ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ချင်လင်နတ်သစ်ပင်
Chapter (35)
ထိန်းချုပ်မှုမှ ရုန်းထွက်ခြင်း
သူတို့လာတဲ့အခါတုန်းက ဆရာလျောင်က သူဌေးဝမ်ဟာ ငယ်စဉ်ကတည်းက တာအိုအသိုင်းအဝိုင်းမှာ ကြမ်းတမ်းတဲ့ လူတစ်ယောက်ဖြစ်ပြီး ပညာအရည်အချင်း အလွန်နိမ့်ကျတဲ့ လူတစ်ယောက် ဖြစ်ကြောင်း ပြောပြခဲ့သည်။ သူထုတ်ပြနိုင်တဲ့ တစ်ခုတည်းသော အရာမှာ သူ့အဘိုးရဲ့ "လက်ကျန်ဒုက္ခမှတ်တမ်းများ" စာအုပ်ပဲ ရှိသည်။ ဒီလိုလူတစ်ယောက်က ဝူရှဲ့ သူ့ရဲ့ မသိစိတ်ကလာတဲ့ အကြောင်းအရာကို ရှင်းပြလိုက်တာနဲ့ တစ်ချိန်တည်းမှာ သူနားလည်သွားပြီး ဥပမာတွေတောင် ပြန်ပေးနိုင်တယ်။ ဒါက စိတ်ပညာကို ပိုနားလည်သဘော ပေါက်သွားတာကို ပြနေတာပဲ မဟုတ်လား။
အစောနတုန်းကတော့ ထူးဆန်းတာ တစ်ခုခုကို ခံစားမိပေမယ့် အဲဒါကို သိပ်ဂရုမစိုက်မိဘဲ တိုက်ဆိုင်မှုတစ်ခုလို့ပဲ တွေးလိုက်မိ၏။
သူဌေးဝမ်တွင် မွန်မြတ်သော စိတ်ဓာတ်များ ရှိကောင်းရှိနိုင်သည်။ လှည့်ဖြားပြီး ပြန်ပေးဆွဲနေစဉ်တွင် ယဉ်ကျေးမှု မြေအောက်ကမ္ဘာရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်လာရန် မျှော်လင့်ကာ စိတ်ပညာကို သူ့ဘာသာသူ လေ့လာရန် အချိန်ယူခဲ့နိုင်သည်။ ဒါပေမယ့် သူ့ရဲ့အကြမ်းဖက်မှုကို ပြန်ကြည့်လိုက်ရင် ဒါက မဖြစ်နိုင်ချေ။
ဒါကို တွေးပြီး သူဌေးဝမ်ကို ပြန်လှည့်မကြည့်ဘဲ မနေနိုင်တော့ပေ။ ရုတ်တရက် အရမ်းထူးဆန်းတဲ့ ကြိုတင်သတိပေးချက် တစ်ခုက ဝူရှဲ့စိတ်ကို ဖုံးလွှမ်းသွားပြီး စိတ်ထဲမှာလည်း အရမ်းထူးဆန်းနေသလို ခံစားလိုက်ရ၏။ အဲဒါက သူ့ရှေ့ကလူက သူဌေးဝမ် မဟုတ်ဘူးလား ဆိုတဲ့ အချက်ပါပဲ။
ဝူရှဲ့ အဆိုပြုထားတဲ့ အတွေးအမြင်တွေကို သူဌေးဝမ်ခမျာ အရမ်းကို စူးစူးစိုက်စိုက် စဥ်းစားနေတာကြောင့် ဝူရှဲ့ သူ့ကို ထူးထူးခြားခြား စိုက်ကြည့်နေတာကို သူ သတိမထားမိပေ။ သို့နှင့် ဝူရှဲ့လည်း သူ့အမူအရာ၊ သူ့အဝတ်အစားနဲ့ သူ့ခန္ဓာကိုယ်ရဲ့ အသေးစိတ် အချက်အလတ်တွေကို ကြည့်ဖို့ အခွင့်အရေးယူခဲ့သည်။
သူဌေးဝမ်အပေါ် ဝူရှဲ့ အမြဲတမ်း အထင်ကြီးခြင်း မရှိခဲ့ပါ။ ပထမကတော့ သူက စကားအများကြီး မပြောတတ်သလို ဒုတိယကတော့ သူ့ရဲ့ လှုပ်ရှားမှုတွေက ထူးထူးခြားခြား မရှိတာကြောင့်ပင်။ သူတို့ ကြေးနီသစ်ပင်ပေါ် မတက်ခင်က တစ်ကြိမ်၊ နှစ်ခါလောက်သာ တွေ့ဖူးပြီး အဲဒီအချိန်မှာလည်း သူရှေ့က လူတစ်ယောက်ရဲ့ အသွင်သဏ္ဌာန်ကို စီရင်ဖို့ အချိန် သိပ်မရှိခဲ့ဘူး။
ဒါပေမဲ့ ပထမတစ်ချက်မှာတင် ပြဿနာတစ်ခုကို ရှာတွေ့လိုက့တယ်လို့ ခံစားမိပေမယ့် ဝူရှဲ့ သူ့ကိုယ်သူလည်း မသေချာသေးချေ။ ဝူရှဲ့ သူ့ထင်မြင်ချက်ကို အတည်ပြုရန်အတွက် ရုတ်တရက် တစ်စုံတစ်ခုကို မြင်လိုက်ဟန်ဆောင်ကာ သူ့ရှေ့တွင် လက်ဝှေ့ယမ်းလိုက်သည်။
"သူဌေးဝမ်!"
