(28)
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ချင်လင်နတ်သစ်ပင်


Chapter (28)

ချီလင်သွေး



ဒါကို သူမေးလိုက်တာနဲ့ ဝူရှဲ့လည်း အံ့သြတကြီးနဲ့ စိတ်ထဲမှာ မတွေးဘဲ မနေတော့ပေ။ သူတွေးကြည့်လိုက်ပေမယ့် နောက်ဆုံးတော့ ခေါင်းခါပြလိုက်ပြီး 


“ဒီလောက် ကြီးတာလား? မစားဖူးဘူးထင်တယ် ဆရာလျောင်က ဘာကို ပြောချင်တာလဲ? ဘာတွေးမိလို့လဲ?"


ဆရာလျောင်က သူ့သွေးအချို့ကို နှစ်ယူပြီး အနံ့ခံကြည့်ကာ ပြောလာခဲ့သညိ။


“မင်းငါပြောသမျှကို နားထောင်ကြည့်လိုက် တစ်ခုခုကို သတိရမိသွားနိုင်တယ်...ငါအရင်တုန်းက ထမင်းစားပြီးရင် သွေးက နတ်ဆိုးတွေကို မောင်းထုတ်နိုင်တဲ့ အရာတစ်ခု ရှိတယ်လို့ ရှေးလူကြီးတစ်ယောက် ပြောတာကို ကြားဖူးတယ်... အဲဒါက အင်းဆက်ပိုးမွှားတွေကို ဝေးဝေးရှောင်သွားစေနိုင်တယ်... အလွန့်အလွန် ရှားပါးတဲ့ တရုတ်တိုင်းရင်း ဆေးတစ်မျိုးပဲ... စဉ်းစားကြည့်စမ်းပါဦး... အဲဒါနဲ့ ဆင်တူတဲ့ တစ်ခုခုကိုများ သောက်ဖူးလား?"


အဲဒီအနက်ရောင် လက်သည်းခွံများလား? တရုတ်တိုင်းရင်းဆေး? ဒီအချက်က သူ့ကို တကယ်ကြီး တုန်လှုပ်သွားစေခဲ့သည်။ မကြာသေးမီက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေ များလွန်းတယ်လေ။ အစာစားချိန် အများစုကတောင် ကမောက်ကမ ဖြစ်​နေတတ်တယ်။ တစ်ခါမှလည်း မဖျားဖူးဘူး။ ဘာစားရစားရ လုံးဝ ဂရုမစိုက်ခဲ့ဘူး။ အခု ရုတ်တရက် အမေးခံလိုက်ရတော့ ဘာမှမမှတ်မိဘူး ဖြစ်နေသည်။ 


လောင်းယန်က ရယ်ပြီး ဝူရှဲ့ကို ပြောလိုက်သည်။ 


"ခွေးနက်သွေးနဲ့ ကြက်သွေးက နတ်ဆိုးတွေကို တွန်းလှန်နိုင်တယ် ဆိုတာပဲ ငါကြားဖူးတယ်..

ငါတို့ ​လောင်ဝူမှာလည်း ဒီလိုအစွမ်းတွေ ရှိ​နေမယ်လို့ ငါဘယ်တုန်းကမှ မမျှော်လင့်ထားဘူး... ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောနဲ့နော် မဟုတ်ရင် လူတိုင်းက မင်းရဲ့သွေးကို ချေးဖို့ဆိုပြီး ခဏခဏ လာထုတ်နေတာနဲ့ ရက်အနည်းငယ်ကြာရင် မင်းတစ်ကိုယ်လုံး ခြောက်သွေ့သွားဦးမယ်” 


ပြောပြီးသူက ရယ်မောလိုက်လေရာ ဝူရှဲ့လည်း လှည့်ကာ ကျိန်ဆဲလိုက်တော့သည်။ 


"မင်း ကောင်းတဲ့ အကျင့်စာရိတ္တနဲ့ သမာဓိ​လေး မထားနိုင်ဘူးလား? လူယုတ်မာ! ငါပြောမယ်... လူ့သွေးက ရှေးခေတ်ကတည်းက နတ်ဆိုးတွေကို မောင်းထုတ်ဖို့ အကောင်းဆုံးအရာပဲ အထူးသဖြင့် ကြိုး​ပေးခံထားရတဲ့ အကျဉ်းသားတွေရဲ့ သွေးတွေတောင် ရှိသေးတယ်...ကွပ်မျက်ကွင်းမှာဆို မှုခင်းဆရာဝန်တွေက အဝတ်ဖြူဖြူတွေကို မြေပြင်မှာ နှစ်ခိုင်းပြီး အဲဒါကို တံခါးဘောင်ပေါ်မှာ​တောင် ချိတ်ခိုင်းထားရတာ ရှိတယ်... မင်း နားမလည်ရင် မိုက်မဲတဲ့ စကားတွေ လာမပြောစမ်းနဲ့"


