ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ချင်လင်နတ်သစ်ပင်
Chapter (27)
ကောင်းကင်အထိမြင့်သွားပြီ
မီးတောက် ပြန်ပြုတ်ကျလာပြီး အဲဒီနေရာကို ဖြတ်ကျော်သွားတဲ့အခါ မျက်နှာဖုံးများက လှုပ်ရှားသွားပြီး လောင်မြိုက်နေသည့် အလင်းတန်းများကို ရှောင်ရှားသွားကြသည်။ ၎င်းတို့တစ်ကောင်စီဟာ လူမျက်နှာထား ရှိသော ပိုးကောင်များကဲ့သို့ ဖြစ်နေသည်။
ဒါတွေဟာ ဆရာလျောင် ဖော်ပြခဲ့တဲ့ ချီးကူတွေရဲ့ ခန္ဓာအစစ်တွေ ဖြစ်နိုင်သည်။ ရှေးလူကြီးတွေက သူတို့ကို အထူးမျက်နှာဖုံးတွေနဲ့ ထိန်းသိမ်းထားခဲ့ပြီး တကယ်ကို ပွားများလာခဲ့တာ ဖြစ်ပေ၏။ အခုနတုန်းက ရှေးခေတ်က အကြောင်းကို တစ်ဝက်လောက်ပဲ ယုံကြည်သွားခဲ့ပေမယ့် ဒီလောက်ကြီးမားတဲ့ အုပ်စုကြီးနဲ့ ကြုံရဖို့တော့ မမျှော်လင့်ထားချေ။
ကြေးနီပင်ပေါ်က ၎င်းတို့၏ မျက်နှာများသည် ပင်စည်၏ လျှိုမြောင်များနှင့် တွဲလျက်ရှိကာ အလင်းရောင် ဖြတ်သွားတဲ့အခါ အမျိုးမျိုးသော အမူအရာများ ပေါ်လွင်နေ၏။ တချို့မှာ နာကျင်ကိုက်ခဲကာ တချို့ကလည်း ဝမ်းနည်းပူဆွေး နေကြသလို၊ တချို့က ရက်စက်ကြမ်းကြုတ်စွာ ပြုံးနေကြသည်။ သူတို့အမူအရာတွေက ဝူရှဲ့တို့ရဲ့ ဆံပင်တွေကိုပါ အတောင့်လိုက် အေးခဲသွားစေသည်။
ဆရာလျောင်မှာ ဇာတ်ကြောင်းကို ပြောပြဖို့ စေတနာရှိပေမယ့် တကယ့်အဖြစ်မှန်ကို မြင်ရတော့ အဆင်မပြေတော့ချေ။ သူက တုန်တုန်ယင်ယင်နဲ့
“ဒီကညီအကိုနှစ်ယောက်…သူ သူတို့အားလုံး အသက်ရှင်နေသေးတယ်... အဲဒီချီးကူကောင်တွေက မျက်နှာဖုံးအောက်မှာ ကပ်နေတာ ဖြစ်မယ်... ဘယ်လိုလုပ်မလဲ? ငါတို့ ဘယ်လို ဖြတ်သွားကြမလဲ?"
"မလန့်နဲ့" လောင်းယန်က ဆို၏။
"မီးတောက်တွေ အပေါ် သူတို့ရဲ့ တုံ့ပြန်မှုကို ကြည့်လိုက်... ဒီကောင်တွေက အလင်းနဲ့ အပူကို ကြောက်တာဖြစ်ရမယ်... ငါတို့ မီးတုတ်ကို ကိုင်ပြီး ဖြည်းဖြည်းချင်း လှမ်းတက်ကြည့်ရအောင်... သူတို့ ငါတို့ကို မထိရဲလောက်ဘူး"
ဝူရှဲ့က ခေါင်းခါလိုက်သည်။
"အကြွင်းမဲ့ မယုံနဲ့ဦး...အချက်ပြ မီးတောက်တွေရဲ့ အပူချိန်နဲ့ တောက်ပမှုက အရမ်းမြင့်တယ်... သူတို့ ကြောက်တာတော့ ဖြစ်နိုင်တယ်... ဒါပေမဲ့ မီးတုတ်တွေကျ မတူတော့ဘူး။ အခုနတုန်းက အဲဒီမျောက်တွေကိုလည်း မေ့မသွားနဲ့ဦး...အချက်ပြမီးကို သုံးလိုက်တော့ သူတို့အကုန်လုံး ထွက်ပြေးသွားကြတယ်။ မင်း မီးတုတ်ကိုသုံးပေမယ့် သူတို့ကိုကြောက်ပြီး နောက်ကိုပဲ ဆုတ်သွားတာ .... ငါ့အထင်တော့ မင်း မီးတုတ်နဲ့တက်ရင် မဖြတ်နိုင်ရုံတင်မကဘဲ အဝိုင်းခံရလိမ့်မယ်... အဲဒီအခါကျရင် ထွက်ပြေးဖို့ ခက်သွားပြီ"
"ဒါဆို ငါတို့ ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ? မင်းမှာ အကြံရှိလား?"
လောင်းယန်က မေးလေ၏။
"ငါ့မှာ အဆင်သင့် လုပ်ထားတဲ့ စိတ်ကူးတွေ မရှိဘူး....ဒါက ပဏာမ အကြံဥာဏ်တစ်ခုပဲ အလုပ်ဖြစ်ပါ့မလား မသိဘူး"
လောင်းယန်က စိတ်မရှည်စွာနဲ့
"မင်းမှာ အကြံဆိုးတွေ အများကြီးရှိတာ ငါသိတယ်... မြန်မြန်ပြောစမ်းပါ"
ဝူရှဲ့လည်း မီတာပေါင်းများစွာ အဝေးက ကျောက်နံရံကို ညွှန်ပြပြီး
"ဒီလိုတက်ရတာ အရမ်းအန္တရာယ် များတယ်... ဆရာလျောင် ပြောတဲ့အတိုင်း မှန်တယ်ဆိုရင် ဒီသက်ရှိ မျက်နှာဖုံးတွေ ငါတို့မျက်နှာပေါ် တွားသွားတက်လာနိုင်ဖို့ နည်းလမ်းတစ်ခုခုတော့ ရှိရမှာပေါ့... ငါတို့ ဖြတ်ကျော်ချင်ရင်တော့ အနစ်နာခံပြီး လှည့်ပတ်လည်လို့ ရတယ်... ဒါနဲ့မင်းမှာ တစ်ဖက်က ကျောက်သားနံရံဘက်ကို လွှဲယမ်းသွားဖို့ နည်းလမ်းရှိလား? အဲဒီပေါ်မှာ အပေါက်တွေ အများကြီးရှိတယ် တက်ရတာ မခက်လောက်ဘူး ကောင်းကောင်းလည်း အနားယူလို့ ရတယ်"
လောင်းယန်က သူညွှန်ပြနေတဲ့ လမ်းကြောင်းကို ကြည့်ပြီး အော်ပြောလိုက်သည်။
"ဒီ ဒီလောက်... အဝေးကြီးကို မင်းက လွှဲယမ်းပြီး သွားမလို့လား?"