သူဌေးဝမ်က ရုတ်တရက် ခေါင်းလှည့်လာပြီး
"ဘာလဲ?"
"လုံးဝ မလှုပ်လိုက်နဲ့နော်!"
ဝူရှဲ့ သူ့ကို မလှုပ်ဖို့ လက်ဟန်ပြပြီး ဂရုတစိုက်နဲ့ ဖြတ်လျှောက်သွားသည်။
သူဌေးဝမ်လည်း ဝူရှဲ့ကို ပြန်ကြည့်ကာ သူ့ပခုံးမှာ တစ်ခုခုရှိနေတယ်လို့ တွေးပြီး လန့်ဖြတ်သွားရာ ဘေးကို ကြည့်လိုက်၏။ ဝူရှဲ့ သူ့အနားကို လှမ်းတက်လိုက်ပြီး သူ့ရင်ဘတ်ကို ဖိလိုက်သည်။ ထို့နောက် စိတ်ထဲကနေ သက်ပြင်းချလိုက်ပြီး ဘာမှ မလုပ်ဘဲ နောက်ပြန်ဆုတ်သွားတယ်။
သူက စိတ်ရှုပ်သွားပြီး ဝူရှဲ့ကို တိုးတိုးလေး မေးလိုက်သည်။
"ဘာလုပ်နေတာလဲ? ဘာဖြစ်တာလဲ?"
ဒီအချိန်မှာ ဝူရှဲ့ သူ့စိတ်ထဲ နည်းနည်းတော့ ယုံကြည့်မှုရှိလာသည်။ ဒါနဲ့။
"ကျွန်တော် ခင်ဗျားရဲ့ အင်္ကျီကနည်းနည်း ထူးဆန်းနေတယ်ထင်လို့.. ဘယ်က ဝယ်လာတာလဲ?"
သူဌေးဝမ်မှာ စိတ်ဝေဒနာရှင် တစ်ယောက်ရဲ့ အမူအရာနဲ့ ဝူရှဲ့ကို ကြည့်ပြီး ရယ်မောလိုက်လေသည်။
"မင်းမှားနေတာလား? မင်းရုတ်တရက် ဒီမေးခွန်းကို မေးပြီးဘာလုပ်မလို့လဲ?"
"လုံးဝ မမှားပါဘူး... လွန်ခဲ့တဲ့ လအနည်းငယ်က ပထမဆုံးအကြိမ် ဂူဖောက်ဖို့ သွားတုန်းက ဦးလေးက ကျွန်တော့်ကို ဈေးဝယ်ခိုင်းတယ်... အဲဒီတုန်းက ခင်ဗျားရဲ့အင်္ကျီလို တောင်တက် အမှတ်တံဆိပ်ကို ဝယ်ချင်ခဲ့တာ... ဒါပေမဲ့ အဲဒီအဝတ်အစားတွေကို နောက်ပိုင်း မဝယ်ဖြစ်တော့ပါဘူး ဘာဖြစ်လို့လဲ သိလား? ဘာလို့လဲဆိုတော့ ရင်ဘတ်ပေါ်က အိတ်ကပ်နှစ်ခုက ကြီးတယ်လို့ ထင်ရပေမယ့် တကယ်တမ်းကျတော့ အတုတွေလေ.. အဲဒါတွေက အလှဆင်ဖို့သုံးတဲ့ အဝတ်အစားတွေပဲလို့ အဲဒီတုန်းက တွေးမိသေးတယ်... ဒါပေမဲ့ ဂူဖောက်တဲ့အခါမှာ အိတ်ကပ်တွေ ပိုရှိသင့်တယ်လို့ တွေးမိတာနဲ့ ပိုကောင်းတဲ့ တခြားစတိုင်လ်တစ်ခုကို ဝယ်လိုက်တယ်"
သူဌေးဝမ်က အိတ်ကပ်နှစ်လုံးကို ထိကြည့်လိုက်သည်နှင့် သူ့အမူအရာက ပြောင်းသွားသည်။ ထိုအခါ ဝူရှဲ့ လက်ခုပ်တီးပြီး တိုးတိုးလေး ပြောလိုက်၏။
"ဒါက နည်းနည်းတော့ ထူးဆန်းနေသလို ခံစားရတယ်နော် အဲဒီမီးချောင်းနဲ့ ခင်ဗျားရဲ့စီးကရက်ကို ဘယ်ကများရလာတာလဲ ဟင် သူဌေးဝမ်!"
ဝူရှဲ့မေးရင်း စိတ်ထဲမှာ အလင်းတဖျပ်ဖျပ် လင်းလက်သွားကာ
"ဒါမှမဟုတ် ခင်ဗျားကို လောင်းယန်လို့ခေါ်ရင် ပိုကောင်းမလား?"
