(41)
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

တိမ်ထိပ်ကောင်းကင်နန်းတော် (ပထမပိုင်း)


Chapter (41)

မက်ဆေ့ချ်အသစ်



ဝူရှဲ့မှာ သုံးရက်လောက် မေ့မြောနေခဲ့သည်။ နိုးလာတော့ သူ့ကိုတစ်ယောက်ယောက်က ဆေးရုံကို ပို့ထားပြီ။ မျက်လုံးဖွင့်လိုက်ပေမယ့် ဘာမှ မမှတ်မိတော့ပေ။ သူ့မှာမူးဝေပြီး ပျို့အန်ချင်သလိုပဲ ဖြစ်နေသည်။ 


နောက်နှစ်ရက် လောက်ကြာတော့ အခြေအနေက တဖြေးဖြေး ပြန်ကောင်းလာပေမယ့် စကားပြောနိုင်စွမ်းတွေက ဆုံးရှုံးသွားသလိုမျိုး ဘာပဲပြောချင်နေပါစေ ထူးဆန်းတဲ့ အသံတွေပဲ ထွက်လာသည်။ 


ဦးနှောက်ကွဲသွားလို့ စကားပြော အာရုံကြောတွေ ထိခိုက်သွားတာလား ဆိုပြီး အရမ်းကြောက်သွားသည်။ ဒါပေမဲ့ ဒါက ပြင်းထန်တဲ့ ထိတ်လန့်ခြင်းရဲ့ နောက်ဆက်တွဲတစ်ခုပဲလို့ ဆရာဝန်က ပြောခဲ့ပြီး စိတ်မပူဖို့လည်း ပြောလေသည်။ 


သူ့ခမျာ ဆွံ့အသူတစ်​ယောက်လို တခြားသူတွေနဲ့ ဆက်သွယ်ဖို့ အမူအယာတွေ သုံးခဲ့ရသည်။ ၄ရက်မြောက်နေ့ ရောက်တော့ 'အခုကျနော် ဘယ်ရောက်နေလဲ'လို့ ဆရာဝန်ကို တုံ့ဆိုင်းစွာ မေးလိုက်အခါ သူက ဘေလင်ခရိုင်၊ ရှီးအန်းမြို့မှာရှိတဲ့ ကြက်ခြေနီဆေးရုံကို ရောက်နေကြောင်း ပြောပြလာခဲ့သည်။ သူ့ကို လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်တချို့က ခေါ်လာခဲ့ပြီး ပြန်သယ်လာတုန်းက ဘယ်လိုတွေ့ခဲ့လဲတော့ ဆရာဝန်လည်း အတိအကျ မသိပါဘူး။ ချောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျလို့ ဖြစ်ရတဲ့ ကျိုး​နေတဲ့ အရိုးနှစ်ဆယ်လောက် ရှိတယ်လို့ပဲ ပြောလာသည်။ 


ဝူရှဲ့ သူ့ရင်ဘတ်နဲ့ ဘယ်လက်မှာ ပလာစတာတွေ ကပ်ထားပေမယ့် ဒဏ်ရာက ဘယ်လောက် ပြင်းထန်မှန်း မသိရသေးပေ။ သူပြောမှပဲ ဝူရှဲ့မှာ မိမိအသက် ဘယ်လောက်ပြင်းကြောင်း သိလိုက်ရတော့သည်။ ဆေးရုံက ဆင်းရမယ့်အချိန်ကို ပြန်မေးကြည့်တော့ ဆရာဝန်က ပြုံးပြပြီး ဆယ်ရက်ခွဲ သို့မဟုတ် လဝက်လောက်နေရင်တောင် မထနိုင်​လောက်​သေးဘူးလို့ ပြောလေ၏။ 


အဲဒီညက သူ့ကို ဒီလာပို့​ပေးတဲ့ လက်နက်ကိုင်ရဲက သူစကားပြောနိုင်ပြီလို့ ကြားတာနဲ့ သစ်သီးခြင်းတောင်းကို ယူလျက် ရောက်လာသည်။ ဝူရှဲ့ တီးခေါက်ကြည့်လိုက်တော့ သူကလည်း ဆရာဝန်ရဲ့စကားနဲ့ အတူတူပဲ ဖြစ်နေသည်။ သူ မေးပေမယ့် တစ်ဖက်လူမှာ သူ့ကို ဘယ်လိုဖြေရမှန်း မသိပေ။ လန်ထန်းရွာက ရွာသားတွေဟာ သူ့ကို စမ်းချောင်းတစ်ခုထဲက ဝါးဖောင်ပေါ်မှာ တင်ထားနေတာကို တွေ့ခဲ့ရကြောင်း ပြောပြသည်။ သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကတော့ ရိုးရိုးရှင်းရှင်းနဲ့ ကုသလို့ ရသွားခဲ့သည်။ မဟုတ်ရင် သူအစောကတည်းက သေသွားခဲ့ပြီ။


ဝူရှဲ့မှာ ထူးဆန်းသလို ခံစားလိုက်ရသည်။ သူမှတ်မိတာက ရေထဲကျသွားတဲ့ အခိုက်အတန့်လေးပဲ။ ယုတ္တိနည်းအရ ပြောရရင် မြစ်ကမ်းခြေကို မျောပါသွားသင့်တယ် မဟုတ်လား။ ဘယ်လိုလုပ် ဝါးဖောင်ပေါ်မှာ သွားတင်နေမှာလဲ။ နောက်ပြီး ကျာကျစ်လျှိုမြောင်နဲ့ လန်ထျန်းရွာက ခရီးအကွာအဝေးအရဆို ၇မိုင် ၈မိုင်လောက် ဝေးလေသည်။ ဧကန္တ မြေအောက်မြစ်ပေါ်မှာ သူတို့လျှောက်ခဲ့တဲ့လမ်းက သတိမထားမိဘဲ ဝေးကွာနေခဲ့ပြီး​ပြီလား။