ဝူရှဲ့က ခေါင်းညိတ်ပြီး လက်ဟန်ခြေဟန်နဲ့
"ငါ့စိတ်ထဲမှာ ဒီအကြံတစ်ခု ရှိသေးတယ်... ငါတို့မှာ ကြိုးတစ်ချောင်း ရှိသေးတယ် မဟုတ်လား? အဲဒါကိုထုတ်ပြီး ရှည်လားဆိုတာ အရင် ကြည့်လိုက်... ဒီအကွက်က အလုပ်မဖြစ်ဘူး ဆိုရင် အဲ့ဘက်ကိုသွားဖို့ တစ်ခုတည်းသော ရွေးချယ်စရာက အောက်ကို ဆင်းပြီး နောက်တစ်ကြိမ် မီးဖိုရတော့မှာပဲလို့ ငါထင်တယ်"
လောင်းယန်လည်း သူ့ခါးမှာ ချည်ထားတဲ့ ကြိုးကို ဖြုတ်လိုက်သည်။ အဲဒါက ဦးလေးထိုက်ဆီကနေ ဖြုတ်ယူထားတဲ့ ပစ္စည်းတွေထဲက တစ်ခုပါပဲ။ သူ့မှာ U.aa တံဆိပ်ပါပြီး ၎င်းမှာ အထူးတပ်ဖွဲ့များ အသုံးပြုသော ကမ္ဘာ့အကောင်းဆုံး တောင်တက်ကြိုး ဖြစ်သည်။ ဒီပစ္စည်းကိုတောင် ဒီနေရာမှာ သုံးတယ်ဆိုတော့ ငွေတွေကို တော်တော်လေး သုံးထားပုံရ၏။
ဘုရင်လုနန်းတော်ကို မသွားခင် ဝူရှဲ့ ဦးလေးသုံးကို ပစ္စည်းဝယ်ဖို့ ကူညီပေးခဲ့ပြီး အချက်အလက်တွေ အများကြီးလည်း စစ်ဆေးခဲ့သည်။ ဒါကြောင့် ဒီအချင်းဟာ ဆယ်မီလီမီတာထက် ပိုနေရင် အလေးချိန် သုံးတန်နီးပါးကို ခံနိုင်ရည် ရှိတယ်ဆိုတာ သူသိသည်။ သူတို့ သုံးယောက်ရဲ့ အလေးချိန်ကို ထောက်ပံ့ဖို့ လုံလောက်တဲ့ အားတော့ ရှိလေ၏။
ခွန်အားက လုံလောက်ပေမယ့် အရှည်က လုံလောက်သလားတော့ မသိရသေးပါဘူး။ လောင်းယန် သစ်ပင်ပေါ်ကနေ ဆွဲချပြီး အမြင်အာရုံနဲ့ စစ်ဆေးကြည့်တော့ သူ့ခမျာ ကူကယ်ရာမဲ့သွားတဲ့ အသံမျိုး ထွက်လာတော့သည်။ ကြိုးအရှည်က ဆယ်မီတာကျော်ပဲ ရှိတယ်။ ဟိုဘက်ကမ်းရောက်ဖို့ တော်တော်လေး ဝေးနေသေး၏။
“ငါတို့ ဘာလုပ်သင့်လဲ? ငါတို့ရဲ့ ခါးပတ်တွေကို ချိတ်ဖို့တောင် မလုံလောက်ဘူး”
လောင်းယန်က မေးလိုက်သည်။
ဝူရှဲ့ ကြိုးကို သေချာကြည့်လိုက်တော့ ၁၆ စင်တီမီတာ အရှည်ရှိတဲ့ ကြိုးနှစ်ထပ်ကြိုးကို တွေ့လိုက်ရသည်။ သို့နှင့် အကြံတစ်ခုရပြီး
"ရပါတယ်... ဒီကြိုးကို ကြိုးနှစ်ချောင်း ခွဲပြီး တစ်ခုတည်း ဖြစ်အောင် ချိတ်လိုက်ကြရအောင်... ဒီလောက်ဆို လုံလောက်ပြီ"
"ညီငယ်လေး... အဆင်ပြေပါ့မလား? ဒီကြိုးက အရမ်းပါးတယ်နော် ကြည့်ဦး ခေါက်ဆွဲထက်တောင် ပိုပါးနေသေးတယ် လျှောက်မရှုပ်ပါနဲ့လားကွာ..."
“နိုင်ငံခြားတောင်တက် မဂ္ဂဇင်းတွေက ဒီလိုပြောတာ သူတို့က ကျွန်တော်တို့ကိုတော့ ဘယ်တော့မှ လိမ်မှာ မဟုတ်ဘူး”
ဝူရှဲ့လည်း ကြိုးရဲ့ အပြင်ဘက် အလွှာကို မြှောက်လိုက်ပြီး အလွန်ပါးလွှာတဲ့ နိုင်လွန်ကြိုးကို ဆွဲထုတ်လိုက်သည်။ ထို့နောက် တိတ်တဆိတ် တံတွေးလည်း မျိုချလိုက်၏။ အဲဒါက အရမ်းပါးလွှာပြီး သာမန်အရ ဆိုရင်တော့ ကြိုးပါးပါးလေးဟာ သူတို့ဝိတ်ကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ ဒါပေမဲ့ နိုင်ငံခြားက အချက်အလက်တွေ အရတော့ အချင်း ရှစ်မီလီမီတာရှိတဲ့ ဒီအားဖြည့်နိုင်လွန် ဖိုက်ဘာကို တောင်တက်ဖို့အတွက် အရန်ကြိုးအဖြစ် အသုံးပြုနိုင်သည်။ အားပြင်းတဲ့ ပြုတ်ကျမှု မရှိသရွေ့တော့ လွယ်လွယ်နဲ့ ပြုတ်သွားမှာ မဟုတ်ပါဘူး။ ဟုတ်ပါတယ်။ ဒီလိုကြိုးမျိုးကို သုံးရာမှာ အန္တရာယ်တချို့လည်း ရှိပါသေးသည်။ ဒါကြောင့် ကြိုးနှစ်ချောင်းကို အများအားဖြင့် တွဲသုံးကြ၏။ သူတို့မှာ တစ်ခုပဲရှိတာကြောင့် ဘုရားသခင်ရဲ့ ကောင်းချီးကို လိုအပ်သွားပြီ။
မြင့်မားတဲ့ နည်းပညာကို ယုံကြည်ရင် ပိုကံကောင်းမှာ မဟုတ်ဘူးလို့ တွေးလိုက်သည်။
ဝူရှဲ့ ချိတ်ထားတဲ့ ကြိုးကို လောင်းယန်ဆီ ပေးလိုက်သည်။ သူက ကျောပိုးအိတ်ထဲက ရေနွေးအိုးကို ထုတ်ယူပြီး သင်္ဘောသား ကြိုးထုံးနည်းနဲ့ ချည်လိုက်၏။ လေးလံတဲ့ အရာတစ်ခုအနေနဲ့ အသုံးပြုပြီး တစ်ဖက်ကို ခက်ခက်ခဲခဲ ပစ်ကာ အကြိမ်ကြိမ် ကျရှုံးပြီးနောက် နောက်ဆုံးမှာ ရစ်ပတ်နိုင်ခဲ့သည်။ တစ်ဖက်က ကျောက်စက်ရုပ်တစ်တုံးကို ဆွဲကိုင်ပြီး ကြိုးတစ်ဖက်ကိုလည်း ပင်စည်မှာ တင်းတင်းကျပ်ကျပ် ချည်နှောင်ထားလိုက်သည်။
"ကောင်းပြီ" လောင်းယန်က ဆို၏။
"ပြီးသွားပြီ... လောင်ဝူ ကြိုးအကြောင်း မပြောတော့ဘူး... ဟိုဘက်ကမ်းက ကျောက်တုံးတွေက ယုံကြည်လို့ရမှာလား?"
