(33)
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ချင်လင်နတ်သစ်ပင်


Chapter (33)

ပြန်လည်သင့်မြတ်ရေး



ထို​နေရာကလာသော အသံသည် အနည်းငယ်ကွဲပြားပြီး ပဲ့တင်သံ အနည်းငယ်ထွက်ကာ အလွန်နက်ရှိုင်းသော နေရာမှ ထွက်လာပုံရသည်။ အသံ၏စည်းချက် နောက်တွင် အခြားတစ်ဖက်မှ ဧရာမ သွေးလွှတ်ကြောကြီး၏ သွေးလွှတ်ကြောကို ဖိထားသကဲ့သို့ ကြေးသံကြိုးသည် တိုတောင်းသော ပမာဏအတွင်း အနည်းငယ် တုန်ခါနေတာကိုလည်း ရှင်းရှင်းလင်းလင်း ခံစားနိုင်​လေသည်။


ဒီဖြစ်စဉ်က ဝူရှဲ့ကို သည်းမခံနိုင်တဲ့ အအေးဓာတ်ကို ပေးလာခဲ့သည်။ ဘာကြောင့်လဲဆိုတော့ အောက်ကနေ မှုတ်ထုတ်လာတဲ့ လေ​အေးကို ခံစားလိုက်ရလို့ မဟုတ်ဘဲ သူတို့ နှစ်ယောက်လုံးဟာ ဒီလောက် ကြိမ်နှုန်းမြင့်တဲ့ ကြေးသံကြိုးကြီးကို တုန်ခါအောင် မလုပ်နိုင်တာကြောင့် ကြောက်စိတ်ဖြင့် အေးခဲသွားခြင်းပင်။ အမှောင်ထဲမှ ဒီကြေးသံကြိုးတွေကို အရာက ဘာများလဲ။


သူဌေးဝမ်လည်း တွေးတောဆင်ခြင်ပြီး ငြိမ်သက်စွာ နားထောင်နေသည်။ ယုတ္တိဗေဒအရ ပြောရရင် သူ တစ်ခါမှ ဒီလိုအနီးကပ်​ကြားရတဲ့ အဖြစ်မျိုးကို မကြုံဖူးသေးတာကြောင့် ဝူရှဲ့ထက် ပိုကြောက်နေသင့်သည်။ ဒါပေမဲ့ သူ့အမူအရာကို ကြည့်လိုက်တော့ တစ်ခုခုကို စီရင်နေသလိုမျိုး အံ့သြစရာကောင်းလောက်အောင် ငြိမ်သက်နေ၏။ 


ခဏ​ကြာပြီးနောက် အသံတိတ်သွားကာ ကြေးသံကြိုးရဲ့ တုန်ခါမှုကလည်း ရပ်တန့်သွားသည်။ ဝူရှဲ့မှာ အကြောင်းပြချက်မရှိဘဲ သက်ပြင်းတစ်ချက် ချလိုက်တော့မယ့် အခိုက်မှာ လူက သံကြိုးပေါ်ကနေ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။


သူဌေးဝမ်ဟာ ဘာမှ မတုံ့ပြန်သေးဘဲ ခဏလောက်အထိ ငြိမ်ငြိမ်လေး တွေး​နေပြီး စီးကရက်တစ်လိပ်ကို ထုတ်ကာ မီးညှိလိုက်သည်။ ထို့နောက် အိတ်ကပ်ထဲမှ ချောင်းငယ်တစ်ချောင်းကို ထုတ်ယူကာ အတွင်းက အလင်းရောင်လေးတွေ တောက်ပလာအောင် နှစ်ကြိမ်ခန့် လှုပ်ယမ်းလိုက်သည်။


သူဘာလုပ်ချင်မှန်း မသိတော့ ဝူရှဲ့လည်း သူ့ကို အေးစက်စက်ပဲ ကြည့်နေလိုက်သည်။ တောက်ပသော အလင်းချောင်းသည် ၎င်း၏အမြင့်ဆုံး တောက်ပမှုကို တုံ့ပြန်သောအခါ သူသည် အလင်းချောင်းကို ကြေးဝါသံကြိုးပေါ်ကနေ ရုတ်တရက် ပစ်ချလိုက်၏။ အစိမ်းရောင် အလင်းတန်းက စက်ဝိုင်းပုံစံဖြင့် ကျသွားသည်။


