ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ချင်လင်နတ်သစ်ပင်
Chapter (34)
ရဲရဲတင်းတင်းတွေးပြီ သေချာစစ်ဆေး
စီချွမ်းနဲ့ မွန်ဂိုလီးယား တောင်ပိုင်းတွင် လွန်ခဲ့သော နှစ်အနည်းငယ်က ပိုးအိမ်များကို တူးဖော်တွေ့ရှိခဲ့ကြသော်လည်း ၎င်းတို့အားလုံးသည် လက်ဆေးရေကန်လို ကြီးမားကြပြီး တချို့မှာ ကျောက်စိမ်းကဲ့သို့ပင်။ အချို့မှာ ပယင်းကဲ့သို့ ဖြစ်နေကြပြီး အတွင်းပိုင်းတွင် သေးငယ်သော တိရစ္ဆာန် သို့မဟုတ် ကလေးများ၏ အလောင်းများကို ရစ်ပတ်ထားသည်။ အနည်းငယ်ကသာ အရွယ်ရောက်ပြီးတဲ့ လူတွေကို ထည့်ကြ၏။ ဤအရာများကို အများအားဖြင့် အသုဘ ပစ္စည်းများအဖြစ် တူးဖော်တွေ့ရှိတတ်ကြပြီး ဘယ်သူက ဖန်တီးထားတယ် ဆိုတာတော့ မည်သူမျှ မသိကြပေ။
ရှေးမှတ်တမ်းတွေအရ ဒီအရာဟာ ချင်မင်းဆက်မတိုင်ခင်က အဂ္ဂိရတ်ဆေးပညာရှင်တွေ အသုံးပြုခဲ့တဲ့ ဆေးဖော်စပ်နည်း ဖြစ်နိုင်ကြောင်း သိထားသည်။ အသက်တစ်လအောက် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို သတ်ဖို့အတွက် သုံးကြကာ ကိုယ်ဝန်သည်ကို ဆေးထဲမှာ ထည့်ထားပြီး အိုးတစ်လုံးထဲမှာ ထည့်မြှုပ်နှံထားတတ်၏။ ဆယ့်ခုနစ်နှစ်ကြာအောင် မြှုပ်နှံထားပြီးမှ တူးဖော်လိုက်လျှင် ဝမ်းထဲရှိ ကလေးသည် ပိုးအိမ်အဖြစ်သို့ ပြောင်းသွားလိမ့်မည်။ အပြင်ဘက် အလွှာသည် ကိုယ်ဝန်ဆောင်မိခင်၏ အချင်းဟုခေါ်သော သေးငယ်သော အလွှာဖြစ်သည်။
ယခုမြင်ရသော ပယင်းအရောင်သည် အမှန်တကယ် အတွင်းတွင် ခိုင်မာသော ရေမြွှာအရည် ဖြစ်သည်။ အလောင်းကို အစိုဓာတ် မဆုံးရှုံးစေရန်နဲ့ အလောင်းကို ဖုံးအုပ်ရန် အထူးသစ်စေးကို တရုတ်တိုင်းရင်းဆေးနှင့် ရောစပ်ကာ အသုံးပြုကြပြီး ထိုအရာမှာ လူသေအလောင်းကို သုတ်လိမ်းသည့် နည်းပညာတစ်ခု ဖြစ်ကြောင်းလည်း လူတချို့က ပြောကြသည်။