သူဌေးဝမ်က ဝူရှဲ့အား ကွက်ကွက်ကွင်းကွင်း စိုက်ကြည့်ရင်း အချိန်အတော်ကြာပြီးနောက် သူက ရယ်မောလိုက်လေသည်။ ရုတ်တရက် သူ့ရဲ့အဆီတွေ ကျုံ့လာပြီး ဖောင်းပွနေတဲ့ မီးပုံးပျံတစ်ခုလုံးက လေတွေ စိမ့်ထွက်လာသလို ရှူးသွား၏။
သူဌေးဝမ်ရဲ့ မျက်နှာက ဖြည်းဖြည်းချင်း ပြောင်းလဲသွားတာကို ကြည့်ပြီး လောင်းယန်ရဲ့ မျက်နှာအဖြစ် ပြောင်းလဲသွားတာကို မြင်တဲ့အခါ ဝူရှဲ့ သူမှန်းဆထားတာ မှန်ကြောင်း နားလည်လိုက်သည်။
နောက်ဆုံးတွင် သူသည် သူ့ကိုယ်သူ ခါးဆန့်တန်းကာ သက်ပြင်းချလိုက်ပြီး
"ဝူရှဲ့ကတော့ ဝူရှဲ့ပါပဲ.. မင်းငါ့ကို ငယ်ငယ်လေးကတည်းက လိမ်ညာခဲ့တာပဲ မင်းကိုငါ တစ်ကြိမ်လောက် လိမ်ချင်ပေမယ့် ငါ့မှာ ထုတ်ဖော်ခဲ့နေရတုန်းပဲ!"
ဝူရှဲ့ သူ့ကို အေးစက်စက် စိုက်ကြည့်ကာ မေးလိုက်သည်။
"ပေါက်ကရတွေ ရပ်လိုက်! ဘာတွေလာကစားနေတာလဲ?"
လောင်းယန်က ခါးသက်စွာ ပြုံးပြီး သူ့လက်ကို ဝှေ့ယမ်းပြလိုက်သည်။
"ငါ့ရှင်းပြတာကို နားထောင်၊ ငါ့ရှင်းပြတာကို နားထောင်ပါဦး ဟူး! ငါသိတယ် ဒီကိစ္စက လွယ်လွယ်နဲ့ လွတ်မှာမဟုတ်ဘူးလို့"
ဝူရှဲ့ စကားမပြောတာကို မြင်တော့ သူက
“ငါ့ရည်ရွယ်ချက်က မင်းကိုလိမ်ဖို့ မဟုတ်ဘူး...ဒါပေမဲ့ ဒီကိစ္စက ဒီလိုလုပ်မှကို အသုံးဝင်မှာမလို့ပါ မင်း ငါ့ရဲ့ရှင်းပြချက်ကို နားထောင်ပြီးရင် ငါဒီလိုလုပ်ရတဲ့ အကြောင်းရင်းတွေ ရှိတယ်ဆိုတာ သိလာလိမ့်မယ်"
လောင်းယန်ဟာ သူ့အသွင်အပြင်ကို လွတ်လွတ်လပ်လပ် ချုပ်ကိုင်ထားတာကို မြင်လိုက်ရတော့ သူ့ရဲ့ ဒီစွမ်းရည်ဟာ မိမိစိတ်ကူးယဉ်ထားတာထက် ကျော်လွန်နေပြီ ဆိုတာ ဝူရှဲ့ သိလိုက်ရသာ်။ ပြီးတော့ ဒီအရာအားလုံး အကြောင်း သူတစ်ခုခုတော့ သိထားရမယ်။ ဒီနေရာကို လာရတဲ့ ရည်ရွယ်ချက်က ပိုက်ဆံကြောင့် မဟုတ်နိုင်တော့ဘူး။ သူ့ရဲ့ ဒီစွမ်းရည်နဲ့ဆို ငွေက ပြဿနာ မရှိနိုင်တော့ဘူးလေ။
ဒါပေမဲ့ ဒီလိုစွမ်းရည်နဲ့ဆို သူက ပြိုင်ဘက်ကင်း ဖြစ်နေပြီ။ ဒီလို သရဲတစ္ဆေလို နေရာကို ရောက်အောင်လာဖို့အထိ သူ့မှာ မအောင်မြင်သေးတဲ့ ရည်ရွယ်ချက် တစ်ခု ရှိနေသေးလို့လား။ ဒီစွမ်းရည်မှာ ချို့ယွင်းချက် ရှိနေလို့လား။