အလင်းချောင်းလေးက သေးငယ်လာပြီးရင်း သေးငယ်လာပြီး သူတို့ရဲ့ အမြင်နယ်ပယ်မှ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ အမှောင်ထဲ ပျောက်ကွယ်သွားတဲ့အထိ ဆက်လက် ကျဆင်းသွားလိမ့်မယ်လို့ ဝူရှဲ့ ထင်ခဲ့သည်။ ရုတ်တရက် မြင်နိုင်သောအရာနှင့် မမြင်နိုင်သောအရာများကြားက မြင်ကွင်း၏ ကန့်သတ်ချက်အတွင်း အလင်းချောင်း ဖြောင်းခနဲ အသံဖြင့် တစ်စုံတစ်ခုကို ထိမိပြီး ခုန်ပေါက်သွားသည်။ ၎င်းက တစ်ဖက်မှ ကြေးဝါနံရံဆီသို့ ပျံသန်းသွား တစ်ဖန် လဲကျသွားပြီး ခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။


ကြေးသံကြိုးအောက် မီတာငါးဆယ် သို့မဟုတ် ခြောက်ဆယ်ခန့် အကွာတွင် ချိတ်ဆွဲထားသော အရာတစ်ခုခု ရှိနေတာတော့ အမှန်ပင်။ ကံမကောင်းစွာပဲ အလင်းချောင်းမှ အလင်းရောင်က အားနည်းလွန်းလှသည်။ အစောတုန်းက အဝါရောင် အရိပ်အမြွက် ပြထားသည့် အဝါရောင် သလင်းကျောက် ခေါင်းတလားရဲ့ ပုံသဏ္ဌာန်ကို မြင်လိုက်ရသလိုပင်။ ၎င်းသည် ပို၍အသုံးများသော တောက်ပသောည အဝါရောင်ကျောက်လည်း ဖြစ်နိုင်သည်။


သူဌေးဝမ်က ခေါင်းကိုမော့ပြီး ဝူရှဲ့ကို ဒေါသတကြီး ကြည့်လိုက်သည်။ ထို့နောက် သူက ရုတ်တရက် သူ့လက်ထဲက ခါးပတ်ကို လွှတ်လိုက်ပြီး မီးခြစ်ကိုဖွင့်ကာ အောက်ကို လျှောချလိုက်တော့သည်။ မကြာခင်မှာပဲ သူဌေးဝမ်ဟာ အမှောင်ထဲကို တိုးဝင်သွားကာ သူ့ရဲ့ ကျုံ့နေတဲ့ မီးတောက်ကိုသာ လှမ်းမြင်ရလေ၏။ 


ဝူရှဲ့ ခဏလောက် တွေးကြည့်မိရင်း သူ့ဘာသာ ဘာ့ကြောင့် စိတ်မသက်မသာ ဖြစ်သွားမိတယ် မသိပေ။ သူဌေးဝမ်က အရမ်းယုံကြည်မှု ရှိ​နေပုံပေါ်၏။ သူဟာ ထူးဆန်းတဲ့ ပစ္စည်းမျိုးစုံနဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ ဒါ့အပြင်က အောက်က ဘာပစ္စည်းလဲ ဆိုတာကိုလည်း သူသိနေလောက်သည်။ ဒါကြောင့် ယူဖို့ ဆင်းသွားတာ။ ရုတ်တရက် လောင်းယန် ပြောတာကို ​ပြန်တွေးမိပြီး သူ့လက်ထဲရောက်သွားမှာကို စိုးရိမ်သွားသည်။ ဒါနဲ့ ဒီလို ပြုတ်ကျသွားမှာကို မစဥ်းစားနိုင်တော့ဘဲ လက်ထဲက အမဲလိုက်ဓားကို အမြန်ဆွဲထုတ်ပြီး လျှောချလိုက်တော့သည်။ 


