(42)
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

တိမ်ထိပ်ကောင်းကင်နန်းတော် (ပထမပိုင်း)


Chapter (42)

ပထမဆုံးရိုက်ချက်



ဦးလေးဟိုင်နဲ့ သူ့အကြားက ဆက်ဆံရေးက အရာရာတိုင်းကို ပြောလို့ကောင်း​နေတာတော့ မဟုတ်ပေ။ စီးပွားရေး ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ပဲ ပြောလေ့ရှိတာ။ ထိုသူနဲ့ သိကျွမ်းပြီးတဲ့ နောက်မှာတော့ ထိုသူ့ကို မျက်နှာပေးဖို့အတွက် ဦးလေးဟိုင်လို့ ခေါ်ခဲ့ပေမယ့် သူနဲ့ ရုတ်တရက် ရင်းနှီးချင်လာတာက တစ်ခုခုတော့ ထူးဆန်းနေသလို ခံစားရသည်။ ဒါပေမဲ့ ကောင်မလေးရှေ့မှာတော့ သူ့မျက်နှာကို ပြသဖို့က မဖြစ်ဘူးလေ။ ဒါကြောင့် ပေါ့ပေါ့တန်တန် သဘောတူပြီး ဆက်မေးလိုက်သည်။


"မင်းဘာကိုဆိုလိုတာလဲ? သူဘာအချက်အလက်တွေ ရှာထားလို့လဲ" 


ချင်ဟိုင်ထင်က ယုတ်မာစွာ ပြုံးပြီး "ညီမဦးလေး ပြောတာက အချိန်ကျရင် ပြောပြမယ်တဲ့...ညီမလည်း ဘာဖြစ်သွားလဲ မသိဘူး ဒါကြောင့် မစမ်းသပ်ပါနဲ့တော့"


ဝူရှဲ့ စိတ်ထဲကနေ ကျိန်ဆဲလိုက်သည်။ ဒီ အမြတ်ကြီးစားအို​ကြီးက သူ့ကို ပြန်ဆွဲထုတ်ချင်နေတာ ဖြစ်နိုင်တယ်။


မျှော်လင့်ထားသလိုပဲ သုံးရက်မြောက်နေ့မှာ လောင်ဟိုင် ရောက်လာ၏။ ရထားဘူတာကနေ သူ့ကို​ကြိုပြီး သူကြိုတင် ဘိုကင်ချိတ်ထားတဲ့ ဟိုတယ်ကို အမြန်ရထားနဲ့ ခေါ်သွားလိုက်သည်။ ကားပေါ်ရောက်တော့ ဘာသတင်း ကြားထားလဲလို့ မေးလိုက်သည်။


လောင်ဟိုင်မှာ အအေးဒဏ်ကြောင့် တဆတ်ဆတ် တုန်​နေကာ။


“သန်မာတဲ့ မြွေတွေဖြစ်နေရင်တောင် ဒေသခံမြွေတွေကို မနှိမ်နင်းနိုင်ပါဘူးကွာ... သူတို့အားလုံး မင်းပိုင်နက်ထဲမှာ ရှိတယ် ငါမင်းကို ဘယ်လိုလုပ် လှည့်စားရဲမှာလဲ? ဒါပေမဲ့ ဒီအကြောင်းကို မပြောပါရစေနဲ့ဦး ငါဒီမှာ သေလုနီးပါး အေးခဲနေပြီ” 


ဝူရှဲ့လည်း သူ့ကို ဟိုတယ်ကို ခေါ်သွား​ပေးပြီး သူ့ပစ္စည်းတွေ ချလိုက်သည်။ ထို့နောက် ထမင်းစားခန်းထဲမှာ သီးသန့်အခန်း တစ်ခန်းကို ရှာလိုက်သည်။ ဝိုင်အိုးတစ်လုံးကို ဝိုင်ခွက်ပေါင်းများစွာ သောက်ပြီးနောက် နောက်ဆုံးတော့ စိတ်သက်သာရာ ရသွားခဲ့ပုံပင်။


လောင်ဟိုင်မှာ သူ့လည်ပင်းကို ကွေးနေတဲ့အထိ မူးနေတာတွေ့တော့ ပြီးသွားပြီလို့ သိလိုက်ကာ ဝူရှဲ့ ထပ်မေးလိုက်သည်။ 


"ကောင်းပြီ သောက်လည်း သောက်ပြီးပြီ စားလည်း စားပြီးပြီ ပြောရမယ့် အချိန်ရောက်ပြီနော်... ခင်ဗျား ဘာသိထားလဲ?" 


လောင်ဟိုင်က မျက်တောင်ခတ်ပြီး ပြုံးကာ သူ့အိတ်ထဲမှ စာရွက်တစ်ရွက်ကို ထုတ်၍ စားပွဲပေါ်တင်လိုက်သည်။ 


"ဒါကို ကြည့်လိုက်..."