“မသိဘူး”
ဝူရှဲ့ ပြောပြီး ကျောက်တုံးက စိတ်မချရရင် ဘာဖြစ်သွားမလဲ ဆိုတာကို တွေးကြည့်လိုက်သည်။ ကြေးသစ်ပင်ရဲ့ နံဘေးကို ပြန်ရောက်လာမှာပေါ့။ ကံကောင်းရင် သစ်ပင်ရဲ့ ပင်စည်ကို ဝင်တိုက်မိပြီး တစ်ဝက်လောက်တော့ သေသွားလိမ့်မည်။ ကံမကောင်းရင် သစ်ပင်ပေါ်က လဲကျပြီး အကိုင်းအခက်တွေကြောင့် ခန္ဓာကိုယ်မှာ ဆန်ခါပေါက်တွေ ဖြစ်သွားနိုင်၏။
ဒီကြိုးရဲ့ တစ်ဖက်ကို ကြေးကိုင်းနဲ့ ချည်ထားပြီး လောင်းယန် ဖြတ်သွားတဲ့အခါ တစ်ဖက်ကနေ ကြိုးထုံးကို ဖြည်နိုင်စေဖို့အတွက် လောင်းယန်က အထူးကြိုးထုံးနည်းနဲ့ ချည်ထားသည်။ ဒီနည်းလမ်းက ရှုပ်ထွေးလွန်းလှလို့ ဝူရှဲ့ကိုပင် အံ့အားသင့်သွားစေ၏။ ဒီပညာကို ဘယ်မှာသင်ခဲ့တာလဲလို့ မေးတော့ သူက ထောင်ကျနေတုန်း သင်ခဲ့တာလို့ ဆိုလေသည်။
အားလုံး အဆင်သင့် ဖြစ်သွားပြီ။ နောက်ဆုံးတော့ နှစ်ဖက်စလုံးက သန်မာကြောင်း အတည်ပြုဖို့ ဝူရှဲ့က ကြိုးကိုဆွဲလိုက်ပြီး သူတို့နှစ်ယောက်ကို တက်ခိုင်းလိုက်သည်။ ရလဒ်ကတော့ နှစ်ယောက်လုံး မလှုပ်ရဲကြဘူး။ ဝူရှဲ့ သူတို့ကို ကြည့်လိုက်တော့ ရိုက်သတ်ရင်တောင် ပထမဆုံး မသွားဘူးဆိုတဲ့ သဘောနဲ့ ကြည့်နေကြတာကို တွေ့လိုက်ရသည်။ ကြိုးပါးပါးလေးပေါ် ပထမဆုံးတက်ဖို့ သတ္တိအများကြီး လိုတယ် ဆိုတာ ထင်ရှားပေသည်။ ဝူရှဲ့ နှစ်ခါလောက် ထပ်အော်လိုက်ပေမယ့် သူတို့နှစ်ဦးက ခေါင်းခါပြနေတော့ သူ့ခမျာ ရွေးချယ်စရာ မရှိတော့တာကြောင့် စိတ်ထဲက ကျိန်ဆဲလိုက်ပြီး ကျည်ဆံကို ကိုက်ကာ အရင်တက်သွားလိုက်၏။
မတက်ခင်မှာ သူ့ရဲ့ အလေးချိန်ကို အတတ်နိုင်ဆုံး လျှော့ချဖို့ လောင်းယန်နဲ့ ဆရာလျောင်တို့ဆီကို အိမ်လုပ်သေနတ်နဲ့ ကျောပိုးအိတ်ကို ပေးအပ်ခဲ့လိုက်သည်။ အဲဒီအရာတွေကို ကြိုးရဲ့ အခြားတစ်ဖက်မှာ ချိတ်ထားနိုင်တယ်လေ။ လောင်းယန် လေထဲမှာ ကြိုးကို ဖြည်လိုက်တဲ့အခါ အဲဒါတွေကို တွဲချည်ထားလို့ ရ၏။ ကြိုးအောက်ကို ရောက်သွားရင်လည်း ပြန်ဆွဲထုတ်လိုက်ရုံပဲ။ လောင်းယန်မှာ ဆန့်ကျင်ဘက် လိုဏ်ဂူတွေကို သိပ်စိတ်မချပါဘူး။ ဒါကြောင့် အရေးပေါ် အခြေအနေရှိရင် ပိတ်ဆို့ဖို့ သူ့ပစ္စတိုကို ပေးလာခဲ့သည်။
ဝူရှဲ့ သက်ပြင်းချရင်း အာဇာနည်တစ်ယောက် သေရတော့မယ့် ခံစားလျက်လိုမျိုးကို ခံစားလိုက်ပြီး သူတို့နှစ်ယောက်ရဲ့ ပုခုံးပေါ်ကို လက်ဖြင့် ပုတ်လိုက်သည်။ ထို့နောက် လှည့်ပြီး ကြိုးဆီတက်သွားလိုက်သည်။
ခြေဖဝါးများကို ခွာလိုက်သည်နှင့်အမျှ အာရုံကြောများသည် ဆွဲဆန့်ခံထားရသော ကြိုးကဲ့သို့ တင်းကျပ်သွားခဲ့သည်။ မျက်လုံးမှိတ်ပြီး သွားများကို အံကြိတ်ကာ ကြိုးပြတ်သွားတဲ့ အသံကို ကြားရရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။ စိတ်မသက်မသာ ဖြစ်နေစဥ် "ကျီ" ဟူသော အသံက ထွက်လာ၏။ ၎င်းမှာ နှစ်ဖက်လုံးရှိ ကြိုးများ ရုတ်တရက် တင်းကြပ်သွားသောကြောင့် ထွက်လာသော အသံ ဖြစ်နေသည်။
ငုံ့မကြည့်ဖို့ စိတ်ထဲမှာ တွေးထားမိပေမယ့် မျက်လုံးတွေက ဖျတ်ခနဲ ငုံ့ကြည့်နေမိတုန်းပါပဲ။ ဘုရားရေ။ ဝူရှဲ့ ညည်းတွားလျက် ခေါင်းကိုအမြန် ပြန်လှည့်၍ မျက်စိပြန်မှိတ်ထားကာ စိတ်ထဲမှ ဘုရားစာများကို ရွတ်ဆိုနေမိသည်။
လောင်းယန်က "ဟေး လောင်းဝူ..... မင်းဘာလို့ ဇဝေဇဝါ ဖြစ်နေတာလဲ? မြန်မြန် တက်သွားတော့! အဲ့လိုဆက်နေနေတာက ပိုအန္တရာယ်များတယ်ကွ!"
ဝူရှဲ့သည် လောင်းယန်၏ ဘိုးဘေးများအား လှမ်းနှုတ်ဆက်လိုက်ပြီး အသက်ပြင်းပြင်း ရှူကာ လက်ခြေများကို စတင်ရွှေ့ရင်း တစ်ဖက်သို့ တွားသွားလိုက်သည်။ ဤကြိုးအမျိုးအစား၏ ပျော့ပျောင်းမှုက အတိုင်းအတာ တစ်ခုအထိရှိသည်။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ပြင်းထန်စွာ လှုပ်ခါသွားသည်။ ဝူရှဲ့ခမျာ အခုအချိန်မှာတော့ အလွန်စိတ်လှုပ်ရှားနေသည်။ ထို့ပြင် ကြိုးသည် အလွန်ပါးလွှာပြီး လက်နှစ်ဖက်နဲ့ ဆုပ်ထားဖို့အတွက် အလွန်ခက်ခဲပါ၏။ သူ့ရဲ့ ခွန်အားကိုတောင် အနည်းငယ်ပဲ ခံစားရသည်။ တွားသွားလို့အပြီးမှာ သူ့စိတ်တွေ ဗလာဖြစ်သွားပြီး မြေပြင်ပေါ် ဘယ်လိုရောက်သွားမှန်းတောင် မသိတော့ချေ။ ခြေဖဝါးတွေက ချက်ချင်း ပျော့သွားကာ ကျောက်စက်မိုးမျှော်ကို ပွေ့ဖက်လိုက်ရင်း ကိုယ့်ကိုကိုယ် ဘောလုံးတစ်လုံးကို ဖြန့်ထုတ်လိုက်ကာ ထိုအခါမှ အသက်ရှုလည်း ချောင်သွားခဲ့သည်။
