(23) ပျင်းစရာကောင်းတဲ့ အချက်ပြနည်း
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 3)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

တိမ်ထိပ်ကောင်းကင်နန်းတော် (ဒုတိယပိုင်း)


Chapter (23)

ပျင်းစရာကောင်းတဲ့ အချက်ပြနည်း



'ရွှမ်ဝူက အလောင်းကို ငြင်းပယ်လိုက်တယ်... ချီးကို အလောင်းငြင်းနေလိုက်!'


ဒါကို တွေးကြည့်မိတော့ ဝူရှဲ့စိတ်တွေ ရုတ်တရက် ကြည်လင်လာပြီး ရယ်လည်း မရယ်နိုင်တော့ပေ။ တကယ်တော့ ဒါက နားလည်မှု လွဲနေတာပါပဲ။ သူ့ဦးလေး ပြောခဲ့တဲ့ စကားလေးလုံးက ဒီစကားလေးလုံး မဟုတ်ပေ။ အသံထွက်ဆင်တူတဲ့ စကားလုံးလေးလုံးက ပြီးပြည့်စုံတဲ့ နားလည်မှုလွဲတာကို ဖြစ်စေခဲ့တာပဲ ​ဖြစ်လေသည်။ 


မျှော်လင့်ထားသလိုပဲ ဒီစကားလုံးတွေက တကယ်တော့ ကုဒ်လုံးဝ မဟုတ်ခဲ့ချေ။ ဦးလေးသုံးဟာ ရိုးရှင်းသလောက် ရှုပ်ထွေးနိုင်တဲ့ စကားလုံးတွေကို တခြားသူတွေ ကြားနိုင်အောင် လိမ္မာပါးနပ်တဲ့ နည်းလမ်းကို အသုံးပြုခဲ့တာပဲ ဖြစ်သည်။ အဲဒါကိုသာ သူ့ရှေ့မှာ ရေးပြထားမယ် ဆိုရင် အဓိပ္ပာယ် အစစ်အမှန်ကို ချက်ချင်းပဲ သိနိုင်လိမ့်မည်။ 


ဦးလေးသုံးသည် အစကတည်းက သူနဲ့အတူ ဧကရာဇ်ဂူဗိမာန်ကို လာမယ့်လူတွေက သူစီစဉ်ပေးတဲ့လူတွေ မဟုတ်ကြဘူး ဆိုတာ တွေးထားပြီးသား ဖြစ်လိမ့်မည်။ 


ဖန့်ကျစ်တို့သည် ဝူရှဲ့ရဲ့ အမူအရာ အပြောင်းအလဲကို မြင်ပြီးနောက် သူတစ်ခုခုကို တွေးမိကြောင်း ချက်ချင်းသိသွားကြရာ ဘာတွေ တွေးနေလဲလို့ အလျင်စလို မေးမြန်းလာကြသည်။ သို့နှင့် ဝူရှဲ့လည်း ရှင်းပြလိုက်သည်။ 


"ကျွန်​တော်တို့ထင်တာ မှားနေတာ... ဦးလေးသုံးက ဒီစာကြောင်းကို 'ကျွန်​တော် နားလည်တယ်' လို့ပြောခဲ့တယ်နော်... အရေးကြီးဆုံး အကြောင်းရင်းက သူနဲ့ကျွန်တော့်​ကြားမှာ တူညီတဲ့အရာတစ်ခု ရှိလို့မဟုတ်ဘူး... ကျွန်တော်က ဟန်ကျိုးမှာ ကြီးပြင်းလာလို့ပဲ"


လူတိုင်းကတော့ ဒီလောက်နဲ့ နားမလည်ကြသေးပေ။ ထိုအခိုက် ဖက်တီးက ဝင်ဆိုလာသည်။


"ဒါဆို ဟန်ကျိုးရဲ့ ရှုခင်းနဲ့ တစ်ခုခု ဆက်စပ်နေတာလား? မဟုတ်​လောက်ဘူး... ဖက်တီး ငါ ဟန်ကျိုးကို ရောက်ဖူးပြီးသား 'ရွှမ်ဝူကျွိရှစ်' (ရွှမ်ဝူက အလောင်းကို ငြင်းပယ်တယ်) ဆိုတဲ့ ရှုခင်းသာနေရာကို တစ်ခါမှ မကြားဖူးဘူး"


ဖန့်ကျစ်က ခေါင်းခါပြီး "မင်းဘာတွေ ပြောနေတာလဲ? ဒါက ရှုခင်းနဲ့မဆိုင်ဘူး ဟန်ကျိုးမှာ မကြီးပြင်းလာတဲ့ လူတွေက ဟန်ကျိုးရဲ့ ရှုခင်းသာနဲ့ သမိုင်းဝင်နေရာတွေနဲ့ မရင်းနှီးတာ ဖြစ်နိုင်ပါတယ်....သခင်သုံးက ဟန်ကျိုးမှာ အခြေချနေထိုင်တာ ဆယ်နှစ်နီးပါးရှိပြီ အနောက်ရေကန် အကြောင်းကိုတောင် သူသိတယ်...အရင်တစ်ခေါက်က လက်ဖက်ရည်သောက်ဖို့ ကျောက်မျက်တောင်ကို ခေါ်သွားပြီး ငါတို့ကို လမ်းပျောက်အောင်တောင် လုပ်ပေးသွားသေးတယ်... နောက်ဆုံး မိုးမှောင်လာတော့မှ ယွိချွမ် ရောက်နေတာကို တွေ့လိုက်ရတာ" 


ဝူရှဲ့လည်း ခေါင်းညိတ်ပြလိုက်သည်။ အမှန်တော့ သူကိုယ်တိုင်လည်း ဒီလိုလူပါပဲ။ ရှေးဟောင်းပစ္စည်း လုပ်ရန် ပြောသူတိုင်းသည် အထိမ်းအမှတ် အဆောက်အအုံများကို နှစ်သက်ကြပြီး ရှုခင်းသာ နေရာများစွာကို ရောက်ဖူးရမယ်လို့ ဘယ်သူက ပြောလို့လဲ။ 


ဖက်တီးက မျက်မှောင်ကြုတ်ပြီးပြော၏။


"ရှုခင်းနဲ့ မဆိုင်ဘူးလား? အဲဒါဆိုဘဘာလဲ? မင်းငါ့ကို တိုက်ရိုက်ပြောပြရင် ပိုကောင်းမယ်နော်... ငါအရမ်း စိတ်လှုပ်ရှားနေပြီ" 


ပြောပြီး သူ့ချွေးတွေကိုလည်း သုတ်လိုက်သည်။ 


"ဒါက အရမ်းရိုးရှင်းပါတယ်... ဟန်ကျိုးမှာ ကြီးပြင်းလာတိုင်း ရှုခင်းတွေကို သေချာပေါက်ရင်းနှီးမှာ မဟုတ်ပေမယ့် ဟန်ကျိုးရဲ့ ဒေသိယစကားကို သေချာပေါက် နားလည်နိုင်တယ် အဲဒါက သော့ချက်ပဲ ”


လူတိုင်း အံ့အားသင့်သွားကြတာမှ အကြာကြီးပင်။ သူတို့မှာ ကိုယ်စီအတွေး တချို့ရှိသော်လည်း နားမလည်ကြသေးပေ။ ဖက်တီးက မေးလိုက်၏။ 


