(32)
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ချင်လင်နတ်သစ်ပင်


Chapter (32)

ခိုးဝင်တိုက်ခိုက်မှု



သူတို့ဝင်လာအောင် ဆွဲဆောင်ခဲ့တဲ့ အဲဒီထူးဆန်းတဲ့အသံက သူ့အနောက်မှာ ရုတ်တရက် ပေါ်လာ​ပြီ။ အသံက အကျယ်ကြီး မဟုတ်ပေမယ့် အလွန်တိတ်ဆိတ်နေတဲ့ ခေါင်းတလားထဲမှာ မိုးခြိမ်းသံလိုပဲ ထွက်ပေါ်လာလေသည်။ အသံက သိသာထင်ရှားလွန်းတော့ ရုတ်တရက် တုန်လှုပ်သွားပြီး နဖူးပေါ်က ကြွက်သားတွေလည်း တင်းကျပ်သွားသည်။ 


ဤအခေါင်းသည် ခြောက်မီတာ သို့မဟုတ် ခုနစ်မီတာခန့် ရှည်သည်။ ရှည်လည်းမရှည် တိုလည်းမတိုပေ။ အသံလာရာကို ခန့်မှန်းကြည့်လိုက်လျှင် အသံရဲ့ အရင်းအမြစ်က သူနဲ့ တစ်မီတာထက်ပင် မပိုတော့ချေ။ အဲဒါက သူ့ကျောနဲ့ နီးနီးကပ်ကပ်ဖြစ်​နေပြီး သူ့ပုခုံးကို ပွတ်သပ်နိုင်တဲ့ အကွာအဝေးကိုတောင် ရောက်နေပြီ။ ထို '..တပ်...တပ်' ဆိုတဲ့ အသံကို နားထောင်​ကြည့်ရင် တံခါးခေါက်သံကို ကြားလိုက်သလိုမျိုး ပုံမှန်အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံဟာ သူ့ရဲ့အေးစက်စက် လည်ပင်း အနောက်ဖက်မှ ဖိနပ်အနားဆီသို့ တိုးဝင်လာသည်။


တစ်ခဏလောက်တော့ ဝူရှဲ့ခန္ဓာကိုယ်က ကြွက်သားတွေ အရမ်းတောင့်တင်းသွားပြီး မလှုပ်ရှားနိုင်တော့ပေ။ နောက်ပြန်ကြည့်ရမလား ဒါမှမဟုတ် အသံကို ​မကြားချင်ယောင်ဆောင်ပြီး လျစ်လျူရှုထားသင့်လား။ ဒါပေမဲ့ သူ ချက်ချင်းပဲ တုံ့ပြန်လိုက်မိသည်။ ဒီလို ရယ်ရခက် ငိုရခက် အခြေအနေမှာ လျှာကိုကိုက်ပြီး စိတ်အေးအေး ထားလိုက်၏။ ဒီအချိန်မှာ ရင်ဆိုင်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး။ အကြောက်တရားနဲ့ ဆင်ခြေပေးတယ် ဆိုတာ သေခြင်းတရားကို စောင့်ဆိုင်းနေတဲ့ အခြေခံလက္ခဏာတွေပဲ။ 


ဝူရှဲ့ တခဏတာ ရပ်တန့်သွားပြီးနောက် တစ္ဆေသရဲအသံက အဝေးကြီးလည်း မဟုတ်တော့ရာ အသက်ပြင်းပြင်းရှူရင်း သွားတွေကို အံကြိတ်ကာ ဓားတိုကိုလည်း တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လျက် ဖြည်းဖြည်းချင်း ပြန်လှည့်ကြည့်လိုက်သည်။


သူ လှည့်ကြည့်လိုက်တော့ ထူးဆန်းတဲ့ အသံက ရုတ်တရက် ရပ်သွား၏။ အနီးကပ် ကြည့်လိုက်တော့ မီးခိုးမြူခိုးတွေပဲ သူ့အနောက်မှာ ရှိနေကာ တခြား ဘာတစ်ခုမှမရှိပေ။ အစောတုန်းက ထူးဆန်းတဲ့အသံ ထွက်လာတဲ့ ဦးတည်ရာက မီးခိုးရောင် အမွေးတွေပဲ ရှိနေကာ သူလှုပ်ရှားလိုက်လို့သာ ထူးဆန်းသော လေစီးကြောင်းတချို့ ပေါ်လာပြီး မကြာမီ ငြိမ်သက်သွားကာ အရင်အတိုင်း ပြန်ဖြစ်သွားသည်။