မီးတုတ်က သူနဲ့ ရှိနေသည်။ ဝူရှဲ့ထပြီး ဘေးကို လှမ်းကြည့်လိုက်ရင်း လောင်းယန်တို့ဘက်ကို ကြည့်လိုက်တော့ ဆရာလျောင်က ကြိုးပေါ်ကို တုန်တုန်လှုပ်လှုပ်နဲ့ တက်နေတာ တွေ့လိုက်ရ၏။ လောင်းယန်က သူ့ကို နောက်ပြန်ဆွဲပြီး အရင် မသွားတက်ဖို့ ပြောလိုက်သည်။ အဲဒီနောက် ဝူရှဲ့ဘက်အား အဲဒီနေရာက အခြေအနေကို အရင်စစ်ဆေးခိုင်းလိုက်သည်။ တောင်တက်သွားရန် မသင့်တော်ပါက သို့မဟုတ် တခြားအန္တရာယ်များ ရှိပါက စွမ်းအင်အနည်းငယ် ချွေတာထားလို့ ရသည်။
ဝူရှဲ့လည်း သူ့ပတ်ဝန်းကျင်က လိုဏ်ဂူပေါင်းများစွာကို ကြည့်လိုက်တော့ သူတို့အားလုံးဟာ လူတစ်ဝက်စာလောက် မြင့်ပြီး လူကိုယ်တိုင် တူးဖော်ထားတာ တွေ့ရ၏။ ဒါပေမဲ့ နှစ်ထောင်ပေါင်းများစွာ မိုးရေတွေ ထိုးဖောက်ဝင်ရောက် ထားပြီးနောက်မှာ အသစ်ဖွဲ့စည်းထားတဲ့ ကျောက်စက်ပန်းဆွဲတွေ ပေါ်လာရာ အတွင်းထဲမှာ အရမ်းစိုစွတ်နေခဲ့သည်။ ဤလိုက်ဂူများကို ဖွင့်လှစ်ထားခြင်းက ဤကြီးမားသော သစ်ပင်ကြီးကို သွန်းလုပ်မည့် စီမံကိန်းနှင့် ဆက်စပ်နေပေမည်။
အပေါ်ကို ကြည့်လိုက်ရင် ဒီဂူတွေကြားက အကွာအဝေးက သုံးပေ လေးပေလောက်ပဲ ရှိသည်။ တက်ရတာ လိုက်လျောညီထွေ မရှိပေမယ့် သိပ်တော့ မခက်ပါဘူး။ လှိုဏ်ဂူထဲမှာ ဘာမှမရှိသလို အန္တရာယ်လည်း မရှိဘူး။ ဂူထဲမှာ တစ်ခုခု ရှိနေသလိုမျိုး သစ်ပင်ပေါ်ကနေ လှမ်းမြင်ခဲ့ပေမယ့် အလင်းနဲ့ အရိပ်ကြားက အပြောင်းအလဲကြောင့် ဖြစ်ပေါ်လာတဲ့ ထင်ယောင်ထင်မှား ဖြစ်နိုင်သည်။ ဒီလို မှောင်မိုက်နေတဲ့ နေရာမျိုးမှာ သူရဲ့ အာရုံကြောတွေက အနည်းငယ် လွန်ကဲနေတာကိုတော့ မလွဲမသွေ ခံစားရလိမ့်မည်။
ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ပြီး အတည်ပြုပေးဖို့ လောင်းယန်တို့ဘက်ကို လက်ဝေ့ယမ်းပြလိုက်သည်။ လောင်းယန်က ဆရာလျောင်ကို လက်နဲ့ ပုတ်ပြီး သူ့ကို အရင်သွားခိုင်းလိုက်သည်။ ဆရာလျောင်လည်း သူ့မျက်နှာကို လက်နဲ့ ပွတ်ပြီး ကြိုးပေါ်တက်ကာ ဝူရှဲ့ဆီကို ရွှေ့လာခဲ့၏။
ဆရာလျောင် ကြိုးပေါ်တက်တာကို ကြည့်ရတာ အာရုံကြော စမ်းသပ်မှုတစ်ခုကို ဖြတ်ကျော်နေရသလိုပါပဲ။ ဆယ်မိနစ်ကြာသွားပြီး နောက်ဆုံးမှာတော့ ရွှံ့ဗွက်အိုင်ထဲ နစ်နေဟန်နဲ့တူတဲ့ ဆရာလျောင်ကို ဝူရှဲ့ သူ့ဘေးနားကို ဆွဲတင်နိုင်လိုက်သည်။
နောက်ဆုံးတော့ လောင်းယန်ပဲ ကျန်တော့၏။ လောင်းယန်က အသက်ပြင်းပြင်းရှူရင်း လက်မှာ ဓာတ်မီးကြိုးကို ကြိုးနဲ့ချည်ပြီး တစ်ဖက်က ကြိုးထုံးကို သေချာပြန်စစ်ပြီးမှ ကြိုးပေါ့ကို သေချာတက်လိုက်သည်။ သူက အရမ်းမြန်တော့ ခဏလေးနဲ့ ကြိုးအလယ်ကို ရောက်သွားသည်။ ကြိုးများဖြင့် ချည်ထားသော ကျောက်စက်မိုးမျှော်များထံမှ ရုတ်တရက် ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ သူတို့သုံးယောက်က တစ်ချိန်တည်း မလှုပ်ရှားတော့ဘဲ လောင်းယန်ကလည်း ကြောက်လန့်တကြား မျက်နှာထားနဲ့ ဝူရှဲ့ကို ကြည့်လာပြီး ဝူရှဲလည်း ဘေးကို ပြန်ကြည့်လိုက်တော့ စိတ်ထဲမှာ တုန်လှုပ်ခြောက်ခြားသွားတော့သည်။
ဒီ ကျောက်စက်ပန်းဆွဲမှာ အက်ကွဲကြောင်းတွေ ရှိနေတယ်။ ကံမကောင်းတော့ဘူး။ ဝူရှဲ့ လှည့်ပြီး
"မြန်မြန်တက်! ဒါက မထိန်းနိုင်တော့ဘူး!"
ဝူရှဲ့ အကြိမ်ကြိမ် အော်လိုက်ပေမယ့် လောင်းယန်က မလှုပ်မယှက်ဘဲ။ သူက ဝူရှဲ့ကို တည့်တည့်ကြည့်ရင်း နောက်ပြန်ဆုတ်သွားလေ၏။ ဒါ့အပြင် သူက သူတို့ကိုပါ ပြန်လာခိုင်းနေသလိုပဲ လက်ဟန်ခြေဟန်နဲ့ ပြရင်း နောက်ပြန်ဆုတ်သွား၏။
ဘာလုပ်နေတာလဲ? ရုတ်တရက် ထူးဆန်းသော ကြိုတင် သတိပေးချက်ကို သူ့စိတ်ထဲ ခံစားလိုက်ရသည်။ ထိုအခိုက် လောင်းယန်က သူတို့ရဲ့ ဦးခေါင်းထိပ်ကို အပြင်းအထန် ညွှန်ပြပြီး
"မြန်မြန် ပြေးတော့..."
