြီး စိတ်ညစ်သွားဟန်ဖြင့် ဖြတ်ပြောလေသည်။
"လုရွှီ သေလားရှင်လား မသိရသေးဘူး... အခုငါ့တွဲဖက်က ယောက်ျားလေးလား မိန်းကလေးလား ဆိုတာကို စဥ်းစားနေဖို့ ဘယ်လိုလုပ် အချိန်ရနိုင်မှာလဲ"
သဲမြွေက “ဒါပေမဲ့ အဲဒီနေ့က ပလိပ်နတ်ဘုရား ပြင်းပြင်းထန်ထန် ရိုက်နှက်ခံလိုက်ရတာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသေးတယ်... သူက ငါ့ကို ကူညီမယ့်သူတောင် ရှာခိုင်းလိုက်သေးတယ်”
သမင်ဖြူကို အမဲလိုက်စဉ်တွင် ပလိပ်နတ်ဘုရားသည် သူ့ကို ဆိုးဆိုးရွားရွား ရိုက်နှက်ခဲ့သော အစွမ်းထက် ပြိုင်ဘက်ကို သိသိသာသာ တွေ့ကြုံခဲ့ရသည်။ သူဖမ်းမိသော သမင်ဖြူမှာလည်း ပြဿနာသေးသေးလေး ရှိခဲ့သည်။ ၎င်း၏ ရုပ်ခန္ဓာသာ လွတ်မြောက်ခဲ့ပြီး သန့်ရှင်းသော နာမ်ခန္ဓာတစ်ခုသာ ကျန်ရှိခဲ့၏။
ဒါကိုကြားတော့ မော့ရစ်ကန်းက ချက်ချင်းဆိုသလို ဝင်ထောက်လိုက်သည်။
“သူ့ရဲ့ခန္ဓာကိုယ် ဆုံးရှုံးသွားတဲ့ သမင်ဖြူက နေစရာနေရာမရှိရင် ကောင်းကင်သွေးကြောတွေထဲ ခဏအတွင်း ပြန်လာမှာပဲ”
သဲမြွေ: "နောက်ပိုင်းကျတော့ ပလိပ်နတ်ဘုရားနဲ့ ဆန်းကြယ်မိန်းမပျိုက သမင်ဖြူကို ထိန်းချုပ်ခဲ့တယ်... သူ့ရဲ့ခန္ဓာကိုယ်ကို နတ်ဆိုးစွမ်းအင်တွေနဲ့ ချေမှုန်းပစ်ပြီးတော့ သူ့ရဲ့ မှော်အစွမ်းကို သုံးပြီး လူသေအလောင်းတွေကို တစ်ယောက်ပြီးတစ်ယောက် မောင်းထုတ်ပစ်ခဲ့တယ်..."
သို့သော် သမင်ဖြူရဲ့ အသိစိတ်ကို လုံးလုံးလျားလျား သုတ်သင်ရန်မှာ ဆယ်နှစ်နီးပါးကြာ၏။ သမင်ဖြူသည် အနက်ရောင်သမင်တစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားပြီးနောက် အသေကောင်များကို တိုက်ခိုက်ခဲ့သော ဘုရင်ငယ်များကို ပေါင်းစည်းရန် နောက်ထပ် ရှစ်နှစ်ကြာခဲ့သည်။ နောက်ဆုံးတွင် လျိုဖေးနှင့် သူ၏လူများသည် အခေါင်းတလားထဲမှ လွတ်မြောက်ကာ မိစ္ဆာနှစ်ကောင်၏ ခြယ်လှယ်ခြင်းကို ခံခဲ့ရကြောင်း အတည်ပြုခဲ့သည်။
တခြားဘုရင်သည် အိပ်ပျော်နေသေးသော်လည်း မိစ္ဆာဘုရင်က ကြာကြာ မစောင့်နိုင်တော့ပေ။ သူက ပလိပ်ရောဂါနတ်ဘုရားနဲ့ ဆန်းကြယ်မိန်းမပျိုကို ကဲရှူးဟန့်ဘက်မှ ဆူးများကို တတ်နိုင်သမျှ အမြန်ပြန်ဆယ်ယူရန် အမိန့်ပေးခဲ့သည်။
ထို့ကြောင့် ဆန်းကြယ်မိန်းမပျိုသည် လူသေတစ္ဆေတပ်ကို ဦးဆောင်ရန် လျိုဖေးအား ထိန်းချုပ်ချင်သော်လည်း မထင်မှတ်ပဲ လျိုဖေးက ဝံပုလွေတစ်ကောင်ကြောင့် မတော်တဆ နိုးလာခဲ့သည်။ ဆန်းကြယ်မိန်းမပျိုလည်း အလွန်ဒေါသထွက်ကာ လျိုဖေးကို ဖမ်းယူမည်ဟု ကတိပြုခဲ့သည်။ နောက်တော့ လမ်းမှာ လွန်ခဲ့တဲ့ ဆယ့်ရှစ်နှစ်က လူပြန်ဝင်စားတဲ့ သမင်ဖြူရဲ့ အခြားတစ်ဝက်ကို ရှာတွေ့ခဲ့သည်။
"လုရွှီ ဘယ်မှာလဲ" မော့ရစ်ကန်း တုန်လှုပ်စွာ ပြောလာသည်။
"ငါ...သူတို့သုံးတဲ့ နည်းလမ်းကို မသိဘူး... ဘာပဲပြောပြော သူမ ပြန်လာတော့ ဒဏ်ရာရလာတယ်... မင်းတို့ တိုက်လိုက်တာမလား...."
သဲမြွေကြီးက လူအုပ်ကို စောင့်ကြည့်နေပေမယ့် အဖြေကို မတွေ့တဲ့အခါ သူ့ဘာသာပဲ စကားဆက်ရလေ၏။
“ဒါဆို သူတို့ ယာတန်းမြို့ကို သွားကြတယ်... တစ္ဆေဘုရင်က နိုးလာပြီး ယွိမန်ထဲကို တပ်ဖွဲ့တွေ စေလွှတ်ဖို့ ပြင်ဆင်နေတယ်တဲ့.....”