“အဲဒါ အသံထွက်လား” 


ဝူရှဲ့ မဆိုင်းမတွ ခေါင်းညိတ်လိုက်သည်။ ဒီမှာရှိတဲ့ လူနည်းစုထဲမှာ သူကသာ ဟန်ကျိုး ဒေသိယ ဘာသာစကားကို ကျွမ်းကျင်တဲ့သူလေ။ ဖန့်ကျစ်က ချောင်ရှားမှာပဲ တစ်နှစ်ပတ်လုံး ရှိနေခဲ့သည်။ သူက ဟန်ကျိုး ဒေသိယစကားကို ပြောတတ်နားလည် နိုင်ပေမယ့် နက်နက်နဲနဲ​တော့ သိနိုင်မှာ မဟုတ်ပေ။ 


ဖက်တီးက ပေကျင်းက ဖြစ်ကာ ဒီနေရာမှာပဲ တစ်နှစ်ပတ်လုံး နေထိုင်တဲ့ ရွှင့်ကျစ်ဆိုလည်း ပြည်မကြီးစကားကိုပင် ကောင်းကောင်း မပြောတတ်ဘူးဆိုတာ သိသာလေသည်။ ဒါကြောင့် ဦးလေးသုံးက ဟန်ကျိုး ဒေသိယဘာသာစကားနဲ့ ပြောခဲ့ကာ သူပဲ နားလည်နိုင်တယ်လို့ ပြောခဲတာ ဖြစ်ပေသည်။ 


ကံမကောင်းစွာပဲ ရွှင့်ကျစ်သည် တရုတ်စကား မကျွမ်းကျင်သောကြောင့် သူသည် အသံထွက်ကိုသာ မှတ်မိလေသည်။ အဆုံးတွင် ယခင်စကားလုံးများနှင့် အသံထွက် ပြောင်းလဲမှုကြောင့် လွဲမှားသော ဝါကျဖြစ်လာခဲ့သည်။


ဖန့်ကျစ်က သူ့ခေါင်းသူ ပွတ်သပ်ပြီး ဆိုလေသည်။ 


"ဟူး... ဒါကို ငါတကယ် မထင်ထားဘူး... 'ရွှမ်ဝူ' က အလောင်းကို ငြင်းတယ်.... ဟန်ကျိုး ဒေသိယဘာသာစကားနဲ့ အသံထွက်ရင် 'ရွှမ်ဝူ' က ဘာကိုဆိုလိုတာလဲ? အသံထွက်ရတာ ခက်မယ့်ပုံပဲ"


ဝူရှဲ့ပြုံးပြီး ပြောလိုက်၏။ 


"ကျွန်​တော့်ရဲ့ ခွဲခြမ်းစိတ်ဖြာမှုကို နားထောင်ကြည့်လိုက်... တကယ်တော့ ဦးလေးသုံးရဲ့ ကုဒ်စကားလုံးက စာလုံးလေးလုံး မဟုတ်ဘူး.. 'ရွှမ်ဝူကျွိရှစ်ကျစ်သိ' (ရွှမ်ဝူက အလောင်းကို ငြင်းတဲ့နေရာ) ဆိုတဲ့ စကားလုံး၆လုံးပဲ... ပထမဆုံးစာလုံး 'ရွှမ်'က ဟန်ကျိုး ဒေသိယစကားနဲ့ဆို 'ယွမ်' အသံထွက်နဲ့ အတူတူပဲ.... ဒုတိယ 'ဝူ' က အင်းအိုင်လို့ခေါ်တဲ့ 'ဟူ' အသံထွက်နဲ့ အတူတူပဲ ဒါပေမဲ့ ဟန်ကျိုးမှာက 'ဟဲ' လို့လည်း အသံထွက်တယ်...ကျွိက ချွီဆိုတဲ့ တူးမြောင်းဆိုတဲ့ စကားလုံး... ရှစ်က ရေဆိုတဲ့ ရွှေအသံထွက်.. ကျစ်က ဟန်ကျိုးစကား ကျစ့် အသံထွက်၊ သိက အောက်ခြေဆိုတဲ့ အသံထွက်နဲ့ အတူတူပဲ... အဲဒီအသံထွက်တွေကို ပေါင်းစည်းလိုက်ရင် အဓိပ္ပာယ်က 'မြစ်တူးမြောင်းတစ်လျှောက်က ရေ အောက်ခြေအထိ' တဲ့!"


ဝူရှဲ့ ရှင်းပြပြီးတာနဲ့ လူတိုင်းလည်း “အာ”ကနဲ ​ဖြစ်သွားကြကာ ဉာဏ်အလင်း ပွင့်ထွက်လာတာကို တွေ့လိုက်ရသည်။ ဖက်တီးက ခေါင်းညိတ်ပြ၏။ ဝူရှဲ့ရဲ့ဘာသာပြန်မှုက အရမ်းကျိုးကြောင်းဆီလျော်ပြီး အပြစ်အနာအဆာ မရှိသလောက် ဖြစ်နေတာ သိသာပါသည်။


ဖန့်ကျစ်က စုတ်သတ်လေသည်။ သခင်သုံးကတော့ သခင်သုံးပါပဲ။ ချန်ဖီအားစစ်သာ ဒီစာကြောင်းကို ကြားရင် ဘယ်တော့မှ တွေးတောင်တွေးမိမှာ မဟုတ်သလို 'ရွှမ်ဝူက အလောင်းကို ငြင်းပယ်တယ်' ဆိုတဲ့ စကားလုံးကို ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ သူ့ဦးနှောက်တွေကို ကြိတ်မိလိမ့်မည်။ 


“မြစ်ရေလား?” ဖက်တီးက ထပ်စဥ်းစားသည်။ 


“ဒါပေမဲ့ ဒီမှာ မြစ်တွေ အိုင်တွေ မရှိဘူးလေ... ဧကရာဇ်သင်္ချိုင်းထဲမှာ မြစ်ရှိလို့လား?”


"ဂူဗိမာန်မှာ သေချာပေါက် မရှိနိုင်ဘူး... စမ်းရေပေါက်တော့ ရှိနိုင်ပေမယ့် မြစ်ရေကို ထိန်းမထားနိုင်လို့ မြစ်တစ်စင်းကတော့ ရှိမနေသင့်ဘူး.... ရေက အရမ်းများရင် အပေါ်ကို တက်လာလိမ့်မယ်။ ရေကြီးလာရင် မြေကြီးတွေ ပြိုကျပြီး ရှေးဟောင်းသင်္ချိုင်းကြီး ပေါ်လာလိမ့်မယ်.... မြစ်ရေလမ်းကြောင်း ဆိုတာ ဒီကျုံးကို ရည်ညွှန်းတာ ဖြစ်နိုင်တယ်"


ဖန့်ကျစ်၏ မျက်နှာပေါ်ရှိ အသားများသည် စိတ်လှုပ်ရှားစွာဖြင့် တဆတ်ဆတ်တုန်ကာ 


"ဒါဆို ငါတို့ အချင်းချင်း မှားပြီး တိုက်မိကြရင်ရော? ငါတို့အခု လမ်းမှန်ကို လျှောက်နေကြတာ​ရော ဟုတ်သေးရဲ့လား?"


