(43)
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

တိမ်ထိပ်ကောင်းကင်နန်းတော် (ပထမပိုင်း)


Chapter (43)

ကြေးမုံနန်းတော်



မူလကတော့ လူသေဆိုတာ ချန်ဖီအားစစ်အတွက် သာမန်ပဲ ဖြစ်သည်။ သင်္ချိုင်းတွင်းမှထွက်လာသော မံမီဖုတ်ကောင်များကို မပြောဘဲ သူသတ်ခဲ့တဲ့ လူကိုရေတွက်မယ် ဆိုရင်တောင် ချက်ချင်း ရေတွက်နိုင်မည် မဟုတ်ပေ။ ဒါကြောင့် အလောင်းကို လှည့်ကြည့်လိုက်တော့ သူ စိတ်သက်သာရာ ရသွားခဲ့သည်။ ဘယ်က ကံမကောင်းတဲ့လူက ဒီမှာ လာသေနေရတာလဲလို့ပင် တွေးမိ၏။ ပြည်ကြီးငါးလို ခန်းခြောက်သွားပြီးတာတောင် လူကိုခြောက်လန့်ဖို့ ကြိုးစားနေတုန်းပဲ။


ဤကဲ့သို့ တွေးနေသော်လည်း ချန်ဖီအားစစ်သည် သူ့လက်ထဲတွင် သံကျည်ဆံကို ကိုင်ဆောင်ထားဆဲ ဖြစ်သည်။ သူသည် သံကျည်ဆန်ကို ငယ်စဉ်ကပင် ကိုင်လျက် လေ့ကျင့်ခဲ့သောကြောင့် ကျည်ဆံက သူယုံကြည်တဲ့ အရာတစ်ခုဟု ဆိုနိုင်၏။ အမြဲတမ်း ပစ်မှတ်ကို သတိထားပြီး သံကျည်ဆန်ကို အလွန်လျင်မြန်စွာ ပစ်လိုက်နိုင်သည်။ ပုံမှန်အားဖြင့် လူတွေဟာ သူ့လက်လှုပ်ရှားမှုကို မမြင်ရဘဲ မျက်စိကွယ်သွားရတာ များလေသည်။ 


ဒီမြောင်လူမျိုးရဲ့ အဝတ်အစားတွေကို ကြည့်လိုက်ရင် သေသွားတာ ဆယ်နှစ်ထက် မပိုသေးတဲ့ပုံရပြီး နှစ်နှစ် သုံးနှစ်လောက်​ပဲ ရှိ​ဦးမည်။ တစ်ဖက်က မြောင်လူမျိုး၏ အဝတ်အစားတွေက စုတ်ပြဲနေပြီ။ တွားသွား​နေသော စပျစ်နွယ်ပင်များကတော့ သူ့ကို ထုပ်ပိုးထားတာကြောင့် နေဒဏ်နဲ့မိုးဒဏ်တွေ ထိတွေ့ရတာကြောင့် ခန္ဓာကိုယ်က လုံးဝပုပ်မသွားဘဲ ရေဓာတ်နည်းနည်း ခမ်းခြောက်​နေတယ်လို့သာ ထင်ရလေ၏။


အလောင်းရဲ့ ဝမ်းဗိုက်မှာ တဟုန်ထိုး တုန်ခါနေဆဲဖြစ်ပြီး ချန်ဖီအားစစ်မှာလည်း ၎င်းကို ပိုကြည့်လေ တစ်စုံတစ်ခု မှားနေပြီဟု ခံစားရလေလေ ဖြစ်လာသည်။ သူ့လိုလူတွေဟာ သူတို့ကိုယ်ပိုင် ထူးခြားတဲ့ နည်းလမ်းတွေ ရှိကြတယ်၊ 'ငါသာဆိုရင် အဲဒီအချိန်ကတည်းက ထွက်ပြေးသွားလောက်ပြီ'ဟု ဝူရှဲ့ တွေးလိုက်မိ၏။ သို့သော် ချန်ဖီအားစစ် ဆိုသူမှာ ငယ်စဉ်ကတည်းက အသာစီးရရန် ပထမဆုံး လုပ်ကြံရမည်ဟု ယုံကြည်ခဲ့သူ ဖြစ်သည်။ ၎င်းကို တွေးပြီးသည်နှင့် သူ့လက်ထဲတွင် သံစကျင်ကျောက်သုံးလုံးကို ပစ်ခတ်ခဲ့လိုက်ရာ အလောင်းရဲ့ ဝမ်းဗိုက်ကို ထိမှန်သွားခဲ့သည်။ သူက 'မင်းဘယ်သူလဲဆိုတာ ငါဂရုမစိုက်ဘူး မင်းကိုအရင်သတ်မယ်..' ဆိုတဲ့ လူပင်။