"ဘာ!" လူတိုင်း ထအော်လိုက်ကြသည်။
လီကျင်လုံသည် ပြဿနာ၏ လေးနက်မှုကို သဘောပေါက်တာကြောင့် အားထိုက်ဘက်သို့ လှမ်းကြည့်လိုက်ရာ တစ်ဖက်လူကလည်း ကူကယ်ရာမဲ့ လက်များကို ဖြန့်ကာ။
"ငါလည်း ဒီသတင်းကြားတာနဲ့ ဒီကို အလျင်လိုလာခဲ့တာပဲ"
တိုက်ပွဲတွင် ကျဆုံးခဲ့သော ထိန်းချုပ်ရ အခက်ခဲဆုံး တစ္ဆေဘုရင်သည် သူ၏အခေါင်းကို ထားခဲ့ကာ ထွက်သွားပြီ ဖြစ်ကြောင်း ကြားရပြီးပြီ။ ဟုန်ကျွင့်သည် လျိုဖေး၏ မြို့တွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ချက်ချင်းပင် တွေးလိုက်မိသည်။
ကျာကျိုးက သူ့ဦးလေး ဖြစ်နေတုန်းပဲ။ နေရာတိုင်းတွင် မီးခိုးငွေ့များ ထွက်ပေါ်နေမှာကို မြင်ယောင်ကြည့်မိရင်း ဟုန်ကျွင့်နှလုံးသားသည် ကြောက်ရွံ့မှုအပြည့်နှင့် တုန်ရီလာခဲ့လေ၏။
"ဘာလုပ်ကြမလဲ" ဟုန်ကျွင့် တုန်တုန်ယင်ယင် ပြောလိုက်သည်။
လီကျင်လုံက ပြတ်ပြတ်သားသားဖြင့် :"တပ်တွေ ဘယ်တော့ လွှတ်မှာလဲ"
"သဘက်ခါလား မနေ့ကလား မနေ့ကလား?" သဲမြွေက သူ့လက်ချောင်းတွေကို ကွေးကာ ရေတွက်နေ၏။ သူ့ခမျာ ဆောင်းရာသီရဲ့ နေ့ရက်တွေကို ဘယ်လိုထိန်းရမလဲဆိုတာ မသိတော့ချေ။
"သူတို့က ငါ့ကို မိစ္ဆာဘုရင်ဆီ သတင်းပို့ခိုင်းလိုက်တာ...ဘာလို့လဲဆိုတော့ ရှာတွေ့သွား..."
အားထိုက်: "ကောင်းပြီ... ဒါပဲ"
လီကျင်လုံ လန့်ဖျပ်သွားပြီး အားထိုက်ကို ကြည့်လိုက်သော်လည်း အားထိုက်က ချက်ချင်း ထဖြေသည်။
"စီးနင်းမှု လာတော့မယ်"
လီကျင်လုံ ခေါင်းညိတ်လိုက်ပြီး ချက်ချင်းလှည့်ကာ ခန်းမဆီသို့ ပြန်သွားတော့သည်။
"တိုက်ခိုက်ရေး အစည်းအဝေး စမယ်! မြန်မြန်!"
သူက ခန်းမထဲသို့ ပြေးမဝင်မှီ အစောင့်များအား လှည့်အမိန့်ပေးလိုက်သည်။
"စစ်သူကြီးကျာနဲ့ တပ်မှူးတွေ အကုန်လုံးကို အရေးပေါ်အခြေအနေအတွက် ချက်ချင်းအကြောင်းကြားလိုက်!"
အားရှစ်နရှုံ ဟုခေါ်သော လူငယ်လေးသည် ဟုန်ကျွင့်ပုခုံးပေါ်သို့ ပုတ်ကာ။
"စိတ်မပူပါနဲ့...."
လီကျင်လုံ တုံ့ပြန်လိုက်သည်နှင့် တပြိုင်နက် ဟုန်ကျွင့်ခမျာ အချိန်အတော်ကြာ ပျောက်ကွယ်သွားသော ခံစားချက်ကို ခံစားလိုက်ရပြီး သူ၏ စိုးရိမ်မှုများ အားလုံး ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ လီကျင်လုံက ဒီတစ်ခါတော့ "ငါ့ကိုယုံပါ" လို့တောင် မပြောဘဲ နှစ်သိမ့်မှုကို အလုပ်နဲ့ အစားထိုးလိုက်၏။
ဟုန်ကျွင့် ခေါင်းညိတ်ပြပြီး လှောင်အိမ်ထဲက သဲမြွေကြီးကို ကြည့်လိုက်သည်။
သဲမြွေ: "ငါ့ကိုလွှတ်ပေးပါ... မင်းငါ့ကို လွှတ်ပေးမယ်လို့ ကတိပေးထားတယ်"
အားရှစ်နရှုံက ဓားပျံကို ထုတ်လိုက်ပြီး သဲမြွေကို ကြည့်ကာ သတ်တော့မယ်အလုပ် ဟုန်ကျွင့်က ကမန်းကတန်း ပြောလိုက်သည်။
"သူ့ကို မသတ်ပါနဲ့"
ထိုအခါ လူငယ်လည်း ပျံသန်းနေသော ဓားကို သိမ်းလိုက်ရသည်။ ဟုန်ကျွင့်မှာ ခေါင်းဆောင်လုပ်ကာ မဆုံးဖြတ်ဝံ့ပေ။ သဲမြွေက သူ့ကို သနားစိတ်ဖြင့် ကြည့်နေတာကြောင့်။
"ငါ ခေါင်းဆောင်ကို သွားမေးပေးမယ်!"
သဲမြွေ: “အရှင်မင်းကြီး...ကျွန်တော် တကယ်ကို အမှားအယွင်းတစ်ခုမှ မလုပ်ထားပါဘူး”
"ကျွန်တော်က အရှင်မင်းကြီး မဟုတ်ဘူး"
ဟုန်ကျွင့် ပြန်ပြောပြီး လီကျင်လုံဘက်ကို ပြေးသွားလိုက်သည်။ လီကျင်လုံသည် သူ့ချပ်ဝတ်တန်ဆာကို ၀တ်ဆင်နေစဥ် မိစ္ဆာ အကျဉ်းသားများထံမှ ကြားခဲ့သော စကားကို လူတိုင်းအား ရှင်းပြပြီး ချီတက်ရာ လမ်းကြောင်းကို ညွှန်ပြခဲ့သည်။
အံ့အားသင့်ဖွယ်ရာ တိုက်ခိုက်မှုများကို ကာကွယ်ရန် အစောင့်စခန်းများအား စီစဉ်ပေးရန် ကျာကျိုးအား တောင်းဆိုခဲ့သည်။
ကျာကျိုး: "မဖြစ်နိုင်ဘူး!... ငါတို့မှာ မီးရှူးမီးပန်း အချက်ပြ မျှော်စင်တွေ ရှိတယ် ဘာသတင်းမှ မရဘူး!"