ဘာပဲပြောပြော အခုတော့ ဝူရှဲ့ သေချာသွားပြီ။ လောင်းယန် သူ့ဆီရောက်လာပြီးကတည်းက သူဟာ လောင်းယန် သေချာစီစဉ်ထားတဲ့ ထောင်ချောက်ထဲ ကျသွားတယ်။ ဆိုလိုချင်တာက သူ အစကတည်းက လိမ်နေခဲ့တာ။ ဒါတောင် မိမိမှာ သူ့ကို သိပ်ယုံကြည်နေသေးတာ ရှက်စရာကောင်းလိုက်လေခြင်း။ 'ဒီစွမ်းအားကို ငါထိန်းချုပ်နိုင်လို့ကတော့ သူ့ကို ဝက်တစ်ကောင်ဖြစ်အောင် ပြောင်းလဲပစ်မယ်'လို့ စိတ်ထဲက တွေးနေလိုက်သည်။
လောင်းယန်သည် ဝူရှဲ့၏ မျက်နှာအမူအရာ အပြောင်းအလဲကို မြင်ပြီး ငြိမ်သက်စွာ ကြည့်နေသော်လည်း အတွင်းစိတ်ထဲတွင်တော့ ဝူရှဲ့ အလွန်ဒေါသ ထွက်နေမှန်း သိသည်။
အချိန်အတော်ကြာအောင် နေပြီးနောက်တွင် လောင်းယန်က တစ်စုံတစ်ခုကို တွေးတောနေသကဲ့သို့ ရုတ်တရက် သက်ပြင်းတစ်ချက် ချလိုက်ကာ အိတ်ကပ်ထဲမှ ဓာတ်ပုံတစ်ပုံကို ထုတ်ပြလာသည်။
"ဒါကိုကြည့် ပြီးရင် ငါရှင်းပြမယ်"
ဝူရှဲ့ လှမ်းယူပြီး ဓာတ်မီးနဲ့ ဓာတ်ပုံပေါ် ထိုးကြည့်လိုက်သည်။ ဓာတ်ပုံက သူ့အမေပုံပင်။ သူမဆံပင်က အရမ်းဖြူနေပြီ။ အလုပ် အရမ်းလုပ်ထားလို့ ဖြစ်နိုင်တယ်။ လောင်းယန် ထောင်ကျသွားတဲ့ နှစ်များအတွင်း သူမသည် အကြပ်အတည်းတွေကို ခံစားခဲ့ရပုံရ၏။ သူ့အမေက ငယ်ငယ်တုန်းက အရမ်းလှပြီး သူတို့ကိုလည်း အရမ်းကြင်နာကာ ဝူရှဲ့တို့က သူမကို အန်တီလှလှလို့ ခေါ်ကြသည်။ ဝူရှဲ့အဖေနဲ့အမေဟာ သူမဆီကို တစ်နှစ်မှာ အကြိမ်အနည်းငယ်လောက် သွားလည်တတ်သည်။
ဒီဓာတ်ပုံကို သူဘာလို့ ထုတ်လိုက်တာလဲ ဆိုတာ မသိတာကြောင့် မေးလိုက်သည်။
"မင်းဒါက ဘာကိုဆိုလိုတာလဲ?"
သူက သက်ပြင်းချလိုက်ပြီး ဝမ်းနည်းစွာ ပြုံးလိုက်သည်။
"ပိုက်ဆံလိုတယ်လို့ ငါမင်းကို ပြောခဲ့တယ် မဟုတ်လား? တကယ်တော့ ငါမင်းကိုလိမ်ခဲ့တာ... ငါ ဒီကိုလာရတဲ့ ရည်ရွယ်ချက်က ငါ့အမေအတွက်ပဲ။ ငါ့အမေက ငါထောင်ကျနေတဲ့ အချိန်တုန်းက ထွက်သွားခဲ့ပြီ!"
ဝူရှဲ့ သံသယကြီးစွာဖြင့် မျက်မှောင်ကြုတ်ကာ ထပ်မေးလိုက်၏။
"မင်းအမေ... ဆုံးသွားပြီလား?"
သူက တိတ်တိတ်လေး ခေါင်းညိတ်ပြပြီး သူ့လက်တွေကို ကြည့်နေသည်။
“ထောင်က လွတ်လာတဲ့ နောက်တစ်နေ့မှာ အမေ့ကို အံ့သြသွားအောင်လုပ်ဖို့ မျှော်လင့်ပြီး အိမ်ပြန်ဖို့ မစောင့်နိုင်တော့ဘူး... ငါ တံခါးဖွင့်လိုက်တာနဲ့ နံစော်နေတဲ့ အနံ့တစ်ခုကို ရလိုက်တယ်... အမေက အပ်ချုပ်စက်ပေါ်မှာ မလှုပ်မယှက် လဲလျောင်းနေတာ အမေက နှလုံးရောဂါ ပြန်ဖြစ်နေပြီလို့ထင်ပြီး ချက်ချင်း အကူအညီ တောင်းလိုက်တယ်.... ငါ သူမကို ကယ်လိုက်တာနဲ့ ငါဘာကိုမြင်လိုက်ရလဲ ဆိုတာ မင်းသိလား?!”