လောင်းယန်လည်း ဝူရှဲ့စိတ်တွေ ပူနေတာကိုမြင်တော့ ဂုဏ်ယူစွာ ရယ်မောလိုက်လေသည်။ ရယ်ပြီးတဲ့အခါ သူရုတ်တရက် အိုက်ယိုးဟု ထအော်ရင်း ကျောကိုပွတ်ကာ ပြုံးပြလာတော့သည်။ အစောတုန်းက ရခဲ့တဲ့ ဒဏ်ရာတွေကြောင့် ရယ်ရတာတောင် နာကျင်သွား၏။


ဝူရှဲ့ သူနဲ့ထိုက်တန်တယ်လို့ တွေးလိုက်ကာ သူ့ကိုလျစ်လျူရှုပြီး ဆရာလျောင်ဘက်ကို ပြန်လှည့်ကြည့်လိုက်သည်။ 


"ဘာလို့ဒီထက်ပိုပြီး အတိအကျ မပြော​ပြတာလဲ? အဲဒါက အနက်ရောင် လက်သည်းခွံလိုမျိုးလား? ပြီးတော့ အဲ့လိုအခြေအနေနဲ့ ကိုက်ညီတဲ့ အရာတွေ အများကြီး ရှိတယ်လေ ဟုတ်တယ်မလား? ဆိုတော့ အဲဒါမှာ သိသာထင်ရှားတဲ့ လက္ခဏာတွေ ရှိလား?”


ဆရာလျောင်က ခဏလောက် စဉ်းစားပြီး ရှက်ကိုးရှက်ကန်းနဲ့ ပြောလာခဲ့သည်။ 


"ငါ့မျက်စိနဲ့တော့ မမြင်ဖူးဘူး... တခြားသူတွေ ပြောပြတာကိုပဲ ကြားဖူးတာ တော်တော် ကြာပါပြီ... ​ပြန်တွေးကြည့်တော့ သိပ်တောင် မမှတ်မိချင်ဘူး"


ဝူရှဲ စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းချလိုက်သည်။ ဆရာလျောင်က ပြုံးပြီး ဆက်ပြောလေ၏။ 


"အစ်ကိုလေး... ဒါကို သိပ်အလေးအနက် မထားပါနဲ့ အဲဒါက မကောင်းတာ​တော့ မဟုတ်ပါဘူး။ မင်းကြောင့်သာ မဟုတ်ရင် ငါတို့အစောတုန်းက အဆုံးစီရင်မိသွားလောက်ပြီ... ငါ့အမြင်တော့ ဒါ ကံတရားပဲ။ အမ့ မင်း အနာဂတ်မှာ ဒီအရင်းအနှီးနဲ့ ဂူဖောက်မယ်ဆိုရင် ဘယ်ဂူမှ မလွတ်နိုင်တော့ဘူးလို့ မထင်ဘူးလား?"


ဒီစကားကြားတော့ ဝူရှဲ့ တော်တော် စိတ်မကောင်း ဖြစ်သွားရသည်။ အခုလမ်းတစ်လျှောက်မှာတင် ဒီလိုသွား​နေရတာက သူ့​အသက်အန္တရာယ် ရှိတယ်ဆိုတာ ပြနေပြီ။ အနာဂတ်မှာ ဂူထပ်ဖောက်ရင် သေကြောင်းရှာနေတာ ဖြစ်သွားပြီလေ။ ဝူရှဲ့အပေါ်ကို မော့ကြည့်လိုက်ပြီး သူတို့နှစ်ယောက်ကို ပြောလိုက်သည်။ 


"ပြောရရင် ငါတို့အခုထိ မအောင်​မြင်သေးဘူး... ငါ့ရဲ့ သွေးတွေ တကယ် အလုပ်လုပ်နေလား မသေချာဘူး... မဟုတ်ရင် ဒုက္ခရောက်ပြီ ငါတို့ဒီက မြန်မြန်သွား ရင် ပိုကောင်းမယ်... ဒီအခွင့်အရေးကို အသုံးချရင်း ဒီကာလပြီးမှ အဲဒီအကြောင်းကို ဆက်ပြောကြရအောင်”