ဆရာလျောင်နဲ့ သူလည်း ထူးထူးခြားခြား မော့ကြည့်လိုက်တော့ နှစ်ယောက်သား အံ့ဩသွားကြတော့သည်။
ခုနက လွတ်နေတဲ့ ကျောက်နံရံကြီးဟာ တကယ်တော့ ဒီလူမျက်နှာဖုံးတွေနဲ့ ဖုံးအုပ်ထားပြီး အချင်းချင်း တိုးဝေ့ ရွေ့လျားနေတဲ့ ရေစီးကြောင်းလို ဖြည်းဖြည်းချင်း ဝိုင်းရံလာနေတဲ့ အသံတွေပါ ထွက်နေတော့သည်။ ပထမတစ်ချက်မှာ မရေမတွက်နိုင်သော လူများ နံရံကိုမှီ၍ သူတို့ကို ငုံ့ကြည့်နေကြသည့်နှယ်။
ဒီအချိန်မှာတော့ ဝူရှဲ့ဟာ ကိုယ့်ကိုကိုယ် ပါးရိုက်ချင်သွားသည်။ အရမ်းမိုက်မဲတာပဲ။ သစ်ပင်တွေပေါ်မှာ ချီးကူကောင်တွေ ရှိတယ်။ ကျောက်နံရံပေါ်မှာလည်း တချို့တွေ ရှိလိမ့်မယ်လို့ သူဘာလို့ မစဥ်းစားမိရတာလဲ။ အခုတော့ ပြီးသွားပြီ။ ဧကန္တသူလည်း မျောက်တွေလို အဆုံးသတ်ရတော့မှာလား။ ဒီမှာ သေရတော့မှယလား။ အဲ့လိုဆို ခုန်ဆင်းပြီး ပျော်ပျော်ကြီး သေလိုက်တာကမှ ပိုကောင်းဦးမယ် ထင်တယ်နော်။
လောင်းယန်က သူတို့နှစ်ယောက် ကြောင်တက်တက်ဖြင့် ရပ်နေတာကို မြင်ပြီး လှမ်းအော်လေသည်။
"မှိန်းမနေနဲ့... ပြန်လာပြီး ကြိုးဖြတ်လိုက်တော့"
ဒီအသံကို ကြားတာနဲ့ ဝူရှဲ့ တုန့်ပြန်လိုက်သည်။ ခြေလှမ်းအနည်းငယ် လျှောက်ကာ ကျောက်စက်မိုးမျှော်ဆီသို့ ခုန်ဆင်းပြီး ကြိုးပေါ်ကို အတင်းခုန်ချလိုက်ကာ ကြိုးကို ပြင်းပြင်းထန်ထန် ဆွဲချလိုက်သည်။ သူ မြဲမြံစွာ ဆုပ်ကိုင်ထားတုန်းရှိသေး ဆရာလျောင်က သူသွားမှာကို မစောင့်တော့ဘဲ ကြိုးပေါ်ကို ခုန်တက်လာလေ၏။ ကြိုးသည် ဆယ်စင်တီမီတာထက် ပိုဆန့်သဖြင့် ကန့်သတ်ချက်သို့ ရောက်သွားသည်။ ကျီးဆိုတဲ့ ပြတ်သားတဲ့ အသံတစ်ခုက ထွက်ပေါ်လာသည်။ ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံးကြိုးက နောက်ဆုံးတော့ ပျက်သွားပြီး နှစ်ပိုင်းကွဲသွားလေ၏။
မျှော်လင့်ထားသည့်အတိုင်း ရှစ်မီလီမီတာ အကျယ်ရှိသော ကြိုးသည် လူသုံးယောက်၏ အလေးချိန်ကို မခံနိုင်တော့ဘဲ ပြတ်သားသော အသံနှင့်အတူ ကြေးနီပင် နံဘေးရှိ ကြိုးထုံးကြီးက ပြေသွားလေသည်။ သုံးယောက်သား ကြိုးတန်းလန်းဖြင့် လှိုင်းလုံးကြီးလို ပါသွားကာ ကျောက်နံရံကို ပြင်းပြင်းထန်းထန် ရိုက်မိသွားတာကြောင့် သွေးအန်လုမတတ် ဖြစ်သွားသည်။
အောက်ခြေက လောင်းယန်တစ်ယောက်က အပြင်းထန်ဆုံး ထိသွားခဲ့သည်။ သူ ကြိုးကို ခဏလောက်အထိ ကိုင်ထားလို့ မရတော့ဘဲ လျှောကျသွား၏။ သူသည် ကျောက်တုံးကြားက ကွက်လပ်များကို အမြန်ဆွဲပြီးမှသာ လျှောကျနေတာ ရပ်သွားခဲ့သည်။ ဆရာလျောင်နဲ့ ဝူရှဲ့မှာလည်း မသက်သာချေ။ ကျောက်စွန်းကို ဖြတ်သွားပြီးနောက် ခြစ်မိသွားတဲ့ နေရာတိုင်းက သွေးများ ထွက်ကျလာသည်။ ဆရာလျောင်မှာ ဒေါင်လိုက်ဆွဲထားစဉ် ခွန်အားကို မခံနိုင်တော့ဘဲ လက်ထဲက ကြိုးက ချော်ကျသွားကာ အောက်ခြေသို့ ရုတ်တရက် ပြုတ်ကျသွားတော့သည်။ ကံကောင်းထောက်မစွာနဲ့ အောက်ခြေတွင် လောင်းယန် ရှိနေသဖြင့် ပြုတ်ကျခဲ့ခြင်း မရှိခဲ့ပေ။
အပေါ်က ကျောက်စက်တွေရဲ့ ကွဲအက်သံတွေက ဆက်ထွက်လာနေပြီး အချိန်မရွေး ကွဲသွားတော့မည်။ ဝူရှဲ့ လက်တစ်ဖက်ကို အလျင်အမြန် ဆန့်ထုတ်လိုက်ပြီး နံဘေးက ကျောက်စက်ပန်းဆွဲကို လှမ်းဖမ်း၍ ထိုဘက်သို့ ခုန်ချပြီး ဆရာလျောင်ကိုလည်း အပေါ်သို့ ဆွဲတင်လိုက်သည်။ ဆရာလျောင်မှာ အရမ်းကို ထိတ်လန့်နေပြီး ခေါင်းကိုမော့ကာ ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ပေမယ့် မျက်နှာဖုံးတစ်ခုက အပေါ်ကနေ ရုတ်တရက် ခုန်ဆင်းလာပြီး သူ့မျက်နှာပေါ် ကျလာ၏။
ထိုအချိန်တွင် ဝူရှဲ့လည်း မျက်နှာဖုံးအောက်မှ ဂဏန်းခြေထောက်များကဲ့သို့ ခြေသည်းအချို့ကို လှမ်းမြင်လိုက်ကသည်။ ဆရာလျောင်က အော်ဟစ်ကာ သူ့မျက်နှာကို လက်နှင့်အုပ်ချင်သော်လည်း နောက်ကျသွားပြီ။ မျက်နှာဖုံးက သူ့မျက်နှာကို အုပ်ထားပြီးပြီ ဖြစ်သည်။ သူက မျက်နှာဖုံးကို အသည်းအသန် ဖယ်ထုတ်ဖို့ ကြိုးစားပေမယ့် မျက်နှာဖုံးက သူ့မျက်နှာမှာ ကပ်နေပုံရပြီး အကြိမ်ပေါင်းများစွာ ဆွဲထုတ်တာတောင် ပြန်စုပ်ထားသည်။ ဝူရှဲ့ သူ့ကို ကူညီချင်ပေမယ့် သူက ရူးသွပ်စွာ ဆောင့်ကန်နေလေရာ အနားမကပ်ရခင်မှာပဲ သူကဝူရှဲ့ကို တွန်းထုတ်လိုက်တော့သည်။ ဝူရှဲ့ ကြိုးကို လက်တစ်ဖက်နဲ့ ထပ်ဆွဲပြီး မရပ်မိခင် လောင်းယန် အနားကို လျှောကျသွားခဲ့သည်။
ခြေဖဝါးအောက်က ချောက်ထဲကို လှမ်းကြည့်ရင်း စိတ်ထဲမှာ ကျိန်ဆဲလိုက်မိသည်။ ခေါင်းမော့ကြည့်လိုက်တော့ လက်ကြီးတစ်ခုလို အနက်ရောင် အရိပ်တစ်ခုက ကောင်းကင်ကနေ ပြုတ်ကျလာပြီး သူ့မျက်နှာကို ဖမ်းဆုပ်လိုက်လေ၏။ ရုတ်တရက် မျက်လုံးတွေက မှောင်မည်းသွားပြီး ဘာကိုမှ မမြင်ရတော့ချေ။ သူ့ပါးစပ်ထဲကို အမွေးအမှင်လေးတွေ ဝင်ရောက်လာသလိုလည်း ခံစားလိုက်ရသည်။