တောင်ပေါ်တက်ပြီး ချောက်ကမ်းပါးနားကို မတော်တဆ ရောက်သွားခဲ့ကြောင်း လိမ်ညာပြီး လက်နက်ကိုင်ရဲတွေကို ကျေးဇူးအများကြီး တင်ကာ ဝမ်​မောင်ကိုလည်း ချက်ချင်း ဖုန်းဆက်လိုက်သည်။ ရှီးအန်းကိုလာပြီး ပိုက်ဆံနည်းနည်းနဲ့ အဝတ်အစားတွေ ယူလာခိုင်းလိုက်သည်။ ဝမ်မောင်က နောက်နေ့မှသာ ရောက်လာ၏။ ဆေးဘက်ဆိုင်ရာ ကုန်ကျစရိတ်များကို ပေးချေပြီး လက်ကိုင်ဖုန်းနှင့် လက်တော့ပ်အသစ်တစ်လုံးလည်း ဝယ်ခဲ့သည်။


ဝမ်မောင်အား လတ်တလော စီးပွားရေး ဘယ်လို​နေလဲလို့ မေးတော့ အရေးကြီးတဲ့ကိစ္စ ဘာမှမရှိဘူးလို့ ပြောလေသည်။ သို့သော် အဖေကတော့ သူ့ကို အကြိမ်ကြိမ် ရှာနေခဲ့ကြောင်း ပြောသည်။ သူလည်း စိတ်ထဲကနေ ထွက်လာတဲ့အခါတုန်းက ဒီလောက်ကြာမယ်လို့ မမျှော်လင့်ထားမိတာကြောင့် သူတို့လည်း စိတ်ပူနေတာ ဖြစ်နိုင်ပါ၏။ အိမ်ကို လုံခြုံကြောင်း သတင်းပို့ခဲ့ပေမယ့် အဖေက မရှိတာကြောင့် အမေ့ကိုပဲ စကားနည်းနည်း ပြောလိုက်သည်။ စကားမစပ် ဦးလေးသုံးအကြောင်း သတင်းမေးကြည့်ပေမယ့် အခုထိ သတင်းမရသေးပေ။


သူ ရောက်ထွက်သွားတုန်းကလိုပဲ အရာအားလုံးဟာ အတူတူပဲလို့ ထင်ရအတွက် သက်ပြင်းအသာ ချလိုက်ပေသည်။ 


နောက်ရက်အနည်းငယ် ကြာတော့ ငြီးငွေ့လာပြီး လောင်းယန်အကြောင်း ရုတ်တရက် တွေးလိုက်မိသည်။ တွေးမိတာနဲ့ သူ့နှလုံးသားက ချဉ်လာလို့ ဆေးရုံကုတင်ပေါ် လှဲချလိုက်ပြီး တောင်ပေါ်က ပြုတ်ကျလာတုန်းက ဝတ်ထားတဲ့ စုတ်ပြတ်နေတဲ့ တောင်တက် အဝတ်အစားတွေကို ဖြတ်ပြီး လောင်းယန်ရဲ့ ဒိုင်ယာရီအဟောင်းကို ရှာကြည့်တော့ ဒိုင်ယာရီက ရှိသေးပေမယ့် ရေစိမ်ပြီးပြီမို့ ဘာကိုမှ ရှင်းရှင်းလင်းလင်း မမြင်ရတော့ပေ။ ကိုယ့်ဘာသာကိုယ် ခဏကြာအောင် ဖတ်ခဲ့ပေမယ့် ဘာမှ မတွေ့ရတော့ရာ ဆေးရုံကို ဖုန်းထပ်ခေါ်ပြီး အချိန်ကုန်အောင် အွန်လိုင်း​ပေါ် တက်နေလိုက်သည်။ 


အချက်အလက်တွေ အများကြီး စစ်ကြည့်ပေမယ့် အင်တာနက်မှာ ရှေးဟောင်းနေရာတွေအကြောင်း အချက်အလက် များများစားစား မရှိခဲ့ပါဘူး။ ဒါနဲ့ပဲ သူ့စိတ်ထဲမှာရှိတဲ့ ကြေးနီပင်ရဲ့ မြင်ကွင်းကို အကျဉ်းချုံးပြောပြပြီး သူငယ်ချင်းတချို့ဆီ ပို့လိုက်ရသည်။ သူတို့ထဲက အများစုကတော့ အဲဒါက ဘာလဲဆိုတာ မသိကြဘူး။ နောက်ပြီး သူ့ရဲ့ဖော်ပြချက်ကိုလည်း မယုံကြပေ။ သို့ပေမယ့် သူ့​အတွက် တော်တော်လေး ဉာဏ်အလင်းပေးမယ့် စာတချို့လည်း ရှိပါသေးသည်။ 


သူတို့ထဲက တစ်ယောက်က အမေရိကားကနေ ပို့လာတာဖြစ်ပြီး သူ့ဖခင်ရဲ့ သူငယ်ချင်းတစ်ယောက် ဖြစ်ကာ သူနဲ့လည်း စကားကောင်းကောင်း ပြောဖူးသည်။ ထိုလူက သူ့emailမှာ အဲဒီကြေးနီပင်ကို “ကျူ့” လို့ ခေါ်ကြောင်းနဲ့ ရှေးဟောင်းတူရိယာနဲ့ တူသောကြောင့် အဲဒီလိုခေါ်ကြောင်း ပြောပြသည်။ 1984 ခုနှစ်တွင် ဖန်းကျစ်ဟွားရှိ မိုင်းတွင်းတစ်ခုတွင် အဲ့လိုကြေးကိုင်းကို တွေ့ရှိခဲ့ဖူး၏။ သို့သော် ၎င်းက ဝူရှဲ့ပြော​ပြသလောက် မကြီးတဲ့ အပိုင်းတစ်ခုသာ ရှိလေသည်။ ဒါ့အပြင် မြေအနက်အပိုင်းက တူးဖော်ခဲ့တာကြောင့် သံချေးတက်သွား​ပြီ။