သံကျည်ဆန်များသည် အလွန်အစွမ်းထက်ရာ အလောင်းရဲ့ ခန္ဓာကိုယ်ကို နှစ်ခြမ်း ကွဲလုမတတ် ပျက်စီးသွားသည်။ ခန္ဓာကိုယ်အောက်ပိုင်း ပြုတ်ကျသည်နှင့် တပြိုင်နက် ချန်ဖီအားစစ်သည် အလောင်းဗိုက်၏ အတွင်းဘက်၌ အမည်မသိ အဝါရောင်ချွဲကျိကျိ ဥ​ကြီးတစ်လုံးကို တွေ့လိုက်ရသည်။ ၎င်းက အကောင်​တောင် ပေါက်​နေပြီး အစုအပုံလိုက်လည်း ရှိနေသည်။ အထဲမှာ အဖြူရောင် ပိုးကောင်တွေ တွန့်လိမ်နေပြီး သူနဲ့ တွဲလောင်းကျနေတဲ့ အဖုအထစ်တွေနဲ့အတူ သူအရမ်းကို ရင်းနှီးတဲ့ အရာတွေလည်း ရှိနေ၏။ ပျားလပို့ပဲ။ လူသေအလောင်းတွေရဲ့ ခန္ဓာကိုယ်ထဲမှာ သန္ဓေယူပြီး ရှိသမျှ အပေါက်တွေက တွားသွားပြန်ထွက်လာတဲ့ မြေပျားတွေပဲ။


ချန်ဖီအားစစ်လည်း သူ့ကိုယ်သူ ကံဆိုးနေတာကို တွေးပြီး ကျိန်ဆဲလိုက်တော့သည်။ မြေပျားများသည် အလွန်အဆိပ်ပြင်းပြီး ရက်စက်ကြမ်းကြုတ်ရာ ယခု သူဒုက္ခရောက်တော့မည်။


အနက်ရောင် မြူခိုးအလွှာ တက်လာတာကို မြင်လိုက်ရချိန် မြေပျားတွေ ထွက်လာတော့မှာကို သိတာကြောင့် ချန်ဖီအားစစ်လည်း အလွန်စိုးရိမ်သွားရာ သူနှင့်အတူ ယူဆောင်လာသော လွယ်အိတ်ထဲမှ ခေါက်ဂေါ်ပြားကို ထုတ်ကာ စိုစွတ်နေသော ရွှံ့တွေကို တူးလိုက်သည်။ ထို့နောက် မြေကြီးပေါ်မှ လက်တစ်ဆုပ်စာ ရွှံ့နွံများကို ဖွာလိုက်ကာ အလောင်းရဲ့ ဒဏ်ရာကို ပွတ်သပ်၍ ထွက်လာသော မြေပျားအားလုံးကို အလုံပိတ်ပစ်လိုက်ကာ လှည့်ထွက်ပြီး ပြေးလာခဲ့တော့သည်။ 


ပြေးထွက်လာတဲ့ မြေပျားတွေက သူ့ဆီ ဝိုင်းအုံလာရာ ချန်ဖီအားစစ်ခမျာ သတိမဲ့စွာ လှည့်ပတ်ပြေးရင်း သူ့အဝတ်နဲ့ ရိုက်ထုတ်ခဲ့ရသည်။ ကံကောင်းထောက်မစွာ သူသည် ဂေါ်ပြားဖြင့် အလွန်လျင်မြန်စွာ ပိတ်ခဲ့၏။ ဒါ့အပြင် ဈေးအနည်းငယ်ပေး၍ အိတ်ကို ဝယ်ခဲ့မိသေးသည်။ အဲဒီနောက် ဟောဟဲဆိုက်ရင်း သူ့ခန္ဓာကိုယ်ပေါ်က ကျန်နေတဲ့ မြေပျားတွေကို ခါထုတ်လိုက်သည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့အခါ သူဘယ်ကိုပြေးလာမိမှန်း မသိတော့ပေ။


သူ့ခန္ဓာကိုယ်မှ ပျားအစွယ်လေးများကို ဆွဲထုတ်လိုက်တဲ့အခါ နာကျင်မှုကြောင့် အံကိုကြိတ်ထားရလေ၏။ စိတ်ထဲမှာလည်း ထူးဆန်းနေမိသည်။ ဘယ်လိုလုပ် လူသေအလောင်းရဲ့ ခန္ဓာကိုယ်ထဲကို ရောက်နေရတာလဲ။ ဒီလိုအဆိပ်ရှိသော ပျားမျိုးဟာ အများအားဖြင့် ပုရွက်ဆိတ်တွေလို မြေအောက်၌သာ နေထိုင်ကြသည်။ ကွမ်ရှီး၏ မိုးသစ်တောများအတွင်း နက်ရှိုင်းသော နေရာတွင်သာ တောင်ကုန်းလို မြေပျားအုံများကို တစ်ခါတစ်ရံ မြင်တွေ့နိုင်သည်။ တခြားသူများက ၎င်းကို ပုရွက်ဆိတ်အသိုက်ဟု ထင်ကြပြီး ပုရွက်ဆိတ်များကို ရှာဖွေရန် ဖွင့်လိုက်သောအခါတွင် ဖြစ်ပျက်နေသည့်အရာကို မသိမီ ပျားဘောလုံးများအဖြစ် အတုပ်ခံလိုက်ရ၏။ 