လောင်းယန်က မျက်လုံးတွေကို မှိတ်ပြီး နာကျင်စွာ ညည်းတွားနေသည်။
"သူမမျက်နှာက အပ်ချုပ်စက်မှာ ကပ်နေပြီကွ... ဆွဲထုတ်လိုက်တာနဲ့ အကုန်လုံး စုတ်ပြဲသွားပြီ..----"
ဝူရှဲ့မှာ လောင်းယန်အမေ ဆုံးသွားတာကို မသိခဲ့သလို ဘယ်လိုတုံ့ပြန်ရမလဲ ဆိုတာလည်း မသိတော့ပေ။ သူ့ခမျာ အဲဒီမှာပဲနေပြီးတော့ လောင်းယန်ကို ကြည့်နေလိုက်သည်။ လောင်းယန်က သူ့အမေကိစ္စနဲ့ ပတ်သက်ပြီး ဘယ်တော့မှ နောက်ပြောင်မယ့်သူ မဟုတ်ပေ။
လောင်းယန်က သူ့နဖူးကို လက်ဝါးဖြင့် ကပ်ထားရင်း။
“အမေကို သင်္ဂြိုဟ်ပြီးတာနဲ့ အိမ်အလွတ်မှာ ငါတစ်ယောက်တည်း နေခဲ့တယ်။ ဘာလုပ်ရမှန်း မသိသလို အိပ်လည်း မအိပ်ရဲတော့ဘူး.... အိပ်ပြီးတာနဲ့ အမေ့ရဲ့ခန္ဓာကိုယ်က အပ်ချုပ်စက်မှာ တွယ်ကပ်နေတာကို တွေ့လိုက်ရတာပဲ... အပ်ချုပ်စက်ပေါ်မှာ မျက်နှာကိုကပ်ပြီး ကိုးရက်လောက် ကြာအောင် အဲဒီပုံစံအတိုင်း နေခဲ့ရတာ... ငါ့မှာ ဆာလောင်လွန်းလို့ ငတ်သေတော့မယ်လို့တောင် ထင်ခဲ့တာ။ ဒါပေမဲ့ အဲဒီအချိန်မှာ ရုတ်တရက် မီးဖိုချောင်ထဲက ထွက်လာတဲ့ ရနံ့တစ်ခုကို ရလိုက်တယ်... တစ်ယောက်ယောက်က ဟင်းချက်နေသလိုပဲ..ငါ လှမ်းကြည့်လိုက်တော့ မေမေ တကယ်ပြန်ပေါ်လာတာကို တွေ့လိုက်ရတာပဲ ... အမေက ငါ့ကိုတွေ့တော့ ခဏစောင့် ခဏနေဆို ကျက်တော့မယ်လို့ ပြောတယ်"
ဒီစကားကို ကြားလိုက်တာနဲ့ ဘာတွေ ဖြစ်နေပြီလဲဆိုတာ ဝူရှဲ့လည်း ရိပ်မိလိုက်သည်။ လောင်းယန်က ဆက်လက်ပြောပြသည်။
“အစကတော့ ငါ့ဘာသာ အမေ့အကြောင်း တွေးရင်း ရူးသွပ်သွားပြီလို့ ထင်ပြီး ဂယောင်ချောက်ချား ဖြစ်သွားသေးတယ်... နောက်ပိုင်းမှ တစ်ခုခု မှားနေပြီဆိုတာ သိလိုက်ရတာ... အဲဒါက ထင်ယောင်ထင်မှား မဟုတ်ဘူး ငါတင်မကဘဲ ဟင်းရွက်ရောင်းသူလည်း ငါ့အမေကို တွေ့တယ်... အဲ့ကျမှ အမေတကယ် ပြန်ရောက်နေပြီဆိုတာ သိလိုက်တာ... သူမ ချက်ထားတဲ့ ဟင်းတွေတောင် အရသာက အရင်အတိုင်းပဲ"
"တခြားသူတွေသာဆိုရင် အဲဒါက သရဲတစ္ဆေလို့ ထင်ကောင်းထင်နိုင်ပေမယ့် ဒါကတော့ မဟုတ်ဘူး... ငါလည်းအဲ့ချကျမှ ဘာဖြစ်နေတာလဲ ဆိုတာကို စပြီး တွေးတောမိတော့တယ်။ တဖြည်းဖြည်းနဲ့ ငါ့ပတ်ဝန်းကျင်က ဖော်မပြနိုင်လောက်အောင် မှားနေပြီဆိုတာ သိလာတယ်... ဒါပေမဲ့ ငါအဓိကသော့ချက်ကို ရှာမတွေ့သေးဘူး အဲဒီနေ့မှာ ငါတစ်ညလုံး တီဗီထိုင်ကြည့်နေတာ... အဲဒီညက လျှပ်စစ်မီးက ပြတ်တောက်နေတာ... ဘာဖြစ်သွားလဲ ဆိုတာကို မင်းမှန်းကြည့် ရပ်ကွက်တစ်ခုလုံးမှာ ငါ့အိမ်တစ်အိမ်တည်း ဓာတ်အားရှိနေတုန်းပဲ... လျှပ်စစ် မရှိတာတောင် စက်ပစ္စည်းတွေကို ဖွင့်ထားပြီး ပလပ်ထိုးရာတောင် မလိုဘူး ဖြစ်နေတာ"