ဝူရှဲ့ ကောက်ကိုင်ကြည့်လိုက်သည်။ ၎င်းသည် 1974 ခုနှစ် ရက်စွဲပါ အဝါရောင်ရှိသော သတင်းစာဟောင်း တစ်စောင်ပဲ ဖြစ်သည်။ သူသည် သတင်းတစ်ပုဒ်ကို လှည့်ပတ်ကာ အဖြူအမည်း ဓာတ်ပုံကြီး တစ်ပုံကို ပြလာ၏။ ဝူရှဲ့မှာ ရှင်းရှင်းလင်းလင်း မသိရ​သေးပေမယ့် မှတ်မိနေပါသေးသည်။ ဓာတ်ပုံကတော့ မြွေမျက်ခုံးငါးကြေးရုပ် ဖြစ်ပြီး ဘေးဘက်မှာ ဗုဒ္ဓဘာသာပုတီးစေ့လိုမျိုး ယဉ်ကျေးမှု အမွေအနှစ်လေးတွေ အများကြီးလည်း ရှိနေသည်။ 


ဒါပေမဲ့ ဒီငါးရဲ့ အသွင်အပြင်က သူ့လက်ထဲက တစ်ကောင်နဲ့ ဦးလေးသုံးလက်ထဲက တစ်ကောင်နဲ့လည်း မတူပေ။  ဂူသင်္ချိုင်း၏နဖူးတွင် ငါးရုပ်ကြွသုံးမျိုးရှိပြီး ပင်လယ်ရေအောက်သင်္ချိုင်းတွင် ဤရုပ်တုသည် ထိပ်တန်းဖြစ်သင့်သည်။  ဤနည်းဖြင့် ငါးသုံးမျိုးလုံး ရှိနေသည်ဟု ဆိုနိုင်သည်။


"ဒီသတင်းစာကို ခင်ဗျားဘယ်လို ရှာတွေ့ခဲ့တာလဲ? နောက်ကွယ်မှာ လျှို့ဝှက်ချက် တစ်ခုခုရှိလို့လား?" 


လောင်ဟိုင်က : "မကြာသေးခင်က သတင်းစာဟောင်းတွေကို ထုတ်ဝေတဲ့ သူဌေးကြီးတစ်ဦးကို ငါ ကူညီပေးခဲ့ဖူးတယ်... ချမ်းသာတဲ့သူတွေက အရာအားလုံးကို စုဆောင်းနိုင်ကြတာ မင်းလည်း သိပါတယ်... အဲဒါက 1974 ခုနှစ်​လောက်က ထုတ်ဝေတဲ့ ကွမ်ရှီးယဥ်ကျေးမှု ညနေခင်းသတင်းစာပဲ.... သူက ငါ့ကို ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ သတင်းစာတွေကို သူ့အတွက် ရှာပေးစေချင်တာ ငါ့မှာ နှစ်လလောက် ရှာလိုက်ရတယ်... သူက နောက်ရက် အနည်းငယ်အတွင်း အရောက်ပို့ဖို့ ချိန်းထားတာ ငါ စစ်ဆေးကြည့်နေတုန်း ဒီသတင်းကို တွေ့လိုက်ရတာပဲ တိုက်ဆိုင်မှုလို့ မင်းထင်လား? ဒီသတင်းစာက ၁၉၇၄ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ သတင်းစာပဲ.. ဒါပေမဲ့ ၁၉၇၅ ခုနှစ်ရောက်တော့ ပိတ်သိမ်းသွားပြီ... သက်တမ်းက တစ်နှစ်ပဲရှိသေးပေမယ့် ကမ္ဘာပေါ်မှာဆို ဒီသတင်းစာကို ရှာဖွေရဖို့ ခဲယဉ်းသွားပြီ... မင်းကံကောင်းတယ် ငါ့မျက်လုံးသာ နည်းနည်းလေး မလျင်လိုက်ရင် ပါသွားလောက်ပြီ"


ဝူရှဲ့ အောက်ကို ငုံ့ကြည့်လိုက်တော့ ဓာတ်ပုံအောက်မှာ စကားလုံး 300 လောက်ပါတဲ့ သတင်းဆောင်းပါး တစ်ပုဒ်ရှိပြီးတော့ ဒီငါးရုပ်ကို ကွမ်ရှီးမှာရှိတဲ့ ဗုဒ္ဓဘာသာ ဘုရားကျောင်းတစ်ခုရဲ့ အုတ်မြစ်အောက်မှာ တွေ့ရှိခဲ့တယ်လို့ ဆိုထားသည်။ ဘုရားကျောင်းက ၎င်းရဲ့သက်တမ်းကြောင့် သဘာဝအတိုင်း ပြိုကျသွားခဲ့ပြီး အပျက်အစီးများကို ရှင်းလင်းနေစဉ် မြေအောက်နန်းတော်အား တူးဖော်မိခဲ့သည်။  အထဲမှာတော့ ဆေးရည်စိမ်ထားတဲ့ ကျမ်းဂန်တွေနဲ့ ရတနာစာတွေ ပါ၀င်ပြီး ရတနာတွေထဲမှာ ဒီငါးကြေးရုပ်လည်း ပါ၀င်လေသည်။ အထဲကအရာဟာ မြောက်ပိုင်း စုန့်မင်းဆက် နှောင်းပိုင်းမှ ဘုန်းတော်ကြီးတစ်ပါး၏ ရုပ်ကြွင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းခဲ့ကြသည်။


မြောက်ပိုင်းစုန့်မင်းဆက်? ဝူရှဲ့ စီးကရက်တစ်လိပ်ကို မီးညှိရင်း ကုလားထိုင်ပေါ်ပြန်ထောက်ကာ စိတ်ထဲမှာ ငြီးတွားနေခဲ့သည်။ ပထမဆုံး မြွေမျက်ခုံးငါးကြေးရုပ်က စစ်မတ်ကာလက မင်းသားတွေရဲ့ ဂူသင်္ချိုင်းထဲမှာ ပေါ်လာပြီး ဒုတိယငါးက မင်မင်းဆက် အစောပိုင်း၊ ပင်လယ်​ရေအောက် ဂူသင်္ချိုင်းထဲတွင် ပေါ်ထွက်လာခဲ့သည်။ တတိယငါးသည် မြောက်ပိုင်း စုန့်မင်းဆက်ရဲ့ ဘုရားကျောင်းအောက်က မြေအောက်နန်းတော်တွင် ဖြစ်​နေသည်။  ဘယ်လိုလေယာဉ်မျိုး စီးနေလို့ အချိန်ကန့်သတ်ချက်က မရှိရတာလဲ။