“ပြောဖို့ခက်တယ်”


ဝူရှဲ့ ခေါင်းခါယမ်းလိုက်မိသည်။ နောက်ဆုံးတော့ သူသည် ဧကရာဇ်ဂူဗိမာန်များကို တစ်ခါမှ မရောက်ဖူးတဲ့ အတွက် အတွင်းထဲမှာ ဘာတွေဖြစ်နေနိုင်မှန်း မခန့်မှန်းနိုင်ပေ။ သို့သော် အခုလက်ရှိ သဲလွန်စတွေနဲ့ ဖတ်ဖူးတဲ့ အချက်အလက်တွေ အရဆို အခုနတုန်းက သူ့ရဲ့ ခွဲခြမ်းစိတ်ဖြာမှုက အဓိပ္ပာယ်ရှိနေတုန်းပါပဲ။


“မြစ်က ကျုံးဖြစ်ရင် ချောင်းက ငါတို့အခုနက မြင်ခဲ့တဲ့ မြောင်းများလား?”


ဖက်တီးက ချက်ချင်း မတ်တပ်ထရပ်ပြီး တစ်ဖက်ရှိ ကျောက်ရုပ်တွေနဲ့ ပြည့်နေတဲ့ သင်္ချိုင်းမြောင်းကို ကြည့်လိုက်လေသည်။ ဒါဟာ တကယ်ကို ပြီးပြည့်စုံတဲ့ တိုက်ဆိုင်မှုပါပဲ။ ဦးလေးသုံးပေးတဲ့ အချက်ပြချက် ပေါ်လာသောအခါ ဝူရှဲ့တို့အားလုံး ခေါင်းလှည့်ကြည့်ရင်း နှလုံးခုန်မြန်လာကြသည်။


“ဒါပေမဲ့... တူးမြောင်းမှာ ရေမရှိဘူး”


ဖန့်ကျစ်က အနည်းငယ် မသေချာသည့်ဟန်ဖြင့် ဆိုလာသည်။ ဝူရှဲ့ ခေါင်းခါပြီး ပြောလိုက်၏။ 


"ဦးလေးသုံး အဲဒီအချိန်တုန်းက ဧကရာဇ်ဂူဗိမာန်ထဲကို မ၀င်ရ​သေးဘူး သူပြောခဲ့တာတွေက တခြားတစ်နေရာက သူရလာတဲ့ အရိပ်အမြွက်လောက်ပဲ ဖြစ်နိုင်တယ်... အဲဒါက ရှေးဟောင်း စာအုပ် ဒါမှမဟုတ် မြေပုံလိုမျိုး ဖြစ်နိုင်တယ်... အဲဒီတုန်းက ရှေးဟောင်းစာအုပ်ကို ထုတ်ခဲ့တဲ့ လူတွေက ဒီကျုံးမှာ ရေမရှိတော့ဘူးလို့ တစ်ခါမှ မထင်ခဲ့ကြတာလည်း ဖြစ်နိုင်တယ်"


ဤမြစ်ရိုးပေါ်တွင် စုပုံနေသော ကျောက်တုံးများတွင် သံချေးတက်သည့် သဲလွန်စများ ရှိသည်။ ဤမြစ်တွင် မူလက ရေ​တွေရှိကောင်းရှိမည် ဖြစ်သော်လည်း နှစ်ထောင်ပေါင်းများစွာ ကြာပြီးနောက် မြစ်၏ရေရင်းမြစ် ဖြစ်သော မြေအောက်မြစ် သို့မဟုတ် ပူပြင်းသော စမ်းရေတွင်းမှာ ခန်းခြောက်သွားလေပြီ။ မြစ်ရေက ရေကို ပြန်မဖြည့်နိုင်တော့ဘဲ မြေကြီးထဲကို တရွေ့ရွေ့ စိမ့်ဝင်သွားပြီး နောက်ဆုံးမှာတော့ ဘာမှ မကျန်တော့ပေ။ 


ဖက်တီးသည် ဒေါသကို မထိန်းနိုင်ဘဲ သေနတ်ကို တစ်ချက်နှိပ်ကာ လည်ပင်းကို စောင်းငဲ့ကြည့်လိုက်သည်။ 


“ရဲဘော်တို့... ငါတို့ရဲ့ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားနဲ့ တော်လှန်ရေး အတွက် စည်းလုံးရတာ အရမ်း ရှားတယ်နော်... ဘာကို စောင့်နေတာလဲ? အတူတူ ချီတက်လိုက်ကြစို့လေ!"


ယခုတစ်ကြိမ်တွင် ဖက်တီး၏ အကြံပြုချက်ကို ငြင်းဆိုရန် အကြောင်းပြချက် တစ်ခုမျှ ရှာမတွေ့တော့ပေ။ ဒါ့အပြင် ဖက်တီးမှာ ချက်ချင်းထွက်ချင်တဲ့အထိ စိတ်မရှည်တော့တာ ထင်ရှားပါသည်။ သို့သော် ဖန့်ကျစ်က သူ့ကို ဆွဲချလိုက်ပြီး။ 


"အခုငါတို့ သဲလွန်စ ရသွားပြီပဲ... အလျင်စလို လုပ်စရာ မလိုသေးပါဘူး ရှောင်စန်းရယ် (တတိယသခင်လေး)က ဒဏ်ရာ ပြင်းပြင်းထန်ထန် ရနေပြီး မသက်သာသေးဘူး... မင်းတစ်ယောက်တည်း သွားချင်တာလား ဒါမှမဟုတ် သူ့ကို ဒီမှာသေသွားအောင် ထားခဲ့စေချင်လား"


[TN - ရှောင်စန်းရယ် ဆိုရင် ဝူရှဲ့လို့ပဲ မှတ်ထားပေးပါ။ တတိယသခင်လေးလို့ အဓိပ္ပာယ် ရပါတယ်။]


ဖက်တီးလည်း အံ့အားသင့်သွားပြီး ခဏလောက် စဉ်းစားကြည့်နေ၏။ ပြီးနောက် အဓိပ္ပာယ်ရှိလာတယ်လို့ ခံစားနေရသော်လည်း သူတကယ်ကို ရူးသွပ်နေသောကြောင့် ရွှင့်ကျစ်ကို လက်ဖြင့်ပုတ်ပြီး။


"ဒါဆိုလည်း ဒီကအစ်ကိုနဲ့ သွားကြည့်ရအောင်... သခင်သုံး မင်းကိုပေးခဲ့တဲ့ ပမာဏထက် မနည်းစေရဘူးကွာ"


ရွှင့်ကျစ်က မထင်မှတ်ပဲ ခေါင်းယမ်းလိုက်ပြီး။


"သူဌေး ကျွန်တော့်တာဝန်က သူ့ကို ဦးလေးသုံးဆီ ခေါ်သွားဖို့ပဲ" 


သူက ဝူရှဲ့ကို လက်ညှိုးထိုးပြလိုက်သည်။ 


"အခုချိန်ကစပြီး ခင်ဗျားတို့ရှင်တာ ဒါမှမဟုတ် သေတာကို ဂရုမစိုက်တော့ပေမယ့် သူ့ကို စောင့်ကြည့်ဖို့တော့ တာဝန်ရှိတယ်"


ဒါကိုကြားတော့ ဝူရှဲ့လည်း ရယ်မောလိုက်ပြီး ဖက်တီးကိုကြည့်၍ မေးလိုက်သည်။ 


"ဒီမှာ ဘယ်သူလဲက အဓိကလူလဲ ဆိုတာ မင်းသိ​ပြီလား?"