လီကျင်လုံ: "ဟိုဘက်မှာက လေနဲ့ နှင်းတွေကို ထိန်းချုပ်နိုင်တဲ့ မိစ္ဆာတွေ ရှိတယ်... ခင်ဗျားရဲ့ လက်အောက်က မီးရှူးမီးပန်းက လုံးဝ မလင်းနိုင်ဘူး"
ကျာကျိုး တခဏမျှ ငြိမ်သက်သွားသည်။ လီကျင်လုံက ထိုင်ချလိုက်ပြီး စစ်သားများက ပေးထားသည့် သံချပ်ကာဖိနပ်များကို ဝတ်ကာ ပါးစပ်ကလည်း အပြောမရပ်ချေ။
“လူနှစ်ထောင်ကို လမ်းမကြီးပေါ်မှာ ချောင်းကြည့်နေဖို့ အသင့်ပြင်ထားပေး... ကြိုးနဲ့ တုတ်တံတွေကိုလည်း ယူလာခိုင်း... လူနှစ်ထောင်ကို ချီလျန်တောင်ကြား အသီးသီးကို စေလွှတ်လိုက်...ဒီနေရာ.. ဒီနေရာနဲ့ ဒီနေရာ..." လီကျင်လုံက နေရာအနည်းငယ်ကို ညွှန်ပြပြီး။
"သူတို့ သွားမယ့်လမ်းပဲ"
ကျာကျိုးလည်း အမြန် ဆုံးဖြတ်ချက် ချလိုက်ပြီး
"သွား... သွားတော့ ထိပ်တန်းစစ်သည် ငါးထောင်ကို ခေါင်းဆောင်လီဆီ လွှတ်လိုက်!"
မြေပုံပေါ်တွင် အနီရောင်မျဉ်းကို ယာတန်မှစ၍ ရေးဆွဲထားပြီး ချီလျန်တောင်၏ အနောက်မြောက်ဘက်မှ အနောက်တောင်ဘက်သို့ ဖြတ်၊ ယွိမန်ဂိတ်ကိုဖြတ်ကာ နောက်ဆုံးတွင် ယွိမန်မြို့သို့ ဝင်ရောက်သွားသည်။
အားထိုက်: "သူတို့က ယာတန်ကနေ လာနေပြီ... အခု အမြန်ပြေးလိုက်ရအောင်... ပြောလို့ မရဘူး... ငါတို့ အရင်ရောက်နိုင်သွားတယ် ဒါပေမဲ့ တစ္ဆေမြင်းတပ်သား 200,000 ကို ဘယ်လို ကိုင်တွယ်မလဲ စဥ်းစားရဦးမယ်"
လီကျင်လုံ: "တိုက်ပွဲအစီအစဥ်ကို မကြာခင် ဆွေးနွေးသွားမယ်"
"အဲ့မြွေနတ်ဆိုး..." ဟုန်ကျွင့်က အပြင်ကို ညွှန်ပြပြီး အသံပေး၏။
"နောက်မှ လွှတ်လိုက်..." လီကျင်လုံသည် ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ကာ ခန်းမထဲမှ အမြန်ထွက်လာသည်။
"နတ်ဆိုးနှင်ဌာန အမိန့်နာခံ!"
အားထိုက်နဲ့ မော့ရစ်ကန်းတို့က ချက်ချင်း တုံ့ပြန်ခဲ့ပြီး ဟုန်ကျွင့်ကပါ။
"ဟုတ်ကဲ့!"
လီကျင်လုံ ဟုန်ကျွင့်ကို ပြန်ကြည့်ကာ ပြောလိုက်သည်။
"မင်း... မင်းဦးလေးနဲ့ နေခဲ့လိုက်ပါ..."
"ကျွန်တော် ခေါင်းဆောင်နဲ့ သွားမှာ..."
ဟုန်ကျွင့်သည် ပျံသန်းနေသော ဓားကို ခွဲထုတ်ကာ ကျွမ်းကျင်စွာ လှည့်ပြရင်း ကျာကျိုးဘက်သို့ ခေါင်းလှည့်ကာ ကြည့်လိုက်သည်။
"ဦးလေး.... စိတ်မပူပါနဲ့"
လီကျင်လုံနဲ့ မော့ရစ်ကန်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် လီကျင်လုံက မသိမသာလေး ခေါင်းညိတ်ပြလိုက်သည်။
ကျာကျိုး: "သွားပြီးတော့ ဘေးကင်းကင်းနဲ့ ပြန်လာခဲ့..."
လီကျင်လုံ၊ ဟုန်ကျွင့်၊ အားထိုက်၊ မော့ရစ်ကန်းနှင့် အားရှစ်နရှုံဟူသည့် လူငယ်တို့ အိမ်ကြီးထဲမှ ထွက်လာကြသည်။ ပြီးနောက် မြင်းကိုယ်စီစီးကာ မြို့ပြင်သို့ ထွက်ခွာလာခဲ့ကြသည်။ သို့သော် မြို့အပြင်ဘက်ရောက်တော့ လီကျင်လုံသည် တောထဲ၌ သူ့မြင်းကို ထိန်းကာ တရားထိုင်နေသည့်အတိုင်း ငြိမ်သက်နေ၏။
ဟုန်ကျွင့်: "ဘာဖြစ်တာလဲ... ပြဿနာရှိလို့လား"
"သူလျှိုတစ်ယောက်များလား?"