သူ ပြုတ်ကျတဲ့အရှိန်က အရမ်းမြန်၏။ အပေါ်က တွယ်ကပ်နေတဲ့ သစ်ပင် အမြစ်တွေဟာ အောက်ခြေကို ရောက်တဲ့အခါ ပျောက်ကွယ်သွားတော့သည်။ အချိန်တစ်ခု ကုန်ဆုံးသွားတော့ သူတို့ရဲ့ အရှိန်ကလည်း နှေးကွေးသွား၏။ ဆယ်စက္ကန့်လောက် ကြာတော့ သူတို့ ခန့်မှန်းထားတဲ့ အမြင့်ကို ရောက်သွားပြီ ထင်ပါရဲ့။ ဝူရှဲ့ အောက်ကမီး ရပ်သွားတာကို မြင်တော့ သူ့ခြေထောက်တွေကို အမြန်လိမ်ပြီး သံကြိုးကိုဆွဲပြီး ခန္ဓာကိုယ်ကို ရပ်တန့်လိုက်သည်။


အောက်ကို ငုံ့ကြည့်လိုက်တော့ သူဌေးဝမ်က ​​သံကြိုးရဲ့အဆုံးကို ရောက်နေပြီ။ သူ့အောက် မီတာအနည်းငယ် အကွာကတော့ အစောတုန်းက အလင်းချောင်းက ရိုက်မိသွားတဲ့ နေရာပါပဲ။ သူဌေးဝမ်ဟာ အောက်ကိုငုံ့ပြီး အလင်းရောင် ရဖို့အတွက် မီးခြစ်ကိုအသုံးပြုထားပေမယ့် အလင်းအားက နည်းတာကြောင့် ထိုအရာရဲ့ အသွင်သဏ္ဌာန်ကို ဘာမှမမြင်ရပေ။ လေထဲတွင် ချိတ်ဆွဲထားသော အဝါရောင် သလင်းကျောက်ကဲ့သို့ အရာဝတ္ထုတစ်ခုကိုသာ မြင်တွေ့ရသည်။


ဝူရှဲ့ ဓာတ်မီးရဲ့ အလင်းဝင်ပေါက်ကို ဖွင့်လိုက်တာနဲ့ ဓာတ်မီးရဲ့ ပြင်းထန်တဲ့ အလင်းရောင်အောက်မှာ အရာအားလုံးဟာ ချက်ချင်းဆိုသလို ပေါ်လွင်လာပါတော့သည်။ 


အံ့သြဖို့ကောင်းတာက ကြေးသံကြိုးအောက်မှာ ချိတ်ဆွဲထားတာက သလင်းကျောက်လည်း မဟုတ် ခေါင်းတလားလည်း မဟုတ်ဘဲ ခေါင်းတလားပုံသဏ္ဌာန်ရှိတဲ့ ပယင်းကျောက်တုံးကြီးပါပဲ။ သဘာဝကျကျနဲ့ကို အလွန်ဖောက်ထွင်းမြင်ရတဲ့ပုံစံမျိုးပင်။ ဓာတ်မီးရဲ့ အလင်းရောင်အောက်မှာ အလင်းရောင်က ရောင်ပြန်ဟပ်နေတာကြောင့် ရွှေအိုရောင် စိမ်ထားတဲ့ အမှုန်အမွှားတွေလို အလင်းစတွေ ဖြာထွက်နေ၏။ ဓာတ်မီးရဲ့ထောင့်ကို အနည်းငယ် လှည့်လိုက်ရုံနဲ့ နေရာတစ်ခုလုံးဟာ တောက်ပပြီး ခမ်းနားတဲ့မြင်ကွင်းကို ပြသလာတော့သည်။


အပေါ်မှ ချိတ်ဆွဲထားသော ကြေးသံကြိုး လေးခုကို ပယင်း၏ အတွင်းပိုင်းထဲသို့ ထည့်ထားသည်။ ဆွဲကြိုးများ တစ်လျှောက် ပယင်းရဲ့ အတွင်းပိုင်းကို ကြည့်လိုက်လျှင် လူပုံသဏ္ဌာန် အနက်ရောင် အရိပ်တစ်ခုကိုလည်း တွေ့နိုင်​​သေးသည်။ အပြင်ကနေ ကြည့်ရသလောက်တော့ အလွန်မှုန်ဝါးနေပြီး ဦးခေါင်းနှင့် ပခုံးများကိုပင် ခွဲခြားမမြင်နိုင်ပေ။ ထိုလူအရိပ်၏ ပခုံးများသည် တင်ပါးနှစ်ဖက်လိုမျိုး ခပ်မြင့်မြင့် မြင့်လာကာ လူတစ်ကိုယ်လုံးသည် မိခင်ခန္ဓာကိုယ်ထဲရှိ သန္ဓေသားကဲ့သို့ ကွေးကောက်လျက် ရှိသည်။


