ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ချင်လင်နတ်သစ်ပင်
Chapter (31)
တစ္ဆေမြူ
ခေါင်းတလားဘေးရှိ ကျဉ်းမြောင်း မှောင်မိုက်သော နေရာထဲ၌ စကားပြောစက်ထဲက တစ္ဆေသရဲရဲ့ အော်ဟစ်သံလို အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ အသံမှာ တစ်စုံတစ်ယောက် ငိုနေသလို၊ တစ်စုံတစ်ယောက် တုန်တုန်ယင်ယင်နှင့် တစ်စုံတစ်ခုကို ရွတ်ဆိုနေသကဲ့သို့ပင်။ ထိုအသံက ဝူရှဲ့ကို တကယ်ကြီး ကြောက်လန့်သွားစေ၏။ သူချက်ချင်း ခုန်ထကာ အမြန်လှည့်ထွက်ပြီး ဘာဖြစ်နေလဲဟု တွေးရင်း စကားပြောစက်ကို ပုတ်ကြည့်သည်။
၎င်းသည် Moto မှထုတ်လုပ်သည့် စစ်တပ်သုံး စကားပြောစက် ဖြစ်သည်။ ကြမ်းတမ်းသော အခြေအနေများတွင် အသုံးပြုရန် အလွန်သင့်လျော်သည့် ပလပ်စတစ်ဘူးကိုပါ အသုံးပြုထားသည်။ ယုတ္တိနည်းအရ ပြောရလျှင် ဤစကားပြောစက်ဟာ အလွယ်တကူ ချွတ်ယွင်းသွားလိမ့်မည် မဟုတ်ပေ။ အကြိမ်အနည်းငယ် အဖွင့်အပိတ် လုပ်လိုက်သည်နှင့် ထူးထူးခြားခြား ဆူညံသံများ ပျောက်ကွယ်သွားခဲ့သည်။ သို့သော် တိတ်ဆိတ် ငြိမ်သက်နေသည့်ကြားမှ တစ်စုံတစ်ယောက်က ခေါ်ဆိုနေသကဲ့သို့ စပီကာထဲမှ အသံတစ်ခု ထွက်ပေါ်လာသော်လည်း စကားလုံးများကို ရှင်းရှင်းလင်းလင်း မကြားနိုင်ပေ။ ဝူရှဲ့ ကြိမ်နှုန်းကို ညှိကြည့်ပေမယ့်လည်း အလုပ်မဖြစ်ချေ။
ဝူရှဲ့သည် ဒီအီလက်ထရွန်းနစ် ပစ္စည်းတွေနဲ့ ကစားခဲ့ဖူးပြီး ဒီလိုလှုပ်ရှားမှုမျိုးဟာ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက် မဟုတ်ဘဲ ရေဒီယိုလှိုင်းတွေ ဝင်ရောကိ နှောက်ယှက်မှု ဖြစ်တယ်ဆိုတာ သိထားလေသည်။ ရေဒီယိုလှိုင်းတွေ ဝင်နှောက်ယှက်မှုဟာ နေရောင်ခြည်ကြောင့် ဖြစ်ပေါ်လာတဲ့ ပေါက်ကွဲမှုကနေ အိမ်သုံးပစ္စည်းတွေရဲ့ လည်ပတ်မှုအထိ အကြောင်းရင်းများစွာ ရှိလေသည်။ ၎င်းတို့တွင် တူညီသော အကျိုး သက်ရောက်မှု ရှိတတ်သည်။ သူတို့သည် ယခုအခါ မြေအောက်၏ နက်ရှိုင်းသော နေရာ၌ ဖြစ်သောကြောင့် နေပူဒဏ်ခံရန် အခွင့်အလမ်းက နည်းပါးပါသည်။ တောင်နက်ကြီးနှင့် သစ်တောအိုများထဲက ထိုလိုဏ်ဂူများထဲတွင်လည်း အိမ်သုံးပစ္စည်းများ မရှိချေ။
ဝူရှဲ့လည်း ရေဒီယိုလှိုင်း လှည့်ပတ်မှုကို အနှောင့်အယှက် ဖြစ်စေတဲ့ အရင်းအမြစ်ကို လိုက်ရှာကြည့်တော့ မကြာခင်မှာပဲ အဲဒီအခေါင်းကြီးနဲ့ နီးသွားလိုက်ရင် ဆူညံသံက ပိုပြင်းထန်လာတယ် ဆိုတာ သတိထားမိလိုက်လေ၏။ ထူးဆန်းပေသည်။ ခေါင်းတလား အတွင်းထဲမှာ စကားပြောစက်ကို ဝင်ရောက် စွက်ဖက်နိုင်တဲ့ အရင်းအမြစ် ရှိနေတာများလား။ ဝူရှဲ့ ခေါင်းတလားအဖုံးနဲ့ ခေါင်းတလား ကိုယ်ထည်ကြားက အက်ကြောင်းထဲကနေ စကားပြောစက်ကို ဂရုတစိုက် ထည့်ကြည့်လိုက်သည်။ တခဏချင်းမှာပဲ တစ်စုံတစ်ယောက်က ရုတ်တရက် အော်လိုက်သလိုမျိုး ထူးထူးခြားခြား ကျယ်လောင်တဲ့ အသံတစ်ခု ထွက်ပေါ်လာရာ ဝူရှဲ့ အလွန်အမင်း ထိတ်လန့်သွားပြီး လက်ကို အမြန်ပြန်ဆုတ်လိုက်သည်။ ထိုအခိုက် စကားပြောစက်အား အခေါင်းထဲကို ပစ်ချမိလုနီးပါး ဖြစ်သွား၏။