အားထိုက်သည် ထိုကဲ့သို့ ခေတ္တနားရန် သဘာဝအတိုင်း မျှော်လင့်ထားပုံရသောကြောင့် သူက လှည့်ကြည့်ကာ ပြောလာ၏။ အားလုံးက ဒုတိယ အစည်းအဝေးလေးတစ်ခု ကျင်းပခဲ့သည်။
ဟုန်ကျွင့် : "..."
ဟုန်ကျွင့်လည်း ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လီကျင်လုံ ပြောခဲ့တဲ့အရာက သဲမြွေမိစ္ဆာ ဆိုတာ ချက်ချင်း နားလည်သွားခဲ့သည်။ စိတ်ထဲမှာတော့ 'မင်းနှစ်ယောက်က လိမ္မာပါးနပ်လွန်းတယ်လို့ မထင်ဘူးလား!' ဟု အော်နေ၏။
လီကျင်လုံ: "ငါမထင်ဘူး"
မော့ရစ်ကန်း: "အဲ့လို မထင်ဘူး... ခေါင်းဆောင်သူ့ကို မေးတဲ့အခါတုန်းက သူ အရမ်းကြောက်နေတာ..."
အားထိုက်: "အင်း...ဒီလောက် ကြောက်နေမယ်လို့တောင် မမျှော်လင့်ထားဘူး"
ဟုန်ကျွင့်: "ဘာကိုကြောက်တာလဲ... ငါတော့ လုံးဝ သတိမထားမိဘူး"
"မင်း..." အားရှစ်နရှုံက ရုတ်တရက် ဝင်ပြောလိုက်သည်။
ဟုန်ကျွင့်: "???"
အားထိုက် ချက်ချင်း သူ့ကို အကြည့်နဲ့ ရပ်ခိုင်းလိုက်သည်။
"ဟုန်ကျွင့် မင်းသူ့ကို ရှုံလို့ ခေါ်လိုက်... သူက မင်းနဲ့ အရမ်းတူတယ် နှစ်ယောက်စလုံးက အမှန်အတိုင်း ပြောရတာ အရမ်းကြိုက်တယ်လေ"
အားရှစ်နရှုံ: "မင်းရဲ့စကားအရဆို ငါ့မှာ ဖြူစင်တဲ့နှလုံးသား ရှိတယ်ပေါ့?"
ဟုန်ကျွင့်: "ငါ့ကိုဘာလို့ကြောက်တာလဲ"
"ကောင်းပြီ" လီကျင်လုံက ဆွေးနွေးမှုကို ရပ်လိုက်ပြီး။
"ဒါဆို အားလုံးအတူတူ စူးစမ်းလေ့လာကြရအောင်"
အားလုံးကလည်း တုံ့ပြန်တဲ့ အနေဖြင့် မြင်းပေါ်တက်ကြသည်။ ငါးကြင်းနတ်ဆိုးက ဟုန်ကျွင့်ရဲ့နောက်ကွယ်မှ လှမ်းထောက်၏။
"ငါကြောင်တွေကို ကြောက်သလိုပဲ မင်းကိုကြောက်တာ ဖြစ်မယ်"
ဟုန်ကျွင့်လည်း သူ့အဖေက ဒေါင်းဖြစ်ပြီး သူ့မွေးစားအဖေက ဖီးနစ်တစ်ကောင်ပင်။ သဲမြွေမိစ္ဆာက မြွေတစ်ကောင်ဖြစ်လို့ အစွမ်းထက်တဲ့ ငှက်တွေနဲ့ မိစ္ဆာတွေကို သဘာဝအတိုင်း ကြောက်နေပုံရတဲ့အတွက် ဟုန်ကျွင့်လည်း နောက်ထပ် မေးခွန်းတွေ မမေးတော့ဘဲ ရပ်လိုက်သည်။
ဝီစီသံဖြင့် အားထိုက်က ဟုန်ကျွင့်ကို ပြုံးပြီးလှမ်းအော်လေ၏။
"ဟုန်ကျွင့်! ကျောက်ကျစ်လုံကို ပစ်ချလိုက်တော့!!"
ငါးကြင်းနတ်ဆိုးက "ထိုက်ကဲလား အခြောက်! မင်းဘာလုပ်ချင်နေတာလဲ?"
အားထိုက်: "မတွေ့တာကြာတော့ လောင်တရဲ့ အမွေးအမှင်တွေနဲ့ ခြေထောက်တွေကို လွမ်းနေတာလေ..... လာပြီး အနမ်းလေး ပေးပါဦး"
အားလုံး တဟားဟား အော်ရယ်လိုက်တော့သည်။ ဟုန်ကျွင့်လည်း အားထိုက်က ကျောက်ကျစ်လုံကို စနောက်နေမှန်း သိတာကြောင့် ငါးကြင်းနတ်ဆိုးကို ဆွဲယူပြီး ပစ်ပေးလိုက်၏။ အားထိုက်လည်း ငါးကြင်းနတ်ဆိုးကို ခေါ်၍ သူ့မြင်းကို ရှေ့သို့ ဒုန်းစိုင်း မောင်းချသွားတော့သည်။
လေအေးသည် တဖြည်းဖြည်း တိုးလာသဖြင့် မြင်းစီးသူများသည် လွင်ပြင်ပေါ်တွင် စီးနေသော မြင်းများသည် ယခင်ကထက် အလွန်နှေးကွေးစွာ ပြေးနေကြောင်း ခံစားလာရသည်။
လီကျင်လုံ မြင်းစီးရင်း ဟုန်ကျွင့်ဘေးကို ရောက်လာသည်။
"မင်း သက်သာရဲ့လား?"
ဟုန်ကျွင့် ခေါင်းညိတ်လိုက်သည်။
"ငါ မင်းကို ခေါ်သွားရမလား?"