ယခုအချိန်အထိ ထိုအရာသည် အဘယ်အရာအတွက် အသုံးပြုကြောင်း ရှင်းပြနိုင်သည့် စာပေပညာရှင်များ မရှိသေးပေ။ သို့သော် တောင်တန်းနှင့် ပင်လယ်များ၏ ဂန္ထဝင်နှင့် ရှေးဟောင်း တိုင်းရင်းသား လူနည်းစုများ၏ ဇာတ်ကြောင်းကဗျာများ အရ ဤအရာသည် အမှန်ပင် “မြေနဂါး(မြွေ) ဖမ်းခြင်း” နှင့် ဆက်စပ်နေပါသည်။ 


"ကျူကျိုယင်း" သည် အလွန်နက်နဲသော မြေကြီး သွေးပြန်ကြောများထဲတွင် နေထိုင်သည့် မြွေနဂါး အမျိုးအစား ဖြစ်နိုင်သည်။ မတ်စောက်သော ကျောက်ဆောင် အပေါက်များတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ရသောကြောင့် အပြင်လောကကို ရင်ဆိုင်ရန် အခွင့်အလမ်းက မရှိသလောက်ပဲ။ ဒါကြောင့် သူ့ရဲ့ မျက်လုံးနှစ်လုံးက ဖားတစ်ကောင်လို ပြောင်းလဲသွားခဲ့တာ ဖြစ်လိမ့်မည်။ ရှေးခေတ်လူတွေက မြေကြီးရဲ့ နက်နဲတဲ့ သွေးပြန်ကြောတွေထဲကနေ ၎င်းရဲ့ သွေးကိုထုတ်ပြီး ဖယောင်းတိုင် မီးထွန်းဖို့ သုံးခဲ့ကြသည်။ တရားမျှတမှု မရှိဘူးလို့ ထင်ရပေမယ့် အဲဒီအချိန်တုန်းက အထူးသဖြင့် ညဘက်မှာ တက်ကြွလှုပ်ရှားသူတွေ ဒါမှမဟုတ် အနက်ရောင် လိုဏ်ဂူတွေမှာ နေထိုင်ကြတဲ့ လူတွေအတွက် ကြာရှည်ခံတဲ့ အလင်းအရင်းအမြစ်က အလွန်အဖိုးတန်ရှိပေသည်။ 


သူ့ခွဲခြမ်းစိတ်ဖြာမှုဟာ အဓိပ္ပာယ်ရှိတယ်လို့ ဝူရှဲ့လည်း ထင်မိပေမယ့် “ကျူ့” လို့ ခေါ်တဲ့ ကြေးကိုင်းက အံသြဖွယ်ကောင်းပြီး ကြောက်စရာကောင်းတဲ့ စွမ်းရည်တွေ ဘာကြောင့် ဖြစ်ပေါ်လာရသလဲ ဆိုတာတော့ ဝူရှဲ့ မရှင်းပြနိုင်သေးပါဘူး။ ပြန်စဥ်းစားကြည့်ရင် ထိုအရာရဲ့ သမိုင်းကြောင်းမှာ အလားတူကိစ္စတွေ ဖြစ်ပျက်ခဲ့လို့များလား။ 


သူက စာရေးပြီး စာရွက်အပိုင်း တစ်ပိုင်းနဲ့အတူ စာပြန်လာခဲ့သည်။ ဒါဟာ ချင်မင်းဆက် ချန်းလုံနန်းစံတဲ့ ကာလတုန်းက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို မှတ်တမ်းတင်ထားတဲ့ မှတ်စုစာအုပ်ထဲက ဝတ္ထုတစ်ပုဒ်ပါပဲ။ အထဲမှာ ရှီးအန်းမှာရှိတဲ့ မိုင်းတွင်းထဲက အပြာရောင်နဲ့ အဖြူရောင် နဂါးပုံသေတ္တာအား တူးဖော်ခဲ့ပုံကို ဖော်ပြထားလေသည်။ ဧကရာဇ်ချန်းလုံက ၎င်းကိုဖွင့်၍ ကြည့်ရှုခဲ့သည်။ ထိုနေ့ညတွင် ဝန်ကြီးများစွာကို နန်းတော်ထဲသို့ လျှို့ဝှက်ခေါ်ယူခဲ့ပြီး ညသန်းခေါင်ယံတွင် လျှို့ဝှက်စွာ ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ချန်းလုံနန်းတော်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ ထိုလူများထဲတွင် ကျော်ကြားသူ ဝန်ကြီးတစ်ဦးမှလွဲ၍ ကျန်သူများ အားလုံး မလွတ်မြောက်ခဲ့ပေ။ သို့သော် အဆုံးတွင်တော့ ထိုဝန်ကြီးလည်း နားမလည်နိုင်စွာ အသတ်ခံခဲ့ရသည်။