ဝူရှဲ့ ထိတ်လန့်တုန်လှုပ်စွာဖြင့် ကျောက်တုံးကြီးပေါ်ရှိ အက်ကွဲကြောင်းကို ဖမ်းဆုပ်ရန် လက်တစ်ဖက်သာရှိ၍ မျက်နှာဖုံးကို ဖောက်ထုတ်ရန် နောက်လက်တစ်ဖက်တည်းကိုသာ သုံးရသည့။ တစ်ချိန်တည်းတွင် ထိုအရာဝတ္တုကြီး မဝင်လာစေရန် အံကြိတ်နေမိရာ သွားကျိုးမတတ်ပဲ။ ထိုအခိုက် မျက်နှာဖုံးက သူ့ဘာသာသူ ပြုတ်ကျသွားပြီး ဝူရှဲ့ အမြန်ပစ်ချလိုက်ကာ လွှင့်ပစ်လိုက်ပေမယ့် လောင်းယန်ရဲ့ တင်ပါးပေါ် ပစ်ချမိသလို ဖြစ်သွားသည်။ လောင်းယန်က ကျိန်ဆဲပြီး သေနတ်လက်ကိုင်နဲ့ အမြန် ရိုက်ချလိုက်ပါ၏။
ဝူရှဲ့လည်း သက်ပြင်းချရင်း ခေါင်းကို လှည့်ကြည့်လိုက်တော့ ချီးကူကောင်တွေ လေးငါးကောင်လောက်က သူ့ခေါင်းဆီကို ခုန်ဆင်းလာကြသည်။ ဝူရှဲ့ ထိတ်လန့်သွားကာ သူ့လက်ကိုမြှောက်ပြီး လေးကြိမ်လောက် ပစ်သတ်လိုက်ပေမယ့် လုံးဝမအောင်မြင်ပါဘူး။ ရုတ်တရက် သူတို့ထဲက တစ်ဒါဇင်ကျော်က အမြန်ပြေးလာလေ၏။ လောင်းယန်နဲ့ ဝူရှဲ့လည်း အောက်ပြန်ဆုတ်သွားရသည်။ အဲဒီအချိန်မှာတော့ "ဝူးဝူး" ဆိုတဲ့ အော်သံကို နှစ်ယောက်သား ကြားလိုက်ရလို့ မော့ကြည့်လိုက်တော့ ဆရာလျောင်တစ်ယောက် ဘေးဥပဒ်ကို ခံစားနေရတာ တွေ့လိုက်ရသည်။ ချီးကူကောင်က သူ့မျက်နှာကို ဖုံးအုပ်ထား၍ အော်ဟစ်ကာ ရုန်းကန်ရင်း ဖယ်ချရန် ကြိုးစားနေသည်။ သူ့ခမျာ တစ်ကောင်ဖယ်ပြီးရင် နောက်တစ်ကောင် ထပ်ခုန်တက်လာမှာကိုလည်း ကြောက်ရသေးသည်။
ဝူရှဲ့ နောက်ပြန်ဆုတ်ရင်း ပစ်ခတ်နေရာ ကျည်ဆံအားလုံးကို ဆက်တိုက် ပစ်ခတ်လိုက်သည်။ အခြေအနေမှာ လုံးဝ မတိုးတက်လာတော့ဘဲ နှစ်ဖက်စလုံးမှ ချီးကူကောင်များ လျှံကျလာတာကို တွေ့လာရ၏။ လှည့်ကြည့်လိုက်တော့ အနီးနားရှိ ကျောက်သားနံရံများမှာ ထိုအကောင်များဖြင့် ဖုံးလွှမ်းနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ထိတွေ့ တိုးဝေ့ကြတဲ့အခါ နားရွက်ထဲမှာ ထူးဆန်းပြီး နားမလည်နိုင်လောက်တဲ့ အသံတွေနဲ့ ပြည့်နေတာကြောင့် လူတွေကို ခေါင်းကိုက်လာစေသည်။ ဒါကြောင့် အာရုံပျံ့လွင့်သွားပြီး ဂရုမစိုက်မိရင်တော့ မျက်နှာဖုံး အစွပ်ခံလိုက်ရနိုင်သည်။
သူတို့ အောက်ကို ဆုတ်သွားပေမယ့် အဲဒါတွေကို ကျော်ဖြတ်ဖို့က မဖြစ်နိုင်တော့တဲ့အဆုံး အမြန်ပဲ ဝိုင်းရံ ခံခဲ့ရတော့သည်။ ဝူရှဲ့ စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ အချိန်မှာ လောင်းယန်က အလွန်ကျယ်လောင်သော ပေါက်ကွဲသံကြီးနဲ့ အတူ သူ့ဦးခေါင်းထက်က အကောင်တွေကို သုတ်သင်ပစ်လိုက်သည်။ အနီးဆုံးမျက်နှာဖုံးတွေဆို ချက်ချင်းပဲ အပိုင်းပိုင်း ခွဲပစ်လိုက်ပြီး အစိတ်စိတ်အမွှာမွှာ ဖြစ်ကာ နှင်းတွေလိုပဲ ကျဆင်းလာ၏။
သို့သော် စက္ကန့်ပိုင်းမျှပင် မကြာလိုက် အိမ်လုပ်သေနတ်ဖြင့် အရိုက်ခံလိုက်ရ၍ ပေါက်ကွဲထွက်နေသော ကျောက်နံရံ၏ လွတ်နေသော အပိုင်းကို အနောက်မှ ချီးကူကောင်များ ချက်ချင်း ဖုံးအုပ်သွားလေသည်။ အသုံးမဝင်တာကို မြင်လိုက်ရသဖြင့် လောင်းယန်က သူ့ခေါင်းကို အဝတ်ဖြင့် အမြန်ထုပ်ပြီး ဝူရှဲ့ကို အော်ပြောလိုက်သည်။
"လောင်ဝူ.... ငါမင်းကို ကာထားပေးမယ်... မင်းပါးစပ်ကို မြန်မြန်ပိတ်ပြီး မီးတုတ်ကို သွားယူလိုက်တော့!"
ဝူရှဲ့ မျှော်ကြည့်လိုက်တော့ မီးတုတ်က အစောတုန်းက ထားခဲ့တဲ့ အချွန်ပေါ်မှာ ကပ်နေသေးတာ တွေ့လိုက်ရသည်။ အဲဒီ ပတ်ပတ်လည်မှာ ပိုးကောင်တွေ မရှိတော့ဘူး။ သူတို့ မီးကို ကြောက်တာ သိသာပေမယ့် ဝူရှဲ့နဲ့ မီးတုတ်ကြားက အကွာအဝေးထဲမှ ပိုးကောင်လေးတွေနဲ့ ပြည့်ကျပ်နေ၏။ တောင်တက်ဖို့က မဖြစ်နိုင်တော့လို့ လောင်းယန်ကို ပြန်အော်ပြောလိုက်သည်။
"မင်းသွား... ငါမင်းကိုကာထားပေးမယ်!"
"ငါ မလှုပ်နိုင်တော့ဘူး မင်း စမ်းကြည့်စမ်းပါ!"
လောင်းယန်က အိမ်လုပ်သေနတ်ကို ဝေ့ယမ်းရင်း။
"ကံမကောင်းလိုက်တာဟေ့!"
အဲဒီ့အရာတွေကို ကြည့်လိုက်ရင်း ရင်ထဲမှာ တုန်လှုပ်သွားသည်။ ဒီငါးသေတ္တာလို အကောင်တွေမှာ တိုက်ခိုက်နိုင်တဲ့ စွမ်းအားတွေ များများစားစား မရှိပေမယ့် များလွန်းလှသည်။ သူတို့ကို မာကျောတဲ့ မျက်နှာဖုံးတွေနဲ့ ကာကွယ်ထားတာကြောင့် လုံးလုံးသတ်ပစ်ဖို့ ခက်ခဲပါ၏။ ကြေးနီပင်ကို ကာကွယ်ရန် ရှေးခေတ်က ပြုလုပ်ခဲ့သော ဒီအရာများက ဘယ်လောက်တောင် ကျန်ရစ်ခဲ့မလဲ မှန်းဆလို့ မရတော့ချေ။
လောင်းယန် သူ့ကိုယ်ပေါ်ရှိ ကိုက်ခဲနေသော ပိုးကောင်များကို တစ်ဖန် လှုပ်ခါလိုက်ပြီး ဝူရှဲ့ဘက်သို့ တွားသွားချင်သည်။ သို့သော် လောင်းယန် ဝူရှဲ့ကို မော့ကြည့်လိုက်တဲ့အခိုက် ရုတ်တရက် အေးခဲသွားပြီး အော်လိုက်သည်။
"လောင်ဝူ မင်းဘယ်လိုဖြစ်တာလဲ?"
သူအဲဒီမှာ ရပ်နေနေတာကို တွေ့လိုက်ရ၏။ မျက်နှာဖုံး တော်တော်များများက လောင်းယန်ရဲ့ ပခုံးပေါ်ကို ပြုတ်ကျလာပြီး သူ့မျက်နှာပေါ်ရှိ အဝတ်အစားတွေထဲကို တွားသွားဝင်သွားခဲ့သည်။ ဝူရှဲ့လည်း စိုးရိမ်တကြီးဖြင့် အော်ဟစ်လိုက်သည်။
"ဘာကို ဘယ်လိုဖြစ်တာလဲ? သတိထား!"
ထိုမှသာ လောင်းယန် တုံ့ပြန်ပြီး သူ့ပခုံးပေါ်မှ တုတ်ထိုးပိုးကောင်များကို အလျင်အမြန် ရိုက်ချလိုက်ကာ။
"လောင်ဝူ... ငါပြောတာ မင်းသတိမထားမိဘူးလား? ဒါက မဟုတ်သေးဘူး!"