ဒီလိုအရာကို ဝူရှဲ့မှာ တစ်ခါမှ မမြင်ဖူးတာကြောင့် ခဏလောက် အထိတ်တလန့် ဖြစ်သွားရာ စကားမပြောနိုင်​တော့ပေ။ သူဌေးဝမ်လည်း အံ့အားသင့်စွာ ငြိမ်သက်သွား၏။ သူ ဒါကို ခဏလောက် စောင့်ကြည့်ပြီး ပယင်းပေါ်တက်ဖို့ အစမ်းသဘောနဲ့ လျှောချခဲ့ပေမယ့် ဝူရှဲ့သူ့ကို အမြန် လှမ်းတားလိုက်သည်။ 


"မလုပ်နဲ့!"


သူဌေးဝမ်က လှည့်ပြီး သူ့ကို နားမလည်နိုင်သလို ကြည့်နေကြသည်။


"ဒီလောက်ကြီးတဲ့ ပယင်းတုံးကြီးကို ကျွန်တော် တစ်ခါမှ မတွေ့ဖူးဘူး.... နှင်းဆီကျောက်လည်း ဖြစ်နိုင်တယ် ခင်ဗျား နင်းမိရင် ကွဲသွားနိုင်တယ်"


သူဌေးဝမ်က မထီမဲ့မြင်ပြုဟန်ဖြင့် ပြုံးပြီး 


"ပယင်းအကြောင်း မင်းဘာမှမသိပါဘူး ဒါက ပိုးအိမ်" 


ပြောပြီးတာနဲ့ သူက နင်းချလိုက်တော့သည်။ အလောင်းပိုးအိမ်က တကယ်ကို သန်မာပြီး လှုပ်ခါပြီးနင်တာတောင် လုံးဝလှုပ်ရှားမှု မရှိတော့ပေ။


ဝူရှဲ့လည်း တစ်ဖက်လူက အဆင်ပြေတယ်၊ ဘာမှမဖြစ်ဘူး ဆိုတာကို မြင်တော့မှ ခြေထောက်ကို ဖြေလျှော့ပြီး ပယင်းပိုးအိမ်ပေါ်ကို လျှောချလိုက်သည်။ လက်တစ်ဖက်တွင် ဓာတ်မီးကိုင်ထားလျက် တစ်ဖက်၌ ဓားမြောင်ကို ကိုင်ထား၏။ ချောမွတ်သော ပယင်းကောင်ပိုးအိမ်ပေါ်တွင် သွားလာရခက်ခဲတာကြောင့် ဓားမြောင်ကို ခါးကြားထဲ ထိုးထည့်ချင်ခဲ့သည်။ 


သူဌေးဝမ်မှာ မှားယွင်းတဲ့ အကြံအစည်ကို ထပ်ကြံနေဦးမယ်လို့ မထင်ထားမိပါဘူး။ သူဆင်းလာတာကို မြင်တော့ ၎င်းက အကာအကွယ်မဲ့ ဝပ်တွားပြီး ခါးပတ်ကို ကောက်ကိုင်လိုက်ကာ ရင်ဘတ်ရှေ့ထားလျက် တိုက်ခိုက်ဖို့ အသင့်ဖြစ်နေပြီ။ ဝူရှဲ့မှာ ဓားမြောင်ကို ခါးလေးထဲ ပြန်ထည့်ခါနီးမှ ဇတ်ကနဲ ပြန်ဆွဲထုတ်ပြီး မတ်တပ်ရပ်လိုက်သည်။ 


ခဏလောက်တော့ လေထုက တင်းမာနေပေမယ့် ဘယ်သူမှ မလှုပ်ကြဘူး။ ဘာလို့လဲဆိုတော့ ဒီနေရာလေးမှာ တစ်ခုခု မှားသွားရင် ကန်သွင်းရုံနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး ဆိုတာကို သူတို့နှစ်ယောက်လုံး သိထားလို့ပါပဲ။ တစ်ဖက်လူက သန်မာတယ်၊ သူ့ဒေါသက ဘယ်လောက်ပဲ ပြင်းထန်နေပါစေ ​ပြုတ်ကျပြီး သေသွားဖို့က တစ်စက္ကန့် နှစ်စက္ကန့်ပဲ ကြာလိမ့်မယ်။