ဆရာလျောင်မှာ ထပ်ပြီး အနားယူချင်ပေမယ့် ချီကူးကောင်တွေ ဝိုင်းအုံနေပြီး သူတို့က လှုပ်ရှားဖို့ အသင့်​တောင်ဖြစ်နေတာကို မြင်လိုက်ရတော့မှ ဝူရှဲ့အကြံကို သဘောတူလိုက်သေည်။ ခြေလှမ်းအနည်းငယ် ထပ်တက်ပြီးနောက် လောင်းယန်က ရုတ်တရက် ဝူရှဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး ရပ်ခိုင်းလိုက်သည်။ သူက အသံကျယ်လောင်စွာနဲ့ 


"ခဏလေး... ခဏစောင့်!"


ပြန်ကြည့်လိုက်တော့ သူ့မျက်နှာက ဖြူဖျော့နေပြီး ချွေးတွေလည်း ထွက်နေကာ သူ့အမူအရာက မကောင်းတော့တာကို တွေ့လိုက်ရ၏။ ဝူရှဲ့လည်း နှလုံးတွေ ဆောင့်ခုန်ပြီး ဘာဖြစ်နေတာလဲလို့ မေးကြည့်လိုက်သည်။ 


လောင်းယန်က ကျောက်တုံးကြီးကို လက်တစ်ဖက်နဲ့ ဖမ်းကိုင်လိုက်ပြီး နောက်တစ်ဖက်ကိုတော့ ကျောဘက်ကို ထိလိုက်ကာ သွားတွေကိုလည်း ကြိတ်ထားသေးသည်။ 


"ဘာဖြစ်နေမှန်းကို မသိဘူး... အခုနတုန်းက ရီလိုက်တော့ ကျောက နာသွားသလိုပဲ... ကြိုးပြတ်သွားတဲ့အချိန်တုန်းက ဒဏ်ရာရသွားတာ ဖြစ်မယ်... လာကြည့်ပေးဦး ဘာဖြစ်လို့ ဒီလောက် နာနေရတာလဲ? ငါ့မှာ ခွန်အားတောင် မသုံးနိုင်တော့ဘူး"


ကြိုးပြတ်သွားတဲ့ သက်ရောက်မှုက သိပ်တော့မပေါ့ပါးဘူး။ သူလည်း တစ်ကိုယ်လုံး နာကျင်နေပြီ။ ဒါပေမဲ့ အခု အခြေအနေက စိုးရိမ်ရလို့ စဉ်းစားဖို့လည်း အချိန်မရှိတော့ပေ။ လေထုက ငြိမ်သက်သွားတော့ ဒီဒဏ်ရာတွေကလည်း စပြီး နာကျင်လာလေသည်။ လောင်းယန်က ကြိုးရဲ့အောက်ခြေမှာ ရှိနေတာကြောင့် သူဝင်တိုက်မိတာက သူတို့နှစ်ယောက်ထက် အများကြီး ပိုဆိုး၏။ တစ်နေရာရာမှာ ကျိုးသွားတာများ ဖြစ်နိုင်လား။


ဝူရှဲ့သူ့ကို မလှုပ်နဲ့လို့ ပြောပြီး သူ့အဝတ်ကို မြှောက်မပေးဖို့ ပြောလိုက်သည်။ သူ့နောက်ကျောမှာ တတိယနံရိုးမှာ ပွန်းပဲ့နေတဲ့ ဒဏ်ရာကို တွေ့တာကြောင့် ဖိကြည့်လိုက်တဲ့အခါ လောင်းယန်သည် ဝက်သတ်ရုံက ဝက်တစ်ကောင်လို ရုတ်တရက် ထအော်လိုက်တော့သည်။ သူက သူ့ကျောကို ကွေးလိုက်ရာ ဝူရှဲ့ပင် ပြုတ်ကျလုနီးပါး ဖြစ်သွား၏။ 


ဝူရှဲ့စိတ်ထဲကနေ မကောင်းတော့ဘူးလို့သာ ရေရွတ်မိလေသည်။ ဒီဒဏ်ရာက ပြင်းထန်ပုံပေါ်၏။ ထိလိုက်တာနဲ့ ဒီလို နာကျင်သွားတယ် ဆိုတော့ တကယ်ကြီး အရိုးကျိုးသွားတာလား။