ဖက်တီးက သက်ပြင်းချလိုက်ပြီး ဝမ်းသာအားရနဲ့ပြောပါ၏။ 


"ကောင်းပြီလေ မင်းတို့အားလုံး ဒီမှာ အနားယူကြ... ဖက်တီးငါ တစ်ယောက်တည်း သွားလိုက်မယ် ရတနာတချို့ကို ပွေ့ပြီး ပြန်လာတဲ့အထိ စောင့်နေကြပေါ့... မင်းတို့ မနာလိုဖြစ်သွားမလား ကြည့်လိုက်ဦးမယ်... ငါရှေ့မှာတွေ့လို့ ငါထိလိုက်တဲ့ဟာ မှန်သမျှ ငါ့ဥစ္စာပဲနော်... မင်းတို့အတွက် ဘာမှမပါဘူး!"


ပြောပြီးနောက် သေနတ်ကို ကောက်ကိုင်ကာ ထွက်သွား​လေသည်။ 


သူက ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ရုတ်တရက် ခဏရပ်ကာ လှည့်ပြန်လာပြန်သည်။ ဝူရှဲ့တို့အားလုံး ရယ်မောလိုက်ပြီး သူ့ကို ဘာလုပ်နေတာလဲ၊ မသွားရဲတော့ဘူးလားလို့ မေးလိုက်သည်။ 


ဖက်တီးက ကျောပိုးအိတ်ကို ကန်ထုတ်ကာ လေမီးအိမ်ရဲ့ ဆန့်ကျင်ဘက်တွင် ထိုင်ချလိုက်သည်။


"ဘာလို့ မသွားရဲရမှာလဲ? မင်းတို့က ငါ့ကို ငတုံးလို့များ ထင်နေလား? ငါမတုံးဘူးနော်... ခဏစောင့်နေလို့ ငါပစ္စည်းတစ်ခုခုကို ရသွားတဲ့အချိန် မင်းတို့သုံးယောက် ​ပြေးတက်လာရင် ဘယ်လိုလုပ်မလဲ? ငါကရက်စက်တဲ့ ကျားဆိုပေမယ့် ဝံပုလွေတစ်အုပ်နဲ့တော့ မယှဉ်နိုင်ဘူးလေ ငါ့ကို အခွင့်ကောင်းယူပြီး သတ်ပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ? အသဲနှလုံးမရှိတဲ့ စီးပွားရေးမျိုး ဖက်တီး မလုပ်ချင်ဘူး"


ဖန့်ကျစ်သည် ဖက်တီးတစ်ယောက် မပျော်မရွှင် ဖြစ်နေတာကို မြင်လိုက်ရသောကြောင့် ကဲ့ရဲ့ဖို့ အခွင့်အရေး ယူလိုက်လေသည်။ 


“မင်းမှာပဲ လူကြမ်းနှလုံးသား ရှိတာ... ငါတို့ကို မင်းနဲ့တူတယ်လို့များ မှတ်နေလား?” 


သူတို့​ကြားက ခနဲ့နေတဲ့ စကားတွေ အရမ်းပြင်းထန်လာမှာ ကြောက်တာကြောင့် ဝူရှဲ့ သူတို့ကြား ဝင်တားလိုက်သည်။ 


"ကောင်းပြီ ဘာမှ မပြောနဲ့တော့ ကောင်းကင်ကို မမြင်ရပေမယ့် သန်းခေါင် ကျော်နေ​လောက်ပြီ အချိန်ရသေးတယ် အနားယူလိုက်ရအောင်"


ဖန့်ကျစ်က သူ့နာရီကို ကြည့်ပြီး ခေါင်းညိတ်ပြလာသည်။ သူက လေကာမီးခွက်ကို ဖွင့်လိုက်ရာ အနီးနား ပတ်ဝန်းကျင်က ရုတ်ချည်း ပူနွေးလာကာ ဖောင်းနေတဲ့ အိပ်ယာအိတ်ကိုလည်း ဆွဲထုတ်ကာ မှုတ်ထုတ်သွင်းလိုက်သည်။ ထို့နောက် အားလုံး အိပ်ပျော်သွားကြသည်။


ဖက်တီးက စီးကရက်မီးညှိရင်း အိပ်မပျော်ဘူးလို့ ပြောတဲ့အတွက် ပထမအဆိုင်းကို စောင့်ဖို့ တာဝန်ယူလိုက်လေသည်။ ဝူရှဲ့ သူ့ကို ငုံ့ကြည့်ပြီး ညလယ်မှာ ကိုယ့်ဘာသာကိုယ် လိုက်မရှာဖို့နဲ့ နန်းတော်ထဲကို ဝင်ပြီးတာနဲ့ လိုချင်တာမှန်သမျှ ယူလို့ရကြောင်း ပြောလိုက်သည်။ 


ထိုအခါ ဖက်တီးက ဒေါသတကြီးနဲ့ ​ပြန်ပြောလေသည်။ သူက ဝူရှဲ့တို့ ဘေးကင်းစေရန်အတွက် နိုးကြားနေမှာ ဖြစ်ပြီး သူကအဲ့လို လျှောက်လုပ်မယ့် လူလားဟုလည်း ပြန်ခုခံလေ၏။ 


ခရီးကြောင့် အားလုံးက ပင်ပန်းနေကြပြီ။ သူတို့ နှင်းတောင်ထိပ်ကို ရောက်ကတည်းက ညနေစောင်းနေပြီ။ ရေခဲထုပ်လို နန်းတော်ထဲ ရောက်ဖို့ကလည်း ၁၀ နာရီနီးပါး ကြာခဲ့သည်။ ကျောက်ဆောင်ကို တွယ်တက်ခဲ့ရတာ အပါအဝင် နေ့ရောညပါ အားသွန်ခွန်စိုက် တောင်တက်၊ ပြေးလွှား၊ ခုန်ပေါက်၊ လှေကားထစ်တွေကို ဂရုတစိုက် တ​က်ရနဲ့ အတော်လေး အလုပ်များခဲ့သည်။ 


ဒါ့အပြင် သူ့ခမျာ တံတားပေါ်ကနေလည်း ပြုတ်ကျခဲ့ရသေးသည်။ အဲဒါကို တွေးရင်းနဲ့ မောပန်းနွမ်းနယ်လာရာ ခေါင်းချမိတာနဲ့ မြန်မြန်ပဲ အိပ်ပျော်သွားတော့သည်။ 


ဝူရှဲ့ ကောင်းကောင်း အိပ်ပျော်သွားသည်။ သူက ဒဏ်ရာရထားတဲ့ လူဆိုတော့ ညမစောင့်ရပေ။ သတိမထားမိဘဲ အိပ်ရာက နိုးလာတော့ မီးအိမ်က အရမ်းမှိန်နေပြီမလို့ ပတ်ဝန်းကျင်က မှောင်စ ပြုနေပြီ။ ကျောက်တုံးပေါ် မှီ၍ ဆေးလိပ်သောက်သော သူသည် ဖန့်ကျစ်ဖြစ်ပြီး ဖက်တီးရဲ့ ဟောက်သံကတော့ မိုးခြိမ်းသံလို ဆူညံနေပြန်သည်။


