(24) ရေအောက်လူသွားလမ်း
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 3)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

တိမ်ထိပ်ကောင်းကင်နန်းတော် (ဒုတိယပိုင်း)


Chapter (24)

ရေအောက်လူသွားလမ်း



စတုရန်းပုံ အပေါက်သည် လူတစ်ဝက်ခန့် မြင့်ပြီး အလွန်ကြမ်းတမ်းပါသည်။ ဘေးနှစ်ဖက်ကို ဖရဲသီးတစ်လုံး အရွယ်ခန့်ရှိသော ကျောက်တုံးများဖြင့် ဖုံးအုပ်ထားကာ အတွင်း၌လည်း အနည်းငယ်စီ ပါရှိသည်။ အပေါက်ထဲမှာ မည်းမှောင်နေတာကြောင့် လမ်းကြောင်းက ဘယ်ကို ရောက်သွားမှန်း မသိရပေ။ ၎င်းက တောင်ပိုင်းမှာ တွေ့ရလေ့ရှိတဲ့ ရေလှောင်ကန်တွေနဲ့ ခပ်ဆင်ဆင်တူလေ၏။ 


ဂူထောင့်တစ်ဖက်ခြမ်းရှိ အပျက်အစီးပုံများကြားတွင် စကားလုံး အနည်းငယ်ဖြင့် ကြမ်းကြမ်းတမ်းတမ်း ထွင်းထုထားသော အတော်အတန် ပြန့်ပြူးသော အမှတ်အသား တစ်ခုရှိသည်။ ၎င်းကို အလွန်လျင်မြန်စွာ ထွင်းထုထားပုံရသော်လည်း ထွင်းထုမှုမှာ အလွန်တိမ်မြုပ်နေပါသည်။ စကားလုံးများသည် အင်္ဂလိပ်စာလုံးများ ဖြစ်ပြီး ၎င်းတို့ကို ကြည့်လိုက်တော့လည်း ဘာသဲလွန်စမှ မရှိပေ။ ရေးထွင်းထားသည်များကို လုံးလုံး အပြီးသတ် မရေးနိုင်ခဲ့တာတော့ နှမြောစရာ ကောင်းလှသည်။ 


ဒါ ဦးလေးသုံးက သူတို့ကို လမ်းပြဖို့ ထွင်းထားတာလား။ အစတုန်းက ဝူရှဲ့ အဲ့လိုထင်ခဲ့ပေမယ့် သူ့ဦးလေးသုံးရဲ့ နိုင်ငံခြားဘာသာ စကားက သိပ်စိတ်မချရတာကို သတိရမိသွားသည်။ သူ့စိတ်ထဲ အရာကို ကုဒ်တစ်ခုအနေနဲ့ ချရေးဖို့ နိုင်ငံခြားအက္ခရာတွေကို ရေးထွင်းဖို့အထိ ဘယ်လိုလုပ် စိတ်ကူးပေါက်နိုင်မှာလဲ။ ဒါက ဦးလေးသုံးရဲ့ စရိုက်မျိုး မဟုတ်ပေ။ 


ဖက်တီးသည် စူးစမ်းလိုစိတ်ဖြင့် အနီးနားသို့ ရောက်လာသည်။ ရုတ်တရက် သူသက်ပြင်းတစ်ချက် ချကာ။ 


"ရှောင်ဝူ... ငါတို့ ဒီနိုင်ငံခြားစာတွေကို တစ်နေရာရာမှာ မြင်ဖူးနေသလိုပဲနော်?"


ဝူရှဲ့လည်း လမ်းလျှောက်ပြီး သေချာ ကြည့်လိုက်တော့ နှလုံးခုန်သံတွေက ဆောင့်ခုန်သွားတော့သည်။ 


ဒီသင်္ကေတတွေကို သူတို့တကယ် မြင်ဖူးခဲ့ကြတာပဲ။ ဒါက သူနဲ့ဖက်တီး ပင်လယ်ရေအောက် ဂူသင်္ချိုင်းထဲက ရေကန်ငယ်ထဲကို ဆင်းသွားတဲ့ အချိန်တုန်းက ရေကန်ရဲ့နံရံမှာ တွေ့ခဲ့တဲ့ သင်္ကေတတွေနဲ့ တစ်ပုံစံတည်း ဖြစ်သည်။ ဤသင်္ကေတကို မြင်ပြီးနောက် မျက်နှာသေသည် ရေကန်ထဲသို့ ရုတ်တရက် ပြေးဆင်းသွားပြီးနောက် ပင်လယ်အောက် သင်္ချိုင်းထဲတွင် ဖြစ်ပျက်ခဲ့သည်များကို သတိရသွားခဲ့သည်။ 