ဝူရှဲ့ သူ့စိတ်ထဲမှ မကောင်းတော့ဘူးလို့ အော်လိုက်မိသည်။ သူထင်တာ မှန်နေတာပဲ။ ခေါင်းတလား အတွင်းက တစ်ခုခုက ပုံမှန်မဟုတ်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေကို ထုတ်လွှတ်နေတာ။ ဒါကြီးက တကယ် မယုံနိုင်စရာပဲ။ သဘာဝဖြစ်စဉ် တစ်ခုလား၊ ဒါမှမဟုတ် ထူးဆန်းတာ တစ်ခုခုလား။
အပင်တွေက အားနည်းတဲ့ ရေဒီယိုလှိုင်း အချက်ပြမှုတွေကို ထုတ်လွှတ်နိုင်တယ် ဆိုတာ သူလည်း သိထားပါသည်။ မတူညီတဲ့ ပြင်ပအခြေအနေတွေ အောက်မှာတော့ အပင်က ထုတ်လွှတ်တဲ့ ရေဒီယိုလှိုင်း အချက်ပြမှုတွေကလည်း ကွဲပြားလေသည်။ ဥပမာ သီချင်းဆိုရတာ သက်တောင့်သက်သာ ရှိတဲ့အချိန် ဒါမှမဟုတ် ဓားနဲ့ခုတ်တဲ့ အချိန်တွေမှာ အပင်က ဘာသာစကားဟုခေါ်သော အသံလှိုင်းတွေဟာ လုံးဝဆန့်ကျင်ဘက် အချက်နှစ်ချက်ဖြင့် ပြသလေ၏။ သို့သော် ထိုအချက်ပြမှုများက အလွန်အားနည်းပါသည်။ အထူးတူရိယာများ သုံးလျှင်ပင် ၎င်းတို့ကို ထောက်လှမ်းနိုင်မှာ မဟုတ်ရာ သာမန် စကားပြောစက်ကတော့ ပြောစရာပင် မလိုချေ။
ငလျင်လှုပ်တော့မယ့် အကြိုနေ့ သို့မဟုတ် မီးတောင်ပေါက်ကွဲချိန် ကဲ့သို့သော ဆက်သွယ်ရေးကို ထိခိုက်စေသည့် သဘာဝ အခြေအနေများအောက်တွင် အားပြင်းသော လျှပ်စစ်သံလိုက်လှိုင်းများ ထုတ်လုပ်နိုင်သည့် အထူးအခြေအနေ တချို့လည်း ရှိပါသည်။ သို့သော် ဤဝင်ရောက် စွက်ဖက်မှုသည် အပျက်အစီးဖြစ်ပြီး ယခုကဲ့သို့ ဘယ်သောအခါမှ ညင်သာလိမ့်မည် မဟုတ်ချေ။
ဒီအခေါင်းကြီးကို ကြည့်လိုက်တော့ မဖြစ်နိုင်တဲ့ အလားအလာကို တွေးလိုက်မိသည်။ အကြီးစား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ဒါမှမဟုတ် ကြီးမားလှတဲ့ သင်္ချိုင်းတွေမှာ မကြာခဏဆိုသလို ထူးဆန်းပြီး အဆက်မပြတ် လျှပ်စစ်သံလိုက် နှောက်ယှက်မှုတွေ ရှိနေတယ်လို့ တချို့က ဆိုကြသည်။ တချို့ကလည်း တစ္ဆေအမြောက်အမြားက ပေးပို့သော မက်ဆေ့ချ်တစ်ခု ဖြစ်တယ်လို့လည်း ဆိုသည်။ ခေါင်းတလားထဲရှိ အလောင်းထံမှ ဤပြင်းထန်သော လျှပ်စစ်သံလိုက်လှိုင်းကို ထုတ်လွှတ်နေတာများ ဖြစ်နိုင်လား။
ဤနေရာတွင် အလင်းရောင်က အလွန်မှိန်ဖျော့နေသည်။ ဖျော့တော့သော အလင်းရောင်အောက်တွင် မျက်စိရှေ့က အမြစ်တွေက မြွေအရိုးပုံသဏ္ဌာန်နှင့် တူလာသလို လူသံလိုလို ထူးဆန်းတဲ့ ဆူညံသံကိုပါ ပေါင်းထည့်လိုက်ရင် အခေါင်းထဲမှာ တစ်ခုခုရှိနေသလိုပဲ။ ၎င်းက သူ့ကိုဝင်လာဖို့ တိုက်တွန်းနေသလို သူ့တစ်ကိုယ်လုံးမှာ တုန်လှုပ်ခြောက်ခြားမှုတွေကို ခံစားလိုက်ရပြီး စကားပြောစက်ကို အမြန် ပြန်ထုတ်ပြီး ပိတ်ပစ်လိုက်တော့သည်။