လောင်းယန်ရဲ့ မျက်နှာက လိမ်သွားကာ ခက်ခက်ခဲခဲ လှည့်ကြည့်လာပြီး ဘယ်လိုနေလဲလို့ မေးလိုက်သည်။ ဝူရှဲ့မှာ မျက်မှောင်ကြုတ်ပြီး သူ့ကို ဘာပြန်ပြောရမှန်းကို မသိတော့ပေ။


“အဲဒါက ကြည့်ရုံနဲ့ မပြောနိုင်ဘူး... ဒါပေမဲ့မင်းက တွားသွားလို့ မရတော့လောက်အောင် နာကျင်နေတာ ဆိုတော့ အရိုးတွေဘာတွေ ထိသွားတာ ဖြစ်နိုင်တယ်... ပြင်းပြင်းထန်ထန် လှုပ်ရှားတာမျိုး ထပ်လုပ်ရင် ကျိုးသွားနိုင်တယ်.. ဒါ ရယ်စရာ မဟုတ်ဘူးနော် ငါတို့ညီညာတဲ့ နေရာကို ရှာပြီး သေချာ စစ်ဆေးကြည့်ရမယ်"


လောင်းယန်မှာ စောစောစီးစီး ပြီးသွားချင်တာကြောင့် ထရန် ရုန်းကန်ရင်း သွားများကို အံကြိတ်ကာ 


"ဂရုတစိုက် စစ်ဆေးစရာ မလို​တော့ဘူး... ငါတို့ မီးတုတ်တွေနဲ့ ဓာတ်မီးတွေက ကြာကြာခံနိုင်မှာ မဟုတ်ဘူး... ငါတို့ ရပ်လို့မဖြစ်ဘူး... ထိပ်ကို ရောက်မှ ပြောကြရအောင်ကွာ"


ဆရာလျောင်ကလည်း သူ့နောက်ကျောကို ကြည့်ပြီး ခေါင်းခါလေသည်။ 


"မဟုတ်ဘူး အစ်ကိုလေးယန်... အစ်ကိုလေးဝူ ပြောတာ မှန်တယ်... မင်းရဲ့ နောက်ကျောက ပုံပျက်နေတယ် ​​သေချာကြည့်ရမယ်... တကယ်ကျိုးသွားရင် ချက်ချင်း ကုသမှ.. မဟုတ်ရင် အရိုးက ရင်ဘတ်ထဲကို အလွယ်တကူ ထိုးဖောက်သွားပြီး မင်းသသွားလိမ့်မယ်... ငါ ဒီအကြောင်းကို နည်းနည်း​တော့ သိထားတယ် ငါတို့အခု ထိပ်နဲ့ သိပ်မဝေး​တော့ပါဘူး နှောင့်နှေးလည်း အဆင်ပြေပါတယ်"


လောင်းယန်သည် သူနှင့် စကားအနည်းငယ် ပြောချင် နေသေးသော်လည်း နာကျင်လွန်းသဖြင့် သူ့စကားများက ညည်းညူသံများသာ ဖြစ်သွားသည်။ ဟိုဘက်ခြမ်းရှိ လိုဏ်ဂူတိုတို​လေးကို ဝူရှဲ့ လှမ်းမြင်လိုက်ရ၏။ အတွင်းဘက်က အတော်လေး ပြန့်ကားနေပုံရသည်။ ဝူရှဲ့ ဆရာလျောင်ကို တစ်ချက် ကြည့်ပေးလိုက်ပြီး သူတို့နှစ်ဦးမှာ ဘာမှမပြောနေတော့ဘဲ အနီးနားရှိ အတော်လေး ကောင်းမွန်သော လှိုဏ်ဂူတစ်ခုထဲသို့ လောင်းယန်ဝင်နိုင်အောင် ကူညီပေးခဲ့သည်။ မီးတုတ်ကို ပြန်ယူကာ အဆိပ်ရှိသော အင်းဆက်ပိုးမွှားများ ဝင်ရောက်လာခြင်းမှ ကာကွယ်ရန် အပေါက်ဝတွင် ကပ်ထားလိုက်သည်။