သင်္ကေတတွေက ဘာလို့ဒီမှာပါ ရုတ်တရက် ပြန်ပေါ်လာရတာလဲ။


အဲဒီအချိန်တုန်းက ဦးလေးသုံး ခေါ်လာခဲ့တဲ့ ဝမ်ကျင်တို့က တခြားလူတွေကို သတိပေးဖို့ ဒီသင်္ကေတကို ထွင်းထုထားခဲ့တယ်လို့ သူ အမြဲတမ်း ထင်ထားခဲ့တာ။ ဒါပေမဲ့ ဒီမှာ ရုတ်တရက် ပေါ်လာတော့ တစ်ခုခုမှားနေပြီဆိုတာ သိသာနေပြီ။


ထွင်းထုထားတဲ့ သဲလွန်စတွေကို ကြည့်လိုက်တော့ တောင်တက် ကောက်ကွက်တွေနဲ့ အမှတ်တမဲ့ ထွင်းထုထားသလိုပင်။ ယခု သဲလွန်စတွေက အသစ်အဆန်းတွေလို ဖြစ်နေသည်။ ဒီမှာ လူအနည်းငယ်ပဲ ရှိတာကြောင့် ဦးလေးသုံး၊ မျက်နှာသေ ဒါမှမဟုတ် အားနင် ချန်ထားခဲ့တာ ဖြစ်နိုင်သည်။ တောင်တက်ပေါက်ချွန်း ဤသင်္ကေတကို ချန်ထားခဲ့သောသူသည် လေးထောင့် လှိုဏ်ဂူထဲသို့ ဝင်သွားပေလိမ့်​မည်။


ဒီအခိုက်အတန့်မှာ ပင်လယ်​ရေအောက် သင်္ချိုင်းတွင်းက နိုင်ငံခြားစာနဲ့ သင်္ကေတကို မျက်နှာသေက ရေးထွင်းထားတာ ဖြစ်နိုင်လားလို့ ရုတ်တရက် တွေးကြည့်မိတော့လည်း မျက်နှာသေက ဒီသင်္ကေတကို မြင်လိုက်ရမှ “ဒီကို ငါရောက်ဖူးတယ်" လို့ ဆိုလာခဲ့၏။ 


တကယ် ဖြစ်နိုင်ချေ ရှိတယ် ဆိုရင်တော့ သူပြန်ပေါ်လာတဲ့အခါ မေးကြည့်ရတော့မှာပဲ။ 


ဖန့်ကျစ်က ဝူရှဲ့ကို မှင်တက်စွာ ကြည့်၍ ဘာဖြစ်တာလဲလို့ မေးလိုက်သည်။ ပင်လယ်​ရေအောက်ခြေမှာ ဖက်တီးနဲ့တွေ့ခဲ့တဲ့ သင်္ကေတတွေ အကြောင်း ပြောပြလိုက်တဲ့အခါ ဖန့်ကျစ်ကလည်း အရမ်းထူးဆန်းသလို ခံစားလိုက်ရလေသည်။ ဒါပေမဲ့ သူက။ 


"ကျုပ် သခင်သုံးနဲ့ အတူနေခဲ့တာ ဆယ်နှစ်လောက် ရှိပြီ... ကိစ္စအကြီးကြီး တချို့အပါအဝင် သင်္ချိုင်းငါးဆယ်လောက်ကို သွားဖူးတယ်... သူ စကားဝှက်ထားခဲ့တာမျိုး တစ်ခါမှ မမြင်ဖူးဘူး သခင်သုံးက abcd ကိုတောင် သေချာမှတ်မိတာ မဟုတ်ဘူးလေ... ဒါ သေချာပေါက် သူ ချန်ထားခဲ့တာ ​မဖြစ်နိုင်ဘူး”


အဲဒါဆို အားနင် ဒါမှမဟုတ် မျက်နှာသေ ဖြစ်ရမယ်လို့ ဝူရှဲ့ တစ်ယောက်တည်း တွေးပြီး လှည့်ကြည့်လိုက်သည်။ 


"ဘာပဲဖြစ်ဖြစ် လမ်းက မှန်နေပုံပဲ...တစ်ယောက်ယောက်က ဒီဂူထဲကို ဝင်​ပြီးနေပြီ မြေအောက်နန်းတော်ရဲ့ ဝင်ပေါက်က အဒဒီဘက်မှာ ရှိ​နေ​လောက်တယ် ကျွန်တော်တို့ ချက်​ချင်းဝင်​သွားမလား?"