မနေ့ညက မော့ရစ်ကန်း၏ စကားများသည် သူ့စိတ်ထဲက အထုံးအဖွဲ့ကို အနည်းနှင့်အများ ပြေလည်သွားစေကြောင်း ခံစားရပါ၏။ သူ့သည် "နတ်ဆိုးမျိုးစေ့" အဖြစ်အပျက်က သံသယ ဝင်နေသေးသော်လည်း လီကျင်လုံကို မြင်သောအခါ ထူးဆန်းနေသေးသည်။ သို့သော် အနည်းဆုံးတော့ လီကျင်လုံအပေါ် မကျေနပ်မှုများက များစွာ သက်သာသွားသည်။
"မင်း ယွိမန်မှာ နေခဲ့ချင်လား"
လီကျင်လုံက ထပ်မေးသည်။
အခြားသူများက ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်ဘဲ အရှိန်ပြင်းပြင်းဖြင့် အရှေ့ကို မောင်းထွက်သွားကြကာ ၎င်းတို့နှစ်ဦးသဘောတူညီစွာ စကားပြောဆိုခွင့် ပေးထားသည့်အတိုင်း အဆုံးမှာ ထားခဲ့သည်။
ဟုန်ကျွင့် သူ့ခေါင်းကို လှည့်ပြီး လီကျင်လုံကို ကြည့်ကာ ပြန်ဖြေသည်။
"ကျွန်တော် မလုပ်ချင်ဘူး"
"ဘာလို့လဲ"
"ကျွန်တော် ခင်ဗျားတို့ကို လွမ်းနေရမှာ ကြောက်တယ်"
ဟုန်ကျွင့်သည် အားထိုက် ထွက်သွားပြီး ဒီနေ့ ပြန်လာတာကို မြင်တော့ သူတို့ထွက်ခွာသွားတာဟာ နှုတ်ဆက်ပွဲတစ်ခုလို့ တစ်ချိန်က သူထင်ခဲ့၏။ ကျန်ခဲ့တဲ့သူတွေက လွမ်းနေရတယ် မဟုတ်လား။ သို့သော် သူငယ်ချင်း အသစ်တွေကို ခေါ်ဆောင်လာခဲ့သည်။
လီကျင်လုံ: "ဒါပေမဲ့ မင်းဦးလေးက ဒီမှာ ရှိတယ်လေ"
ဟုန်ကျွင့် အရှိန်လျှော့ပြီး လီကျင်လုံနဲ့အတူ စမ်းချောင်းကို ဖြတ်ကျော်ပြီး အရှိန်ပြန်မြှင့်ကာ ခဏလောက် စဉ်းစားလိုက်သည်။
"အနောက်မြောက်ဘက်မှာ အရမ်းအေးတယ်... ကျင့်သားမရဘူး"
လီကျင်လုံက ရယ်မောပြီး "ဒါဆို မင်းကိုယ်တိုင် သွားပြောလို့ရတယ်... ငါမပြောဘူး မဟုတ်ရင် မင်းဦးလေး ငါ့ကိုမုန်းပြီး ရန်သူ လုပ်နေလိမ့်မယ်"
ဟုန်ကျွင့်လည်း ချုံမင်ကို ပြန်တွေးမိသွားတာကြောင့် ရယ်မောလိုက်မိသည်။
"လာ ဒီကိုလာ..." လီကျင်လုံက ဟုန်ကျွင့်ဆီသို့ သူ့လက်ကို ဆန့်တန်းပေးရင်း။
"ငါ မင်းကို ခေါ်သွားပေးမယ်"
ကိုးနှစ်သား လီကျင်လုံသည် လမ်းကြားတွင် စောင့်ဆိုင်းနေချိန်ကလည်း ယခုလိုပဲ လက်ဆန့်တန်းပေးဖူးသည်။ ဟုန်ကျွင့် စိတ်ထဲတွင် ရုတ်တရက် စိတ်ကူးယဉ် အိပ်မက်ဆီသို့ ပြန်ရောက်သွား၏။
သူ ထိုလက်ကို ဆုံးရှုံးရမှာ ကြောက်သလို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပေမယ့် ထာဝရ မှော်အဝိုင်းထဲကို ပို့ဆောင်ပြီး နောက်ဆုံးမှာတော့ သူပိုင်ဆိုင်သမျှ အရာအားလုံးကို ဆုံးရှုံးစေခဲ့သည်။
ဟုန်ကျွင့် မြင်းကို မောင်းထွက်သွား၏။ လီကျင်လုံခမျာ အနောက်ကနေအော်ပြီး လိုက်ရတော့သည်။
"ခဏနေဦးလေ!"
အရှေ့တွင်တော့ အားထိုက်သည် မြင်းစီးရင်း မော့ရစ်ကန်း၊ အားရှစ်နရှုံနှင့်အတူ တောင်ခြေရင်း တစ်လျှောက် ချီလျန်တောင်၏ အနောက်မြောက်ဘက် အကွာအဝေးဆီသို့ ပြေးထွက်သွားခဲ့သည်။
အားရှစ်နရှုံ အခါအားလျော်စွာ နောက်ကြောင်း ပြန်ကြည့်သော် တောကန္တာရထဲတွင် လီကျင်လုံနဲ့ ဟုန်ကျွင့်တို့ရဲ့ ပုံရိပ်က ကောင်းကင်နှင့်မြေကြီးကြားတွင် အနက်ရောင် အစက်လေးများ ဖြစ်လာကြတာ တွေ့လိုက်ရသည်။
အားထိုက်က ပြုံးပြီး "ကြည့်မနေနဲ့....ပိုင်ရှင် ရှိတယ်"
အားရှစ်နရှုံက သူ့မြင်းကို ပေါ့ပေါ့တန်တန် နှင်ရင်း ပြန်ပြောသည်။
"မင်းတို့ ဌာနမှာ အဲ့လိုစည်းကမ်းရှိလာ? မြင်တဲ့သူက အရင်ရလိမ့်မယ် ဆိုပြီးတော့လေ.."
မော့ရစ်ကန်းမှာ ထိုစကားကြောင့် လန့်ဖျပ်သွားပြီး သဘောပေါက်သွားရာ မထိန်းနိုင်ဘဲ ရယ်ချလိုက်တော့သည်။
အားထိုက်: "ရယ်မနေနဲ့ မော့ရစ်ကန်း.... မင်းရဲ့ ကြင်ယာတော် အမျိုးသားအကြောင်း မပြောရသေးဘူး..."