“ငါလည်း ဘာတွေဖြစ်နေတာလဲ မသိတော့ဘူး... အဲဒီအချိန်မှာ ငါ့အကိုဝမ်းကွဲ စာတစ်စောင် ရေးလာတယ်။ စာထဲမှာ သူလည်း ဒီလိုအခြေအနေမျိုး ရှိခဲ့တယ်လို့ ပြောတယ်.... အဲဒီအချိန်မှာ ဒီကိစ္စတွေက ဒီကြေးနီသစ်ပင်နဲ့ ပတ်သက်နေမယ် ဆိုတာကို ချက်ချင်း သဘောပေါက်သွားခဲတာ"
"ငါ စာအုပ်တွေ အများကြီးဖတ်ပြီး ဒီသစ်ပင်ဟာ ရှေးတုန်းကပြောခဲ့တဲ့ မြွေသစ်ပင် ဖြစ်နိုင်တယ်ဆိုတာ သိလိုက်ရတယ်လေ...ငါ့ရဲ့ဒီအစွမ်းကလည်း ကြေးနီပင်ကလာတာ ဖြစ်နိုင်တယ်။ အစတုန်းကတော့ အရမ်းပျော်ပြီး ချမ်းသာတယ်လို့ ထင်ခဲ့ပေမယ့် ဒီစွမ်းရည်ကို ငါလေ့လာပြီးနောက် စပြီး ထိန်းချုပ်နိုင်တော့တဲ့ အချိန်မှာပဲ ပြဿနာက ထွက်လာတယ်"
"ဒီစွမ်းရည်ကို စိတ်က ထိန်းချုပ်ပြီးတာနဲ့ အာရုံထွေပြားတဲ့ အတွေးတွေကို မဖယ်ရှားနိုင်ရင် အရာတော်တော်များများက ရောထွေးပြီး အရမ်းဆိုးသွားလိမ့်မယ်.... တစ်နေ့ကျတော့ ငါအိပ်ယာက ထလာတဲ့အချိန်မှာ အမေကငါ့ကို ကျောခိုင်း ထိုင်နေတာ တွေ့လိုက်ရတယ်....သူမ အပ်ချုပ်စက်ပေါ်မှာ ထိုင်နေတာမြင်တာနဲ့ ငါ ထိတ်လန့်သွားတယ် တိတ်တိတ်လေး လျှောက်သွားပြီး ကြည့်လိုက်တော့ ငါဘာမြင်ခဲ့ရတာလဲ သိလား ဘုရားရေ.... ငါ့အမေရဲ့ မျက်နှာက မင်းသိလား?"
လောင်းယန်မှာ လှုပ်ရှားမှုများစွာ ပြုလုပ်ခဲ့ရသလို စကားမပြောနိုင်တော့ဘဲ သက်ပြင်းအကြိမ်ကြိမ် ချနေခဲ့သည်။ ဝူရှဲ့မှာလည်း ဒါကို ကြားလိုက်ရတဲ့ အချိန်၌ ရင်ထဲမှာ အေးခဲသွားသလို ခံစားလိုက်ရ၏။ အဲဒီတုန်းက မြင်ကွင်းက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲလို့ တွေးကြည့်လို့တောင် မရပေ။
လောင်းယန်က လေထုထဲကနေ စီးကရက်တစ်လိပ်ကို ယူကာ ပါးစပ်ထဲထည့်လိုက်သည်။ ထို့နောက် မီးခြစ်မပါဘဲ စီးကရက်မီးကို မီးညှိကာ အသက်ပြင်းပြင်း ရှူရင်း ဆက်ပြောလေ၏။
“အဲဒီအချိန်ကစပြီး ဒီအစွမ်းကို ငါစပြီး နားလည်လာခဲ့တယ်... ကြောက်စရာကောင်းပေမယ့် ငါမကျေနပ်ဘူး ငါ အမေ့ကို ပြန်လာစေချင်တာပဲ ရှိတယ်... ဒါကြောင့် အမေ့ကို သိပြီး အလွန်သန့်ရှင်းတဲ့ မသိစိတ်ရှိတဲ့ လူတစ်ယောက်ကို လာလည်ခိုင်းဖို့ တွေ့လိုက်တယ်... အဲဒါမင်းပဲ လောင်ဝူ....တစ်ချိန်တည်းမှာပဲ ငါ့ရဲ့အစွမ်းအစတွေကို ဖယ်ထုတ်ဖို့ ဒီကိုလာခဲ့တာ"
လောင်းယန်ရဲ့ ရည်ရွယ်ချက်က တကယ်တော့ ဒီလိုဖြစ်နေမယ်လို့ ဝူရှဲ့မှာလည်း မမျှော်လင့်ထားပေ။
"ဒါပေမဲ့ လောင်းယန် ဒီကြီးက နားထောင်ကြည့်ရငလောက်ဆို ကောင်းကင်ဘုံရဲ့ အလိုကို ဆန့်ကျင်နေသလိုပဲ... လူတွေက သေပြီးရင် ရှင်ပြန်ထမြောက်လို့ မရတော့ဘူး"
သူက ပြန်ဖြေလေ၏။
"လောင်ဝူ ငါ သိပ်လောဘမကြီးပါဘူး... သုံးနှစ်ပဲ ငါ့အမေနဲ့ နောက်ထပ် သုံးနှစ်လောက်ပဲ အတူနေရရက်ကို ငါကျေနပ်ပါတယ်... မင်းလည်း ငါ့အိမ်ကို အများကြီး လာလည်ဖူးတာပဲ ငါ့အမေကို ဒီလိုမျိုး မဖြစ်စေချင်ဘူး... အမေတစ်ယောက်တည်း သေသွားရတာမျိုး မင်းလည်း မမြင်ချင်ဘူးမလား?"