ဂူအပေါက်သည် ခုနစ်မီတာ သို့မဟုတ် ရှစ်မီတာခန့် အနက်ရှိပြီး တစ်မီတာအောက် မြင့်သည်။ နှစ်ပေါင်းများစွာ နေရောင်မရှိသည့်အပြင် လေလည်းမတိုးသလို အလွန်စိုစွတ် နေသောကြောင့် ကျောက်နံရံပေါ်တွင် မှိုအစက်အပြောက် အလွှာများ ရှိနေ၏။ လူတွေဝင်ရောက်ထားတဲ့ လှုပ်ရှားမှု လက္ခဏာများကား ထင်ရှားစွာ မရှိချေ။ ငါးမီတာ သို့မဟုတ် ခြောက်မီတာသို့ ဝင်ရောက်ပြီးနောက် ဂူ၏အောက်ခြေက ကြမ်းတမ်းသော ကျောက်သား မျက်နှာပြင်ကို တွေ့နိုင်သည်။ ထိုအရာကလွဲလို့ တခြားဘာမှ မရှိပေ။ 


ဝူရှဲ့ တစ်ချက် စစ်ဆေးကြည့်​ကာ အန္တရာယ် မရှိဘူးဆိုတာကို မြင်တော့ မှသေနတ်ကို ဖယ်လိုက်သည်။ ထိန်းထိန်းသိမ်းသိမ်း ပြုလုပ်ရန် အိမ်လုပ်သေနတ်ကို အသုံးပြုကာ လောင်းယန်နောက်ကျောတွင် ကြိုးဖြင့် ချည်နှောင်ထားလိုက်သည်။ ထိုအခါမှ လောင်းယန်ရဲ့ အမူအရာမှာ အနည်းငယ် ပျော့သွား၏။ ဒီဆရာလျောင်က မဟုတ်တော့ပေ။ သူဘာမဆို လုပ်တတ်နေသည်။ သူတို့လည်း နောက်တစ်ခါ ဂူဖောက်တဲ့အခါကျရင် ဒီလိုလူမျိုးကို ရှာထားဖို့ လိုအပ်လိမ့်မည်။ 


ဆရာလျောင် ပြီးတဲ့အခါ ဝူရှဲ့လည်း အခြေအနေ ဘယ်လိုရှိလဲလို့ မေးတော့ သူက အသံကို လျှော့ပြီး 


“အရိုးကတော့ မကျိုးဘူး... ဒါပေမဲ့ အက်သွားတာ ဖြစ်မယ်...ငါသူ့အတွက် ခဏတဖြုတ်တော့ ကုသပေးလို့ရတယ် အရမ်းတော့ မနာလောက်ဘူး ... အစ်ကိုလေးဝူ မင်းရဲ့ဒီသူငယ်ချင်းကို အကြံပေးတာ ပိုကောင်းမယ်ပေါ့ သူ့ဒီပုံစံအတိုင်းဆို ဒီထက်မြင့်တဲ့နေရာကို ဆက်တက်လို့ မဖြစ်တော့ဘူး"


ဆရာကြီးလျန့်ကို ကြည့်လိုက်တော့ သူ့စကားထဲမှာ တစ်ခုခုရှိနေမှန်း သဘောပေါက်လိုက်ပြီး အောက်ဆင်းဖို့ နှိုးဆော်လိုက်တာ ဖြစ်နိုင်လေသည်။ လမ်းတလျှောက်မှာ သူက တစ်ခါနှစ်ခါ အရိပ်အမြွက်ပြပြီး ဒီလိုစွန့်စားမှုမျိုးအတွက် သူ တကယ်ကို တွန့်ဆုတ်နေခဲ့သည်။ သူ နောက်ပြန်ဆုတ်ဖို့ စိတ်ကူးထားပြီးသားလို့ ဝူရှဲ့လည်း မြင်ရသည်။ ကံမကောင်းစွာဖြင့် လောင်းယန်ကြောင့် သူ့မှာ ရွေးချယ်စရာ မရှိခဲ့ချေ။ အခုက သူ့အတွက် ဆင်ခြေရှာနေတာ ဖြစ်နိုင်ကာ ဒီခေါင်းစဉ်ကို သူ့အကျိုးအတွက် သဘာဝကျကျ သုံးပါလိမ့်မယ်။


ဒါပေမဲ့ အခု​ကိစ္စမှာ လောင်းယန်ရဲ့ ဒဏ်ရာနဲ့ ပတ်သက်ပြီး သူပြောခဲ့တာ​တွေကို ယုံရမလား မသိတော့ချေ။ ဝူရှဲ့ရဲ့သံသယတွေကို မြင်တော့ ဆရာလျောင်က ချက်ချင်း ဆက်ပြောလေသည်။ 