အချိန်ကို ယှဥ်ကြည့်လိုက်တော့ လီဖီးဖာ ရဲ့ "မြစ်ချောင်းတောင်တန်းမှတ်တမ်း" မှာ ရေးထားတဲ့ အဖြစ်အပျက်နဲ့ ဆက်စပ်မှု ရှိနိုင်တယ်လို့ ထင်လာရလေ၏။ နောက်ဆုံးတော့ ကျောက်ဖြူနဂါးပုံစံ သေတ္တာကို တူးတဲ့သူနဲ့ အဲဒီကိစ္စကို နားလည်တဲ့လူက လူသတ်နှုတ်ပိတ်ခဲ့ခြင်း ဖြစ်မည်။ ကြည့်ရတာ ဧကရာဇ်မင်းကလည်း လျှို့ဝှက်ထားဖို့ စိတ်ပိုင်းဖြတ်ထားခဲ့ပုံပဲ။ ဒါဆို ကျောက်ဖြူနဂါးပုံစံ သေတ္တာထဲမှာ အတိအကျ ဘာများရှိနေတာလဲ? ဒီရှေးဟောင်းကြေးနီပင်ရဲ့ မူလအစများ ဖြစ်နိုင်လား။


သူ့ထင်မြင်ချက်ကို ထောက်ပြဖို့ ဝူရှဲ့ စာပြန်ရေးခဲ့တော့ တစ်ဖက်လူက 'နက်နက်တူးကြည့်မှ သိမယ်' ဆိုတဲ့ စာကြောင်းတစ်ကြောင်းပဲ ပြန်ဖြေခဲ့သည်။ 


ဝူရှဲ့လည်း မဖြစ်နိုင်မှန်းသိ၍ ခါးသက်သက် ပြုံးလိုက်မိသည်။ အဲဒီကြေးနီပင်ကြီးက ဘယ်လောက်နက်လဲ ဘယ်သူသိမှာလဲ? အဲဒီနေရာကို တူးမယ်ဆိုရင်တောင် ရာစုနှစ်များစွာ ကြာခဲ့ပေမည်။ တစ်စုံတစ်ဦးမှ တူးရန် ဆန္ဒရှိလျှင်ပင် တူးဆွနိုင်ခဲ့တဲ့ အချိန်ရောက်ရင် သူ မတွေ့ရ​လောက်တော့ပေ။


ဒုတိယဦးလေး ပေးပို့လာသော စာများစွာလည်း ရှိပါ​သေးသည်။ ထိုအချိန်က လူနည်းစု တိုင်းရင်းသားများရဲ့ ယဉ်ကျေးမှုဟာ အနောက် ကျိုးမင်းဆက်၏ အလှဆင်မှုပုံစံကို အမွေဆက်ခံခဲ့ကြောင်း ပြောထား၏။ ထိုအချိန်တုန်းက ရိလူမျိုးစုများအကြား ကူးလူးဆက်ဆံမှု အကန့်အသတ် ရှိကာ သွားလာရေးလည်း ခက်ခဲပြီး ဆက်သွယ်ရေးတွေ အလွန်အမင်း မဖွံ့ဖြိုးသေးတဲ့အတွက် အချိန်နောက်ကျနေသင့်တယ်။ ပြောရမယ်ဆိုရင် အခု​သူ့ရဲ့အချိန် ခန့်မှန်းချက်ဟာ စောလွန်းနေပြီ။ ယေဘူယျ စည်းမျဉ်းအရဆို အဲဒီအချိန်မှာ အလယ်ပိုင်းလွင်ပြင် ဒေသဟာ ချင်မင်းဆက် နှောင်းပိုင်းကာလကို ပြောင်းလဲနေလောက်ပြီ။


ထိုအချိန်ကာလက လှုပ်ရှားမှု အားလုံးနီးပါးသည် ဧကရာဇ် ချင်ရှီဟွမ်ရဲ့ ဂူဗိမာန် တည်ဆောက်မှုနှင့် ဆက်စပ်နေသည်။ သူတို့ ကျူကျိုယင်းကို ရှာဖွေနေတာက နဂါးဆီကို သန့်စင်ဖို့အတွက် ဖြစ်နိုင်သည်။ အမိန့်များကို ပြန်လည်ပြင်ဆင်ဖို့ သို့မဟုတ် အလားတူလုပ်ဆောင်မှုများ အတွက် ဧကရာဇ်မင်းအား ဂုဏ်ပြုဖို့အတွက် သုံးကြတာ ဖြစ်မည်။ ထို့အပြင် ဘူမိဗေဒ စစ်တမ်းအရ ချင်ရှီဟွမ်၏ ဂူဗိမာန် အောက်ထပ်တွင် ကြီးမားသော သတ္တုပစ္စည်းများလည်း ရှိနေသည်။ သတ္တုပစ္စည်းများက ဂူဗိမာန်တစ်ခုလုံးကို ဝိုင်းရံထားသော်လည်း ယုတ္တိနည်းအားဖြင့် ထိုအချိန်ကာလက သတ္တုဗေဒနည်းပညာနဲ့ဆို ဤမျှ ကြီးမားသော ပရောဂျက်ကြီးကို အပြီးသတ်နိုင်ခဲ့ခြင်း မရှိသင့်ပေ။ ဤအပိုင်းကို တည်ဆောက်သူများသည် အထူးအဆင့်မြင့်သော သတ္တုဗေဒ နည်းပညာရှင် နိုင်ငံခြားလူမျိုးများ ဖြစ်နိုင်သည်။


ဦးလေးနှစ်သည် ဧကရာဇ်ချင်ရှစ်ဟွမ်ရဲ့ သစ္စာရှိ ပရိသတ်တစ်ဦးဖြစ်ပြီး ထိုအပိုင်းနှင့် ပတ်သက်သမျှ အရာအားလုံးသည် သူ့ထင်ကြေး ဖြစ်လို့ ဝူရှဲ့ အလေးအနက် မထားလိုက်ပေ။