ဒီအရာ တည်ရှိနေတာကို ကြားဖူးပေမယ့် အဖိုးတန်လွန်းတဲ့အတွက် ဘယ်သူကမှ တစ်ခါမှ မကိုင်တွယ်ဖူးပါဘူး။ အခုမြင်တွေ့လိုက်ရတော့ ဘာကို စဉ်းစားရမှန်းတောင် မသိကြတော့ချေ။ ဝူရှဲ့လည်း သူနဲ့ သူဌေးဝမ်ကြားက လေထုကို ဖြေလျှော့ဖို့ သူ့ကို မေးခွန်းတချို့ မေးမြန်းလိုက်၏။
သူဌေးဝမ်က သူ့အဘိုး ဟောင်ကောင်မှာ တော်ဝင်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေချိန်က ပယင်း ပိုးအိမ်အပါအဝင် ဂျပန်စစ်ပွဲကြောင့် ပြောင်းရွှေ့အခြေချလာတဲ့ ချမ်းသာသူတွေဆီကရတဲ့ ရတနာတချို့ကို တွေ့ခဲ့ရတယ်လို့ ပြောပြလာပေသည်။
ပိုးအိမ်များသည် အရွယ်အစား အမျိုးမျိုးရှိပြီး ၎င်းတို့အတွင်းတွင် ပါဝင်သော အကြောင်းအရာများလည်း ကွဲပြားကြသည်။ တချို့မှာ သာမန် အင်းဆက် ပိုးမွှားများကဲ့သို့ပင် ဖြစ်ပြီး တချို့မှာ လူသေကောင်များ ပါဝင်တတ်သည်။
သူ့အဘိုးက တစ်ခါက ပိုးအိမ်တစ်ခုကို မြင်ဖူးခဲ့သည်။ အထဲမှာ အနီရောင် အဝတ်အစား ဝတ်ထားတဲ့ ကလေးမလေး တစ်ယောက်ရှိနေ၏။ သူမက အသက်ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်လောက် ရှိပြီး မျက်လုံးတွေ မှိတ်ထားပုံမှာ အိပ်ပျော်နေသည့်အတိုင်းပဲဟု ဆိုလေသည်။
သူသည် ကလေးမလေးအား ကြည့်ပြီး သနားစရာဖြစ်သဖြင့် သူဌေး ဂရုမစိုက်မိတဲ့ အချိန်ကို အခွင့်ကောင်းယူကာ မီးရှို့ပစ်လိုက်သည်။ အဲဒီတုန်းက စစ်ပွဲတွေ ကမောက်ကမ ဖြစ်ကုန်တော့ သူဌေးကလည်း သတိမထားမိပေ။ သူ့အဘိုးလည်း အဲဒီညက အိပ်မက်တစ်ခု မက်ခဲ့သည်။ အနီရောင်အဝတ်အစား ဝတ်ထားတဲ့ ကလေးမလေးက သူ့ဆီလာပြီး ကျေးဇူးတင်စကား ပြောခဲ့လေ၏။
နောက်ပိုင်းမှာ သူဌေးဝမ်ဟာ သူ့ကိုယ်ပိုင် ရှေးဟောင်းလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့သည်။ ဒီလိုမျိုး ဖြစ်ရပ်ဆန်းတွေနဲ့ ကြုံတွေ့ခဲ့ရပေမယ့် ဒီလောက်ကြီးပြီး အတွင်းထဲမှာ ဘာလဲဆိုတာကို ခက်ခက်ခဲခဲ မမြင်ရတာကြီးကို သူ့ရဲ့ဘဝမှာ ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်သည်။