ပတ်ဝန်းကျင်က တိတ်ဆိတ်သွားပြီး ဝူရှဲ့ခမျာ ရုတ်တရတ် မူးဝေသွားသလို ခံစားလိုက်ရသည်။ ဒီနေရာရဲ့ စိုစွတ်တဲ့လေထုနဲ့ ထူးဆန်းတဲ့ရနံ့တွေကြောင့် အောက်ဆီဂျင်က ပြတ်စဲစပြုလာပြီ။ ဝူရှဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်စဥ် သူ့စိတ်ထဲ အေးစိမ့်စိမ့်ကြီး ခံစားလိုက်ရတော့သည်။ သူ ဒီလမ်းတစ်လျှောက် ဖြတ်သန်းခဲ့သော်လည်း ထိုခံစားချက်ကို မခံစားခဲ့ရချေ။
သူဌေးဝမ်က အပြင်မှာ အော်နေတုန်းပဲ။ သူဘယ်လိုပဲခေါ်ခေါ် ဝူရှဲ့ဆီက အဖြေကို မကြားရချေ။ သူ့ခမျာ စိုးရိမ်တကြီး ခုန်နေ၏။ သူ့အော်သံဘက်ကနေဆို သစ်ပင်ရဲ့ အမြစ်တွေက အလွှာသုံးလွှာနဲ့ ပိတ်ဆို့နေရာ ဝူရှဲ့ဆီရောက်တော့ အသံအားက အရမ်းအားနည်းသွားပြီ။ စောင်ဆယ်ထပ်အောက်က လူတွေ ပြောနေတာကို ရှင်းရှင်းလင်းလင်း ကြားရခက်သလိုပင်။
သူဌေးဝမ်ကို လှည့်စားရန်အတွက် ဒီနေရာကို အသုံးချဖို့ စဉ်းစားခဲ့ပေမယ့် အခုတော့ စိတ်ပြောင်းသွားပြီ။ လောလောဆယ် ထွက်သွားဖို့ စဉ်းစားရမယ်။ ဒီနေရာက အရမ်းဆိုးလွန်းတော့ အကြာကြီးနေနေရရင် အဆင်မပြေလောက်ဘူး။ အဓိကကတော့ သူက တစ်ယောက်တည်း ဖြစ်နေသည်။ သူ့ပတ်ဝန်းကျင်မှာ လူနှစ်ယောက် သုံးယောက်လောက်ရှိရင် သူတော်တော် စိတ်အေးနိုင်လိမ့်မယ်။
ဝူရှဲ့ အများကြီး စဉ်းစားပြီးတဲ့အခါ ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်တဲ့ အလေ့အထဟောင်းက ပြန်ရောက်လာပြန်တယ်။ ဆိုလိုတာက စိတ်ထဲမှာ ဆုံးဖြတ်ချက် မချနိုင်တော့ဘူး။ သူဌေးဝမ်က အပြင်မှာ ခဏလောက်အော်ပြီး ရပ်သွားသည်။ ဝူရှဲ့ အပြင်ကသူ့ရဲ့ ကျယ်လောင်တဲ့ ဆဲဆိုသံတချို့ကို ကြားနေရပြီး ခဏကြာတော့ ငြိမ်သွားတယ်။ သူ ဘာလုပ်ရမှန်း မသိဖြစ်နေတာ ဖြစ်နိုင်တယ်။ သူ့ခမျာ ဒေါသကြီးနေပေမယ့် အထဲကိုလည်း မဝင်လာရဲဘူး။
သူတို့လို ကမ္ဘာတဝှမ်းမှာ လည်ပတ်နေကြတဲ့ ဂူဖောက်လောကရဲ့ လူတွေဟာ လူ့အဖွဲ့အစည်းမှာ ရက်စက် ကြမ်းကြုတ်လွန်းပေမယ့် ထူးဆန်းတဲ့အရပ်က ခေါင်းတလားသံကို ကြားရတဲ့အခါ အလိုလို ကြောက်လန့်နေကြဆဲပင်။ အခေါင်းဆိုတာ ငွေတွေ အာဏာတွေနဲ့ ထိန်းချုပ်လို့မရတဲ့ သေခြင်းတရားကို ကိုယ်စားပြုပြီး ၎င်းသည် လူသားတွေ သွား၍ ခြိမ်းခြောက်လို့ မရသော အခွင့်အာဏာ တစ်ခုလည်း ဖြစ်သည်။
တစ်နေရာကနေ “…တပ်,…,တပ်…,” လို့ ကြိတ်သံလို ကြိတ်သံကြားလိုက်ရတော့ စိတ်ထဲက အတွေးတွေ ပျောက်ကွယ်သွားတော့သည်။ အခုနက အပြင်မှာရှိတုန်းကထက် ပိုရှင်းရှင်းလင်းလင်း ကြားလာရပြီ။
ခုတော့ ရှင်းရှင်းလင်းလင်း ကြားနေရပြီ။ ဒီအသံက ကျောက်ကြမ်းပြင်ပေါ် လမ်းလျှောက်နေတဲ့ သစ်သားတုံးတွေ ၀တ်ထားတဲ့ ခြေသံနဲ့တူပေမယ့် အသံက အထစ်အငေါ့ မရှိပေ။ အပြန်ပြန် အလှန်လှန် လျှောက်သွားနေပုံမပေါ်ဘဲ အဆက်မပြက် ခုန်နေသလိုမျိုးပင်။
အထူးသဖြင့် အခုလို တိတ်ဆိတ်ပြီး ကြောက်စရာကောင်းတဲ့ ပတ်ဝန်းကျင်မှာ တစ်ယောက်ပြီး တစ်ယောက် အသံက ပုံမှန်မဟုတ်ဘဲ တုန်လှုပ်သွားစေသည်။ အခုအသံက နှလုံးစက်သတိပေးချက်က အသံလို ထွက်လာပြီး အဲဒီစည်းချက်နဲ့အတူ သူ့နှလုံးကလည်း ခုန်နေ၏။