မော့ရစ်ကန်း၏ အပြုံးများ ရုတ်တရက် ရပ်သွားသည်။ သူ့မျက်နှာက နီမြန်းလာပြီး တစ်ဖန် မျက်မှောင်ကြုတ်ပြန်၏။
အားရှစ်နရှုံ: "မင်းတို့ နတ်ဆိုးနှင် ဌာနမှာရှိတဲ့ လူတိုင်းမှာ သူ့အခက်အခဲတွေနဲ့သူ ရှိပုံရတယ်"
အားထိုက်က ပေါ့ပေါ့ပါးပါးနဲ့ "မှန်တယ်လေ...အခုလည်း မော့ရစ်ကန်းရဲ့ ချစ်သူကို သွားကယ်မလို့..."
မော့ရစ်ကန်း: "မဟုတ်သေးဘူး... စကားတွေကို လျှောက်မပြောနဲ့!"
အားရှစ်နရှုံ: "မင်းပြောနေတဲ့ 'နတ်ဆိုးမျိုးစေ့' ဓားပျံနဲ့ ကစားနေတဲ့ ကောင်လေးလား?"
"သူ့ကို မနှောင့်ယှက်ပါနဲ့" အားထိုက်ရဲ့ အမူအရာက လေးနက်လာပြီး။
"ရှုံ.... ငါက အလုပ်ပိတ်ရက်တွေမှာ မင်းဘယ်လိုကစားချင်လဲ ဂရုမစိုက်ဘူး...ဟုန်ကျွင့်ကိုတော့ မထိနဲ့!!"
အားရှစ်နရှုံက အမှုမဲ့အမှတ်မဲ့ ပြုံးပြီး "သူက ငါ့နောက်ကို လိုက်ဖို့ ဆန္ဒရှိနေရင်တော့ ဘာလို့ တခြားတစ်ယောက်ကို ရှာနေရမှာလဲ"
မော့ရစ်ကန်း: "မင်းမှာ ခေါင်းဆောင်လို နှလုံးမီးအိမ်ရှိလား? ဟုန်ကျွင့်ရဲ့ ခန္ဓာကိုယ်ထဲက နတ်ဆိုးမျိုးစေ့ကို မင်း မထိန်းချုပ်နိုင်ဘူး"
အားထိုက်: "မော့ရစ်ကန်း... ဒီကိစ္စက အရမ်းအရေးကြီးတယ် ဟုန်ကျွင့်က မြွေနတ်ဆိုး ပြောခဲ့တဲ့လူဆိုတာ သေချာရဲ့လား"
ငါးကြင်းနတ်ဆိုးသည် အားထိုက်၏ လက်နှစ်ဖက်ထဲမှ ၎င်း၏ငါးခေါင်း တစ်ဝက်ကို ထုတ်ပြပြီး လူတိုင်း၏ပြောဆိုမှုကို နားထောင်ရင်း အားရှစ်နရှုံကို ဆက်လက် ကြည့်ရှုနေခဲ့သည်။
မော့ရစ်ကန်း: "မင်း မရောက်လာခင်မှာ ငါတို့ တစ်ကြိမ်လောက် ပြင်းပြင်းထန်ထန် တိုက်ခဲ့ပြီးပြီ... ဟုန်ကျွင့်က သူ့မိဘတွေ သေသွားတဲ့ အိပ်မက်ဆိုးထဲမှာ နစ်မြှုပ်နေတာ...အဲဒီကနေ နတ်ဆိုးမျိုးစေ့ အကြောင်း သိလာရတာပဲ"
ငါးကြင်းနတ်ဆိုးက ရုတ်တရက် : "နှလုံးမီးအိမ်က နတ်ဆိုးတွေကို ချေမှုန်းနိုင်စွမ်းရှိတယ်မလား...ဟူး ..ငါတို့ရဲ့ ဟုန်ကျွင့်လေး ဘာလို့ ဒီလောက်သနားစရာ ကောင်းရတာလဲ"
မော့ရစ်ကန်း: "ခေါင်းဆောင်လက်ထဲ အပ်ထားလိုက်ပါ... သူ့ကံပေါ်လည်း မူတည်တယ်"
ငါးကြင်းနတ်ဆိုးက "သူ့ကံကို ကြည့်ရမယ်? မင်း လေးလေးနက်နက် ပြောနေတာလား ဒါက ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး!"
လူတိုင်း: "..."
"ဘာလို့ အဲ့လိုပြောတာလဲ"
အားရှစ်နရှုံမှာ သိပ်နားမလည်သလိုဖြင့် မေးလိုက်သည်။ အမေးခံရသောအခါ အားထိုက် စိတ်မရှည်တော့ဘဲ ရိုးရိုးရှင်းရှင်းသာ ရှင်းပြတော့သည်။
"ဟုန်ကျွင့်ကိုယ်ထဲက 'နတ်ဆိုးမျိုးစေ့'က လီကျင်လုံဆီက နှလုံးမီးအိမ်နဲ့ပဲ ချေဖျက်နိုင်မှာ...အဲဒါက ဒီနေ့ငါတို့ ဆွေးနွေးနေတဲ့ အရာပဲ... ဒီတိုက်ပွဲပြီးရင် လီကျင်လုံ ထိုက်ဟန်တောင်ထွတ်ကို သွားရမယ်...ယောင်ကျင်းနန်းတော်မှာ ဖြေရှင်းချက်ရှိမရှိ ကြည့်ရမှာ”
အားရှစ်နရှုံက ခဏလောက် စဉ်းစားပြီး စာသားတစ်ခုကို ရွတ်ဆိုလိုက်လေသည်။
"မှောင်မိုက်တဲ့ မြက်ခင်းပြင်မှာ ငါချစ်ရတဲ့ မိန်းကလေးဟာ အရုဏ်ဦးကိုခေါ်ဖို့ မီးခွက်တစ်ခုပဲ ထွန်းထားနိုင်လေတယ်!"