"အစ်ကိုလေးဝူ ငါကမင်းတို့နဲ့ တစ်ဖွဲ့တည်း မဟုတ်ပေမယ့် ငါတို့အားလုံးက ဂူဖောက်လောကသားတွေပဲလေ... ငါ ပေါ့ပေါ့တန်တန် ပြောမှာ မဟုတ်ဘူး မင်းမှာလည်း ကိုယ်ပိုင်စိတ်ကူး ရှိပါတယ်... ရိုးရိုးသားသား ပြောရရင် မင်းကြည့်လိုက် ငါတို့အခု ဘယ်ရောက်နေလဲ? ငါတို့ဆက်တက်ဖို့ တွန်းအားပေးရင် ဒီတစ်ခါ ဒီမှာ တကယ်သေသွားမှာကို ငါ ကြောက်တယ်"


ဝူရှဲ့ လောင်းယန်ကို တစ်ချက် ကြည့်လိုက်သည်။ သူက နာကျင်မှုကို ခံနိုင်ရည်ရှိပြီး သူတို့ပြောနေတာကို ဂရုမစိုက်ပါဘူး။ ဒါနဲ့ ဝူရှဲ့လည်း ဆရာလျောင်ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး 


"အခြေအနေပေါ် မူတည်တယ်...ခင်ဗျား သွားပြီး အနားယူလိုက်ပါ.... ဒီအကြောင်းက အခု ပြောရမယ့်အချိန် မဟုတ်သေးဘူး ခင်ဗျား ဆင်းချင်ရင်တောင် လုံလုံလောက်လောက် အနားယူရမယ် မဟုတ်ဘူးလား?"


ဆရာလျောင်က အသံတချို့ဖြင့် ရေရွတ်ရင်း တစ်ဖက်ကို စောင်းငဲ့ကာ သူ့ပေါင်တွေကို ပွတ်သပ်ရင်း ငြိမ်ကျသွားလေသည်။ ကျန်သောအရာများကို ဝူရှဲ့ဆက်၍ စစ်ဆေးကြည့်ကာ ထိုင်ချလိုက်ပြီး သူ့ပုခုံးများကို ပွတ်သပ်ရင်း ဆရာလျောင်ရဲ့ စကားကို စတင်တွေးတောနေမိသည်။


မူလက လီဖီးဖာ ပြောတာကို သူ သိပ်စိတ်မဝင်စားပါဘူး။ စောစောက အရှုံးပေးခိုင်းရင်တော့ သူ ကန့်ကွက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုဒီကိုရောက်ဖို့ အရမ်းကြိုးစားပြီး အများကြီးလည်း စွန့်လွှတ် စွန့်စားလိုက်ရပြီးပြီ။ အခုချိန်မှာတော့ စွန့်လွှတ်ဖို့ နည်းနည်း ဝန်လေးနေသလို ခံစားရသည်။ နည်းနည်းတော့ စိတ်အေးသွားသလို ခံစားရပေမယ့် ဆရာလျောင် ပြောတာက အဓိပ္ပာယ်ရှိတယ် ဆိုတာလည်း စိတ်ထဲမှာ သိသည်။ အခု သူတို့ထဲက တစ်ယောက်ဟာ ကျိုးပဲ့နေပြီး တစ်ယောက်ဟာ သိပ်ကို မတည်မငြိမ် ဖြစ်နေသည်။ ရုပ်ပိုင်းဆိုင်ရာ အနေအထားအရတော့ ကိုယ်ကာယ ခွန်အားရဲ့ ကန့်သတ်ချက်ကို ရောက်သွား​လေပြီ။


ဒါပေမဲ့ ဒီကိစ္စမှာ လောင်းယန်လည်း အရမ်းဝမ်းနည်းနေလိမ့်မည်။ နောက်ဆုံးတော့ သူ(လောင်းယန်)နဲ့ သူက တစ်ဖက်တည်းမှာ ရှိနေတာ မဟုတ်လား။ အခုသူနဲ့ဆက်ဆံဖို့ အပြင်လူတွေနဲ့ ပေါင်းစည်းလိုက်တဲ့အတွက် ဒီသူငယ်ချင်းက သည်းခံနိုင်မှာ မဟုတ်ဘူး။ ဆရာလျောင်က သတ္တိနည်းသူ ဆိုပေမယ့် သူက ဂူဖောက်လောကရဲ့ စစ်ပြန်ကြီလေ။ ဒါက ငါတို့ဆီကနေ ခွဲထွက်ဖို့ နည်းလမ်းရှာနေတာ ဖြစ်နိုင်တယ်။ သူတို့သာ သူ့အကြံအစည်တွေကို လိုက်နာရင် သူ့ထောင်ချောက်ထဲ ကျရောက်သွားနိုင်တယ်။ ဒါက တကယ့်ကို အကျပ်ရိုက်စရာပဲ။