ခဏလောက်တော့ ထူးဆန်းသလို ခံစားလိုက်ရပြီး ဘာလို့ကြောက်နေရမှာလဲလို့ တွေးလိုက်မိသည်။ ဝူရှဲ့ ငြိမ်သက်သွားပြီး ဂက်စ်မျက်နှာဖုံးကို ချွတ်လိုက်ကာ ပတ်ဝန်းကျင်က တကယ့်အနံ့အသက်ကို အနံ့ခံလိုက်တယ်။ ယေဘူယျအားဖြင့် ပြောရလျှင် ဓာတ်ငွေ့မျက်နှာဖုံးများသည် လူ့ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေသော အနံ့ဆိုးတချို့ကို ဖယ်ရှားနိုင်သောကြောင့် မျက်နှာဖုံးကို ဝတ်ဆင်သည့်အခါတွင် အနံ့အသက်ကို တားဆီးပေးထားသည်။ တခါတစ်ရံတွင် တချို့အဆိပ်များ၏ အထင်ကရ အနံ့များကို ဖယ်ရှားပစ်ရသော်လည်း အထူးကိစ္စများတွင် အဆိပ်များသည် မျက်နှာဖုံးမှတဆင့် ဖြတ်သန်းသွားနိုင်ကာ အဆိပ်သင့်စေနိုင်သည်။
ယခုပတ်ဝန်းကျင်က အနံ့က နှာခေါင်းကို ယားယံလာစေသည်။ ဝူရှဲ့ အသက်ရှူပြီးတာနဲ့ နှာချေလိုက်ရပြီး ချွေးတွေလည်း အေးစက်လာရာ မျက်နှာဖုံးကို အမြန်ပြန်တပ်ထားလိုက်ရသည်။
ခဏလောက် နားထောင်ပြီး တခြားနေရာက အသံမထွက်တာလာကို တွေ့လိုက်ရ၏။ ဦးတည်ရာကနေ ကျောက်တုံး ခေါင်းတလားကြီးရဲ့ အတွင်းပိုင်းကနေ ထွက်လာပုံရလေသည်။
ဝူရှဲ့စပြီး ချွေးထွက်များလာပြီ။ လက်တစ်ဖက်ဖြင့် ရှည်လျားသော အမဲလိုက် ဓားတစ်ချောင်းကို ဆွဲထုတ်ကာ ရှင်းရှင်းလင်းလင်း ကြားနိုင်စေရန် ကြိုးစားရင်း ခေါင်းတလားအဖုံးအောက်က နေရာဆီသို့ တိုးကပ်လာခဲ့သည်။ ဒါပေမဲ့ သူ့ရဲ့ နှလုံးခုန်သံက ပိုကျယ်လာပြီး ခေါင်းတလားရဲ့ အစွန်းနားကို တက်လိုက်တဲ့အခါ သူ့နှလုံးခုန်သံက သူ့လည်ချောင်းထဲက ခုန်ထွက်လုနီးပါး ဖြစ်နေပြီ။
ဒီပြဿနာကို ကျော်လွှားနိုင်ပြီလို့ ခဏတာ တွေးထားပေမယ့် အခုထိတော့ မဖြစ်သေးပုံပါပဲ။ စိတ်ကူးစိတ်သန်း ကြွယ်ဝခြင်းက ဒီလိုလုပ်ငန်းနယ်ပယ်မျိုးမှာ တားမြစ်ချက်တစ်ခု ဖြစ်လေသည်။ စိတ်တည်ငြိမ်သွားချိန်တွင် ကိုယ့်ကိုကိုယ် ပြန်သတိပေးနေခဲ့သည်။ သူ့ပတ်ဝန်းကျင်ရှိ အလင်းရောင်သည် ပိုမိုတောက်ပလာပြီး ဒီလောက် မမှောင်နေရင်ကောင်းမည်ဟု စိတ်ထဲတွင် စိတ်ကူးယဉ်နေမိသည်။ ဝူရှဲ့ သက်ပြင်းချပြီး နားရွက်ကိုလှည့်ကာ အသံက ဘာလဲဆိုတာ ခွဲခြားသိနိုင်ဖို့ ကြိုးစားလိုက်သည်။
ဒါပေမဲ့ အဲဒီအချိန်မှာ အသံက ရုတ်တရက် ရပ်သွားပြီး သရဲနဲ့တူတဲ့ တိတ်ဆိတ်မှုတစ်ခု ရှိလာပြန်၏။ ထိုရုတ်တရက် အပြောင်းအလဲကြောင့် ဝူရှဲ့ ထိတ်လန့်သွားသည်။ တစ်ချိန်တည်းမှာပဲ သူ့ပခုံးကို တစ်ခုခု လာထိသလို ခံစားလိုက်ရသည်။
ခေါင်းငုံ့လိုက်တော့ အမြင်အာရုံတွေ မှောင်လုနီးပါး ဖြစ်သွားလေ၏။ အရူးတစ်ယောက်လို ဓားနဲ့ ထိုးချလိုက်ပစ်လိုက်တော့ ခေါင်းပေါ်က မီးက သစ်ပင်အမြစ်ကို ထိမှန်ပြီး ချက်ချင်း ကွဲထွက်သွားလေရာ အနီးပတ်ဝန်းကျင်က ရုတ်ချည်း မည်းမှောင်သွားသည်။ အဲဒီနောက် သူ့လက်ကို တစ်ခုခုက လာရစ်ပတ်လေသည်။ ခွန်အားတွေအပြည့်နဲ့ နောက်ပြန်လှည့်လိုက်ရင်း တွေးတောင် မတွေးနိုင်လောက်အောင် ထိတ်လန့်သွား၏။ ဝူရှဲ့ ဟစ်အော်ပြီး တစ်ဖက်ကအရာကို လှန်ချဖို့ အစွမ်းကုန် ကြိုးစားလိုက်သည်။ ရုန်းကန်ပြီးချိန်မှာတော့ လုံးလုံးမပေါက်သေးတဲ့ သစ်ပင်အမြစ် တစ်ချောင်းကို သူ့ခန္ဓာကိုယ်နဲ့ ဖိမိသွားရာ သူ့တစ်ကိုယ်လုံး နစ်မြုပ်သွားပြီး သူ့အနောက်က အရာကလည်း သူနဲ့အတူ တိမ်မြုပ်နေတဲ့ တွင်းထဲကို ကျသွားတော့သည်။