ဖက်တီးက "ဝင်တာပေါ့.. ဘာကို စောင့်နေ​သေးတာလဲ? ငါတို့ရှေ့မှာ လူတွေအများကြီး ဝင်သွားပြီးနေပြီ... ဖက်တီး ငါက ရှေ့ပြေးတပ်သားနော်... ကံဆိုးတဲ့ မင်းတို့လိုကလေးတွေနဲ့ တွေ့တော့မှ သူများနောက်ကချည်း ကျန်နေခဲ့ရတာ... အချိန်မဖြုန်းတော့နဲ့ သူတို့အားလုံး အလုပ်ပြီးလို့ ပြန်ထွက်လာခါမှ သူတို့နဲ့ ပြိုင်ရမှာ ရှက်စရာ ကောင်းလွန်းတယ်”


ဖန့်ကျစ်က "ကျုပ်တို့ကို မမေးနဲ့... သခင်လေးက အဆင်ပြေလို့လား?"


ဝူရှဲ့ ခေါင်းညိတ်ပြပြီး ပြဿနာမရှိဘူးလို့ ပြောလိုက်သည်။ 


"ဖက်တီးပြောတာ မှန်တယ်... ကျွန်တော်တို့ နှောင့်နှေးလို့ မ​ဖြစ်ဘူး ဘာပဲဖြစ်ဖြစ် ကျွန်တော် ဖုတ်ကောင်နဲ့တွေ့ရင် မဒဏ်ရာရရင်တောင် သေရမှာပဲလေ... အခုက ဒဏ်ရာရထားပြီးပြီ ကျွန်တော် မြန်မြန်သေသွားရရုံပေါ့ ကျွန်တော် မကြောက်ဘူး"


ဖက်တီးက သူ့ကျောပိုးအိတ်ကို ချွတ်နေတုန်း ဝူရှဲ့ပြောတာကို ကြားတော့ 'ကျစ်' ဆိုတဲ့ အသံနဲ့အတူ ဝင်​ပြောလာခဲ့သည်။


"မင်းဘာလို့ မကောင်းတာ​တွေ ကြိုပြော​​နေရတာလဲ? ငါတို့အခု ဘယ်​​​နေရာကို သွားမလဲဆိုတာတောင် မသိရသေးဘဲနဲ့"


"ငါက နဖူးမှာ တံခါး​စောင့် နတ်ဘုရားနှစ်ပါး ရှိတယ်... မင်းလက်ကိုသာ အရင်ဂရုစိုက်သင့်တယ်နော်"


ချီတက်လာတဲ့ လမ်းမှာ ပစ္စည်းတွေကို ထုပ်ပိုးပြီး မီးပုံးတွေနဲ့ လောင်စာဆီတွေကို အိတ်တွေထဲထည့်ကာ မီးရှူးမီးပန်း၊ အအေးမီးချောင်းတွေ၊ ဖောက်ခွဲရေး ပစ္စည်းတွေ အားလုံးကို အိတ်ထဲထည့်ကာ အသင့်ပြင်ထားလိုက်သည်။ ဖက်တီးနှင့် ဖန့်ကျစ်တို့သည် သေနတ်ကျည်ကို ဆွဲထုတ်ကာ ကျည်ဆန်ခါးပတ်မှ ကျည်ဆန်များကို ဖြုတ်ကာ သေနတ်ထဲ ဖြည့်ကြ၏။ ခဲယမ်းများကိုလည်း ပြင်ပြီးနောက် အမဲလိုက်ဓားနှင့် ဓားမြှောင်တို့ကို လက်တစ်ဖက်မှာ ခါးမှာ ချိတ်ဆွဲလိုက်သည်။