၎င်းသည် သူတို့ဒေသ သရုပ်ဖော်မှုဖြစ်ပြီး အားရှစ်နရှုံ ပြောချင်သော အဓိပ္ပာယ်မှာ ချစ်ခြင်းမေတ္တာဖြင့် အမှောင်ထုကို ဖယ်ရှားနိုင်သည်ဟုပင်။ အားထိုက်ခမျာ မရယ်မငိုဘဲ ခေါင်းယမ်းကာ ဆို၏။
"သူက နားမလည်ဘူးကွ"
နှင်းတွေ ကျလာပြန်ပြီ။ အားလုံး ချီလျန် တောင်ခြေရင်းမှာ စုဝေးနေကြသည်။ မော့ရစ်ကန်းက သားရေချပ်ဝတ်တန်ဆာကို ဟုန်ကျွင့်ဆီ ပစ်ပေးလိုက်ရာ ဟုန်ကျွင့်က ၎င်းကို ဝတ်ဆင်ကာ လက်နှစ်ဖက်ကို ထည့်ထားလိုက်သည်။ အားထိုက်ကလည်း ယပ်တောင်ကို ဝှေ့ယမ်းပြီး လေပြင်းတွေ တိုက်ခတ်စေကာ သူတို့ငါးယောက်ကို တောင်ထိပ်က ချောက်ကမ်းပါးတစ်ခုဆီ ပို့ဆောင်စေ၏။ ချောက်ကမ်းပါးရဲ့ နေရောင်အောက်၊ မဟာတံတိုင်းကြီးရဲ့ အဆုံးမှာ စစ်ရေးကိစ္စများ စောင့်ကြည့်ဖို့ သစ်သားအိမ်လေး တစ်လုံးရှိသည်။
မဟာတံတိုင်းကြီးမှ လေပြင်းသည် လျောင်တုံးမှ စတင်ကာ ပေါ်ဟိုင်၊ လူခို၊ ဟဲပေ၊ ကျင်းယန်၊ ကွမ်ကျိုးတို့ကို ဖြတ်၍ တိုက်ခတ်နေသည်။ ချင်မင်းဆက်ရဲ့ မဟာတံတိုင်းဟာ အလွန်ခမ်းနားလှ၏။ ၎င်းက တောက်ပသော လမင်းအောက်၌ ဟန်မင်းဆက်ကို ချိတ်ဆက်ကာ ခရိုင်ပေါင်းတစ်ရာနီးပါးကို ဖြတ်၍ သွယ်တန်းလျက် ရှိသည်။
ဧကရာဇ်မင်းများ၏ မသေနိုင်သော အောင်မြင်မှုများသည် မဟာတံတိုင်း အပြင်ဘက်တွင် လှိမ့်နေသော မြင်းငါးကောင်၏ အသံများနှင့် ဆက်စပ်နေသယောင်။ ဤနေရာသို့ ရောက်ရှိသောအခါတွင် ကျယ်ပြောလှသော တရုတ်ပြည်ကြီးဟာ ဆောင်းရာသီရဲ့ နောက်ဆုံးတွင် ဘာမှမဖြစ်ခဲ့သလိုပင် တိတ်ဆိတ်နေသည်။
သို့သော်လည်း လေက ညှော်နံ့တွေကို သယ်ဆောင်လာပြီ ဆိုတာ ဟုန်ကျွင့်တောင် အနံ့ခံနိုင်နေပြီလေ။
အားထိုက်: “ဘယ်မှာလဲ”
နေမင်းကြီးသည် မဟာတံတိုင်းကို ဖြတ်၍ အနောက်မြောက်ဘက် တောင်တန်းများဆီသို့ ထွန်းလင်းတောက်ပနေသည်။ လီကျင်လုံက ဓားတစ်ချောင်းကို ကိုင်ဆောင်ထားပြီး အကွာအဝေး တစ်ခုဆီသို့ ညွှန်ပြကာ လူတိုင်းမြင်နိုင်ရန် လှုပ်ရှားနေသည်။
တောင်၏ တစ်ဖက်တစ်ချက်စီတွင် စွန့်ပစ်ထားသော ရှေးဟောင်းမီးရှူးတန်ဆောင် မျှော်စင်များရှိသည်။ ကျာကျိုးမှ စေလွှတ်လိုက်သော စစ်သည်များက သူတို့ထပ်တောင် မြန်နေသေး၏။ တောင်နှစ်ဖက်စလုံးတွင် ချောင်းမြောင်းပြီး ပုန်းခိုနေကာ ကြိုးဆယ်ချောင်းထက် ပို၍ ချောက်ကမ်းပါးထဲ ပစ်ချထားသည်။
မော့ရစ်ကန်းသည် ဝံပုလွေတစ်ကောင် အသွင်ပြောင်းကာ ကြိုးကိုကိုက်ရင်း ကျောက်တုံးကြီးတစ်ဝိုက်တွင် ရစ်ပတ်လိုက်သည်။
"ဖုတ်ကောင်တွေရဲ့ စစ်တပ်က ဒီနားကို ချဉ်းကပ်လာပြီ... လျိုဖေး ဘယ်သွားတာလဲ"
တကယ်တော့ ဟုန်ကျွင့်ရဲ့ စွဲလမ်းမှုပြဿနာကို ဖြေရှင်းပြီးနောက် လျိုဖေးဟာ သူတို့ကို နှုတ်ဆက်ပြီး တစ်ယောက်တည်း ထွက်သွားခဲ့သည်။ လီကျင်လုံခည်း သူ့ဘယ်မှာရှိနေသည်ကို လိုက်ရှာရန် ဂရုမစိုက်ဘဲ အနီးနား၌ ချုံခိုတိုက်ခိုက်နေခြင်း ဖြစ်နိုင်သည်ဟုသာ ခန့်မှန်းခဲ့သည်။ သို့မဟုတ် သေလွန်သော ဖုတ်ကောင်များ၏ စစ်တပ်နောက်သို့ လိုက်ကာ လှုပ်ရှားဖို့ အခွင့်အရေးများကို စောင့်နေတာလည်း ဖြစ်နိုင်၏။
လီကျင်လုံ: "ခဏနေရင် မင်းကို အားကိုးရတော့မှာပဲ...ဟုန်ကျွင့် ဖုတ်ကောင်စစ်တပ်က ဒီနေရာကို ဖြတ်ပြီးတာနဲ့ နှင်းတောင်ထိပ်နှစ်ဖက်ကို ဖြတ်ဖို့ မင်းရဲ့ဓားပျံကို သုံး!"