တစ်လလောက် ကြာတော့ သူလည်း ဆေးရုံကဆင်းပြီး အိမ်ပြန်ခဲ့သည်။ ကိုယ့်ကိုယ်ကို ခွဲခြမ်းစိတ်ဖြာပြီး စိတ်ဓာတ်တွေလည်း တည်ငြိမ်လာပြီ။ ထို့နောက် ပြည့်လုနီးပါး ဖြစ်နေပြီဖြစ်သော သူ့ရဲ့စာတိုက်ပုံးကို ကြည့်၍ မဂ္ဂဇင်းနှင့် သတင်းစာအချို့ကို စီစစ်ပြီးနောက်တွင် လက်မှတ် မထိုးထားသော အမြန်စာပို့ စာတစ်စောင်ကို တွေ့လိုက်ရသည်။


{'လာအိုဝူ!


ငါဘယ်သူလဲဆိုတာ မင်း ခန့်မှန်းနိုင်လား?


ဟုတ်တယ် ငါမသေသေးဘူး ဒါမှမဟုတ် အသက်ရှင်ပြန်ရှင်လာတယ်လို့ ပြောရမလား?


ဒီကိစ္စမှာ မင်းကို ပါဝင်ပတ်သက်​စေမိလို့ ငါတကယ် တောင်းပန်ပါတယ်... ဒါပေမယ့် နောက်ဆုံးတော့ မင်းက ငါယုံကြည်နိုင်တဲ့ တစ်ဦးတည်းသောလူဖြစ်ပြီး ငါ့မှာ ရွေးချယ်စရာလည်း မရှိခဲ့ဘူး။


အခုတော့ အားလုံးပြီးသွားပြီ။ ငါတို့ရဲ့ဆက်ဆံရေးက ဒီမှာပဲ အဆုံးသတ်ရတော့မယ်။ မင်းနဲ့သူငယ်ချင်း ဖြစ်ခွင့်ရလို့ အရမ်း ဝမ်းသာပါတယ်။ ဒါပေမဲ့ အခုဒီကိစ္စက အရေးမကြီးတော့ပါဘူး။ 


မင်း လွန်ခဲ့တဲ့ သုံးနှစ်က ဘာတွေဖြစ်ခဲ့လဲ ဆိုတာ အရမ်း သိချင်နေတယ် မဟုတ်လား?


လွန်ခဲ့တဲ့သုံးနှစ်က ငါ လျောက်နယ်စပ်က လူတစ်စုနဲ့ ပန်းကန်ပြားတွေ နင်းဖို့ (ဂူဖောက်ဖို့) ချင်လင် ဒေသကို သွားခဲ့တယ်။ ဒေသခံဒဏ္ဍာရီတွေအတိုင်း တောင်ထိပ်က ညောင်တောထဲမှာ သစ်ပင်အပေါက် တစ်ပေါက်ကို တွေ့ရှိခဲ့တယ်။ အဲဒီထဲကိုဝင်ဖို့ ငါတို၃ခါလောက် ပြန်စဥ်းစားလိုက်ရတယ်။ ပြီးတော့ ဘာဖြစ်သွားလဲဆိုတာ မင်းလည်း အားလုံးသိပြီးပါပြီ။ နောက်ပိုင်းမှာ ငါလည်း ဂူထဲမှာ ပိတ်မိနေခဲ့တယ်။


အဲဒီတုန်းက ငါတော်တော်လေး စိတ်ပျက်လက်ပျက် ဖြစ်နေပြီ။ သိပ်မကြာခင် သေသွားရတော့မှာလို့တော့ မဟုတ်ပေမယ့် အသက်ရှင်ရတာက ပိုကြောက်စရာ ကောင်းတယ်ကွ။ အနာဂတ်မရှိတဲ့ တောင်ကြီးရဲ့ ကျဉ်းမြောင်းပြီး နက်နဲတဲ့ နေရာမှာ ငါက ထာဝရ ရှင်သန်နေမှာလေ။


ငါ လေးလပြည့်တဲ့အထိ အမှောင်ထဲမှာပဲ နေခဲ့ရတယ်။ ဒီလေးလဟာ ရိုးရိုးငရဲလိုပဲ။ ဒါပေမဲ့ အဲဒီကာလမှာ ငါဆက်တွေးနေခဲ့တာကနေ ဒီစွမ်းရည်က မသိစိတ်နဲ့ ဆက်စပ်နေတာပဲ ဆိုတာကို သိလိုက်ရတယ်။ ဥပမာ ကျောက်တုံးထဲမှာ တံခါးတစ်ချပ်ရှိတယ် ဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်ထားရမယ်။ မဟုတ်ရင် ဘယ်လောက်ပဲ ကြိုးစားနေပါစေ တံခါးကပေါ်လာမှာ မဟုတ်ဘူး။


လူတွေကိုယ်တိုင်က မသိစိတ်ရဲ့ စိတ်ကို လှည့်စားလို့ မရတာမို့ ဒီစွမ်းရည်ကို အသုံးချဖို့ လမ်းညွှန်ထားဖို့ လိုတယ်။ ဒါက အရမ်းခက်ခဲပါတယ်။ ငါအရင်က ပြောခဲ့သလိုပါပဲ။ လမ်းညွှန်မှု ပျက်ကွက်တာ ဒါမှမဟုတ် သွေဖည်သွားတဲ့အခါ အဲဒါက ဘာလဲဆိုတာ သိနိုင်မှာ မဟုတ်ဘူး။ အရမ်းခက်တယ်။ ကြောက်စရာလည်း ကောင်းတယ်။