သတင်းစာရဲ့ တခြားအပိုင်းတွေကို လှန်ကြည့်လိုက်ပေမယ့် ဒီငါးနဲ့ ပတ်သက်တဲ့ သတင်းက ဒီတစ်ပုဒ်ပဲ တွေ့ရသည်။ တကယ်တော့ ဒီအကြောင်းအရာတွေထဲမှာ ဘာမှ ထူးထူးခြားခြား မရှိပါဘူး။ ဒီငါးအကြောင်း ဘာမှမသိသေးတာကြောင့် လူကတွေးရင်း စိတ်ဓာတ်ကျနေမိသည်။


လောင်ဟိုင်က ဝူရှဲ့အမူအရာကို ကြည့်ပြီး ပြောလာ၏။


"စိတ်ဓာတ်ကျမနေပါနဲ့...ငါပြောလို့ မပြီးသေးဘူး ဒီနောက်ကွယ်က ဇာတ်လမ်းက စိတ်လှုပ်ရှားစရာ ကောင်းနေတုန်းပဲ"


ဝူရှဲ့ မျက်မှောင်ကြုတ်လိုက်ပြီး "ဘာပြောမလို့လဲ? ဒီသတင်းစာက ဆင်းသက်လာနိုင်တဲ့ တခြားအရာတွေ ရှိသေးလို့လား?"


လောင်ဟိုင်က ခေါင်းညိတ်ပြီး ပြောလာခဲ့သည်။ 


"အဟုတ်ပဲ...မဟုတ်ရင် ငါဒီသတင်းစာ ရှာတွေ့တာနဲ့ မင်းကိုရှာဖို့ ဟန်ကျိုးအထိ လာဖို့ မလိုဘူးလေ မဟုတ်ဘူးလား? ဟုတ်ပြီ ငါတို့ အစကနေ စရမယ်... ချန်ဖီအားစစ်လို့ ခေါ်တဲ့လူကို မင်းသိလား?"


ထိုနာမည်ကိုကြားတော့ ဝူရှဲ့ အံ့အားသင့်သွားလေသည်။ ချန်ဖီအားစစ်က အသက်ကြီးနေပြီဖြစ်ကာ ချောင်ရှားတွင် ကျော်ကြားသော ဒေသန္တရ ဆရာတစ်ဦး ဖြစ်ကြောင်း ကြားဖူးသည်။ ထိုလူဟာ သူ့အဘိုးရဲ့ ခေတ်ပြိုင်ဆရာ တစ်ဦးဖြစ်ပြီး အခုဆိုရင်တော့ အသက်ကိုးဆယ်ကျော်နေပြီဟု ကြားသိရသည်။ ၁၀နှစ်လောက်မှာ ကပ်ဆိုးကြီး ဖြစ်လာခဲ့သည်။ အဲဒါပြီးသွားကတည်းက မျက်စိကွယ်သွားရာ ပေါ်မလာတော့ပေ။ သူသေလား အသက်ရှင်​နေ​သေးလားတော့ မသိပေမယ့် သူ့နာမည်က အဘိုးရဲ့ ပါးစပ်ထဲမှာ ကျယ်လောင်နေဆဲပင်။


ဒါပေမဲ့ အဲဒီလူက သူ့အဖိုးနဲ့ မတူပေ။ အဲဒီလူက ဓားသွားပေါ်မှာ အသက်ရှင်လာသူဖြစ်ကာ ရိုးရိုးတန်းတန်း ဂူဖောက်ရုံမက လူသတ်ပြီး မီးရှို့သည်။ ပိုက်ဆံရသရွေ့ အကုန်လုပ်သည်။ ဒါကြောင့် လူတွေက သူ့ကို ချန်ဖီအားစစ်လို့ ခေါ်ကြ၏။ ဆိုလိုတာက သူဟာ ခေါင်းရိတ်သလိုမျိုး မဆိုင်းမတွဘဲ လူတွေကို သတ်ပစ်လိုက်တာကြောင့်ပါပဲ။


လောင်ဟိုင်က ဒီလူအကြောင်းကို ပြောလာတဲ့အခါ ဝူရှဲ့လည်း နည်းနည်းတော့ အံ့အားသင့်သွား၏။ အကြောင်းက ဒီလူက သူတို့နဲ့ ခေတ်ပြိုင်မဟုတ်တဲ့အတွက်ရော သူနဲ့မိမိက တစ်ခါမှ မထိတွေ့ဖူးတဲ့ အတွက်ကြောင့်ရော အံ့သြမိသွားခြင်းပင်။ ဧကန္တ ဒီငါးရုပ်ရဲ့ နောက်ကွယ်က ဇာတ်လမ်းက အဲဒီလူနဲ့ ပတ်သက်နေတာလား။ ဒီကိစ္စက သူနဲ့ ဘာမှ မဆိုင်ဘူးဆိုရင်တောင် နားထောင်ကြည့်လည်း အကျိုးမယုတ်နိုင်ချေ။ 


ဝူရှဲ့ နှုတ်ဆိတ်နေတာကို မြင်တော့ လောင်ဟိုင်က သူမသိဘူးလို့ တွေးပြီး ခေါင်းညိတ်လိုက်သည်။ 