ဝူရှဲ့ တံတွေး မျိုချလိုက်ပြီး အနည်းငယ် အံ့အားသင့်သွားကာ ဓာတ်မီးဖြင့် ပတ်ကြည့်လိုက်သည်။ ဘာမှ ထူးထူးခြားခြား မရှိပေ။ ထိုအသံသည် ယခင်က တစ်ခါမှ မထွက်လာဖူးသလိုပင်။


အသံက အခုနတုန်းကဆို သူနားကို နီးနေပြီ။ အဲဒီအသံကိုလည်း ရှင်းရှင်းလင်းလင်း ကြားလိုက်ရတယ်လေ။ အဲဒါက ထင်ယောင်ထင်မှား မဟုတ်တာ သေချာတယ်။ သူနောက်လှည့် ကြည့်လိုက်တာက တစ်စက္ကန့်လောက်ပဲ ကြာတယ်။ ရွေ့လျားနေတဲ့ အရာဝတ္တုတစ်ခုက ထွက်လာရင် ဒီလောက် မြန်မြန် ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ အရှိန်နဲ့ အသံက တခြားတစ်နေရာက လာတာလား။ သူဘက်ကပဲ မှား​နေတာလား။


အသံရဲ့ အရင်းအမြစ်ကို ရှာဖွေဖို့ ကြိုးစားရင်း မသိစိတ်က ရှေ့ကို ခြေတစ်လှမ်း တိုးလိုက်သည်။ ရုတ်​တရက်​ သူအနားက မြူခိုး​တွေဆီကနေ လူအရိပ်တစ်ခု ရုတ်​တရက်​ ​ပြေးထွက်လာခဲ့သည်။ ဝူရှဲ့ သူ့မှာလည်း စူးစူးရဲရဲ စူးရှတဲ့ မျက်လုံးတွေရှိပြီး တစ်ခုခု ဖြစ်ပျက်နေတာကို မြင်လိုက်ရတော့ ကမန်းကတန်း အောက်ကို ငုံ့ကြည့်လိုက်သည်။ ထိုအရိပ်က သူ့ကို ဖမ်းမမိပေမယ့် မြေပြင်ပေါ် လှဲသိပ်လိုက်၏။ ဝူရှဲ့ လှည့်ပြီး နောက်ကို လှည့်ကြည့်လိုက်တော့ သူ့ကို ဝင်တိုက်လိုက်တဲ့ အရိပ်ဟာ သူ့ကိုဒီအထိ ဆွဲခေါ်လာတဲ့ သူဌေးဝမ်ကလွဲလို့ တခြားသူ မရှိပါဘူး။


ဝူရှဲ့ ကျိန်ဆဲပြီး လက်ကိုင်တိုတောင်းတဲ့ အမဲလိုက်ဓားကို ပြပြီး သူနဲ့အဆုံးသတ် တိုက်ပွဲ ဆင်နွှဲချင်ခဲ့သည်။ မထင်မှတ်ပဲ ထို​သူသည် အခိုးအငွေ့ထဲတွင် တစ်ဖန် ပုန်းကွယ်သွားပြီး ပျောက်ကွယ်သွားခဲ့သည်။


ဝူရှဲ့ မထိန်းနိုင်ဘဲ မထီမဲ့မြင်ပြုသည့်ဟန်ဖြင့် တံတွေးထွေးလိုက်သည်။ တစ်ဖက်လူရဲ့ ဓားမြှောင်သည် စောစောက တိုက်ပွဲအတွင်း အပြင်ဘက်သို့ ပြုတ်ကျသွားပေလိမ့်မည်။ ယခု ဝူရှဲ့လက်ထဲက ဓားတိုကို သူ ကြောက်နေပြီ။ သူသည် ဝူရှဲ့နှင့် ထိပ်တိုက်တွေ့ရန် မဝံ့ရဲတော့ပေ။ ထိုလူက အခိုးအငွေ့တွေကြားထဲ ဖုံးကွယ်ပြီး တိုက်ခိုက်ဖို့ နီးနီးကပ်ကပ် စောင့်မျှော်ရင်း အံ့အားသင့်စရာ တိုက်ခိုက်မှုတစ်ခု ထွက်လာတော့သည်။ သူ့ပုံစံက ခုနက မောက်မာမှုနဲ့ လုံးဝမတူတော့ပေ။ 