ဝူရှဲ့လည်း လီဖီးဖာပြောတဲ့ "ဧကရာဇ်ချင်ရှစ်ဟွမ်ထက် သာလွန်တဲ့ အကျိုးကျေးဇူး" ဆိုတာ ဒါကို ရည်ညွှန်းနေတာများလား။ မဖြစ်နိုင်ဘူးမလား? ဒီအရာက အလွန်ရှားပါးပေမယ့် "ဧကရာဇ်ချင်ရှစ်ဟွမ်ရဲ့ ဂူဗိမာန်" ထက် သာလွန်တယ်လို့ အတိအကျ မခေါ်ဆိုနိုင်ပေ။
သူဌေးဝမ် ကိုယ်တိုင်ကလည်း ထူးဆန်းသလို ခံစားလိုက်ရပေမယ့် "မြစ်ချောင်းတောင်တန်းမှတ်တမ်း" ထဲက အချက်အလက်တွေက မှန်ကန်တယ်လို့ ယုံကြည်တဲ့အတွက် သူက ထိုင်ချလိုက်ပြီး ပယင်းမျက်နှာပြင်ကို ဂရုတစိုက် ထိလိုက်သည်။ သူက အထဲမှာ ထူးခြားတဲ့ လက်နက်တွေ ရှိမရှိ စမ်းကြည့်ချင်နေပုံရ၏။ သို့သော် ရုတ်တရက် ပယင်းမှာ အရည်ပျော်သွားပုံ ပေါ်သွားသည်။
ဒီနေရာက ကြေးသံကွင်းဆက်နဲ့ ချိန်းထားတာကြောင့် သူတို့နှစ်ယောက်မှာ တစ်ဖက်စွန်းကို တစ်ချိန်တည်းမှာ လျှောက်သွားလို့ မရတော့ပေ။ နှစ်ယောက်သား ဟန်ချက်ပျက်သွားမှာမို့ ဝူရှဲ့ အစောက ကြေးသံကြိုးကို လှမ်းကိုင်ပြီး သူဌေးဝမ် ဘာရသွားလဲ တစ်ချက် စပ်စုကြည့်လိုက်သည်။
သူဌေးဝမ်သည် အကြိမ်ပေါင်းများစွာ အပေါ်အောက် ငုံ့ကြည့်လိုက်သော်လည်း ဘာမှမတွေ့သေးပေ။ ပယင်းအတွင်း၌ အရည်အလွှာတစ်ခု စီးဆင်းနေသလို ဖြစ်နေလို့ သူတို့ရဲ့ မြင်သာမှုကို ထိခိုက်စေကြောင်း သူက ပြောပြလေသည်။ အနက်ရောင် အရိပ်ကလွဲလို့ အတွင်းထဲမှာ တခြားဘာမှ မရှိတော့ချေ။
နောက်တဖန် လှည့်ကြည့်လိုက်တော့ အောက်ဘက်မှာ မှောင်မိုက်နေတဲ့ တွင်းနက်ကြီးတစ်ခု ရှိနေကာ ဘယ်သူမှ တက်နိုင်တဲ့ အရိပ်အယောင် မရှိပေ။ ကြေးနီပင်ရဲ့ထိပ်၊ လျှို့ဝှက်ဆန်းကြယ်တဲ့ ခေါင်းတလားထဲက အရာသည် ပယင်းက တစ်စိတ်တစ်ပိုင်း ပါဝင်နေနိုင်သည်။
သူတို့နှစ်ယောက်လုံး စကားတစ်ခွန်းမှ မပြောဘဲ တိတ်တိတ်ဆိတ်ဆိတ် နေခဲ့ကြသည်။ ဒီပယင်းက အဖိုးတန်ပေမယ့် လေးလံလွန်းလို့ သူတို့နှစ်ယောက်တည်းရဲ့ ခွန်အားလောက်နဲ့ မမြှောက်နိုင်ဘူးလေ။ ဒီမှာ အရာအားလုံးက သူတို့အတွက် အဓိပ္ပာယ် မရှိသလို မေ့ထားလိုက်လို့ ရပေမယ့် သူဌေးဝမ်ကတော့ မတူပေ။ ဒီလမ်းတစ်လျှောက်မှာ အားလုံးကို လိုက်လာခဲ့တယ်။ ဒီလိုနဲ လူတော်တော်များများ သေကုန်တာတော့ သူတော်တော် စိတ်ဓာတ်ကျနေလောက်ပြ