ကွမ်ရှီးနဲ့ ယွင်နန်တို့လို နေရာမျိုးတွေမှာ ကမ္ဘာကြီးထဲက ပိုးကောင်တွေအကြောင်း သိပ်မသိကြပါဘူး။ ချန်ဖီအားစစ်လည်း သူ့ကံမကောင်းမှုအတွက် သူ့ကိုယ်သူပဲ အပြစ်တင်နိုင်တော့သည်။ သူသည် ဒဏ်ရာကို ကုသနေစဉ်တွင် ပတ်ဝန်းကျင်ကိုလည်း လှည့်ပတ် ကြည့်ရှုခဲ့သည်။ တောင်ကုန်းတစ်ခုပေါ် တက်ပြီးနောက် ရုတ်တရက် တစ်ကိုယ်လုံး အေးခဲသွားရ​တော့သည်။


တောင်ခြေရင်း၌ ကြီးမားသော ကျောက်မျှော်စင်ကြီး တစ်လုံးကို မြင်လိုက်ရ၏။ မျှော်စင်သည် ဆဋ္ဌဂံပုံစံဖြင့် ကြီးကျယ်ခမ်းနားပြီး ထူထပ်သော တံစက်မြိတ်များနှင့် ကျယ်ဝန်းသော အတန်းများ ပါရှိသည်။ ရှေးဟောင်း မျှော်စင်ပေါ်ရှိ ရေညှိများနှင့် ငြိတွယ်နေသော နွယ်ပင်များကို ဓားဖြင့် ခြစ်ထုတ်လိုက်သောအခါ မျှော်စင်ပေါ်ရှိ ကျောက်ထွင်း ရုပ်ကြွများသည် အလွန်လက်ရာမြောက်လှတာကို တွေ့လိုက်ရသည်။ သို့သော်လည်း မျှော်စင်ကြီးက မီးလောင်သွားတာ ထင်ရှားပေ၏။ အစိတ်အပိုင်း အားလုံးတွင် မီးလောင်မှုမှ ဖြစ်ပေါ်ထားသော အနက်ရောင် အစင်းကြောင်းများ ရှိနေသည်။ 


မျှော်စင်ကိုယ်ထည်၊ မျှော်စင်ထိပ်နှင့် မျှော်စင်ထိပ်ဖူးများ အားလုံး အက်ကွဲပြီး မြေပြင်ပေါ်သို့ ပြုတ်ကျထားကာ အပိုင်းပိုင်း ကွဲထားသည်။ မျှော်စင်သည် အလွန်လေးလံသောကြောင့် မိုးသစ်တော၏ မြေဆီလွှာထဲသို့ ဖိမိသွားရာ မျှော်စင်အောက်ရှိ မရေမတွက်နိုင်သောသစ်ပင်များ ကျိုးပဲ့သွားခဲ့သည်။


ချန်ဖီအားစစ်က အတွေ့အကြုံ ကြွယ်ဝသည်။ မျှော်စင် ဘုရားပုထိုးများတွင် ယေဘူယျအားဖြင့် မြေအောက်နန်းတော်၊ ဘုရားအောက်ခံ၊ ဘုရားတစ်ဆူ၊ ဘုရားထိပ်နှင့် ဘုရားဘုရားကျောင်းများ ပါ၀င်ကြောင်း သိရှိထားသည်။ မျှော်စင်ထိပ်တွင် စူရူအခြေ၊ ကြာပန်း၊ ဆွမ်းသပိတ်၊ အဆင့်ဘီးနှင့် ပတ်လမ်းများ ရှိသင့်သည်။ တချို့သော ရတနာအဖုံး၊ မီးဝိုင်း၊ ယန်ယွဲ့ နှင့် အဆင့်ဘီး၏ အပေါ်ဘက်တွင် ပတ်လမ်းကြောင်း တချို့လည်း ရှိသည်။ အတိုချုပ်ပြောရလျှင် မျှော်စင် စေတီထိပ်တွင် ပုတီးစေ့ရှိနိုင်၏။ ၎င်းက အလွန်အဖိုး တန်​ပေသည်။


သို့နှင့် သူသည် မျှော်စင်ထိပ်ဖူး အစွန်းကို အရောက်သွားဖို့ မျှော်စင်ကိုယ်ထည်ပေါ် တက်၍ ကိုယ်ထည်အတိုင်း လိုက်သွားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ ထိပ်ဖူးသည် ပြုတ်ကျသောအခါတွင် ကြီးမားသော သစ်ပင်ကြီးအပေါ် ပြုတ်ကျသွားခြင်း ဖြစ်ပေမည်။ ထို့ကြောင့် ထိပ်ဖူးသည် လေထဲ၌ ကျိုးသွားကာ မြေကြီးထဲ နစ်ဝင်လာသည်။ မြေပြင်က မျှော်စင်အခြေကလည်း ကွဲအက်သွားပြီ။ ချန်ဖီအားစစ်သည် ပျက်စီးမှု အတိုင်းအတာကို ကြည့်ပြီးနောက် သူ့ရတနာက "ရတနာကိတ်မုန့်" ဖြစ်သွားကြောင်း ဆုံးဖြတ်ခဲ့သည်။