Typr 56 သေနတ်သည် ရှည်လျားလွန်းသဖြင့် လေးထောင့် လှိုဏ်ဂူအတွင်း လှည့်၍ မရတော့သဖြင့် ဖက်တီးသည် ရွှင့်ကျစ်အား သေနတ်ကို ပစ်ပေးလိုက်သည်။ ထို့နောက် တောင်တက်ပေါက်ချွန်းကို ထုတ်ယူလိုက်ကာ လူတိုင်းလည်း ဓာတ်မီးတွေကို ထွန်းထား၏။ ဖက်တီးသည် သူ့အိတ်ထဲက ရွှေရောင်အစွယ် တစ်ခုကိုထုတ်ပြီး လက်ဖြင့် ဖိ၍ ကောင်းကင်သို့ ဦးညွှတ်လိုက်သည်။ 


ရွှင့်ကျစ်သည် သေနတ်ကိုင်ဆောင်ရာတွင်လည်း ကျွမ်းကျင်သူ တစ်ဦးလည်း ဖြစ်သည်။ သူသည် သေနတ်ကိုယူ၍ ၎င်းနှင့်ရင်းနှီးစေရန် အကြိမ်အနည်းငယ် ကစားလိုက်သည်။ ထိုအခိုက် တစ်စုံတစ်ခုကို လွမ်းဆွတ်သွားသလို ခံစားလိုက်ရပြီးနောက် ဝူရှဲ့တို့အား လှည့်ပြောလာ၏။ 


"သူဌေးတို့.... ခင်ဗျားတို့ရဲ့ လုပ်ငန်းကို ကျွန်တော် နားမလည်ဘူး ဒါပေမဲ့ တစ်ခုတော့ သတိပေးချင်တယ် ချောင်ပိုင်တောင်မှာ ကျင်းတူးတဲ့အခါ နှင်း​မွေးပိုး​ကောင်တွေကို သတိထားရမယ်.... တစ်ခုခုမှားနေတာ တွေ့ရင် နားရွက်ကို ဂွမ်းနဲ့သာ အရင်တပ်ဆို့ထား... ဒီရာသီမှာ သူတို့အတွက် ဦးခေါင်းခွံကို ထိုးဖောက်ရတာက မလွယ်ဘူး ဒါကြောင့် နားရွက်တွေထဲကိုပဲ ဝင်နိုင်တယ်။ နွေရာသီ ရောက်ရင် သူတို့အခွံတွေက မာကျောလာတယ်... အဲဒီအခါကျရင် အရေပြားထဲကို တိုက်ရိုက် ပေါက်နိုင်တယ်... လူမသိတဲ့ မုတ်ဆိတ်မွေးနှစ်ခုကိုတောင် ဖောက်ထုတ်နိုင်တယ်... နောက် မုတ်ဆိတ်တွေကို ဆွဲထုတ်လိုက်တာနဲ့ ကွဲသွားပြီး အတွင်းထဲက ပိုးကောင်တွေလည်း ကွဲသွားမယ်... အဲ့အကောင်ကို တူးဖို့ဆို ဒဏ်ရာကိုပါ တူးရမယ်။ ဒါ့ပြင် အဲဒီအရာက စအိုထဲကလည်း စိမ့်ဝင်သွားတတ်တယ်... ထိုင်တဲ့အခါ သတိထားပါ"


ဖက်တီးသည် ရွှင့်ကျစ်ကို ရွံရှာစွာ စိုက်ကြည့်ကာ သူ့ခါးပတ်ကို တင်းကျပ်သွားအောင် လုပ်လိုက်သည်။ 


"ငလူး... အဲဒီအင်းဆက်တွေမှာလည်း ဒီလို ဝါသနာမျိုး ရှိတယ်ပေါ့လေ" 


"ခင်ဗျားတို့ကို နောက်နေတာ မဟုတ်ဘူး....အဆိပ်မိရင် ကိုယ်တိုင်ဖြေရှင်းဖို့ နည်းလမ်း ရှာနိုင်တယ်... ကျွန်တော့်ကို လာမမေးနဲ့"


ဝူရှဲ့တို့လည်း သူတို့ခန္ဓာကိုယ် အောက်ပိုင်းက ချမ်းတုန်သွားသလို ခံစားလိုက်ရပြီး အားလုံးက ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် ဖက်တီးက ဦးဆောင်၍ လေးထောင့် အပေါက်ထဲသို့ တိုးဝင်သွားခဲ့သည်။ ဝူရှဲ့တို့လည်း သူ့​နောက်က လိုက်ကာ အဆုံးစွန်သော မြေအောက်ကမ္ဘာကြီးဆီသို့ ဦးတည်သွားခဲ့ကြသည်။