ဝူရှဲ့ လဲကျသွားစဉ် လူတစ်ယောက်က "လူယုတ်မာ!" လို့အော်လိုက်တဲ့ အသံကို ရုတ်တရက် ကြားလိုက်ရသည်။ အဲဒီအခါမှ ဓာတ်မီးရောင်က ပေါ်လာတော့သည်။ သူဌေးဝမ်က သူ့မျက်လုံးကို ဓာတ်မီးနဲ့ ထိုးပစ်လိုက်ရာ ဝူရှဲ့ခမျာ မျက်လုံးကွယ်လုနီးပါး ဖြစ်သွားချိန် တစ်ဖက်က သူ့ကို တင်းတင်းကြပ်ကြပ် ဖိချလာ၏။ ဝူရှဲ့ သူ့လက်နဲ့ အုပ်ထားတော့မယ့်အခိုက် ရုတ်တရက် တစ်ဖက်က သူ့ကို ပါးရိုက်လိုက်တာကြောင့် နှာသီးဝမှာ ချက်ချင်း အေးသွားပြီး သွေးတွေ စီးကျလာလေသည်။
သူက ဝူရှဲ့ကို ရိုက်နှက်ပြီးတဲ့နောက်မှာ ကြိမ်ဖန်များစွာ ကြိမ်းမောင်းတော့၏။
"မင်း လမ်းပေါ်က ကောင်လေးပဲကွ! ငလူးတဲ့မှ မင်းသောက်ရမ်း အရှက်မဲ့ပြီး ငါ့ကို နလပိန်တုံးကောင်လို လှည့်စားနေတယ်ပေါ့ သွားသေလိုက်တော့"
ခဏကြာတော့ ဘာတွေဖြစ်သွားလဲ ဝူရှဲ့ နားလည်သွားသည်။ ကွမ်းတုံမြို့က ခပ်ဝဝလူကြီးဟာ ဒီအထိ ခိုးဝင်လာဖို့ သတ္တိတွေရှိနေတာပဲ။ သူဟာ ဝူရှဲ့ရဲ့ တုံ့ပြန်မှု ကင်းမဲ့နေတာကို မြင်ပြီး လှည့်ကွက်တွေ ဆော့နေတယ်လို့ ထင်ပြီး ဟိုမှာ မနေချင်တော့တာနဲ့ ဝူရှဲ့ဝင်သွားတဲ့ လမ်းထဲကို သူ ဓာတ်မီးမဖွင့်ဘဲ ခိုးဝင်လာခဲ့သည်။ တစ္ဆေနှလုံးခုန်သံကို နားထောင်နေချိန် သူ ဝူရှဲ့ကို ဖမ်းမိပေမယ့် သူ့ကို ဓားနဲ့ထိုးလုနီးပါး ဖြစ်သွားသည်။ ဒါကြောင့် သူက ဝူရှဲ့ သူ့ကိုသတ်ချင်နေပြီလို့ ထင်နေတာပဲ။
ဝူရှဲ့ ရှင်းပြချင်ပေမယ့် သူက ဝူရှဲ့လည်ပင်းကို ကိုင်ထားပြီး စကားမပြောနိုင်အောင် ညှစ်ထားသည်။ သူဌေးဝမ်က အလွန်အမင်း ဒေါသကြီးတဲ့ပုံပေါ်ပြီး ဝူရှဲ့ပါးကို ရိုက်ချလိုက်တော့ နားရွက်တွေထဲ တဝွီဝွီ မြည်လာပြန်၏။ ဝူရှဲ့လည်း ရုတ်တရက် ဒေါသကြီးလာပြီး မီးပွင့်လာသည်။ ဒီလိုမျိုး တစ်စုံတစ်ယောက်ကို ပြန်မရိုက်ရဲရင် ငါ့ကိုယ်ငါ လူသားတစ်ယောက်လို့ မသတ်မှတ်တော့ဘူးလို့ စိတ်ထဲမှ အော်ဟစ်ပစ်လိုက်သည်။ ပြီးနောက် တစ်ဖက်လူရဲ့ ဦးခေါင်းကို ပြင်းပြင်းထန်ထန် ပြန်ခေါက်ချလိုင်ပြီး နှစ်ယောက်သား ထပ်ပြီး လှိမ့်လိုက်သည်။ မင်းငါ့ကို လက်သီးနဲ့ ထိုးရင် ငါမင်းကို ခြေထောက်နဲ့ကန်မယ် ဆိုတဲ့ အကွက်တွေ ထုတ်သုံးနေကြသည်။
သို့နှင့် တဖြည်းဖြည်း ခေါင်းတလားထဲက ကွာဟနေတဲ့ အစွန်းနားကို လှိမ့်သွားသည်။ သူဌေးဝမ်က သူ့ထက် ပိုသန်မာလေ၏။ ရုတ်တရက် သူက ဝူရှဲ့ရဲ့လက်ကို ဆွဲချုပ်ပြီး သူ့ကိုယ်သူ ဝူရှဲ့ခေါင်းပေါ်ဖိထားပြီး ခေါင်းချင်းတိုက်ပစ်ချင်လာသည်။ ရလဒ်ကတော့ သူ့ဦးခေါင်းကို တင်လိုက်သော်လည်း အလွန်တိုနေတာကြောင့် သူ့ခေါင်းကို မြှောက်လိုက်ချိန် သစ်ပင်အမြစ်ကိုသာ တိုက်မိသွားတာကြောင့် အံ့သြသွားရသည်။ ဝူရှဲ့ သူ့ခြေဖဝါးကို တစ်ဖက်လူရဲ့ ခါးပေါ်တင်ပြီး ပြင်းပြင်းထန်ထန် တွန်းထုတ်လိုက်ကာ ရှေ့ကို ပြေးသွားလိုက်သည်။ ထို့နောက် ဓာတ်မီးကို ဆွဲယူကာ သူ့ဦးခေါင်းကို တိတိကျကျ ရိုက်ချလိုက်၏။