ထို့ကြောင့် မျှော်စင်ခြေရင်းသို့ ပြန်ထွက်လာခဲ့သည်။ ခြေရင်းမှာ တံတိုင်းတဝက် ရှိပါသေး၏။ ဤသို့ဆိုလျှင် အထဲသို့ဝင်ကာ ကျောက်တုံးများကို ဖယ်နိုင်ပါက မြေအောက်နန်းတော် တစ်ခုကို တွေ့နိုင်လိမ့်မည်။ ကံမကောင်းစွာဖြင့် ဤနေရာကို ဘုရားကျောင်းမျှော်စင် တည်ဆောက်စဉ် အတွင်းက အလုံပိတ်ထားခဲ့ရုံသာမက ပြိုကျချိန်တွင် အပျက်အစီးများ ပြန့်ကျဲသွားတာကြောင့် အုတ်ခဲများနှင့် ဖုံးအုပ်ပြီးသား ဖြစ်သွားပြီ။ ဒါ့ကြောင့် မြေအောက်နန်းတော်ကို ရောက်ဖို့ ဂေါ်ပြားဖြင့် တူးလျှင် နှစ်ဝက်ခန့် အချိန်ယူရနိုင်သည်။ 


ချန်ဖီအားစစ် သံလိုက်အိမ်မြှောင်ကို ကြည့်လိုက်ချင်ပေမယ့် သူမျှော်စင်ရဲ့ ကိုယ်ထည်ပေါ်ကနေ ဆင်းလာတော့ ညနေစောင်းနေပြီ။ ကောင်းကင်ကလည်း အရမ်းမှောင်နေပြီး လက ထွက်လာနေပြီ။ သူ့မှာ မီးရှူးမီးတိုင် မရှိသလို အဝေးကြီး ပြေးလာခဲ့တာကြောင့် လမ်းလျှောက်ပြီး ဘယ်လိုသွားရမလဲပင် မသိတော့ပေ။ ထို့ကြောင့် ပြန်သွားကာ လမ်းပျောက်သွားဟန် ဆောင်ရတော့မည့်ပုံပင်။ ပြီးလျှင် မြောင်လူမျိုးတွေ သူ့ကို လာကယ်ဆယ်မှာကို စောင့်ဆိုင်းနေဟန် လုပ်ရမည်။ တွေးရင်း မျှော်စင်ခြေရင်းမှာ ကျိုးနေတဲ့ အကိုင်းအခက်တွေနဲ့ သစ်ရွက်ခြောက်တွေကို အရင်ဆုံး အသုံးပြုပြီး တခြားသူတွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်ဖို့ မျှော်စင်ဘေးမှာ မီးပုံအကြီးကြီး ဖိုလိုက်သည်။ အဲဒီနောက် မျှော်စင်ပေါ်တက်၍ သူ့ပတ်ဝန်းကျင်မှာ ဘယ်လိုအခြေအနေ ရှိလဲ ကြည့်လိုက်၏။


"ဝေါ့ဖူလင်" မှ သူလှမ်းမြင်ခဲ့ရသည့် အရာနှင့် ယခုမြင်​နေရသော အနေအထားအရ လက်ရှိ သူရောက်ရှိနေသည့် နေရာသည် အလွန်ရှုပ်ထွေးနေသော သစ်ပင်များရှိသည့် နေရာဖြစ်နိုင်သည်။ ကွမ်ရှီးပြည်နယ်၏ အထူးရာသီဥတုကြောင့် မြေအောက်နန်းတော်သည် အနီးနား ပတ်ဝန်းကျင်ထက် အနည်းငယ် နိမ့်နေသင့်သည်။ အကြောင်းမှာ မြေအောက်နန်းတော်သည် ကွမ်ရှီးမြို့၏ အထူးရာသီဥတုကြောင့် ရေများလွန်း၍ အစိုင်အခဲ မရှိသောကြောင့် မြေဆီလွှာအတွင်း နစ်ဝင်သွားနိုင်၏။ ဒါ့အပြင် ငလျင်ကြီး လှုပ်ခတ်လိုက်သောအခါ ရွှံ့အလွှာသည် ပွက်ပွက်ဆူနေသော ပေါင်မုန့်များကဲ့သို့ ပြိုကျသွားနိုင်သည်။


ဒီနည်းနဲ့ ချန်ဖီအားစစ်ဟာ အချက်နှစ်ချက်ကို အကဲဖြတ်ခဲ့ပါ၏။ တစ်ခုကတော့ မြေအောက်နန်းတော်က အရမ်းကြီးပေမယ့် မနက်ဘူး။ မိနစ် 20 အတွင်းမှာ တူးလို့ရမှာ သေချာတယ်။ ဒုတိယအချက်မှာ မြေဆီလွှာသည် ပျော့ပျောင်းနေသင့်သောကြောင့် ရုပ်ပိုင်းဆိုင်ရာ အားစိုက်ထုတ်မှု အလွန်အကျွံလုပ်ရန် မလိုအပ်ဘူး။ 