လေးထောင့် အပေါက်မှာ ခါးကိုင်းလျက် လမ်းလျှောက်ဝင်သွားရတာ ဖြစ်ပြီး အပေါက်တွေကို အပြိုင် တူးထားတာကြောင့် လမ်းလျှောက်ရင်း ကိုယ့်ပတ်ဝန်းကျင်ကိုလည်း ပတ်ကြည့်ဖို့ လိုပါသေးသည်။ တွင်းပေါက်ရဲ့ အမြင့်က အရမ်းနိမ့်တဲ့အတွက် လမ်းလျှောက်တာက အရမ်းနှေးလာသည်။ 


ဒီကျောက်သား အောက်ခြေက အရမ်းမာသည်။ တူးထားတဲ့ ခြေရာတွေကိုကြည့်ပြီး ဒီဥမင်လိုဏ်ခေါင်း တူးဖို့ ရှေးအကျဆုံး နည်းလမ်းကို အသုံးပြုခဲ့တာ ဖြစ်ကြောင်း ထင်ထင်ရှားရှား တွေးကြည့်နိုင်သည်။ ဒီလို ကြီးမားလှတဲ့ ဧကရာဇ်သင်္ချိုင်းကြီးကို တည်ဆောက်ဖို့ ဘယ်လောက်​တော့ ကြာမလဲ။ ဧကရာဇ်မင်းများ နန်းတက်စဥ်ကစ၍ သင်္ချိုင်းဂူများကို စတင်တည်ဆောက်ခဲ့လျှင် အနည်းဆုံး အနှစ် 20 ကျော် ကြာတတ်သည်။ 


ဤဥမင်လိုဏ်ခေါင်းကို တူးဖော်ရန် နှစ် 20 ကျော် အချိန်ယူခဲ့ရမည်။ ထို့အပြင် ကျောက်သားတွေကလည်း အလွန် မာကျောတာကြောင့် အတော်လေး ခက်ခဲလိမ့်မည်။ ထွက်ပြေးနိုင်ခဲ့တဲ့ လူတွေကလည်း အုပ်စုကြီးတွေ ဖြစ်နိုင်သည်။ 


ထပ်ဝင်သွားလေလေ လူအများ လာရောက်ထားတဲ့ သဲလွန်စတွေကို ပိုတွေ့လာရလေလေပင်။ တောင်တက်ဖိနပ်တွေရဲ့ ဖိနပ်ရာတွေက တစ်ခုထက်ပိုနေသလို နှင်းမွေးပိုးကောင်တွေကိုတော့ မတွေ့ခဲ့ရပါဘူး။ ဒါပေမဲ့ လိုဏ်ခေါင်းထိပ်မှာ ထူးဆန်းတဲ့ အ​ပေါက်တွေကို တွေ့နေရသည်။


ထိုအပေါက်များသည် ကြီးကြီးမားမား မဟုတ်ဘဲ လူတစ်ဦးတည်းသာ ဝင်နိုင်ပါသည်။ ထို့ပြင် အပေါက်များသည် 180 ဒီဂရီတွင် ကွေးညွတ်နေ​သေးသည်။ တချို့က အထက်သို့ ဖြောင့်တန်းသွားပြီးနောက် နံပါတ် '9' ပုံသဏ္ဌာန်ရှိ ပိုက်ကွေးတစ်ခုအဖြစ် အောက်ဘက်သို့ ကွေ့သွားတတ်သည်။ လူသွားလမ်း၏ ဆယ်မီတာတိုင်းတွင် ထိုအပေါက်က တစ်ပေါက်ခန့်ရှိသည်။