ခဏတိတ်ဆိတ်သွားပြီးနောက် လီဖီးဖာရဲ့ စကားတွေထဲမှာ ပြဿနာက ဆက်ရှိနေကြောင်း ခံစားမိလိုက်သည်။ ထို့ကြောင့် ဝူရှဲ့လည်း သူဌေးဝမ်အား ဤလမ်းတွင် လီဖီးဖာက တစ်စုံတစ်ရာ ထုတ်ဖော်ခဲ့သလားဟု မေးလိုက်သည်။ လီဖီးဖာရဲ့ ကာရိုက်တာကို သုံးသပ်ကြည့်ရင် သူဟာ လျှို့ဝှက်ထားနိုင်တဲ့ သူတစ်ယောက် မဟုတ်တာကြောင့် မတော်တဆ တစ်ခုခုပြောမိသွားနိုင်သည်။
သူဌေးဝမ်ရဲ့ အမူအရာက ပြောင်းလဲသွားပြီး
"မင်းလူတွေကို အကဲဖြတ်တဲ့ နေရာမှာ တော်တော် အစွမ်းထက်သားပဲ....လီဖီးဖာက တကယ် နှုတ်လုံတဲ့လူမဟုတ်ပေမယ့် ထူးဆန်းတာ တစ်ခုကတော့ သူဒီကိုလာတဲ့ အချိန်ကတည်းက အထူးတလည် နှုတ်လုံနေတာတော့ ငါ မှတ်မိတယ်... ဒီကိုလာတဲ့လမ်းမှာ သူငါတို့အားလုံးကို ဒီကိုရောက်ရင် လိုချင်တာ အကုန်လုံးရမယ်လို့ ပြောပြီး စိတ်မပူဖို့လည်း ပြောတယ်... တခြားဘာမှ မပြောဘူး သူက ဝိဇ္ဇာအတတ်လို လုပ်ရတာကို ကြိုက်ပြီး မကြာခဏ ငါတို့ကို ဒီလို ချုပ်နှောင်ထားတတ်တာမျိုး ရှိတယ်"
ဒီကိုရောက်တာနဲ့ လိုချင်တာ အကုန်ရလိမ့်မယ်?
ဝူရှဲ့နားထောင်ရင်း စိတ်ထဲမှာ ထူးဆန်းလာသလို ခံစားလိုက်ရသည်။ ဒီစာကြောင်းက အရမ်းထူးဆန်းပြီး အတွင်းမှာ အဓိပ္ပာယ်တွေ ပါနေပုံရ၏။ တစ်စက္ကန့်မျှ စဉ်းစားပြီးနောက်တွင် ရုတ်တရက် အကြံတစ်ခုရခဲ့ပြီး အူကြောင်ကြောင်နှင့် ကိုယ့်ဘာသာ တွေးလိုက်မိသည်။
"ဧကန္တ အဲ့လိုများလား?"
သူဌေးဝမ်ရဲ့ အမူအရာကလည်း ဝူရှဲ့ကို ကြည့်သောအခါ ရုတ်တရက် ထူးဆန်းသလို ခံစားသွားရပုံပေါ်၏။ ဝူရှဲ့ စိတ်လှုပ်ရှားစွာ ခေါင်းကုတ်လိုက်ပြီး ဦးနှောက်က လျင်မြန်စွာ လည်ပတ်နေတော့သည်။