ဝူရှဲ့ လက်ပတ်နာရီကို ကြည့်လိုက်တော့ ငါးနာရီပဲ အိပ်ခဲ့တာကို သိလိုက်ရ၏။ ဒါပေမဲ့ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတော့ အိပ်စက်မှု အရည်အသွေးက ပုံမှန်လို အရမ်းမကောင်းတော့ပေ။ ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် အရိုက်ခံထားရတာကြောင့် နိုးလာတဲ့အခါ သူ့စိတ်က လန်းဆန်းသွားသည်။ ဒါပေမဲ့ ငါ့ခန္ဓာကိုယ်က ပိုပင်ပန်းလာပြီး ခါးနဲ့ ကျောတွေက နာကျင်နေသည်။ 


မျက်နှာကို ပွတ်သပ်ပြီး အိပ်ယာလိပ်ထဲက တွားသွား၍ ထွက်လာခဲ့သည်။ လက်တွေ ခြေတွေကို လှုပ်ရှားရင်း ဖန့်ကျစ်ကို ခဏလောက် ပြန်အိပ်ခိုင်းလိုက်သည်။ သို့သော် ဖန့်ကျစ်က မလိုဘူးဟု ဆို၏။ ဒါကိုသူ ဗီယက်နမ်မှာ ကျင့်သုံးခဲ့ဖူးဖူးသည်။ တစ်နေ့သုံးနာရီပဲ အိပ်ကာ ကျန်တဲ့ အချိန်တွေမှာ ခေါင်းထောင်နေနိုင်သည်။ 


ဝူရှဲ့လည်း သူ့ကို လျစ်လျူရှုပြီး တစ်ဖက်က ကျောက်တုံးပေါ်မှာ ထိုင်ကာ သူ့​ဦးနှောက်ကို နိုးကြားစေဖို့အတွက် ဆေးလိပ်သောက်ဖို့ ပြင်လိုက်သည်။ 


သူတို့နှစ်ယောက် ခဏလောက် ငြိမ်သက်သွားကာ ရုတ်တရက် ဖန့်ကျစ်က ဦးလေးသုံး အခုဆို ဘယ်လိုနေမလဲ ဆိုတာ ခန့်မှန်းနိုင်မလားလို့ မေးလာခဲ့သည်။ သူတစ်ခုခုများ ဖြစ်​နေမလား။


သူ့အမူအရာက တကယ်ကို စိတ်ပူပြီး စိုးရိမ်နေတာကို မြင်လိုက်ရတော့ ဝူရှဲ့လည်း စိတ်ထဲမှာ နည်းနည်းတော့ စိတ်လှုပ်ရှားသွား၏။ ယုတ္တိနည်းအရ ပြောရရင် စစ်မြေပြင်ကနေ ဆင်းလာတဲ့ ဖန့်ကျစ်လို လူတွေဟာ ကျည်ဆန်တွေ၊ သေနတ်တွေ သေရေးရှင်ရေး ကိစ္စတွေကို မြင်ဖူးကြတာမို့ သူတို့မှာ ဒီလိုလေးနက်တဲ့ ခံစားချက်မျိုး မဖြစ်ရှိကြပေ။ 


ဒါပေမယ့် တကယ်တော့ ဖန့်ကျစ်ရဲ့ ဒီအဘိုးကြီးအပေါ် သစ္စာစောင့်သိမှုနဲ့ ယုံကြည်မှုက သူ့လို တူလေးကိုတောင် ရှက်စိတ်ဝင်လာစေလေ၏။ ဖန့်ကျစ်နဲ့ ဦးလေးသုံးတို ဘာဖြစ်ခဲ့ဖူးလဲ မသိဘူး။ အခွင့်အရေးရှိရင် သူ့ကို မေးကြည့်ရမည်။


သို့သော် ဝူရှဲ့ သူ့ကို နှစ်သိမ့်ပေးလိုက်သေးသည်။ 


"စိတ်မပူပါနဲ့ အဲဒီမြေခွေးကြီးက သူ့ကိုယ်သူတော့ ဘယ်တော့မှ ဆိုးဆိုးရွားရွား ဆက်ဆံမှာ မဟုတ်ဘူး... သူက သန်မာတဲ့လူ တစ်ခုခုဖြစ်ရင် သူ အခုအချိန်အထိ စောင့်​နေမှာ မဟုတ်ဘူး။ ကျွန်တော်တို့လည်း အခု ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့ လိုတယ်... ဒီအဆင့်မှာ ကျွန်​တော်တို့က ဘာမှမသိသေးလို့ တခြားသူတွေကို စိတ်ပူနေရုံပဲ တတ်နိုင်တယ်”


ဖန့်ကျစ်က ခေါင်းညိတ်ကာ သက်ပြင်းချရင်း တစ်ချိန်တည်းမှာ အနည်းငယ်လည်း စိတ်ဆိုးသွားခဲ့သည်။ 


"ကျုပ်ဦးနှောက်က သိပ်မကောင်းတော့ သခင်သုံး ဘာလုပ်နေလဲ နားမလည်နိုင်ဘူး... မဟုတ်ရင် သူကိုယ်တိုင် ဒီလို အန္တရာယ်မျိုးတွေ လုပ်စရာ မလိုပါဘူး ကျုပ်သွားလိုက်ရင် ရပြီကို "


ဦးလေးသုံး လုပ်ခဲ့တာက သိပ်အန္တရာယ် ကြီးမှာမဟုတ်ဘူးလို့ စိတ်ထဲမှာ ပြောရင်း ခါးခါးသီးသီး ပြုံးလိုက်မိသည်။ ဦးလေးသုံးရဲ့ အစီအစဉ်က ဘာမှန်းမသိပေမယ့် အခုအချိန်မှာ သူတို့ကသာ အန္တရာယ်အရှိဆုံး ဖြစ်နေကြသည်။  


ဥပမာအားဖြင့် ဒီတကြိမ်မှာ ဦးလေးသုံးက မြေအောက်နန်းတော်ရဲ့ တံခါးပေါက်ကို ကြိုပြီး ပေးနိုင်တယ်လို့ သဲလွန်စတွေကနေ သုံးသပ်ကြည့်ရင် သူ့မှာ မြေအောက်နန်းတော်ရဲ့ ဖွဲ့စည်းပုံကို ကြိုသိနိုင်စေမယ့် တစ်စုံတစ်ခု ရှိနေပုံပါပဲ။ "မြစ်တွေ တူးမြောင်းတွေ ရေတွေက အောက်ခြေအထိ ရောက်တယ်” ဟူသည့် ဂန္တဝင် တရုတ်စကား ဦးလေးသုံးက ဖြစ်သလို ဟန်ကျိုးလေသံဖြင့် ပြောခဲ့တာ မဖြစ်နိုင်ပေ။ 