ဝူရှဲ့ သူဒီလုပ်ငန်းမှာ ပါဝင်လာကတည်းက တွင်းတွေကို အကြိမ်ကြိမ် တက်ခဲ့ဖူးပေမယ့် ဒီလိုဖွဲ့စည်းပုံမျိုးတော့ တစ်ခါမှ မမြင်ဖူးပါဘူး။ ဆောက်လုပ်ရေး စာရင်းကိုင် အမြင်အရတော့ ဒီတွင်းတွေကို တူးဖော်ဖို့ လိုအပ်တဲ့ ပမာဏက လိုဏ်ခေါင်းတစ်ခုလုံး တူးဖော်ရသလောက်နီးပါးပါပဲ။ ဒါကြောင့် ဒီတွင်းတွေကို ဘာကြောင့် တူးရတယ်ဆိုတဲ့ အကြွင်းမဲ့ အကြောင်းပြချက် တစ်ခုတော့ ရှိရမယ်။ မဟုတ်ရင် သူတို့အတွက် သက်သာမှာ မဟုတ်ပေ။ သို့သော် ဝူရှဲ့မှာ အဲဒီအပေါက်တွေရဲ့ တကယ့်တန်ဖိုးကို မမြင်နိုင်ခဲ့ပါဘူး။ 


ဖန့်ကျစ်က "တတိယသခင်လေး ဒီဥမင်လိုဏ်ခေါင်းက ရင်းနှီးနေသလိုပဲ သတိထားမိလား"


"ရင်းနှီးနေသလိုပဲ?" 


ဝူရှဲ့ ခဏရပ်ပြီး ဘယ်လိုထင်လို့လဲဟု လှည့်မေးလိုက်သည်။ ထိုအခါ ဖန့်ကျစ်က


"ကျုပ်တို့ ရှန်းတုံက ကွာကျစ်ဘုရားကျောင်းကို သွားတုန်းက အလောင်းဂူထဲကို ဝင်တော့ ​ရေလမ်းဥမင်လိုဏ်ခေါင်းမှာ ဒီလို ဂူပေါက်တွေ ရှိတယ်.. အဘိုးအိုက ကျုပ်တို့ကို အန္တရာယ်ပြုဖို့ အပေါ်က လှိုဏ်ဂူထဲမှာ ပုန်းနေခဲ့ဖူးတယ်လေ မှတ်မိတယ်မလား?"


သူဒီလိုပြောလာတဲ့အခါ ဝူရှဲ့လည်း ဂူရဲ့ထိပ်ကို အနီးကပ် ကြည့်လိုက်တော့သည်။ ရှန်းတုံမှာရှိတုန်းက သူ့ခမျာ သေမတတ် ထိတ်လန့်သွားတာကြောင့် အလောင်းဂူထိပ်က ရေဓားပြဂူပေါက်ကို သိပ်ဂရုမစိုက်မိခဲ့ဘူး။ အခု ဖန့်ကျစ်က ဒီလိုပြောလာတယ် ဆိုတော့ ဒါက မမှားလောက်ဘူး။ 


"သေချာလား?"


ဖန့်ကျစ်မှာ မသေချာတော့ဘဲ "ကျုပ်တို့လည်း အဲဒီအဘိုး​ကြီးရဲ့ စကားကို နားထောင်ကြည့်ပြီးတော့မှ အပေါက်တစ်ပေါက် ရှိ​နေတာကို သိလိုက်တာ... ကိုယ့်ဘာသာ ဖြတ်သွားတုန်းက အထဲမှာ မှောင်မည်းနေတော့ သတိမထားမိခဲ့ဘူး" 


ဝူရှဲ့ ရပ်လိုက်ပြီး ဒီလမ်းဆုံလမ်းခွရဲ့ အပေါက်တွေကို အနီးကပ် ကြည့်လိုက်တော့မှ သူတို့ရဲ့လုပ်ဆောင်ချက်ကို ချက်ချင်း သဘောပေါက်သွားပြီး။


"အဲဒီလူသေ အလောင်းဂူမှာတုန်းက တွေ့ခဲ့တဲ့ ရေသူခိုးဂူပေါက်ကလည်း တစ်ပေါက်တည်းမလား?" 