မိမိမှာ သူ့အမေတကယ် ရှင်ပြန်ထမြောက်လာခဲ့ရင် သူ့အိမ်ကို သွားဝံ့မှာလားလို့ တွေးရင်း သက်ပြင်းချလိုက်သည်။ ဒီချင်လင်သစ်ပင်ကို ဘယ်သူက ဒီမှာ လာချထားလဲတော့ မသိ။ သူ့မှာ ဒီလောက်ဆိုးရွားတဲ့ စွမ်းအားတွေလည်း ရှိနေသေးသည်။ အဲဒီစွမ်းအားကြောင့် ရုပ်လုံးပေါ်လာတဲ့ လူတွေကို လူသားလို့ရော ယူဆလို့ ရသေးလား?
ဝူရှဲ့ အချိန်အတော်ကြာ စဉ်းစားပြီးနောက် ခေါင်းခါပြလိုက်သည်။
"ဒီလိုမလုပ်နိုင်ဘူး လောင်းယန် မင်းအမေက သေသွားပြီ... သူ့မွေးရပ်မြေကို ပြန်သွားပြီ... မင်း မင်းသူမကို လက်လွှတ်လိုက်ပါတော့ ... သူမကို နောက်ဆန်တင်းအောင် မထိန်းထားပါတော့နဲ့ ”
ထိုအခါ လောင်းယန်က ပြုံးပြီး
"အရမ်းနောက်ကျသွားပြီ လောင်းဝူ... မင်း နားမလည်ပါဘူး... ဒီကိစ္စက မင်းငါ့ကို ကူညီချင်လား မကူညီချင်ဘူးလား ဆိုတာနဲ့ ဘာမှမဆိုင်ဘူး... အဲဒါကြောင့် ငါ့ရည်ရွယ်ချက်ကို မပြောနိုင်တာ အခု ငါလိုချင်တဲ့ ငါ့ရည်ရွယ်ချက် အောင်မြင်အောင် လုပ်နိုင်ပြီ"
သူပြောတာကို ဝူရှဲ့ နားမလည်တာကြောင့် ပြန်မေးလိုက်သည်။
“ဘာကိုဆိုလိုတာလဲ”
သူက လက်ကို မြှောက်ပြီး
"မင်း တစ်ခုခု အကောင်ထည် ဖော်နိုင်မလား ဆိုတာ အရင်စမ်းသပ် ကြည့်စမ်းပါ"
သူဘာလုပ်ချင်နေတာလဲ မသိပေ။ ဝူရှဲ့ သူ့လက်တွေကို ငုံ့ကြည့်ရင်း စိတ်ထဲမှာ ကျောက်ရုပ်အကြောင်းတွေးပြီး စိတ်ကူးတွေကို အကောင်အထည် ပေါ်လာအောင် ကြိုးစားပေမယ့် အချိန်အတော်ကြာအောင် ကြိုးစားပြီးနောက်မှာ လက်တွေက ဗလာဖြစ်နေသေးသည်။ ဤစွမ်းရည်သည် အသုံးပြုရခက်ခဲပြီး သာမန်လူတွေပဲ သူတို့ရဲ့ မသိစိတ်များကို ထိန်းချုပ်နိုင်စွမ်းမရှိတယ သံသယဖြစ်ဖွယ် မရှိပေ။
လောင်းယန်က သူ့အား အနည်းငယ် ဂုဏ်ယူစွာ ပြောပြလာခဲ့သည်။
"မင်း ရည်ရွယ်ချက်ရှိရှိ သုံးလိုက်တာနဲ့ ဒီအစွမ်းက လုံးဝ အသုံးမဝင်ဘူး... မဟုတ်ရင် အခု ဗိုက်ဆာတာနဲ့ ဘဲကင်တစ်ကောင်က သူ့အလိုလို ပျံလာတော့မှာပေါ့... တချို့အခြေအနေတွေ ကြုံလာမှပဲ ရလိမ့်မယ်။ အဲဒါက အရမ်းခက်တယ် လောင်ဝူ အဲဒီစွမ်းအားက လမ်းညွှန်နိုင်ပေမယ့် အသုံးမချနိုင်ဘူး လေ့ကျင့်ထားရင်တောင် အရမ်း ခက်ခဲနေဦးမှာ... ဒီနေရာမှာ တီဗီတစ်လုံး ကျလာအောင် ပြောင်းလဲချင်ရင် ဒီလောက်ရှုပ်ထွေးတဲ့ အရာမျိုးက ဘာပဲဖြစ်ဖြစ် မသိစိတ်ကနေ ပြောင်းလဲလာလို့ မရဘူးလေ"
ဝူရှဲ့ သူ့ကိုကြည့်လိုက်သည်။
"မင်းဆိုလိုတာက ဒီစွမ်းရည်က တက်ကြွလာဖို့ စိတ်ပိုင်းဆိုင်ရာ လမ်းညွှန်မှုလိုနေတာလား?"