လီဖီးဖာက ဒီကိုလာဖို့ပဲ ပြောနေခဲ့တာ။ ဒီဝါကျထဲမှာ ရှုပ်ထွေးစရာနည်းနည်း ရှိနေတယ်။ သူပြောတဲ့စကားရဲ့ အဓိပ္ပာယ်ကို သူတို့အားလုံးက နားလည်မှု လွဲသွားတာလည်း ဖြစ်နိုင်တယ်။ အဓိက ကတော့ "ရောက်ရင်" ဆိုတဲ့ စကားလုံးပဲ။ ပြောရမယ်ဆိုရင် သော့ချက်က ဘာပဲ ဖြစ်ဖြစ် ရနိုင်သမျှ ရမှာတော့ မဟုတ်ဘူး။ အရင်ဆုံး ဒီနေရာကို အရင်သွားကို သွားရမယ်။ ဒီနေရာကို ရောက်နိုင်မှသာ လိုချင်တာကို ရလိမ့်မယ်။
လူကြီးမင်းချီ သူ့ကို ပေးခဲ့တဲ့ အချက်အလက်ထဲမှာ ဒီလို ဓာတ်ပုံတစ်ပုံကို တွေ့လိုက်ရတယ်။ အဲဒါက ကြေးနီသစ်ပင်နဲ့ ဂူပန်းချီကားဖြစ်ပြီး သစ်ပင်အောက်မှာ ဒူးထောက်နေတဲ့ လူပုံသဏ္ဌာန် အများအပြား ပါဝင်ထားတယ်။ လူတွေက သူတို့ဟာ စပါးအထွက်ကောင်းစေရန် ဆုတောင်းနေကြောင်း ရှေးသူတော်ကောင်းများစွာက ထင်မြင်ကြသည်။ သို့သော် ဓာတ်ပုံတွင် ရိုက်ယူထားသော နံဘေးရှိ တချို့သော သင်္ကေတများကို ကြည့်လိုက်လျှင် သူတို့သည် ထိုကြေးနီပင်ကို သွေးယဇ်ပူဇော်ဖို့ အမှန်တကယ်ပင် ဆန္ဒပြုနေကြကြောင်း မှတ်တမ်းတင်ထားလေ၏။
ဒါက အယူသီးမှုတစ်ခုလို့ ထင်ရပေမယ့် လီဖီးဖာ ပြောခဲ့တာကို တွေးကြည့်တဲ့ အခါမှာတော့ ထိုအကြောင်းအရာ နှစ်ခုကို ချိတ်ဆက်ထားဖို့ လိုအပ်လာပြီ။
လီဖီးဖာ ဒီကိုလာရတဲ့ ရည်ရွယ်ချက်က ဒီကြေးနဖိပင်က လူတွေကို သူတို့ရဲ့ဆန္ဒကို အကောင်အထည်ဖော်ဖို့ ကူညီပေးနိုင်စွမ်း ရှိတယ်ဆိုတာ ယုံကြည်ထားလိုပဲ ဖြစ်နိုင်သည်။
ဝူရှဲ့ အမှတ်တမဲ့ ရယ်ချင်ပေမယ့် မရယ်နိုင်ခဲ့ပေ။ ဒါဟာ တကယ့်ကို ထိုက်တန်ပြီး ကြီးမားတဲ့ အကျိုးကျေးဇူးပါပဲ။ ဒီလို အကျိုးအမြတ်နဲ့ တစ်ဘီလီယံ တန်ဖိုးရှိသော အရာဟာ လောကကြီးမှာ ဘယ်လိုလုပ် အလွယ်တကူ ရယူနိုင်ပါ့မလဲ။ ဒါပေမဲ့ ဒီလူက ဒီလိုရည်ရွယ်ချက် တကယ်ရှိထားတယ် ဆိုရင် သူ့နောက်လိုက်မယ့်သူကို သဘာဝအတိုင်း အားလုံး ရှင်းပြလိုက်လို့ မရဘူးလေ။ မဟုတ်ရင် ဘယ်သူက သူ့နောက်လိုက်ပါတော့မလဲ။
ဝူရှဲ့လည်း သူ့ရဲ့ အတွေးအမြင်တွေကို သူဌေးဝမ်အား ပြောပြလိုက်သည်။ ဝူရှဲ့ကို အံ့ဩသွားစေတာက ဒါကိုကြားတော့ သူဌေးဝမ်က မရယ်ဘဲ ရုတ်တရက် တစ်ခုခုကို သတိရသွားပုံပေါ်ပြီး ပြောလာခဲ့သည်။