ငါ အဲဒါတွေကို ဆက်လုပ်နေပြီး လှည့်ကွက်တချို့ကို တဖြည်းဖြည်း ကျွမ်းကျင်လာခဲ့တယ်။ ဒါပေမဲ့ အဲဒီစွမ်းရည်က အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း ပျောက်ကွယ်သွားတာကို ငါတွေ့လာရတယ်... အဲဒီခံစားချက်က ဖြည်းဖြည်းချင်း ငြီးငွေ့လာသလိုမျိုးပဲ အရမ်းသိသာထင်ရှားတဲ့ ခံစားချက်က ရုန်းထွက်ဖို့ နည်းလမ်းမရှိရင် အဲဒီမှာပဲ ငတ်သေရလိမ့်မယ် ဆိုတာ ငါ သိလိုက်ရတယ်။


အဲဒီ့စွမ်းရည်ကို အတုယူဖို့ ငါလည်း စိတ်ဓာတ်ကျစွာနဲ့ပဲ ကြိုးစားခဲ့တယ်။ အောင်မြင်သွားမယ်လို့ မမျှော်လင့်ထားတော့ ငါကိုယ်တိုင်လည်း တုန်လှုပ်သွားခဲ့တာ။ ငါသတိဝင်လာတော့ ငါဂူအပြင်ဘက်ကို ရောက်နေပြီ။


အဲဒီတုန်းကတော့ ငါလည်း ငါ့ကိုယ်ငါ ကော်ပီဆိုတာ မသိလိုက်ဘူး။ ငါနဲ့ ငါ့ရဲ့မူလခန္ဓာက အမှတ်တရတွေ အားလုံးက အတူတူပဲလေ။ ဒါကြောင့် သူငါ့ကို ခေါ်တဲ့အခါ ငါ့ကိုယ်ငါ ကော်ပီဆိုတာ လုံးဝကို မမှတ်မိတော့ဘူး။ သူက ငါ့နေရာမှာ အစားထိုးချင်​နေတယ်လို့ ကြိမ်းမောင်းပြီး ဒီကမ္ဘာမှာ ရှိနေသေးတဲ့ ငါ့ကို ပျောက်ကွယ်သွားစေချင်တယ်။ တွင်းထဲမှာရှိတဲ့ အရာက မိစ္ဆာကောင်လို့ ထင်နေတော့ အပေါက်ထဲက ငါပါပဲလို့ ပြောနေတဲ့လူက ဘယ်လိုပဲဖြစ်နေပါစေ ငါလက်မခံနိုင်ဘူး။ ဒါနဲ့ပဲ ဖောက်ခွဲရေး ပစ္စည်းတွေကို ထုတ်ပြီး အပေါက်ကို ဖောက်ခွဲပစ်လိုက်တယ်။ 


အမှန်တော့ ငါ မိတ္တူကူးခံလိုက်ရမှန်း သိပေမယ့် မသိစိတ်က မယုံချင်တော့တဲ့အတွက် ပျက်စီးရတဲ့ အခြေအနေတစ်ခုကို ရွေးချယ်လိုက်တာ။ ကိုယ့်ကိုယ်ကို သတ်သေပြီး တစ်ယောက်ယောက်ကို သတ်လိုက်တာလို့ ကိုယ့်ကိုကိုယ် ပြန်ပြောခဲ့မိတယ်။


ကြေးနီပင်က လူတွေရဲ့ မသိစိတ်ကို အချိန်တိုလေးပဲ စွမ်းဆောင်​ပေးနိုင်တဲ့အတွက် ကြေးကိုင်းတစ်ကိုင်းကို ခုတ်ပြီး ကြေးနီပင်အောက်ခြေက လျှို့ဝှက်လမ်းကနေ ထွက်လာခဲ့တယ်။ ဒီလိုနဲ့ဆို စွမ်းရည်က ပိုကြာနိုင်တယ် ဆိုပြီးတော့လေ။ အပြင်ကို ထွက်ပြေးနိုင်တော့မှ ငါ့ခန့်မှန်းချက်က မှန်နေတာကို တွေ့လိုက်ရတာ။ အပြင်ကို ပြန်ထွက်လာပြီး ​ပြန်မရောက်ခင် တူးထားတဲ့ ကြေးကိုင်းက စိတ်အနှောက်အယှက် ဖြစ်လွန်းလို့ သူ့ကို မြေကြီးထဲမှာ မြှုပ်ပြီးမှ ရှီးအန်းကို ပြန်လာခဲ့တာ။ ပြီးတော့ ငါ့ပစ္စည်းတွေရောင်းဖို့ နေရာရှာချင်ခဲ့တယ်။


စီးပွားရေးလုပ်တုန်းက ရှေးဟောင်းပစ္စည်း ဆိုင်မှာ အရပ်ဝတ်တွေနဲ့ ရဲတွေဆီက အဖမ်းခံရတာတော့ နှမြောစရာကြီးပေါ့။ နောက်တော့ မင်းသိတဲ့အတိုင်းပဲ ထောင်ကျပြီး အိမ်ပြန်ရောက်တော့ ငါ့အမေ မရှိတော့ဘူး။ ဒီကိစ္စကိုတော့ ငါမင်းကို မလိမ်ပါဘူး။ 