ဒီကောင်ရဲ့ သတ္တိက သာမန်မဟုတ်ဘူးလို့ ပြောရမည်။ ဝူရှဲ့သာဆိုရင် သူ့မှာ လက်နှိပ်ဓာတ်မီးနဲ့ လက်နက်မရှိရင် တခြားသူတွေကို ခိုးဝင်တိုက်ခိုက်ရတဲ့အခါ တုန်လှုပ်နေရလိမ့်မယ်။ ကံကောင်းထောက်မစွာဖြင့် ဤနေရာက မြူခိုးများဟာ ရေ​ငွေ့​တွေကဲ့သို့ ထူထပ်နေသည်။ တစ်ခုခု ရွေ့လျားပြီးသည်နှင့် အလွန်သိသာထင်ရှားသော လမ်းကြောင်းတစ်ခု ပေါ်လာရာ တစ်ဖက်လူ သူ့အား ခိုးဝင်တိုက်ခိုက်ရန် လွယ်ကူမည် မဟုတ်ပေ။ မဟုတ်ပါက သူ အခုနကတည်းက ပြုတ်ကျသွားပေလိမ့်မည်။


ဒီအကြောင်းကို တွေးကြည့်တော့လည်း ထူးဆန်းနေပြန်၏။ ဒီနည်းနဲ့ ထူးဆန်းတဲ့ အသံပိုင်ရှင်က ဒီအခေါင်းထဲမှာ လှုပ်နေတယ်ဆိုရင် ရွေ့လျားနေတဲ့ လမ်းကြောင်းတစ်ခုရှိမှာ သေချာတယ်​လေ။ ဒါပေမဲ့ အခုကြည့်လိုက်တော့ မြူခိုးတွေက ချောမွေ့နေပြီး တစ်စုံတခုမှ မလှုပ်ရှားသွားပုံပေါ်သည်။ သူ့မှာ ခန္ဓာကိုယ် မရှိဘူးလား။ တစ္ဆေသရဲများလား?


ဝူရှဲ့ သူဌေးဝမ်ရဲ့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုကို ကာကွယ်ရင်း မတ်တပ်ထရပ်လိုက်သည်။ ခေါင်းတလား အတွင်းက နေရာဟာ ကြီးကြီးမားမား မရှိပေ။ ခုနက လှိမ့်ချလာလိုက်တာနဲ့ ဘယ်အရပ်ကို ရောက်သွားမှန်း မသိတော့ပေ။ ဝူရှဲ့ ဘေးဘက်ကို အမြန်ပြန်ဆုတ်ပြီး တက်လမ်းကို အမြန်ရှာတွေ့ဖို့ လိုအပ်လာသည်။ 


ဒီနေရာက ကြီးကြီးမားမား မဟုတ်ပေမယ့် အခု ဟိုဟိုဒီဒီ ကြည့်လိုက်တော့ ခေါင်းတလားရဲ့ အလယ်ဗဟိုနဲ့ နီးနေတာကို တွေ့လိုက်ရ၏။ မြူခိုးတွေကြားက အလယ်ဗဟိုမှာ တစ်စုံတစ်ခုကို လှမ်းတွေ့လိုက်ရသည်။ အရိပ်ကို ကြည့်လိုက်တော့ ခေါင်းတလားရဲ့ ထိပ်ကနေ ခေါင်းတလား အောက်ခြေအထိ ကြိုးတွေအများကြီး တွဲလောင်းကျနေပုံရတာကို မြင်လာရသည်။ ထိပ်ဖက် အကိုင်းအခက်တွေကနေ တွဲလောင်းကျနေတဲ့ အမြစ်တွေလို့ ထင်ခဲ့ရာ ခြေတစ်လှမ်း လှမ်းကြည့်ရင်း ဓာတ်မီးနဲ့ လှမ်းကြည့်လိုက်တော့မှ မဟုတ်ဘူးဆိုတာ သိလိုက်ရသည်။