"မဟုတ်ဘူး... အဲ့လိုလည်း ပြောလို့မရဘူး... အဲဒါက ဒါကြီးလည်း ဖြစ်နိုင်တာပဲ"
ဝူရှဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုပြီး အော်ဟစ်လိုက်သည်။
သူက “အခုနတုန်းက ငါတို့နှစ်ယောက် အပေါ်ကနေ ပြုတ်ကျလာတော့ မင်းငါ့ကို ခိုးပြီးတိုက်ခိုက်မှာကို ကြောက်တာနဲ့ မြူခိုးတွေ အလယ်ကို ချက်ချင်း ပြေးဝင်သွားခဲ့တာ...အဲဒီတုန်းက ဒီသံကြိုးတွေကို ငါမြင်လိုက်သေးတယ်... ကြေးသံကြိုးတွေနားက ဖြတ်သွားတော့ ကြေးသံကြိုးက ပြုတ်ကျနေတာ မဟုတ်ဘူး မြေပြင်ကလည်း ခိုင်မာတယ်။ ဒါပေမဲ့ ဒုတိယအကြိမ် မင်းကို ခိုးဝင်တိုက်ခိုက်တဲ့ အခါကျတော့ ခြေဖဝါးအောက်က လွတ်သွားတယ်... အောက်ဘက်မှာ အပေါက်တစ်ပေါက် ရှိနေတာကွ ငါလည်းငါ့ဘာသာ မြူခိုးတွေထဲမှာမလို့ အမြင်မှားနေတာလို့ပဲ ထင်ခဲ့တာ အဲဒီတုန်းက သိပ်ဂရုမစိုက်ပေမယ့် အခုပြန်တွေးကြည့်တော့ အဲဒီအပေါက်က လေထဲက ထွက်လာတဲ့အတိုင်းပဲ"
"ခင်ဗျား ဘာကိုဆိုလိုတာလဲ?" ဝူရှဲ့ သူ့ကိုမေးလိုက်သည်။
သူက “ငါပြောချင်တာက အဲဒီနေရာကို ပထမအကြိမ်နင်းတုန်းက အောက်မှာ ခေါင်းတလား ကျင်းတစ်ခု ရှိသင့်တယ်လို့ တွေးလိုက်တာ တကယ်တမ်း နင်းမိတော့ တစ်ခုမှ မရှိဘူး ဒုတိယ အကြိမ် နင်းမိတဲ့အခါကျတော့ ဒီခေါင်းတလားတွင်းက ဘယ်တုန်းက ရောက်လာမှန်း မသိလိုက်ဘူး... အဲ အဲဒါက ငါ့ဆန္ဒအတိုင်း ဖြစ်မြောက်လာတာများလား"
ဝူရှဲ့ သူ့ကို မယုံသင်္ကာနဲ့ ကြည့်လိုက်သည်။ ဒီလိုအဖြစ်မျိုးက ဘယ်လိုလုပ် ဖြစ်သွားနိုင်မှာလဲလို့ တွေးနေမိ၏။ ဒီသူဌေးဝမ် အစောတုန်းက သူ့ဆီကနေ အရိုက်ခံလိုက်ရလို့ ဂေါက်သွားတာများလား။
သူဌေးဝမ်လည်း ဝူရှဲ့ဒါကို မယုံဘူးလို့ မြင်တာကြောင့် ဆက်ပြောလာခဲ့သည်။