ပြောစရာတွေ ရှိ​သေးတယ်။ ဒီစွမ်းရည်က အကုန်အကျ မများပါဘူး။ ငါ့မှတ်ဉာဏ်က အရမ်းညံ့တယ်လေ။ တော်တော်များများကို မမှတ်မိခင်မှာ ကြိုရေးထားရတယ်။ အခု​ပြောမှာက စွမ်းရည်ကို အသုံးပြုခြင်းရဲ့ နောက်ဆက်တွဲပဲ။ မင်းကို လမ်းမှာ ကောင်းကောင်းဖြေရှင်းပြီး ဒီစွန့်စားခန်းကို မင်းမသိဘဲ ပြီးသွားအောင် ကူညီပေးချင်ခဲ့တာ။ ဒါပေမဲ့ ကံဆိုးစွာနဲ့ လွန်ခဲ့တဲ့ သုံးနှစ်လောက်က တော်တော်များများကို ငါမေ့သွားခဲ့တယ်။ ငါ ဘယ်လိုထွက်သွားခဲ့လဲ ဆိုတာတောင် မမှတ်မိတော့ဘူး။ ဒါကလည်း ချို့ယွင်းချက်တွေနဲ့ ပြည့်နှက်နေတော့ နောက်ထပ် နှစ်နှစ် သုံးနှစ်အတွင်းမှာ မှတ်နိုင်စွမ်း လုံးဝ ဆုံးရှုံးသွားနိုင်တယ်လို့ ခန့်မှန်းမိပါတယ်။


မင်းမှာ ဒီလိုထူးဆန်းတဲ့ စွမ်းအင်တွေရှိလား? အဲဒါက မင်းကို သက်ရောက်မှုရှိလား ငါမသိပေမယ့် မင်းပိုဂရုစိုက်သင့်တယ်။ ငါ့ရဲ့ တွက်ချက်မှုတွေအရ ဒီလိုစွမ်းအင်မျိုး မင်းဆီမှာ နှစ်အတော်ကြာ ရှိနေနိုင်ပေမယ့် အရမ်းအားနည်းသွားနိုင်တယ် မခံစားနိုင်တဲ့အထိလည်း ဖြစ်သွားနိုင်တယ်။


လောင်းယန်'}


ဝူရှဲ့မှာ စာတစ်စောင်လုံး ဖတ်ပြီးနောက် သက်ပြင်းအရှည်​ကြီး ချရင်း ဘာပြန်ပြောရမှန်းကို မသိတော့ပေ။ စာအိတ်ထဲမှာတော့ ကမ်းခြေမှာထိုင်နေတဲ့ သူနဲ့ သူ့အမေ ဓာတ်ပုံတစ်ပုံ ရှိနေကာ သူတို့နောက်မှာ ပင်လယ်ကြီးပါပဲ။ ကြည့်ရတာတော့ နိုင်ငံခြားကို ရောက်သွားပုံရသည်။ သူ့အမေက အရမ်းလှပြီး နုပျိုနေတုန်းပဲ။ သူနဲ့ အတူတူ တွဲရပ်​နေတော့ စုံတွဲလိုတောင် ဖြစ်သွားသည်။ သေသေချာချာ ကြည့်လိုက်တော့ သူ့အမေရဲ့ မျက်နှာပေါ်မှာ နတ်ဆိုးလို ရောင်ဝါတွေ ရှိနေသလို ဖော်မပြနိုင်တဲ့ ရက်စက်မှုတွေ ရှိနေသလို ဝူရှဲ့မှာ ခံစားလိုက်ရသည်။ ဒါက စိတ်ပိုင်းဆိုင်ရာ အလုပ်ပေးလွန်းလို့ လျှောက်မြင်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါ၏။ 


ဆောင်းရာသီ ရောက်လာတော့ လေအေးပေးစက်ခန်းထဲမှာပဲ နေခဲ့ရာ မသိလိုက်ပါဘဲ နေ့ခင်းအထိ မှိန်းနေရင်း ပျင်းနေခဲ့သည်။ သူ "ရှီးလင်ယင်ရှစ်" ရဲ့ အတွင်းခန်းထဲမှာ လဲလျောင်းနေခဲ့တာကြောင့် ခြေဖျားတွေက အေးစက်မနေတော့ပေ။ သူ့မှာဘာလုပ်ရမှန်း မသိဘဲ အိပ်တစ်ဝက်နိုးတစ်ဝက် ဖြစ်နေချိန်မှာပဲ ဝမ်မောင်အသံကို ကြားလိုက်ရသည်။ 


"သူဌေး တစ်ယောက်ယောက်က ရှာနေတယ်" 


ရှေးဟောင်း ပစ္စည်းဆိုင်ကို လာလည်တဲ့သူတွေ ရှိသေးတာလားလို့ ကိုယ့်ကိုကိုယ် ပြန်တွေးပြီး တုံ့ပြန်ဖို့ မေ့နေခဲ့သည်။ အဲဒီလူက အပြုသဘောဆောင်တယ်လို့ ယူဆပေမယ့် အားလုံးက အလုပ်ဖြစ်နေတုန်းပဲလေ။ ဒါကြောင့် သူထပြီး မျက်နှာကို ပွတ်သပ်ကာ စိတ်အားထက်သန်စွာ ထွက်လာခဲ့သည်။


အပြင်မှာ လေအေးပေးစက်က သေးသေးလေးမို့ လေအေးအေးက မှုတ်လိုက်တော့ ရင်တွေပန်းတွေတောာင် တုန်သွားသည်။ အပြင်ကို ကြည့်လိုက်တော့ ချမ်းလိုတုန်နေတဲ့ သူက ကျီးနန်က ဦးလေးဟိုင်ဆီမှာ အလုပ်လုပ်နေတဲ့ ကလေးမလေးပဲလို့ တွေးလိုက်မိ၏။ သူ့အတွက် ချက်လက်မှတ် ယူလာပေးတာ ဖြစ်ရမယ်လို့ တွေးရင်း ဝမ်မောင်အား လက်ဖက်ရည် ပူပူ​လေး ပြင်ခိုင်းလိုက်သည်။ 


"က​​လေးမလေး ဘာလို့အန်ကယ်ဟိုင်က မင်းကို လာခိုင်းရတာလဲ?"