၎င်းတို့သည် လက်ကောက်ဝတ်​လောက် အထူရှိသော ကြေးဝါသံကြိုးများ ဖြစ်ပြီး မှိုများနှင့် ညောင်ပင်အကြော အမြစ်များမှာ ထိပ်မှအောက်ခြေအထိ အလုံးအရင်းဖြင့် ဖုံးလွှမ်းထားသည်။ သို့သော် သံကြိုးများသည် ခေါင်းတလား၏ အပေါ်နှင့် အောက်ခြေကြားတွင်သာ ချည်နှောင်ထားပုံရပြီး အောက်ခြေအထိတော့ ဘာမျှချည်နှောင်ထားခြင်း မရှိပေ။ 


ဤကျောက်တုံး ခေါင်းတလားကြီးသည် ကြီးမားတယ်လို့ ဆိုသော်လည်း အမှန်တကယ်တွင် အနောက်ဟန်မင်းဆက်နှင့် မင်းဆက်ငါးဆက်တို့၌ အမှုထမ်းခဲ့သော မှူးမတ်များ၏ သင်္ချိုင်းများတွင်လည်း ဤအရွယ်အစားရှိ ခေါင်းတလားများကို တွေ့ရှိခဲ့ဖူးသည်။ ဤအရာအား ခေါင်းတလားဟု ခေါ်သော်လည်း အမှန်တကယ်တွင် ၎င်းကို ခေါင်းတလားအခန်းဟု ခေါ်လိုက်တာက ပိုသင့်လျော်လိမ့်မည်။ ခေါင်းတလားကို မြေကြီးထဲတွင် မြှုပ်နှံထားမည်ဆိုလျှင် ပင်မခေါင်းတလားရဲ့ အတွင်းပိုင်းကို ခေါင်းတလားအခန်း၏ အလယ်ဗဟိုတွင် ထားရှိသင့်သည်။ ​ကျောက်ခေါင်းတလားသည် သစ်သားအလွှာ ဆယ်ထပ်ကျော်ဖြင့် နီးကပ်စွာ ချိတ်ဆက်ထားတတ်ပြီး ပင်မခေါင်းတလားကိုလည်း အတွင်းဆုံး အခေါင်း၏ အစွန်းတွင် ကပ်ထားနိုင်သည်။


အခုသူ ခြေလှမ်းအနည်းငယ်လှမ်းပြီးပြီ။ ဤခေါင်းတလားရဲ့ အရွယ်အစားအရဆို အနည်းဆုံးတော့ ခေါင်းတလားရဲ့ ယေဘူယျပုံသဏ္ဍာန်ကို အနည်းဆုံး မြင်နိုင်ရမယ်။ ဒါပေမဲ့ အခုချိန်မှာတော့ သံကြိုးအနည်းငယ်ကိုသာ တွေ့​နေရပြီး မြေကြီးပေါ်မှာ ဘာမှမရှိပေ။ ခေါင်းတလားက တကယ်တော့ ဗလာ​ကြီး ဖြစ်​နေတာလား။ ဒါနဲ့ အသံက ဘယ်ကလာတာလဲ။ အဲဒီထူးဆန်းတဲ့ ရေဒီယိုလှိုင်းတွေကရော ဘယ်ကလာတာလဲ။


ဝူရှဲ့ အကြာကြီး အံ့အားသင့်သွားကာ နောက်တစ်လှမ်းဆုတ်၍ ခေါင်းတလား၏ အောက်ခြေတွင် ထောင်ချောက်တံခါး ရှိမရှိကြည့်ရန် ကြေးဝါသံကြိုးရဲ့ အလယ်သို့ သွားချင်ခဲ့သည်။ သူ ရှေ့ကို ခြေတစ်လှမ်းလှမ်းပြီးတာနဲ့ ခြေထောက်အောက်က ရုတ်တရက် ဗလာကျင်းသွားပြီး တစ်ကိုယ်လုံး အောက်ကို ပြုတ်ကျသွားတော့သည်။ ဝူရှဲ့ သူ့ရှေ့က ကြေးဝါကြိုးကို အမြန် လှမ်းဆွဲယူလိုက်ပြီး ဟန်ချက်ကို ပြန်မထိန်းခင် မီတာပေါင်းများစွာ အောက်ကို လျှောကျသွားကာ ချွေးအေးတွေလည်း စီးကျလာခဲ့သည်။ 