အများကြီး တွေးပြီးနောက် အကြောင်းပြချက်ကို မတွေးနိုင်တော့ဘဲ တွေးတာကို ရပ်လိုက်ပြီး တစ်ကြိမ်ကို ခြေတစ်လှမ်း လှမ်းလိုက်သည်။


ဝူရှဲ့ လှည့်ကြည့်လိုက်တော့ ဆရာလျောင်က အိပ်ပျော်သွားပြီ။ သူ အရမ်းမောနေခဲ့တာကြောင့် ဟောက်တောင် ဟောက်နေ၏။ လောင်းယန်လည်း ငြိမ်ကျသွားပေမယ့် လုံးဝတော့ အိပ်ပျော်မသွားခဲ့ပေ။ သူ့ကျောမှာ ဒဏ်ရာကြောင့် ဖြစ်နိုင်သည်။ ဒီဂူအပေါက်သေးသေးလေးဟာ စိုစွတ်ပြီး အေးနေပေမယ့် အပြင်မှာ တွဲ​လျောင်းချ ခံထားရတာထက်တော့ ပိုအဆင်ပြေပါသေးသည်။ သူတို့နှစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကို မြင်လိုက်ရတော့ သူကိုယ်တိုင်လည်း မောပန်းနွမ်းနယ်မှု အဆုံးမရှိ ခံစားလိုက်ရသည်။ ကိုယ့်ကိုကိုယ် အိပ်မပျော်သွားဖို့ တွန်းအားပေးနေပေမယ့် မသိစိတ်က အိပ်ချင်ပျော်နေတုန်းပါပဲ။


အလွန်ချိုမြိန်တဲ့ အိပ်စက်မှုတစ်ခုပါပဲ။ ဝူရှဲ့ နိုးလာတဲ့အခါ တစ်ကိုယ်လုံး ပျော့ပျောင်းပြီး သက်တောင့်သက်သာရှိတဲ့ အရသာက တစ်ကိုယ်လုံး ပျံ့နှံ့သွားသလို ခံစားလိုက်ရသည်။ ဒီအချိန်မှာ မီးတုတ်က အရမ်းအားနည်းနေပြီ ဆိုတာ သိသာလာပြီ။ သူတို့အိပ်နေတာ ကြာသွားပြီ။ ဝူရှဲ့ ခေါင်းထွက်ကြည့်လိုက်တော့ ချီးကူကောင်တွေ အပြင်မှာ မရှိတော့ချေ။ အကောင်ရေ အနည်းငယ်မျှသာ လဲလျောင်းနေသည်။


ဝူရှဲ့ သက်ပြင်းတစ်ချက် ချကာ ဓာတ်မီးကိုယူ၍ ကြေးနီပင်ထိပ်ကို လှမ်းထိုးကြည့်လိုက်သည်။ သူတို့နေရာကနေ ကြည့်ရပုံအရ ကြေးနီပင်ထိပ်ကို တင်ဖို့ သုံးနာရီ လေးနာရီခန့်သာ ဝေးကွာတော့သည်။ အခု ပြန်ဆင်းလိုက်ရင်တော့ နှမြောစရာ ကောင်းသွားပြီ။


လောင်းယန်ကို ကြည့်လိုက်တော့ မနိုးသေးပေမယ့် သူပုံစံက တည်ငြိမ်ပြီး အစောကထက် ပိုကောင်းပုံပေါ်၏။ ဝူရှဲ့ နောက်ပြန် လှည့်ကြည့်လိုက်ကာ ဆရာလျောင်ကို နှိုးပြီး ဘာဆက်လုပ်ရမလဲ ဆိုတာ ဆွေးနွေးစေချင်လာသည်။ သို့သော် ကြည့်လိုက်တော့ သူနေခဲ့တဲ့နေရာမှာ ဘာမှမရှိတော့တာ တွေ့လိုက်ရသည်။ 


“ဟင်?” 