"ဘာဖြစ်နေတာလဲ!" ဝူရှဲ့ သူ့ကိုဆွဲတင်ပြီး
"ဘယ်အချိန်တောင် ရှိပြီလဲ မြန်မြန်ထ!"
"မင်းကိုမင်း ကြည့်ဦး!! မင်းမှာ မျက်နှာဖုံးအကောင် တစ်ကောင်မှတောင် မရှိဘူး... မင်းပေါ်ကို ဘာလို့ တွားသွား မတက်ကြတာလဲ? မဖြစ်နိုင်ဘူးလေ!"
ဝူရှဲ့ ခေါင်းငုံ့ပြီး ကိုယ့်ကိုယ်ကို ကြည့်လိုက်ပြီး ဆရာလျောင်နဲ့ လောင်းယန်တို့ကိုပါ ပြန်ကြည့်လိုက်တော့ သူတို့နှစ်ယောက်လုံးဟာ ချီးကူကောင်တွေ ဖုံးလွှမ်းနေပြီး ဘယ်လောက်ပဲ ကြိုးစားပမ်းစား ဖယ်ရှားပေမယ့် မဖယ်ရှားနိုင်ဘဲ တကယ်တမ်း သူ့ကိုယ်ပေါ်မှာကျတော့ တစ်ကောင်မှ မရှိခဲ့ဘူး။
နှလုံးခုန်သံတွေ မြန်သွားပြီး အခုမှပဲ အစောတုန်းက သူ့မျက်နှာပေါ်ကို ပျံသွားတဲ့ အကောင်ကလွဲရင် သူ့ကိုယ်ပေါ်ကို ဘယ်တုန်းကမှ မတက်ခဲ့ဘူး ဆိုတာကို ချက်ချင်း ပြန်သတိရမိသွားသည်။ အခုတလော ဖရိုဖရဲဖြစ်ခဲ့ရတဲ့ ခရီးတစ်ခုလို့သာ တွေးရင်း သတိမထားမိခဲ့ဘူး။ သူ့ကိုယ်သူ ကံကောင်းတယ်လို့ ထင်ခဲ့ပေမယ့် အခုတော့ တစ်ခုခုမှားနေပြီလို့ ထင်လာတော့သည်။ ဝူရှဲ့ ကမန်းကတန်း လှည့်ကြည့်လိုက်တော့ ချီးကူကောင်တွေ သူ့ဆီ တွားသွားလာနေတာ တွေ့လိုက်ရသည်။ သို့သော် သူ့အနားကို ရောက်တာနဲ့ ရုတ်တရက် သူတို့က ဦးတည်ချက် ပြောင်းသွားပြီး မီးတုတ်ကို သွားထိုးမိသလိုနဲ့ တခြားနေရာကို တွားသွားနေတာ တွေ့လိုက်ရ၏။
“ဘာတွေဖြစ်နေတာလဲ?” စိတ်ထဲမှာ တွေးမိပြီး အနီးဆုံးနေရာက မျက်နှာဖုံးကို ဆုပ်ကိုင်ဖို့ လက်ကို အလျင်အမြန် မြှောက်လိုက်သည်။ သူ့လက်က မထိခင်မှာပင် ချီးကူကောင်က တုန်တုန်ယင်ယင်ဖြင့် နောက်ပြန်ဆုတ်နေပြီ ဖြစ်သည်။
လောင်းယန်ကို ကြည့်လိုက်တော့ လောင်းယန်ကလည်း သူ့ကို ကြည့်ပြီး နှစ်ယောက်လုံး စိတ်ရှုပ်သွားကြသည်။ ထိုအခါ လောင်းယန်က
"အဘိုးရေ... ဒီလှုပ်ရှားမှုက အရမ်းမိုက်တယ်ကွ! မင်းလက်ထဲမှာ တစ်ခုခု မတော်တဆ ရသွားတာလား? ကြည့်စမ်းပါဦး!!"
ဝူရှဲ့လည်း အမြန်ကြည့်လိုက်တော့ သူ့လက်မှာ ဒဏ်ရာရထားတဲ့ သွေးတွေနဲ့ အညစ်အကြေးတွေကလွဲလို့ ဘာမှမထူးခြားတာကို တွေ့လိုက်ရသည်။
ဒါက ထူးဆန်းတယ်။ ဘာလို့ သူ့ကို ကြောက်နေတာလဲ။ သူတို့လို ကပ်ပါးပိုးကလည်း လူတွေးတာပဲလား?
ဒီချီးကူကောင် ဆုတ်ခွာသွားတာကို မြင်လိုက်ရတော့ မျက်နှာသေ အလောင်းစား ပိုးကောင်တွေကို လှုပ်ရှားသွားစေတဲ့ မြင်ကွင်းကို သတိရသွားပြီး စိတ်ထဲမှာ မေးခွန်းတစ်ခု ပေါ်လာခဲ့သည်။
ခဏနေဦး...သွေးလား?
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ဒီလို အလွန်ရက်စက်တဲ့ အရာတွေက သူ့လို သာမန်လူတစ်ယောက်ရဲ့ သွေးကို ဘယ်လိုလုပ် ကြောက်ကြမှာလဲ။
ရှုပ်ယှက်ခတ်နေတဲ့ လက်တွေကို ကြည့်လိုက်တော့ စိတ်တွေလည်း ရှုပ်လာပြီး ဘာမှကို ရှင်းရှင်းလင်းလင်း မတွေးနိုင်တော့ချေ။
လောင်းယန်ကတော့ တစ်ဖက်မှာ သည်းမခံနိုင်တော့ပေ။ ဝူရှဲ့ သူ့လက်ကို လောင်းယန်ဆီသို့ အစမ်းသဘောဖြင့် ဆန့်တန်းလိုက်မိသည်။ တစ်ခုခုဖြစ်သွားတဲ့ မြင်ကွင်းက သူ့ကို ထိတ်လန့် တုန်လှုပ်သွားစေ၏။ လောင်းယန် ခန္ဓာကိုယ်တွင် ကပ်နေသော ချီးကူကောင်များသည် ပိုးသတ်ဆေးရေကို မြင်ပြီးနောက် လွင့်ပျံသွားသော ပိုးဟပ်များနှင့် တူသွားပေသည်။ ၎င်းက အလောင်းစား အကောင်တွေ မျက်နှာသေရဲ့ သွေးကို မြင်တော့ အသည်းအသန် ထွက်ပြေးသွားကြသလိုပင်။
“မဟုတ်လောက်ပါဘူး!”