ဝူရှဲ့ သူ့ကို ရိုက်ပစ်လိုက်တာနဲ့ သူ လှုပ်လို့မရတော့တာ တွေ့လိုက်ရတော့ ပတ်ပတ်လည်ကို ကြည့်ဖို့ ဓာတ်မီးသုံးလိုက်သည်။ ဒီလူက သူ့ပစ္စည်းတွေ ဒါမှမဟုတ် သေနတ်တွေကို ယူမလာခဲ့တာကို တွေ့ရလေ၏။ အတွင်းထဲမှာ အရမ်းကျဉ်းနေတယ်ထင်ပြီး မတော်တဆ ဒဏ်ရာရမှာကို ကြောက်နေခဲ့တာ ဖြစ်မယ်။ ဝူရှဲ့ သူ့ဓားမြှောင်ကို လှမ်းကိုင်ဖို့ ကြိုးစားလိုက်ချိန် ရုတ်တရက် တစ်ဖက်လူက သူ့ကို အပေါ်ကို တွန်းထုတ်လိုက်ပြန်သည်။ သူ့လိုပဲ ခေါင်းကအပေါ်ကို ရိုက်မိသွားရာ မျက်လုံးတွေက ကြယ်တွေလတွေနဲ့ ပြည့်သွားတော့သည်။ ဝူရှဲ့ တစ်ဖက်လူသူ့ကို ထပ်မတွန်းနိုင်ဖို့ ဘေးဘက်ကို ကမန်းကတန်း လှည့်လိုက်ချိန် ငါ့ဦးနှောက်က နှာခေါင်းထဲက ထွက်ကျလာသလိုပင် ခံစားလာရ၏။
သူဌေးဝမ် နိုးလာပြီး သူ့ခန္ဓာကိုယ်မှာ အမြစ်ပါးပါးမှိုတွေနဲ့ ဖုံးလွှမ်းနေကာ သူ့မျက်နှာမှာလည်း ဒေါသတွေကြောင့် တွန့်လိမ်နေသည်။ အသက်ရှုကြပ်ပြီး မျက်လုံးတွေလည်း နီရဲနေသည်။ သူ့မှာ လူသတ်ချင်တဲ့ ရည်ရွယ်ချက်ရှိမှန်း ဝူရှဲ့သိလိုက်၏။ လူဆိုးဂိုဏ်းကနေ အဆင့်ဆင့် တက်လာတဲ့ သူ့လိုလူမျိုးက လူသတ်ချင်စိတ် ပြင်းထန်တတ်သည်။ ဒီတစ်ခါတော့ သေတဲ့အထိ တိုက်ပွဲဝင်ရတော့မယ် ထင်ပါရဲ့။
သူဌေးဝမ် ငြိမ်သက်သွားကာ သူ့ခါးပတ်ထဲမှ ဓားမြှောင်ကို ဆွဲထုတ်ကာ ဝူရှဲ့ထံသို့ ရက်စက်စွာ ချဉ်းကပ်လာခဲ့သည်။ ဝူရှဲ့ဆီက လက်ကိုင်အမဲလိုက်ဓားသည် သူ့ဓားမြှောင်ထက် ထက်ဝက်တိုသောကြောင့် သူ့ကို ဓားဖြင့်ထိုးလျှင်ပင် အလုပ်ဖြစ်မည် မဟုတ်ပေ။ ဒီအချိန်မှာတော့ လက်နှိပ်ဓာတ်မီးကို လက်နက်အဖြစ် သုံးပြီး သူ့မျက်လုံးတွေကို လိုက်ကြည့်နေရပါပြီ။ ဒါပေမဲ့ ဒီလူထွားကောင်က အရမ်းရက်စက်ပြီး သူ့ကိုတောင် မကြည့်ဘဲ ခေါင်းကိုချာကနဲ လှည့်ကာ လျှပ်စီးလက်သလို ပြေးထွက်လာရင်း တစ်ချက် ခုတ်ထစ်လိုက်သည်။ ဝူရှဲ့သူ့လည်ပင်းကို ရှောင်ဖို့ ခေါင်းကိုစောင်းရင်း တစ်ဖက်လူရဲ့လက်ကို ဘယ်လက်နဲ့ ဆုပ်ကိုင်လိုက်ပြီး ညာဘက်လက်နဲ့ ဓာတ်မီးကို သူ့မျက်လုံးတည့်တည့် ထိုးပေးလိုက်သည်။
သူ့မျက်လုံးတွေက ပြင်းထန်တဲ့ အလင်းရောင်ကြောင့် ရုတ်တရက် မသိစိတ်က ခဏရပ်သွားသည်။ သူ့ခေါင်းအနေအထားကို ဝူရှဲ့ မှတ်မိတယ် ဒါကြောင့် သူဓာတ်မီးကို လွှဲကာ တစ်ဖက်လူရဲ့ လက်မောင်းကို ရိုက်ပစ်လိုက်သည်။ ဓာတ်မီးနဲ့ အရိုက်ခံရပြီးနောက် ဓာတ်မီးက တကယ်ကြီး ပိုလင်းသွားလေ၏။ သူ့အနေအထားကို ကြည့်လိုက်တော့ သူက ပါးစပ်ထဲ သွေးတွေအပြည့်နဲ့ အရိုက်ခံထားရပြီး သတိလစ်နေတဲ့ပုံဖြင့် အဲဒီနေရာမှာ လဲလျောင်းနေတာကို တွေ့လိုက်သည်။