သူဌေးဝမ်ဟာလည်း ​​ဂူဖောက်လောကထဲက လူသားတစ်ယောက်ပါပဲ။ သူက အရာရာကို ချင့်ချိန်တတ်သေးသည်။ ခဏတာ ရပ်တန့်သွားပြီးနောက် သူ့လက်ကို ဦးစွာ ဝှေ့ယမ်းလျက် ဝူရှဲ့ဘက်ကို လှည့်ပြောလာသည်။ 


“လူငယ်လေး ဒီလိုဖြစ်လာမှတော့ ငါတို့အားလုံး အတူတူ ခြေတစ်လှမ်း ပြန်ဆုတ်ကြရအောင်... မဟုတ်ရင် အတူတူ ပျက်စီးကုန်လိမ့်မယ်... ဘာပဲဖြစ်ဖြစ် ဘယ်သူသေသေ ဘယ်သူ့အတွက်မှ မကောင်းဘူးလေ ဟုတ်တယ်မလား? အပေါ်ပြန်တက်ချင်ရင် တစ်ယောက်တည်းနဲ့ အဆင်​ပြေနိုင်မှာ မဟုတ်ဘူး ”


ဝူရှဲ့ ခေါင်းပေါ်ကို မော့ကြည့်လိုက်တော့ သူပြောတာမှန်တာကို တွေ့လိုက်သည်။ ဒီနေရာက​နေ ပြန်တက်ဖို့ဆို အနည်းဆုံး လူနှစ်ယောက် လိုတယ်။ သူတို့ဒီအောက်မှာ ရှိနေသေးသရွေ့တော့ သူဌေးဝမ် သူ့ကိုမထိဝံ့ဘူး။ မဟုတ်ရင် နှစ်ယောက်စလုံး သေသွားနိုင်တယ်လေ။ ဒီလူက အရမ်းလိမ္မာပါးနပ်တယ်၊ ဒါကြောင့် သူ့ကို သိပ်ယုံလို့မဖြစ်ပေ။ 


ဝူရှဲ့က မုဆိုးဓားကို ဖြည်းညှင်းစွာ ချလိုက်ပြီး ကျေအေးတဲ့ အမူအရာနဲ့ အခုလေးတင် ရေဒီယိုလှိုင်း ဝင်ရောက်စွက်ဖက်တဲ့ အဖြစ်အပျက်အကြောင်း အကျဉ်းချုံး ပြောပြလိုက်သည်။ ပြီးနောက် နှစ်ဖက်စလုံးက ဒေါသတွေကို အနည်းငယ် လျှော့ချလိုက်ကြသည်။ အစောတုန်းကဆို သူကိုယ်တိုင်လည်း သူဌေးဝမ်ကို သတ်ပစ်ဖို့ ကြံရွယ်ထားခဲ့တာပဲလေ။ ဒါဖြစ်ရင် တစ်ဖက်လူကရော သူ့ကို လွယ်လွယ်နဲ့ လွှတ်ပေးမှာတဲ့လား။ 


သူဌေးဝမ်သည် သူ့ရဲ့စကားပြောစက်ကို ထုတ်ကာ ချီတုံချတုံဖြင့် ဖွင့်လိုက်သည်။ ​ကြိမ်နှုန်းမြင့်သော အသံများ ရုတ်ချည်း ထွက်ပေါ်လာ၏။ ထိုအသံသည် လူတစ်ဦး လည်ချောင်းကို စုတ်ဖြဲပြီး အော်ဟစ်နေသကဲ့သို့ အလွန်ကြမ်းတမ်းပါသည်။ ဒါကိုကြားတော့ သူဌေးဝမ်လည်း ထိတ်လန့်သွားကာ သူက စကားပြောစက်ကို အမြန်ပိတ်ပြီး ကျိန်ဆဲလိုက်လေ၏။ 


"ငါ့ဖင်ကြီးပဲ!" 