ဘာဖြစ်တာလဲ? ဘာလို့ ငရဲကျနေသလို ခံစားနေရပါလိမ့်။ သူ ထိတ်လန့်နေတုန်းပါပဲ။ အောက်ခြေကို ကြည့်လို့ရအောင် ဓာတ်မီးကို ထိုးလိုက်ပေမယ့် မြေပြင်ကို မမြင်ရလောက်အောင် အောက်က မြူတွေဟာ အလွန်ထူထပ်နေသည်။ ဆင်းပြီးနောက် မြူတွေကြားထဲ ခြေချသွား​ပြီး စိတ်ဓာတ်ကျမိပေမယ့် ဘာမှမတက်နိုင်တော့ဘူးလေ။ 


ထူးဆန်းတာ တစ်ခု​တော့ ရှိနေသည်။ ကြေးနီပင်ရဲ့ထိပ်က ယဇ်ပူဇော်တဲ့ စင်မြင့်ကို ခေါင်းတလား အခန်းထဲမှာတော့ နှစ်မီတာအကွာမှာ မြှုပ်နှံထားပြီး အလယ်မှာ ဘာတစ်ခုမှမရှိဘူးလို့ သူထင်ခဲ့သည်။ သို့သော် ဒါကြီးက စစ်မတ်ကာလတုန်းက သုံးသွားခဲ့ဖူးတဲ့ နည်းလမ်းလိုမျိုး အလွှာပေါင်းစုံပါ၀င်တဲ့ ခေါင်းတလား ဖြစ်နိုင်လေသည်။ ခေါင်းတလားလို့ ခေါ်တဲ့ ဒီအခေါင်းခန်းရဲ့ အလယ်မှာ စိတ်ဓာတ်ကျစရာတွေ ရှိကောင်းရှိနိုင်ပြီး တကယ့် ခေါင်းတလားရဲ့ အနေအထားက အောက်ဖက်မှာ ရှိနေနိုင်သည်။ အခေါင်းအတွင်းမှာ ဘယ်လောက် နက်မလဲတော့ မသိနိုင်ပေ။ တကယ့်ကို အန္တရာယ်များလွန်း၏။ တကယ်လို့ အစောနကလိုသာ ပြုတ်ကျသွားရင်တော့ သေသွားနိုင်လေသည်။


ဤနေရာက ကြေးသံကြိုး အနည်းငယ်သည် ခေါင်းတလားကို အခေါင်းတွင်းထဲသို့ နှိမ့်ချရန် ရုတ်သိမ်းရန်အတွက် အသုံးပြုသည့် ကိရိယာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်သည်။ ရုပ်အလောင်းပါရှိသော ခေါင်းတလား အတွင်းပိုင်းက သူ့အောက်မှာ ရှိနိုင်၏။  


ဝူရှဲ့ တွေးနေတဲ့ အချိန်မှာပဲ ရုတ်တရက် သူ့ဘေးမှာ မြူခိုးတွေ ဝင်လာပြီး သူဌေးဝမ်က ပြေးလာပြန်သည်။ ဒီတစ်ခါတော့ သူက သူ့လက်ထဲမှာ လက်နက်တစ်မျိုးကို ကိုင်ထားပြီး ဝူရှဲ့ကို အပေါ်ကနေ ထိုးကြိတ်လာသည်။ ဒီနေရာက မြူခိုးတွေ အရမ်းထူနေကာ ဝူရှဲ့မှာ မိမိအနေအထားကို ဆုံးဖြတ်ဖို့ ဓာတ်မီးအလင်းရောင်ကို သုံးနေရတာကြောင့် ဖြစ်နိုင်၏။ တစ်ခုခု မှားနေတာကို တွေ့လိုက်ရတော့ မသိစိတ်က ထအော်လိုက်မိသည်။ 


"မလုပ်နဲ့! ရပ်လိုက်!"


ဒါပေမဲ့ အရမ်းနောက်ကျသွားပြီ။ သူဌေးဝမ်က ဝှစ်ကနဲ လေပေါ်ခုန်တက်ပြီးတာနဲ့ လဲကျသွားပါတော့သည်။ ဝူရှဲ့လည်း သူ့ဘေးက ကြေးဝါသံကြိုးက ရုတ်တရတ် လှုပ်ခါသွားသလို ခံစားလိုက်ရရာ သူဌေးဝမ် သံကြိုးကို ဆွဲကိုင်လိုက်ကြောင်း သိလိုက်သည်။ တစ်ချိန်တည်းမှာပဲ ဝူရှဲ့ ကိုင်ထားသော သံကြိုးက ချောလာပြီး သူ့ခန္ဓာကိုယ်က လျှောကျလာတော့သည်။ 