"ချန်ဖီအားစစ် အကြောင်း မင်းမသိတာက အံ့သြစရာတော့ မဟုတ်ပါဘူး... သူက ငါတို့နဲ့ မျိုးဆက်တူ မဟုတ်ပေမယ့် ဒီသတင်းစာမှာပါတဲ့ ဒီကြေးနီငါးကို ဘုရားကျောင်းရဲ့ မြေအောက်နန်းတော်ထဲက ယူဆောင်လာခဲ့တဲ့သူပဲ.... သတင်းစာမှာ ပြောထားသလောက်တော့ မရိုးရှင်းဘူး” 


အဲဒီနောက်မှာ ဖြစ်ပျက်ခဲ့တာကို အတိုချုံး ပြောပြလာခဲ့သည်။ 


1974 ခုနှစ်တွင် ချန်ဖီအားစစ်သည် အသက်ခြောက်ဆယ်နီးပါးရှိပြီး မျက်စိမြင်နေဆဲ ဖြစ်သည်။ ၎င်းသည် ဆယ်နှစ်တာ ကာလအတွင်း ကူမင်တန်စစ်တပ်တွင် တပ်စုခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းတွင် တပ်စုကို အပိုင်းပိုင်းခွဲကာ နှစ်အတော်ကြာ ဓားပြဖြစ်ခဲ့သောကြောင့် တရားဥပဒေအရ အဆင့်အတန်း မရှိခဲ့ပေ။ ထိုအချိန်က ဖမ်းမိပါက သတ်ပစ်မည်ဟု အမိန့်ထုတ်ထားခဲ့သည်။ သူသည် ကွမ်ရှီးက လူနည်းစုနယ်မြေတဝိုက်တွင်သာ လှုပ်ရှားသွားလာနိုင်ပြီး သတ္တိရှိရှိ ခရိုင်ရုံးကိုတောင် မဝင်ရဲချေ။ 


အစောပိုင်းနှစ်များရဲ့ သမိုင်းဝင်နေရာ အများအပြားလည်း သူ့ကြောင့် ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသည်။ ချန်ဖီအားစစ်သည် ကွမ်ရှီးက နေရာများစွာကို ရောက်ခဲ့ပြီး ကွမ်ရှီးဟာ ရှေးခေတ်က အလယ်ပိုင်းလွင်ပြင် မဟုတ်သောကြောင့် ရှေးခေတ်ဂူသင်္ချိုင်းများ အများအပြား မရှိရာ မျှတစွာနေထိုင်ခဲ့သည်။ အဲဒီနှစ်တွေမှာ သူရိုးသားခဲ့ပေမယ့် ကံမကောင်းစွာနဲ့ ထိုနှစ်မှာတော့ သူသည် ကျာ့ချောင်လင်မှာ စျေးဝယ်ရင်း ဖြတ်သွားခဲ့ရာ ဒေသခံ မြောင်လူမျိုးတချို့နှင့် စကားစမြည် ပြောခဲ့သည်။ ထိုသူများသည် အရက်အလွန်အကျွံ သောက်ပြီး မောင်အာတောင်ရှိ ဘုရားကျောင်း တစ်ကျောင်းတွင် ပြိုကျသော မျှော်စင်တစ်ခု ရှိနေကြောင်း ပြောကြ၏။ မြေကြီးထဲကို နစ်မြုပ်သွားတာကြောင့် မီးတောင်ဝကြီးလို ပြိုကျသွားရာ အဲဒီညမှာ လူတော်တော်များများက ထူးဆန်းတဲ့ အော်သံကိုလည်း ကြားလိုက်ရကြောင်း ပြောပြကြသည်။ 


ချန်ဖီအားစစ်လည်း ထိုစကားကို ကြားတော့ တစ်ခုခုမှား​နေသလို ခံစားလိုက်ရသည်။ သူ မောင်အာတောင်ကို အကြိမ်ကြိမ် ရောက်ဖူးသည်။ ထိုနေရာရှိ ဘုရားကျောင်းသည် အလွန်ခိုင်ခံ့စွာ ဆောက်လုပ်ထားသောကြောင့် ပြိုကျတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ? သေသေချာချာ မေးကြည့်တော့ ထိုဘုရားကျောင်းဟာ မောင်အာတောင်ပေါ်မှာ မဟုတ်ဘဲ ဝေါ့ဖူလင် ခေါ်တဲ့ အနီးနားက တောင်တန်းရဲ့ အလယ်မှာ ရှိတာကို သိလိုက်ရသည်။ အဲဒီနေရာက အလွန်ထူးဆန်းပါ၏။ ရွာများ ဝန်းရံထားသော အလယ်တွင် စတုရန်းကီလိုမီတာ ဆယ်ဂဏန်းခန့်ရှိသော မြေနိမ့်လွင်ပြင် တစ်ခု ရှိ​နေသည်။ အမြင့်ပေက အလွန်နိမ့်ပါးပြီး အသီးအရွက်ပင်များ ထူထပ်ကာ ကောင်းကင်ယံတွင်လည်း သစ်ပင်များက ဖုံးလွှမ်းထားသည်။ ရွာတွေက ချောက်ကမ်းပါးမှာ ရှိနေကာ ချောက်ကမ်းပါး အောက်မှာတော့ သစ်တောတွေချည်းသာ။ နယ်မြေနှစ်ခုကြား မီတာ ၁၀၀ ကျော် အကွာအဝေးအတွင်း တစ်စက်မှမတူဘဲ ကမ္ဘာနှစ်ခုလို ဖြစ်ပြီး ရွာမှဆင်းနိုင်သည့် လမ်းလည်း မရှိပေ။ အဲဒီမြစ်ဝှမ်းလွင်​ပြင်ထဲသို့ ဆင်းလိုပါက ကြိုးများကိုသာ သုံးနိုင်သည်။