ဖန့်ကျစ်က ခေါင်းညိတ်ပြီး ဟုတ်တယ်ဟု ဆိုလေ၏။ ဝူရှဲ့ ဆက်ပြောလိုက်သည်။ 


"ဒီလမ်းခွဲလို အပေါက်တွေကို သူတို့က အသက်ရှုနိုင်ဖို့ သုံးခဲ့တာ... ဒီလူသွားလမ်းထဲကို ရေတွေ ဝင်လာရင် အပေါက်တွေရဲ့ ကောက်ကွေးနေတဲ့ ပုံစဲကြောင့် ကွေးနေတဲ့ အပေါက်တွေထဲမှာ လေတွေ ကျန်နေခဲ့လိမ့်မယ်... ဒါကြောင့် ခဏလောက် ရေကူးပြီး လမ်းဆုံလမ်းခွ ရောက်ရင် ခေါင်းကိုထိုး အသက်ရှုသွင်းပြီး ဆက်ကူးသွားလို့ ရပြီ"


ဖန့်ကျစ် အံ့အားသင့်သွားပြီး "ဒီလို လိမ္မာပါးနပ်တဲ့ နည်းလမ်းကို ဒီရေအောက်လမ်းမှာ တကယ်ပဲ သုံးခဲ့တာလားဟ? ဒါဆို ဒီလမ်းထဲမှာ တကယ်ကြီး ရေတွေရှိခဲ့တာပေါ့"


"ဒီလိုပဲ ဖြစ်မယ်... ကွာကျစ်ဘုရားကျောင်းထဲက ရေဓားပြဂူကိုလည်း ဝမ်းချောင်ဟိုင်ရဲ့ လူတွေက တူးထားပုံရတယ်"


ဝူရှဲ့ တွေးလိုက်ရင်း မှားနေသလိုလည်း ခံစားရပြန်သည်။ အဲဒီတုန်းက ဓားပြဂူဟာ အရမ်းဟောင်းနေပြီလို့ ဦးလေးသုံးက ကောက်ချက်ချခဲ့သည်။ စစ်မတ်ကာလမှာ ဘုရင်လုရှန်က အုတ်ဂူဆောက်ဖို့ ထိုတောင်ကို သွားခဲ့တဲ့အခါတုန်းက တူးခဲ့တာဖြစ်နိုင်သည်။


ထို့နောက် ဝမ်းချောင်ဟိုင်က အဲဒီနေရာကို သွားပြီးတော့ ရှေးခေတ် နည်းပညာတွေကို ချေးငှားတာ ဖြစ်နိုင်၏။ ဒါက တော်တော်လေး ဖြစ်နိုင်ချေရှိသည်။ 


အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် ဘယ်လောက်တောင် ဝေးသွားပြီလဲ မသိတော့ပေ။ ရေအောက် လူသွားလမ်းက တဖြည်းဖြည်း ကျယ်လာကာ နောက်ဆုံးတွင် ထွက်ပေါက်ကို မြင်လိုက်ရသည်။ သူတို့တစ်ဖွဲ့လုံး တွင်းပေါက်ထဲက ထွက်လာတော့ သူတို့ရှေ့က ဆယ်မီတာလောက် နက်ပြီး ငါးခြောက်မီတာလောက် ကျယ်တဲ့ မြစ်ကြီးတစ်စင်းကို တွေ့လိုက်ရလေသည်။ မြစ်ထဲမှာတော့ ရေမရှိတော့ပေ။


တူးမြောင်းကို လှမ်းကြည့်ရင်း ဝူရှဲ့က ဆိုလိုက်သည်။ 


"ဒါက ​ရေလွှဲမြောင်းပဲ... ကျုံးထဲက ရေတွေက ဒီကနေ လမ်းကြောင်းပြောင်း​ပြီး ထွက်သွားတာ ဖြစ်မယ် ရေတွေက စီးဆင်းနေနိုင်တော့ အနံ့မဆိုးဘူး ရေပြန်စီးဆင်းမှုကိုလည်း တားဆီးပေးနိုင်တယ်"


တူးမြောင်း၏ တစ်ဖက်တစ်ချက်စီတွင် လူတစ်ဦး သွားလာနိုင်သော မြစ်ကျောရိုးများရှိပြီး ထိပ်တွင် ကျောက်တံတား တစ်ခုလည်း ရှိသည်။ သူတို့အားလုံး သတိထားပြီး ဖြတ်လျှောက်သွားရာ မြစ်တစ်ဖက်ကမ်းကို ရောက်သွားကြသည်။ 


"ဒီတူးမြောင်းကို အပြင်က တူးမြောင်းနဲ့ ချိတ်ဆက်ထားတာ... တူးမြောင်းက တစ်ခုတည်းလို့တောင် မှတ်လို့ရတယ်.... ရေစီးတဲ့နောက်ကို လိုက်ကြရအောင်"


ဖန့်ကျစ်သည် ထိုင်ချလိုက်ပြီး ရေစီးကြောင်း၏ ခြေရာများကို ကြည့်ကာ ဘေးကို ညွှန်ပြလိုက်သည်။ 


"ဟိုမှာ!"