ထိုအချိန်က သူသည် ဤမြေအောက်နန်းတော်သို့ ယခုဝင်ရမလား သို့မဟုတ် နောက်မှပြန်လာရမလား ဟူ၍ တုံ့ဆိုင်းနေသည်။ နောက်မှ ပြန်​လာရင်လည်း သိပ်​မခက်​တော့ပေ။ သို့သော် ချန်ဖီအားစစ်လည်း တခြား သင်္ချိုင်းဓားပြများကဲ့သို့ပင် အောက်ခြေတွင် တစ်စုံတစ်ခု ရှိနေကြောင်း သိလာပြီမို့ သူ၏သိချင်စိတ်ကို တွန်းလှန်နိုင်စွမ်း မရှိ​တော့ပေ။


နောက်ဆုံးတော့ သူက အံကြိတ်ပြီး ပြောလိုက်သည်။ "ဘာလဲကွ!! ဘာတွေဖြစ်နေတာလဲ ဆိုတာ ငါ့ဘာသာ ဆုံးဖြတ်ရမှာ ဒီကျောင်းတော်ကို လူရိုင်းတွေ ရောက်လာရင် အားလုံးကို သတ်ပြီး မြေအောက်နန်းတော်ထဲ ပစ်ချလိုက်မယ်... ဘယ်သူမှ သိမှာ မဟုတ်ဘူး" 


ချန်ဖီအားစစ်သည် ခေါက်ဂေါ်ပြားကို ဆွဲထုတ်လိုက်သည်။ သူ လော်ယန်ဂေါ်ပြားကို ယူဆောင်လာခြင်း မရှိသလို တည်နေရာကိုလည်း ရှာမတွေ့ခဲ့ပေ။ ထို့ပြင် ဘုရားကျောင်း မျှော်စင်က ရှားပါးသောအရာ ဖြစ်သည်။ အထဲမှာ ခေါင်းတလားလည်း မရှိဘူးဆိုရင် ဆုံးဖြတ်နိုင်တဲ့သူလည်း မရှိဘူး။ ထို့ကြောင့် သူ၏ ပင်ကိုယ်ဥာဏ်ကို ခံယူပြီးနောက် မျှော်စင်ခြေရင်း အနီးတွင် အပေါက်တစ်ခုကို စတင် တူးဖော်ခဲ့သည်။


မကြာမီတွင် မြေအောက်နန်းတော်၏ အမိုးကို တူးဖော်နိုင်သွား၏။ ၎င်းက ကျောက်တုံးဖြင့် ပြုလုပ်ထားခြင်း မဟုတ်ဘဲ အမိုးကို လေးထောင့်ပုံစံ ကွေးထားသော သစ်သားများဖြင့် ပြုလုပ်ထား​တာ ဖြစ်​လေသည်။ ကြေးလွှနဲ့ ထောင့်တစ်ထောင့်ကို ဖြတ်လိုက်တဲ့အခါ ဆွေးမြေ့နေတဲ့ သစ်သားဟာ မြေအောက်နန်းတော်ထဲကို ပြုတ်ကျသွားသည်။ မကြာခင်မှာပဲ ပြုတ်ကျတဲ့ အသံတစ်ခု ထပ်မံထွက်​ပေါ်လာပြီး ဓာတ်မီးကို အလျင်အမြန် ထွန်းကြည့်လိုက်သည်။ 


"ကြေးမုံနန်းတော်" သည် အပေါ်မှ အောက်ခြေအထိ အချိုးညီညီပဲ ဖြစ်သည်။ ဆိုလိုသည်မှာ အထက်တွင် မျှော်စင် အထပ်များစွာရှိသကဲ့သို့ အောက်ထပ်ရှိ မြေအောက်နန်းတော်၌လည်း အထပ်များစွာ ရှိနိုင်သောကြောင့် နန်းတော်က အလွန်နက်ရှိုင်းလိမ့်မည်။ သူ အပေါ်ကနေ အောက်ကို ကြည့်လိုက်တော့ အထပ်တစ်ခုစီကြားက အထပ်တွေကို ဘာမှမမြင်ရဘဲ အောက်ခြေက လုံးဝမှောင်နေ၏။


ဓာတ်မီးကို ထွန်းလိုက်တဲ့အခါ အဖြူရောင် မြူမှုန်လို အရာတစ်ခုကိုသာ တွေ့ရပြီး ဘာလဲတော့ သေချာမသိရချေ။