သူလည်း သေလောက်မတတ် ကြောက်လန့်တကြား ဖြစ်သွားမိလောက်ပြီ။ ကမ္ဘာပေါ်မှာ ဒီလောက်ကြောက်စရာ ကောင်းတဲ့ အသံမျိုးရှိမယ်လို့ မထင်ထားမိဘူးလေ။ နောက်ထပ် စက္ကန့်အနည်းငယ်လောက်သာ နားထောင်လိုက်မိရင် စိတ်တွေ ပျက်ပြီး ဒီပေါ်ကနေ ခုန်ချမိသွားနိုင်သည်။


သူဌေးဝမ်က ခါးပတ်ကို သူ့ခါးမှာပြန်ချည်ပြီး 


"ဒီတစ်ခေါက်တော့ ငါမှားသွားတယ်... မင်းလည်း သိပါတယ် ဒီလောကမှာ ကျင်လည်နေတဲ့ ငါတို့လိုလူအများစုက စေတနာ​တွေ မရှိကြဘူးလေ.. "


သူက သူ့မျက်နှာသူ လက်ညှိုးထိုးပြရင်း။


"ကောင်လေး မင်းလက်ဆကလည်း မသေးဘူးပဲ... ဒီတစ်ခါတော့ ငါတို့ရဲ့ကိုယ်ရေးကိုယ်တာ အာဃာတတွေကို ဖြေလျော့ လိုက်ကြရအောင်!"


ဝူရှဲ့ စိတ်ထဲမှာတော့ လှောင်ရယ်မိသွားသည်။ သူ့ရဲ့သဘောသဘာဝ အမှန်ကို မတိုင်ခင်ကပဲ ဖော်ထုတ်ပြသပြီးသွားပြီလေ။ သူတို့ ထွက်သွားပြီးနောက် သူက မိမိတို့ကိုနှုတ်ပိတ်ဖို့ အစီအစဥ် ရှိမယ်လို့လည်း ကောက်ချက်ချခဲ့ပြီးပြီ။ အခုတော့ ဒါတွေဟာ ယာယီအစီအမံတွေပဲလေ။ ဒါနဲ့ ဝူရှဲ့လည်း ခေါင်းညိတ်ပြပြီး ဓာတ်မီးကို သူ့ဆီ ပစ်​ပေးလိုက်သည်။


လောလောဆယ် သူတို့ ညှိနှိုင်းခဲ့ကြပေမယ့် ဝူရှဲ့မှာ တစ်ဖက်လူသူ့ကို ချက်ချင်း တွန်းချပစ်မှာကို စိုးရိမ်တာကြောင့် အရမ်းနီးကပ်သွားဖို့ မဝံ့ရဲသေးပေ။ တစ်ဖက်လူမှာလည်း ဒီလိုစိုးရိမ်မှုတွေ ရှိနေတာ သိသာထင်ရှားပြီး သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် တိတ်တဆိတ် နားလည်ပေးရင်း တစ်ယောက်နဲ့ တစ်ယောက် သတိထားနေကြချိန်မှာပဲ သေသေချာချာ ဒူးထောက်ပြီး ခြေဖဝါးအောက်က ပိုးအိမ်လေးကို အနီးကပ် ကြည့်လိုက်ကြသည်။


လူသေပိုးအိမ်၏ မျက်နှာပြင်ပေါ်တွင် သဘာဝအတိုင်း ဖွဲ့စည်းထားသော မျဉ်းကြောင်းများစွာ ရှိပြီး အတွင်းတွင် ပွင့်လင်းမြင်သာမှုမှာ မမြင့်မားပေ။ အလောင်းကို အပြင်ဘက်က ကြည့်ရန် မဖြစ်နိုင်ပေ။ X-ray စကင်န်ဖတ်နည်း သို့မဟုတ် အလောင်းကို ပိုးအိမ်ထဲက ဖောက်ထုတ်ပစ်ရန် လိုအပ်နိုင်သည်။ အထူးခြားဆုံး အရာမှာ အတွင်းပိုင်းရှိ လူပုံသဏ္ဌာန် အရိပ်ပဲ ဖြစ်သည်။ ဒါက ခန္ဓာကိုယ်အတွင်း ပြန်ရစ်ပတ်ထားသော အလောင်းကောင် ဖြစ်နိုင်ပေမယ့် အလောင်း၏ ပုံသဏ္ဌာန်က ထူးဆန်းလွန်းပြီး ဘယ်လိုကြည့်ကြည့် လူသားတစ်ဦးနှင့်ပင် မတူပေ။