လှည့်ကြည့်လိုက်တော့ မှိုနဲ့တူတဲ့ အမွှေးလေးတွေက သူ့လက်ကို ညှစ်ပြီး ဖယောင်းနဲ့တူတဲ့ အရည်တွေ အများကြီး ညှစ်ထုတ်နေတာကို တွေ့လိုက်ရသည်။ အဲဒါတွေက သံကြိုးတွေကို ချော်ဆီတွေနဲ့ သုတ်နေသလိုပဲ။ ဝူရှဲ့လည်း မကောင်း​တော့ဘူးလို့ စိတ်ထဲမှာအော်ဟစ်လိုက်ပြီး သံကြိုးရဲ့ အပေါက်ထဲကို ဓားတိုလေးအား ထိုးထည့်လိုက်ပေမယ့် မထည့်နိုင်ဘူး ဖြစ်နေသည်။ သုံးကြိမ်၊ ငါးကြိမ်လောက် ထိုး​ပြီးတဲ့အခါမှ ဓားကသစ်ပင်အမြစ်မှာ ကပ်သွားသည်။ သို့နှင့် ခန္ဓာကိုယ်ကို သံကြိုးအပေါ်မှာ ခက်ခက်ခဲခဲ လိမ်ပြီး ရပ်လိုက်ရ၏။ ယခုအချိန်တွင် သူသည် ဆယ်မီတာထက်မနည်း လျှောဆင်းလာပြီး ချင်လင်သစ်ပင်၏ ပင်စည်အတွင်း ခေါင်းတလား၏ အတွင်းပိုင်းကို ဝင်ရောက်လာခဲ့ပြီပဲ ဖြစ်သည်။ 


သူဌေးဝမ်ရဲ့ ဦးခေါင်းဟာ သွေးတွေ ဖုံးလွှမ်းနေပြီး သူဟာ ဝူရှဲ့အောက် တစ်ပေလောက် အကွာမှာ ရှိနေသည်။ သူလည်း ကြေးသံကြိုးတစ်ချောင်းမှာ ချိတ်ဆွဲထားပေမယ့် သံကြိုးမဆွဲနိုင်တာကြောင့် သံကြိုးအပေါက်ကို ဖြတ်ဖို့ သူ့ခါးပတ်ကို အသုံးပြုလိုက်မှသာ ရပ်သွားခဲ့သည်။ ဝူရှဲ့ သူ့မျက်နှာကို ဓာတ်မီးနဲ့ ထိုးကြည့်လိုက်တော့ သူကကျိန်ဆဲပြီး မျက်နှာလွှဲသွားသည်။  


လောလောဆယ်တော့ သူဌေးဝမ် သူ့​ကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူးလို့ မြင်ရတာမို့ ဝူရှဲ့လည်း ခေါင်းတလားရဲ့ အခြေအနေကို သွားကြည့်လိုက်သည်။ ချောက်နက်ထဲသို့ နက်နက်ဝင်သွားသော မြွေနှစ်ကောင်ပုံ ထွင်းထားသည့် သစ်ပင်၏ အမြစ်များသည် ထိပ်ပိုင်းမှ မြွေပွေးများနှယ် ဆင်းသက်လာကာ မျဉ်းကြောင်းများအတိုင်း အောက်သို့ ဆင်းသွားကြသည်။ ဒီအထဲမှာ အခိုးအငွေ့တွေက အပေါ်ကထက် ပိုပါးလွှာ၏။ ဝူရှဲ့ ဟိုဟိုဒီဒီကြည့်ရင်း ခေါင်းတလားခန်းရဲ့ အလယ်ခေါင်က ခေါင်းတလားက ဘယ်လောက်ကြီးလဲ ဆိုတာ သိချင်စိတ်ပြင်းပြလာသည်။ အရမ်းကြီးနေရင်တော့ အပြင်ကို သယ်ထုတ်ဖို့ ခက်လိမ့်မည်။