သူတို့အားလုံး ရှေ့ကို ဆက်လျှောက်ပြီး သိပ်မကြာခင်မှာပဲ သူတို့ရှေ့က မြစ်ကမ်းနံဘေးက ကျောက်နံရံမှာ ပုံမှန်လေးထောင့် ပုံစံနဲ့ အပေါက်တစ်ခု ပေါ်လာလေသည်။ 


ဖက်တီးသည် အအေး မီးရှူးမီးပန်းများကို လွှင့်ပစ်ကာ ရင်ပြင်လှိုဏ်ဂူ အပြင်ဘက် မြေပြင်ပေါ်ရှိ အနက်ရောင် ကျောက်ပြားများကို လင်းထိန်သွားစေခဲ့သည်။ ထို့နောက် သူက အရင်ဝင်သွားပြီး မီးရှူးမီးပန်းတွေ ပတ်ပတ်လည် ပစ်ချခဲ့ကာ ဝူရှဲ့တို့ကို လက်လှမ်းပြရင်း လိုဏ်ခေါင်းထဲကနေ ဆက်ဝင်သွားခဲ့သည်။ 


သူတို့ထွက်လာတဲ့ နေရာက အနက်ရောင် ကျောက်သားနဲ့ ​ဆောက်လုပ်ထားတဲ့ သင်္ချိုင်းဂူတစ်ခုပင်။ အမြင့်​ကြီး မဟုတ်ဘဲ လူတစ်ယောက်ပင် မတ်တပ်မရပ်နိုင်ပေမယ့် အရမ်းကျယ်​​လေသည်။ သင်္ချိုင်းရဲ့ ပတ်လည်မှာ သင်္ဂြိုဟ်ရာတွင် အသုံးပြုကြသည့် မြေအိုးတွေ အများကြီးကို သေသေသပ်သပ် စီထားသည်။ အကြမ်းဖျင်းအားဖြင့် အိုးတစ်ထောင်ကျော် ရှိမည်ဟု ခန့်မှန်းရပြီး ဧကရာဇ်ဝမ့်နူက အရက်သရဲ ဖြစ်ပုံရ၏။


အနက်ရောင် နံရံလေးဘက်တွင် ဧကရာဇ်မင်းမြတ် ကျင်းပခဲ့သည့် အခမ်းအနား မြင်ကွင်းများကို သရုပ်ဖော်ထားသော ရိုးရှင်းသည့် ရုပ်ကြွရုပ်လုံး အချို့ရှိသည်။ ရုပ်ကြွများကို ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်ခြင်း မရှိတော့ပေ။ ဤနေရာသည် ပြင်ပကမ္ဘာနှင့် ဆက်စပ် နေနိုင်၏။ ဤနေရာရှိ မီးတောင်ဓာတ်ငွေ့များသည် ဖန့်ကျစ် ပြောသကဲ့သို့ မသေစေနိုင်ပေ။ သို့သော် သာမန်လေထုထက် ပို၍ အဆိပ်သင့်နိုင်တာတော့ သေချာ​လေသည်။ 


ဒီနေရာက ပန်းချီကားများကို သေသေချာချာ မထိန်းသိမ်းထားနိုင်တာတော့ နှမြောစရာ ကောင်းလှသည်။ သိမ်းဆည်းထားသော ပုံများကို အကြမ်းဖျင်း ခြုံငုံသုံးသပ်ချက်သာ ပေးနိုင်၏။ 


သင်္ချိုင်းရဲ့ဘယ်ညာ နံရံတွေမှာ ကျောက်တံခါးတစ်ခုရှိပြီး အဲ့နောက်မှာတော့ မှောင်မိုက်တဲ့ စင်္ကြံလမ်းတစ်ခု ရှိပါသည်။ အထဲမှာ လေအေးတွေကို မှုတ်ထုတ်​​နေသည်။ ဖက်တီးက မီးရှူးမီးပန်း နှစ်ခုကို ကောက်ယူပြီး တစ်ခုပြီးတစ်ခု ပစ်ချလိုက်သော်လည်း အထဲကို မမြင်ရပေ။