သူ ဟန်ဆောင်နေတာလား ဒါမှမဟုတ် သူတကယ် သတိလစ်သွားတာလား ဆိုတာ ဝူရှဲ့လည်း မသိခဲ့ပါဘူး။ သူ့ကို ခေါင်းတလား ကွာဟချက်ဆီကို ပြင်းပြင်းထန်ထန် ကန်ထုတ်လိုက်မယ်၊ မူးလဲမသွားဘူး ဆိုရင်တော့ ခုခံရမှာပဲ၊ မဟုတ်ရင်လည်း ခေါင်းတလားထဲကို ပြုတ်ကျသွားလိမ့်မယ်။ ကြိမ်ဖန်များစွာ ဆက်တိုက် ကန်ထုတ်လိုက်တော့ သူဌေးဝမ်ရဲ့ ခြေထောက်တွေက အရင်ချော်ထွက်သွားသည်။ ကံဆိုးစွာနဲ့ပဲ သူ့ရင်ဘတ်ကို ရောက်သွားတဲ့အခါ ကပ်မိသွား၏။
သူဌေးဝမ်ဟာ ငါးသေတစ်ကောင်လို ခေါင်းတလားကြားထဲမှာ အချိန်အတော်ကြာ မှီကပ်နေပြီးမှ အက်ကြောင်းထဲကို ရုတ်တရက် ချော်လဲကျသွားခဲ့သည်။ အဲဒီအချိန်ကျမှပဲ ဝူရှဲ့လည်း နောက်ဆုံးတော့ သက်ပြင်းတစ်ချက် ချမိလေသည်။ ဝူရှဲ့မှာ တစ်ဖက်လူ တကယ်သေသွားပြီလို့ ထင်လိုက်တဲ့ အချိန်မှာပဲ သူကန်ခဲ့တဲ့ခြေထောက်ကို သူဌေးဝမ်က ဖမ်းဆွဲချလိုက်လေသည်။
ဒီတစ်ခါတော့ ဝူရှဲ့ တကယ်ကို သတိမထားမိလိုက်ဘဲ ငြိမ်ငြိမ်လေးဖြင့် မျက်လုံးတွေလည်း ဝေဝါးနေသလို ခံစားလိုက်ရပြီး ခေါင်းတလားထဲကို ဆွဲချခံလိုက်ရတော့သည်။ ပြီးသွားပြီလို့ စိတ်ထဲမှာ အော်ဟစ်ပြီး ပြုတ်ကျသွား၏။ ဒါက မကြုံစဖူး ကြုံဖူးတဲ့ အရာတစ်ခုပါပဲ။ ထိတ်လန့်တကြားနဲ့ ပတ်ဝန်းကျင်က အရာတွေကို ဖမ်းဆုပ်ထားပေမယ့် ဘာမှ ဖမ်းလို့မရတော့ဘဲ အဆုံးမဲ့ အမှောင်ထဲကို တန်းတန်းမတ်မတ် ထိုးကျသွားခဲ့သည်။
သူဌေးဝမ်က သူ့ကို အောက်အထိ ဆွဲချလိုက်သည်။ အရင်က ခေါင်းတလားမှာ လူတစ်ယောက် အရပ်လောက်သာ မြင့်မယ်လို့ ထင်ခဲ့ပေမယ့် အခုဝင်လိုက်တာနဲ့ မှားနေပြီ ဆိုတာ သိလိုက်ရသည်။ အတွင်းထဲမှာ စိတ်ဓာတ်ကျစရာ ကောင်းလောက်တဲ့ တွင်းနက်ကြီး ကြေးနီပင် အတွင်းပိုင်းထဲ နစ်မြုပ်သွားသလိုပင်။ တစ်စုံတစ်ခုပေါ် မထိုင်မိခင် သုံးလေးမီတာလောက် ဆက်တိုက် လျှောကျသွားရာ နာကျင်မှုကြောင့် သွားတွေကိုလည်း အံကြိတ်ထားရသည်။ တစ်ချိန်တည်းမှာပဲ သူဌေးဝမ်ကလည်း သူ့ကို လွှတ်ချလိုက်သည်။
သူဌေးဝမ် ပတ်ဝန်းကျင်မှာ ရှိမရှိကို သိရဖို့ ဝူရှဲ့ အနီးနားကို ဓာတ်မီးနဲ့ ချက်ချင်း ထိုးကြည့်လိုက်သည်။ မတ်တပ်ထရပ်ပြီး ဓာတ်မီးကို အကြိမ်ပေါင်းများစွာ လှုပ်လိုက်ပေမယ့် ဘာမှ မလင်းလာဘူး။ ဒီနေရာရဲ့ မြူခိုးတွေက အလွန်ထူထပ်နေရာ သူဌေးဝမ် လဲကျသွားပြီးနောက် သဲသဲကွဲကွဲ မမြင်ရတော့ပေ။
ဒီခေါင်းတလားမှာ မြူခိုးတွေ ထူထပ်စွာ ရှိနေတာက သိပ်ထူးဆန်းသလို ခံစားလိုက်ရသည်။ လက်နဲ့ တွန်းထုတ်ကြည့်လိုက်တော့ အခိုးအငွေ့တွေက ရေနဲ့တူသလောက် တွန်းလိုက်တာနဲ့ သာမန်မျက်စိနဲ့ မြင်နိုင်တဲ့ လေစီးကြောင်းတစ်ခုပါ ပေါ်ထွက်လာလေ၏။
ခေါင်းတလား အလယ်မှာ ဘာကိုမှ ရှင်းရှင်းလင်းလင်း မမြင်ရတဲ့အတွက် ဝူရှဲ့လည်း အထဲဆက်ဝင်ဖို့ မဝံ့ရဲပေ။ အပေါ်ကနေ အောက်ကို လျှောကျခဲ့တာမို့ အပေါ်ကို မနေနိုင်ဘဲ မော့ကြည့်လိုက်တဲ့အခါ ဘာကိုမှ မမြင်ရချေ။ ဟနေတဲ့ကြားကနေ ဖြတ်ထွက်လာတဲ့ သစ်ပင်အမြစ်တွေကိုပဲ တွေ့ရလေ၏။ အမြစ်တွေက အတွင်းပိုင်းမှာ ပြည့်သိပ်နေပုံတော့ မပေါ်ဘဲ အတွင်းနံရံနဲ့ ခေါင်းတလားရဲ့ အောက်ခြေမှာ တွားနေတဲ့ အကောင်တွေလို တွယ်ကပ်နေသည်။ ထိမိသောအခါ မှိုချည်မျှင်တွေလို အမွှေးအမျှင် အနည်းငယ်ကို တွေ့ရလေသည်။