ထိုမြစ်ဝှမ်းလွင်​ပြင်ဆီကို သွားတဲ့ တခြားဝင်ပေါက်တွေနဲ့ ထွက်ပေါက်တွေ ရှိရမယ်လို့ ဒေသခံတွေက ပြောကြပေမယ့် မြေအောက်က အပင်တွေက သိပ်သည်းပြီး သွားလာရခက်​ပေသည်​။ မြောင်လူမျိုးများက ထိုနေရာ၌ အမဲလိုက်၍ ဆေးပင်စုဆောင်းဖူးသော်လည်း အတွင်း၌ မကြာခဏ ပျောက်ကွယ်သွားသောကြောင့် ဘာမှမဖြစ်ရင် ထိုနေရာသို့ ဆင်းသွားရန် ဆန္ဒမရှိ​ကြပေ။


ထိုနေရာတွင် ရှေးကျသော ဘုရားကျောင်းမျှော်စင် တစ်ခုကို တည်ထား​လေသည်။ ၎င်းက မြစ်ဝှမ်းလွင်ပြင်ရဲ့ အလယ်ဗဟို​လောက်မှာ ရှိ၏။ အများအားဖြင့် လူတွေ ချောက်ကမ်းပါးကနေ ငုံ့ကြည့်လိုက်တဲ့အခါ ထူထပ်တဲ့ သစ်ပင်တွေ ဖုံးအုပ်ထားတဲ့အထဲက အလွန်သေးငယ်တဲ့ မျှော်စင်ထိပ်ဖူးကို တွေ့ရမှာ ဖြစ်ကာ အပင်တွေကတော့ အတော်လေး ဖုံးလွှမ်းနေသည်။ လွန်ခဲ့သည့် ဆယ်နှစ်ကျော်က ထိုနေရာတွင် မျှော်စင်တစ်ခု ရှိကြောင်း မြောင်လူမျိုးများ သိခဲ့သော်လည်း ဘယ်သူကမှ ဆင်းကြည့်ရန် မစဉ်းစားခဲ့ကြသဖြင့် ယခုအခါ သူတို့အတွက် ထိုအရာက ကျင့်သားရနေပြီ ဖြစ်သည်။ မကြာသေးမီက တစ်နေ့တွင် ရုတ်တရက် ကျယ်လောင်သော ဆူညံသံတစ်ခု ထွက်ပေါ်လာပြီး မျှော်စင်ထိပ် ပျောက်ကွယ်သွားတာကို မြင်လိုက်ရသောအခါမှ ဘုရားကျောင်း မျှော်စင်ပြိုကျကြောင်း သိလိုက်ရသည်။


ထိုလျှို့ဝှက် ဆန်းကြယ်သော ရှေးဟောင်းမျှော်စင်နဲ့ ပတ်သက်တဲ့ ဒေသန္တရ ဒဏ္ဍာရီများစွာလည်း ရှိပါ၏။ ရှေးယခင်က နတ်ဆိုးများကို နှိမ်နင်းရန်အတွက် ထိုဘုရားကျောင်းကို ဘုန်းကြီးတစ်ပါးက တည်ဆောက်ထားခဲ့ကြောင်း ရှေးလူကြီးများက ပြောကြသည်။ ယခု မျှော်စင် ပြိုကျသွားပြီမို့ မကောင်းဆိုးဝါးတွေ လွတ်မြောက်သွားကြပြီ။ ထိုထူးဆန်းသော အော်သံကလည်း ချုပ်နှောင်ခံထားရတဲ့ မကောင်းဆိုးဝါးတွေ လွတ်သွားတာကြောင့် အော်နေကြတဲ့ အသံဟု ဆိုလေ၏။ 


ထိုစကားကို ကြားပြီးနောက် ချန်ဖီအားစစ်လည်း အလွန်စိတ်ဝင်စားစရာ ကောင်းတာကို တွေ့လိုက်ရသည်။ မျှော်စင်ရဲ့ တည်နေရာနဲ့ မြောင်လူတို့ရဲ့ ညသန်းခေါင်ယံမှာ အသံကြားရကြောင်း ကြားလိုက်ရကတည်းက ထူးဆန်းနေတယ်လို့ သူခံစားလိုက်ရသည်။ ဒါပေမဲ့ သူတို့လို လူတွေဟာ ထူးဆန်းတဲ့ ပင်ကိုယ်ဥာဏ်ရှိနိုင်ပြီး တခြားသူတွေရဲ့ ဇာတ်ကြောင်းတွေနဲ့ ဒဏ္ဍာရီတချို့ရဲ့ အချက်အလက်တွေကို အလိုလို ရှာဖွေနိုင်တယ်လေ။ ဒါက ဝူရှဲ့တို့လို မျိုးဆက်မှာဆိုရင် ရှာရခက်သွားပြီ။ 


ချန်ဖီအားစစ်ဟာ ခဏလောက် စဉ်းစားပြီးနောက် သွားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။