ချန်ဖီအားစစ်သည် မျှော်စင်အောက်က ဘီလူးတွေအကြောင်း သူတို့ မြောင်လူမျိုးတွေ ပြောတာကို တွေးပြီး နည်းနည်းတော့ စိတ်ပူသွားသေးသည်။ သို့သော် ထိုစိုးရိမ်မှုမှာ ခဏတာမျှသာဖြစ်ပြီး ယခု သူ့ခေါင်းမှာ သွေးပူတွေကြောင့် ပူလောင်နေချေပြီ။ အဲဒီအခိုက်မှာ မြေအောက်နန်းတော်ရဲ့ လေထုနဲ့ ပတ်သက်ပြီး ပြဿနာမရှိဘူးလို့ ခံစားရသည်။ သူ့ခြေနှစ်ချောင်းကို တော်ဝင်သစ်သား နန်းတော်၏ ခေါင်မိုးပေါ်၌ တင်ကာ ရွှေချိတ်ကို အသုံးပြု၍ ဇောက်ထိုးအနေအထားဖြင့် မြေအောက်နန်းတော်ထဲသို့ ဦးခေါင်းစိုက်ထားလိုက်သည်။ အဲဒီလိုလုပ်ဖို့ဆို တစ်ကိုယ်လုံးရှိ အားများကို ခြေနှစ်ချောင်းပေါ်တွင် ဇောက်ချထားရမည်။


ပြုတ်ကျလာပြီးနောက်တွင် သူသည် သူ့လှုပ်ရှားမှုများကို ဦးစွာပြင်ဆင်ပြီး မြေအောက်နန်းတော်၏ အကွေးအကောက် သစ်သားအမိုး၏ တစ်ဖက်ခြမ်းကို ကြည့်ရှုခဲ့သည်။ ဤမြေအောက် နန်းတော်မျိုးသည် အလုပ်လုပ်ရပြီး ရှေးဟောင်း ဂူသင်္ချိုင်းများကဲ့သို့ ယန္တရားများကို တပ်ဆင်ရန် သို့မဟုတ် အလှဆင်ပစ္စည်းတွေ အများကြီး ပေါင်းထည့်ရန် တွန့်ဆုတ်မနေလောက်ပေ။ ချန်ဖီအားစစ် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် မျက်နှာကျက်က ကွေးနေသော သစ်သားနန်းတော်၏ တစ်ဖက်ခြမ်းတွင် ကျမ်းဂန်အမြောက်အမြား ရှိနေတာကို တွေ့လိုက်ရသည်။


ကျမ်းဂန်များကို သစ်သားများဖြင့် ထွင်းထုလုပ်ထားပြီး ယွန်းနီဖြင့် တံဆိပ်ခတ်ထားပြီး အိန္ဒိယ ဘာသာဖြင့် ရေးထား​လေသည်။ ချန်ဖီအားစစ်မှာ တရုတ်စာလုံး အနည်းငယ်ကိုပင် မသိသောကြောင့် ၎င်းသည် ဘယ်ကျမ်းစာအကြောင်း ဖြစ်မှန်း သူနားမလည်နိုင်ပေ။


သို့သော် ဤအရာသည် နတ်ဆိုးများ သို့မဟုတ် နတ်ဆိုးများကို နှိမ်နှင်းရန် ရေးထားသည့် အရာတစ်ခုခု ဖြစ်နိုင်ကြောင်း အလိုလို ခံစားမိလိုက်ရာ သူ့စိတ်ထဲတွင် အံ့သြမှင်သက်သွားခဲ့သည်။ ဧကန္တ အောက်၌ တံဆိပ်ခတ် ချိတ်ပိတ်ထားတဲ့ အရာတစ်ခု တကယ် ရှိ​နေတာလား။


သူ အောက်ကို လှမ်းကြည့်လိုက်တော့ ပိုရှင်းလင်းစွာ မြင်လိုက်ရတာက အထပ်တိုင်းမှာ အပြူထွက်နေတဲ့ အဝိုင်းပုံစံလေးတွေ ရှိနေ၏။ အပေါ်ကနေ အောက်ထပ်ကို ဆင်းရတဲ့ လှေကားနဲ့ ခပ်ဆင်ဆင် တူလေသည်။ အထပ်တိုင်းမှာတော့ ရောင်စုံသင်္ကန်းနဲ့ ရဟန္တာအဝိုင်းတွေ ရှိကာ အရောင်တွေက တောက်ပြောင်ပြီး အရမ်းနူးညံ့သည်။ ရုပ်ပွားတော် အားလုံးသည် မြေအောက်နန်းတော် အောက်ခြေ၌ ပြည့်နေသည်။ ငုံ့ကြည့်လိုက်လျှင် မြေအောက်နန်းတော် တစ်ခုလုံးတွင် အထပ်တစ်ဒါဇင်ခန့် ရှိပြီး ရာနှင့်ချီသော ရဟန္တာရုပ်ပွားတော်များ အပြည့်ဖြင့် စည်ကားနေသည်။


အနီးဆုံးရဟန္တာ ရုပ်ပွားတော်က သူ့နှင့် သိပ်မဝေးလှပေ။ ချန်ဖီအားစစ့သည် ဇောက်ထိုး ငိုက်စိုက်ကျနေ၏။ ရဟန္တာရုပ်ထု၏ အမူအရာကို မြင်သောအခါ ရုတ်ခြည်း အေးတိအေးစက် ချွေးစေးတွေ ကျလာတော့မလို ခံစားလိုက်ရသည်။ ရဟန္တာရုပ်ပွားတော်များ အားလုံးသည် မျက်လုံးဖြူဖြူများ လှိမ့်တက်​​နေကြပြီး သူတို့၏ အမူအရာများမှာ ဖော်မပြနိုင်လောက်အောင် လေးနက်နေကာ မြင်နေကျ ရုပ်ပုံများနှင့် မတူပေ။ 