သစ်ပင်အမြစ်များ မဖုံးလွှမ်းထားသော နေရာဟူ၍ မရှိပေ။ ခေါင်းတလား အတွင်းနံရံတွင် ရုပ်လုံးတချို့ ရှိနေတာကို တစ်ချက် လှမ်းကြည့်ရုံဖြင့် ဝူရှဲ့ ပြောနိုင်သည်။ အတွင်းက ပုံစံများသည် အပြင်ဘက်မှာတုန်းက လှမ်းမြင်ရသော မတ်တတ်ရပ်နေသည့် ရုပ်တုလေးခုနှင့် ပုံစံတူ ဖြစ်နိုင်သည်။ သူ့လက်ထဲက လက်ကိုင်ဓားရှည်ရဲ့ အထူက ပါးလွန်းသဖြင့် ၎င်းအပေါ်က သစ်ပင်အမြစ်များကို ဖြတ်ထုတ်ရန် အနည်းငယ် ခက်ခဲသည်။ သစ်ပင်အမြစ်နှင့် မတူသော အမြစ်အချို့ကို ဖြတ်ပြီးနောက် နံရံမှာ တွယ်ကပ်နေတဲ့ အမြစ်တွေကိုတော့ ဝူရှဲ့ ဘာမှ မလုပ်နိုင်ခဲ့ပေ။ ဓားက ကျောက်တုံးရုပ်ပေါ်က အဖြူမျဉ်းတစ်ကြောင်းကိုသာ ဖြတ်နိုင်သည်။
ဒါပေမယ့် သူ အကြောင်းအရာ တချို့ကို ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်ပါသေးသည်။ ဒါဟာ ရှေးတုန်းက ဒီကြေးနီပင်ကို ဆောက်တုန်းက မြင်ကွင်းကို ပုံဖော်ထားတာ ဖြစ်နိုင်သည်။ ကျောက်တုံးရုပ်ပေါ်က လူတွေဟာ ဘယ်ဘက်ကို ဖုံးရသော အဝတ်အစားတွေကို ဝတ်ဆင်ထားကြကာ အံ့သြဖို့ကောင်းတာက အပေါ်က ကြေးပင်ကို အပိုင်းပိုင်း ခွဲထားတာ တွေ့လိုက်ရခြင်းပင်။ ဒီဧရာမ သစ်ပင်ကြီးကို တစ်ကြိမ်တည်းနဲ့ ဖန်တီးခဲ့တာ မဟုတ်လောက်ပေ။ နောက်ဆုံးမှာတော့ ဒီလို ကြီးကျယ်ခမ်းနားတဲ့ အနုပညာ လက်ရာတစ်ခု ဖြစ်လာဖို့ မျိုးဆက်ပေါင်းများစွာ အချိန်ယူခဲ့ရပေလိမ့်မည်။
ဝူရှဲ့အများကြီး သက်သာရာရာ ရသွားပေမယ့် သူ့စိတ်ဆန္ဒအတိုင်း လျှောက်လှမ်းသွားဖို့ မဝံ့ရဲပါဘူး။ နောက်က အပိုင်းကို ကြည့်လိုက်ရင်း မြူခိုးတွေကို ပြန်ကြည့်လိုက်တော့ နားမလည်နိုင်တဲ့ အကြောက်တကြားကို ခံစားလိုက်ရလေသည်။ သို့နှင့် သစ်ပင်တွေရဲ့ အမြစ်တွေပေါ် တက်နင်းရင်း မူလလမ်းအတိုင်း ပြန်တက်ဖို့ ကြိုးစားလိုက်သည်။
ဒါပေမဲ့ ထူးဆန်းတာက တောင်တက်ဖို့ အထောက်အကူဖြစ်ပုံရတဲ့ သစ်ပင်အမြစ်တွေက သူနှစ်ခါတက်ပြီးတာတောင် ရေခဲဆောင်ပေါ် တက်နေရသလိုမျိုး မြန်မြန်ဆန်ဆန် ချော်လဲသွားတာပါပဲ။ ဝူရှဲ့ သစ်ပင်အမြစ်တွေကို ထိလိုက်တဲ့အခါမှာတော့ မှိုတွေဟာ ချောဆီလို ချောမွတ်နေတာ တွေ့ရလေ၏။ လူတစ်ယောက် တက်ဖို့ တော်တော် ခက်မည့်ပုံပင်။
အရင်ဆုံး အေးအေးဆေးဆေးနဲ့ စိတ်ငြိမ်သွားအောင် နေပြီးမှ ဘာလုပ်ရမလဲ ဆိုတာ တွေးနေလိုက်သည်။ အပေါ်မတက်ခင် မှိုတွေကို ခြစ်ထုတ်ပစ်မှသာ တောင်တက်ရတာ ပိုလွယ်မယ့်ပုံပဲ။ သို့နှင့် အသုံးဝင်မဝင် မသိသော်လည်း ဓားကိုသုံးကြည့်လိုက်သည်။
ဝူရှဲ့ တွေးနေတုန်းရှိသေး ကြည်လင်ပြတ်သားတဲ့ '..တပ်...တပ်' ဆိုတဲ့ အသံတစ်ခုက ရုတ်ချည်း ပေါ်လာပြန်၏။ ဒီတစ်ခါတော့ အသံက သူ့အနောက်မှာ ကပ်နေပုံရလေ၏။