ဤစကားသည် ရှေးစာအုပ်များမှ ဆင်းသက်လာရပေမည်။ ရွှင့်ကျစ် ပြောသည့်စကားအရ ဦးလေးသုံးသည် နှင်းဖုံးနေသော တောင်များကို တစ်ချက် ကြည့်လိုက်ရုံဖြင့် တစ်ယောက်တည်း သွားမည်ဟု ဆိုခဲ့၏။ သေချာသည်မှာ သူသည် အားနင်နှင့် တခြားသူများ လက်ထဲသို့ မကျရောက်ခဲ့ပေ။ သူဝင်ပြီ ဆိုရင်တော့ သေချာပေါက် မီးတောင်ထိပ်ဝကနေ မြေအောက်က လျှို့ဝှက်ဆန်းကြယ်သော ဧကရာဇ်ဂူဗိမာန် နန်းတော်အတွင်းအထိ ဝင်သွားလောက်ပြီ။ 


မြေအောက်နန်းတော် တည်ဆောက်ပုံကို ကြိုသိနိုင်စေမည့် 'အရာ' သည် လွန်ခဲ့သော လအနည်းငယ်က သူသွားခဲ့သည့် ရှီးရှားခရီးစဉ်ကနေ ရလာခဲ့တာ ဖြစ်မည်ဟု ဝူရှဲ့ မှန်းဆနိုင်သည်။ အားနင်တို့ ကုမ္ပဏီ ဤနေရာတွင် အဘယ်ကြောင့် ပေါ်လာရသလဲ ဆိုတာကိုလည်း ဒီအချက်ကနေ ရှင်းပြနိုင်သည်။


ပင်လယ်​ရေအောက် ဂူသင်္ချိုင်းက သူတို့ရဲ့ အဓိကပစ်မှတ် မဟုတ်ပေ။ အဓိကအရာက တိမ်ထိပ် ကောင်းကင်နန်းတော်ပင်။ ဦးလေးသုံး ရှီးရှားကိုသွားဖို့ ပူးပေါင်းခဲ့တာကလည်း ချောင်ပိုင်တောင်ရဲ့ မြေအောက်အုတ်ဂူထဲက ဧကရာဇ်ဂူဗိမာန် အတွက် သဲလွန်စရှာဖို့ပဲ ဖြစ်ပေမည်။ 


အားနင်သည် ပင်လယ်အောက်ရှိ ရှေးဟောင်းသင်္ချိုင်း အတွင်း၌ သူတို့နှင့် အချိန်အတော်ကြာ ကွဲကွာနေခဲ့သည်။ ဒါဆို သူလည်း ဦးလေးသုံးလို ဒီမြေအောက်ဧကရာဇ် ဂူသင်္ချိုင်းရဲ့ သော့ကို ရခဲ့တာလား။ ဒါကို ဝူရှဲ့တို့ သေချာ မသိပေမယ့် အရှေ့ခန်းမမှာ တွေ့ခဲ့ရတဲ့ အလောင်းတွေကြောင့် အခုလေးတင်ပဲ အားနင်ရဲ့ အဖွဲ့ဟာ သူတို့ရှေ့ကို ရောက်နေပြီဆိုတာ သက်သေပြနေပါ၏။ 


ရွှင့်ကျစ်ပြောသည့် စကားအရ ထိုကဲ့သို့သောအဖွဲ့ကြီးသည် နယ်ခြားစောင့်တပ်၏ ကာကွယ်ရေးစည်းကို ဘယ်လိုမှ မဖြတ်ကျော်နိုင်သော်လည်း သူတို့သည် ဘယ်သူမှ မသိနိုင်သော လျှို့ဝှက်လမ်းကို သိထားခဲ့​ကြောင်း သက်သေပြနေပါသည်။


ဒါက အနည်းဆုံးတော့ အားနင်နဲ့ တခြားသူတွေက သူတို့မသိတဲ့ အရာတွေကို သိထားတယ် ဆိုတာ သိသာလေသည်။ 


ဒါက မိမိတို့နဲ့ သူတို့ကြားက လုံးဝ ခြားနားချက်ပဲ။ မိမိတို့ကတော့ တချို့အကြောင်းတွေကို လုံးဝ 'မသိဘဲ' ဖြစ်နေသည်။ မြေအောက်နန်းတော်မှာ သူတို့ကို စောင့်နေမယ့် အရာကိုလည်း ခန့်မှန်းလို့ မရပေ။ တကယ်ကို အဆိုးဆုံး အခြေအနေ ဖြစ်​နေပေမယ့် သူတို့ရှေ့ကို ဆက်သွားရမယ်။ ရွေးစရာ မရှိတော့ဘူး။ ဆုတ်ခွာသွားတာကမှ အဆိုးဆုံးဖြစ်သည်။


ဒါကိုတော့ ဝူရှဲ့ ဖန့်ကျစ်တို့ကို မပြောခဲ့ပါဘူး။ အကြောင်းကတော့ ဖန့်ကျစ်ကြောင့်ပင်။ သူ့အတွက် ဦးလေးသုံးက အရာအားလုံးပါပဲ။ သူ့ရဲ့စိတ်ရင်းနဲ့ မတိုက်ဆိုင်ရင်တောင် ဦးလေးသုံး ခိုင်းစေခိုင်းသမျှကို လုပ်ပေးရသူပင်။ ရွှင့်ကျစ်ကတော့ ပြီးပြည့်စုံသော ပြင်ပလူတစ်ဦး ဖြစ်သည်။ သူသည် မိမိတို့နှင့် အရောင်းအဝယ် လုပ်ထားသူ ဖြစ်​လေသည်။ နောက်ဆုံးရလဒ်ကိုသာ ဂရုစိုက်သူပင်။ 


ဖက်တီးဆိုတဲ့ လူက ပို​တောင် ရိုးရှင်းသေးသည်။ သူကဒီကို ငါးဖမ်းဖို့ ဒီကိုလာခဲ့တာလို့ ​ပြောရမည်။ သင်္ချိုင်းတွင်းထဲက အရာတွေက သော့ချက်ပါပဲ။ သူတို့ရဲ့ ဦးလေးသုံးဟာ သူ့အတွက်တော့ ဒုက္ခတွေပေးမယ့်လူပဲ ဖြစ်သည်။ ဝူရှဲ့မှာ သူခွဲခြမ်းစိတ်ဖြာသော အရာများသည် သူ့အတွက်သာ အသုံးဝင်ပုံပေါက်ပြီး တစ်ဦးတည်းသာ စိတ်ရှုပ်ထွေးနေရသည်။


တခြားလူတိုင်းက ဒီလို ရိုးရှင်းတဲ့ဘဝမျိုးနဲ့ နေကြတာကို တွေးရင်း ပထမအကြိမ် တခြားလူကို မနာလိုဖြစ်မိလာ၏။ 


တခြားအရာတွေအကြောင်း ခဏလောက် စကားစမြည် ပြောပြီးတဲ့ နောက်မှာတော့ ဖန့်ကျစ်က သူ့အား သက်သာလားလို့ မေးလာသည်။ ဝူရှဲ့လည်း နည်းနည်း အိပ်ပြီးတာနဲ့ ခန္ဓာကိုယ်က တော်တော် တိုးတက်လာတယ်လို့ ခံစားရလေသည်။ ဒီအချိန်မှာတော့ အကူအညီမပါဘဲ လှုပ်ရှားနိုင်ပြီ။ ဒါပေမဲ့ သိသာတာက တိုက်ပွဲက ခက်ခဲနေဆဲပင်။ ထပ်အနားယူလိုက်တာက ပိုကောင်းမယ်လို့ ဖန့်ကျစ်က ပြောလေ၏။ ဒီနေရာက တိတ်ဆိတ်ငြိမ်သက်ပြီး အရမ်းလုံခြုံပုံပေါ်တာကြောင့် ဒီလိုနေရာက အတော်လေး ရှားလေသည်။ 