"တကယ်ပြောတာ ငါလည်းတစ်ချိန်လုံး ထူးဆန်းတယ်လို့ ခံစားနေရတာ...ဒါပေမဲ့ မြစ်ချောင်းတောင်တန်းမှတ်တမ်းကတော့ ဘယ်တော့မှ အမှားအယွင်းတွေ မရှိနိုင်ဘူး... လီဖီးဖာ ပြောခဲ့တဲ့ အကျိုးကျေးဇူးက ဒီဟာမလို့ သူ အရမ်းကို ယုံကြည်မှု ရှိနေခဲ့တာ ဖြစ်လိမ့်မယ်... အဲ့တော့ သူပြောတဲ့ဟာက ဒီဟာ ဖြစ်နိုင်တယ်"
ဝူရှဲ့ မယုံသေးဘဲ မျက်မှောင်ကြုတ်ကာ စိတ်ထဲကနေ တွေးနေမိပြန်၏။ အဆိုပါ လီဖီးဖာရဲ့ စကား အဓိပ္ပာယ်က ဒီနေရာကို ရောက်သရွေ့လို့ ပြောထားတယ်လေ။ မသိစိတ်က ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်ပြီး အဲဒီ မသိစိတ်ကနေပဲ စိတ်ကူးစိတ်သန်းတွေကို လက်တွေ့ဖြစ်လာစေတယ်။
ဒီလိုသာဆိုရင် ကြေးနီသစ်ပင်မှာ တကယ်ပဲ အစွမ်းအစ ရှိတယ်ဆိုရင် အခုတွေ့မြင်နေရတဲ့ အရာအားလုံးကို ကိုယ်တိုင်စိတ်ကူးနဲ့ ဖန်တီးထားတာတွေ ဖြစ်နိုင်သွားပြီပေါ့။ ဒါဆို ကြေးနီပင်က ဒီလိုပုံစံ မဟုတ်ဘူး။ ဂူအပေါက်တွေကလည်း ဒီလိုမဟုတ်ဘူး၊ ဒီနေရာက အလောင်းတွေကလည်း ဒီလိုပုံစံမျိုးနဲ့ မဟုတ်ဘူးလို့ ပြန်တွေးရတော့မှာလား။
"မြစ်ချောင်းတောင်တန်းမှတ်တမ်း" ပိုင်ရှင်သည် ဤကြေးနီပင်ပေါ်သို့ တက်သောအခါ သို့မဟုတ် မြွေတိုင်းပြည်ရဲ့ ဘိုးဘေးများကို ညှဉ်းပန်းနှိပ်စက်သော အခါက ဤကြေးနီပင်သည် နတ်ဘုရားကဲ့သို့ ရုပ်ထွက်ပစ္စည်းများကို ပိုင်ဆိုင်ထားကြောင်း သိထားပြီးသား ဖြစ်လိမ့်မည်။ လီဖီးဖာကလည်း ဒီလိုတန်ခိုးကို ရယူလိုပေလိမ့်မည်။ အဲဒါကြောင့် ဒီလူတွေကို ဒီနေရာရောက်လာဖို့ လှုံ့ဆော်ခဲ့တာပဲ။
ဒီအကြောင်းအရာကို အခြေခံပြီး လီဖီးဖာရဲ့ စကားများကို ရှင်းပြနိုင်သော်လည်း ကျန်တဲ့အရာများကတော့ ရှုပ်ယှက်ခတ်နေပါ၏။ ယခု လက်ရှိနေရာက မသိစိတ်နဲ့ လက်တွေ့ဘဝတို့အကြား ရောယှက်နေသည့် ကမ္ဘာကြီး ဖြစ်နေပြီ။ ဒါဆို တကယ်တမ်း ကြေးနီပင်ရဲ့ မူလပုံသဏ္ဌာန်က ဘယ်လိုလဲ? ဒီမှာ ဘယ်လိုမြင်ကွင်းမျိုး ထပ်ပေါ်လာနိုင်သေးလဲ။
ဒီလိုမျိုးက ထူးဆန်းလွန်းတယ် မဟုတ်ပါလား? ဒီလိုမသိစိတ်က ပုံဖော်နိုင်တဲ့ ကိစ္စက ဖြစ်လာနိုင်ပါ့မလား?