ဝူရှဲ့မှာ မေးရိုးကြီး မြေကြီးပေါ် ပြုတ်ကျသွားတော့မလို ခံစားလိုက်ရသည်။ သူ့ကို ဒီလိုမျက်နှာသာ ပေးစရာ မလိုဘူးထင်တယ်နော်။
လောင်းယန်သည် ဘာတွေဖြစ်နေလဲ နားမလည်ဘဲ မီးတုတ်ကိုယူရန် အပေါ်တက်ဖို့ အော်ဟစ်လိုက်သည်။ ဝူရှဲ့ သူ့ပုခုံးကို ပုတ်လိုက်ပြီး
"ခဏနေဦး... ကြည့်လိုက် တစ်ခုခုတော့ မှားနေပြီ"
ထိုစကားကို ပြောပြီးနောက် ဝူရှဲ့ သူ့လက်ကိုမြှောက်ကာ လှုပ်လှုပ်ရွရွ ဖြစ်နေသော ဆရာလျောင်ဆီသို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။ ခြေလှမ်း အနည်းငယ်မျှသာ လှမ်းရသေးသော်လည်း ထိုနေရာများရှိ ချီးကူကောင်များသည် ဒီရေကဲ့သို့ နောက်ပြန် ဆုတ်သွားခဲ့သည်။ သပ်သပ်ရပ်ရပ် မျက်နှာဖုံး အကောင်များ၏ အသံများသည် ရုတ်တရက် ပရမ်းပတာ အသံများအဖြစ်သို့ ပြောင်းလဲသွားသည်။ သူတို့မှာ ထိတ်လန့်တကြား အော်သံများက ထူးဆန်းလှသည်။
လောင်းယန်မှာ သရဲတစ်ကောင်ကို ကြည့်နေသလိုမျိုး အံ့သြထိတ်လန့်စွာနဲ့ ဝူရှဲ့ကို စိုက်ကြည့်နေသည်။ ဝူရှဲ့ သူ့ကို လျစ်လျူရှုပြီး တက်သွားကာ ဆရာလျောင်ရဲ့ မျက်နှာပေါ် လက်ကို တင်လိုက်သော် မျက်နှာဖုံးက ရုတ်တရက် ဖောင်းတက်လာပြီး ချက်ချင်း ဖမ်းဆုပ်ခံလိုက်ရ၏။ မျက်နှာဖုံးကို ဖြုတ်လိုက်သော် ချွဲတွေနဲ့ပြည့်နေသော လျှာကဲ့သို့ အရာတစ်ခုကိုလည်း ဖယ်ရှားခဲ့သည်။ ဆရာလျောင်မှာ သတိလစ်နေသည့် အနေအထားတွင် ရှိနေပြီ ဖြစ်ကာ ထို"လျှာ" လိုအရာကို သူ့လည်ချောင်းမှ ထုတ်ယူလိုက်သည်နှင့် ချက်ချင်းပင် ထအန်ကာ သူ့ကိုယ်လုံးကို အရည်တွေနဲ့ ဖျန်းချလိုက်သည်။
ဝူရှဲ့လက်ထဲက ချီးကူကောင်ဟာ ပြင်းပြင်းထန်ထန် ရုန်းကန်နေတော့ ကိုင်ထားလို့တောင် မရတော့ပေ။
သူတို့ပတ်ဝန်းကျင်က ချီးကူကောင်များသည် ဆုတ်ခွာသွားသော်လည်း ခပ်ဝေးဝေးကို သွားခြင်း မရှိပေ။ ၎င်းတို့သည် သူတို့ပတ်ဝန်းကျင်တွင် ကြီးမားသော ဝန်းရံမှုကို ဖွဲ့စည်းလိုက်ပြီး တစ်ချက်တစ်ချက် ကျုံ့သွားသည်။ လောင်းယန်သည် မီးတုတ်ကို အမြန်ပြန်ဆွဲထုတ်ကာ ပတ်ပတ်လည်ကို ဝေ့ယမ်းရင်း ၎င်းတို့ကို ခပ်ဝေးဝေးသို့ တွန်းထုတ်လိုက်သည်။ ထိုအချိန်တွင် ဆရာလျောင်မှာ နှစ်ကြိမ်ခန့် ချောင်းဆိုးပြီးနောက် သတိပြန်လည်လာပုံရ၏။ လောင်းယန်သည် ရေနွေးအိုးကို ထပ်မံရယူပြီး ကျန်နေတဲ့ကြိုးစကို ပြန်ဆွဲယူလိုက်သည်။ ကံမကောင်းစွာဖြင့် သူတို့၏ တခြားပစ္စည်းများနှင့် အစားအစာများသည် သစ်ပင်ပေါ်တွင် ရှိနေဆဲဖြစ်ပြီး အဲဒါတွေကို ပြန်ရရန် နည်းလမ်းရှိမရှိ မသိရသေးချေ။
ဝူရှဲ့ သူ့လက်ထဲကို ရေလောင်းချလိုက်ပြီး ဆရာလျောင်ရဲ့ နှုတ်ခမ်းတွေကို စိုစွတ်စေလိုက်မှ နောက်ဆုံးတော့ သူ ပြန်ကောင်းလာခဲ့သည်။ သူက ဝူရှဲ့ကိုမြင်တော့ မျက်ရည်စီးကြောင်းကြီး နှစ်ကြောင်း တကယ်ကြီး စီးကျလာတော့သည်။ ဝူရှဲ့ ဆွံ့အသွားပြီး သူ့ကိုတစ်ဖက်သို့ ဖယ်ထားလိုက်သည်။ လောင်းယန်ရဲ့ အာရုံကြောတွေက တင်းတင်းကြပ်ကြပ် ဖြစ်နေတာ ကြာလှပြီဖြစ်ကာ အခုတော့ နည်းနည်း တုန်လှုပ်သွားပြီ။ ချီကူးကောင်တွေ အနားမရှိတော့တာကို မြင်တော့ သက်ပြင်းတစ်ချက် ချကာ မီးတုတ်ကို သူတို့ကြားမှာရှိတဲ့ တစ်နေရာမှာ ထားလိုက်ပြီး။
"လောင်ဝူ... ဘာဖြစ်နေတာလဲ? မင်းဘယ်တုန်းက ဒီလောက် မိမိုက်သွားတာတုန်း? ဘာလို့စောစောက မသုံးတာလဲကွာ... ငါတို့ကို အရှက်ရအောင် လုပ်သွားတယ်"
ဝူရှဲ့လည်း သူ့လက်တွေကို ကြည့်ပြီး ခေါင်းခါပြလိုက်လေသည်။
"မသိဘူး... ငါ့ကိုယ်ငါ အိပ်မက်မက်နေတယ်လို့တောင် ထင်နေတာ"
လောင်းယန်က သူ့လက်ပေါ်က သွေးတွေကို ကြည့်ပြီး လိမ်းကျံရင်း အနံ့လည်း ခံကြည့်လိုက်သည်။ သူက ဝူရှဲ့ဒီလောက် အစွမ်းထက်သွားမယ်လို့ မယုံနိုင်ဘူး ဖြစ်နေတာကြောင့် သူက ဝူရှဲ့ကို မေးလိုက်သည်။
“အခုနတုန်းက မင်းဒီကိုလာတဲ့ လမ်းတစ်လျှောက်မှာ ထူးထူးခြားခြား တစ်ခုခုကို ထိမိသေးလား? သေသေချာချာ စဉ်းစားကြည့်စမ်းပါ......အဲဒီမျက်နှာဖုံး အကောင်တွေကို ကွဲထွက်သွားစေတဲ့ အညစ်အကြေးတွေကို ထိမိပေမယ့် မင်းကိုယ်တိုင် မသိလိုက်တာလည်း ဖြစ်နိုင်တယ်လေ"
ဝူရှဲ့လည်း ပြန်တွေးကြည့်မိတော့ ကိုယ်ထိလိုက်မိသမျှ သူတို့လည်း ထိမိသွားခဲ့တာပဲ မဟုတ်လား။ သူတို့နှစ်ယောက် မထိရသေးတဲ့ တစ်ခုတည်းသော အရာက သူ့သွေးပဲ။ ဒါပေမဲ့ မဖြစ်နိုင်ဘူး။ သူ့သွေးတွေ အရမ်းပြင်းထန်နေရင် ဘုရင်လုနန်းတော်မှာလည်း သူ့ရဲ့တန်ခိုးကို ပြသနိုင်ရမယ်လေ။ အဲဒီအချိန်က သူ့(ကျန်းချီလင်)ရဲ့ သွေးတွေနဲ့ စွန်းထင်းနေခဲ့လို့ အခုထိ အသုံးဝင်နေသေးတာလား? မဖြစ်နိုင်ဘူး။ ဝူရှဲ့ ခေါင်းခါပြီး ငြင်းလိုက်သည်။
ဆရာလျောင်က အခုလေးတင် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေ အကြောင်း သူတို့ပြောနေတာကို ကြားပြီးတာနဲ့ သူက ဘာဖြစ်နေတာလဲလို့ မေးလိုက်သည်။ သူက မျက်လုံးတွေကို မျက်နှာဖုံး စွပ်ထားတာကြောင့် ဘာမှမမြင်ရဘူးလေ။ လောင်းယန်က ဝူရှဲ့ရဲ့ပုခုံးကို တမင်ညှစ်ပြီး ပြောလိုက်သည်။
"ခင်ဗျား မသိလို့.... အခုနတုန်းက ကျုပ်တို့ရဲ့လောင်ဟူက အရမ်းအစွမ်းထက်သွားတာ... ဒီလို...."
သူပြောတာကို ကြားတော့ ဆရာလျောင်က သူ့လျှာကို ကိုက်လိုက်ပြီး
"ညီလေးဝူ... မင်းအရင်က မည်းမည်းနက်နက် အရာကြီးတစ်ခုကို စားခဲ့ဖူးလား?... အဲဒါက ဒီလောက် ကြီးတယ်..."