ခေါင်းတလား အတွင်းပိုင်းသည် အလျားလေးမီတာနှင့် အနံနှစ်မီတာရှိသော စတုဂံပုံဖြစ်ပြီး ခေါင်းတလားကို ချောင်ချောင်ချိချိ ထားရှိနိုင်သည်။ ခေါင်းတလားရဲ့ နံရံတွေကို လက်နဲ့ပင် ကောင်းကောင်းထိနိုင်၏။ မြူခိုးတွေကြောင့်လား မသိပေမယ့် ဒီသစ်ပင်တွေရဲ့ အမြစ်တွေမီာတော့ မှိုတွေ အများကြီး မခိုအောင်းတာမို့ သစ်ပင်အမြစ်တွေရဲ့ အရောင်အသွေးကို မြင်နိုင်လေသည်။ 


ခေါင်းတလားထဲတွင် ထူးခြားသော ရနံ့တစ်ခုရှိနေသည်။ ဒါဟာ အပြင်ဘက်က မြူများ အလွန်အကျွံ ဝင်ထွက်နေသောကြောင့်လည်း ဖြစ်နိုင်သည်။ ဓာတ်ငွေ့မျက်နှာဖုံး အတွင်းမှ သီးခြားခွဲထုတ်ထားသည့် ကြားခံပင် စိုစွတ်စပြုလာပြီး အကျိုးသက်ရောက်မှု လျော့နည်းလာရာ ဝူရှဲ့ ထိုထူးခြားသော အနံ့ကို ခံစားလိုက်ရသည်။ ဝူရှဲ့ သူ့နှာခေါင်းကို ရှုံ့ထားမိကာ ဒီမြင်ကွင်းကြောင့် သူဌေးဝမ်လည်း စိတ်မသက်မသာ ဖြစ်နေတာ မြင်ရလေ၏။ 


အောက်ကို ငုံ့ကြည့်လိုက်တော့ ထပ်ပြီး အံ့သြသွားရသည်။ သံကြိုးက အောက်ဖက်က အမှောင်ထဲ တွဲလောင်းကျနေတာကို တွေ့လိုက်ရပေမယ့် လက်နှိပ်ဓာတ်မီးရဲ့ အလင်းရောင်က မရောက်နိုင်တော့ဘူး။ တော်တော် ရှည်သွားပြီ။ ဒီကနေ အောက်ကို ငုံ့ကြည့်လိုက်တော့ ခေါင်းတလား တစ်ခုလုံးက အောက်ခြေမရှိပေ။ ၎င်းက အောက်ခြေ လုံးဝကင်းစင်​နေသလိုပင်။ 


ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ဝူရှဲ့ စိတ်ထဲမှာ ကြေးနီပင် တစ်ပင်လုံးက အခေါင်းပေါက်ကြီး ဖြစ်​နေတာလားဟုပင် တွေးမိလာသည်။ သူတို့တက်ခဲ့တဲ့ အမြင့်က မီတာ 300 ထက်မနည်းဘူး။ ဒီကြေးနီပင်က မြေကြီးထဲ ဝင်နေတာ ဘယ်လောက်နက်လဲ မသိပေ။ အခေါင်းပေါက်​ကြီးသာ ဖြစ်​နေလျှင် အောက်ခြေဘယ်မှာ ရှိတော့မလဲ။ မြေကြီးရဲ့ အလယ်ဗဟိုကို ရောက်သွားမှာလား? ငရဲကိုလား? ဒီအခေါင်းပေါက်ကြီးလို ဆလင်ဒါကြီးကို ဒီမှာထည့်ထားရတာ ဘာရည်ရွယ်ချက်နဲ့လဲ။


သူဌေးဝမ်လည်း အရမ်းအံ့သြသွားသည်။ သူတို့နှစ်ယောက်လုံး ဘာမှမပြော​ကြပေမယ့် တစ်ယောက်နဲ့ တစ်ယောက် တည့်တည့် စိုက်ကြည့်နေတယ်။ ရုတ်တရက် "တပ်...တပ်..." ဆိုတဲ့ အသံနှစ်ခု ထွက်လာပြီး ကြောက်စရာကောင်းတဲ့ ခေါက်သံက ထပ်ပေါ်လာပြန်၏။


သူဌေးဝမ်နဲ့ ဝူရှဲ့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်​​ကြပြီး အောက်ဖက်ရှိ အမှောင်ထုထဲကို ပြိုင်တူ စိုက်ကြည့်လိုက်သည်။ ထိုအသံသည် အမှန်တကယ်ပင် အောက်ဘက်ရှိ ချောက်နက်ထဲမှ ထွက်လာခြင်း ဖြစ်သည်။