ဒါကို တွေးပြီး တိုးဝင်အိပ်ရတဲ့ အိတ်ထဲကို ပြန်အိပ်ချင်ပေမယ့် အိပ်လို့ မရတော့ပေ။ ဘေးနားက ဖက်တီးမှာလည်း နားမလည်နိုင်တဲ့ ဒေသိယစကားတွေကို အိပ်မက်ယောင်ရင်း အိပ်ပျော်နေ၏။ သူ့အသံက တခြားသူတွေကို အနှောင့်အယှက် ဖြစ်စေတာကြောင့် ဖန့်ကျစ်က သူ့ကို ကျောက်ခဲနဲ့ ပစ်ပေါက်လိုက်တော့သည်။


ဆူညံ​နေတဲ့ ဖက်တီးသည် ချက်ချင်း နာခံမှု ရှိလာပေမယ့် ခဏကြာတော့ ဆူဆူညံညံ ထပ်လုပ်ပြန်သည်။ ပင်ပန်းနေတာကြောင့် သူ့အသံတွေကို အချိန်အတိုင်းအတာ တစ်ခုအထိ ကြားခဲ့ရပေမယ့် နောက်ဆုံးတော့ ပြန်အိပ်ပျော်သွားခဲ့သည်။


ဝူရှဲ့ မျက်စိမှိတ်ပြီး နှစ်နာရီလောက် ထပ်အိပ်ပျော်သွားသည်။ ပြီးနောက် ဖန့်ကျစ်သည် အလွန်ကြီးမားသော ကျောက်တုံးတစ်တုံးကို ကောက်ကိုင်ကာ ဖက်တီးအနား ပစ်ချလိုက်သည်။ ဆူညံသံကြောင့် ဘယ်သူမှ မအိပ်နိုင်တော့ဘဲ ရွှင့်ကျစ်လည်း နိုးလာခဲ့သည်။


ပစ္စည်းတွေ ပြင်ဆင်၊ အစာခြောက်​တွေ စားပြီးတာနဲ့ မြင်​​နေရတဲ့ သင်္ချိုင်းတူးမြောင်းဆီ ထွက်လာခဲ့ကြသည်။ ဆွေးမြေ့နေသော အမည်းရောင် ကျောက်ရုပ်များသည် ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေဆဲဖြစ်ပြီး ရှည်လျားသော လူတန်းကြီးသည်လည်း အဆုံးမရှိ အမှောင်ထုထဲသို့ တိုးဝင်သွား​လေသည်။


ဝူရှဲ့ အကူအညီနဲ့ တူးမြောင်းပေါ် တက်လိုက်ပြီး လူ့ရုပ်ထုထဲကို ချက်ချင်း ဝင်သွားခဲ့သည်။ အပေါ်စီးက လူရုပ်တွေကို ငုံ့ကြည့်တုန်းက ခံစားချက်က သိပ်မပြင်းထန်ပေမယ့် ဆင်းပြီးတာနဲ့ လူရုပ်တွေက သူ့အရပ်လောက် မြင့်နေတာကို တွေ့လိုက်ရ၏။ ပတ်ဝန်းကျင် တစ်ခုလုံး အမှောင်ရိပ်များက သူ့နှလုံးသားကို ပြင်းထန်စွာ မကျေမနပ် ဖြစ်လာစေသည်။


ဖက်တီးက သူ့လက်နှိပ်ဓာတ်မီးကို လမ်းကြောင်း နှစ်ခုစလုံးမှာ ထွန်း​တောက်စေပြီး မေးလာသည်။  


“မင်းတို့ရဲ့ ဦးလေးသုံးက ငါတို့ကို ရေနောက်ကို လိုက်ခိုင်းတာက ဟုတ်ပါပြီ အခုရေမှ မရှိတာ ဘယ်သွားရမလဲ” 


သူက မေးပြီး ဖန့်ကျစ်ကို ကြည့်လိုက်သည်။ သူက ဗီယက်နမ်မှာ ရန်သူကို တန်ပြန်တိုက်ခိုက်တဲ့ အထူးစစ်ပွဲမှာ ပါဝင်ခဲ့တာကြောင့် ဒီလိုမျိုး သုတေသနတချို့ လုပ်ဖူးလောက်၏။ ဖန့်ကျစ်သည် လူရုပ်တစ်ရုပ်ထံသို့ ချဉ်းကပ်သွားကာ ၎င်းပေါ်ရှိ အက်ကွဲကြောင်းများကို တို့ထိလိုက်သည်။ 


"ကျောက်တုံးပေါ်မှာ ရေစီးကြောင်းရဲ့ ခြေရာလက်ရာတွေ ရှိတယ်...အဲဒီဘက်ခြမ်းက ရေအောက်ဖြစ်နိုင်တယ်" 


သူက အမှောင်ထဲသို့ ညွှန်ပြလိုက်သည်။ ဖက်တီးမှာ အနီးသို့ ရောက်လာသော်လည်း ဘာမှ မမြင်ရတာကြောင့် မယုံကြည်နိုင်စွာ ပြောလာခဲ့သည်။ 


“လူ့အသက်က နှမြောစရာကောင်းတယ်နော် မင်းလျှောက်မပြောနဲ့"


ဖန့်ကျစ်ကတော့ သူ့စကားကို လျစ်လျူရှုပြီး သတိထားဖို့သာ ပြောခဲ့သည်။ ထို့နောက် လူတိုင်းသည် ကျုံးရဲ့ မှောင်မိုက်တဲ့ဘက်ကို မြောင်းတစ်လျှောက် လမ်းလျှောက်လာခဲ့ကြသည်။


ကျုံးရဲ့ အရှည်ကိုတော့ အခုအထိ မသိရ​​သေးပါဘူး။ ချောက်ကမ်းပါးပေါ်ကနေ မီးတောက်တွေကို လှမ်းကြည့်လိုက်တုန်းက တော်ဝင်မြို့ တစ်ခုလုံးကို အဝေးက မြင်ကွင်းတစ်ခုလို မြင်ခဲ့ရပါသည်။ သို့သော် အဆောက်အဦတွေရဲ့ ထိပ်တွေနဲ့ ပတ်ပတ်လည်က သစ်တောများကိုသာ မြင်ခဲ့ရသည်။ 


တံတားပေါ်ရောက်တဲ့အခါ ဓာတ်မီးအလင်းရောင်က အမှောင်ထဲမှ အရာအားလုံးကို အလင်းမပြ နိုင်လောက်အောင် ဖြစ်သွားတာ တွေ့လိုက်ရသည်။ ထို့ကြောင့် ဝူရှဲ့သည် သင်္ချိုင်းတွင်းက တူးမြောင်းကို နာရီဝက်ခန့် တည့်တည့် လျှောက်သွားသော်လည်း လုံးဝ တိတ်ဆိတ်နေသည့် ကျုံးအောက်ခြေက အဆုံးကို မရောက်သေးချေ။ 