ကြေးနီပင်ပေါ် တက်တဲ့အခါတုန်းက ချီးကူကောင် မျက်နှာဖုံးကို ဝတ်ထားတဲ့ မျောက်နဲ့ ကျောက်နံရံမှာရှိတဲ့ အပေါက်တွေလိုမျိုး အရာတော်တော်များများကို သူတို့ကိုယ်တိုင်က အကောင်အထည် ပေါ်လာအောင် ဖန်တီးခဲ့တာလား။
ဒီလိုစွမ်းအားမျိုးက အစပိုင်းမှာ အရမ်းကောင်းတယ်လို့ ထင်ရပေမယ့် သေသေချာချာ ပြန်တွေးကြည့်တဲ့အခါမှာတော့ ရှင်းရှင်းလင်းလင်းကြီးကို ကြောက်စရာ ကောင်းတယ်လို့ ခံစားရစေ၏။ လူတွေရဲ့ အတွေးတွေက ထိန်းမနိုင်သိမ်းမရ ဖြစ်နေတတ်တယ်လေ။ ဥပမာအားဖြင့် ဒီလိုမျိုး စွမ်းအားတွေ ရှိနေတဲ့သူက ထိတ်လန့်စရာ ရုပ်ရှင်တစ်ကားကို ကြည့်ပြီးနောက် ကိုယ့်နောက်ကွယ်က မျက်နှာကျက်ပန်ကာကနေ သွေးထွက်နေတဲ့ ထိတ်လန့်စရာ ရုပ်ရှင်ထဲက အလောင်းတစ်လောင်းကို တွေ့လိုက်ရမယ် ဆိုရင်ရော။ ဒါမှမဟုတ် မသိစိတ်က ဖန်တီးထားတဲ့ သင်္ချိုင်းထဲမှာ လမ်းလျှောက်နေမိမယ်ဆိုရင်...။
စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ထားသူများသည် ဤစွမ်းအားကို အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်နိုင်ကောင်း ထိန်းချုပ်ထားနိုင်သည်။ သို့သော် ကမ္ဘာကြီးကို ထိန်းချုပ်နိုင်မယ်လို့ မဆိုလိုချေ။ ခဏနေဦး မဟုတ်သေးဘူး။ ရုတ်တရက် တစ်ခုခုကို တွေးလိုက်မိသည်။
လောင်းယန် တူးဖော်ထားသော ကြေးကိုင်းသည် လက်ရှိဒီသစ်ပင်ရဲ့ အကိုင်းအခက် ဖြစ်နိုင်သည်။ သူ့ဝမ်းကွဲတော်စပ်သူက ကြေးကိုင်းများကို လျှို့ဝှက်စွာ ထုတ်ဆောင်လာခဲ့သည်။ အဲဒါက သူဒီကြေးကိုင်းရဲ့ အစွမ်းကို သိသွားလို့လား။ ဒါပေမဲ့ သူဘယ်လိုလုပ် ရူးသွပ်သွားတာလဲ။ အခုကြေးကိုင်းက လောင်းယန်ရဲ့ လက်ထဲမှာ ရှိနေပြီ။ ဒါဆိုဒီကိစ္စရဲ့ အတွင်းပိုင်း ဇာတ်လမ်းကိုလည်း လုရွှမ် သိသွားမှာလား။
ဝူရှဲက ဘေးနားကသစ်ပင်ကို ကြည့်လိုက်ပြီး ရုတ်တရက် စဉ်းစားမိသွားတာက ဒီလိုကိစ္စမျိုးက အမှန်တကယ် ရှိတယ်ဆိုရင် သူ ဒီသစ်ပင်ကို အခုပဲဆန္ဒပြုပြီး ဒါတွေအားလုံးက ဘာအကြောင်း ဖြစ်ခဲ့တာလဲ ဆိုတာ ပြောပြခိုင်းလို့ ရလောက်လား။ ဝူရှဲ့ တွေးပြီးနောက် ရယ်လိုက်သည်။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူကိုယ်တိုင်က ဘယ်လိုဖြစ်နိုင်မလဲ ဆိုတာကိုတောင် တကယ် ယုံမိသွားခဲ့တာပဲ။ သူ့ရှေ့ကဟာက သက်မဲ့ ကြေးတုံးကြီးတစ်တုံးသာသာပဲလေ။
ဒါကိုတွေးရင်း ရုတ်တရက် ထူးဆန်းတဲ့ ခံစားချက်တွေနဲ့အတူ ဦးနှောက်ထဲကို အတွေးတွေ ဆက်တိုက် ဖြတ်သန်းသွားခဲ့သည်။ နှလုံးခုန်သံတွေ ဆောင့်ခုန်ထွက်သွားပြီး ဝူရှဲ့ခေါင်းကို လှည့်၍ သူဌေးဝမ်ကို စူးစူးစိုက်စိုက် လှည့်ကြည့်လိုက်သည်။