ကွမ်ရှီးတွင် တောင်တန်းများစွာရှိပြီး ၎င်းက နိုင်ငံ၏ ပထမအဆင့် ဖြစ်သည်။ မောင်အာတောင်သည် ရှင်းအန်း၊ ကျစ်ယွမ်နဲ့ လုံရှန့် ခရိုင်သုံးခုကို လွှမ်းခြုံထားသည့် အရေးကြီးသော ရင်းမြစ်များထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် လီကျန်းမြစ်၊ ကျစ်ကျန်းမြစ်နှင့် ရွှင်ကျန်းမြစ်တို့ မွေးဖွားရာနေရာ ဖြစ်ပြီး ယန်ဇီမြစ်နှင့် ပုလဲ​မြစ်တို့၏ အဓိက ရေစနစ်နှစ်ခုကို ချိတ်ဆက်ပေးထားသည်။ ထိုနေရာ၌ ရှေးဦးတောတွင်း ဧရိယာက ကျယ်ဝန်းပြီး အနီရောင်တပ်မတော်မှ ခရီးရှည် ကာလအတွင်း ဖြတ်ကျော်ခဲ့သော ပထမဆုံး တောင်ကြီးဖြစ်တဲ့ လောင်ရှန်းကျဲ့တောင်လည်း ပါဝင်သည်။ ဒုတိယကမ္ဘာစစ်အတွင်း တရုတ်နိုင်ငံကို ကူညီပေးနေသည့် Flying Tigers ဗုံးကြဲလေယာဉ် အများအပြားသည် ထိုနေရာတွင် ထူးထူးခြားခြား ပျောက်ကွယ်သွားသောကြောင့် ထိုနေရာဟာ အနည်းငယ်လျှို့ဝှက် ဆန်းကြယ်ကြောင်း ကောလဟာလများ ထွက်ပေါ်ထားလျက် ရှိသည်။


အလှည့်အပြောင်း များစွာဖြင့် လှည့်ပတ် မေး​​မြန်းပြီးနောက် ချန်ဖီအားစစ်သည် "ဝေါ့ဖူလင်" အနားရှိ ရွာတစ်ရွာသို့ ရောက်လာခဲ့သည်။ သူသည် တောင်ကုန်းတစ်ခုပေါ်တွင် ရပ်ကာ တောင်တန်းများအလယ်ရှိ ​နေရာကို လှမ်းကြည့်လိုက်ရာ၊ ထိုမျှော်စင်သည် သူထင်ထားတာထက် ပိုကြီး​နေတာ တွေ့လိုက်ရ၏။ ပြိုကျထားတဲ့ နေရာမှာ သစ်ပင်များစွာ လဲကျထားသဖြင့် သစ်တော၏ စိမ်းလန်းသော မြက်ခင်းပြင်တွင် ကွက်လပ်​ကြီးတစ်ခု ရှိနေသည်။ "ဝေါ့ဖူလင်"တောင်ကနေဆို ကွာဟချက် ရှိနေတာကို မမြင်နိုင်သော်လည်း ချန်ဖီအားစစ်သည် မျှော်စင်ပြိုကျရာ နေရာတစ်ဝိုက်ရှိ သစ်ပင်များ အားလုံးသည် မြေပြိုကျမှုကြောင့် အလွန်ရှုတ်ထွေးနေကြောင်း ချက်ချင်းဆိုသလို တွေ့ရှိခဲ့ရသည်။ မျှော်စင်၏ အောက်ခြေ၌ တစ်ခုခုရှိနေတာ သေချာသွားပြီ။ ၎င်းသည် မျှော်စင်အခြေခံအုတ်မြစ်ထက် ပိုမိုကြီးမားနိုင်သည်။


ဝူရှဲ့လည်း ဒါကိုကြားတော့ "ကြေးမုံနန်းတော်"ပဲ ဆိုတာ သိလိုက်သည်။ "ကြေးမုံနန်းတော်" သည် မလွတ်မြောက်မီက ချောင်ရှားဒေသ၏ ဒေသိယစကား ဖြစ်သည်။ ဆိုလိုသည်မှာ မြေပေါ်ရှိ အဆောက်အဦအောက်တွင် မြေပေါ်ရှိ အဆောက်အဦးနှင့် အရွယ်အစားတူသော မြေအောက် အစိတ်အပိုင်းတစ်ခု ရှိနေသည်ဟု။ မြေပေါ်ရှိ အဆောက်အဦ၏ အပေါ်နှင့် အောက်စွန်းများသည် မြေအောက်ရှိအရာနဲ့ အချိုးညီနေခြင်းပဲ ဖြစ်သည်။


မြောက်ပိုင်းမှာတော့ "ယင်းယန်လွန်းပျံယာဥ်" ဟုလည်း ခေါ်သည်။ ဆိုလိုသည်မှာ အဆောက်အဦး တစ်ခုလုံးသည် မြေ​ကြီးထဲတွင် ထည့်ထားသော လွန်းပျံယာဉ်ကဲ့သို့ ဖြစ်​နေပြီး တစ်ဖက်မှာ မြေအောက်ယင်ကမ္ဘာဖြစ်ပြီး ကျန်တစ်ဖက်မှာ ယန်ကမ္ဘာဖြစ်သည်။ သို့သော်လည်း ထိုကဲ့သို့ရှေးဟောင်း ဂူသင်္ချိုင်းများ သို့မဟုတ် ရှေးဟောင်း အဆောက်အဦများကို မတွေ့ရတော့ဘဲ ရှားပါးလာပြီး မြေပြင်ပေါ်ရှိ အကြွင်းအကျန် အများစုမှာ လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်သောကြောင့် ဤထုတ်ပြန်ချက်သည် လွတ်မြောက်ရေး မတိုင်မီ ဆယ်နှစ်ခန့်ကပင် မဖော်ပြတော့ပေ။