မသိစိတ်က ခဏလောက် အံ့အားသင့်သွားသည်။ ဓာတ်မီးနဲ့ ဂူထဲကို နက်နက်နဲနဲ ကြည့်လိုက်တော့လည်း သူ့အရိပ်ကိုတောင် မတွေ့ရချေ။ အဲဒီအချိန်မှာတော့ လောင်းယန်ရဲ့ ဒဏ်ရာကို ပြင်ဖို့အသုံးပြုတဲ့ အိမ်လုပ်သေနတ်က ပျောက်သွားတာကို ရုတ်တရက် တွေ့လိုက်ရသည်။ အေးစက်တဲ့ ချွေးတွေက ချက်ချင်း ထွက်ကျလာပြီး စိတ်ထဲ သတိပေးချက်တစ်ခု ရောက်လာ၏။ သူ့ခါးကို ထိလိုက်တော့ ခါးမှာ ထိုးထားတဲ့ ပစ္စတိုသေနတ်က ပျောက်သွားပြီ။


“ခွေးမသား!” 


ဝူရှဲ့ အော်လိုက်သည်။ အဲဒီလို အရှက်မဲ့တဲ့လူက သူ့သေနတ်ကို ခိုးပြီး သူတို့အိပ်နေတဲ့ အချိန်မှာ ထွက်ပြေးလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။ ဓာတ်မီးကိုကျ ဘာလို့ မယူသွားတာလဲ။ ဂရုတစိုက် မတွေး​နေ​တော့ဘဲ စိတ်ပူလွန်းလို့ မီးတုတ်ကို ကောက်ကိုင်လိုက်ပြီး အပြင်ထွက်ကာ လိုက်ဖမ်းချင်သွားသည်။ အဲဒီကောင်က နှေးကွေးပြီး အချိန်အကြာကြီး လမ်းမလျှောက်နိုင်သေးတာကြောင့် သေချာပေါက် ဖမ်းနိုင်လိမ့်မယ်။


ဂူထဲက ထွက်လာပြီးတာနဲ့ သူ အပေါ်ကိုတက်သွားတာလား ဆင်းသွားတာလား မပြောနိုင်ခင်မှာ ရုတ်တရက် မျက်လုံးတွေ ပြူးကျယ်သွား၏။ အနက်ရောင် အရိပ်တစ်ခုက အပေါ်ကနေ အောက်ကို ရွေ့လျားလာပြီး သူ့ရင်ဘတ်ကို ပိတ်ကန်လိုက်ပေ၏။ ဝူရှဲ့ တွင်းထဲသို့ ခိုင်ခံ့စွာ ပြန်လဲကျသွားသည်။ မြေပြင်ပေါ်လဲကျသွားတော့ သွားတွေအံကြိတ်ပြီး မတ်တပ်ထဖို့ကြိုးစားပေမယ့် ဒီတစ်ခါတော့ မေးစေ့ကို ထပ်အရိုက်ခံလိုက်ရတော့ မူးလဲလုနီးပါး ဖြစ်သွားတော့သည်။ ကြောင်တက်တက်နဲ့ ပြန်လှည့်ကြည့်မိတော့ ပါးစပ်ထဲမှာ စီးကရက်တစ်လိပ် ကိုက်ပြီး လမ်းလျှောက်နေတဲ့ ဝတုတ်ကို တွေ့လိုက်ရသည်။ လက်တစ်ဖက်၌ ရိုင်ဖယ်တို တစ်လက်ကို ကိုင်ထားပြီး ဆရာလျောင်ကလည်း ဒေါသကြီး​​နေသော မျက်နှာဖြင့် သူ့နောက်က လိုက်လာခဲ့သည်။


တစ်ချက် ကြည့်လိုက်ရုံနဲ့ ဝတုတ်ဟာ သူဌေးဝမ်လို့ အမည်ပေးထားတဲ့ ကွမ်တုံး သူဌေးနှစ်ယောက်ထဲက တစ်ယောက်ဖြစ်ကြောင်း အသိအမှတ် ပြုလိုက်ပါ၏။ သူက ဝူရှဲ့ကို သေနတ်နဲ့ချိန်ပြီး ဖယ်ခိုင်းလိုက်ကာ ဆရာလျောင်ဆီကို လှည့်၍


"လျောင်ကြီး... ဒီချာတိတ်က ချီလင်သွေးကို စားထားတာလား?"