ကလေးမလေးရဲ့ နာမည်က ချင်ဟိုင်ထင်ဖြစ်ပြီး သူမက ဦးလေးဟိုင်ရဲ့ ဆွေမျိုး ဖြစ်သည်။ အသက် ဆယ့်ခုနစ်နှစ်ပဲ ရှိသေးပေမယ့် ရှေးဟောင်းပစ္စည်း နယ်ပယ်မှာ ဝါရင့်ပြီးသားပင်။ သူမက ခေါင်းညိတ်ပြီး ပြောလာ၏။


"အို ဘုရားရေ...မြောက်ဘက်ထက် ဟန်ကျိုးက ဘာလို့ ပိုအေးနေရတာလဲ?"


ဝမ်မောင်က ပြုံးပြီး "တောင်ဘက်မှာရှိတဲ့ ရာသီဥတုက ခြောက်ပြီး အေးတယ်... ကိုက်သလိုခံစားရတယ် မင်းတို့ရဲ့ ကျီးနန်က မြောက်ဘက်နဲ့ သိပ်မဝေးဘူးလေ"


ချင်ဟိုင်ထင်က သူမအံသွားတွေကို ကစားနေရတာကို မြင်လိုက်ရတော့ ဝူရှဲ့လည်း လေအေးပေးစက်နဲ့ နွေးနေတဲ့ အတွင်းခန်းထဲကို အမြန်ဆွဲသွင်းလိုက်သည်။ လက်နွေးသွားအောင် ရေ​နွေးအိတ်ကိုလည်း ပေးလိုက်ပြီး 


"မင်းက အရမ်းအ​အေး ကြောက်တာပဲ... ဘယ်လိုလဲ ​နွေးသွားပြီလား?"


သူမ စိတ်တည်ငြိမ်အောင် လက်ဖက်ရည် ပူပူလေး တစ်ငုံသောက်လိုက်ပြီး အခန်းထဲမှာ သူ့ခြေထောက်တွေကို လှုပ်ယမ်းနေလိုက်သည်။ 


"နည်းနည်း ပိုကောင်းလာပြီ... ဟန်ကျိုးက ဘယ်လောက်လှလဲလို့ လူတွေက ပြောကြတယ်။ ညီမဦးလေးက လာခွင့်မပြုပေမယ့် ညီမ အမြန်ပဲ ထွက်လာခဲ့တာ.... အရမ်းလှတယ်ဆိုတဲ့ နေရာကြီးက ဒီလောက် အေးနေမယ်လို့ ဘယ်သူကသိမှာလဲ? ပြန်သွားပြီးရင် နောက်တစ်ကြိမ် ဘယ်တော့မှ မလာတော့ဘူး"


"မင်းဦးလေး မင်းကို ဘာလို့ဒီကို လာခိုင်းရတာလဲ? အကြောင်းကြားဖို့ ဖုန်းခေါ်လည်း ရတာပဲကိုး"


ချင်ဟိုင်ထင်က သူမရဲ့ ပဝါကို ချွတ်လိုက်ပြီး ပိုက်ဆံအိတ်ထဲက စာတစ်စောင်ကို ထုတ်လိုက်ပြီး ပြောလာသည်။ 


"သေချာပေါက် အလုပ်ကိစ္စပဲပေါ့... ဒါက ငွေရှင်းချလံနဲ့ ငါးမျက်လုံးကျောက် အတွက် ပိုက်ဆံပဲ" 


လှမ်းကြည့်လိုက်တော့ စျေးကောင်းရတာနဲ့ အိတ်ကပ်ထဲ ချက်ချင်းထည့်လိုက်ပြီး ပြောလိုက်သည်။ 


“ဒါဆို ငါ့ကိုယ်စား ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါဦး” 


သူမက နောက်ထပ် ဖိတ်စာတစ်ခုထုတ်ပြီး 


"ညီမဦးလေးဟိုင်လည်း မနက်ဖြန်ကျရင် ဟန်ကျိုးကိုလာပြီး ရှေးဟောင်းပစ္စည်း စိစစ်ရေးအစည်းအဝေးတက်မှာ... သူက အစ်ကို့ကိုလည်း လာခဲ့ခိုင်းလိုက်တယ်...အစ်ကိုနဲ့ ဆွေးနွေးဖို့ အရေးကြီးတာ တစ်ခုရှိတယ်တဲ့"


"မနက်ဖြန် ငါ့မှာအချိန်ရှိလား မသိဘူး.... မင်းငါ့ကိုဘာလို့ ဖုန်းဆက်မပြောတာလဲ လျှို့ဝှက်ဆန်းကြယ်လို့လား?" 


အမှန်တော့ သူ မသွားချင်ပါဘူး။ ရှေးဟောင်းပစ္စည်းတွေကို အကဲဖြတ်ရတာက ပျင်းစရာ ကောင်းလွန်းတယ်လေ။ အဘိုးအိုတွေ စကားစမြည် ပြောရင်း ဝိုင်းကူပြောဆိုကြတာတွေ အများကြီး။ အမှန်လား မှားလားဆိုတာ စက္ကန့်အနည်းငယ် အတွင်း မြင်နိုင်တယ်။


ချင်ဟိုင်ထင်က သူ့နားကို ကပ်ပြီး တိုးတိုးလေးပြောလေ၏။


"ညီမဦးလေးက ကြေးငါးနဲ့ ပတ်သက်တာ တစ်ခုခုရှိတယ်... မလာရင် နောင်တရနေမယ်တဲ့"