သစ်ပင်တွေရဲ့ အစီအစဥ် ပြောင်းလဲမှုတွေကို ကြည့်ရုံနဲ့ "ကြေးမုံနန်းတော်" အောက်မှာ မြုပ်နှံထားတယ်လို့ ချန်ဖီအားစစ်လည်း ပြောနိုင်ပါ၏။ အလွန်ကြွယ်ဝတဲ့ အတွေ့အကြုံ မရှိဘဲနဲ့တော့ ဒီလိုစီရင်ချက်မျိုး ချဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဝူရှဲ့လည်း တိတ်တိတ်လေး သက်ပြင်းချပြီး လောင်ဟိုင် ဆက်ပြောတာကို နားထောင်နေလိုက်သည်။ 


ချန်ဖီအာစစ်သည် စိတ်အားထက်သန်လာပြီးနောက် လောဘကြီး၍ မျှော်စင်၏ မြေအောက်နန်းတော်ရှိ ရတနာသုံးပါး၊ ထင်ရှားကျော်ကြားသော ဘုန်းကြီး၏ ရွှေအလောင်းတော် သို့မဟုတ် ဗုဒ္ဓဘာသာကျမ်းဂန် အများအပြားသာ ရှိပေလိမ့်မည်ဟု ခန့်မှန်းလိုက်သည်။ ၎င်းတို့အားလုံးကတင် အဖိုးမဖြတ်နိုင်သော အရာများ ဖြစ်နေပြီ။ 


ဒါပေမဲ့ သူ့လိုသူစိမ်း တစ်ယောက်အတွက်တော့ ဒီနေရာမှာ ပြောင်းရွှေ့နေထိုင်ရတာ အဆင်မပြေပါဘူး။ ပထမအချက်က သူ့မှာ အထူးအဆင့်အတန်းရှိပြီး ညံ့ဖျင်းတဲ့ နောက်ခံရှိသည်။ ဒုတိယအနေနဲ့ကတော့ အဲဒီအချိန်တုန်းက မြောင်နဲ့ ဟန်မျိုးနွယ်စုတွေ ကြားမှာ အဆက်မပြတ် အငြင်းပွားမှုတွေ ရှိနေခဲ့တာကြောင့် သူသာ မြောင်လူမျိုးရွာထဲ ကမူးရှူးထိုး ဝင်လိုက်လျှင် တခြားသူများကို သံသယဝင်စေနိုင်သည်။


ချန်ဖီအားစစ် အများကြီးစဉ်းစားပြီးမှ အကြံအစည်တစ်ခု ထွက်လာခဲ့သည်။ သူက ဒေသခံ မြောင်လူမျိုး လမ်းပြကိုရှာဖို့ စျေးကြီးပေးခဲ့ပြီး သူက အပြင်ကလာတဲ့ နယ်စပ်ဒေသက ပညာရှင်​ကြီး တစ်ယောက်လို့ လမ်း​ပြကို ပြောလိုက်သည်။ ဒီကိုလာတုန်းက သူ့​ကျောင်းသားတွေ ချောက်ထဲကျသွားတာကြောင့် သွားရှာချင်ကြောင်း ဆိုလိုက်၏။ မြောင်လူမျိုးများသည် လောကီရေးရာများကို ရိုးရိုးရှင်းရှင်း မသိဘဲ ကြံစည်မှုတစ်ခု ရှိနေတယ်လို့ ဘယ်လိုလုပ် တွေးမိပါ့မလဲ။ တစ်စုံတစ်ယောက် ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျကြောင်း ကြားသိချင်းပင် ရွာရှိလူအားလုံးကို ချက်ချင်းအကြောင်းကြားခဲ့သည်။ မြောင်လူငယ်တစ်ဦးသည် ကြိုးဖြင့်ဆွဲထားသော ခြင်းတောင်းကို ကြိုချည်ပြီး ချန်ဖီအားစစ်နဲ့ လမ်းပြကို ချောက်ကမ်းပါး အောက်ခြေရောက်တဲ့အထိ ကူညီပေးခဲ့သည်။


နောက်ပိုင်းမှာတော့ ချန်ဖီအားစစ်ရဲ့ ကိုယ်ပိုင်မှတ်ဉာဏ်အရ မီတာ 100 ကျော် ချောက်ကမ်းပါးကို ဖြတ်ကျော်ရခြင်းက မိုက်မဲတဲ့ အတွေ့အကြုံ တစ်ခုပဲ ဖြစ်သည်။ ချောက်ကမ်းပါးက အလွန်မတ်စောက်၍ လူအလေးချိန်ကို ကြိမ်ကြိုးဖြင့် ထိန်းလျက် တင်ပါးများကို ခြင်းတောင်းဖြင့် ထုပ်ပိုးထားရသည်။ လေတိုက်လိုက်သောအခါ လူတစ်ကိုယ်လုံးသည် စက်ဝိုင်းလို ဖြစ်သွားရာ အလွန်ကို မတည်မငြိမ် ဖြစ်သွားစေ၏။ သူတို့မှာ ထူထပ်သော သစ်ပင်အဖုံးကို ဖြတ်၍ တောတွင်းအောက်ခြေသို့ ဆင်းလာသောအခါတွင် အသက်တစ်ဝက်မျှသာ ကျန်တော့သည်။


တောထဲမှာ နေရောင်က မရှိသလောက်ပဲ။ အလင်းရောင်က အလွန်မှိန်နေပြီး လေထုက မီသိန်းနံ့တွေနဲ့ ပြည့်နေ၏။ ဤနေရာတွင် သစ်ပင်အမျိုးအစား များစွာရှိသော်လည်း ခြွင်းချက်မရှိတာက နေရာတိုင်းတွင် စိမ်းလန်းသော ရေညှိများ ပေါက်ရောက်​နေကာ ရွှံ့နွံများသည် အလွန်ပျော့ပျောင်းနေသဖြင့် ကြာကြာနေရင် မဖြစ်နိုင်ပေ။