သင်္ချိုင်းတွင်း တူးမြောင်းသည် မြင့်မားပြီး မညီညာပေ။ အချို့အပိုင်းများတွင် ကြီးမားသော အရာတစ်ခု၏ နင်းမိသွားသကဲ့သို့ ပြင်းထန်စွာ ကွဲအက်သွားတတ်သည်။ မြောင်းထဲက မာကျောသော အမည်မသိ ကျောက်တုံးကြီးများပင် အပိုင်းပိုင်း ကွဲအက်သွားတာကို တွေ့လာရသည်။ ရံဖန်ရံခါ လူရုပ်များ၏ ဦးခေါင်းနှင့် ခြေလက်အင်္ဂါများသည် သင်္ချိုင်းတူးမြောင်းအောက်က မြေဆီလွှာထဲတွင် မြှုပ်ထားသကဲ့သို့ ပေါ်လာတတ်​သေး​သည်။


ဒါမှမဟုတ် ဒီနည်းနဲ့လည်း တွေးကြည့်လို့ ရပါသေးသည်။ ဒီကတုတ်ကျင်းကို မူလက မြှုပ်နှံထားပေမယ့် အကြောင်းတစ်ခုခုကြောင့် ပရောဂျက်ကို ရပ်တန့်လိုက်ရတဲ့အတွက် မမြှုပ်ရသေးတဲ့ လူရုပ်တွေ အများကြီး ကျန်ခဲ့တာ ဖြစ်လိမ့်မည်။ 


သူတို့လမ်းလျှောက်ရင်း တဖြည်းဖြည်းနဲ့ ပိုမှောင်မည်းလာသည်။ မူလက တစ်ဖက်က မြစ်နံရံမှာ ဓာတ်မီးက ရောင်ပြန်ဟပ်နေသေးသည်။ အခုတော့ နံရံက တခြားတစ်ဖက်မှာ ရှိနေသလို အရာအားလုံးက မှောင်မည်းလာသည်။ တစ်ဖွဲ့လုံး မထိန်းနိုင်ဘဲ အရှိန်လျှော့လိုက်စဥ် ဖန့်ကျစ်က သူတို့အား သတိကပ်ထားဖို့နဲ့ အာရုံမလွှဲဖို့ သတိပေးလေသည်။ 


အဲဒီအချိန်မှာတော့ ရှေ့ကလျှောက်နေတဲ့ ဖက်တီးက ရုတ်တရက် ရပ်သွား၏။ ဝူရှဲ့ ကြည့်လိုက်တော့ ဖက်တီးက သူတို့ကိုရပ်ဆိုတဲ့ အမူအရာဖြင့် လက်ဝါးထောင်ထားတာ တွေ့လိုက်ရသည်။ 


ဝူရှဲ့တို့ သူ့ဆီလှမ်းတက်သွားပြီး ဓာတ်မီးနဲ့ ထိုးကြည့်လိုက်တော့ သင်္ချိုင်းရဲ့ တူးမြောင်းအဆုံးကို ရောက်နေပြီဆိုတာ တွေ့ရ​ပေသည်။ လူရုပ်တုတွေ စီတန်း​​နေတာလည်း ပြီးသွားပြီ။ သူရှေ့မှာတော့ ကျောက်တုံးကြီး တစ်ခု ရှိနေကာ ယခုဆို သူတို့ မြစ်ကမ်းပါးတစ်ဖက်ကို ရောက်နေတာ ဖြစ်လိမ့်မည်။ 


ကျုံးရဲ့ မြစ်ကမ်းရိုးမှာ လီရှန်ဗုဒ္ဓ ရုပ်ပွားတော်လို ထွင်းထုထားတဲ့ ဧရာမ အရာ​ကြီးတစ်ခု ရှိနေပုံရသောိလည်း ဓာတ်မီးက ၎င်းရဲ့တစ်ပုံလုံးကို အလင်းမပြနိုင်သောကြောင့် ဘာလဲဆိုတာကို မသိနိုင်ပါဘူး။ မြစ်ရိုးခြေရင်းတွင် ကျောက်စရစ်ဖြင့် ဖုံးအုပ်ထားသော စတုရန်းပုံ အပေါက်တစ်ပေါက်ရှိ၏။ ယခုအခါ ကျောက်တုံးအများအပြားက ပြုတ်ကျသွားပြီးဖြစ်လို့ မှောင်မိုက်သော တွင်းပေါက်တစ်ခု ပေါ်ထွက်လာသည်။


မတိုင်ခင်က သူတို့ဖြတ်ကျော်ခဲ့တဲ့ ဂူဗိမာန်ကို ဆောက်လုပ်တဲ့ လက်သမားဆရာတွေ လျှို့ဝှက်တူးထားသော အပေါက်နဲ့ တစ်ပုံစံတည်းပင်။ ဒါက မြေအောက် နန်းတော်ပိတ်ပြီးရင် လက်သမားဆရာတွေ လွတ်မြောက်ဖို့ တစ်ခုတည်းသော လမ်းကြောင်းပါပဲ။


"တန်ပြန်တိုက်ခိုက်ဖို့ နောက်ထပ်ဥမင်လိုဏ်ခေါင်းလား?" 


ဖန့်ကျစ် အံ့အားသင့်စွာ ပြောလိုက်သည်။ 


"ဖွင့်ထားတဲ့ အပေါက်က ဘယ်လိုလုပ် ဒီကိုရောက်​နေတာလဲ? ဒါက မဖြစ်နိုင်ဘူးလေ"


“ဘယ်လိုလုပ် မဖြစ်နိုင်တာလဲ? မင်း လုပ်ထားတာမလို့လား?” 


ဖက်တီးက ဝင်ခနဲ့လေ၏။ 


ဖန့်ကျစ်က "ဒီနေရာက အဲဒီတုန်းက ရေအောက်မှာလေ အဲဒီလက်သမားတွေ အကုန်လုံးက ငါးတွေလို့ မင်းပြောမလို့လား?"


ဆူညံသံတွေ ရပ်တန့်သွားအောင် ဝူရှဲ့ သူတို့ကို စကားမပြောဖို့ လက်ဝှေ့ယမ်း၍ တားလိုက်လေသည်။ 


အဲဒီလိုပြောပြီး​​​နောက် ဝူရှဲ့ ဓာတ်မီးနဲ့ တောက်လျှောက် ထိုးကြည့်လိုက်တော့ အပေါက်ရဲ့ တစ်ဖက်ခြမ်းမှာရှိတဲ့ ကျောက်တုံးပေါ်မှာ တစ်စုံတစ်ယောက်က စာလုံးအနည်းငယ် ထွင်းထားတာကို တွေ့လိုက်ရလေသည်။ 



[TN - ဦးလေးသုံးက ဝူရှဲ့ကို တိမ်ထိပ် ကောင်းကင်နန်းတော်ထဲကို လာစေချင်လို့ ကောင်းကင်နန်းတော်ရဲ့ သဲလွန်စရှိတဲ့ ရေအောက်ထဲက ဂူသင်္ချိုင်းကိုရောက်အောင် ရေအောက်ထဲမှာ သူပျောက်သွားတယ်ဆိုပြီး အားနင်တို့ဆီ သတင်းလွှင့်ခဲ့တာ ဖြစ်မယ်။]