ဟုန်ကျွင့်သည် ချောက်ကမ်းပါးရှေ့တွင် ရပ်နေကာ သူ့လက်ဖဝါးများပွင့်ကာ မသေမျိုးဓားပျံ ဓားလေးစင်း ပေါင်းစပ်လိုက်ရာ မော့ဓားရှည် ပေါ်လာပြီး သူက ခေါင်းညိတ်လိုက်သည်။ အားရှစ်နရှုံ အလွန်အံ့သြသွားပြီး ဟုန်ကျွင့်ကို လှည့်ကြည့်လိုက်သည်။
"မင်း မှော်စွမ်းအားကို သုံးလို့ရပြီလား"
မော့ရစ်ကန်းက စိုးရိမ်တကြီးနဲ့ မေးသည်။
ဟုန်ကျွင့်: "အခုက လုံးဝပြန်ကောင်းသွားပါပြီ... အားလုံး စိတ်ပူစရာ မလိုပါဘူး"
လီကျင်လုံသည် အနီးနားရှိ မြေမျက်နှာသွင်ပြင်ကို ခဏလောက် စောင့်ကြည့်ပြီးနောက် ဆိုလာ၏။
"မင်းတို့ရဲ့ခွန်အားကို အသုံးချနိုင်တဲ့ ချောက်ကမ်းပါးမှာ နေရာတော်တော်များများ ရှိတယ်... ခဏနေရင် မင်းတို့ကို ဒုက္ခပေးရတော့မှာပဲ"
အားလုံးက ခေါင်းညိတ်ပြပြီး အဝေးကို လှမ်းကြည့်လိုက်ကြသည်။ နေရောင်က သွေးတွေလို မိုးကုပ်စက်ဝိုင်းဆီ တရွေ့ရွေ့ ရွေ့လျားပြီး တဖြည်းဖြည်း နစ်မြုပ်သွား၏။ မဟာတံတိုင်းကြီး၏ အဆုံးသို့ ထောင်ပေါင်းများစွာသော တပ်များနှင့် မြင်းများက အနက်ရောင် လှိုင်းလုံးကြီးတစ်ခုနှယ် မိုးကုတ်စက်ဝိုင်းတွင် ပေါ်ထွက်လာသည်။
စုစုပေါင်း အယောက် 200,000 ရှိသော အသေကောင် ဖုတ်ကောင်များကို တိုက်ခိုက်ရတော့မည်။ ထိုစစ်တပ်သည် လူဆိတ်ညံနေသော ကောပိရှိ မဟာတံတိုင်းဆီသို့ ဒီရေကဲ့သို့ တိုးလာကြပုံမှာ မြေကြီးတောင် ပြိုကျသွားတော့မလိုပင်။
အားထိုက် အံ့အားသင့်သွားသော်လည်း အားရှစ်နရှုံက ရယ်ပြီး။
"ဒီဘီလူးအုပ်စုက တခြားသူတွေ မမြင်အောင် ပုန်းအောင်းဖို့ ရည်ရွယ်ချက် မရှိပါဘူး"
မော့ရစ်ကန်း: "လူ 200,000 ရှိတဲ့ စစ်တပ်...သူတို့သွားတဲ့ လမ်းမှာ ဘယ်ခရိုင်ရှိရှိ ခွာသံ ရောက်တာနဲ့ သေခြင်းတရားတွေ ရောက်လာလိမ့်မယ်....."
လီကျင်လုံ ရုတ်တရက် "ဟုန်ကျွင့်" ဟု ခေါ်လိုက်သည်။ ဟုန်ကျွင့် လီကျင်လုံကို လှည့်ကြည့်လိုက်သည်။ သူတို့နှစ်ဦး၏ရှေ့တွင် နေရောင်ခြည်က လင်းလက် တောက်ပနေပြီး လီကျင်လုံ၏ ချောမောသော မျက်နှာက ဟုန်ကျွင့်အား ကြည့်နေခဲ့သည်။
"သူတို့ လာနေပြီ!"
ထိုစဥ် မော့ရစ်ကန်းက လီကျင်လုံ မပြောနိုင်သော စကားများကို ရပ်တန့်စေလိုက်သည်။
ဟုန်ကျွင့် ချိုင့်ဆီသို့ ချက်ချင်း လှညွကြည့်လိုက်သောအခါတွင် သရဲတစ္ဆေတပ်များသည် မဟာတံတိုင်းကြီး၏ အစိတ်အပိုင်းကြီးကို ဖြိုချလိုက်တာ မြင်လိုက်ရ၏။ ထို့နောက် ရှေ့တန်းက အကောင်များသည် ပြင်းထန်သော အင်အားဖြင့် ချောက်ထဲသို့ ပြေးဝင်နေပြီ ဖြစ်သည် မြေကြီးသည် အရောင်ပြောင်း၍ အေးစက်သောလေပြင်းများနှင့်အတူ ပြင်းထန်သော နှင်းမုန်တိုင်းများလည်း အတူပါလာသည်။
"အချိန်မကျသေးဘူး!"
လီကျင်လုံသည် ဟုန်ကျွင့်လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်၏။ တခဏချင်းတွင် မြင်းတပ်များ ချိုင့်ထဲသို့ ပြေးဝင်မှုက ပိုများလာတာကြောင့် ချောက်ကမ်းပါးပေါ်ရှိ လူတိုင်း အသက်ရှုကြပ်သွားကြသည်။
ဝံပုလွေကြီးဆီက ရုတ်တရက် ဟောက်သံ ထွက်လာပြီး သူ၏ သူငယ်အိမ်များသည် မီးမှိန်မှိန်အလင်းဖြင့် တောက်ပလာကာ မဟာတံတိုင်းကြီးကို ဖြတ်ကျော်ကာ ပင်မစစ်တပ်မှ မြင်းနှစ်ကောင်ကို အရင် မြင်လိုက်ရသည်။
မြင်းများထဲမှ တစ်ယောက်က မျက်နှာကို သံချပ်ကာဖြင့် ဖုံးအုပ်ထားသော အရပ်ရှည်သော စစ်သည်တော်တစ်ဦး စီးနေသည်။ အနက်ရောင် ကင်းထောက်ဝတ်စုံ ဝတ်ထားသော ပိန်ပိန်ပါးပါး လူငယ်လေး စီးလာသော အခြားစစ်မြင်းတစ်စီးလည်း ရှိသည်။ ၎င်းမှာ လုရွှီပဲ ဖြစ်သည်။