အနီးကပ် ကြည့်ပြီးနောက် မျက်လုံး၏ အရောင်သည် လက်တွေ့ဆန်လွန်း​နေတာကို သိလိုက်ရပြီး ဓာတ်မီးဖြင့် ထိုး​ကြည့်လိုက်သောအခါတွင် ရောင်ပြန်ဟပ်မှုမှာ ပြင်းထန်လွန်းသဖြင့် ထင်ယောင်ထင်မှားပင် ဖြစ်သွားစေနိုင်တာကို တွေ့လိုက်ရသည်။ သို့သော် ဓာတ်မီးဖြင့် ထိုးကြည့်လိုက်သော် ထိုရဟန္တာတို့သည် အမူအရာများ ပြောင်းလဲသွားသကဲ့သို့ ရုတ်တရတ် အလွန်တရာ ရက်စက် ကြမ်းကြုတ်လာကာ လွန်စွာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။ သူတို့ရဲ့ အမူအယာတွေ ပြောင်းလဲသွားသလိုပဲ။ သူတို့က အလွန်ကြောက်စရာ ကောင်းတဲ့ပုံ ပေါ်နေ၏။ ဒီရုပ်ပွားတော်တွေကို ထွင်းထုတဲ့ လက်မှုပညာရှင်တွေ ဒီဇိုင်းဆွဲတဲ့ အခါတုန်းက သူတို့စိတ်ထဲမှာ အကြောက်တရားတွေများ စွဲနေသလားလို့ တကယ် တွေးမိလာသည်။။


ထို့ကြောင့် ချန်ဖီအားစစ်သည် ဤရဟန္တာများကို ကြည့်သောအခါ အလွန်စိတ်မသက်မသာ ဖြစ်မိသော်လည်း သူကြောက်​​နေသော အရာကို နားမလည်နိုင်သောကြောင့် မတတ်နိုင်ဘဲ အကြည့်လွှဲလိုက်၏။


ရဟန္တာရုပ်ထုမှလွဲ၍ တခြားအရာများကို မြင်ရန်မျှော်လင့်လျက် ဓာတ်မီးသည် မြေအောက်ထဲသို့ ဆက်လက် ရွေ့လျားနေလိုက်သည်။ ထိုအချိန်တွင် သူ့လက်သည် ရုတ်တရက် အေးခဲသွားပြီး ဓာတ်မီး၏ အလင်းရောင်ကလည်း တစ်နေရာတည်းတွင် ရပ်သွားခဲ့သည်။


သူနှင့် ခြောက်ထပ် ခုနစ်ထပ်ခန့်အကွာက ကြမ်းပြင်တွင် ထူးဆန်းသော ရဟန္တာရုပ်ပွားတော် တစ်ဆူကို လှမ်းတွေ့လိုက်ရသည်။ ထိုရဟန္တာရုပ်တုသည် တခြားရုပ်တုများနှင့် မတူပေ။ သူ့မျက်နှာသည် အောက်သို့ ငုံ့မကြည့်​​နေဘဲ ဦးခေါင်းကို မြှင့်တင်ကာ ချန်ဖီအားစစ်ရဲ့ မျက်နှာကို တိုက်ရိုက် မျက်နှာမူထား​လေသည်။ ချန်ဖီအားစစ်လည်း ၎င်းရဲ့ မျက်လုံးတွေကို တည့်တည့် စိုက်ကြည့်နေ၏။ လက်နှိပ်ဓာတ်မီး လင်းလာ သွားသောအခါတွင် ၎င်းရဲ့ ဖြူဖတ်၍ ရက်စက်ကြမ်းကြုတ်သော မျက်နှာတစ်ခုက ပေါ်လာခဲ့သည်။ ၎င်းက တစ်ချက်မှ မလှုပ်သွားပါက ချန်ဖီအားစစ် သူတကယ် သရဲနဲ့ တွေ့နေပြီလို့ ထင်မိလိမ့်မည်။ 


ချန်ဖီအားစစ် အလွန်ထိတ်လန့်သွားပြီး သူ့တစ်ကိုယ်လုံး အေးခဲလာသွားရာ လုံးဝ မလှုပ်ရှားနိုင်တော့ဘဲ သူ့ခြေထောက်များက အားနည်းလာတာကို ခံစားလိုက်ရပြီး အောက်သို့ လျှောကျလာခဲ့သည်။