ချန်ဖီအားစစ် ဆင်းလာပြီးနောက်တွင် သူ မောပန်းနွမ်းနယ်နေ ဟန်ဆောင်ပြီး (တကယ်တော့ သူတကယ်ကို ထိတ်လန့်သွားခြင်းသာ) ငိုယိုကာ ထိုင်ချလိုက်သည်။ မြောင်လူမျိုး ခေါင်းဆောင်က သူ့အသက်က မငယ်တော့သလို အဘိုးကြီးတစ်ယောက်လို မောပန်းနေတာ မြင်တော့ သူတို့ပြန်လာတာကို စောင့်နေဖို့ ပြောခဲ့သည်။ သူတို့က မီးထွန်းပြီး သူညွှန်တဲ့ လမ်းကြောင်းအတိုင်း ပျောက်သွားတဲ့ တခြားသူတွေကို ရှာဖွေကြတော့၏။


သူတို့ထွက်သွားတာနဲ့ ချန်ဖီအားစစ်သည် သူ့သံလိုက်အိမ်မြှောင်ကို ချက်ချင်းထုတ်ကာ သူကြိုတင် ရေးဆွဲထားသည့် လမ်းညွှန်ချက်အတိုင်း တောနက်ထဲသို့ နက်နက်ရှိုင်းရှိုင်း တိုးဝင်သွားလေသည်။ ဤမျှလောက်ကျယ်သော နယ်ပယ်တွင် သူကျွမ်းကျင်မှုဖြင့် "ကြေးမုံနန်းတော်" သို့ အသွားအပြန် ခရီးထွက်ရန် လုံလောက်ပေလိမ့်မည်။ ဒီတစ်ခေါက်မှာ ပစ္စည်းအလုံအလောက် မယူလာမိတာ နှမြောစရာကောင်းလှ၏။ နန်းတော်ထဲ ဝင်နိုင်မလား ဆိုတာတော့ သူ့ကံပေါ်မှာပဲ မူတည်သွားပြီ။ 


တောထဲမှာ လေးနာရီကြာ ပန်းတိုင်မဲ့ လမ်းလျှောက်ရင်း သံလိုက်အိမ်မြှောင်ကို အားကိုးပြီး နှစ်တွေအကြာကြီး ကမ္ဘာတစ်ဝှမ်းကို ခရီးထွက်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ ချန်ဖီအားစစ်ဟာ သူစီစဉ်ထားတဲ့ "ဝေါ့ဖူလင်"ရဲ့ ဧရိယာထဲကို နောက်ဆုံးမှာတော့ ရောက်သွားပါတော့သည်။ သူရောက်သွားချိန်မှာတော့ ဘုရားကျောင်း မျှော်စင် ပြိုကျသွားတဲ့ အကြွင်းအကျန်တွေက ပတ်ပတ်လည်မှာ ဝန်းရံထားသည်။


ဆက်လက်၍ နက်ရှိုင်းလာသည်နှင့်အမျှ ချန်ဖီအားစစ်သည် တံစက်မြိတ်များ၊ ကျိုးကျနေသော တံတိုင်းများ ပိုများလာတာကို တွေ့လိုက်ရသည်။ ဤနေရာတွင်ရှိ ရှေးဟောင်း အဆောက်အအုံများ ပျောက်ကွယ်သွားကြောင်း သိသာထင်ရှားလှသည်။ အုတ်မြစ်များနှင့် နံရံတချို့သာ ကျန်တော့ပြီး သစ်ပင်သစ်ရွက်များနှင့် ရောထွေးလုနီးပါး ဖြစ်နေ​ပြီး ဘာလဲဆိုတာတောင် ရှင်းရှင်းလင်းလင်း မမြင်ရတော့ပေ။ အတိုင်းအတာကို ကြည့်ရလျှင်တော့ ဤဘုရားကျောင်းက အလွန်ကြီးမား​လောက်သည်။ မျှော်စင်ကြီးသည် ဤဧရိယာအတွင်းတွင် ကျရောက်နေသော်လည်း ဘယ်နေရာမှာ ရှိနေလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်ရခက်ပါ၏။


ချန်ဖီအားစစ်က အသက်မငယ်​တော့ပေ။ ဒါကြောင့် လမ်းလျှောက်လာရင်း အသက်ရှုမဝသလို ခံစားလိုက်ရသည်။ သူထိုင်ပြီး အနားယူတော့မယ့် အချိန်မှာပဲ ရုတ်တရက် မျက်စိရှေ့က နံရံတစ်ခုလုံးကို ပတ်ထားသော မြက်ပင်များက ရုတ်တရက် လျော့ပါးသွားကာ အတွင်းမှာ တစ်ခုခု ထုပ်ပိုးထားသလိုပင်။


ချန်ဖီအားစစ်လည်း လန့်ဖျပ်သွားပြီး ချော်လဲသွားလေ၏။ သူ့လက်ထဲက သံကျည်ဆန်တစ်တောင့်ကို ဆွဲထုတ်တော့မယ့်အခိုက် နောက်ပြန် လှည့်ကြည့်လိုက်တော့ နံရံမှာ ရစ်ပတ်ထားတဲ့ နွယ်ပင်ထဲက အလောင်းကို တွေ့လိုက်ရသည်။ အလောင်းက ရှုံ့တွလုမတတ် ဖြစ်နေပေမယ့် အလောင်းရဲ့ ဝမ်းဗိုက်ထဲမှာ ဘာမှန်းမသိသော အရာတစ်ခုခု ရှိနေသကဲ့သို့ အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်နေသည်။