သူက ခေါင်းညိတ်ပြီး "ဟုတ်တယ် ဥပမာ မင်းကို ငါပြောခဲ့တဲ့ စကားတွေက မင်းရဲ့ ဦးနှောက်ထဲမှာ မင်းရဲ့ အတွေးအမြင်တွေကို လမ်းညွှန်ပေးနိုင်ပြီး မိုင်ရာနဲ့ချီဝေးတဲ့ ငါ့အိမ်မှာ လူတစ်ယောက်ကို ရုပ်လုံးပေါ်လာအောင် လုပ်နိုင်နေပြီ"
ဝူရှဲ့ ခဏလောက် အံ့အားသင့်သွားပြီး သူ့ကိုကြည့်လိုက်ပြန်သည်။
"သွားစမ်းပါ! မင်းက အရာအားလုံးကို ငါ တကယ်ယုံမယ်လို့ ထင်နေတာလား?"
လောင်းယန်က ခေါင်းယမ်းလေသည်။ ထိုအချိန်တွင် ရုတ်တရက် ကြေးနီပင်နှင့် ပယင်းတစ်ခုလုံး တုန်ခါသွား၏။ သူတို့ရဲ့ ခြေနှစ်ချောင်းပင် ချော်လဲလုနီးပါး ဖြစ်သွားသည်။ ထို့ကြောင့် နံဘေးရှိ ကြေးသံကြိုးကို အမြန်ဆွဲကိုင်လိုက်ရသည်။ ခေါင်းငုံ့လိုက်သောအခါ အောက်ဖက်က ချောက်နက်ထဲမှာ တစ်စုံတစ်ခုက တွားသွားနေတာကို ယောင်ဝါးဝါး တွေ့လိုက်ရလေ၏။ ကြေးနီသစ်ပင်က လှုပ်ခါလိုက်တိုင်း မြေကလည်း ယမ်းခါနေရာ မတ်တပ်ရပ်ဖို့တောင် ခက်ခဲသည်။
ကြေးသံကြိုးကို ဆွဲချလိုက်တော့ ထူးထူးဆန်းဆန်း တစ်ခုခုကို သတိရမိလို့ လောင်းယန်ကို လှည့်ကြည့်ရင်း မေးမြန်းလိုက်သည်။
"ဒါနဲ့ 'တပ်...တပ်' ဆိုတဲ့ ထူးဆန်းတဲ့ အသံကို မင်း လုပ်ခဲ့တာလား?"
လောင်းယန်လည်း စိတ်ရှုပ်ထွေးစွာ ငုံ့ကြည့်ကာ ခေါင်းညိတ်ပြလေသည်။
"ဟုတ်တယ် ငါ မင်းကို အမြစ်တွင်းထဲကို ဆင်းဖို့ ဆွဲဆောင်ချင်တာနဲ့ အဲဒီအသံကို သုံးခဲ့တာ... ပြီးတော့ အပြင်မှာ စောင့်နေတဲ့ သူဌေးဝမ်ကိုလည်း ငါ ခေါက်ပစ်လိုက်တာ... အဲဒီရေဒီယိုလှိုင်း နှောင့်ယှက်မှုက ငါနဲ့ သူဌေးဝမ် ရန်ဖြစ်နေတဲ့ အသံကို မင်းကို မကြားစေချင်လို့"
ဝူရှဲ့ မျက်မှောင်ကြုတ်ပြီး
"ဒါဆို ဒီတုန်ခါမှုက ဘာဖြစ်နေတာလဲ!"
လောင်းယန်ရဲ့ အမူအရာလည်း ပြောင်းလဲသွားကာ
"ငါလည်း မသိဘူး ဒါပေမဲ့ လောင်ဝူ.. ဒီကြေးနီပင်ကို မင်းပထမဆုံးတွေ့တော့ ဘယ်လိုထင်မိလဲ?"
သူပြောတာကို ကြားတော့ ဝူရှဲ့မှာ ရုတ်တရက် တုန်လှုပ်သွားပြီး
“အဲဒါကြီးက ငရဲကို ရောက်သွားတယ်လို့ ထင်တယ်…”
ပြီးတော့ ဝူရှဲ့အောက်ကို ငုံ့ကြည့်ကာ
“ဟိုဘက်အောက်က အရာတွေ တက်လာနေတာလို့ မင်း ပြောနေတာလား…”
မထင်မှတ်ဘဲ လောင်းယန်က သူ့ကို ပြင်းပြင်းထန်ထန် ကန်ထည့်လိုက်ပြီး
"အရူး လျှောက်တွေးမနေနဲ့ဟ!"
သူစကားပြောပြီးသည်နှင့် အမှောင်ထုကြီးအောက်တွင် မျက်လုံးကြီးတစ်ခု ပေါ်လာလေသည်။ ခရမ်းရောင် မျက်လုံးတွေက ကြောင်တစ်ကောင်ရဲ့ ထူးဆန်းတဲ့ မျဉ်းကြောင်းမျက်လုံး အဖြစ်သို့ ပြောင်းလဲသွားပေသည်။