သရဲတစ္ဆေအကြောင်း ပြောရရင် သူ့အနေနဲ့ တကယ်ကို မကြောက်ပါဘူး။ သူဟာ လူပေါင်းများစွာကို သတ်ပစ်ခဲ့ဖူးသည်။ ဒါ့ကြောင့် ကြီးကျယ်ခမ်းနားတဲ့ ရာဇ၀တ်မှုတစ်ခုကို ကျူးလွန်ခဲ့တယ်လို့ ပြောလို့ရ၏။ ကလဲ့စားချေဖို့ လာတဲ့လူတစ်ယောက်မှ မရှိပေ။ ဒါပေမဲ့ သူတို့ခေတ်က လူတွေဟာ အယူသီးတဲ့ အတွေးတွေ အနည်းနဲ့အများ ရှိခဲ့ကြတယ်လေ။ ချန်ဖီအားစစ်က သူ့ဘိုးဘေးတွေရဲ့ ကောင်းချီးတွေကြောင့် သူဟာ နှစ်ပေါင်းများစွာ ရှင်သန်နိုင်ခဲ့တယ်လို့ ယုံကြည်ခဲ့တယ်။


(လူတိုင်းမှာ အမြဲတမ်း ယုံကြည်မှု တချို့ကတော့ ရှိတတ်သည်။ ပြင်ပကမ္ဘာမှ လူများသည် ကွမ်ကုန်းကို ကိုးကွယ်ကြပြီး သင်္ချိုင်း​ဖောက်သူများ၊ မြောက်ပိုင်းဂိုဏ်းများကတော့ ကျုံးခွေကို ကိုးကွယ်ကြသည်။ တောင်ပိုင်းဂိုဏ်းများသည် ယေဘူယျအားဖြင့် ဤကဲ့သို့ မလုပ်ကြသော်လည်း ချောင်ရှားတွင်တော့ အဝါရောင်ဘုရင်က်ု အချိန်အတိုင်းအတာ တစ်ခုအထိ ကိုးကွယ်ကြ​​လေသည်)


(အဝါရောင်ဘုရင် ဆိုတာ ဘာလဲ။ အဝါရောင်ဘုရင်က ဟွမ်ချောင်ဟာ ရွှေရောင်ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားသူပါပဲ။ ဘာလို့ အဲဒီလူကို ကိုးကွယ်တာလဲ ဆိုရင် အကြီးအကဲတွေရဲ့ အဆိုအရ အကြောင်းပြချက်များစွာ ရှိ​ပေ၏။ ပထမ ဒီလူဟာ လူသတ်ချန်ပီယံ ဖြစ်တယ်လို့ ပြောကြသည်။ ရိုးရာပုံပြင်အရ ဟွမ်ချောင်ဟာ လူပေါင်း ရှစ်သန်းလောက်ကို သတ်ပစ်ခဲ့ပြီး သူရေတွက်နေတဲ့သူတွေဆို သေချာပေါက် သတ်ပစ်လိမ့်မယ်လို့ ဆိုကြသည်။ သူ့မှာ လူ၈သန်းပြည့်အောင် သတ်ပစ်ရဖို့ ပစ်မှတ်ရှိတယ်။ မဟုတ်ရင် ဒီအလုပ်က ပြီးမြောက်မှာ မဟုတ်ပေ။ အဲဒါက မှတ်စုစာအုပ် ဝတ္ထုလား ဒါမှမဟုတ် တရုတ်ဝိသေသလက္ခဏာတွေ ပါနေသလား မသိပေမယ့် ရိုးရာပုံပြင်အရ ဟွမ်ချောင်ဟာ လျန်လော်ဟန့်ရဲ့ (ယိကျန့်လျန် မဟုတ်) လူပြန်ဝင်စား မျက်လုံး ဖြစ်လေသည်။ ထိုသခင်ဟာ သူ့အမေကို ကယ်တင်ဖို့ ဆာလောင်နေတဲ့ သရဲတစ္ဆေ ရှစ်သန်းကို ငရဲပြည်ကနေ လွှတ်ပေးခဲ့တယ်။ ကောင်းကင်က သူ့ကို လူဝင်စားစေပြီး လူတစ်ယောက်ပြီး တစ်ယောက် သတ်ခိုင်းခဲ့တယ်။ တစ်နည်းဆိုရရင် ဗုဒ္ဓရုပ်ပွား​တော် အတွက် ရွှေ့ပြောင်းအလုပ်သမား စုဆောင်းဖို့ ပြန်သွားခဲ့တာဟု ဆိုကြလေသည်။)


ချန်ဖီအားစစ်မှာ ရုပ်တုကို မျက်နှာမူပြီး မကြောက်ပေမယ့် သူ့ကို မျက်နှာချင်းဆိုင်လိုက်တာနဲ့ တစ်ခုခုမှားနေတယ်လို့ ခံစားလာရသည်။ ထိုအချိန်က ဆောက်လုပ်ရေး သမားတွေဟာ ဒီနေရာမှာ ဓားပြဥမင်လိုဏ်ခေါင်းကို တူးမယ့် သူ့ကို ကြောက်လန့်သွားစေဖို့ ရုပ်တုကို တမင်သက်သက် ထားခဲ့တာများလားဟုပင် အတွေးဝင်လာတော့သည်။